မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


26 December 2009

1 ကျွန်တော်နှင့် အင်တာနက်



“ အင်တာနက် ဆိုတာ ဘာကြီးတုန်း. ”


လို့ ကျွန်တော် မေးဖူးတယ်။ ပြန်ဖြေသူကလည်း ရှင်းရှင်းပဲ ပြန်ဖြေတယ်။

“ ဟ . .အင်တာနက် ဆိုတာ အင်တာနက်ပေါ့ကွ.။ ”

တဲ့လေ။ ဟို သုံးဗုံတစ်ဗုံ မှာတော့ အခြောက်တွေ အဖြစ် သရုပ်ဆောင်တဲ့ ကိုကုသိုလ်နဲ့ အဖွဲ့ကတော့ . . . .

“ အင်တာ ဆိုတာ အထဲ ၊ နက်ဆိုတာက ဂလိုင်ကြီး ဆိုပဲ။ ဒါကြောင့် အင်တာနက် ဆိုတာ အထဲမှာ ဂလိုင်ကြီး..။ ”

တဲ့..၊ ဟီး..ဘာလဲတော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ ဒီအင်တာနက်ကို ကျွန်တော် ကြားပါများတော့ ထိတွေ့ချင်လာတယ်။ အင်တာနက်ကို ဘယ်လိုထိတွေ့ရလဲ ဆိုတာလည်း ကျွန်တော် မသိ.။ သူများတွေကို မေးကြည့်တော့ အင်တာနက် ဆိုတာ ကွန်ပျူတာနဲ့ သုံးရတာတဲ့ ... ခက်ပြီ.။ ကွန်ပျူတာ ဆိုလို့ ကျွန်တော်က. . .

Monitor ဆိုရင် အတန်းခေါင်းဆောင် လို့ပဲ သိတာ. . .
Casing ဆိုလို့ တစ်ခုခုဖြစ်နေတယ် ထင်တယ်လို့ပဲ သိတာ. . .

Mouse ဆိုရင် ကြွက် လို့ပဲ သိတာ. . .
Keyboard ဆိုရင် ဗညားနိုင် တီးတဲ့ဟာ လို့ပဲ သိတာ. . .
Ram ဆိုရင် ကျွန်တော်က whiskey ကြိုက်တယ် လို့ ပြောဖို့ပဲ သိတယ်. . .

Software ဆိုရင် အကျီ င်္အပျော့လေး ဝတ်ထားတာ ထင်တယ် လို့ပဲ တွေးမိတယ် . .


ဒီလိုလူမျိုး ကွန်ပျူတာကြီးနဲ့ အင်တာနက် သုံးရတာ ဆိုတော့ ကျွန်တော့်အဖို့ အလှမ်းဝေးသွားပြီ။ ဒါပေမဲ့ ကံကောင်းချင်တော့ လက်ကိုင်ဖုန်းမှာ အင်တာနက် (GPRS ) ချိတ်ပြီး သုံးလို့ရတဲ့ ဖုန်းတွေ ပေါ်လာတယ်။ ဒီတော့ အင်တာနက်ဆိုတာကို ကိုင်ကြည့်ချင်နေတဲ့ ကျွန်တော်က လခလေးထုတ်တော့ ပိုက်ပိုက်လေးကို ဒီပြင်ဟာ မဝယ်ပဲ။ GPRS ရတဲ့ဖုန်းလေး သွားဝယ်လိုက်တယ်။ ဒီအချိန်က GPRS ဖုန်းတွေက တကယ်ကို ဈေးကြီးနေတဲ့ အချိန် ၊ နိုကီယာက ပထမဆုံးထွက်လာတာ. ။
( အိမ်ကို သွားမပြောနဲ့နော်။)

အင်တာနက် ချိတ်ဖို့တောင်မှ အခုလို ဖွင့်ခ အလကားမဟုတ်ဘူး။ တစ်ဆယ်ပေးရတယ်။ ဒါနဲ့ပဲ ရသမျှ လခလေးတွေ ဒီဖုန်းထဲက အင်တာနက်ထဲကို သုံးဖို့ထည့်တာနဲ့ ကုန်တာပဲ...ဟီး။ ဒါတောင်မှ ဘာမှ ကြည့်တတ်တာ မဟုတ်ဘူးနော်။ www.google.com ဆိုပြီး တစ်ခုခုပေါ်လာရင် ပျော်နေတာ. ။ ဒါနဲ့ပဲ တစ်နေရာရာက www ဆိုပြီး စာလေးရရင် ဖုန်းလေးဖွင့်ပြီး လျှောက်ကြည့်မိတယ်။ ဒီမှာ ပိုက်ပိုက်တွေ ကုန်တာပဲ..အဟဲ။

ဒီလိုနဲ့ တစ်နေ့. ၊ ကျွန်တော်နဲ့ သိတဲ့ တရုတ်တစ်ယောက်က ဒါနဲ့ မင်းသုံးရင် သေရောပေါ့.။ ကွန်ပျူတာနဲ့ သုံးရတယ် ဆိုပြီး ကျွန်တော့်ကို ပြောတယ်။ ဒါပေမဲ့ အရင်နေတဲ့ နေရာက တောကျတော့ ကျွန်တော်တို့နားမှာ အင်တာနက် ဆိုင်မရှိ။ ကားစီးပြီး ၁၅ မိနစ်လောက်သွားရင်တော့ အင်တာနက်ဆိုင် နှစ်ဆိုင် ရှိတယ်။ ဒါပေမဲ့ အင်တာနက်ကို ဘာမှ မသိတဲ့ ကျွန်တော်က ကွန်ပျူတာ ရှေ့ရောက်ရင် ဘာတွေ နှိပ်ရမှာလဲ။ လူဆိုရင်လည်း တော်သေး.. ဇတ်ကြောလေးကနေစနှိပ် ဆိုပြီး ငြိမ်ခံနေမှာပဲ။ အခုက ကွန်ပျူတာ ဆိုတော့ ဘယ်လို စနှိပ်ရမလဲ။

ကံကောင်းချင်တော့ နောက်ထပ် တစ်လလောက်နေတော့ ကျွန်တော်တို့နားမှာ တရုတ်တစ်ယောက်က ကုန်စုံဆိုင်လာဖွင့်တယ်။ ကုန်စုံဆိုင်နဲ့ အတူ သူက ကွန်ပျူတာ သုံးလုံးနဲ့ အင်တာနက် ပါဖွင့်တယ်။ ဒီတော့ စက်ရုံက ဗီယက်နမ်တွေက သွားကစားကြတယ်။ ကျွန်တော်ကလည်း ဘာမှ မသိလေတော့ တစ်ယောက်တည်းဆို ငေါင်တောင်တောင် ဘာလုပ်ရမှန်း မသိမှာ စိုးလို့ အဖော်ရအောင် သူငယ်ချင်း တစ်ယောက်ယောက်ကို ခေါ်ပါတယ်။ “ ငါမှ မသိတာ ၊ ငါမှ မတတ်တာ ။ ” ဆိုပြီး မစူးစမ်းချင်တဲ့ စိတ်တွေနဲ့ သူတို့ နောက်ဆုတ်သွားကြတယ်။

ဒီတော့ ကျွန်တော့်မှာ ဗီယက်နမ်တွေနဲ့ သူငယ်ချင်း လုပ်ပြီး သူတို့ အင်တာနက်ဆိုင်သွားရင် လိုက်သွားပြီး ဘေးကနေ ဘေးထိုင် ကြည့်နေရတယ်။ သူတို့ကတော့ Yahoo လေးဖွင့်ပြီး သူတို့ရဲ့ ရည်းစားတွေနဲ့ ပြောနေလိုက်ကြတာ။ ငါလည်း ဒီလိုလေး ရည်းစားလေးနဲ့ ပြောရင် ကောင်းမယ်လို့ စဉ်းစားမိတယ်။ ဒါပေမဲ့..မရှိ။ ( ကွန်ပျူတာရော...အင်တာနက်ရော...ဟိုဟာရော ပြောတာ..။) ဒါနဲ့ ဘယ်လိုလုပ်ရတာလဲ ငါ့ကို သင်ပေးကွာ ဆိုတော့ စက်ဘီးစီးတတ်တဲ့သူ စက်ဘီးကို ဒီလို နင်းရတာလေကွာ ဆိုပြီး နင်းပြသလိုပဲ ကိုယ်မှ မစီးတတ်တာ...အဲလေ. မသုံးတတ်တာ . . ၊ ဒါနဲ့ပဲ ဒီ အင်တာနက်ကြီးကို ကျွန်တော် မတတ်ပါ။

ဒါပေမဲ့.. ကျွန်တော်က ဇွဲကောင်းလေသူဆိုတော့ အမြဲတမ်းတော့ ဘေးကနေ မျှော်တော်ယောင် လုပ်ပါတယ်။ အဲ.. သူတို့ကောင်မလေးတွေကို မျှော်တာ မဟုတ်ဘူးနော်။ ကွန်ပျူတာထဲက အင်တာနက်ဆိုတာကို ။ ဒါနဲ့ ကြာလာတော့ ဒီဆိုင်က ဆိုင်ရှင် တရုတ်နဲ ကျွန်တော် သိလာတယ်။ ဒါနဲ့ ကျွန်တော် ပြောတယ်။

“ ငါ့ကို အင်တာနက် သင်ပေးပါလားကွာ။ ငါ သင်ခ ပေးပါ့မယ်။ ”

ဒီတော့ သူက ဘွဲ့လွန်တတ်နေတဲ့ သူက ကကြီးခကွေး မသင်ပေးချင်သလိုကြီး. . အင်း. . အင်း. . ဆိုပြီး ကျွန်တော့်မှာ မသင်ရဘူး။ ဒါနဲ့ မြို့ထဲသွားပြီး မြန်မာဆိုင်တွေမှာ စုံစမ်းတော့ သင်လို့ရတယ်တဲ့။ ဘာဖြစ်တယ် ညာဖြစ်တယ် ဘယ်လို ကျွမ်းသွားမယ် ပြောတာပေါ့လေ.. ၊ ကိုယ်ကလည်း ဘာမှမှ မသိတာ။ ဒါနဲ့ ကျွန်တော် တတ်မယ်ပေါ့.. ၊ အချိန်ညှိတော့ နှစ်ရက်လာတတ်ရမယ် ဆိုတော့ ကျွန်တော့်မှာ နှစ်ရက်တော့ ခွင့်က မရ။ ဒါနဲ့ မသင်ရပြန်ဘူး။ နောက်ဆုံးတော့ အိမ်နားက တရုတ်ဆိုင်ကိုပဲ အပူကပ်ရပြန်တယ်။

ဒါနဲ့ တစ်နေ့တစ်နေ့ ကျွန်တော့်မှာ သူ့အားတာကို စောင့်ပြီး သူ့မျက်နှာ ကြည့်နေရတယ်။ အလုပ်နေ့ဆိုင်းဆိုလည်း ထမင်းစားချိန်လေး သူ့ဆီပြေးပြီး လာရတယ်။ ဒါပေမဲ့ သူက မအားဘူး။ ဈေးလည်း ရောင်းတယ် ၊ တစ်ခါတစ်လေ နေ့ခင်းဖက်ကြီး အိပ်ပျော်နေပြန်တယ်။ အဲ..ကံကောင်းချင်တဲ့ တစ်နေ့တော့ သူကို အားအားယားယား တွေ့ရတယ်။ ကျွန်တော်လည်း သူ့ကို အကူအညီတောင်းတော့ သူက မင်းမှာ “ အီးမေးလ် ” ရှိလားတဲ့။ အမ်..ဘာတုန်း အီးမေးလ် ။ ဒီတော့ သူက စာပို့လို့ရတယ်လေကွာ တဲ့။

ဒါနဲ့ ကျွန်တော်လည်း မြန်မာနိုင်ငံက သူငယ်ချင်း တစ်ယောက်ဆီကို ဖုန်းခေါ်ရတယ်။ သူငယ်ချင်းကို အခန့်သင့်တွေ့ရတယ်။ သူငယ်ချင်းက ပြောတယ်။ “ ဂျေမေးလ် ” တဲ့။ ကျွန်တော်ကလည်း ဘာမှ မသိတော့ သူပြောတဲ့ အတိုင်း ဂျေမေးလ် လို့ ပြောလိုက်တယ်။ ဒီမှာ သူက Yahoo Search နဲ့ ရှာတော့ ဂျေမေးလ် ဆိုတာ မရှိဘူးကွ တဲ့။ မင်းက ဂျီမေးလ်ပဲ ဖြစ်လိမ့်မယ် ဆိုပြီး ကျွန်တော့်ကို Gmail ဆိုတာ ရှာပြမှ “ သြော် မေးလ်ဆိုတဲ့ မေးလ်က Gmail ကိုး ” လို့ သိလိုက်ရတော့တယ်။

ဒီမှာ နောက်ထပ် အခက်အခဲ တစ်ခု တွေ့ရတာပါပဲ။ ဒါကတော့ ထိုအချိန်က Gmail က အခုလို Sign up ကို လွယ်လွယ်လုပ်လို့မရသေးဘူး။ တစ်ယောက်ယောက်က Invite လုပ်မှ ဝင်လို့ရတာ။ အခုတော့ ကျွန်တော့်မှာ အင်ဗိုက်လုပ်ဖို့ လူမရှိ။ ဒီတရုတ်တွေက Yahoo mail သုံးတာတဲ့။ ဒါပေမဲ့ ကျွန်တော်တွေ့ဖူးသမျှ အခုချိန်အထိ အင်တာနက်သုံးသူတွေထဲမှာ သူကအတော်ဆုံးပါပဲ။ ကျွန်တော့်အတွက် ပထမဆုံးသော Gmail အကောင့်ကို သူက ဘယ်သူမှလည်း Invite မလုပ်ပဲနဲ့ ပြီးတော့ Secondary Email မရှိပဲနဲ့ ကျွန်တော့်ကို ရအောင်ဖွင့်ပေးခဲ့တယ်။

နောက်မှ ကျွန်တော် သိလိုက်ရတာ ( အခုမှ မှန်းမိတာက ) သူက Hacker တစ်ယောက် ဖြစ်နေတော့တာကိုး။ သူ့မှာ နေရာတစ်နေရာမှာ ကြာကြာ မနေရဘူးတဲ့။ မြို့ထဲမှာလည်း မနေရဲဘူးဆိုပဲ။ သူသုံးထားတဲ့ အင်တာနက်ကြေးတွေ ။ ဘောပွဲလောင်းကြေးတွေကို သူများ Credit Card ကနေပြီး သူက ဆောင်နေတယ် ဆိုပဲ။ ဒီလိုနဲ့ နည်းနည်းကြာလာရင် သူက ဒီအင်တာနက်ကို ပြန်အပ် နောက်ထပ် လုပ် ၊ ဒီလိုတွေနဲ့ သူ့ဘဝက မငြိမ်ဘူးတဲ့။ တော်တာကတော့ တကယ်ကို တော်သူတစ်ယောက်ပါ။ ဒါပေမဲ့လည်း ကျွန်တော့်မှာ ဒီမေးလ်အကောင့်လေး တစ်ခုရတာကလွဲလို့ သူ့ဆီက ကျန်တာ ဘာမှ မရခဲ့ပါဘူး။

ဒါနဲ့ပဲ အင်တာနက်နဲ့ ကျွန်တော် ဝေးခဲ့ပြန်ပါတယ်။ ဒါနဲ့ ကျွန်တော် မြန်မာနိုင်ငံပြန်တော့ ကျွန်တော် အင်တာနက် သင်တန်း တတ်မယ်ကွာ ဆိုပြီးတော့ ကျွန်တော် သင်တန်း တစ်ခုမှာ သွားတတ်ခဲ့ပါတယ်။ ကျွန်တော့်ကို အင်တာနက် သင်ပေးခဲ့တဲ့ ဆရာဟာ မြန်မာနိုင်ငံမှာ နံပါတ် ၅ အတွင်းမှာ ရှိနေသူတစ်ယောက်ပါ။ အရင်က ပုဂံဆိုက်ဘာကို ကြိုက်သလို ဝင်ရောက်မွှေနှောက်ခဲ့သူ တစ်ယောက်ပါ။ ကျွန်တော် သွားတတ်ခဲ့တဲ့ တစ်ပတ်သင်တန်းမှာ အလွန်တော်သော ဆရာနဲ့ ကျွန်တော်တွေ့ခဲ့ရပေမဲ့ ကျွန်တော် ဘာမှ မတတ်ခဲ့ပါ။ အလုပ်အလွန်များသော ဆရာအတွက် ကျွန်တော်တို့ သင်တန်းလေးကို ၃ ရက်သာ ခဏတာ သင်ပြီး ကျန်တာ သူ့ရဲ့ လက်ထောက်တွေနဲ့ လွဲခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော့်ကို အင်တာနက်ကို အခြေခံပြုပေးတာက ဆရာ ဆိုရင် ဘာမှ မသိတဲ့ နလပိန်းတုံး ကျွန်တော့်ကို အနီးကပ် သင်ပေးခဲ့တာက “ ဟန်နီ ” ဆိုသော ညီမလေး တစ်ယောက်ပါ။ Mouse ဆိုတာ “ ကြွက် ” လောက်ပဲ သိတဲ့ ကျွန်တော် Right - Click ဆိုရင် ညာဘက်ကကလစ် ဆိုပြီး ကွန်ပျူတာ မော်နီတာ ဘယ်နားမှာများချိတ်ထားတဲ့ ကလစ်လေးလဲ ဆိုပြီး သွားရှာတတ်ပါတယ်။ ကျွန်တော်ဟာ ဘာမှ မသိခဲ့ရိုးမှန်သော ငတုံးတစ်ကောင်မျှသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ တစ်ခုပဲ ရှိခဲ့ပါတယ်။ ဒါကတော့ ကျွန်တော် အလွန်ထက်သန်စွာ အင်တာနက် တတ်ချင်တာပါပဲ။ ဒါကြောင့်လည်း ဘာမှမသိတဲ့ “ -1 ” ကနေ ကျွန်တော် အရာရာသင်ယူခဲ့ပါတယ်။

တစ်ပတ်ဆိုသော သင်တန်းဟာ မေးလ်အကောင့်လေး ဖွင့်မယ်။ www.google.com ကနေ ဘယ်လို ရှာလို့ရတယ် ၊ Chatting ဆိုတာ ဘယ်လို ဆိုတာနဲ့တင် သင်တန်း ကာလက ပြီးခဲ့ပါပြီ။ ဝေ့လည်နေတဲ့ ကျွန်တော် ဒီအလုပ်ထဲပြန်ရောက်တော့ ကံကောင်းစွာပဲ အိမ်နားမှာ အင်တာနက်ဆိုင်တွေက အများကြီး ရှိတယ်။ ဒါပေမဲ့ ခက်တာက သူတို့က Software နဲ့ အင်တာနက်ဆိုင်ကို ထိန်းထားတာ ဆိုတော့ တရုတ်ဆိုင်တွေမှာ တရုတ်လိုပဲ မြင်ရတယ်။ တစ်ဆိုင်ပဲ အင်္ဂလိပ်လိုလည်း ပြောင်းလို့ရတယ်။ Software ခံထားတော့ ဘယ်ဟာပဲ Install လုပ်လုပ် လက်ခံတယ်။ ဒါပေမဲ့ Restart တော့ မလုပ်လေနဲ့ ခုနက တင်ထားတာတွေ အကုန်ပျောက်အောင် ရှင်းပစ်တယ်။ ဒါနဲ့ ကျွန်တော် မြန်မာဖောင့်လည်း ထည့်မရပါ။ မြန်မာဖောင့်မရတော့ ဒီပြင်ဘာမှလည်း ကြည့်လို့မရတော့။

ဒါနဲ့ ကျွန်တော် မိသားစုနဲ့ ပြောဖြစ်ဖို့ အင်တာနက်ကို ဆိုင်မှာသွားသုံးတယ် ဆိုတာပဲ ဖြစ်လာခဲ့တယ်။ နောက်တစ်ခုက သီချင်းကူးမယ်ပေါ့လေ။ ဒါနဲ့ တစ်နှစ်လောက်သာ ကြာသွားတယ် အင်တာနက်ဆိုတာ Gtalk ရယ် ၊ VZO ဆိုတာရယ်ပဲ သိတယ်။ မိသားစုနဲ့လည်း ဒါနဲ့ပဲ ပြောတာလေ။ Blog ဆိုတာ ဝေလာဝေး ကြားတောင်မှ မကြားဖူးဘူး။ ဒါနဲ့ပဲ တစ်နေ့တော့ အစ်မကြီး တစ်ယောက်နဲ့ ခင်လာမိတယ်။ သူက US က ၊ ကျွန်တော်ရဲ့ zaw357@gmail.com ထဲကို ပထမဦးဆုံး ရောက်လာတဲ့ အပြင်မှာ ကျွန်တော် မသိသူ တစ်ယောက်ပါ။

ဘဝနဲ့ ပတ်သတ်တဲ့ အယူအဆအတွေးအခေါ်ပေါင်း များစွာကို လက်တွေ့နဲ့ ပတ်သတ်ပြီး ကျွန်တော့်ကို သင်ပေးခဲ့တယ်။ အင်တာနက် ဆိုတာ ဘာမှမသိသော ကျွန်တော့်လို ငတုံးတစ်ယောက်ကို သူက ဒါက ဘယ်လိုလုပ်ရလဲ ဆိုပြီး မေးတတ်တယ်။ ဘာမှ မသိတဲ့ ကျွန်တော့်အဖို့ သူများသိချင်တာကို ကူညီချင်တဲ့ စိတ်လေးတစ်ခုထဲနဲ့ပဲ အင်တာနက်ထဲမှာ လျှောက်ပြီး မွှေနှောက်ရှာမိတယ်။ တွေ့ရင် တွေ့ပြီ အစ်မရေ ဆိုပြီး ပြောမိတယ်။ ဒါနဲ့ပဲ အင်တာနက်ကို ကျွန်တော် နည်းနည်းသိလာတယ်။


တကယ်တော့ အရမ်းတုံးလှတဲ့ ကျွန်တော့်ကို အရမ်းထက်ပြီး တော်သော Online ပေါ်က အစ်မကြီး တစ်ယောက်က အင်တာနက် ထဲက ဘယ်လို ရှာရတယ် ဆိုတာကို သင်ပေးသွားသော နောက်ဆုံးပေါ် နည်းလေးပါပဲ။ ပညာရှိတွေ ၊ ပညာတတ်တွေများ တကယ်ကို လေးစားဖို့ ကောင်းပါတယ်။ ဒါနဲ့ပဲ ရှာတတ် ၊ ဖွေတတ်လာတဲ့ ကျွန်တော် ပိုပြီး နက်စွဲ လာတယ်။ ဒီမှာ ကံကောင်းချင်တော့ ကျွန်တော် ထီတစ်ခါပေါက်တယ်။ ဒါနဲ့ပဲ နိုင်ငံသား မဟုတ်လေတော့ စပေါ်ငွေ ပေးပြီး အင်တာနက်လေးကို စပြီး သုံးဖြစ်သွားတာပါပဲ။ အဲဒီနေ့က ၁၅.၁၀.၂၀၀၈ ။ ဒီတော့မှ ကျွန်တော် စက်လေးဝယ်ပြီး မြန်မာဖောင့်ဆိုတာကို စပြီး သုံးဖြစ်တော့တာ။ အခုမှပဲ မြန်မာလို ရေးထားတဲ့ ဆိုက်တွေကို ကျွန်တော် မြင်ရတော့တယ်။

ဒီတော့ Blog ဆိုတာလေးတွေကို ကျွန်တော် စတင်ပြီး သိခဲ့ပါတယ်။ မြင်ဖူးခဲ့ပါတော့တယ်။ ဒါကြောင့် အင်တာနက် ဆိုတာနဲ့ ကျွန်တော် စတင် ထိတွေ့ခဲ့တာ အခုဆိုရင် တစ်နှစ်နဲ့ နှစ်လ စွန်းစွန်းမျှသာပဲ ရှိပါသေးတယ်။

ကျွန်တော် ဘာမှ မသိပါ ၊ ဘာမှလည်း မတတ်ပါ။ သို့သော် . . ကျွန်တော့်မှာ တစ်ခုပဲ ရှိပါတယ်။ ဒါကတော့ “ ကျွန်တော့်မှာ သိချင်လိုစိတ် ပြင်းပြ ထက်သန်နေခြင်း ” တစ်ခုပါပဲ။ ဒါနဲ့ပဲ. . . ဒါကြောင့်ပဲ ကျွန်တော် များပြားကျယ်ပြန့်လှသော အင်တာနက် လှိုင်းလုံးများကြားမှ ရေမှုန်ရေမွှားလေးတွေ လောက်တော့ ကျွန်တော် နည်းနည်း သိလာခဲ့ရပါတယ်။



ကိုဇော်





Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

အော်..အော်..သူကဒီလိုကိုး
တော်၏
may