မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


14 December 2009

0 စာတစ်ပုဒ်မွေးဖွားခြင်း (၁)


ဟိုးအရင် ငယ်ငယ်တုန်းက ကျွန်တော်တို့ စာပြိုင်ဘက် သူငယ်ချင်း နှစ်ယောက်ကို ဆရာ ၊ ဆရာမ တွေက “ Photographic Brain ” ရှိတယ်လို့ ပြောကြတယ်။ တွေ့သမျှ ၊ သိသမျှ ၊ ဖတ်မိသမျှ ကို အလွတ်ပြန်ပြောနိုင် ၊ ပြန်လည် ရေးသားတင်ပြနိုင်လို့ လို့ ပြောတာတဲ့။ ဒီလို ချီးကျူးသံတွေ ကြားထဲမှာ ကျွန်တော့်တို့ ပျော်ခဲ့ကြဖူးပါတယ်။

ဒါပေမဲ့ အသက်လည်း နည်းနည်းကြီးတော့ မဟုတ်တော့သလိုကြီး ခံစားလာရတယ်။ ကိုယ့်ဖာသာ ကိုယ်လည်း နည်းနည်းစဉ်းစားလာတတ်ပြီ။ စာတွေ ပေတွေနည်းနည်း ဖတ်တတ်လာတော့ ဒီ “ ဖိုတိုဂရပ်ဖစ် ဘရိန်း ” ဆိုတာကြီးကို ဘယ်လိုမှ သဘောထားလို့မရတော့ ပြန်ဘူး။ ဒါပေမဲ့လည်း ကိုယ့်ဖာသာ ကိုယ်လည်း သဘောပေါက်အောင် သူများကို ရှင်းမပြတတ်ပါဘူး။ ဒီလိုပဲ အူလည်လည်နဲ့။

ကျွန်တော်တို့နဲ့ ထိမိခိုက်မိ ၊ တိုးမိတိုက်မိ ၊ မြင်မိကြားမိ တဲ့ အကြောင်းအရာ ၊ အဖြစ်အပျက်တွေကိုတော့ ကျွန်တော်တို့ ကိုယ်နည်းကိုယ့်ဟန်နဲ့ စာမျက်နှာပေါ်မှာ ချရေးမိကြတယ်။ စာမျက်နှာမှာ ပုံဖော်မိကြတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ “ စာပုဒ်လေးပေါင်း များစွာကို မွေးဖွားမိကြပါတယ်။ ” လူတွေမှာ ကိုယ်ပိုင် ရေးဟန်ဆိုတာ ရှိနေတာ ဆိုတော့ သူများရေးတာကို ကိုယ်ပိုင် စိတ်ကူးနဲ့ တိုက်ရိုက် အပုဒ်တိုင်း အပ်စပ်ဖို့ဆိုတာ မလွယ်လှပါ။ ပြီးတော့ တချို့စာတွေက ဝှက်ရေးရတာတွေ ရှိနေသေးတယ်။

ဒီတော့ ဘယ်လောက် နာမည်ကြီးတဲ့ စာရေးဆရာကြီး ဖြစ်နေပါစေ။ လူတိုင်းရင်ထဲကို ရောက်အောင် သူ့စာပုဒ်ရေးတိုင်း မရေးနိုင်ပါ။ လူကြိုက်များတယ် ဆိုရင်ပဲ ဒါ စာဖတ်သူကို ဆွဲဆောင်နိုင်သော စာရေးဆရာ ဖြစ်နေပါပြီ။ ကျွန်တော် မှတ်မိနေသေးတယ်။ ကျွန်တော်တို့ စာတွေ အပြိုင်းအရိုင်းဝါးမြိုစားသောက်နေတုန်းက .. .

တစ်နေ့ ကျွန်တော်တို့ ငှားနေကြ ဆိုင် မှာ မောင်လှမျိုး(ချင်းချောင်းခြံ) စာအုပ် အသစ်ထွက်လို့ သွားယူတော့ ဆိုင်မှာ ကျွန်တော်တို့နဲ့ အသက်ရွယ်တူ လောက်ရှိတဲ့ ကောင်မလေး နှစ်ယောက်ကလည်း ရောက်ပြီး သူတို့ ကြိုက်တဲ့ စာရေးဆရာမ စာအုပ်ကို ရွေးနေတယ်။ စိတ်ကူးပြီး ရေးတာခြင်း အတူတူ အရမ်းချောမယ် ၊ အရမ်းလှမယ် ၊ အရမ်းချမ်းသာမယ် ၊ အရမ်းမာနကြီးမယ် ၊ အရမ်းအသန့်အပြန့်ကြိုက်မယ် ၊ အရမ်းပညာတတ်မယ် ၊ အရမ်းနာမည်တွေ ထူးဆန်းနေမယ် . . ဒီလို အချက်တွေနဲ့ ရေးပြီး နောက်ဆုံးမှာ အချစ်နဲ့တွေ့တော့ အားလုံးအရည်ပျော်ကျမယ်. . ။

ဒီလို ဇာတ်လမ်းတွေထက် ထူးထူးဆန်းဆန်းလေးတွေ ၊ အတွေးတွေနဲ့ ရေးတတ်တဲ့ စာရေးဆရာတွေကိုပဲ ကျွန်တော်တို့ ရွေးဖတ်ဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း ဒီလို စာရေးဆရာမတွေ ရေးတဲ့ စာတွေလည်း တစ်ခါတစ်လေ ဖတ်မိပါတယ်။ ခက်တာက သူတို့က တစ်ခွက် ၁၅၀၀ တန် ကော်ဖီဆိုင်ကကို မဆင်းဘူး.။ လမ်းဘေးဆိုင် မထိုင်ကြဘူး။

ဒါနဲ့ ဘာစာအုပ် ဖတ်ရမလဲ ဆိုပြီး ရွေးနေတဲ့ သူတို့ကို အဲဒီအချိန်က ကျွန်တော့်အ၇မ်းကြိုက်နေတဲ့ “ ဆရာမောင်လှမျိုး (ချင်းချောင်းခြံ) ရဲ့ တစ်ဖက်စာမျက်နှာတွင် အချစ်ရှိသည် ” စာအုပ်ကို သူတို့ကို ဖတ်ပါလားလို့ သွားပြောမိတယ်။ ( အဲ. . ကြောင်ချင်လို့ ဟုတ်ဘူးနော်. .၊ ကျွန်တော့် ဘဝမှာက စာအုပ် ၊ ဘောလုံး ၊ ချက် နဲ့ပဲ အချိန်မလောက်ခဲ့ဘူး။) ကျွန်တော် သွားပြောမိတဲ့ ကောင်မလေးက ဘယ်စာအုပ်လဲ ရှာပေးလို့ ပြောလို့ ကျွန်တော် ရှာပေးနေတုန်း ။ သူနဲ့ အဖော်ပါလာတဲ့ ကောင်မလေးက လှမ်းပြောတယ်။ သူ့ပြောသံလည်း ကြားရော ကျွန်တော် အပါအဝင် စာအုပ်ဆိုင်က စာအုပ်ငှားတဲ့ အကိုကြီးပါ ဖင်ထိုင်ကျသွားကြတယ်. . . ရယ်ရလို့. ။

“ ဟဲ့. . ဟဲ့. .မောင်လှမျိုး. . မဖတ်နဲ့ မကောင်းဘူး။ သူရေးတာတွေက မညားဘူးဟ. .၊ ငါတစ်အုပ်ဖတ်ဖူးတယ်။ ချင်မိုး ဖတ် . . ၊ ချင်မိုး က ညားတယ်။ ”

တဲ့လေ။ ကျွန်တော်တို့လည်း ခဏတော့ ကြောင်သွားပြီး နောက်မှ ဖင်တောင်မှ ထိုင်ကျတဲ့ အထိ ရယ်မိကြတယ်။ ပြီးမှ အားတောင်မှ နာသွားလို့ ဘာမှ ဆက်မပြောဖြစ်တော့ပါဘူး။ တကယ်တော့ သူပြောချင်တာ “ ရှင်မိုး ” ဖြစ်မှာပါ။ သူက “ ခ ” နဲ့ “ ရ ” မပီတာနေမှာ . . ။ ဒီလိုပဲ “ တ ” နဲ့ “ သ ” မပီတဲ့ သူတွေလည်း ရှိကြတယ်လေ။ ဟုတ်တယ်မလား။ တကယ်တော့ မောင်လှမျိုးကလည်း သူရဲ့ ရင်တွင်းခံစားချက်ကို ရေးတာပါပဲ။ ဒါကို ခံစားမိတဲ့ ကျွန်တော်တို့နဲ့ မခံစားတတ်တဲ့ သူတို့နဲ့ ကွာသွားတာကို ကျွန်တော် ပြောချင်တာပါ။

ဒီတော့ အားလုံးကို ကြိုက်အောင် ရေးဖိုဆိုတာ ဘယ်ဆရာမှ တတ်နိုင်လိမ့်မယ် မဟုတ်ပါ။ ဒီတော့ . . . ဒါကပဲ ကျွန်တော်တို့အတွက် အားသာချက်တစ်ခုပါ။ စာရေးဆရာ တစ်ယောက်ရေးထားသော စာကို ဖတ်ပြီးရင် ငါ ဘယ်နေရာမှာ မကြိုက်ဘူးလည်း ဒါကို သေချာ စဉ်းစားကြည့်ဗျာ။ ပြီးရင် ငါသာဆိုရင် ဘယ်လိုရေးရင်ကောင်မလဲဆိုတာကိုလည်း စိတ်ကူုးထဲမှာ ရေးကြည့်။ ဒီဆရာရေးတာ ဘယ်နေမှာ ဘယ်လိုလိုနေတယ်. . ငါသာဆိုရင် ဘယ်လို ဖြည့်ရေးမယ် ဆိုပြီး ဆက်တွေးပြီးရေးကြည့်ပါ။ ဒါဟာ စာရေးချင်တယ် ဆိုတဲ့ သူငယ်ချင်းတွေအတွက် အကောင်းဆုံးသော နည်းလမ်းပါ။

ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပါပဲ။ “ Photographic Brain ” ဆိုတဲ့ စကားလုံးကို ကျွန်တော် နားမလည်နိုင် ၊ လက်မခံနိုင်ဖြစ်နေတာကို ဘယ်လိုမှလည်း ကိုယ့်ဖာသာကိုယ် မရှင်းပြနိုင်ဘူး။ တစ်နေ့တော့ ဆရာတော် ဦးဇဝန (မေတ္တာရှင်) ရွေပြည်သာ ဟောကြားတော်မူသော တရားလေး တစ်ပုဒ်မှာ ဆရာတော်က ဒီလို ဟောထားတယ်။

“ အခု ဟောနေတဲ့ တရားတော်ကို ဒီနေရာမှာပဲ မထားခဲ့ပါနဲ့ ။ အိမ်ကိုရောက်အောင် ယူသွားပါ။ သူများတွေကိုလည်း ပြောပြပါ။ ဒီမှာ တချို့က ပြောကြတယ် ။ ဆရာတော်တရားတွေကို တပည့်တော်တို့ကတော့ မှတ်သားနာသွားတာပါပဲဘုရား ။ ဒါပေမဲ့ . . အိမ်လည်းရောက်ရော တပည့်တော်တို့ နာထားသမျှ တရားတွေ အကုန်မေ့ကုန်ပါတယ်. လို့ ပြောကြတယ်။

ဒီတော့ စာတစ်ပုဒ်ပဲ ဖတ်ဖတ် ၊ တရားတစ်ပုဒ်ပဲ နာနာ ၊ ဗီဒီယိုတစ်ကားပဲ ကြည့်ကြည့် ဒါတွေကို မမေ့အောင် လုပ်လို့ရတဲ့ နည်းလေးပေးလိုက်ပါ့မယ်။ ဒါကတော့ အခု ကိုယ်နာနေတဲ့ တရား ၊ ကိုယ်ဖတ်နေတဲ့ စာအုပ် ၊ ကိုယ်ကြည့်နေတဲ့ ဗီဒီယို တွေကို ရိုးရိုးကြည့်သလို မကြည့်ပဲနဲ့ ငါသာ ဒီတရား ၊ ဒီစာအုပ် ၊ ဒီဗီဒီယိုကို တခြားသူ တစ်ယောက်ကို ဘယ်လို နားလည်အောင် ပြန်ပြောပြရင် ကောင်းမလဲဆိုတဲ့ အသိလေးနဲ့ ကြည့်ပေးပါ။


ဒါမှ ကိုယ်ကြည့်နေတဲ့ တရား ၊ စာအုပ် ၊ ဗီဒီယိုတွေက ရိုးရိုး ကြည့်နေသလို မဟုတ်တော့ပဲ စေ့စေ့စပ်စပ် ကြည့်မိ ၊ နာမိလာပါလိမ့်မယ်။ ပြီးတော့ ငါသာ ဒီနေရာမှာဆို ဘယ်လို ပိုပြီး ကောင်းအောင် ရေးမလဲ ၊ ဟောမလဲ ၊ ရိုက်မလဲ လို့လည်း တွေးပြီး စိတ်ကူးပေးပါ။ ဒါဆိုရင်တော့ ကိုယ်နာနေတဲ့ တရား ၊ ဖတ်နေတဲ့ စာအုပ် ၊ ကြည့်နေတဲ့ ဗီဒီယို တွေက ဘယ်တော့မှ မမေ့တော့ပါဘူး။ ပြီးတော့ လိုနေတာတွေ ၊ ဟာနေတာတွေမှာ ဘယ်လို ပြင်လိုက်ရင် ကောင်းမယ်ဆိုတဲ့ စိတ်လေးနဲ့ မြင်ကြည့်ပါ။ ”

လို့ဟောဖူးပါတယ်။ ဒါဟာ “ Photographic Brain ” ပဲလေ။ ဒီတော့မှ ကျွန်တော် သဘောပေါက်ခဲ့ရပါတယ်။ အရင်က ကျွန်တော်တို့ စာတွေကို မမေ့ဘူးဆိုတာ ကျွန်တော်တို့ ဖာသာ မသိစိတ်က ဒီလို ဖတ်မိနေလို့ ဆိုတာ ကျွန်တော် သိခဲ့ရတယ်။ ဒါကြောင့် စာရေးချင်တယ် ၊ ဘယ်က စရေးရမလဲ မသိဘူးဆိုတဲ့ သူငယ်ချင်းတွေကို ကျွန်တော် တစ်ခုပဲ ပြောချင်ပါတယ်။ ဖတ်သမျှစာတွေကို ဆရာတော် ဦးဇဝန ဟောခဲ့သလိုလေး ဖတ်ပေးပါ။ ပြီးရင် သူများကို ဘယ်လို ပြန်ပြောရင် ကောင်းမလဲ လို့လည်း တွေးပေးပါ. . ၊ သူ့နေရာမှာ ငါသာဆိုရင် ဘယ်လိုပြည့်အောင် ထည့်ရေးရင် ကောင်းမလဲ ဆိုပြီးထပ်တွေးပြီး ရေးကြည့်ပေးပါ။

အထူးသဖြင့် ကျွန်တော့်ရေးသော စာတွေမှာ ကျွန်တော် ပြောခဲ့ဖူးသလိုပဲ။ ကျွန်တော်က ကျွန်တော် ပေးချင်သော နေရာလေးတွေကိုပဲ Message ရေးနည်းနဲ့ Model ရေးနည်းလေးနဲ့ ကျွန်တော် ရေးထားတာပါ။ ဒါကြောင့် ဘက်စုံပြည့်စုံအောင် ရေးချင်စိတ်လည်း ကျွန်တော် မရှိပါ။ ဘာလို့လည်း ဆိုတော့ ကျွန်တော်က ဆက်ပြီး တွေးစေချင်လို့ပါပဲ။

ကျွန်တော်ရေးတာကို ရော့ ခေါင်းထဲကို ကားအမဲဆီထည့်တဲ့ ပန့်ကြီးနဲ့ ညစ်ထည့်လိုက်သလို “ ပြွတ် ” ဆိုပြီး ဝင်သွားတာမျိုး ကျွန်တော် မလိုချင်ပါ။ ဒါကြောင့် ကျွန်တော် ပြောချင်တဲ့ Message လေးရသွားတယ် ဆိုရင် ကျွန်တော် ရပ်လိုက်တာပါပဲ။ သူတို့ဖာသာ ကြိုက်တဲ့ ဘက် ၊ ကြိုက်တဲ့နေရာက ဆက်တွေးပစေ ၊ ဆက် စဉ်းစားပစေ . . ကျွန်တော် ဒီလိုပဲ ခံယူထားတယ်။ ဒါကြောင့် ဘယ်သူတွေ သဘောထားကွဲကွဲ ကျွန်တော် ဘာမှ မပြောခဲ့တာပါ။ ဒီလိုမှလည်း ဆက်ပြီး တွေးမိတော့မှာလေ။ ဒါဟာကောင်းပါတယ်။

Model ဆိုလို့လည်း ခေါင်းတော့ ခြောက်မသွားပါနဲ့။ ဘာမှတော့ မဟုတ်ပါဘူး။ Model ရေးနည်း ဆိုတာကလည်း တော်တော်တော့ ထူးခြားတယ်။ ကျွန်တော်လည်း ကျွမ်းကျင်လှတယ်တော့ မဟုတ်ပါ။ သူက ကျွန်တော် အတိုချုံးပြောရရင် “ ရော့ ဒီမှာ လက်ထဲမှာ ဖဲကြိုးဝါ ” ဆိုတာလို့ ရေးပြတာထက် “ လက်ထဲမှာ ကောင်မလေးတွေ ခေါင်းမှာ စည်းတတ်တဲ့ အဝါရောင်ကြိုးလေး ” လို့ တစ်ခါတစ်လေ လျှောက်ရေးရင် ရေးရတတ်ပါတယ်။ Model ရေးနည်းမှာ မလိုတာကို တစ်ခါတစ်လေ ပုံကြီးချဲ့ထားတတ်ပါတယ်။ နောက်တော့ သိလာပါလိမ့်မယ်။

ဆရာတာရာမင်းဝေ ဆုံးရှုံးသွားခဲ့ရတာ တကယ်ကို နှမြောစရာ ကောင်းလှပါတယ်။ အခု လက်ရှိ ရေးနေတဲ့ အထဲမှာ သူတို့ဖာသာ အော်ဟစ်နေပေမဲ့ ကျွန်တော် Model စစ်စစ် မမြင်မိသေးပါ။ Online Model Writer တွေထဲမှာတော့ “ ကိုဥာဏ ” က တကယ်ကို လေးစားလောက်ပါတယ်။ သူကလည်း စိတ်ထင်ရင် ရေးလိုက် စိတ်မထင်ရင် ဆိုက်ကို ဖျက်သွားလိုက်နဲ့ ကျွန်တော်တို့မှာ အားကိုးရမဲ့သူ တစ်ယောက် တကယ်ကို လျော့ပါတယ်။ Online က Model ကဗျာ ရေးသူတွေထဲမှာတော့ “ ကိုဥာဏ ” ကို ကျွန်တော် အလေးစားဆုံးပါပဲ။

ဒီစာလေးကနေ စပြီး ကျွန်တော် ဒီခေါင်းစဉ်လေးနဲ့ပဲ နံပါတ်လေးတွေ ပြောင်းပြီး သူငယ်ချင်းတွေ အားလုံး ရင်ထဲက အကြောင်းအရာတွေကို စာမျက်နှာပေါ်ရောက်ဖို့ ကျွန်တော် အတွေးလေးတွေ ရေးပေးပါ့မယ်။ စာကို ဘယ်လိုရေးတယ်ဆိုတာကိုတော့ စာပေရေးသားခြင်းဆိုင်ရာ ဆောင်းပါးများ ဆိုတဲ့ နာမည် တွေနဲ့ စာရေးနည်းကို ရှင်းပြထားတဲ့ “ မမေဇူး ” ဆီမှာ သွားဖတ်ကြည့်ကြပါ။ ဒါက ပိုပြီး သင့်တော်ပါတယ်။ ကျွန်တော်ကတော့ အတွေးလေးတွေ ပေးမယ်။ ရေးကြည့်ပါဗျာ။ ဘယ်ကပဲစစ ပထမ ခြေလှမ်းကပဲ စရတာပါပဲ။ ကျွန်တော် ရေးဖူးတယ်လေ 631. မောင်ရိုးရေချိုးခြင်း....။ ။ သူများ အပြစ်ပြောမှာ ကြောက်နေလို့ မရေးဖူးဆိုရင်တော့ ဘယ်တော့မှရေးဖြစ်တော့မှာ မဟုတ်ဘူးဗျ။

အခုပဲ ကျွန်တော် ဒီစာလေးကနေစပြီးပဲ ဖြစ်ဖြစ် ၊ အရင်စာတွေကိုပဲ ပြန်ဖတ်ပြီးဖြစ်ဖြစ် ၊ တခြားဘယ်သူ့စာတွေကိုပဲ ဖတ်ပြီးပြီး တစ်ယောက်တည်း ကိုယ့်ဖာသာ ငြင်းခုန်ပြီး ထပ်ရေးကြည့်ပါ ၊ ဆက်ရေးကြည့်ပါ။ ကျွန်တော် တကယ်ကို ကိုယ့်အတွေ့အကြုံတွေ ၊ ခံစားချက်တွေ ၊ အသိအမြင်လေးတွေကို လူတိုင်းကို ချပြနိုင်ဖို့ အားလုံးစာရေးဖြစ်အောင် ကျွန်တော် အားပေးတယ်ဗျာ.။




လေးစားခင်မင်စွာဖြင့်
ကိုဇော် ခံစားတင်ပြသည်။




Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: