မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


27 December 2009

8 ခွေးလက်ဆောင် မှတ်တမ်း



ကျွန်တော်သူငယ်ချင်း သင်္ဘောသားတစ်ယောက်က သင်္ဘောက ဆင်းလာတော့ သူ့သူငယ်ချင်း မိန်းကလေးနှစ်ယောက် အသည်းအသန်မှာလိုက်တဲ့ ပစ္စည်းလေးတွေ သွားပေးချင်တယ်။ ဒါနဲ့ လိုက်ခဲ့ဖို့ ကျွန်တော့်ကို အဖော်ခေါ်တယ်။ ကျွန်တော် သူ့အိမ်ကိုရောက်သွားတော့ သူသွားပေးမဲ့ ပစ္စည်းကို ကြည့်လိုက်တော့ “ နိုင်ငံခြား ခွေးလေး နှစ်ကောင် ” ဖြစ်နေတယ်။

“ ဟ. . . မင်း လက်ဆောင်ဝယ်လာတယ် ဆိုတာ ဒီခွေးတွေလား။ ”

“ အေးလေ. . . ဟုတ်တယ်။ ဒါကို ဝယ်လာတာ မလွယ်ဘူးနော်။ ကာကွယ်ဆေးတွေ ဆရာဝန်ထောက်ခံစာတွေနဲ့ကွ။ သူငယ်ချင်း အချင်းချင်း အတင်းမှာ လိုက်လို့သာ ဝယ်လာရတာ။ ”

“ သြော်...အင်း။ ”

ကျွန်တော် ဒီလိုပဲ သံယောင်လိုက်လိုက်တယ်။ တကယ်တော့ သူနဲ့ ကျွန်တော်က ခင်တယ်။ သူ့ရဲ့ သူငယ်ချင်းတွေကို ကျွန်တော် သိယုံပဲ သိတာ ၊ သိပ်မခင်ဘူး။ သူနဲ့ကတော့ အရမ်းခင်တဲ့ သူငယ်ချင်းတွေ ဖြစ်နေပြန်တယ်။

“ ကပ်သီးကပ်သပ်မှာတာကွ။ အခုတော့ ငါ့မှာ ဒီခွေးနှစ်ကောင်နဲ့ တိုင်ပတ်လာတာ။ အခုတော့ သွားပေးရမယ်။ ”

“ မင်းခွေးက အတူတူပဲလား။ ”

“ ဟာ..၊ ဟေ့ကောင်..မင်းဝယ်လာတဲ့ ခွေးလုပ်ပါကွာ။ ”

“ ဟီး..ဟုတ်သားပဲ။ မင်းဝယ်လာတဲ့ ခွေးက အတူတူပဲလား။ ”

“ အေးလေ၊ အမျိုးအစား အတူတူပဲ။ တစ်ဆိုင်ထဲကနေ တစ်လှောင်အိမ်ထဲကနေ ဝယ်လာတာပဲလေ။ ”

“ သြော်..ဘာမှ မဟုတ်ပါဘူးကွ။ မင်းသိတဲ့ အတိုင်းပဲလေ မိန်းမတွေက ကဂျီကကြောင်များလို့ မင်းဝယ်လာတာ အမျိုးအစားမတူရင် လုနေကြမှာ စိုးလို့။ အခုက တစ်ကောင်က အမွှေးလေးတွေ ပိုရှည်နေတယ်လေ။ တစ်ကောင်ကတော့ သာမာန်ပဲ။ ”

“ တူတယ်ကွ။ ဒါပေမဲ့ ဒီခွေးနှစ်ကောင်မှာ တစ်ကောင်က အမွှေးပွပြီး ပိုရှည်နေတာကတော့ ငါလည်း မတတ်နိုင်ဘူး ။ ဒါကတော့ သူတို့ ကြိုက်တဲ့သူ ယူကြပစေပေါ့။ သူတို့ တစ်အိမ်ထဲ နေကြတာပဲလေ။ ”

“ ဒါဆို ဘာလို့ နှစ်ကောင်မှာလည်းကွ။ တစ်ကောင်ဆို မရဘူးလား။ ”

“ ဒါကတော့ကွာ.. တစ်ယောက်တစ်ကောင်လိုချင်လို့နေမှာပေါ့ ။ ”

ဒါနဲ့ပဲ ကျွန်တော်လည်း ဘာမှ ဆက်မပြောဖြစ်ခဲ့ပါဘူး။ သူနဲ့ အတူတူလိုက်သွားပြီး ခွေးလက်ဆောင် သွားပေးလိုက်တယ်။ ပြီးတော့လည်း ဘာရယ် မဟုတ်တော့ ပြီးပြီးပျောက်ပျောက်ပါပဲ ဒီလိုပဲ နေလာခဲ့တယ်။ ခွေးနှစ်ယောက်သွားပေးတယ် ဆိုတာ ဘဝမှာ ဘယ်လောက်မှလည်း ထူးထူးထွေထွေ ဖြစ်လာနိုင်စရာ ရှိမယ်လို့လည်း မထင်မိဘူး။

ဒါပေမဲ့ ၆ လလောက်ကြာတော့ ကျွန်တော့်သူငယ်ချင်းက ကျွန်တော်နဲ့ တွေ့တော့. . .

“ ငါ့ကို တစ်ခုလောက်ကူညီပါဦးကွာ။ ”

“ ဟေ. .ဘာလဲ။ ”

“ ငါ ဟိုတစ်ခါ ခွေးလက်ဆောင်သွားပေးတဲ့ ညီအစ်မလေ။ အခု ပြဿနာတတ်နေတယ်။ ”

“ ဟင် . . ဟုတ်လား။ ဘာလို့လဲ။ ”

“ ထွေထွေထူးထူး မဟုတ်ပေမဲ့ နည်းနည်းတော့ ထူးဆန်းတယ်ကွ။ ငါတို့ သွားပေးတော့ မင်းမှတ်မိတယ် မဟုတ်လား။ ခွေးလေးတစ်ကောင်က အမွှေးပိုရှည်နေတယ်လေ။ ”

“ အေး မှတ်မိတယ်။ ငါတောင်မှ ပြောသေးတယ်လေ။ သူတို့ အမွှေးပွလေးကို လုနေကြဦးမယ်လို့. .”

“ အေး ဟုတ်တယ်။ အခုတော့ ဒါက ပြဿနာ တတ်နေပြီ။ ”

“ ဘာလဲ. .သူတို့ လုနေကြလို့လား။ ”

“ မဟုတ်ဘူးကွ။ သူတို့ရောက်ခါစကတော့ကွာ လုတာပေါ့။ တကယ်ကို လုကြတာ။ နောက်တော့ သူတို့ မဲနှိုက်ပြီး တစ်ယောက်က ရသွားတယ်။ သူတို့ဖာသာ ဝေပုံကျသွားတော့ မလုတော့ဘူး။ အမွှေးပွခွေးလေးကို ရတဲ့ သူကလည်း ခွေးလေးကို ချစ်တော့ အမြဲပွေ့ထားတာကွ။ သာမန်အမွှေးလေးနဲ့ ခွေးကို ရသူကလည်း သူ့ခွေးကိုပဲ ဂရုစိုက်တာပေါ့။ အခု ဖြစ်နေတာက သူတို့လည်း တတ်နိုင်သူတွေ ဆိုတော့ အကောင်းတွေပဲ ကျွေးတာကွ။ ခွေးအသားဘူးတွေတောင်မှ ဖောက်ကျွေးတာ။ ခွေးကိုက်ဖို့ အမဲရိုးဆိုရင်တောင်မှ Super One က Ready Made တွေပဲ ကိုဝယ်ကျွေးတာ။

ဒီလို အစားကောင်းစားရတော့ ခွေးလေးတွေကလည်း အရမ်းထွားတယ်။ အမွှေးပွ ခွေးလေးကလည်း ပိုပြီး အမွှေးလေးတွေ ပိုပြီး ချစ်ဖို့ ကောင်းတယ်။ သာမာန်အမွှေးလေးတွေနဲ့ ခွေးလေးကလည်း ချစ်ဖို့ကောင်းတာပဲ။ ဒါပေမဲ့ အခု ပြဿနာတတ်နေတာက အမွှေးပွခွေးလေးကွ။ ”

“ ဘာဖြစ်လို့လဲ၊ နေမကောင်းလို့လား။ ”

“ မဟုတ်ဘူး။ နေကတော့ ကောင်းမှကောင်း။ တစ်ခါကွာ ခြံတံခါးဖွင့်တော့ အပြင်ကို အမွှေးပွခွေးလေးက ထွက်သွားတယ်တဲ့။ ဒီမှာ အပြင်က ခွေးတွေနဲ့ သွားပြီး ရောတယ်။ သူက အကောင်သေးတော့ အပြင်က ခွေးတွေက မကိုက်ပါဘူး။ ဒါပေမဲ့ ခွေးလေးလို့ ထင်လို့ ဟိုလျှက် ဒီလျှက်နဲ့တော့ နေတာပေါ့လေ။

သူတို့လည်း သူတို့ခွေးကို ဖမ်းမိတော့ ရေချက်ချင်းပြန်ချိုးပေးတယ်။ ဒီအချိန်က စပြီး ဒီအမွှေးပွ ခွေးလေးမှာ ခွေးသန်းတွေ ရောက်နေတယ်။ ဒီတော့ အတူတူနေတဲ့ ခွေးနှစ်ကောင်စလုံးမှာ ကူးတာပေါ့ကွာ။ ဒါပေမဲ့ တစ်ကောင်က အမွှေးမပွတော့ သန်းတွေကို ရေချိုးတာနဲ့ ဘီးစိတ်နဲ့ တိုက်လိုက်ရင် ပျောက်သွားတယ်။

အမွှေးပွ ခွေးလေးကတော့ သူရဲ့ အမွှေးတွေက များတော့ ရေချိုးရင်လည်း တော်တော်နဲ့ အခြောက်ဘူး။ ဘီးစိတ်တိုက်ရတာလည်းခက်တယ်။ နောက်တစ်ခုက အမွှေးတွေက ထူပွပြီး များတော့ သန်းတွေကို လွယ်လွယ်နဲ့ ရှင်းရတာ ခက်နေတယ်။ ပြီးတော့ ဒီခွေးသန်းတွေကလည်း လူပေါ်ပါ တတ်ကိုက်တယ်လေကွာ ၊ ဒီတော့ ခွေးကို ချစ်ပေမဲ့လည်း မပွေ့ရဲ မချီရဲတော့ဘူး ဖြစ်နေတယ်။

ဒါကြောင့် ငါ့ကို ဖုန်းဆက်ပြီး ခွေးလေးသန်းပျောက်တဲ့ ဆေးရှာခိုင်းလို့ အဲဒါ ငါလည်း ဘယ်က ဝယ်ရမှန်း မသိလို့ ငါ့ကို ကူညီပြီး လိုက်ဝယ်ပေးပါဦးကွာ။ ”

ဒါနဲ့ သူနဲ့ ကျွန်တော် ခွေးသန်းပျောက်ဆေး ရှာပုံတော် ဖွင့်ရပြန်ပါတယ်။ နောက်ဆုံးတော့ မြို့ထဲက ဆိုင်တစ်ဆိုင်မှာ ရေချိုးရင်ထည့်ချိုး ၊ ပြီးရင် အဆီကို လူးထားရင် ခွေးသန်းတွေ သေတယ် ခွေးက လျှာနဲ့လျက်ရင်လည်း ဘာမှ မဖြစ်ဘူး ဆိုတဲ့ “ ပြင်သစ် ” က ထုတ်တဲ့ ခွေးသန်းပျောက်ဆေးလေးကိုပဲ ဝယ်လာခဲ့ပါတယ်။

ဒီဆေးရတော့ ကျွန်တော် သူငယ်ချင်းလည်း ဝမ်းသာတယ်။ “ ငါ သွားပေးလိုက်ဦးမယ် ။ ” ဆိုပြီး ကျွန်တော်တို့ ခရီးလမ်းမှာပဲ ခွဲခွာလာကြတယ်။ ဒါပေမဲ့ အပြန်လမ်းမှာ ကျွန်တော် အတွေးတွေ တပြုံကြီးနဲ့ ဖြတ်သန်းလာမိတယ်။ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရဖူးတဲ့ “ ဦးချိုလှပသော သမင် ” ပုံပြင်ကိုလည်း သွားသတိရတယ်။

“ ဦးချိုလှပတာကို အမြဲတမ်း ဂုဏ်ယူနေပြီး ညစ်ပတ်ပေရေနေတဲ့ ခြေထောက်တွေကို သူက အမြဲ ကဲ့ရဲ့နေတတ်တယ်။ နောက်တော့ သူ့ကို မုဆိုးကလည်း လိုက်ရော သူအတင်းထွက်ပြေးတာမှာ သူအမြဲ ကဲ့ရဲ့နေတတ်တဲ့ ခြေထောက်က သူ့ဘေးကင်းရာကို သယ်ဆောင်နေပြီး ၊ သူလှပပါတယ် ဆိုပြီး အမြဲဂုဏ်ယူနေတတ်တဲ့ ဦးချိုကတော့ သစ်ပင်က နွယ်တွေနဲ့ ရစ်ပတ်မိပြီး သူထွက်မပြေးနိုင်တော့ပဲ မုဆိုးပစ်လိုက်တဲ့ မြားမှာ အသက်ဆုံးရှုံးခဲ့ရတယ် ဆိုတဲ့ ပုံပြင်လေးပါပဲ။ ”

အခုလည်း ဒီလိုပါပဲ။ အမွှေးပွခွေးလေးကို ချစ်ပါတယ် ဆိုပြီး ဒီချစ်ပါတယ် ဆိုတဲ့ အမွှေးပွလေးမှာ သန်းတွေ များလာပြီး လူကိုပါ ကိုက်တော့ ဒီချစ်ပါတယ် ဆိုတဲ့ အမွှေးပွတွေကို ဘယ်လိုမှ သည်းမခံနိုင်ဖြစ်လာရတယ် မဟုတ်လား။ ချစ်လို့ ပွေ့ထားပါတယ်ဆိုတဲ့ ဒီအမွှေးပွတွေကိုပဲ ဘယ်လိုမှ မပွေ့နိုင်တော့ဘူး မဟုတ်လား။

ဒီလိုပါပဲ. . .။ ကျွန်တော်တို့ ဘဝမှာရော . ။ ချစ်ခင်ပါတယ် နှစ်သက်ပါတယ် ဆိုတဲ့ အရာတွေ အပျက်အဆီး ၊ ယိုယွင်းမှုတွေ ဖြစ်လာပြီး ဆိုရင် ဆက်လက်ပြီး အရင်လို လက်ခံပြီး ချစ်နိုင်ပါ့မလား။

ချစ်လှပါတယ် ဆိုတဲ့ ချစ်သူရဲ့ ဆံပင်တွေ အကုန်ကျွတ်ပြီး ဂတုံးမ ဖြစ်သွားရင် လက်ခံနိုင်မလား။ ( သူက ချစ်တာ ဆံပင်ကိုလား။ )

လှပါတယ် ဆိုတဲ့ ချစ်သူရဲ့ ခြေထောက်လေးတွေ ရေနွေးပူလောက်ပြီး အမာရွတ်ကြီးဖြစ်ကျန်ခဲ့ရင် ဆက်ချစ်နိုင်ဦးမလား။ ( သူက ခြေထောက်ကို ချစ်တာလား။)

ယောက်ျားပီသပြီး ခန္ဓာကိုယ် တောင့်ပါတယ် ဆိုတဲ့ ချစ်သူ လေဖြတ်ပြီး အိပ်ယာထဲ လဲနေရင် ငြူစူဆောင့်အောင့်နေမှာလား။ ( ခန္ဓာကိုယ်က ပျက်စီးတတ်တာ မေ့နေပြီလား။)

ပိုက်ဆံရှာနိုင်တုန်းက ကိုကို (သို့) မောင် နဲ့ ချစ်နေပြီး ရောဂါတစ်ခုခုကြောင့် မလုပ်နိုင်တော့ရင် ဆက်ပြီး ချစ်နိုင်ပြီး ကိုကို (သို့) မောင် လို့ ခေါ်နိုင်ပါဦးမလား။ ( ပိုက်ဆံကို ချစ်နေမိတာလား။)

ဒီလိုတွေနဲ့ ကျွန်တော် ပါဝင်ပြီး လက်ဆောင်လိုက်ပေးဖူးတဲ့ ခွေးလေးက ကျွန်တော့်ကို အတွေးလေးတွေ ပေးသွားခဲ့ပါတယ်။ ကျွန်တော့်တို့ ဘဝမှာ တကယ်တမ်း ဘာတွေက လိုအပ်နေတာပါလိမ့်။ မြင်နေရပြီး ပျက်ဆီးလွယ်တာတွေလား ၊ မမြင်ရတဲ့ ရင်ဘတ်ထဲက မေတ္တာတရားလား။


ကိုဇော် ခံစားတင်ပြသည်။


Share/Bookmark

8 ယောက် ရဲ့ ထင်မြင်ချက်:

အင်ကြင်းသန့် said...

ဟုတ်တယ်နော်...
တကယ်တမ်းကျတော့လူတွေကရင်ဘတ်ထဲက
မေတ္တာတရားကိုတန်ဖိုးထားဖို့မေ့လျော့နေတတ်
ကြတယ်

မင်းအိမ်ဖြူ Minn Eain Phyu said...

အရေးအသားလေးရယ် အတွေးလေးရယ် တင်ပြပုံလေးရယ် တကယ်ကောင်းတယ်

အသိလေးတွေကို တင်ပြပေးတာ ကျေးဇူးပါ

လူတိုင်းရယ်တော့လည်း မဟုတ်ပေမယ့် အများစုတော့ ဟုတ်ပါတယ်

မင်းအိမ်ဖြူ

ဒဏ္ဍာရီ said...

စာရေး ကောင်းပါတယ် မောင်လေးရေ... မေတ္တာတရားဆိုတာ ရောင်ပြန်ဟတ်ပါတယ်။ ဒါပေမယ့် အများသောအားဖြင့် အဲဒီမေတ္တာတရားတွေကို လစ်လူရှုထားကြတယ်။
ပျော်ရွှင်ပါစေ..။

ခင်မင်လေးစားလျှက်

Anonymous said...

ဖတ်လိုက်ရတာနဲ့ တင် ကျန်ခဲ့တဲ့ ခွေးမလေးကို လွမ်းလာပြီ.. အဟင့်

မြတ်မွန် said...

ဟုတ်တာပေါ့..
ဘာကြောင့် ချစ်တာ ညာကြောင့်ချစ်တာ ဆိုတာတွေက တချိန် ဘာညာတွေမရှိတော့ရင်... ချစ်နိုင်မယ် မထင်တော့ပါ..။တကယ်ပါဘဲ မေတ္တာတရားထားပြီး ချစ်တာ အကောင်းဆုံးနော်..။

Anonymous said...

အေ၇းအသားအ၇မ်းကောင်းတယ်

သိင်္ဂါကျော် said...

အင်း စဉ်းစားစရာပဲနော်..
ခွေးကလေးနဲ့ သမင်ပုံပြင်ကို သွား ဆက်စပ်မိသွားတာကိုး...

Unknown said...

ဟုတ်တယ်ကိုဇော်ရေ မတည်မြဲတဲ့ အပေါ်ယံ အရေပြား တစ်ထောက်စာကိုကြည့်ပြီး စွဲလမ်းမိတယ်ဆိုတာထက် ခံစားချက်ခြင်း ၊ နှလုံးသားချင်း ထပ်တူပြုနိုင်မှ ရေရှည် သာယာ လှပတဲ့ အချစ်ကို ရမှာပေါ့နော်..