မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 December 2009

0 ကျွန်တော့်သူဌေး


.
ဒီနေ့ မနက် ကျွန်တော့်ကို သူဌေးက ခေါ်တွေ့ပါတယ်။ ဖြစ်တာကတော့ မနေ့က ဖြစ်ကြတာ. . ၊ အဲ မနေ့မတိုင်ခင် တနေ့က စက်ရုံခွဲတစ်ခုက အလုပ်သမားတွေ (အထူးသဖြင့်တော့ မြန်မာတွေ) ဆန္ဒပြကြတယ်။ အခွန်ကိစ္စနဲ့ပေါ့။ တကယ်တော့ ကျွန်တော် ဒီသတင်းကို သိပါတယ်။ အခုမှ သိတဲ့ သူတို့က အခု ထပြီး ဆန္ဒပြကြတယ်။

ဆန္ဒပြတယ် ဆိုတာ မကျေနပ်တာကို ဖွင့််ပြောပြီး လိုချင်တာကို တောင်းတာ မဟုတ်လား။ ကျွန်တော်ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်လိုချင်တာကို အအေးချမ်းဆုံး အသွင်သဏ္ဍာန်ဆောင်ပြီး ရယူလိုချင်သူတစ်ယောက်ပါ။ သို့သော် ကျွန်တော် အရင်ကတော့ ဒီလို ခံစားချက်မျိုး မရှိခဲ့ပါ။ လိုချင်ရင် ချက်ချင်းဖြစ်တတ်တဲ့ ကျွန်တော်က ထစ်ခနဲ့ဆို ပြောချင်ဆိုချင် ၊ အော်ချင် ဟစ်ချင် မိတယ်။ ဒါပေမဲ့ အကိုလိုခင်ရသူတစ်ယောက်က သွန်သင်တော့မှပဲ ကျွန်တော်လည်း အမှန်ကို မြင်မိတယ်။

လွန်ခဲ့တဲ့ ၅ လလောက်ကလည်း တစ်ခါ ချေးငွေ ထုတ်မပေးလို့ ဆန္ဒပြကြသေးတယ်။ ကျွန်တော်ကတော့ ဘယ်သိမလဲ။ အလုပ်ပြီးလို့ အခန်းပြန် ၊ ရေချိုး စားသောက်ပြီးလို့ ကွန်ပျူတာလေးဖွင့်ပြီး ရုပ်ရှင်ကြည့်ရင်း အိပ်ဖို့ လှဲနေတော့မှ သူဌေးက ဖုန်းဆက်တယ်။ စက်ရုံမှာ ဆန္ဒပြကြလို့တဲ့။ ကျွန်တော့်ကို ဖုန်းနဲ့ လှမ်းခေါ်တယ်။ ဘယ်ကစဖြစ်တာလဲ ဆိုရင် ချေးငွေးထုတ်မပေးလို့တဲ့။ မနက်ဖြန် လခရတော့မှာမို့လို့ ချေးငွေ မထုတ်ပေးတာ။ သူဌေး ရှင်းပြတာလည်း ဟုတ်ပါတယ်။ မနက်ဖြန်ပဲ လခရတော့မယ် ဒီနေ့ ချေးငွေ ထုတ်ပေးရမလား။

အခုတော့ ဒါလေးကို ဆန္ဒပြကြတယ်။ ကိုယ့်မြန်မာတွေ အတွက်လည်း ရှက်မိပါတယ်။ တခြားနိုင်ငံသားတွေက ဘာမှ မပြောကြ ၊ မဖြစ်ကြဘူး။ ကိုယ့်မြန်မာတွေကပဲ ဖြစ်နေကြတယ်။ သူဌေးဆီရောက်တော့ ကိုယ့်မြန်မာတွေဘက်က ကာပြောစရာ စကား ကျွန်တော့်မှာ ရှားပါးနေတယ်။ ခဏနေတော့ ဧဂျင့်ပါ ရောက်လာတယ်။ ဒီတော့ ကျွန်တော်လည်း ကိုယ့်လူတွေကို ညှိဖို့ ဖုန်းဆက်ကြည့်တော့ အခန်းတစ်ခုမှာ စုနေကြတယ်။ ကျွန်တော် နောက်သွားလိုက်တယ်။

ကျွန်တော် ရောက်သွားတော့ တကယ်ကို စိတ်ပျက်စရာပါ။ ဘာမှ နားမလည်တဲ့ လူသစ်တွေကို သွေးထိုးပေးပြီး လုပ်ခိုင်းနေတဲ့ လူ ၄ ယောက်ကို မြင်တယ်။ ကျွန်တော်လည်း ဖြစ်ချင်တာကို မေးတော့ သူတို့ အချက်ကြီး ၇ ချက် တဲ့ တင်ပြတယ်။ သြော်.. အချက်ကြီး ဆိုပါလား။ ကျွန်တော် ဖတ်လိုက်တော့ ဘာတွေမှန်း မသိပါဘူး။ တကယ်တော့ သေချာ စဉ်းစားရမှာက ကိုယ့်အဖေတောင်မှ ကိုယ်လိုချင်တာတွေကို အကုန်လုံးလိုက်ပြီး ဖြည့်ဆည်းပေးပါသလား ဆိုတာကိုပါ။ အခုက ကိုယ့်အဖေမဟုတ်ဘူးနော်။

ဒါပေမဲ့ ကျွန်တော် မပြောဖြစ်တော့ပါဘူး။ တစ်ခုပဲ မေးလိုက်တယ်။

“ မင်းတို့ အခု ဘယ်သူက ခေါင်းဆောင်ပြီး ဆန္ဒပြကြတာလဲ။ ”

ဆိုတော့ ဒီမှာ သွေးထိုးနေတဲ့ ၄ ယောက်က. . .

“ ဘယ်သူမှ ခေါင်းဆောင် မရှိဘူး။ အားလုံးအတူတူပဲ။ အားလုံး အတူတူလုပ်တာ. ။ ”

လို့ ပြန်ပြောတယ်။ သူတို့က ပြဿနာ တစ်ခုခု ဖြစ်ရင် ခေါင်းဆောင်တွေကို ပြန်ပို့ခံရမှာမို့ သူတို့ ကြိုကာနေကြတာလေ။ ကျွန်တော်လည်း သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောလိုက်တယ်။

“ အေး. ကောင်းတယ်။ ဒါပေမဲ့ မင်းတို့မှားနေပြီ ခေါင်းဆောင် မရှိပဲနဲ့ ဘယ်အရာမှ မအောင်မြင်ဘူးကွ။ လုပ်လို့ ပြီးမြောက်သွားတာပဲ ရှိမယ်။ အောင်မြင်တယ် ဆိုတာ ဖြစ်မလာဘူး။ ထားပါတော့လေ . တကယ်လို့ သူဌေးက ခေါ်တွေ့ပါပြီတဲ့ မင်းတို့ထဲက ဘယ်သူနဲ့တွေ့မလဲ ပြော။ ”

ကျွန်တော် ဒီလို ပြောလိုက်တော့ သူတို့ တွေသွားတယ်။ အဲဒီမှာ တတ်တတ်ကြွကြွ သွေးဆောင်နေသူ တစ်ယောက်က. .

“ အားလုံး ဝင်ပြောမယ်။ ”

တဲ့။ သူပြောတာသလို လူတွေ အများကြီးနဲ့ သူဌေးက အတွေ့ခံမှာ ကျနေတာပဲ။ ဒီအချိန်မှာပဲ ကျွန်တော့်ကို သူဌေးက ဖုန်းဆက်တယ်။ သူ့ဆီကို လာခဲ့ဦးတဲ့။ ကျွန်တော် ပြန်သွားတော့ သူဌေးနဲ့ ဧဂျင့် ဘာတွေ ဆွေးနွေးပြီးပြီလဲ မသိဘူး။ ကျွန်တော့်ကို တွေ့တော့ . .

“ မင်း. . အခု ဧဂျင့်နဲ့ အတူတူ မင်း လူတွေဆီပြန်သွား။ သူတို့ ဘာပြောချင်တာလဲ ဆိုတာကို သေချာ မေးခဲ့.။ ”

ဒါနဲ့ ကျွန်တော်နဲ့ ဧဂျင့် အတူတူ ပြန်ပြီး သူတို့အခန်းကို လာခဲ့တယ်။ ဧဂျင့်ကိုလည်း တွေ့ရော ခုနက တတ်တတ်ကြွကြွနဲ့ သွေးထိုးနေတဲ့ သူက အတိတ်ပဲ မေ့နေသလိုလို ၊ ရွှေပဲ ပျောက်နေသလိုလို လုပ်ပြီး လုံးဝ အနားမလာဘူး။ ဒီမှာ အတီးအတ နဲ့ သူ့ကိုယ်သူ လှည်လှပြီ ထင်နေတဲ့ ၃ ယောက်က ဘုမသိ ၊ ဘမသိနဲ့ ဝင်ပြောတယ်။ တကယ်တမ်း သူပြော ကိုယ်ပြော ပြောပြီ ဆိုရင် အင်္ဂလိပ်လိုပြောတာက အကောင်းဆုံးပါပဲ။ နိုင်ငံသားတွေလောက် နိုင်ငံသား ဘာသာ ကျွန်တော်တို့ မကျွမ်းနိုင်ဘူးလေ။ ဒါကို မသိရှာတဲ့ ၃ ယောက်ကတော့ လိုတာတွေကို ပြောတော့တာပဲ။

ကျွန်တော် ပြန်ချင်လာပါတယ်။ ဒါပေမဲ့ ပြန်လို့ မရ။ နောက်ဆုံးတော့ သူတို့ ပြောသမျှ ကိုယ်က ကြားက ဘာသာပြန်ပေးခဲ့ရပြီး သူတို့လိုတာလေးတွေ တောင်းခဲ့ စာကို ယူသွားတယ်။ အောက်ရောက်တော့ ကျွန်တော့်ကို ဧဂျင့်က သူဌေးဆီ ထပ်ခေါ်တယ်။ လိုက်ခဲ့ရတာပါပဲ။ ဒီရောက်တော့ သူတို့ တရုတ်လို ပြောပြီး သူဌေးက ကျွန်တော့်ကို မေးတယ်။ ခုနက ပြောတဲ့ ၃ ယောက်က ဘယ်သူလဲ တဲ့။ ကျွန်တော်လည်း မျှော်လင့်ထားပြီးသားပါ။ သူတို့က ခေါင်းဆောင်တွေလား တဲ့။

“ သူတို့ အခု ပြောတာတော့ ဟုတ်တယ်။ ဒါပေမဲ့ သူတို့တွေက ခေါင်းဆောင်တွေ မဟုတ်ဘူး။ ”

လို့ ကျွန်တော် ပြန်ပြောခဲ့ပါတယ်။

ဒီမှာ သူဌေးက မေးတယ်။ သူတို့က ဘယ်သူတွေလည်း ငါ့ကို နာမည်ပြော တဲ့.။ ကျွန်တော် နာမည်မပြောပဲ စကားလေး တစ်ခွန်းပဲ ပြောလိုက်ပါတယ်။

“ Now, I'm Between Two Fire. ”

ကျွန်တော်လည်း ဒါပဲ ပြောခဲ့ပါတယ်။ ဒီထက်လည်း ပိုမပြောပါ။ ကျွန်တော် လည်း ဘာမှ ထပ်မပြောတော့ပါ။ သူဌေးကလည်း သဘောပေါက်ပါတယ်။ သူ Upstairs က Admin ကို လှမ်းခေါ်တယ်။ ပြီးတော့ အလုပ်သမားတွေရဲ့ စာရင်းဖိုင်ကို တောင်းတယ်။ ကျွန်တော်လည်း သိလိုက်ပြီလေ။ ကျွန်တော့်ဆီက သူမေးလို့ မရဘူးဆိုတာ သိလို့ လူကို မြင်ခဲ့ရတဲ့ ဧဂျင့်ကို အလုပ်သမားဖိုင်တွေ ပြပြီး လူရှာခိုင်းမလို့ပါပဲ။ ကျွန်တော် မလိုတော့ဘူး ကျွန်တော်လည်း သိတယ်။ ကျွန်တော်လည်း အရမ်းပြန်ချင်နေခဲ့ပါပြီ။ ကျွန်တော် ခွင့်တောင်းပြီး ပြန်လာခဲ့တယ်။

စိတ်မကောင်းစွာနဲ့ပဲ တကယ်ကို ဆန္ဒပြအောင် သွေးထိုးတဲ့ သူက ဘာမှ မဖြစ်ပဲ လူတတ်ကြီး ဝင်လုပ်ပြီး ပြောတဲ့ လူ ၃ ယောက် နောက် ၃ လလောက်နေတော့ သက်တမ်းကုန်တော့ သူဌေးက ဆက်မထားတော့ဘူး။ တကယ်တော့ သူတို့က လက်လျှိုခဲ့ကြသူတွေပါ။ ဘာပဲ ပြောပြောပေါ့လေ သူတို့ သွားပြောတော့လည်း သူတို့မှာလည်း အပြစ်ရှိခဲ့တာပါပဲ။ တကယ် ဦးဆောင် သွေးထိုးသူဟာ အရေးကြီးချိန်မှာ ဘာမှကို ဝင်မပြောခဲ့ဘူး။

ဒီလိုလူကို ကျွန်တော်ကတော့ ဟိုက်ဒရိုဂျင် လို့ ခေါ်တယ်။ ကိုယ်တိုင် မီးမလောင်ဘူး မီးလောင်ခြင်းကိုပဲ အားပေးတာပါ။ ဒီလိုလူတွေကို ကြောက်ဖို့ကောင်းပါတယ်။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် သိပါတယ် ကျွန်တော်ဟာ ဟိုက်ဒရိုဂျင် မဟုတ်ပါ။ ကျွန်တော်က အောက်စီဂျင် ပါ။ ကျွန်တော် ကိုယ်တိုင်လည်း မီးလောင်တယ် မီးလောင်ခြင်းကိုလည်း အားပေးပါတယ်။ တကယ်လို့ မလိုအပ်ဘူးဆိုရင်တော့ နည်းလမ်း မမှန်ဘူးဆိုရင်တော့ ကျွန်တော်က ကာဗွန်ဒိုင်အောက်ဆိုဒ် ပါ။ ကိုယ်တိုင်လည်း မီးမလောင်ဘူး မီးလောင်ခြင်းကိုလည်း အားမပေးပါဘူး။

ဒီအဖြစ်အပျက်လေးက အရင်ကပါ။ အခုတော့ မနေ့က ဖြစ်ကြပြန်တယ်။ ကျွန်တော်လည်း ဘာမှလည်း ပြောချင်စိတ်မရှိ။ တစ်ခုပဲ မေးလိုက်တယ်။ ဘယ်သူခေါင်းဆောင်လည်း ဆိုတော့လည်း ဘယ်သူ့ဆီကမှ အသံမထွက်။ ခေါင်းဆောင် မရှိရင် မအောင်မြင်နိုင်ဘူး။ ကိစ္စတစ်ခု ပြီးရင်သာ ပြီးသွားမယ်။

ဒီနေ့ သူဌေးက ခေါ်တွေ့တော့ သူ့အစီအစဉ်ကို ပြောပြတယ်။ အခွန် အားလုံးကို နောင်နှစ်ကနေ စပြီး သူအားလုံးဆောင်ပေးမယ်။ အခု ဒီနှစ်ဆောင်ထားတာကတော့ အခု ၂၀၁၀ ကနေစပြီး လူတိုင်းကို တွက်ပြီး လစဉ်ပြန်ပေးမယ်တဲ့။ အရမ်းကောင်းလှတယ်တော့ မဟုတ်ပါ။ ဒါပေမဲ့လည်း ဒါက ကိုယ်က သဘောတူပြီးဆောင်ထားတာပါ။ အရင်တော့ ကိုယ့်အခွန် ကိုယ်ဆောင်ရတာပါ။ အခုမှ ဥပဒေ အသစ်ထွက်လာလို့ ဖြစ်ကြတာ။ တကယ်လို့ ကိုယ်က အကုန်လုံး ပြန်ပေးမှ ဆိုရင်လည်း သူဌေးက မဖြစ်မနေတော့ ပြန်ပေးရမှာပဲလေ။ သို့သော်...............

သို့သော်...လခတိုးဖို့ သူ့မှာ နှောင့်နှေးခွင့်ရှိတယ်။ အခု သက်တမ်းတိုးလို့ ပြန်ကြမလား ဆိုရင် ဘယ်သူမှ မလှုပ်ဘူး။ ဒီနှစ်ပြည့်လို့ သူပြန်ပို့ခွင့်ရှိတယ်။ ဒါတွေ အားလုံးကို ကျွန်တော် မြင်လိုက်လို့ ဒီလိုပဲ နှစ်ဦးနှစ်ဖက် အဆင်ပြေ “ ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ ” ဖြစ်အောင် ကျွန်တော် ခေါင်းငြိမ့်ခဲ့ပါတယ်။ တကယ် ကိုယ်တိုင်ဝင်ပြောဆိုရင် ဘယ်တော့မှ မပြောရဲဘူး.သူဌေးနဲ့တွေ့ရင် ကြက်ကြီးလည်လိမ်ထားသလို ဖြစ်နေပြီး “ အိုင်....အိုင်..အိုင်...” ကနေ မတတ်တဲ့ လူတချို့ကတော့ ကျွန်တော့်ကို သဘောတူမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲ ဖြစ်ပါစေ။ ကျွန်တော် ခေါင်းငြိမ့်ခဲ့ပါတယ်။

လောကမှာ ပေါင်းသင်းရခက်တယ် ဆိုတဲ့ လူဆိုတာ ရှိပါ့မလား။ မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်တို့ သူဌေးကို ပေါင်းရခက်တယ်လို့ ပြောကြတယ်။ ဘယ်သူမှ မပြောချင်ဘူးတဲ့။ ဟုတ်ပါတယ်လေ ကိုယ်ပြောတိုင်း သူကလည်း လုပ်ပေးတာမှ မဟုတ်တာ.။ ကိုယ့်အဖေတောင်မှ ကိုယ်ပြောတိုင်း လုပ်ပေးတာမှ မဟုတ်တာလေ။ ဒါပေမဲ့ ကျွန်တော် သူဌေးကတော့ ဒီလို small meeting လေးပြီးတော့ ကျွန်တော့်ကို ပြောတယ်. . .

“ ဟဲဟဲ..ညဘက်တွေ မင်း အရမ်းအိပ်မနေနဲ့ဦးနော် . .။ ထ ထ လည်း စစ်ဦး။ ပြီးတော့ စတိုက ကားသမားတွေ ပစ္စည်း အဝင်တွေ ၊ အထွက်တွေလည်း မှတ်ဦး။ ”

တဲ့...။

“ ငါ အိပ်နေတာ မင်းမြင်လို့လား။ ”

ကျွန်တော် ဒီလိုပဲ မေးလိုက်ပါတယ်။ ကျွန်တော့်အလုပ်ချိန်မှာ သူက အိပ်ချိန်လေ..။ ဒါပေမဲ့ CCTV ကင်မရာတွေကတော့ ၄၇ လုံးတောင်မှ ရှိတယ်နော်။ သြော်..ရှိတာကို ကျွန်တော် သိထားမှာတော့ ရှောင်အိပ်တာပေါ့ဗျာ.ဟီး။ အရင်ကလည်း သူကိုယ်တိုင်ပဲ အိပ်ခိုင်းတာပါ။ ဒါပေမဲ့ ကျွန်တော် အချိန်ပြည့် မအိပ်ပါဘူး။ အားနေရင် အလုပ်ထဲမှာ မနက် အတွက် ဘလော့ထိုင်ရေးနေဖြစ်တယ်။ နောက်တော့ ည ၃နာရီခွဲဆိုရင်တော့ နည်းနည်း “ ဝါး ” လိုက်တယ်။ နေ့ဘက် အိမ်ပြန်လာတော့ ဘလော့တင်တယ်။

အခုတော့ “ မဝါး ” နိုင်တော့ဘူးဗျ။ အခုတော့ ညဘက် ဘလော့ထိုင်ရေးတယ်။ နေဘက်ပြန်ပြီး အိပ်တယ်။ ဒါကလည်း သူဌေးကပဲ ကျွန်တော့်ကို မင်းပျင်းနေရင် မင်းကွန်ပျူတာ ယူလာခဲ့လေ လို့ သူပဲ ပြောတာ. . .။ သူပြောလို့ ကျွန်တော်က သူဌေးစကားကို နားထောင်တယ် ဆိုတဲ့ လူလိမ္မာသားသမီးတွေရဲ့ ထုံးစံ အတိုင်း လိုက်နာလိုက်တာပါ.. . ။

ဒါကြောင့် ပြောတာနေမှာဗျာ. . .။ ကျွန်တော့် သူဌေးက ပေါင်းရသင်းရ ခက်တယ်။ တော်တော် ဆိုးတယ်တဲ့. . ။ ဟုတ်တယ် ထင်တယ်နော်. . ။

“ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ မနက်တိုင်းမှာ နေထွက်လာရင် နေ့သစ်တစ်ခုကတော့ စကြရမှာပါပဲ။ ဒီအပေါ်မှာ သင် ဘယ်လို ခံယူစိတ်နဲ့ ရှင်သန်နေထိုင်တယ် လို့ပဲ လူတွေမှာ ကွာသွားပါလိမ့်မယ်။ ”


ကိုဇော် ခံစားပုံဖော်သည်။





Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: