မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


27 May 2010

11 ကျွန်တော့်ရဲ့ အဆစ်



ငယ်ငယ်က မေမေနဲ့ ဈေးလိုက်သွားတော့ မေမေဈေးဝယ်တာတွေကို သတိထားမိတယ်။

“ နည်းနည်းတော့ လျော့ပါဦး။ ”

ဆိုတဲ့ စကားလုံးလေးတွေကို မေမေက အမြဲလိုလိုတော့ ပြောတတ်တယ်။ ဒါနဲ့ မေမေ့ကို မေးကြည့်တော့ မေမေက . .

“ သူတို့က ဈေးကို ရောင်းဈေးထက် တင်ထားတတ်တယ် သားရဲ့။ ဒါကြောင့် ဆစ်လိုက်မှ တော်ရုံကျတာ။ ”

“ ဒါဆို စတိုးဆိုင်တွေမှာ ကျတော့ သူတို့က ' ဈေးမဆစ်ပါနဲ့ ၊ တစ်ခွန်းဈေး ' လို့ ရေးထားတယ်နော်။ ”

“ သူတို့က ကျတော့ ဈေးကို အများကြီး တမင်မတင်ထားဘူးလေဗျာ။ သူုတို့ ရောင်းသင့်သလောက်ပဲ တစ်ခါတည်း ဈေးနှုန်းရေးပြီး တင်ထားလိုက်တာ။ ဒါကြောင့် သူတို့က မလျှော့နိုင်တော့တာ။ ”

“ သြော် . . ဒီလိုလား။ ”

“ ဟုတ်တယ်။ ဒါကြောင့် သူတို့က တစ်ခွန်းဆိုင်လို့ ရေးထားတာ ၊ ဈေးထဲက ဆိုင်တွေကတော့ ဈေးတင်ထားတော့ ဆစ်နိုင်မှ ၊ မဆစ်နိုင်လို့ သူတို့ ပြောသလောက်နဲ့ ဝယ်လာရင် သူတို့ကတော့ ပိုမြတ်တာပေါ့။ ဒါကြောင့် သူတို့ဆီကဆို ဈေးကို ဆစ်ပြီးမှ ဝယ်ရတယ်။ ”

မေမေက ဒီလို ပြောပေမဲ့ ကျွန်တော်က ဆိုင်တွေမှာ ဈေးဝယ်ရင် ဘယ်လို ဆစ်ရမယ်မှန်း မသိခဲ့ပါဘူး။ အားနာတာရော ၊ သူများရောင်းတာကို နှိမ်ဝယ်တယ် ဆိုတာရော ဖြစ်မှာ စိုးလို့ ဈေး မဆစ်ဖြစ်ပဲ သူတို့ ပြောသလောက်ဈေးနဲ့ ဝယ်နိုင်ရင် ဝယ်ခဲ့ပြီး မဝယ်နိုင်ရင် လှည့်ထွက်ခဲ့တာပဲ။ သူတို့ နောက်က ဘယ်လို ခေါ်ခေါ် လှည့်မကြည့်ဖြစ်တော့ပါဘူး။ ငါနဲ့ အရောင်းအဝယ် မတည့်ဘူးလို့ စိတ်ထဲမှာ ခံယူလိုက်ပြီလေ။

ဒါပေမဲ့ တစ်နေ့ကျတော့ ကျွန်တော် ဟာသလေး တစ်ခု ဖတ်ရတယ်။ ဟာသလေးက ဒီလို ပြောတယ်။

တစ်နေ့ လူငယ်တစ်ယောက်က ဗိုလ်ချုပ်ဈေးထဲကို သွားပြီး ပစ္စည်းတစ်ခု ဝယ်ဖို့ ရှိတယ်။ ဒါနဲ့ သူ့အမေက မှာလိုက်တယ်။

“ သား  . .  ဗိုလ်ချုပ်ဈေး ဆိုတာက ပစ္စည်းဈေးတွေကို နှစ်ဆတင်ထားတာ ဒါကြောင့် ဝယ်တော့မယ် ဆိုရင် ကိုယ်က သူတို့ ပြောတဲ့ ဈေးထက် ထက်ဝက် ဆစ်ပစ်ရတယ်။ ဒါမှ ကိုယ်ဝယ်ရင် ဈေးမှန်နီးပါးလောက် ရောက်တာ. . ”

ဒီတော့ ဒီလူငယ်က ဗိုလ်ချုပ်ဈေးထဲ ရောက်တော့ သူဝယ်စရာ ရှိတဲ့ ပစ္စည်းကို ရှာတော့ ဆိုင်တစ်ဆိုင်မှာ တွေ့တယ်။ ဒီတော့ သူက ဆိုင်ထဲကို ဝင်ပြီး ဈေးကို မေးလိုက်ရင်း ဆိုင်က ရောင်းသူက ပြန်ပြောတော့  သူ့အမေပြောလိုက်တာကို သတိရသွားတယ်။

“ ဒီပစ္စည်းက ဘယ်လောက်လဲဗျ။ ”

“ နှစ်ထောင်ပါရှင်။ ”

ဒီတော့ သူက သူ့အမေပြောတဲ့ ဈေးနှစ်ဆတင်ထားတယ် ဆိုတာကို သတိရသွားတယ်။ နောက်ပြီး ထက်ဝက်ဆစ်ရမယ် ဆိုတာကိုလည်း သတိရပြန်တယ်။ ဒါကြောင့် . . .

“ တစ်ထောင်ထားဗျာ။ ”

“ တစ်ထောင်တော့ မရပါဘူးရှင်။ ထောင့်ငါးရာနဲ့ ယူပါ။ ”

“ ခုနှစ်ရာ ငါးဆယ် ထား။ ”

“ ဒီလောက်တော့ မရပါဘူးရှင် ထောင့်နှစ်ရာ နဲ့ ယူပါ။ ”

“ ခြောက်ရာ ထားဗျာ။ ”

“ ကဲပါ. . ရှင်ပထမပြောတဲ့ တစ်ထောင်နဲ့ပဲ ယူပါတော့.. . ”

“ ငါးရာ ထားဗျာ။ ”

“ ဟင် . . ရှင်က ဘယ်လိုလူလဲ။ ပထမပြောတဲ့ ဈေးနဲ့ ပေးတာတောင်မှ လိုက်ပြီး တစ်ဝက်ဆစ်နေသေးတယ်။ ဒီလောက်တောင်မှ ဖြစ်တာ အလကားသာ ယူသွားတော့. . ။ ”

ဒီတော့ ဒီလုက ဘာပြန်ပြောလိုက်လဲ ဆိုတော့. . . .

“ နှစ်ခု ရမလား။ ”

တဲ့။ ဒီဟာသလေးကို ကျွန်တော် ဖတ်ပြီးတော့မှ မျက်နှာကလည်း နည်းနည်းပြောင်ပြောင် ( နဂိုကလည်း ပြောင်ပြောင်ပါပဲ ) ဖြစ်လာတော့ ဈေးဆိုင်တွေမှာ ဆိုရင် သူတို့လည်း စိတ်မဆိုးရအောင် အဲဒီလိုပဲ အမြဲနောက်ဖြစ်ပါတယ်။ ဒါက ကြာလာတော့ အစွဲ တစ်ခုလိုလို ဖြစ်လာပြီး ဘာပဲ တွေ့တွေ့ နောက်ဖြစ် ပြောင်ဖြစ်လာတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် လမ်းဘေးက ရွှေရင်အေးသည်ကိုတောင်မှ သွားဈေးဆစ်လို့ ဟိုအသည်က ကြောင်တောင်တောင် ဖြစ်နေသေးတယ်။

“ ငါ့ညီရယ် ရွှေရင်အေး တစ်ခွက် ၁၅၀ ဆိုပြီး ရောင်းတာလေကွာ။ ဈေးဘယ်လိုလုပ် လျှော့လို့ရမလဲ။ ”

လို့ ပြောရှာတယ်။ ဒါကို ကျွန်တော်များ ဘယ်လောက် ဂျစ်ကျလဲ ဆိုတော့. . .

“ မရဘူးဗျ။ ကျွန်တော်က မဆစ်ရင် မနေနိုင်တော့ဘူး။ ဈေးဆစ်လို့ မရရင် ကျွန်တော့်ကို အုန်းနို့ရည် အဆစ်ပေးဗျာ ။ “

ဆိုပြီး အုန်းနို့ရည်ကို ရအောင် အဆစ် တောင်းသောက်လာခဲ့တယ်။ အဲဒီလို ညစ်ကျယ်ကျယ်နဲ့ ဂျစ်ကျတာဗျာ ငယ်ငယ်က။ ရွှေရင်အေး ခင်ဗျာမှာလည်း ရွှေရင်အေးက အုန်းနို့ရည်ကို မုန့်ဟင်းခါး စားပြီးလို့ မုန့်ဟင်းခါးဟင်းရည် တောင်းသလို ဘယ်သူမှ မတောင်းတော့ သူ့ဖာသာ ယောင်တောင်တောင်နဲ့ ထည့်ပေးရှာတယ်။ သူ့စိတ်ထဲမှာလည်း စဉ်းစားနေမှာပေါ့လေ နောင်ဆိုရင် ရွှေရင်အေးက အုန်းနို့ရည်တောင်မှ မုန့်ဟင်းခါးစားပြီးရင် အဆစ်တောင်းသလိုမျိုး တောင်းသောက်ကြတော့ မလား မသိဘူး လို့။

ကျွန်တော်တို့ကလည်း ဒါကို ဘာမှ အရသာ မရှိပဲ ကုန်အောင် သောက်ပြီးမှ သူ့ရဲ့ ကျသင့်ငွေကို ရှင်းပြီးမှ . . . .

“ အစ်ကိုရေ. . . နောက်တာဗျို့။ ကျွန်တော်တို့က ဒီလိုပဲ နောက်တတ်တယ် ။ ”

ဆိုပြီး ပြောမှ သူ့ခင်ဗျာ။ ကြောင်တောင်တောင်ကနေ ယောင်တောင်တောင် နိုးလာတော့တယ်။ ဒီတော့မှ “ တော်တော် နောက်တဲ့ ကလေးတွေကွာ။ ” ဆိုပြီး ပြုံးနိုင် ၊ ရယ်နိုင်တော့တယ်။ ကျွန်တော်တို့လည်း အဲဒီလောက်ကို ဆိုးတာ။

ဒါပေမဲ့ ဘယ်လို အကျင့်မျိုးပဲ ဖြစ်နေပါစေ။ ကိုယ်တိုင်က မနှစ်မျို့တော့ရင် ဖျောက်ဖျက်ပစ်ဖို့ လွယ်ပါတယ်။ ကျွန်တော့်မှာ ဒီလို ဈေးဆစ်မိတဲ့ အကျင့် ၊ အဆစ်တောင်းတတ်တဲ့ အကျင့်က ပျက်ဖို့ ဖြစ်လာပါတယ်။ 

တစ်နေ့ ကျွန်တော် သူငယ်ချင်းတွေနဲ့ ဒီက ညဈေးသွားမယ် ဆိုပြီး ထွက်လာတော့ လမ်းမှာ သူငယ်ချင်းက ကြက်ကြော်တွေ ဝယ်တယ်။ ပြီးတော့ အရည်သောက်လေး တစ်ခုခုတော့ လုပ်မယ်ကွာ ဆိုပြီး ပြောနေတုန်း အသုတ်လေး တစ်ခုခု လောက်ပါ ထည့်ကွာ လို့ ထပ်ပြောမိတယ်။ 

ဒါနဲ့ ဟိုဟိုဒီဒီရှာနေရင်း မြင်းခွာရွက်လေးတွေကို အစည်းလေးတွေ လုပ်ပြီး ဗန်းနဲ့ ထည့်ရောင်းနေတဲ့ လူကြီး တစ်ယောက်ကို တွေ့လိုက်ရတယ်။ ဟာ အတော်ပဲ မြင်းခွာရွက် ဟင်းချိုလေး လုပ်ပြီး မြင်းခွာရွက်သုတ်မယ် လို့ စဉ်းစားပြီး မေးလိုက်တယ်။

“ ဆာတူး . . ဘရပါး ဘချေ့။ ( တစ်စည်း ဘယ်လောက်လဲ ဦးလေး။ )  ”

သူတို့ကို ကျတော့ မလေးလိုပဲ မေးရတာပေါ့၊ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော်ကလည်း မလေးလို ကောင်းကောင်း မတတ်သေးပါဘူး။ အကျိုးအကန်းလေးတွေနဲ့ ဖြိုးဖြိုးဖြန်းဖြန်း ဖြစ်အောင်သာ မေးလိုက်တာ။ ဒီတော့ သူက ပြန်ဖြေတယ်။ 

“ ဆာတူး ဘိကျိ ဒူဝါးရင်းဂစ် ( တစ်စည်း နှစ်ကျပ် ) ”

ဒါနဲ့ ဘေးက သူငယ်ချင်းကို “ ဟေ့ကောင် တစ်စည်း နှစ်ကျပ်တဲ့ ၊ ဘယ်နှစ်စည်း ယူမလဲ ” ဆိုတော့ သူကလည်း အားကိုးရတယ်။ “ နှစ်စည်းမှ လောက်မှာကွ နှစ်စည်းသာ ယူလိုက် ” တဲ့။ ဒါနဲ့ ကျွန်တော်လည်း မြင်းခွာရွက် နှစ်စည်းကို ရွေးလိုက်ပြီး ပိုက်ဆံပေးတော့မယ် ဆိုတော့မှ ငယ်ငယ်ကတည်းက ဂျစ်တီးဂျစ်ကန် ကျလာတဲ့ အကျင့်လေးက ပေါ်လာပြီး . . . .

“ ဒူဝါး ဘိကျိ သီကားရင်းဂစ် ဘိုလေး ကား ( နှစ်စည်း သုံးကျပ် ရမလား ) ”

လို့ ပါးစပ်က အစီအစဉ်မရှိပဲ ထွက်သွားတယ်။ ကျွန်တော့် လက်ထဲက မြင်းခွာရွက် နှစ်စည်းကို ကျွတ်ကျွတ်အိတ်လေးထဲ ထည့်ပေးဖို့ လက်ပြင်နေတဲ့ သူရဲ့ လက်တွေက ရုတ်တရက် သူ့ဗန်းပေါ်ကို ပြုတ်ကျသွားတယ်။ 

“ တာ ဘိုလေး ၊ အာဝါ ပယ်ဂီး ဂျဟိုး ( မရဘူးကွာ ၊ မင်း ဝေးဝေး ထွက်သွားစမ်း။ ) ” 

ဆိုပြီး ကျွန်တော့်ကို သူ့ပါးစပ်က မောင်းထုတ်လိုက်ရင်တောင်မှ ကျွန်တော် ခံသာနိုင်သေးတယ်လို့ ကျွန်တော် ထင်တယ်။ အခုတော့ သူ့ပါးစပ်က အဲဒီလို ဘာမှ မပြောပဲ ထည့်ပေးမဲ့ အိတ်လေးကို ကိုင်ရင်း သူ့လက်တွေက သူ့ဈေးဗန်းပေါ်ကို ပြုတ်ကျပြီး ကျွန်တော်. . . . . . ကျွန်တော် အမည်မဖော်ပြတတ်တဲ့ မျက်ဝန်းတွေနဲ့ သူက ကျွန်တော့်ကို မော့ကြည့်နေတယ်။

သူ့မျက်ဝန်းတွေထဲမှာ  နိုင့်ထက် စီးနင်းခြင်း ၊ သိမ်ငယ်ခြင်း ၊ အားငယ်ခြင်း ၊ ဝမ်းနည်းခြင်းတွေက မိုးရွာပြီးစ ကောင်းကင်မှာ နောက်ခံက နေရောင်ထိုးလို့ ဖြာထွက်လာတဲ့ သက်တန့်ရောင်တွေလို ဖြာပြီး ကြည့်ရင်း အရည်ကြည်တွေ လဲ့လာတယ်။ အဲဒီ မျက်လုံး ၊ အဲဒီ မျက်ဝန်းတွေကို ကျွန်တော် နှစ်ပေါင်းများစွာ ကျွန်တော့် ရင်ဘတ်ထဲက ဖျောက်မရခဲ့ဘူး။ ဒီအကြောင်း ( အခုလို ) တွေးမိရင်း ကျွန်တော့်မျက်ဝန်းကို မှိတ်လိုက်မိရင် ရောင်စဉ်တွေဖြာနေပြီး အရည်ကြည်လဲ့နေတဲ့ သူ့မျက်ဝန်းက လာလာ လှန့်တယ်။ 

ဒီမျက်ဝန်းကို ကျွန်တော် အိပ်မက်ထဲအထိ ပါလာခဲ့ရင် ကျွန်တော် အိပ်မရဘူး။ ကြောက်စရာ မကောင်းပေမဲ့ သူ့ရဲ့ သိမ်ငယ်တဲ့ မျက်ဝန်းတွေက ကျွန်တော့်ကို လှန့်တယ်။ ဒါပေမဲ့ ထူးခြားတာက သူ့မျက်ဝန်းတွေမှာ ရန်လိုခြင်း မရှိဘူး။ အားနည်းသူကိုမှ နှိမ်ရက်လေးခြင်း ဆိုတဲ့ မျက်ဝန်းတွေပဲ အရောင်ဖျတ်ဖျတ်လူးနေခဲ့တယ်။ 

“ ဟာ . .  ဟေ့ကောင် ၊ ဘယ်လိုကြီး သွားစစ်တာလဲ။ ဒီမှာက မြန်မာနိုင်ငံလို မဟုတ်ဘူးကွ။ ဒီမှာက တစ်ကျပ် ဆိုလည်း တစ်ကျပ် တန်ဖိုးရှိတယ်။ နောက်ပြီးတော့ သူတို့က မြန်မာနိုင်ငံလို တင်ပြီး ရောင်းထားတာ မဟုတ်ဘူး။ ”

ဘေးက ကျွန်တော့်သူငယ်ချင်းက ကျွန်တော်က ဆစ်ပြီး မြင်းခွာရွက်သည်ကြီး ဒီလို ဖြစ်ဖြစ်ချင်း ကျွန်တော့်ကို ဝင်ပြီး ဟန့်ရင်း မာန်တယ်။ ကျွန်တော်ကလည်း တမင် ဈေးဆစ်လိုခြင်း မဟုတ်ပဲ ဟိုးအရင်ကတည်းက နောက်မိ ပြောင်မိနေတာ ဆိုတော့ အခုလည်း ဝသီ လို ဖြစ်ပြီး ထွက်မိသွားတာပါ။ 

“ ဟာ . . မဟုတ်ပါဘူးကွာ။ ငါက နောက်ပြောတာပါ။ ”

ကျွန်တော် သူငယ်ချင်းကို လှည့်ပြောလိုက်ပြီး . . . . .

“ ဆောရီး . . . . ”

ဒီစကားတစ်ခွန်းပဲ မြင်းခွာရွက် ရောင်းသူ ဦးလေးကြီးကို ပြန်ပြောမိပြီး သူ့လက်ထဲက ကျွန်တော်တို့ကို ထည့်ပေးဖို့ ကိုင်ထားတဲ့ ကျွတ်ကျွတ်အိတ်ကိုတောင်မှ ကျွန်တော် မယူမိတော့ပဲ လက်ထဲမှာ မြင်းခွာရွက်ဖိုး လေးကျပ်ကို သူ့လက်ထဲ ထည့်ပြီး နောက်ထပ် လက်တစ်ဖက်က ကိုင်ထားတဲ့ မြင်းခွာရွက်ကို လက်က ဒီအတိုင်းပဲ ကိုင်ပြီး ကျွန်တော် ထွက်လာခဲ့တယ်။ သူကလည်း ကျွတ်ကျွတ်အိတ်နဲ့ ထုပ်ပေးဖို့ ရုတ်တရက် သတိမရနိုင်ရှာဘူး။ သူ သတိရချိန်လောက်မှာ ကျွန်တော်က ခပ်လှမ်းလှမ်းကို ရောက်နေလောက်ပြီ။ 

အိမ်ကို ပြန်လာတဲ့ လမ်းတစ်လျှောက် တိမ်ခိုးတွေနဲ့ ဝေနေသလိုပဲ ကျွန်တော့်မှာ အသက်ရှူ မဝသလို ခံစားရတယ်။ ဘေးက ကျွန်တော့်သူငယ်ချင်းကလည်း ငြိမ်လို့။ သူ ၊ ကျွန်တော် . . . . အို . . မြင်မိသူ ထိုထိုဤဤ အားလုံး မြင်းခွာရွက်သည် ဦးလေးကြီးရဲ့ မျက်ဝန်းထဲက စကားတွေကို ဘယ်လိုလုပ် မေ့လို့ရတော့မလဲ။ 

အဲဒီနေ့က စပြီး ကျွန်တော့်ဘဝမှာ ဈေးဆစ်တာ ၊ အဆစ်တောင်းတာကို နောက်ပြီး မလုပ်ဖြစ်တော့ပါဘူး။ အထူးသဖြင့် လမ်းဘေးမှာ ဗန်းလေးချပြီး ရောင်းနေသူ ၊ ကော်ဇောလေး ခင်းပြီး ရောင်းနေသူထံကနေ ကျွန်တော် ဈေးမဆစ်မိတော့ဘူး။ ကျွန်တော် လိုချင်ရင် ဈေးမေးတယ် ၊ သူတို့ ပြောတဲ့ ဈေးနဲ့ ကိုယ် အဆင်မပြေရင် ကျွန်တော် တစ်ခါတည်း နောက်ပြန်လှည့်မကြည့်ကြေး ထွက်လာခဲ့တော့တာပါပဲ။ ဈေးတင်ပြီးမှ လျှော့ပေးမယ် ဆိုတဲ့ လူတွေနဲ့ ကျွန်တော် အလုပ်မဖြစ်ဘူးလို့ ပြောရမှာပေါ့လေ။ 

ဒါပေမဲ့ တချို့သော လူတွေကကျတော့ ခက်နေပါသေးတယ်။ ဆိုင်ကြီး ကနားကြီးနဲ့ ဈေးတင်ရောင်းနေရင် မဆစ်ရဲကြပဲ သူတို့ပြောသလောက်ပေးပြီး ဝယ်လိုက်ကြရတာကို ဂုဏ်ယူနေတတ်ကြတယ်။ လမ်းဘေးမှာ ဗန်းလေးနဲ့ ချပြီး ရောင်းနေတဲ့ ကွန်စွန်းရွက်သည်လေးကိုကျတော့ ဆွဲကြိုးကြီး ရင်ခေါင်းလောက် ဆွဲထားပြီး နှာခေါင်းရှုံ့ကာ တစ်စည်း ၃၀၀ ပါလို့ ပြောတာတောင်မှ “ သုံးစည်း ၅၀၀ ထားလိုက်ပါအေ ” ဆိုပြီး အတန်းထက် ကျကျ နှိမ်ပြီး ဆစ်တတ်ကြတယ်။ အဲဒီအချိန်မှာ ကန်စွန်းရွက် ရောင်းနေသူရဲ့ မျက်ဝန်း ၊ သူ့ရဲ့ နောက်က သူ့မိသားစု ၊ သူ့ရဲ့ သယ်ယူရောင်းချရေးကို မမြင်တတ်ကြဘူး။

ဒါနဲ့ပဲ ကျွန်တော်ဟာ အဲဒီလို နှိမ်ဝယ်နေရင် ဒီလိုလူတွေရဲ့ လက်ထဲက ကန်စွန်းရွက်တွေကိုပါ ပြောဈေးအတိုင်းပေးပြီး “ လူကို မကျွေးဘူး ၊ လိပ်ကိုပဲ ကျွေးတော့မယ်ဗျာ ” ဆိုပြီး ပြောတတ်ပြီး ရှိသမျှ ကန်စွန်းရွက်ကို အကုန်ဝယ်တတ်လာတဲ့ ခပ်ရွတ်ရွတ် လူတစ်ယောက် ဖြစ်ခဲ့ပြီး ၊ ဆိုင်ကြီး ကနားကြီးနဲ့ ဟိတ် ဟန်နဲ့ ဈေးနှုန်းမကပ်ပဲနဲ့ ဈေးတင်ရောင်းနေတဲ့ ဆိုင်တွေမှာ ကပ်ဖိုးကပ်ဖဲ့ ဈေးဆစ်သူ တစ်ယောက် ဖြစ်လာပြန်တယ်။ “ အစ်မတို့က ဈေးမလျှော့လို့ မရလို့ပါကွယ်။ ”  ဆိုတဲ့ လူတွေကို. . .

“ ဘာလို့ မရရမှာလဲ အစ်မရယ်။ အစ်မပေးချင်ရင် အလကားတောင်မှ ရော့. . အင့် ဆိုပြီး ပေးလိုက်လို့ ရတာပဲ။ ”

လို့ ကပ်သီးကပ်သပ် ပြောတတ်တဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပြန်တယ်။ ဘာပဲ ပြောပြော ကျွန်တော် ဈေးမဆစ်ချင်ပါ။ ကျွန်တော့် ဘဝကိုလည်း ဘာပဲ လာလာ ဈေးမဆစ်ချင်ပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က ဈေးမဆစ်တတ်လို့ ဖြစ်တယ်။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

မြန်မာပြည်ကိုလွမ်းတယ် said...

ဟုတ်တယ်ကိုဇော်ရေ..ဈေးစစ်ရမှာကိုသိပ်စိတ်
ညစ်တာပဲ..အဆစ်တောင်းဖို့ကတော့ဝေးပေါ့..
ဈေးအများကြီးခေါ်ထားမှန်းသိရင်တောင်မှ
မစစ်ချင်ပါဘူး..ဈေးစစ်ရမှာအသက်ရှုမ၀သလို
ကြီးပဲ..သူတို့မှာလဲအခက်အခဲတစ်ခုခုရှိများနေ
မလားလို့တွေးမိတယ်..ဒါပေမဲ့ဈေးများနေမှန်း
သိရက်ဝယ်မိရင်လဲစိတ်မကောင်းပြန်ဘူး..ဒီပြသ
နာကတော့နေ့တိုင်းကိုတွေ့နေရတယ်..ဖြေရှင်း
နည်းများတွေ့ရင်ထပ်ရေးပါဦး..

SHWE ZIN U said...

ကိုဇော်ရေ

ဒီပိုစ်လေး ကို ကြိုက်တယ်..ခံစားလိုက်ရတယ်

လမ်းပေါ်မှာ လျှောက် ရောင်းနေတဲ့ သူတွေတို့ ဆိုက်ကားဆရာ တို့ ကို ဈေးဆစ် တဲ့ သူတွေကို မုန်းတယ်..

နောက်ပြီး ဆင်းရဲတဲ့ သူတွေကို ကပ်တီးကပ်ဖဲ့ဆစ် သူဌေးဆိုင်တွေကြတော့ တပြုံးပြုံးနဲ့ဝယ်..

ကောင်းလိုက်တဲ့လောက

ရွှေစင်ဦး

မောင်ဘကြိုင် said...

အင်း ဈေးဆစ်ရတာတကယ်တော့ မလွယ်ပါဖူး ဗျာ

seesein said...

ကောင်းလိုက်တဲ့ အရေးဗျာ
ရွှေပြည်မှာတော့ ဈေးဆစ်တာထက် သူတို့စေတနာ မေတ္တာနဲ့က ပိုပြီးအလုပ်ဖြစ်တယ်ဗျ နေ့တိုင်းဈေးသွားနေတော့ နေ့စဉ်ကြုံနေရတာပါဘဲ သူတို့နဲ့ ဖောက်သည်ဖြစ်သွားရင်တော့ ဘာမဆိုအိုကေ တယ်ဗျ

ခင်တဲ့
seesein

မောင်မိုး said...

ကျနော်လည်း ထိုနည်း၎င်းပါပဲဗျာ။ ကျနော်ဈေးမဆစ်တဲ့အထဲမှာ ခေါင်းရွက်ဗျပ်ထိုးဈေးသည်၊ ဆိုက်ကားနင်းသူ၊ မြင်းလှည်းမောင်းသူတွေက အဓိကပါပဲ။ ကိုယ့်စိတ်မကျေနပ်ရင် မ၀ယ်ဘူး။ မစီးဘူး။

မြတ်မွန် said...

ကျွန်တော်ကတော့ အမြဲတမ်း ဈေးမဆစ်ပဲ ဝယ်ဝယ်လာတက်လို့ အမြဲဆူခံထိပါ၏..။
ခုဈေးဆစ်စရာ တစ်ခုရှိပါ၏..
တူကြောက်လို့ လစ်ပီ.:P

sosegado said...

ဘန်ကောက်က နာမည်ကြီးညဈေးမှာ၊ တီရှပ်တထည်တွေ့တယ်၊ မေးတော့ ဘတ်၅၀၀၊ မာပိုဂရောင်းမှာ ၁၀၀ လောက်နဲ့ရတဲ့ဟာ၊ အချိန်မရှိ မနက်ဖြန်ပြန်ရမှာမို့ ၂၀၀ ထားလို့ပြောလိုက်တယ၊ မရဘူး၃၀၀၊ မယူဘူးလုံးဝမယူဘူးဆိုပြီး လှည့်ထွက်ခဲ့တယ်၊ အဝေးထိ နောက်ကလိုက်လာပြီး၊ ၁၅၀ နဲ့ယူသွားပါအတင်းလိုက်ပေးတယ်၊ ရောင်းတဲ့လူက မြန်မာ၊ မြန်မာလိုပြောပြီးလိုက်ပေးတယ်၊

kiki said...

ဆစ်သင့်တဲ့ သူတွေ ဆီက ဆစ်သာဆစ် ..အားမနာနဲ့  ကိုဇော်ရေ .
ရိုးရိုးသားသား နဲ့ ခေါင်းရွက် ဗျက်ထိုး ဈေးရောင်းစားရသူတွေ ဆီက ငါးမူးတကျပ်လောက်ကတော့ ဆစ်ဖို့ မသင့်ပါဘူး..နေပူ ကျဲကျဲ တနေ့ လုပ်မှ တနေ့ စားကြရရှာတဲ့သူတွေ အင်မတန်မှ သနားစရာကောင်းပါတယ် ။
လူတွေက မြေနိမ့်ရာ လှံစိုက်ချင်ကြတာမို့  ကိုယ့်ကိုယ်ကိုယ် ဒီလို မလုပ်မိအောင် နေဖို့  အရေးကြီးတယ် နော် ..

( စကားမစပ် .. ကိုဇော် မိန်းမ ..ယူရင်ရော..အဆစ် တောင်းနေအုံး မှာ လားးးးးး)))

ချစ်ကြည်အေး said...

အမလည်း ဈေးမဆစ်တတ်လို့ တခွန်းဆိုင် ရွေးဝယ်တာ များတယ်။ စကားမစပ် မိန်းမယူရင်ရော မိန်းမတယောက် ကလေးနှစ်ယောက် အစစ်ယူမှာလား ခိခိ...

♥ ကိုဇော် ♥ said...

မကိ နဲ့ မချစ်ကြည် မေးထားတော့လည်း ဖြေရတာပေါ့ဗျာ :P
ကျနော်က အမချစ်ကြည် ပြောသလို မိန်းမယူရင် ကလေး နှစ်ယောက် ဆိုပြီးတော့ အဆစ်တောင်းမှာတော့ ဟုတ်ဘူး။
ကျနော်က မိန်းမယူရင် ခယ်မလေးတွေ ပါမှလေ ၊ ကြားဖူးတယ် မဟုတ်လား။
ဘဝဆိုတာ တိုက်ပွဲ
ခယ်မဆိုတာ လိုက်ပွဲ
ယောက်ဖဆိုတာ ရိုက်ပွဲ ဆိုပဲ. . ငှဲငှဲငှဲ

kyaw said...

အဆစ် ကတော့ ဘာကိုမှမတောင်းရဲတာပါဗျာ
ဈေးကလည်းမဆစ်ရဲဘူးဗျ.....ပင်ပင်ပန်းပန်းလုပ်စားနေရတဲ့ သူမျိုးဆို ပိုသနားသေးတယ်..
ဒါပေမဲ့  ကိုဇော်ပြောတဲ့  လိုက်ပွဲလေး...ကတော့ ဟိဟိ..

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.