မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 May 2010

8 ငယ်ငယ်တုန်းက ရယ်စရာလေးတွေ




ငယ်ငယ်က ကျောင်းသား ဘဝလေးကို ပြန်မရနိုင်တော့ပေမဲ့ တစ်ခါတစ်လေ သတိလေးတော့ ပြန်ရနိုင်ခွင့်တော့ ရှိတယ် မဟုတ်လား။ ဘာရယ် မဟုတ်ပါဘူးဗျာ အခု တလော stress တွေက များနေလို့ ဒီနေ့ ဟာသလေးတွေ လိုက်ပြီးဖတ် ၊ လိုက်ကြည့်မိရင်း ငယ်ငယ်တုန်းက သူများကို ရယ်စရာ ဖြစ်အောင် နောက်ခဲ့တာလေးတွေ သွားသတိရတယ်။ ဟာသ လုပ်တယ်ပဲ ဆိုကြပါစို့။

ဟာသ ဆိုတာ တစ်ခု ဖြစ်အောင်လို့ အချက် သုံးချက်နဲ့ ပြည့်စုံမှ ဟာသစစ်စစ် တစ်ခု ပြီးမြောက်ပြီး တကယ်ရယ်ရတယ်ဗျ။ 

၁) လူမှုဘဝ ပတ်ဝန်းကျင်မှာ မြင်တွေ ထိတွေ့နေတာ ဖြစ်ရမယ်။
၂) ရိုးရှင်း ပေါ်လွင်ရမယ်။
၃) လူတွေရဲ့ စိတ်ကို မူတည်ပြီး ဟာသ လုပ်နိုင်ရမယ်။

ဒါဆိုရင် သူများကို စလို့  ၊ နောက်လို့ ကောင်းပါပြီ။

ကျွန်တော် ကျောင်းသားဘဝကပေါ့။ မနောက်ဖူးတဲ့ လူလည်း မရှိပါဘူး တွေ့သမျှ ၊ မြင်သမျှ စနောက်နေတာကိုး။ ဟာသမြောက်အောင် နောက်ခြင်း နဲ့ အချွန်မခြင်း မတူဘူးနော်။ ကျွန်တော်က ဟာသ ဖြစ်အောင် နောက်တာပါပဲ။ တစ်နေ့ တစ်မျိုး မရိုးအောင် စ နောက်နေရာကနေ တစ်နေ့ကျတော့ ကျွန်တော် အိမ်မှာ ကော်ဖီသောက်ရင်း အဖြစ်အပျက်လေး တစ်ခုကို သွားသတိထားမိတယ်။ လူဆိုတာကလည်း ကိုယ်တိုင် ဖြစ်ဖူးမှ မှတ်မိတာကိုး။

ဒါနဲ့ ကျောင်းရောက်တော့ ထုံးစံအတိုင်း သူငယ်ချင်း နှစ်ယောက်နဲ့ တိုင်ပင်ပြီး ကင်တင်းသွားထိုင်တယ်။ မနက်စောစော ဆိုတော့ အိမ်က ဘာမှ မစားလာကြသူတွေကလည်း ကင်တင်းမှာ ပါမုန့်ကြက်ဥကြော် နဲ့ လက်ဖက်ရည် ဘာညာ ဆွဲနေကြတာပေါ့လေ။ ကျွန်တော်လည်း ကျွန်တော့်ဘေးနားက ဝိုင်းက လူတွေကို အချိန်ယူပြီး အကဲခတ်နေတယ်။ မနက်စောစော တစ်ခုခု စားတဲ့ လူတိုင်းက လက်ထဲမှာ ဖတ်စရာ တစ်ခုခုကို ကိုင်ပြီး ဖတ်ရင်း စားနေတတ်တယ် ဆိုတာ သတိထားမိလား။ ကျွန်တော်ကတော့ သတိထားမိတယ်။

ဒီတော့ ကင်တင်းထဲမှာ လာစားနေသူတွေထဲက ကျွန်တော်နဲ့ ဝိုင်းနီးတဲ့ လူတွေကို သတိထား ကြည့်နေမိတယ်။ ဟော. . .တွေ့ပြီ တစ်ယောက် ကျွန်တော် လိုချင်တဲ့ ပုံစံနဲ့ ကွက်တိပဲ။ လက်မှာ နာရီ ပတ်ထားတယ်။ နာရီပတ်ထားတဲ့ လက်နဲ့ပဲ လက်ဖက်ရည် သောက်နေတယ်။ ဒီနေရာမှာ ကျွန်တော် တစ်ခုတော့ ဗဟုသုတ ပြောချင်တယ်။ နာရီ ပတ်တာနဲ့ နာရီ ဝတ်တာ မတူဘူးဗျ။ သားရေကြိုးလို အပြားးတပ်ထားပြီး ခါးပတ်ခေါင်းလို ခေါင်းနဲ့ ဆိုရင် ဒါကို “ နာရီပတ်တယ် လို့ ခေါ်တယ်။ အဲ. . . စတီးကြိုး ၊ ငွေကြိုး ၊ ရွှေကြိုး တွေနဲ့ ပတ်ရတာ မဟုတ်ပဲနဲ့ နာရီကို စွပ်ပြီးမှ ဝတ်ရတာ ဆိုရင် “ နာရီဝတ်တယ် ” လို့ ခေါ်တယ်။ ဘာရယ် မဟုတ်ပါဘူး သိအောင် ပြောပြရုံပါပဲ ၊ ခေါ်ချင်သလို ခေါ်ပြီး ပြောချင်သလိုသာ ပြောပါ။ ကျွန်တော်ကတော့ နားလည်နိုင်ပါတယ်။

အခု ကျွန်တော် တွေ့နေတဲ့ သူက သူ့စားပွဲရှေ့မှာ ဂျာနယ် တစ်စောင်ကို ချပြီး ဆေးလိပ်ကိုလည်း ခဲနေသေးတယ်။ နောက်ပြီး လက်ဖက်ရည်ကို တစ်ကျိက် ကိုင်ကိုင်သောက်တယ်။ နာရီဆိုတာ ဝတ်ထားပြီး လက်ဖက်ရည်ခွက်လေး ကိုင်ထားရင် နာရီရဲ့ မျက်နှာပြင်နဲ့ လက်ဖက်ရည်ခွက်က ၉၀ ဒီဂရီ နီးပါး တိမ်းစောင်းနေတယ် မဟုတ်လား။ တကယ်လို့ လက်ဖက်ရည် သောက်နေတဲ့ အချိန်ဆိုရင် နာရီမျက်နှာပြင်က အပေါ်နီးပါးလောက်မှာ ဖြစ်နေတတ်တယ်လေ။ ဒါ ထုံးစံပဲ။

ကျွန်တော် သူ့ကို စောင့်ကြည့်နေတယ်။ သူက စာကို စိတ်ပါဝင်စားစွာ ဖတ်နေပြီး လက်ဖက်ရည်ခွက်ကို ကိုင်ပြီး အသောက်မှာမှ ကျွန်တော့်သူကို ရေးကြီးသုတ်ပြာ ပုံစံနဲ့ လှမ်းမေးလိုက်တယ်။

“ သူငယ်ချင်း ဘယ်နှစ်နာရီ ထိုးပြီလဲ ။ ”

စာကို စိတ်ဝင်တစားဖတ်နေရာကနေ ကျွန်တော့်ရဲ့ အလျင်လိုတဲ့ အသံကြောင့် သူက ရုတ်တရက် သူ့လက်ဖက်ရည်ခွက် ကိုင်ထားတယ် ဆိုတာကို မေ့ပြီး သူ့ရှေ့မှာ ရှိနေတဲ့ နာရီဒိုင်ခွက်နဲ့ လက်ကို သူ့ဘက်ကို ဆွဲပြီး လှည့်ကြည့်လိုက်တယ်။ ဘယ်နှစ်နာရီ ထိုးပြီ ဆိုတာကို ပြောဖို့ပေါ့လေ။ သူ့လက်ထဲမှာ ကိုင်ထားတာကို သူ သတိမေ့သွားတယ်။ ဒီတော့ သူ့လက်ထဲက လက်ဖက်ရည်တွေကို သူ့ဖာသာ ပြန်လောင်းချလိုက်သလို ဖြစ်သွားတာပေါ့။

“ ရှစ်နာရီ ဆယ့်သုံး မိနစ် . . . ဟာ . . .”

သူ အဲဒီလို “ ဟာ . . . ”ဆိုတဲ့ အချိန်မှာပဲ ကျွန်တော်ကလည်း အရမ်း အရေးကြီးနေတဲ့ ပုံစံကို ခုနကတည်းက ဟန်ဆောင် ထားတာ ဆိုတော့ . . . .

“ ကျေးဇူးပဲဗျာ . . . ”

ဆိုပြီး လစ်ထွက်လာခဲ့တယ်။ သူ့မှာတော့ လှပကျော့မော့ပြီး ကျောင်းကို ဝတ်လာတာလေး မနက် စောစောမှာတင် သူ့ကိုယ်ကိုယ် လက်ဖက်ရည်တွေနဲ့ ပြန်ပက်ခံရပြီး အင်္ကျီပေသွားခဲ့ပြီ။ သူ့ဖာသာ ပေနေတာကို ပြာယာခတ် သုတ်နေရတော့ ကျွန်တော့်ကိုလည်း ရန်မလုပ်နိုင်ပါဘူး။ သူ့ကို ကျွန်တော်က လောင်းချတာလည်း မဟုတ်ဘူးလေ။ သူ့ဖာသာ သတိလက်လွတ် ဖြစ်သွားတာကိုး။ ဒီတော့ ကျောင်းဆိုတာကလည်း အလုပ်လို ၊ အိမ်လို မဟုတ်တော့ ပေသွားတာကို ချက်ချင်း သွားလဲလို့လည်း မရဘူး။ ပြေးဝယ်ဖို့လည်း မနီးဘူးလေ။ သူ့ခင်ဗျာ တစ်နေ့လုံး လက်ဖက်ရည်ရောင် ကွန်မန်ဒိုကွက်အင်္ကျီနဲ့ တစ်နေ့လုံး နေပေတော့ပဲ။ မနေချင် ကျောင်းလွတ်ခံပြီး ပြန်ပေါ့လေ . . . ၊ ဒါပဲ ရှိတာပေါ့။

ငယ်ငယ်ကတော့ သူများကို စချင် နောက်ချင်တာပဲ သိတဲ့ အချိန်ဆိုတော့ ဘာဘာညာညာ မတွေးမိပါဘူး။ စလိုက်တာပဲ နောက်လိုက်တာပဲ ဆိုတာပဲ သိတယ်။ အခုလို အသက်လေး ရလာတော့မှ ( အဟမ်း ) သူများကို ဒီလိုတွေ ထိခိုက်အောင် စတာ နောက်တာ တွေ မလုပ်ဖြစ်တော့ပါဘူး။ သူများကို အချွန်နဲ့ မတာတွေ ဘာတွေ လုပ်ကို မလုပ်ဖြစ်တော့ဘူး။

ဒါပေမဲ့ . . . အဲဒီ တစ်ရက် နှစ်ရက် အတောအတွင်းမှာတော့ ကိုယ့်အဆောင်နားက ကင်တင်းမှာ မဟုတ်ပဲ သူများ အဆောင်နားက ကင်းတင်းတွေမှာ ဒီလို အယောက် တော်တော်များများကို သွားနောက်မိတယ်။ ကိုယ့်အဆောင်နားမှာ ဆိုရင် ကိုယ့်ကို လူသိလွယ်တော့ ပြဿနာတွေလည်း ဖြစ်လာနိုင်သလို ၊ ဒီကောင် ငါ့လာကြပ်ပြီ ဆိုပြီး သိနေသူတွေက မြင်ကတည်းကကို သတိထားနေတော့ တော်ရုံနဲ့ အလုပ် မဖြစ်ဘူးဗျ။ သူများ အဆောင်နားက ကင်တင်းတွေမှာ လျှောက်နောက်လိုက်တာ အဲဒီရက်ပိုင်းမှာတော့ လက်ဖက်ရည်ရောင် ကွန်မန်ဒိုကွက် အင်္ကျီနဲ့ ကျောင်းတတ်နေတဲ့ လူတော်တော်များများကို ကျွန်တော်တို့နဲ့ တစ်နှစ်တည်း ကျောင်းတတ်ခဲ့သူတွေဆို သတိထားမိမှာပါ။

အဲဒီလိုတွေ လိုက်လုပ်ပြီး သူများတွေ ဖြစ်နေတာကို နောက်ကနေ ကျိတ်ပြီး ရယ်နေမိသေးတယ်ဗျ။ ဒါပေမဲ့ ဒါက အဲဒီလောက် မရယ်ရပါဘူး။ ဒီထက် ရယ်ရတာက ရှိသေးတယ်ဗျ။ ဒါက ဘာလဲ ဆိုတော့. . . .

ကျွန်တော် အဲဒီလို သူများတွေကို လိုက်နောက်နေတာကို ကျွန်တော့်သူငယ်ချင်း “ အေးမင်း ” က တော်တော်ကို သဘောကျနေတယ်။ ဒါပေမဲ့ သူက ကျွန်တော့်ကို ဘာမှ မပြောဘူး။ သူက ကင်တင်းက ထိုင်ခုံမှာ ထိုင်စောင့်နေတယ်။ ကျွန်တော်က အရေးကြီးသလို သူများဆီက နာရီသွားမေးတယ်။ ပြီးရင် နာရီပြောသူဆီ သူ့ဖာသာ လက်ဖက်ရည် မှောက်ကျပြီ ဆိုရင် အရေးကြီးသလိုနဲ့ လှည့်ထွက်ပြီး သူတို့နဲ့ အတူတူ ကင်တင်းကနေ ထွက်လာခဲ့တယ်။ စားထားတွေကတော့ ကြိုရှင်းထားပြီးသားတွေ. . . အဲဒီလို . . .အဲဒီလို. . .ဒါတွေပဲ သူ သိတယ်။

တစ်နေ့တော့ ကျွန်တော်တို့ အတန်းထဲကို အေးမင်း ကြွက်စုတ်ကို ရေနှစ်ပြီး ဂျယ်လီလိမ်းပေးထားတဲ့ ပုံစံနဲ့ ဝင်လာတယ်။ သူ့ကို ကြည့်လိုက်တော့လည်း သူ့အင်္ကျီမှာ လက်ဖက်ရည်ရောင် ကွန်မန်ဒိုကွက်နဲ့။

“ ဟာ . . .”

ဆိုပြီး ကျွန်တော် သူ့ကို ဒေါသ နည်းနည်းထွက်သွားတယ်။ ဒီကောင်ကွာ ငါ ဒီလောက် နောက်လာတာကို သိသိကြီးနဲ့ သူများ နောက်တာကို ခံလာရလားပေါ့။ ဒါနဲ့ သူက ကျွန်တော်တို့ ခုံမှာလည်း ဝင်ထိုင်ရော အသံတိုးတိုးနဲ့ ကြိတ်မေးရတယ် ၊ ဆရာမက စာသင်နေတာကိုး။

“ မင်း ဘာဖြစ်လာတာလဲ ဟေ့ကောင် ၊ မင်းကွာ တော်တော် ညံ့ပါ့။ ငါ ဒီလောက် နောက်နေတာကို သိသိကြီးနဲ့ သူများ ဒီလို လုပ်တာ ခံလာရလား။ ”

ဒီတော့ သူက မျက်နှာငယ်လေးနဲ့. . . .

“ မဟုတ်ဘူးကွ။ မင်း ထင်သလို မဟုတ်ဘူး။ ငါကို သူများက နောက်လိုက်တာ မဟုတ်ဘူး။ ငါက သူများကို နောက်လိုက်တာပါ။ ”

“ ဘာ. . ဒါဆို မင်းမှာ ဘာလို့ လက်ဖက်ရည်တွေ ပေနေတာလဲ။ ”

“ တော်တော့ ဟေ့ကောင်။ အတန်းပြီးမှ ပြောပြမယ်. . . ဟိုမှာ ဆရာမကြည့်နေပြီ ငါတို့ ပွစိပွစိ လုပ်နေလို့. . ၊”

ဒါနဲ့ ကျွန်တော်လည်း အရှိန်သတ်လိုက်ရတာပေါ့လေ။ အတန်းပြီးလို့ ဆရာမလည်း ထွက်သွားရော. . . သူ့နားကို မိန်းကလေး သူငယ်ချင်းတွေရော ၊ ကျွန်တော်တို့ရော ဝိုင်းပြီး မေးတာပေါ့။ ဒီတော့မှ သူက သူ့အဖြစ်အပျက်ကို ပြောပြတယ်။

“ ငါက ဒီနေ့ ကင်တင်းမှာ ဒီကို လာတော့ ဗိုက်ဆာလို့ မုန့်ဝင်စားရင်း သတိရလို့ မင်းလုပ်သလိုပဲ လုပ်လိုက်တာ။ ငါ သူ့လက်ဖက်ရည်ခွက်ကို မပြီး သောက်တော့မယ် လုပ်တော့မှ သူ့နားကို သွားပြီး “ သူငယ်ချင်း ဘယ်နှစ်နာရီ ထိုးပြီလဲ ” လို့ မေးလိုက်တာ။ ”

“ ဒီတော့ . . . ”

“ ဒီတော့ သူက မင်း မေးတုန်းကလိုပဲ သတိလွတ်ပြီး ကော်ဖီသောက်ဖို့ ပြင်နေရာကနေ သူ့လက်က နာရီကို ရုတ်တရက် လှည့်ကြည့်လိုက်တယ်။ ”

“ အေးလေ . . ဒါဆို မင်းက ဘာလို့ လက်ဖက်ရည်တွေ ပေရတာလဲ။ ”

“ ပြောတာ ပြီးအောင် နားထောင်ဦးလေကွာ. . ။ ပေမှာပေါ့ကွ. . .သူ ဝတ်ထားတဲ့ နာရီက သူများတွေလို လက်အပေါ်ဘက်မှာ ဝတ်ထားတာမှ မဟုတ်တာ. . .သူက စတီးကြိုး အပျော့ဆိုတော့ သူ့နာရီက လည်ပြီး သူ့လက် အတွင်းထဲကို ရောက်နေတာ . . ၊ နာရီက သူ့ရဲ့ အပြင်မှာ မဟုတ်ပဲ . . သူ့နဲ့ မျက်နှာချင်းဆိုင်လို သူ့အတွင်းမှာ ဖြစ်နေတော့ သူက နာရီကို လှည့်ကြည့်လိုက်တော့ လက်ဖက်ရည်ခွက်က သူ့ဘက်ကို မလှည့်ပဲ . . .သူနဲ့ မျက်နှာမူထားတဲ့ ငါ့ဘက်ကို လှည့်ပြီး ပက်လိုက်သလို ဖြစ်သွားတာပေါ့။ ”

သြော်. . . ဒီတော့မှ ကျွန်တော် သဘောပေါက်တော့တယ်။ တချို့က နာရီကို လက်ဖမိုးနဲ့ အတူတူ ဖြစ်အောင် မဝတ်ပဲနဲ့၊ လက်ဖဝါးနဲ့ အတူတူ ဖြစ်အောင် ဝတ်တတ်ကြတယ်လေ။ အခု သူ တွေ့ခဲ့တာက လက်ဖဝါးနဲ့ အတူတူ ဖြစ်အောင် ဝတ်ထားတဲ့ သူနဲ့ သွားပြီးတွေ့တော့ လက်ဖက်ရည် ပန်းကန်က သူ့ဆီကို မလှည့်မိပဲ ၊ ကိုယ့်ဆီကို လှည့်ပက်သလို ဖြစ်ပြီး သူများကို ချောက်ချတာ ကိုယ်က ပြန်ပြီး ခံလာခဲ့ရတာပါပဲ။

“ သြ . . .ဒီလိုကိုး။ ”

“ ဟုတ်တယ် အဲဒီလိုပဲ။ ဒါကြောင့် ငါ့မှာ သူများကို သွားနောက်တာ ငါပဲ ခံလာရတာ . . .။ ”

ဒီလို အကြောင်းစုံ သိလိုက်ရတော့မှ ကျွန်တော်တို့လည်း သူ့ကို အားနာပါးနာ နဲ့ ဝိုင်းပြီး ရယ်ပေးလိုက်ပါတော့တယ်။

“ ဝူး. . .ထွား. . .ထွား . . .”

ဒီလိုပဲ သူက။ ဒါ . . ဒီ တစ်ခါတည်း မဟုတ်ဘူးနော်။ ဒီလိုပဲ လုပ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းပါပဲ။ ကျွန်တော့်မှာ အဲဒီလို သူငယ်ချင်းလည်း ရှိတယ်ဗျ။ ဒါကြောင့် ကျွန်တော် ပြောတာပါ။ ဟာသတစ်ခု ဖြစ်ဖို့ ဆိုတာ အချက် သုံးချက်နဲ့ ညီရပါတယ်လို့. . . .။


လေးစားစွာဖြင့်
ကိုဇော်

Share/Bookmark

8 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ဟီးးးးဟီးးးးးးဒါမျိုးအရင်ကလုပ်ဖူးတယ်။

သိင်္ဂါကျော် said...

ဟားဟား.. သူများ မကောင်းကြံလို့ ကိုယ့်ဟာကိုယ် ပြန်ခံရတာပေါ့.. :P

Unknown said...

ကိုဇော့်ကျောင်းသားဘ၀လေးကလည်းပျော်စရာပါလားဗျို့ 

Angel Shaper said...

ကိုယ့်ဘာသာကိုယ်ပြန်ခံလာရတဲ့လူကို မျက်လုံးထဲမှာ ပုံဖော်လိုက်လို့ တော်တော်ရီလိုက်ရပါတယ်။
ပျော်ရွှင်ပါစေ။

Flower said...

အင်း
ငယ်ငယ်တုန်းက သူများကို လုပ်ဖူးတာဆိုလို့
နောက်ကျောမှာ စာရွက်ကပ်တာလောက်တော့ လုပ်ဖူးတယ်..
သူငယ်ချင်းတစ်ယောက်တော့ ကိုယ့်ကို ဆရာမ စာမေးတုန်း ထိုင်ခုံကို နောက်ဆုတ်ထားလို့
ပြန်ထိုင်ချလိုက်တော့ ကြမ်းပြင်ပေါ်ဖင်ထိုင်ကျသွားရော..
တစ်တန်းလုံး ရယ်စရာဖြစ်သွားခဲ့တယ်..
ကိုယ့်ကိုချစ်တဲ့သူငယ်ချင်းတွေကတော့ အဲဒီတစ်ယောက်ကို ရေလည် အပြစ်တင်ကြတယ်ပေါ့..
ဒီကတည်းက သူများကိုလဲ မစတော့ဘူး
ကိုယ့်ကိုလဲ လာမစနဲ့ ဆိုတာ ဖြစ်သွားရော..
ကျောင်းသားဘ၀တော့ အမှတ်တရတွေ အများကြီးပါဘဲလေ

မောင်သီဟ said...

ခွိခွိး)း)

မြသွေးနီ said...

နာရီကို လက်ဖျံမှာ လက်ဝါးဘက်လှည့်ဝတ်မိလို့ ကိုယ့်ရှူးကိုယ်ပတ်ခံရတာလေးက ဟာသမြောက်ပါ တယ်။ မထင်မှတ်စရာလေးနော် ။ ကျွန်မမှာလည်း အစသန်တဲ့ မောင်တစ်ယောက် ရှိတယ်။ နေ့လည် တစ်ရေးအိပ်ပြီဆို အိပ်တဲ့သူတွေကို ဆော့ပင်
တစ်ချောင်း နဲ့ နှုတ်ခမ်းမွှေး ကောက်ကောက်ကြီး တွေလိုက်ဆွဲတာ။ ဒါမှမဟုတ် နောက်ပြောင်ပြီး စာတွေရေးခဲ့တာ။ သူအိပ်တုန်း သူ့ကို ပြန်ဆွဲတော့ ဒေါတွေကို ခွီးလို့..။ ဟိ..။

ခင်မင်စွာ...
မြသွေးနီ

Anonymous said...

ဦးဇော်စုတ် ...
သူများကို ဟာသလုပ်တော့ ပျော်နေတယ်ပေါ့လေ။ အဟတ် ...
ရွှေရန်ကုန်ကိုများ ၁ခေါက်လောက်သာပြန်လာခဲ့ပါ။
ဦးဇော်ကို ၃ခါတိတိဟာသလုပ်ပြမယ်။

ဒီဒီ ၃ခါတိတိ မနောက်နိုင်ခဲ့ရင် ဆူကီအ၀လိုက်ကျွေးမယ်။ နောက်နိုင်ခဲ့ရင်တော့ ဦးဇော် ကျွေးရမယ်။

ကြိုတင်notice ပေးသွားတာနော်။ ဘယ်လိုလဲ စိန်ရဲလား?