မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


17 May 2010

9 ဘယ်လို အခက်အခဲမျိုးလဲ




၁၉၅၉ ခုနှစ် နွေရာသီမှာ ကျွန်တော် အပန်းဖြေ ဟိုတယ် တစ်ခုမှ ညဆိုင်း ဧည့်ကြိုစာရေးအဖြစ် အလုပ်လုပ်နေသည်။ ဟိုတယ်က သေးသဖြင့် ဧည်ကြိုလည်း ကျွန်တော် ၊ စာရေးလည်း ကျွန်တော် ၊ တစ်ခါတစ်လေ မြင်းဇောင်းမှာလည်း ကျွန်တော် ကူလုပ်ပေးရသည်။ သို့သော် ဟိုတယ် ပိုင်ရှင်ကတော့ ဖက်ဆစ် ဆန်တယ်။ သူက ဟိုတယ်ပိုင်ရှင်လည်း ဖြစ်သလို ၊ မန်နေဂျာလည်း ဖြစ်သည်။ သူက ဝန်ထမ်းတွေကို နလပိန်းတုံးတွေ အဖြစ်သာ မြင်သည်။ သူ့ကိုလည်း ရိုသေလေးစားစေချင်သေးသည်။ ဒါကြောင့် သူနဲ့ကို ကျွန်တော် ကြည့်မရ ၊ သူနဲ့ ကျွန်တော် မတည့်။

အဲဒီအချိန်မှာ ကျွန်တော့်အသက်က ၂၂ နှစ်။ တက္ကသိုလ်ပြီးစ ကျောင်းသားတွေ ထုံးစံအတိုင်း စိတ်ထင်ရာကို လွတ်လွတ်လပ်လပ် ပုံဖော်ချင်စိတ် ပြင်းပြနေချိန်။ ကျွန်တော့်အလုပ်က ညဦးပိုင်းအထိ ဖြစ်ရာ ကျွန်တော့်အလုပ်က မထွက်ခင်မှာ အလုပ်ထဲကို ညစာရင်းစစ် တစ်ယောက်က အမြဲလာစစ်လေ့ရှိတယ်။ သူနဲ့ ကျွန်တော် တစ်နာရီလောက်သာ တွေ့ခွင့်ရပြီး ခဏအကြာမှာတော့ ကျွန်တော့်အလုပ်နားချိန် ဖြစ်သည်။ သူက “ ဆစ်ဂမန်ဝိုးလ်မင်း ” ။

သောကြာနေ့ ညတစ်ညမှာတော့ ကျွန်တော် စားဖိုဆောင်ထဲ ရောက်သွားပြီး ဟိုတယ်သူဌေးက စားဖိုမှူးကို ညွှန်ကြားထားသော ကျွန်တော်တို့  ဟိုတယ်ဝန်ထမ်းတွေ အတွက် နောက်ထပ် နေ့လယ်စာကို မြင်မိတော့ ကျွန်တော် ဒေါသတွေ စုပြုံပေါက်ကွဲ မိတော့သည်။ ဒီဟိုတယ် နေ့လယ်စာအတွက် သူက ကျွန်တော်တို့ လုပ်ခထဲမှ ဖြတ်သေးတယ်။ အခုလည်း ဗီယင်နာ ဝက်အူချောင်း နှစ်ချောင်း ၊ ဂေါ်ဖီချဉ်တစ်ခွက် ၊ မလတ်ဆတ်တော့တဲ့ ပေါင်မုန့်။ ဒါတွေကို ကျွေးလာတာ အတော်ကြာခဲ့ပြီ။ အခု စာဖိုမှူးအတွက် ညွှန်ကြားချက် စာရွက်မှာရေးထားတာကလည်း နောက်ထပ် နှစ်ရက် ကျွန်တော်တို့ကို ဒီလို ပုံစံနဲ့ ဆက်ကျွေးဖို့သာ။

ကျွန်တော် ပေါက်ကွဲ လိုက်တာ ပြောမနေနဲ့တော့။ ဒီအချိန်မှာ ကျွန်တော့်ရဲ့ ရင်တွင်းပေါက်ကွဲချက်ကို နားထောင်ဖို့ ပရိတ်သတ်အဖြစ် ညစာရင်းစစ် ဆစ်ဂမန်ဝိုးလ်မင်း ရောက်လာတယ်။ ရှိသမျှ ဒေါသတွေ သူ့ဆီကို ကျွန်တော် ဖောက်ခွဲပြတယ်။ လက်သီးကို ဆုပ်ပြီး အသံကုန်ဟစ်သည်။ စားပွဲဘေးမှာ ချိတ်ထားတဲ့ ယင်ရိုက်တံဖြင့်လည်း စားပွဲကို တဖြန်းဖြန်း ရိုက်ရင်း ပေါက်ကွဲသည်။ ဝက်အူချောင်းနဲ့ ဂေါ်ဖီချဉ်တွေကို သွားထည့်ပြီး ဟိုတယ် ပိုင်ရှင်မျက်နှာကို ပိတ်ပေါက်ကာ ကျွန်တော်နဲ့ ဒီအလုပ်နဲ့ ဇာတ်လမ်းပြတ်ပြီ ဖြစ်ကြောင်း ကျွန်တော် ရှူးရှူးရှားရှားနဲ့ ဒေါသတွေ ပေါက်ကွဲပြတယ်။

ကျွန်တော် ဒေါသတွေ ပေါက်ကွဲနေတာကို ဆစ်ဂမန်ဝိုးလ်မင်းက လုံးဝ မဖျောင်းဖျပဲ ရှေ့မှ ထိုင်ခုံ အသေးလေးပေါ်မှာ ထိုင်ကာ စိတ်ပင်ပန်း ဝမ်းနည်းသော မျက်နှာဖြင့် ကျွန်တော့်အား ကြောင်ငေးစွာ ကြည့်နေသည်။ ကျွန်တော်ကတော့ ဒေါသတွေ ပေါက်ကွဲလို့ ကောင်းဆဲ။ သူက စစ်တွင်းက နာဇီတို့ ဖမ်းဆီးသွားပြီး အောက်ရှဗစ် အကျဉ်းစခန်းမှ အသက်မသေပဲ ပြန်လည် လွှတ်မြောက်လာသူ အနည်းငယ်ထဲမှ တစ်ယောက် ဖြစ်သည်။ သူနေခဲ့ရတဲ့ သုံးနှစ်တာမှာ အစာရေဆာ မဝလို့ အခုထိလည်း လူက ပိန်ပြီး ချောင်းက တဟွတ်ဟွတ် ဆိုးသည်။ အခု ဒီအလုပ်လေးမှာတော့ သူက ညဆိုင်းကို အလွန်နှစ်သက်သည်။ သူ့ကို နှောင့်ယှက်မည့်သူ မရှိ။ စားချင်တဲ့ အချိန် စားဖိုဆောင်ထဲ ဝင်သွား စားချင်တာကို ထည့်ပြီးစား။ သူ့ကို တားမည့်သူ မရှိ။ ဒါ သူ့အတွက် အားရ ကျေနပ်စရာ။

ဒါမျိုး အောက်ရှဗစ် အကျဉ်းစခန်းထဲမှာတော့ သူ့အတွက် အိပ်မက်မျှသာ။ သို့သော် သူ့ရဲ့ အိပ်မက်လေးကို နှောင့်ယှက်သူက ကျွန်တော် တစ်ယောက်သာ ရှိသည်။ သူနဲ့ ကျွန်တော် ဆုံရတဲ့ တစ်နာရီ အချိန်လေး အတောအတွင်းမှာ ယခု ကျွန်တော့် ဖောက်ခွဲချက် ၊ ပေါက်ကွဲမှုကြီးနဲ့ သူ ဆုံနေရပြီ။ သူက ထိုင်ခုံပုလေးကနေ ထိုင်ပြီး စိတ်မသက်သာ သလို မျက်နှာမျိုးဖြင့် ကျွန်တော့်ကို ကြည့်နေတယ်။ ပြီးတော့ သူခေါ်နေကြ ကျွန်တော့်နာမည် အသံထွက် အမှားအတိုင်း ခေါ်တယ်။

“ ဖူလချမ်း. . .”

ကျွန်တော် ခဏငြိမ်ပြီး သူ့ကို ကြည့်လိုက်တော့. . .

“ ဖူလချမ်း. . မင်း ခဏငြိမ်ပြီး ငါပြောတာ နားထောင်ပါ။ မင်း အခု ဖြစ်နေတာ မင်းမသိဘူး။ တကယ်တော့ မင်း အခု ဖြစ်နေတာ အလုပ်ကြောင့်လည်း မဟုတ်ဘူး။ ဝက်အူချောင်းကြောင့်လည်း မဟုတ်ဘူး။ ဂေါ်ဖီကြောင့်လည်း မဟုတ်ဘူး။ ဟိုတယ် အလုပ်ရှင်နဲ့လည်း မပတ်သတ်ဘူး။ စားဖို့ ချက်ပေးနေတဲ့ စားဖိုမှူးကြောင့်လည်း မဟုတ်ဘူး။ မင်း ဘာဖြစ်နေတာလဲ သိလား။ ”

“ ကျွန်တော်က ဘာဖြစ်နေလို့လဲ။ ”

“ တကယ်တော့ မင်းက မင်းကိုယ်မင်း အားလုံးသိတယ်။ အားလုံးတတ်တယ် ဆိုပြီး ထင်နေတာကွ။ တကယ်တမ်းကျတော့ မင်းက ဘယ်ဟာက ဘာဆိုတာကို မကွဲပြားပဲ ဖြစ်နေတာ. . .။ ”

“ ကျွန်တော်က ဘာကို မကွဲပြားလို့လဲ။ ”

“ ဟုတ်တယ်။ တကယ်တော့ မင်းက ကိစ္စတစ်ခုကို ဘယ်ကိစ္စက သာမာန် အဆင်မပြေတာ ၊ ဘယ်ကိစ္စကတော့ တကယ့်ပြဿနာ ဆိုတာကို မင်းက နားမလည် ဖြစ်နေတာ။ ”

“ ဘယ်လို . . ”

“ ဟုတ်တယ်။ မင်းက သာမာန် အဆင်မပြေတာ နဲ့ တကယ့်ပြဿနာကို မကွဲဘူး ဖြစ်နေတာ။ တကယ်လို့ မင်း ဇာတ်ကျိုးသွားမယ် ဆိုရင် ဒါက တကယ့် ပြဿနာကွ ၊ တကယ်လို့ မင်းအိမ် မီးလောင်တဲ့ အထဲပါသွားတယ် ဆိုရင် ဒါက တကယ့် ပြဿနာကွ ၊ တကယ်လို့ မင်းက လုံးဝ စားစရာ မရှိတဲ့ ဘဝ ရောက်သွားမယ် ဆိုရင် ဒါဟာ တကယ့် ပြဿနာကွ ၊ တကယ်လို့ မင်း ကိုယ်အောက်ပိုင်း သေသွားပြီ ဆိုရင် ဒါဟာ တကယ့် ပြဿနာကွ။ ဒီလိုတွေက လွဲပြီးတော့ ကျန်တာတွေ အားလုံးက တကယ့် ပြဿနာ မဟုတ်ဘူး။ သာမာန် အဆင်မပြေတာလေးတွေပဲ ရှိတယ်။

လူ့ဘဝ ဆိုတာကလည်း အမြဲတမ်းတော့ ချောမွေ့နေမှာ မဟုတ်ဘူး။ အခက်အခဲ ဆိုတာ ရှိမယ်။ အထစ်အငေါ့ ဆိုတာ ရှိမယ်။ ပြဿနာလေးတွေ ရှိမယ်။ ဒါပေမဲ့ ဒါတွေကို “ သာမန် အဆင်မပြေတာလား ၊ တကယ့် ပြဿနာလား ” ဆိုတာကိုတော့ မြင်အောင် ကြည့်တတ်ဖို့ လိုတယ်။ ဒီလို မြင်တတ်မှာလည်း ပူပင်သောက ဒေါသတွေ နည်းပြီး မင်း အသက်ရှည်မယ်။ ပြီးတော့ ဘေးက ငါတို့ ၊ စားဖိုမှူး တို့လို လူတွေ အတွက်လည်း အနှောင့်အယှက် မဖြစ်တော့ဘူးပေါ့လေ။ ဒါပါပဲ. . .ဂွတ်နိုက်. . ”

ဒီလို သူ့ဖာသာ တောက်လျှောက်ပြောပြီး လက်ကို ဝှေ့ရမ်း လှုပ်ခါကာ နှုတ်ဆက်တာနဲ့ သွားအိပ်တော့ လို့ နှင်ခြင်း နှစ်မျိုးကို ပေါင်းစပ်ထားသည့် အမူအရာနဲ့ လက်ပြ ထွက်ခွာသွားခဲ့သည်။

ကျွန်တော့်ဘဝမှာ အမှန်တရားကို ဒီလောက် နီးနီးစပ်စပ် သွန်သင်သွားတာမျိုး မကြုံဖူးတော့ ဆစ်ဂမန်ဝိုးလ်မင်း ရှေ့တွင် ကျွန်တော် ငြိမ်လျှက်သားနဲ့ ခံလိုက်ရတယ်။ ပြီးတော့ သူ့စကားတွေက ကျွန်တော့်ဦးနှောက်တံခါးကို ဖြတ်ခနဲ ဖွင့်ပေးသွားခဲ့တယ်။

ဒီလိုနဲ့ နှစ်ပေါင်း ၃၀ ကျော်မှာ ဖြတ်သန်းခဲ့ပြီး ဘဝမှာ စိတ်မချမ်းသာမှုများ ၊ အခက်အခဲများ ၊ ပြဿနာများ ၊ စိတ်ဖိစီးနှိပ်စက်မှုများ များစွာ ကြုံခဲ့ရတယ်။ ဒီလို အချိန်မျိုးမှာ ကိစ္စတစ်ခုခုကို ကျွန်တော်လည်း ပြုပြင်ပြောင်းလဲလို့ မရဘဲ တစ်ဖက်သတ် စိတ်ဖိစီးနှိပ်စက်နေပြီ ဆိုတဲ့ အခါမှာ ကျွန်တော် ဒေါသတွေ ထွက်ကာ ၊ အော်ဟစ် ပေါက်ကွဲမိတော့မယ် ၊ မိုက်မိုက်မဲမဲတွေ လုပ်မိတော့မယ် ဆိုရင် ကျွန်တော့်ကို ကြည့်ပြီး ထိုင်ခုံပုလေးမှာ ထိုင်ကာ စိတ်ဆင်းရဲခြင်း မျက်နှာနဲ့ ဆစ်ဂမန်ဝိုးလ်မင်း မျက်နှာကို ကျွန်တော့် စိတ်အာရုံထဲမှာ ပေါ်လာကာ . . .

“ သာမန် အဆင်မပြေတာလား ၊ တကယ့် ပြဿနာလား။ ”

လို့ လာလာမေးလေ့ ရှိတယ်။ အရင်က မေးမြန်းနေဆဲ ဖြစ်သလို ၊ အခုလည်း မေးမြန်းနေဆဲ ၊ နောင်လည်း မေးမြန်းနေဦးမှာပါပဲ။ ဒီမေးမြန်းချက်ကို ကျွန်တော်ကတော့ “ ဝိုးလ်မင်း၏ စစ်မှန်သော အခက်အခဲ စစ်ဆေးချက် ” လို့ အမည်ပေးထားပါတယ်။

ဘဝဆိုတာ အမြဲတမ်း အဆင်ပြေ ချောမွေ့နေတာ မဟုတ်ပါ။ အဖုအထစ်တွေ ၊ အဆိုင်အခဲတွေ ၊ အခက်အခဲတွေ မကြာခဏ ကြုံကြရမှာပဲ ဖြစ်တယ်။ ဒီလို အခြေအနေတွေထဲမှာ တချို့အရာတွေကို အချိန်အတိုင်းအတာ တစ်ခုအထိ ဖုံးဖိမြို့သိပ်ထားရုံဖြင့် အေးဆေး ပြီးမြောက် ပြေလည်သွားနိုင်သော အတ္တ ၊ မာန ၊ အာဃာတ စိတ်ကလေးများဖြစ်သော အကျိတ်အခဲလေးများသာ ဖြစ်သည်။ တချို့ကတော့ ရှားရှားပါးပါး ကင်ဆာလိုမျိုးသော ဖိဖိစီးစီး အရေးတယူ ပြုရမည့် တကယ့်ပြဿနာ အကျိတ်အခဲ စစ်စစ်များ ဖြစ်သည်။ ထိုအခါ ကျွန်တော်တို့ သေချာ ကိုင်တွယ် လျင်မြန်စွာ ကုသရတော့မည်။

ဘဝမှာ ဒီနှစ်ခုကို သေချာ ကွဲပြားခြားနားဖို့ ဆိုတာကို ကျွန်တော်တို့ သတိပြုမိဖို့ လိုတယ်။

“ သာမန် အဆင်မပြေတာလား ၊ တကယ့် ပြဿနာလား။ ”


source; Try The Reality Test By Robert Fulghum
ကိုဇော် ခံစားတင်ပြသည်။
17.5.2010

.
Share/Bookmark

9 ယောက် ရဲ့ ထင်မြင်ချက်:

mabaydar said...

အင်း.. ညီမလဲ ထစ်ကနဲရှိ စိတ်မရှည်တာနဲ့... ဒေါသထွက်တာနဲ့ ဖြစ်တတ်တယ်... အထူးသဖြင့်တော့ အလုပ်ထဲမှာ ပိုဆိုးတယ်... နောက်ဆိုရင်တော့ ကိုယ့်ကိုကိုယ် ခုဇာတ်လမ်းထဲကလို ပြန်မေးပြီး စိတ်ထိန်းဖို့ ကြိုးစားကြည့် ရမယ်..

မောင်မိုး said...

ဒီဟာကို ကျနော်တစ်ခါမှ မဖတ်ဖူးသေးဘူး။ ဟုတ်တယ်ဗျာ။ နေတတ်ဖို့ပဲ အရေးကြီးတယ်။ နေတတ်မှ သေတတ်မယ်လေ။ ရောက်နေတဲ့ အခြေအနေမှာ အကောင်းဆုံး နေတတ်တဲ့သူဟာ လူတော်ပဲဗျနော်။

အဖြူရောင်နတ်သမီး said...

စိတ်တိုတတ်တာကတော့ ငယ်ကတည်းကပဲ...
စိတ်တိုတယ် ဆိုတာထက် စိတ်ဆတ်တာဆိုရင်ပိုမှန်မယ်ထင်တယ်..
တခါတလေ စိတ်အခန့်မသင့်လို့ တဖက်လူကို စိတ်ဆိုးပြီး စကားကိုမပြောတော့တာ...(အဲဒီလူက တော့ ကိုယ်စိတ်ဆိုးနေတာကို သိတောင်မသိလိုက်ဘူး)
အဲဒီအကျင့်ကို ဖျောက်ဖို့ဆိုတာကတော့ ကြိုးစားရအုံးမယ်..ခုထိတော့ ရသေးဘူး..း(

ရွှေနတ်သား said...

ဟုတ်တယ်ကိုဇော်ရေ..ကြုံသမျှကို တကယ့် ပြဿနာ လို့ ဘဲတွေးနေမိတာလေ....ကျေးဇူးပါဗျာ

SHWE ZIN U said...

တခါ တလေ တော့လည်း သာမန် အဆင်မပြေတာ တွေများလာတော့ လည်း ပေါက်ကွဲချင်လာတာပေါ့လေ

ကျေးဇူး

Free said...

မှန်လိုက်တာ...အကိုရယ်.. ကျမအတွက်တော.အများကြီးရသွားပါတယ်...ကျမကလဲပေါက်ကွဲတတ်တဲ.သူထဲပါနေလို.ပါ...ကျေးဇူး....

မြစ်ကျိုးအင်း said...

ဒီလိုခွဲခြားနိင်တဲ့သူတိုင်း ဒေါသ ထွက်ဖို့ မလွယ်တော့ဘူးလေ။ တကယ့်ပြဿနာနဲ့ ကြုံရင်တောင် ဖြေရှင်းနည်းကိုပဲ စဉ်းစားနေရလို့ ဒေါသထွက်ဖြစ်ပါ့မလား မသေချာဘူး။
အတ္တဆိုတာကို ချိုးနှိမ်နိင်ရင် ငါသိ ငါတတ် ဆိုတာကို နောက်ပို့နိင်ရင် သာမန်လား တကယ့်ပြဿနာလား ဆိုတာကို ခွဲခြားတတ် လာမယ်ဆိုတဲ့ စာသားလေးကို သဘောကျတယ်။

ချော (အစိမ်းရောင်လွင်ပြင်) said...

ဒီပိုစ့်လေးကို တကယ်ကြိုက်တယ်.. ဒေါသထွက်ရင် ဒါကို အရင်လာဖတ်ရမလိုဘဲ.. လူတွေဟာ အသေးအမွှားတွေနဲ့လဲ ကိုယ့်စိတ်ကိုယ် ဒုက္ခပေးတတ်ကြတယ်.. ကိုယ်အပါအ၀င်ဆိုပါတော့..
ကိုယ်သည်လဲ ထစ်ခနဲဆို ဒေါသထွက်တတ်တဲ့အထဲမှာ ပါနေတယ်..
ပြင်ရမယ်ဆိုတာ သိပေမဲ့ ဒေါသကို မထိန်းချုပ်နိုင်ဘူး..
အင်း သတိထားဦးမှ

မြသွေးနီ said...

ဒေါသသိပ်ထွက်လာရင်..
ချက်ခြင်း မတုန့်ပြန်ပဲ ၁ကနေ ၁၀၀အထိ
ရေတွက်ရင်း ဒေါသကိုလျှော့ချသင့်တယ်..တဲ့။
ဒေါသနဲ့ တုန့်ပြန်တော့ အမှားများတတ်တယ်..တဲ့။
ဖတ်ဘူးတာလေးပါ။
ကိုယ်တိုင်ကတော့ ဒေါသထွက်ခဲသူလို့ ထင်တာာပဲ။

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.