မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


07 May 2010

13 လေပြေလုသူ


အမှာ. . . 

ဒီလို မိန်းကလေး တစ်ယောက် နေရာက တစ်ခါမှ ခံစား မရေးဖူးပါ။ ဘာလို့လဲ ဆိုရင် အဓိက ဖွဲ့နွဲနေတာကို စိတ်မရှည်လို့ပါ။ ဒါပေမဲ့ ဒီဝတ္ထုလေးကို ဘာလို့ ရေးဖြစ်တာလဲ ဆိုတော့ ငယ်ငယ်က ကျွန်တော့်အဖေ ပြောပြတဲ့ အင်္ဂလန်က ကုန်တိုက်ပိုင်ရှင် သူဌေးမရဲ့ ဇာတ်လမ်းလေးကို သတိတရ ဖြစ်မိလွန်းလို့ ချရေးလိုက်တာပါ။ သူက အပျိုကြီးလေ။ သူ့လိုပဲ သူ့သူငယ်ချင်းတွေလည်း အပျိုကြီးတွေ ဖြစ်နေကြတယ်။ ဘာလို့လဲ ဆိုတော့  သူက ဗျူးတဲ့ အထဲမှာ နည်းနည်းပြောပြတယ်။ ဒါကို ကျွန်တော်က အခု ကျွန်တော် ရေးဟန်အတိုင်း များများ လျှောက်တွေးပြီး ချရေးလိုက်တာပါ။

ဒီလိုပေါ့။

~ ~ ~ ~ ~ ~ ~ ~ ~@ @ @ ~ ~ ~ ~ ~ ~  ~ ~ 






လေပြေ ဆိုတာ
သင်းသင်း ချိုချို ဖြေးဖြေး
ငါတို့ အေးခဲ့ကြရတယ်။

အတန်းက ကျွန်မ ထွက်တော့ နှုတ်ခမ်းစူနေမယ် ထင်တယ်။ ရင်မှာ မကျေနပ်မှုတွေကိုလည်း ဗလပွနဲ့။ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့လည်း ကိုယ့်ဖာသာ တွေးမိတယ်။ ပြီးတော့ ကိုယ့်ဖာသာလည်း ပြုံးမိတယ်။

အပြင် ကော်ရစ်တာမှာ ရပ်နေတုန်း အခန်းထဲက ကိုယ်စီ အမှတ်ရပြီးတော့ ထွက်လာတဲ့ “ စိမ့်စိမ့်စမ်း ” နဲ့ “ နုကလျာ ” ကို တွေ့လိုက်ရတယ်။ ဘာလုပ်လုပ် နာမည်နဲ့ လိုက်အောင် နုညံ့ ညင်သာလှတဲ့ နုကလျာ ကတော့ နောက်ဆုံးမှ။ သူတို့လည်း ဖာသိဖာသာ မျက်ခုံးတွေ အတွန့်ချိုးလျက်။

ဆက်စပ်ပြောစရာ စကားမရှိတော့ ပုံမှန်လို ကိုယ့်ဖာသာ ဟန်ဆောင်ရင်း ကင်တင်းဘက်ကို ထွက်ခဲ့ကြတယ်။ ကိုယ်ကြိုက်ရာ မှာထားပြီးတော့ ဘာဖြစ်ဖြစ် ရင်ထဲမှာ သိပ်မထားတဲ့ ကျွန်မကပဲ. . .

“ တကယ်ဆို ဒါက မဖြစ်သင့်ဘူး။ ”

သင်ထားသလို သူတို့နှစ်ယောက်လုံး ကျွန်မ မျက်နှာကို ပြိုင်တူ ကြည့်လိုက်ကြတယ်။

“ ဘာကိုလဲ။ ”

အနေအထိုင် ပွင့်လင်းသလို နေရာတကာ ဇိုးဇိုးဇတ်ဇတ် ရှိတတ်တဲ့ “ စိမ့်စိမ့်စမ်း ” က မေးတယ်။ “ နုကလျာ ” ကတော့ နှုတ်ခမ်းနီလေး ပိုတင်းသွားရုံ ၊ မျက်လုံးလှလှလေး ပိုကျယ်ပြရုံနဲ့ သိလိုကြောင်း ပြတယ်။

“ ကင်း ( King ) လေ. . ၊ ကင်း ရွေးတာကို ပြောတာ။ ”

“ သြော်. . . ။ ”

သူတို့ နှစ်ယောက်လုံး သံပြိုင်ဆွဲ အသိအမှတ် ပြုတယ်။ ကျွန်မက ငယ်စဉ်ကတည်းက နှုတ်ရေးသွက်လှသူ မဟုတ်ပါလား။ ဘယ်စကားဝိုင်း မဆို ဦးဆောင် ထားတတ်တယ်။

“ အေးလေ. . အခု သူတို့ ရွေးတဲ့ ငါတို့ မေဂျာကင်း ကို မကြိုက်ဘူး။ ”

“ ဘာလို့လဲ။ ”

စိမ့်စိမ့်စမ်း ကပဲ ဇိုးခနဲ ၊ ဇတ်ခနဲ မေးတယ်။

“ နှာခေါင်းကြီးတယ်။ ”

“ ဟယ် . . နင်ကလဲ။ ”

ဒီတော့မှ “ နုကလျာ ” က သူ့ပုံစံအတိုင်း ခပ်ဖွဖွ စကားသံ ထွက်လာတယ်။

“ ဟုတ်တယ်ဟ. . ငါလည်း မကြိုက်ဘူး။ ခြေလည်း ခွင်တယ်။ ပုဆိုးနဲ့ မို့သာ မသိသာတာ ၊ သူဘောင်ဘီဝတ်လာတုန်းက ခြေထောက်တွေက ကားကားကြီးနဲ့။ ”

“ စိမ့်စိမ့်စမ်း ” ကတော့ ဟောဟောဒိုင်းဒိုင်းပဲ ပြောတယ်။ ကျွန်မကလည်း . . .

“ ဟုတ်တယ်.။ ဒါထက် ငါက သူလမ်းလျှောက်ရင် ခေါင်းမော့ပြီး လက်ခါ လျှောက်တာကို ပိုကြည့်မရဘူး။ ”

“ ခစ် . . ခစ် . . ခစ်. .”

ဒီလိုပဲ “ နုကလျာ ” က သူရယ်ရင် ဒီလို အသံလေးနဲ့ ရယ်တာ။ ကျွန်မတို့ကတော့ “ ဟား. . ဟား . . ဟား. ” ဆို ရယ်ရင် ရယ်လိုက်တာပဲ။

“ ဟုတ်တယ်ဟာ . . . ငါ အခု ရသွားတဲ့ ကင်းကို ရစေချင်တာ မဟုတ်ဘူး။ ”

“ သြော်. . ”

သူတို့ နှစ်ယောက်လုံး အုပ်အုပ်မိုးမိုး ဝိုးတဝါးနဲ့ အသံပြုတယ်။ ဟုတ်တယ် ကျွန်မသာ ကိုယ့်စိတ်ကူးနဲ့ ကိုယ့်အကြိုက်ကို ရွေးခွင့်ရမယ် ဆိုရင် သူ့ကိုပဲ ရွေးမိမှာပါပဲ။

ဒီလိုနဲ့ပဲ တိမ်ခိုးတွေက ကျွန်မတို့ ပတ်ဝန်းကျင်မှာ တိတ်တခိုး ရွာတယ်။ အုပ်အုပ်သည်းသည်း နဲ့ပေါ့။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

“ ဘယ်သူလဲ. . ပြ . . ပြ။ ”

“ ဟဲ့. . ။ ”

“ စိမ့်စိမ့်စမ်း ” က ဗြောင်ကြီးချမေးတော့ “ နုကလျာ ” က ရှက်သွေးတွေ မျက်နှာပေါ်ဖြန်းရင်း ယောင်ဝါးဝါးလေး အော်တယ်။

“ နေဦး . . နေဦး . . ငါတို့ ဒီလို လုပ်မယ်ဟာ . .။ ”

အပြော အဆိုမှာတော့ သူတို့ ကျွန်မကို ဘယ်လိုမှ မယှဉ်နိုင်။ ကျွန်မက အပြောအဆို ညင်သာ ထိရောက်တယ် လို့ ကိုယ့်ကိုယ်ကိုယ်လည်း ခံယူထားသူ။ စကားကြီး ၁၀ မျိုးကိုလည်း လိုသလို အမြဲတမ်း ဆွဲသုံးတတ်သူ။

 “ ဒီလို လက်ညှိုးလျှောက်ညွှန်နေရင် မကောင်းဘူးဟာ ၊ ဒီတော့ နင်တို့လည်း နင်တို့ စိတ်ထဲမှာ ရွေးထားတဲ့ ကင်းကို စာရွက်ပေါ်ချရေးလိုက်။ ငါလည်း ရေးထားမယ် ၊ ပြီးတော့မှ တစ်ယောက်ချင်းစီ စာရွက်လေးတွေ လဲကြည့်ကြမယ်။ ”

“ ဂွတ်. . ”

“ အေး . . ဒါကောင်းတယ်။ ”

သူတို့နှစ်ယောက် သဘောတူတယ်။ ဒါနဲ့ ကျွန်မ သူ့ကို ကျွန်မ မျက်ထောင့်ထဲက ဆွဲယူသွင်းကြည့်ပြီး သူ့ရဲ့ ခပ်ပြေပြေ ကိုယ်ဟန်နဲ့ ဒီနေ့ အဝတ်အစားကို စာရွက်ပေါ် ကောက်ကြောင်းတင်ကြည့်တယ်။

စာရွက်လေးကို တစ်ဆစ်ချိုးခေါက်ပြီး “ နုကလျာ ” ကို လှမ်းကြည့်လိုက်တော့ သူက စားပွဲပေါ်က စာလေးကို လက်ဝါးလေးနဲ့ အုပ်လို့ ၊ “ စိမ့်စိမ့်စမ်း ” ကတော့ စာရွက်ထဲက အကြောင်းအရာတွေ ခုန်မှာ စိုးသလို ယောင်ရမ်း အထပ်ထပ်ခေါက်နေတယ်။

“ ဘယ်လိုလဲ ပြီးပြီလား ”

စိမ့်စိမ့် ကပဲ မေးတယ်။ တစ်စုံတစ်ခု နင်နေသလို ကိုယ့်လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်သလို မျိုးနဲ့ ခေါင်းပဲ ငြိမ့်ပြလိုက်တယ်။

“ ဒါဆို လဲကြမယ်။ ”

ကျွန်မ စာရွက်လေးက ဝေ့ဝဲပြီး စိမ့်စိမ့် ဆီရောက်တယ်။ စိမ့်စိမ့် စာရွက်က ကလျာ ဆီရောက်တယ်။ ကလျာ့စာက ကျွန်မဆီမှာ။

၁။ ဆံပင်တိုတို . . သို့သော် ထောင်ထောင် မဟုတ်။ သပ်သပ်ရပ်ရပ် ဖီးထားတယ်။
၂။ အမြဲပြုံးနေတတ်တဲ့ နှုတ်ခမ်းတစ်ခု။
၃။ ကျောပိုးအိတ်လေး အမြဲလွယ်ထားတတ်တယ်။
၎။ ဂျင်းပျော့ဘောင်းဘီကို အမြဲလိုလို ဝတ်ပြီး ၊ ပုဆိုး ဝတ်ခဲတယ်။
၅။ လက်ထဲမှာ ဘာမှန်းမသိတဲ့ စာအုပ်လေး တစ်အုပ်ကို အမြဲလိုလို ကိုင်ထားတတ်တယ်။
၆။ x x x x x x x

ကျွန်မ ဆက်မဖတ်ဖြစ်တော့ ၊ အဓိပ္ပါယ်ပါသော မျက်ဝန်းနဲ့ သူတို့ကို ကြည့်ပြီး စိမ့်စိမ့် စာရွက်လေးကို လှမ်းယူပြီး လဲဖတ်လိုက်တော့ စိမ့်စိမ့် ကတော့ သူ့ထုံးစံအတိုင်း ခပ်သွက်သွက်ချရေးထားတယ်။ ဘယ်လိုပဲ ရေးရေး အထဲက အချက်အလက်တွေကတော့ လူတစ်ယောက်ကိုပဲ ရည်ညွှန်းမှန်း သေချာတယ်။

ဒီလိုနဲ့ပဲ မြို့ထဲမှာ နေရင်း တောချောက်သလို ၊ အဝေးက ဗုံသံတွေ ဆူညံ လာခဲ့တယ်။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ဟိုးအဝေးက တိမ်တွေနဲ့
ညက ခဏခဏ
လန့်လန့်နိုးတယ်
မြူခိုးတွေနဲ့ပေါ့။

တကယ်တော့ ကျွန်မတို့ကလည်း ကျွန်မတို့ ကျင်လည်နေထိုင်ရာ ပတ်ဝန်းကျင်မှာ အလှဘုရင်မတွေ မဟုတ်တာတောင်မှ လျစ်လျူရှု ထားလို့ မရသူတွေ စာရင်းထဲမှာ ပါခဲ့ကြသူတွေ။ အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ် စတတ်ဖို့ ကျောင်းဝင်ခွင့်လာတင်ရင်း တွေ့တွေ့ချင်း ခင်မိခဲ့သူ မျှသာ။

ထိုအချိန်မှ စပြီး သုံးယောက်ပြည့်မှ တစ်တွဲလို့ ဆိုရလောက်အောင် ပထမနှစ်တစ်နှစ်လုံး ကျွန်မတို့ တွဲဖြစ်ခဲ့တယ်။ ကိုယ်ပိုင် အမူအကျင့်လေးတွေ မတူပေမဲ့ လက်တွဲခင်မင်မှုမှာ ကျွန်မတို့ ငယ်ပေါင်းကြီးဖော်ပမာ။ တက္ကသိုလ်ရဲ့ ပထမနှစ်က ကျောင်းသူ ကျောင်းသားတွေနဲ့ အတူ တိတ်တဆိတ် ဖြတ်သန်းရင်း တက္ကသိုလ် ကျောင်းသားဘဝကို ပြည့်ဝစွာ ခံစားကြတယ်။

ဒုတိယနှစ်ကျောင်း အပ်တော့လည်း အတွဲလေးပြတ်သွားမှာ စိုးလို့ ကျောင်းအပ်တော့လည်း အတူတူ အပ်ခဲ့ကြတယ်။ ခုံနံပါတ် ရှေ့နောက်။ ကျောင်းတတ်ပြီး တစ်လနေတော့ ပထမနှစ်ကျောင်းသူ ဘဝက စိတ်မဝင်စားခဲ့သော “ ကင်း ” ရွေးခြယ်ပွဲ ဆိုတာကို အခုမှ အာရုံရှိခဲ့မိတယ်။

တိုက်ဆိုင်စွာ ကျွန်မရဲ့ စိတ်ကူးထဲမှ ကင်း နဲ့ ကျောင်းသူ အများ ကင်းက လွတ်လပ်စွာ ကွဲပြားတယ်။ မဲပေးတော့လည်း ကျွန်မက ပါဝင်မဲပေးခဲ့သူ မဟုတ်။ အို. . ကျွန်မတို့ သုံးယောက်လုံး မဲ ဝင်ပေးခဲ့တာ မဟုတ်။ မဲမပေးပဲ ကိုယ့်စိတ်ကူးထဲက ကင်း ကို မဲများစေချင်ခဲ့သူတွေ။

အခုတော့ တစ်ကျောင်းလုံးမှာ သူက ကျွန်မတို့ ပေးတဲ့ မဲသုံးမဲ နဲ့ ဝက်ဝက်ကွဲ အောင်ပွဲခံနေဆဲ. . ကျွန်မတို့ ရင်ထဲမှာပေါ့။

“ ဟယ်. . . တူလှချည်လားဟယ်။ ”

စိမ့်စိမ့် ကတော့ ဒီလိုပဲ ခပ်ဗွင်းဗွင်း ထအော်တယ်။

“ ဟဲ့. . ”

ရှက်သလိုနဲ့ ကလျာ က ဝင်ဟန့်တယ်။ ကျွန်မကတော့ ပခုံးတွန့်ပြရင်း . . .ပြောလိုက်တယ်။

“ ဗိုက်ဆာတယ်ဟာ . . ငါတို့ ကင်တင်း သွားမယ်။ ”

တစ်ယောက်နဲ့ တစ်ယောက် ကုတ်ကုတ် ကုတ်ကုတ် ရေးထားတဲ့ စာရွက်တွေ တစ်လှည့်စီ ဝေဖတ်ပြီး ပွစိပွစိ ဖြစ်နေတဲ့ ကျွန်မတို့ကို ဘေးက ကျောင်းသူတွေကလည်း လှည့်ကြည့် လှည့်ကြည့် လုပ်ကြတယ်။ ဒါကြောင့် ဒီနေရာက သွားသင့်ပြီ။

ကျွန်မတို့ ထထွက်လာကြတယ်။ အဲဒီအချိန်မှာ ကောင်းကင်က ပြာလွင် ကြည့်လဲ့လို့။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ဒီ. . . နောက်ပိုင်းရက်တွေမှာတော့ ကိုယ့်စာရွက်ထဲက ကင်း ကို ကိုယ့်ဖာသာ သိမ်းထားရင်း ကျွန်မ တို့ နေ့ရက်တွေ ရှင်သန် နေခဲ့တယ်။

သူက သူ့ဖာသာ သူအားနေရင် သူ့လက်ထဲက စာမျက်နှာ တစ်ရာလောက်သာ ရှိနိုင်တဲ့ စာအုပ်လေးကို ထုတ်ဖတ်ပြီး မျက်ခုံးတွေကို အတွန့်ချိုးထားတတ်တယ်။ တစ်ခါတစ်ခါ အဝေးကို ငေးလို့ တစ်ခုခု တွေးနေသလို ။

သူ့ကို ကျွန်မ ငေးရတာ အရင်က မသိသာပေမဲ့ အခုနောက်ပိုင်း နေ့ရက်တွေမှာ မောတယ်။ သူငယ်ချင်း နှစ်ယောက် မမြင်အောင် ၊ သူတို့ မသိအောင် ငေးမောရတာ လက်ထဲမှာ လိပ်ပြာလေး ဖမ်းထားရလိုပဲ။ ဖွင့်ရင်လည်း ပျံပြေး ၊ မဖွင့်ပြန်တော့လည်း ကျွန်မ မမြင်ရဘူးလေ။ ဒါပေမဲ့ ဒီလိပ်ပြာလေးက ကျွန်မအနားမှာ ကံကောင်းစွာ ပျံသန်းခွင့်ရသွားတယ်။

အဲဒီနေ့က PT အတွက် အုပ်စုလေးတွေ ဖွဲ့တော့ ၇ အုပ်စုမှာ သူက ကျွန်မတို့နဲ့ အတူတူ တစ်အုပ်စုထဲ။ ကျွန်မတို့ သုံးယောက်ကတော့ ခုံနံပါတ် ရှေ့ဆင့်နောက်ဆင့်ဆိုတော့ တစ်အုပ်စုထဲ ဆိုတာ ပြောစရာ မလိုတော့။ တစ်ဖက်တည်းသိုင်းလွယ်ထားတတ်တဲ့ ကျောပိုးအိတ်လေးကို သူက PT ချိန်ဆို နောက်မှ နှစ်ဖက်လုံး သိုင်းလွယ်ထားတယ်။ ၇ ယောက် အုပ်စုမှာ ယောက်ျားလေး နှစ်ယောက်သာ ပါတာမို့ အဓိက PT လုပ်ရသူက သူ ၊ နောက်ထပ် တစ်ယောက်နဲ့ ကျွန်မ။

သွက်သွက်လက်လက်နဲ့ PT ရဲ့ အချက်အလက်တွေကို ခေါင်းချင်းဆိုင် တွက်နေမိတဲ့ အချိန် သူ့ဆီက Roll On အနံ့လေးကို ကျွန်မ ခိုးရှူ မိန်းမူးမိတယ်။ သူသွားရာ ကိုင်ထားတတ်တဲ့ စာအုပ်လေးကို အနီးကပ်တော့မှ ကြည့်လိုက်တော့ “ ကမ္ဘာ့ အဆိုအမိန့်များ ” စာအုပ်ကို အင်္ဂလိပ်ဘာသာနဲ့ ဆိုတာ တွေ့ရတယ်။ သူ့အတွက် တော်တော် အဖိုးတန် စာအုပ်ထင်တယ်။ သူကတော့ ဘယ်တော့မှ သူ့လက်က မချ။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ဆရာမတွေရဲ့ ဆူပုပ်နေတဲ့ မျက်နှာကို နောက်ဆုံးအကြိမ် ထပ်ကြည့်လိုက်ပြီး ဇတ်ကလေးပုကာ ဂဏာန်းပေါင်းစက်ကို ထပ်နှိပ်ပြီး တွက်လိုက်တယ်။ ဟုတ်တယ်. . . ဒီနေ့ ကျွန်မတို့ အဖွဲ့ PT မှာ နောက်ဆုံး ဖြစ်နေတယ်။ အခုထိ အဖြေ မထွက်သေး။ သူများတွေ တစ်အုပ်စုပြီး တစ်အုပ်စု ထွက်သွားကြပြီ။ ဆရာမတွေလည်း ပြန်ဖို့ အလှတွေ ပြင်နေကြပြီ . . . မျက်စောင်းလေးတွေ ခဲလို့ ၊ ကျွန်မတို့ကတော့ ဇတ်လေးတွေ ပုလို့။

“ ရပြီ. . . ငါတို့ အယ်လ်ဖာ တန်ဖိုးကို မေ့ပြီး မတွက်မိလို့. . ရပြီ။ အဖြေရပြီ။ ”

သူက ပျော်ပြီး အော်တယ်။ အုပ်စုရဲ့ ထုံးစံ အတိုင်းပါပဲ တစ်ယောက်က ရတဲ့ အဖြေကို ဝိုင်းကူးလိုက်ကြတယ်။ ဆရာမဆီသွား . .အမှတ်ခြစ် . . . PT ခန်းထဲက ဇတ်လေးတွေ ပုပြီး ထွက်လာတယ်။ ဆရာမတွေလည်း ထွက်ချင်နေပြီလေ ကျွန်မတို့က အရစ်ရှည်နေတာ. . .

“ ဟိဟိ. . . ဆရာမတွေတော့ ဘဝနာသွားမှာပဲ ဟား ဟား . .”

စိမ့်စိမ်က ဒီလို ဟောဟောဒိုင်းဒိုင်း ပြောချတယ်။ သူကလည်း ကြည်လင်စွာ ပြုံးလို့. . .၊ ကျွန်မက . .

“ ငါတို့ တော်တော် နောက်ကျသွားတယ်နော်။ ဗိုက်တောင် ဆာလာပြီ ကင်တင်းသွားမယ်ဟာ ငါတို့ အဖွဲ့လုံး တစ်ယောက်နဲ့ တစ်ယောက်လည်း သေချာ မိတ်မဆက်ရသေးဘူး။ ”

“ အိုကေလေ. . ဂိုးပေါ့။ ”

သူ့ဆီက ထောက်ခံသံ ထွက်လာတယ်။ လူရှုပ်တဲ့ ကင်တင်းကို ရှောင်ပြီး ကျွန်မတို့ လူရှင်းတဲ့ ကင်တင်းလေးကို ရောက်အောင် နေပူထဲမှာ ဖြတ်ရတယ်။ ကင်တင်းထဲ ရောက်တော့ လူတွေက နှစ်ယောက်တစ်တွဲ ထီးတွေ မျှဆောင်းထားရင်းကို ပူလောင်လို့. . .။ ၇ ယောက်အတွက် စားပွဲလေးကို ဆက်ပြီး ထိုင်လိုက်ကြတော့ သူနဲ့ နီးနေတာက “ ကလျာ ”။

“ နင့်လက်ထဲက စာအုပ်က ဘာစာအုပ်လဲ။ ငါ့ကို ခဏပြစမ်းပါဦး။ ” 

ကလျာက ဒီလို တောင်းတော့ သူက အေးဆေးပါပဲ ကမ်းပေးတယ်။

“ သြော် . . ကမ္ဘာ့အဆိုအမိန့်များ စာအုပ်ပဲ။ ”

ကလျာက ဒီလို ပြောရင်း နေပူထဲကို ဖြတ်လာရတဲ့ အပူဒဏ်အတွက် သူ့စာအုပ်လေးကို ယပ်တောင်လို ခပ်ရင်း ကျွန်မတို့ဆီကို မျက်လွှာပင့်ကြည့်တယ်။ ဒီအကြည့်မှာ ဘယ်လောက် အရာရောက်သွားတယ် ဆိုတာ ကျွန်မ ၊ စိမ့်စိမ့်နဲ့ ကလျာပဲ သိလိမ့်မယ်။ သူ့စာအုပ်လေးကို ယပ်တောင်အဖြစ် ခပ်ပြီး သူ့ရဲ့ အမောတွေကို ပြေစေတဲ့ လေပြေလေးတွေ ရောက်လာစေသလိုလို။

အဲဒီနေ့က စခဲ့ပါတော့တယ်။ ကျွန်မတို့ သုံးယောက် ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်မခုကြပေမဲ့ သူငယ်ချင်း ဖြစ်ပြီးကတည်းက သူနဲ့ အတူတူ ကင်တင်းသွားရင် သူ့ရဲ့ စာအုပ်ဟာ ကျွန်မတို့အတွက် ယပ်တောင်လုပွဲ . . . ဒါမှ မဟုတ် . . လေပြေလုပွဲ ပါပဲ။ သူကတော့ ဘယ်သူပဲ သူ့ရဲ့ စာအုပ်လေးကို ယူခပ်ခပ် မျက်လုံးလေးတွေ မှေးစင်းပြီး ပြုံးလျက်ပါပဲ။

ဒါနဲ့ပဲ နေတွေ ညို . . . တိမ်တွေပြိုပြီး. . . အချိန်တွေ အိုလာခဲ့တယ်။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

“ ဘာလိုလိုနဲ့ ငါတို့ ဖိုင်နယ်တောင်မှ ရောက်လာပြီနော်။ ”

ကလျာရဲ့ စကားထဲမှာ အဓိပ္ပါယ်ပေါင်း များစွာ ပါဝင်တယ်။ ကျွန်မတို့ အခုချိန်ထိ သူ့ဆီက စာအုပ်လေးကို လုနေကြတုန်း ၊ စာအုပ်က ပေးတဲ့ လေပြေလေးကို လုခပ်နေရတုန်း။ သူကလည်း ပြုံးပြီး ကြည့်နေတုန်း ပါပဲ။ ဘာမှ မထူးခြားခဲ့ ၊ ဒီထက်လည်း အဆင့်ပို မလာခဲ့။

“ ဟေး . . .နင်တို့နဲ့ မိတ်ဆက် ပေးမလို့။ ”

အဝေးကို ငေးနေရင်း အတွေးထဲ မျောနေတဲ့ ကျွန်မတို့ သုံးယောက်ကို သူ့အသံက လှုပ်နှိုးလိုက်တယ်။

“ ဟင်. . . ဘာကို မိတ်ဆက်ပေးမှာလဲ။ ”

စိမ့်စိမ့်ရဲ့ အသံက မကြည့်သေးပဲ အရင် ထွက်လာတယ်။

“ သြော်. . . ”

ကျွန်မတို့ သုံးယောက်လုံးက ထွက်သွားတဲ့ အာမေဋိတ် အသံ။ သူ့ဘေးနားမှာ သူမိုးပေးလာတဲ့ ထီးကို ခေါက်ရင်း ကောင်မလေး တစ်ယောက် ပြုံးလျက်။

“ ဒါက . . .”

သူက ကျွန်မတို့နဲ့ မိတ်ဆက်ပေးဖို့ သူ့လက်ထဲမှာ အမြဲကိုင်ထားတတ်တဲ့ စာအုပ်လေးနဲ့ ကောင်မလေးကို ရွယ်တယ်။

“ ထိုင်လေဟာ . . နင်ကလည်း ဘယ်သွားမလို့လဲ။ ”

“ သြော်. . အေး ဟုတ်သားပဲ။ ငါလည်း မိတ်ဆက်ပေးချင် ဇော များသွားတယ်။ ”

သူက ပြောပြောဆိုဆို ကောင်မလေးအတွက် ထိုင်ခုံကို ဆွဲယူရင်း နေရာပေးတယ်။ နောက် သူက ဘေးမှာ ထိုင်ရင်း . .

“ ဒါက သိမ့်သိမ့်ထွေး။ ငါ့ချစ်သူ ပေါ့။ ငါတို့ ကျောင်းပြီးရင် လက်ထပ်တော့မယ်။ ဒါကြောင့် နင်တို့ဆီကို ခေါ်လာပြီး မိတ်ဆက်ပေးတာ။ ”

“ သြော်. . . ”

ကျွန်မတို့ ဒုတိယအကြိမ်မြောက် တူညီသော အာမေဋိတ်ကို ပြိုင်တူပြုကြတယ်။ ဒီအချိန်မှာ အပြင်က လာရတော့ ပူလာတယ် ထင်တယ် သူ့ကောင်မလေးက သူ့စားပွဲပေါ်တင်ထားတဲ့ စာအုပ်လေးကို ယူပြီး ယပ်ခပ်နေတယ်။ သူ ဘာဆက်ပြောလဲ ကျွန်မ မသိတော့ဘူး ၊ ကျွန်မ မကြားမိတော့ဘူး ၊ ကျွန်မ အတွေးထဲမှာ မြင်နေတာက သူ့ရဲ့စာအုပ်လေးကို ယပ်တောင်အဖြစ် လုခပ်နေတဲ့ ကျွန်မတို့ သူငယ်ချင်း သုံးယောက် ဒီအခွင့်အရေးကို ထာဝရ ဆုံးရှုံးသွားပြီ ဆိုတာပါပဲ။ အခု သူ့စာအုပ်လေးကို သူ့ကောင်မလေးသာ တရားဝင် ယူခပ်ခွင့် ရနေခဲ့ပြီလေ။

“ ငါတို့ သွားလိုက်ဦးမယ်။ ”

သူ့ဆီက ဒီအသံကြားမှ အတွေးထဲ လှိုင်းစီးနေမိတဲ့ ကျွန်မ ရုတ်တရက် လန့်နိုးလာသလိုမျိုး ဖြစ်လာခဲ့တယ်။ ကျွန်မ ဘေးဘီကို ကြည့်လိုက်တော့ ကျွန်မလိုပဲ စိမ့်စိမ့် နဲ့ ကလျာကလည်း တွေဝေဝေနဲ့။

“ အေး . . အေး . . နောက်လည်း ခေါ်လာခဲ့လေဟာ ငါတို့နဲ့ အမြဲတမ်း တွေ့ရတာပေါ့။ ”

ကျွန်မ ဒီတစ်ခွန်းပဲ ပြောထွက်သွားတယ်။

“ အိုကေ . . သွားပြီ။”

သူက ဒီလို နှုတ်ဆက်ပြီး သူ့ကောင်မလေး ကို ဆောင်းပေးဖို့ ထီးလေးကို ဖွင့်ပြီး ကျွန်မတို့ ထိုင်နေတဲ့ ကင်တင်းထဲကနေ ထွက်သွားတယ်။ ဝေး. . . ဝေး . . သွားတဲ့ သူ့တို့ကို ကြည့်ပြီး ရင်ထဲမှာ တစ်ခုခုကို ဆုံးရှုံးလိုက်ရသလို ခံစားရတယ်။ ဒါပေမဲ့ပေါ့လေ. . ဆုံးရှုံးရတာချင်း အတူတူ ဆိုရင်တောင်မှ သူငယ်ချင်းနှစ်ယောက်ထက် စာရင်တော့ ကျွန်မက ဖြေသာပါတယ်။

အဲဒီနေ့က သူနဲ့ ကျွန်မသာ ကျောင်းကို အစောကြီး ရောက်နေလို့ သူငယ်ချင်းတွေကို စောင့်ရင်း သူနဲ့ နှစ်ယောက်တည်း ကင်တင်းထိုင်နေတုန်း သူကသာ ငါ့ကို တစ်ခုခု ဖွင့်ပြောရင် ငါတော့ ချက်ချင်းများ တစ်ခုခု ပြန် အဖြေပေးမိမလား ဆိုပြီး ကိုယ့်ဖာသာ ရှက်ရွံ့အားငယ်နေတုန်း . . .

“ နင့်ကို ငါ လက်ဆောင် တစ်ခု ပေးစရာ ရှိတယ်။ ”

“ဟင်. . ဘာများလဲ။ ”

ကျွန်မ ဟန်ဆောင်သာ ပြောလိုက်ရတာ ကျွန်မ ရင်ထဲမှာ ဗြောင်းဆန်အောင် ဆူညံသွားမိတယ်။ သူ ငါ့ကို ဘာများပေးမှာပါလိမ့် လို့လည်း အကြိမ်ကြိမ် ခေါင်းထဲမှာ တွေးနေမိတယ်။ သူကတော့ သူ့ကျောပိုးအိတ်လေးထဲကနေ ရှည်မျောမျောဗူးလေးကို ထုတ်ပြီး စားပွဲပေါ်ချပေးတယ်။

“ ဘာလဲ။ ”

“ နင့် ဖွင့်ကြည့်လေ။ ”

ဆိုပြီး ကျွန်မဘက် တိုးပေးတယ်။ ကျွန်မ ဆူညံနေတဲ့ ရင်အစုံနဲ့ တုန်နေတဲ့ လက်တွေကို ဘာမှ မဖြစ်သလို ဟန်ဆောင်ရင်း သူ့လက်ဆောင်လေးကို ဖွင့်ကြည့်လိုက်တော့ “ နံ့သာဖြူ ခေါက်ယပ်တောင်လေး တစ်ချောင်း ” ကို တွေ့လိုက်ရတယ်။

“ နင် အပြင်ထွက်ရင် ပူတော့ အပူသက်သာအောင် ယပ်ခပ်လို့ ရအောင် ငါ လက်ဆောင်ပေးတာ။ ငါ့စာအုပ် ယူခပ်နေတာကို မကြိုက်လို့ မဟုတ်ဘူးနော်။ အခုလို နံ့သာဖြူ ယပ်တောင်လေးနဲ့ ဆိုတော့ နင် ခပ်လိုက်တဲ့ လေပြေတွေတိုင်းမှာ မွှေးရနံ့လေးတွေလည်း ပါတာပေါ့ဟာ။ ”

သူ့ကို ကျွန်မ ဒီလောက် ကဗျာဆန်လိမ့်မယ်လို့ မတွေးမိထားတော့ ကျွန်မ ဘာမှ မပြောနိုင်ခဲ့ပါ။ သူ့လက်ဆောင်လေးကိုလည်း ကျွန်မ ကျောင်းလာတိုင်း ကျွန်မအိတ်ထဲမှာ အမြဲပါလာပေမဲ့ သူငယ်ချင်း နှစ်ယောက်ကို အနိုင်ယူလို စိတ်နဲ့ ထုတ်မသုံးဖြစ်ခဲ့ပဲ သူ့ရဲ့ စာအုပ်လေးကိုသာ ဆက်ပြီး ယပ်တောင်အဖြစ် လုခပ်နေခဲ့တယ်။ သူငယ်ချင်းတွေနဲ့ စိတ်ဝမ်းကွဲတာမျိုး ကျွန်မ မလိုချင်ပါ။

“ သြော်. . . အခုတော့ ငါတို့ သူ့စာအုပ်လေးကို ယပ်တောင်သဘောနဲ့ လုပြီး ခပ်ခွင့် မရှိတော့ဘူးပေါ့လေ။ ပိုင်ရှင်က ပေါ်လာပြီးကိုး။ နောက်ဆုံးတော့ ငါတို့ အားလုံး ရှုံးတာပါပဲနော်။ ”

စိမ့်စိမ့်က ဒီလို ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကလျာကတော့ မျက်ရည်ကြည်နေ ဝဲနေတဲ့ မျက်ဝန်းနဲ့သာ။ စိမ့်စိမ့် ပြောလိုက်တဲ့ စကားကြောင့် ငုပ်နေတဲ့ ကျွန်မ မခံချင်စိတ်တွေ ရုတ်တရက် နိုးလာတယ်။

“ အေးလေ . . သူ့မှာ ပိုင်ရှင် ရှိသွားပြီပေါ့လေ။ ဒါပေမဲ့ ငါ့အတွက်ကတော့ ဖြေသာပါတယ်။ သူ ငါ့အတွက် ဆိုပြီး ပေးထားဖူးတဲ့ အမှတ်တရလေးကို သိမ်းထားရတာနဲ့တင် ငါကျေနပ်တယ်။ ”

ဘာရယ် မဟုတ်ပေမဲ့ သူငယ်ချင်းတွေကို ရုတ်ရက် အနိုင်လိုစိတ်ကြောင့် ပြောမိသွားတယ်။ ကျွန်မရဲ့ စကားသံကြားတော့ စိမ့်စိမ့် နဲ့ ကလျာ က . . .

“ ဘာ လက်ဆောင်လဲ။ သူက နင့်ကို လက်ဆောင် ပေးထားတယ် ဟုတ်လား။ ”

ကျွန်မက အနိုင်ရသွားတဲ့ စစ်သူကြီး တစ်ယောက်လို ဟန်မျိုးနဲ့. . .

“ ဟုတ်တယ် သူငယ်ချင်းတို့ . . သူ ငါ့ကို အမှတ်တရ ဆိုပြီး လက်ဆောင် ပေးထားဖူးတယ်။ ”

သူတို့ ကြောင်ငေးကြည့်နေစဉ် ကျွန်မ အိတ်ထဲကို လက်နှိုက်လိုက်ပြီး သူ ပေးထားတဲ့ နံ့သာဖြူ ယပ်တောင်လေးဗူးလေးကို ထုတ်လိုက်ပြီး စားပွဲပေါ် တင်ပြလိုက်တယ်။

“ ဒီ နံ့သာဖြူ ယပ်တောင်လေးပဲ သူငယ်ချင်းတို့။ ငါအတွက် ယပ်တောင်ခပ် လိုက်တိုင်း လေပြေတွေမှာ အမွှေးရနံ့လေးတွေ ပါအောင် သူက လက်ဆောင်ပေးတာတဲ့။ ”

ကျွန်မ စကားဆုံးတော့ သူတို့ နှစ်ယောက် သိချင်ဇောနဲ့ အရှေ့ကို အားစိုက်ကြည့်နေရာကနေ နောက်ကျောက ကုလားထိုင် အမှီပေါ် ရုတ်တရက် လန်သွားကြတယ်။ ပြီးတော့ ပြိုင်တူ . . .

“ ဟား . . . ကွာ . ”

ကျွန်မ သူတို့ မျက်နှာပေါ်က ရှုံးနှိမ့်ခြင်း ဆိုတဲ့ အရိပ်အယောင် မဟုတ်ပဲ တခြား တစ်ခုခု တွေ့လိုက်ရသလိုပဲ. .

“ ဘာလဲ . . ဘာဖြစ်လို့လဲ။ ”

ကျွန်မက ဒီလို ပြောတော့ သူတို့ နှစ်ယောက် စလုံး သူတို့ အိတ်လေးထဲကို လက်နှိုက်လိုက်ပြီး သူတို့ ကိုယ်စီ ပစ္စည်းတစ်ခုစီ စားပွဲပေါ် တင်လိုက်ကြတယ်။ ကျွန်မ ကြည့်လိုက်တော့ သူ ကျွန်မကို ပေးထားတဲ့ နံ့သာဖြူ ယပ်တောင်ဗူးလေး လိုမျိုးပါပဲ ဆင်တူ။ ပြီးတော့ သူတို့ နှုတ်ကလည်း ပြိုင်တူ ပြောကြတယ်။

“ အေး . . အဲဒီ နံ့သာဖြူ ယပ်တောင်လေးပဲ ငါလည်း တစ်ခု ရထားတယ်။ ”

အဲဒါနဲ့ပဲ
တိမ်တွေ သိပ်သိပ်သည်းသည်း ပြိုလာကြတယ်။
ငါ မငိုပါဘူး။
သူ့ဖာသာ မျက်ဝန်းတွေကို စိုလာကြတာပါ။


ကိုဇော်
2.5.2010
http://www.zaw357.net



Share/Bookmark

13 ယောက် ရဲ့ ထင်မြင်ချက်:

အတွေးကမ္ဘာ..မှတ်တမ်း said...

ကိုဇော်ရေ စကာပြေအရေးအသား တော်တော် ကောင်းတယ်ဗျို့...ဖတ်နေတယ်ဆိုတာတောင်မေ့ သွားတယ်...ကဗျာတွေလည်းအရမ်းကောင်းတယ်ဗျ...ကျွန်တော် e-mail ကနေသူငယ်ချင်းတွေဆီ Forward လုပ်လိုက်မယ် Link လဲထည့် လိုက်မယ်....

ketchup said...

ကိုဇော်ရေ အရေးရော အတွေးပါ ဂွတ်တယ်ဗျိ့....

ma ma said...

ငါမငိုပါဘူး သူ့ဖာသာမျက်ဝန်းတွေကို စိုလာကြတာပါ။

မှန်တယ်ကိုဇော် လူတိုင်းရင်ထဲမယ်
မတူညီတဲ့ ခံစားချက်တွေရှိသလို
တူညီတဲ့ ခံစားချက်တွေရှိတယ်
အရေးလေးအတွေးလေးတွေလေးစားပါတယ်။

သိင်္ဂါကျော် said...

ငယ်တုန်းက တိတ်တခိုး အချစ် ကို မမေ့နိုင်လို့ ခုထိ အပျိုကြီး ဖြစ်နေတယ် လို့ ပြောချင်တာလား ဟင်..
နောက်တစ်ယောက် မတွေ့သေးလို့ နေပါလိမ့်မယ်.. ဒါမှမဟုတ်လည်း စီးပွားရေးကိုပဲ အာရုံစိုက်နေလို့ နေမှာပါ.. :P

မစိုး said...

အရေးအသားမှာ လူတစ်ယောက်ကို ဆွဲခေါ်သွားနိုင်စွမ်းရှိတယ်။ အဆုံးအထိကို တောက်လျှောက်ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်လမ်းလေးပါပဲ။
ဝတ္ထုတိုအနေနဲ့ မဂ္ဂဇင်းမှာ ထည့်ရင်ကောင်းမယ်။
တကယ်ဖတ်လို့ ကောင်းပါတယ် သူငယ်ချင်း။
အောင်မြင်ပါစေ။

ချော (အစိမ်းရောင်လွင်ပြင်) said...

ကောင်းတယ်.. မိန်းခလေးတစ်ယောက်နေရာကနေ ရေးထားတာမို့လို့ထင်ရဲ့ နုညံ့နေတယ်..သုံးယောက်လုံးရဲ့ ရင်ထဲကို မြင်လိုက်မိပါရဲ့
တစ်ခါတစ်ခါတော့လဲ မငိုဘဲနဲ့ တိမ်တွေကြောင့် ပြိုတတ်ပါတယ်

မြသွေးနီ said...

ကိုဇော် ဒါမျိုးလေးတွေ ဆက်ရေးစေချင်တယ်။
အမြဲဖတ်နေကြ အမျိုးအစားတွေထဲကနေ ခွဲထွက်ပြီး ဒီလိုမျိုးရေးထားတာ ဖတ်ရသူအတွက် ဆန်းသစ်နေ စေတယ်။ သူစိတ်မ၀င်စားတဲ့၊ သူ့ကိုစိတ်ဝင်စားတဲ့သူကို သိမ်မွေ့စွာ နားလည်မှုပေးလိုက်တာက သူ့ရဲ့ သူငယ်ချင်းတွေ အပေါ်မှာထားတဲ့ပင်ကိုယ်စိတ်ကို ပေါ်လွင်သွားစေတယ်။

KO GYI said...

မိုက်တယ် ဦးဇော်ရေ
ဒီလူကြီးတော်တော်ရေးတတ်၏
သူ့သဘော သူ့မနောမှာ သူ့စိတ်တိုင်းကျ စိတ်ကူးပုံဖော်နေကြတာ မဆန်းပေမယ့်.......

time03 said...

စားတယ်ဗျို.

ရွှေနတ်သား said...

ှဂွတ်တယ်ဗျို့ ..ဒါမျိုးလေးတွေလည်းရေးပါဗျ
ဘယ်ရမလည်း..မင်းသားနေရာကခံစားပစ်လိုက်တာ ..ဟီးးးး
ကောင်မလေးသုံးယောက်တောင်..သနားပါတယ်ဗျာ

ချစ်သမီး said...

:)

nn

ညလင်းအိမ် said...

ကောင်းလိုက်တာ ကိုဇော်ရ ... စကားပြေအရေးအသား အရမ်းမိုက်တယ် ...
နောက်ပြီး ကဗျာလေးတွေ ညှပ်ရေးတာ ကျွန်တော်အရမ်းကြိုက်တာ ...
ဇာတ်လမ်းအစကနေ အဆုံးအထိ ဆွဲခေါ်သွားတယ်ဗျာ ...
ထပ်ပြီးပြောမယ် ကိုဇော်ရေ ...

အရမ်း .. အရမ်းကို ကောင်းတယ်ဗျာ ....း)

phyo said...

ကိုဇော်ရေ ပရိတ်သတ်တွေ ပြောသလိုဘဲ အရမ်း အရမ်း ဖတ်လို့ ကောင်းပါ၏ .. နောက်တစ်ပုဒ် စောင့်နေမယ်...

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.