မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 May 2010

3 ထောင့်ချိုးများ




အပေါ်က ပုံလေးကို မြင်ဖူးကြမှာပါ။ အခု နောက်ဆုံး ယူကရိန်းမှာ ဖြစ်သွားတဲ့ ပါလီမန်မှာ သတ်ပုတ်ပွဲ လို့ ဆိုရမှာပဲလေ သိကြတယ် မလား။ ဒီလိုပဲ အရင်ကလည်း အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ ဒါကို လေ့လာသူ တစ်ယောက်က ဘာပြောလဲ ဆိုတော့ ဒါဟာ “ ထောင့်ချိုးများ ရဲ့ ဆုံမှတ် ” လို့ ဆိုတယ်။ ဒါကို သူက ဒီလို ရှင်းပြတယ်။ အောက်က ပုံလေးကို ကြည့်ပါ။ ဒါ ဟိုးရှေးရှေးက ပုံလေးပါ။



အဲဒီလို Meeting အတွက် စားပွဲတွေကို သုံးတဲ့ အချိန်အခါက တစ်ယောက်နဲ့ တစ်ယောက် ထောင့်ချိုးတွေမှာ ထိပ်တိုက် ရင်ဆိုင်ရမှုတွေ အများကြီး ဖြစ်ပြီး ရန်ပွဲတွေ အများကြီး ဖြစ်ခဲ့ရတယ်။ သူ့ရဲ့ အယူအဆနဲ့ ကိုယ်ရဲ့ အယူအဆက မတူညီပဲ ညှိလို့ မရသော ထောင့်ချိုးတွေနဲ့ ဆုံကြရပြီး ပြဿနာတွေ များလာခဲ့တယ်။ ဒီအကြောင်းကို သူက လေ့လာပြီး စာအုပ်တစ်အုပ်ထုတ်တယ်။ အဲဒီနောက်မှာ သူ့ရဲ့ အယူအဆကို အားလုံးက လက်ခံပြီး Meeting တွေရဲ့ စားပွဲခုံတွေကို ထောင့်ချိုးတွေ မရှိအောင် လုပ်လိုက်ကြတယ်။ အောက်က ပုံလိုပေါ့။




ဒီတော့ တကယ်ကို အံ့သြစရာ ကောင်းလောက်အောင် Meeting တွေမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ လျော့ပါးသွားပြီး ပြဿနာတွေ နည်းသွားခဲ့တယ်။ ဒါပေမဲ့ ပေါ့လေ။ ခေတ်ဆိုတာ ပြောင်းလဲ နေပါတယ်။ ဘာမှန်းမသိပေမဲ့ ပိုမို သစ်ဆန်းသော ပစ္စည်းများကို သုံးစွဲရင်း သဘောတရား ဆိုတာတွေက ပျောက်ရှကုန်တယ်။ အခုတော့ ပိုမို ဆန်းသစ်သော Meeting Set တွေကို သုံးလာကြတယ်။ အောက်က ပုံလိုပေါ့။



ဒီတော့ ဘာတွေ ဖြစ်လာလဲ ဆိုတော့ ပြဿနာတွေ အားလုံးကို တစ်ယောက်တည်းအတွက် သွားပြီး စုပုံချ သလို ဖြစ်လာပြန်တယ်။ ဒါနဲ့ပဲ ပြဿနာတွေ ပိုမိုကြီးလာလား မသိတော့ပါဘူး။ ကျွန်တော်လည်း မပြောတတ်ဘူး။ ပြောတတ်တာ တစ်ခုတော့ ရှိတယ်။

လူတွေက “ အတ္တကြီးတယ်။ ”

ဒီလိုပဲ ကျွန်တော် ပြောနိုင်တယ်။ ကျွန်တော် ငယ်ငယ်က အထက်က စားပွဲတွေ အကြောင်း မသိခဲ့ဘူး။ ဒါပေမဲ့ ဆရာတစ်ယောက်က ပြောတော့ မဟုတ်လောက်ဘူး ဆိုပြီး စုံကန်ငြင်းခဲ့ပါတယ်။ Hang Ten ဆိုပါတော့။ ဒါနဲ့ ဆရာက စာအုပ်ကို ပြတော့မှ ၊ ဖတ်ပြီး လက်ခံခဲ့ရတယ်။ လောကမှာ အရာရာဟာ ပြောင်းလဲ နေပါတယ်။ ကိုယ်သိတာလေး တစ်ခုကို မျက်စိ စုံမှိတ်ပြီး “ ဘူး ” တစ်လုံး ဆောင် ဆိုပြီး “ ဘူး ” မမှုတ်သင့်တော့ပါဘူး။

ကျွန်တော် ငယ်ငယ်က ၃ တန်းလောက်မှာ ထင်တယ်။ ( မသေချာပါ။ )

“ မြွေကိုက်ခံရလျှင် ကိုက်သော နေရာကို ရေဆေးပြီး ဓါးဖြင့်ခွဲပါ။ ထိုနောက် ပုလင်းဖြင့် စုပ်ထုတ်ပါ။ ပုလင်း မလွယ်လျှင် ပါးစပ်မှာ အနာ မရှိပါက ပါးစပ်ဖြင့် စုပ်ထုတ်နိုင်သည်။ ထိုနောက် ဒဏ်ရာရဲ့ ပေါင်ရင်း ၊ လက်မောင်းရင်းတွေကို ကြိုးနဲ့ သေချာစွာ ကြပ်စည်း တုပ်နှောင်ပြီး ဆေးရုံသို့ လူနာကို မလှုပ်အောင် ဂရုစိုက် ပို့ပါ။ ”

လို့ ဖင်ထောင်အောင် အော်ကျက်ခဲ့ရဖူးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ဆေးကျောင်းတတ်နေတဲ့ ညီ နဲ့ တွေ့တော့ သူနဲ့ စကားပြောဖြစ်တယ်။ ဟောဗျာ. . . မြွေကိုက်သူကို ကိုက်တဲ့ နေရာရဲ့ အထက်မှာ ကြိုးနဲ့ အတင်း မစီးရတော့ဘူးတဲ့။ ကိုက်တဲ့ နေရာရဲ့ အပေါ်လေးမှာပဲ လက်တစ်လုံးလောက်ခံပြီး သွေးလျှောက်နိုင်အောင် စည်းပေးထားရမယ် တဲ့။

“ ဟာ . . ဒါဆိုရင် အဆိပ်တွေ ပျံ့တာ မြန်မှာပေါ့ကွ။ ဒါကြောင့် ကြပ်စည်းခိုင်းတာလေ။ ”

ဆိုတဲ့ ကျွန်တော် ဆင်ခြေကို သူက လက်တွေ့ သဘောတရားနဲ့ ရှင်းပြပါတယ်။

“ မဟုတ်ဘူး အစ်ကိုရ။ အဆိပ်ပျံ့မှာ စိုးတာကတော့ ဟုတ်တယ်။ ဒါပေမဲ့ ဆေးရုံကို ရောက်ဖို့ ခရီးဝေးတယ် ဆိုရင် အဆိပ်က ကြပ်စည်းထားတဲ့ နေရာမှာ သွေးက မလျှောက်ဘူးလေ။ ဒါကြောင့် မြွေဆိပ်က ရာခိုင်နှုန်းများ လာတော့ အဆိပ်ဖြေဆေးလည်း ထိုးပြီးရော အဆိပ်က ကြပ်စည်းထားတဲ့ နေရာမှာ များနေတော့ ခြေထောက် ၊ လက်ကို ဖြတ်ထုတ်လိုက်ရတာ များတယ်။ ”

“ ဟာ . . တကယ်လား။ ”

“ ဟုတ်တယ် အစ်ကို၊ ဒါကြောင့် အခု နောက်ပိုင်း မြွေကိုက်လို့ ကြပ်စည်းရင် သွေးနည်းနည်းတော့ လျှောက်နိုင်အောင် လက်လေး တစ်လုံးလောက် ချန်ပြီးစည်းဖို့ ပြောထားတာ။ ဒါကြောင့် အစ်ကိုတို့ ငယ်ငယ်က ကျက်ခဲ့တဲ့ မြွေကိုက်ရင် ဘာညာ ဆိုတာ သင်ရိုးမှာ မပါတော့တာပေါ့။ ”

“ သြော် . . ဒီလိုကိုး ”

ဒီလိုပါပဲ။ ကျွန်တော်တို့ ငယ်ငယ်က ကျတော့လည်း လူကြီးတွေကို ခေတ်မမှီတော့သလို ပြောခဲ့ဖူးတယ် မဟုတ်လား။ ဒါကြောင့် တစ်ချိန်ချိန်တော့ ခေတ်ကို ကျွန်တော် မျက်ခြေပြတ်နေခဲ့ရင် နောက်က တတ်လာတဲ့ လူငယ်တွေရဲ့ “ ခေတ်မမှီတော့ဘူး ”  ဆိုတဲ့ အပြောကို ကျွန်တော် ကျိန်းသေ ခံရမှာပါပဲ။

ဒီနေရာမှာ ကျွန်တော် အခု မြင်နေတာလေး တစ်ခုတော့ ရှိတယ်ဗျာ။ “ ကျွန်တော်တို့ ၊ ကျွန်မတို့ကတော့ ဒီလိုပါပဲ ” ဆိုတဲ့ ၁၉ ရာစုက ကျမ်းအဟောင်းကြီးကို ဖုန်တွေ တလူးလူးနဲ့ အမြတ်တနိုးကိုင်ပြီး ပြောနေကြတာတွေ။ ခေတ်ကို အမှီမလိုက်နိုင်ပဲ ကျန်နေခဲ့ပြီး ကိုယ်ဆုပ်ကိုင်ထားတဲ့ ပုပ်အက်အက် အရာလေးကို အမြတ်တနိုးနဲ့ တန်ဖိုးထား ရှူနေကြသူတွေ။ သူတို့ကို ကျွန်တော် ဘယ်လိုမှ မလုပ်ပေးနိုင်ပါ။ ကျွန်တော့်ကိုယ် ကျွန်တော်တောင်မှ ဘယ်နေ့ ခေတ်နဲ့ နောက်ကျ ကျန်ခဲ့မယ် မသိပါ။ တစ်ချိန်ချိန်တော့ ကျွန်တော် ဘလော့ရေးခြင်းမှ အနားယူမှာပါ။ ကိုယ့်ကိုယ်ကိုယ် ငါ ခေတ်မမှီတော့ဘူး ၊ ခေတ်နောက်ကျ ကျန်နေခဲ့ပြီ ဆိုသော အခါမှာ ကျွန်တော် နားပါတော့မယ်။ ( မဝေးတော့ဘူး ထင်ပါတယ် :P )

နောက်တစ်ခုက ကျွန်တော်က စာရေးခြင်းကို ကျွန်တော့် အပန်းဖြေခြင်းလို့ မှတ်ယူထားတာ လုံးဝ မဟုတ်ပါ။ ကျွန်တော့်ရဲ့ အပန်းဖြေခြင်းက ဘောပွဲကြည့်ခြင်း ၊ ချက်ထိုးခြင်း နှင့် စာဖတ်ခြင်းပါ။ စိတ်ထွက်ပေါက် အနေနဲ့ ရေးနေတာလား ဆိုရင်လည်း မဟုတ်ပါ။ ကျွန်တော်က စိတ်ထွက်ပေါက် လိုချင်ရင် သီချင်း အော်ဆိုပါတယ်။ ( လူသူ ကင်းရာမှာပေါ့။ ) အခုက စာတွေ ရေးတာကတော့ ဝါသနာလေး တစ်ခုကို အခြေပြုပြီး သူများတွေ နည်းနည်းလောက် တွေးတော စဉ်းစားစေချင်လို့ ရေးဖြစ်သွားတာ။ ( မရေးတော့ ဘာဖြစ်လဲ ဆိုတော့ ကျွန်တော် စာပိုဖတ်ဖြစ်တာပေါ့ဗျာ။ )

ဘာပဲ ပြောပြော ကျွန်တော့်စာတွေက “ ပျော့ပြောင်း နုညံ့ ” မနေမှာတော့ သေချာတယ်။ ( “ နူးညံ့ ” မဟုတ်ပါ။ စာကို ပြုတ်လို့ မရပါ။ ) ကျွန်တော်ကကို ဒီလိုပဲ အတွေးစလေးတွေနဲ့ ရေးချင်မိတယ်။ စာပေဟောပြောပွဲ သွားတော့ ဆရာ ချစ်ဦးညိုက ဟောသွားတယ်။ စာပေဟောပြောပွဲ တစ်ခုမှာပေါ့ သူကြုံခဲ့ရတာ။ သူ့ရဲ့ အတ္ထုပ္ပတ္တိကို ဖတ်တဲ့ လူက သူ့ကို ရိုသေ သမှုနဲ့ “ ဦး ” တပ်ပြီး ခေါ်တယ် ဆိုပဲ။ ဒါပေမဲ့ သူခေါ်တာက စင်ပေါ်မှာ စာလည်း ဖတ်နေကြ မဟုတ် ၊ စင်နဲ့ ပရိတ်သတ်ကိုလည်း ကြောက်တဲ့ စိတ်နဲ့ သူဖတ်တယ်တဲ့။

“ ဆရာ. . . ဦးချစ် . . . ဦးညို  . . .ဟာ . . . ဖခင်  . . .  ဦး x x x x x x x x x x x  ”

ဆိုပါတော့. . . သူလုပ်တော့မှဗျာ။ ကျွန်တော့်မှာ နှစ်ခြမ်းကွဲသွားရတော့တာပဲ။ ဦးချစ် ရယ် ၊ ဦးညို ရယ် ခက်တော့တာပဲ တဲ့။ ဆရာချစ်ဦးညိုက ဒီလိုလေး ဟာသနှောပြီး ပြောပြတယ်။ ဒါပေမဲ့ တကယ်လည်း ဒီလိုပါပဲ။ စာရေးတဲ့ အခါမှာလည်း အဖြတ်အတောက်လေးတွေက လိုပါသေးတယ်။ မဟုတ်ဘူး ဆိုရင် တစ်နေရာရာမှာတော့ ထောင်ချိုးတွေနဲ့ ဆုံရမှာပါပဲ။ ဒါဆို ထိပ်တိုက်လေးတွေ ဖြစ်လာရတယ်။

ဒါကြောင့် ကျွန်တော့်ရေးတဲ့ စာလေးတွေကို ပြန်ဖတ်မိတယ်။ “ များ ” ဆိုတာတွေ တော်တော် ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က တစ်ဦးတစ်ယောက်ကို မရည်ညွှန်းချင်လို့ပါ။ ထားပါတော့လေ။ အခုလည်း ဒီပို့စ်ကို ဖတ်ပြီးတော့ ကျွန်တော် ပြောတာတွေ လမ်းလွဲပြီး . . . 

“ ဒါဆို ခေတ်ပေါ် နောက်ကိုပဲ လိုက်ပြီး ခေတ်ဟောင်းက အတွေးအခေါ်တွေကို စွန့်ပစ်ရတော့မလား ” 

ဆိုပြီး လာမှာ မို့လို့ ကျွန်တော် “ အမွှေးတိုင်များ ” ဆိုတဲ့ ပို့စ်ကို ရေးထားပါသေးတယ်။ ဒါက ခေတ်ဆန်ခြင်းနဲ့ ခေတ်ဟောင်းက အကြောင်းလေးကို ညွှန်းပြထားတာပါ။ ခေတ်ဟောင်းက လူတွေကို ပစ်မရတာ “ အတွေ့အကြုံ ” ပါ။ ဒီအကြောင်းလေးပေါ့။ ထုံးစံအတိုင်း ဘယ်တော့ တင်ဖြစ်မလဲတော့ မသိပါ။ 

လူတွေက ခက်တယ်ဗျာ။ ကားအသစ်လိုချင်တယ်။ အိမ်အသစ်လိုချင်တယ်။ ခေတ်ပေါ်ဒီဇိုင်းတွေ ဝတ်ချင်တယ်။ နောက်ဆုံးပေါ် ပစ္စည်းကိုင်ချင်တယ်။ နောက်ဆုံးပေါ် 3G ဖုန်းမှ ကိုင်ချင်တယ်။ အမြန်ဆုံး ကွန်နက်ရှင် မှ သုံးချင်တယ်။ ဒီလိုတွေသာ ဖြစ်နေတာ အတွေးအခေါ် ၊ အယူအဆတွေကျတော့  ချထိုး ၊ ပိုးစား နဲ့ ၃၃ လမ်းထဲက စာအုပ် အဟောင်းဆိုင်တွေ ထဲမှာတောင်မှ မရှိတော့ဘူး။

တစ်ခါတစ်လေ မဟုတ်ပဲ အခုတလော ကျွန်တော် ခံစားနေရတာလေး ပါပဲ။ ဘာမှတော့ မဟုတ်ပါဘူး။ စာပဲ မရေးချင် ဖြစ်မိတာလေးပါ :)

စွန့်လွှတ်တယ် စွန့်လွှတ်တယ် ဆိုပြီး အသံချိုချိုနဲ့ အော်နေသူတွေက  “ ပိုပြီး အတ္တကြီးတယ်။ ”


ကိုဇော်

.
Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

မြသွေးနီ said...

meeting စားပွဲတွေကို လေးထောင့်ပုံ၊ အ၀ိုင်းပုံမလုပ်ပဲ၊ အသည်းပုံ၊ ဇစ်ဇက်ပုံတွေများ လုပ်ထားရင် ဘယ်လိုနေမလဲ မသိနော်..။
စဉ်းစားကြည့်မိတာပါ။

မြတ်မွန် said...

စားပွဲတွေ အကြောင်းသိခွင့်ရလို့ ကျေးဇူးတင်ပါတယ်..

ရွှေနတ်သား said...

ဘာတွေဖြစ်တုန်း..အကိုဇော်ရေ...

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.