မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


25 May 2010

17 စက်ဘီးစီးခြင်း အနုပညာ



ရတနာမြင်း ” လို့ တံဆိပ်တပ်ထားပြီး “ ဗမုတ်တစ်ရာ ” ဆိုတဲ့ မြန်မာ - တရုတ် ဖက်စပ် စက်ဘီး အသစ်လေး တစ်စီး ကျွန်တော် ငယ်ငယ်က ရှိခဲ့ဖူးပါတယ်။ အရင်က စီးနေရတဲ့ BMX စက်ဘီးပြီးတော့ ကျွန်တော့်ဘဝမှာ ပထမဦးဆုံး စက်ဘီးအသစ်လေး ရဖူးခြင်းပါ။ အရင်က စက်ဘီး အကြီးကြီးဆိုရင် ဖေဖေ့ရဲ့ ဘားတန်းကြီးနဲ့ စက်ဘီးအဟောင်း ၊ ဦးလေးရဲ့ ပြိုင်ဘီးတွေကိုပဲ တတ်ခွနေရတယ်။ အခုကတော့ ကျွန်တော်လည်း စီးရလွယ်တဲ့ မိန်းမစီး စက်ဘီင်္းလေး။

မလိမ်မိုး မလိမ်မာ ၊ တိမ်တွေ ပြာတိုင်း ရင်ခုန်ကြည်နူး နေတတ်တဲ့ ဆယ့်လေး ၊ ဆယ့်ငါး အရွယ်မှာ ကျွန်တော်က ဒီစက်ဘီးလေး စီးပြီး ညနေဆိုရင် အိမ်နဲ့ ခပ်လှမ်းလှမ်းက တံတားပေါ်ကနေ နေဝင်မဲ့ အချိန်တွေကို သွားကြည့်မိတယ်။ နေရောင်တွေ တဖြည်းဖြည်း မှိန်ညိုလာပြီး နေမင်းကြီး ငုပ်လျှိုးသွားတာကို ကျွန်တော် သွားကြည့်လေ့ရှိတယ်။ အဲဒီတုန်းက ကျွန်တော့်ညနေခင်းတွေက ယစ်မူး တောက်ရှူးစွာ တိမ်းတိမ်းယိမ်းယိမ်း ကျွန်တော့်အပေါ်မှာ ဝဲကျနေတတ်တယ်။

တစ်ခါတစ်လေတော့လည်း ဝင်နေတဲ့ နေလုံးကြီးကို ကျွန်တော် မငေးဖြစ်ပဲ တံတားအောက်ခြေမှာ ခပ်သွက်သွက် စီးသွားကြတဲ့ “ ရေမျော ” များကို ကြည့်မိတယ်။ ရေမျောတွေ ဆိုတော့ သူတို့ ကမ်းမတင်ကြဘူး။ ရေထဲမှာလည်း ဝင်တော့မဲ့ နေလုံးတစ်လုံးက ရေမွန်းကြပ်စွာ အသက်ရှူ ရပ်နေတယ်။ နေမင်း အရောင် ဘယ်လောက်တောက်တောက် ရေထဲမှာတော့ သူ့ပုံရိပ်က ဂနာမငြိမ်ခဲ့ဘူး လှုပ်တိလှုပ်ခတ်နဲ့ ၊ သူ့ဘဝကို သူ မတ်တပ် ရပ်မပြနိုင်ဘူး။ သြော်. . . ဘယ်လောက် အစွမ်းရှိသူပဲ ဖြစ်ဖြစ် ရေနစ်ရင် အသွင်ပြောင်းရတော့တာပါပဲလား။ ဘယ်ရယ်မဟုတ်ပဲ လွမ်းမိနေပါသေးရဲ့။

ယိုင်သွားတဲ့ ကိုယ်ဟန်ကို ပြန်မတ်လိုက်ရင်း စက်ဘီးခြေနင်း ပေါ်တင်ထားတဲ့ ခြေတစ်ဖက်ကို တစ်ချက်ရုတ်လိုက်ကာ တံတားဘောင်ပေါ်ကို ကျွန်တော် ခြေတစ်ဖက် ကန်ထားလိုက်တယ်။ ဟိုးအဝေးကြီးကို ငေးနေရင်း အခုတလော ကျွန်တော်ရဲ့ စိတ်ထဲ မတင်မကျ ဖြစ်နေတာကို ပြန်တွေးမိပြီး ပိုပြီး မတင်မကျဖြစ်ခဲ့ရတယ်။ ငါပဲ ညံ့နေလို့လား ၊ သူကပဲ ညံ့နေတာလား။ နှစ်ပတ်တောင်မှ ကျော်နေခဲ့ပြီ။ အခုထိ လက် မလွတ်သေး။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~

“ ကိုကြီး ကိုင်ထားနော်. . ကိုင်ထားနော်။ ”

“ အေးလေ. . ကိုင်ထားတယ်လေ။ ”

“ လက်ကို မလွှတ်လိုက်နဲ့နော်။ ”

“ အေးပါ. . . ကိုယ့်ဖာသာ သေချာ ရှေ့ကို ကြည့်ပြီး နင်းစမ်းပါ။ ခါးးကို မစောင်းနဲ့လေ။ ”

“ နင်းနေတာဆိုတော့ အားစိုက်ပြီး ခါးစောင်းတာလေ။ ”

“ အေး . ခါးကို တည့်ထား . . ဟုတ်ပြီ။ ရပြီလား . . အစမ်း နင်းကြည့်မလား။ ”

“ အာ . . မနင်းရဲသေးဘူး။ မှောက်လိမ့်မယ်။ ”

ဒါနဲ့ပဲ စက်ဘီးကို သူက ယိုင်ထိုး ယိုင်ထိုး နင်း ၊ စက်ဘီးနောက်ကနေ ကျွန်တော်က တောက်တောက် တောက်တောက် ပြေးလိုက်ရင်း သူ့စက်ဘီး ခုံကို ကိုင်ပြီး ထိန်းထားရတယ်။ နှစ်ပတ်ကျော်ပြီ သူ့မှာ ခါးက စောင်းစောင်း ၊ ကိုယ်က ရွဲ့ရွဲ့ ၊ လူက ယိုင်ယိုင် နဲ့ စက်ဘီးကို နင်းနေရတုန်း။ ကျွန်တော်ကလည်း နှစ်ပတ်ကျော်ပြီ ပြေးလိုက်ပြီး ထိန်းပေးနေရတုန်း။

နောက်က ပြေးလိုက်ရလွန်းလို့ ပေါင်တွေ တောင့်ပြီး ညောင်းချိနေချိန်မှာ စက်ဘီးကို တွန်းပြီး အိမ်ဘက်ကို လေးလံလှတဲ့ ခြေလှမ်းတွေနဲ့ ပြန်လာတော့ အိမ်ရှေ့မှာ သူ့ကိုယ်ပိုင် စတိုင်လ်နဲ့ လက်နှစ်ဖက်ကို နောက်ပစ်ပြီး  ရပ်နေတဲ့ ဖေဖေ့ကို တွေ့လိုက်ရတယ်။ ဖေဖေကတော့ ကျွန်တော် သဘောကျတဲ့ လေးကိုင်း သဏ္ဍာန် ကွေးနေတဲ့ နှုတ်ခမ်းတွေကို ပိုကွေးတင်ရင်း ကြည့်နေတယ်။ 

“ ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးး ”

ကျွန်တော် ခြံထဲက ဒန်းလေးပေါ်မှာ ကိုယ်အစုံကို ပစ်ထိုင်ချရင်း လေပူတွေကို မှုတ်ထုတ်လိုက်တော့ . . . 

“ မောလာပြီလား သားရဲ့။ ”

“ မောတာပေါ့ ဖေဖေရာ ၊ သူ့နောက် တစ်ကောက်ကောက် ပြေးလိုက်ပြီး မကျအောင်လည်း သူ့ကို ထိန်းရတော့ လက်တွေကလည်း တောင့်နေတာပဲ။ ”

“ အေးပေါ့. . ၊ ဒါပေမဲ့ ဒါ သားညီမလေးပဲလေ။ ”

“ အင်းလေ. .  ဟုတ်ပါတယ်။ ဒါကြောင့်လည်း သင်နေတာပေါ့။ ဒါပေမဲ့ ဖေဖေရာ ၊ သူ့ကို သင်နေတာ နှစ်ပတ်ကျော်ပြီလေ သူ့ဖာသာ မစီးတတ်သေးဘူး။ ဘာဖြစ်လို့လဲ။ ”

“ ဘာဖြစ်လို့လို့ သား ထင်လဲ။ ”

“ မသိဘူးလေ။ သားထင်တာကတော့ သူက လဲကျပြီး နာမှာ ကြောက်နေလို့ လို့ ထင်တယ်။ ”

“ အင်း . . ဖေဖေ ပြောမယ်။ သား ငယ်ငယ်က စက်ဘီးစီး သင်ခဲ့တာကို မှတ်မိလား။ ”

“ ဗျာ . . . . ”

“ ပြန်စဉ်းစားကြည့်စမ်း။ ”

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~



ကျွန်တော် ငယ်ငယ်က စီးတာ ဒီထက် ဘီး ပိုကြီးပါတယ်။

ကျွန်တော် ငယ်ငယ်က စက်ဘီးဆိုတာ မစီးရခင် ကျွန်တော်တို့ “ စကိတ် ” လို့ ခေါ်တဲ့ ခြေနဲ့ ယက်ပြီး စီးရတဲ့ လက်ကိုင်ပါ စက်ဘီးလို ဟာလေးကို ကျွန်တော် အရင် စီးရတယ်။ ဒါလေးကို ခြေထောက် တစ်ဖက်က ယက်လိုက် လက်ကိုင်ကို ထိန်းပြီး စီးလိုက်နဲ့ ကျွမ်းကျင်လာတယ်။ ကျွမ်းကျင်လွန်း မက ကျွမ်းကျင် လာတော့ စကိတ်လေးကို ခေါင်းတွေ ထောင် ၊ ဖင်တွေ ထောင် ၊ လင်းပိုင်တွေ ရိုက် . . . မျိုးစုံ လုပ်စီးခဲ့တယ်။ 

ဒါနဲ့ပဲ သိပ်မကြာပါဘူး။ စကိတ်လေးက ဇတ်က ကျိုးလိုက် ၊ ခါးက ကျိုးလိုက် ၊ ဘီးတွေ ပြုတ်ထွက်လိုက်နဲ့ ကျွန်တော် စကိတ်လေးကို ဖေဖေက ဒိုင်ခံ ဝရိန်ဆော်ပေးတယ်။ နောက်ဆုံးတစ်နေ့ ကုန်ဆင်းပေါ်ကနေ ခုန်းဆင်းတဲ့ နေ့မှာတော့ . . . ၊ ကျွန်တော့်ဆီကို စကိတ်လေး ရောက်လာကတည်းက စီးခဲ့တဲ့ ကျွန်တော့် အပေါ်ကို စကိတ်လေးက ပြန်ပြီး စီးခဲ့တယ်။ ခါးလည်က ကျိုးသွားပြီး လုံးဝတွန်းလို့ မရတော့လို့ ကျွန်တော် ထမ်းပြီး အိမ်ပြန်လာခဲ့တယ်။ စကိတ်လေးကတော့ တိတ်တဆိတ်နဲ့ ထိုင်လိုက်ပါလာတယ်။ 

အိမ်ပြန်ရောက်တော့ ဖေဖေက ကျိုးနေတဲ့ ခါးလည်က နေရာလေးကို ကြည့်ပြီး “ ဆက်လို့ မကောင်းတော့ဘူး သားရေ။ ဆက်ရင်လည်း ခဏပဲ ခံတော့မှာပဲ။ ” လို့ ပြောတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျွန်တော် ခုန်ပေါက် ဆောင့်ထိုး စီးခဲ့လို့ စကိတ်လေးကလည်း ကျိုးခဲ့တာ အကြိမ်ကြိမ် ၊ ဒီတော့ သူ့ကို ပြန်ဆက်ခဲ့ရတာလဲ အကြိမ်ကြိမ်။ အခုတော့ ကျွန်တော်နဲ့ စကိတ်လေး ကတ္တီပါ လမ်းခွဲ ရပြီပေါ့။ 

အသက်ငယ်ငယ် ဆိုတော့ အိမ်ပြန်လာရင် စကိတ်လေး ထုတ်ပြီး ဒါပဲ စီးနေကြ၊ အခုတော့ ကျွန်တော့်မှာ အရင်ကလို ကျောင်းက ပြန်လာရင် စီးဖို့ စကိတ်လေးက မရှိတော့ဘူး။ တစ်ပတ်လောက် ပျင်းပျင်းရိရိနဲ့ အချိန်တွေကို ဖြတ်သန်းပြီး တစ်ရက် ကျောင်းက ပြန်လာတော့ အိမ်မှာ ဖေဖေက အလုပ်က စောပြီး ပြန်ရောက်နေတယ်။ ဖေဖေကလည်း ကျွန်တော့်ကို စောင့်နေတာ ထင်တယ်။ ကျွန်တော် အိမ်ထဲ ဝင်တာနဲ့ . . .

“ သား . .  ဟိုမှာ ကြည့်စမ်း။ ”

ဆိုပြီး အိမ်ထဲကို လက်ညှိုးထိုးပြတော့ BMX စက်ဘီးအသစ်လေး တစ်စီးကို တွေ့လိုက်ရတော့ “ ဟေး ” ဆိုပြီး ကလေးပီပီ ပျော်သွားတယ်။ လွယ်ထားတဲ့ လွယ်အိတ်လေးကို ဘုန်းခနဲ ပစ်ချပြီး စက်ဘီးလေးကို သွားကိုင်ကြည့်ပြီးမှ “ ဖေဖေ သားမှ စက်ဘီး မစီးတတ်သေးတာလေ။ ” လို့ ဖေဖေ့ကို သတိပေးသလိုနဲ့ ပြောတော့ ဖေဖေက “ ဖေဖေ အခု သင်ပေးမှာပေါ့။ လာကွာ ခုပဲ သွားစီးကြမယ်။ ”

ပြောလည်းပြော  ဖေဖေ့လက်တစ်ဖက်တည်းနဲ့ အသာလေး မလို့ ရတဲ့ BMX စက်ဘီးလေးကို မလာပြီး လမ်းမပေါ်မှာ ချတယ်။ ဖေဖေ့ အနောက်ကနေ တစွေ့စွေ့ ခုန်လိုက်နေတဲ့ ကျွန်တော်ကလည်း စက်ဘီးလေး ချလိုက်တယ် ဆိုတာနဲ့ တတ်ခွတော့တာပေါ့။ ဒါပေမဲ့ စက်ဘီးဆိုတာက စကိတ်လိုမျိုး ခြေထောက်နဲ့ ယက်ရတာ မဟုတ်ပဲ နင်းရတာ ဆိုတော့ အောက်ခြေကို ခြေထောက်နဲ့ မထိဘူး။ ဒီတော့ စက်ဘီးပေါ်ခွထားရင် စက်ဘီးက ထောင်မနေပဲ စောင်းစောင်းကြီး လဲနေတယ်။ ကျွန်တော်လည်း စက်ဘီး မစီးတတ်သေးတော့ စက်ဘီးပေါ်ကို မတတ် တတ်။

“ ဘာမှ မခက်ဘူး သားရ။ သူက ခြေထောက်နဲ့ ယက်တဲ့ နေရာမှာ ခြေထောက်နဲ့ နင်းသွားတာပဲ စကိတ်နဲ့ အတူတူပဲလေ။ ကဲ . . တတ်။ ဖေဖေ နောက်က ကိုင်ပြီး ထိန်းပေးထားမယ်။  ”

ဖေဖေက စက်ဘီး နောက်က ကိုင်ပြီး ထိန်းပေးထားရင်း ကျွန်တော့်ကို စက်ဘီးတတ်စေပြီး နင်းစေတယ်။ စစချင်း သဘောတရား မသိသေးလို့သာ နောက်တော့ စက်ဘီးခြေနင်းကို တစ်ပတ် နှစ်ပတ်လောက် နင်း အပြီးမှာတော့ ကျွန်တော် သဘောပေါက်သွားတယ်။ စက်ဘီး လက်ကိုင်ကတော့ အရင်က စကိတ် စီးကတည်းက ထိန်းတာ ကျွမ်းကျင်ပြီးသား ဆိုတော့  ကိုယ်ဟန်ချက် ညီသွားတာနဲ့ မခက်ခဲတော့ပဲ တောက်လျောက်နင်းပြီး စီးနိုင်သွားတယ်။

“ ဟိုရှေ့က လမ်းဆုံဆိုရင် ပြန်ကွေ့မယ်နော် သား။ ”

“ ဟုတ်. .  ”

ဖေဖေက နောက်ကနေ ပြောသံကို ကြားလိုက်ရတယ်။ ကျွန်တော်ကလည်း စက်ဘီး အသစ်လေးကို စစီးနေတာ ပျော်နေတာ ဆိုတော့ စက်ဘီးကိုပဲ အာရုံစိုက် နင်းနေမိတယ်။ ကျွန်တော့်အနောက်မှာလည်း ဖေဖေက ကိုင်ပါလာတာကိုး။ ဖေဖေက ထိန်းပေးထားတော့ ကျွန်တော်ကလည်း ရဲရဲပဲ နင်းနေမိတယ်။ လမ်းဆုံလေးနားလည်း ရောက်ရော . .

“ ဖေဖေ ဘယ်ဘက်ကို ကွေ့ရမှာလဲ။ ”

ဖေဖေ့ကို မေးလည်းမေး ၊ ကြည့်လည်း ကြည့် ဆိုသလို အနောက်ကို လှည့်ကြည့်လိုက်တော့ ကျွန်တော့် အနောက်ကို ဖေဖေက ထိန်းပြီး ပါမလာဘူး။ ဖေဖေ့ဆီကို လှမ်းကြည့်လိုက်တော့ ခုနက လမ်းဆုံဆိုရင် ပြန်ကွေ့လို့ ပြောပြီး ကတည်းက အဲဒီနေရာမှာ ဖေဖေက ရပ်ပြီး ကျန်ခဲ့တာပဲ။ ဒီတော့မှ အနောက်မှာ ဖေဖေ ပါလာတယ် ဆိုတဲ့ အသိက ကျွန်တော့်ဆီက ရုတ်တရက် ခွာသွားတယ်။ တစ်လမ်းလုံး အကောင်းနင်းလာတဲ့ ကျွန်တော် ဘယ်ကို ဘယ်လို ကွေ့ရမယ် မှန်း မသိတော့ပဲ “ ဘိုင်း ” ခနဲ လဲကျတော့တာပဲ။

စက်ဘီးကိုပဲ ထူရမလိုလို ၊ နောက်က မလိုက်လာတဲ့ ဖေဖေ့ကိုပဲ အပြစ်တင်ပြီး အော်ငိုရမလိုလို နဲ့ ဖြစ်နေပြီး ဖေဖေ့ဆီကို လှမ်းကြည့်လိုက်တော့ “ ထ  ထ ” ဆိုတဲ့ ဟန်ကို လက်နှစ်ဘက်နဲ့ လုပ်ပြပြီး  “ ပြန်စီးလာခဲ့ ” လို့ လုပ်ပြတယ်။ လဲနေတဲ့ စက်ဘီး အသစ်လေးကို ထူပြီး အပေါ်ကို ခွတတ် ၊ ကျွန်တော် အရှိန်လေး ရအောင် ခြေထောက်နဲ့ ထော့ကျိုးထော့ကျိုး ယက်ပြီး တတ်နင်း လိုက်တော့ စက်ဘီးက ခုနကလိုပဲ နင်းလို့ ရသွားတယ်။ နင်းလာတဲ့ စက်ဘီးလေး ဖေဖေ့အနားလည်း ရောက်ရော ဖေဖေက ဆီးပြီး ဖမ်းရပ်ပေးတယ်။

“ ဖေဖေက ဘာလို့ နောက်က မထိန်းပဲ လွှတ်လိုက်တာလဲ။ အခုတော့ ဖေဖေ့ကြောင့် သား ပြုတ်ကျတာပေါ့။ ”

“ သား ဖာသာ စီးတတ်နေပြီလေ။ ယက်တာကနေ နင်းတာကို ပြောင်းတာမို့ မကျွမ်းကျင်တာ။ ဖေဖေက နောက်ကနေ လိုက်ထမ်းပေးနေရင် သား ဘယ်လိုလုပ် စီးတတ်တော့မလဲ။ အခုတော့ ဖေဖေက သားစီးတတ်နေပြီ ဆိုတာ သိလို့ လွှတ်ပေးလိုက်တော့လဲ သားဖာသာ နင်းနိုင်သွားတာပဲလေ။ ”

ဒီလို ဖေဖေက ပြောခဲ့ပေမဲ့ ကျွန်တော်ကတော့ BMX အသစ်လေး ရပြီး ကျွန်တော် စက်ဘီးစီးတတ်ခဲ့တယ် ဆိုတာထက် ပိုပြီး မသိခဲ့ပါဘူး။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @  ~ ~ ~ ~ ~ ~ ~ ~ ~

“ မှတ်မိလား သား။ ပြန်စဉ်းစားကြစမ်း။ ”

“ မှတ်မိတယ်လေ ဖေဖေ ။ သား နင်းသွားတော့ နောက်က ဖေဖေက လိုက်မထိန်းတော့ပဲ နေခဲ့တာ မဟုတ်လား။ ”

“ ဟုတ်တယ် ဒါပဲလေ။ လူဆိုတာ နောက်က လိုက်ထိန်းပေးနေပါတယ် ဆိုတဲ့ လူတွေ ရှိနေသမျှ ကာလပတ်လုံး  ကိုယ့်အား ကိုယ်ကိုးချင်တာ မဟုတ်ဘူး သားရဲ့။ နောက်က လိုက်ထိန်းပေးနေတယ် ဆိုတဲ့ လူအပေါ်မှာ အားလုံး ပုံအပ်ထား မိတတ်ကြတယ်။ ဒီတော့ သူ့အား သူ့ကိုးအောင်လို့ ကိုယ်က သူ့ကို နောက်ကနေ လိုက်ထိန်းရာကနေ လွတ်ပေးတတ်ရတယ်ကွ။

“ ဒါပေမဲ့ ဖေဖေရာ။ ညီမလေးက စီးမှ မစီးတတ်သေးတာ။ သားက ငယ်ငယ်က စကိတ်စီးဖူးတယ်လေ။ သူ့က စကိတ်မစီးဖူးပဲ စက်ဘီးစီး သင်ရတာလေ။ ”

“ ဟုတ်တယ်။ ဒါကြောင့်မို့ သူ့ကို ဒီလောက် အချိန်အကြာကြီး နောက်က လိုက်ထိန်းနေတာပေါ့ သားရဲ့။ ဒါပေမဲ့ သူ စက်ဘီးစီးတိုင်း သားက နောက်ကနေ လိုက်ပြီး ထိန်းပေးနေနိုင်မှာလား။ ”

“ အာ . . ဒါကတော့. . ”

“ ဒါပေါ့ သားရ။ စမ်းကြည့်စမ်းပါ။ သူ့ဖာသာ နင်းပါစေ။ လွှတ်ထားကြည့်စမ်းပါ။ ဖေဖေ အရေးကြီးတာ တစ်ခု ပြောပြမယ်။ ”

“ ဟုတ်ကဲ့။ ”

“ ဘာမှ မဟုတ်တဲ့ စက်ဘီးစီးတာလေး သင်တာတောင်မှ လက်မလွတ်ဘူး ဆိုရင် တခြား အရေးကြီးတဲ့ ဘဝဆုံးဖြတ်ချက်တွေမှာလည်း လူတကာဆီက အကူအညီတွေ တောင်းပြီး သူများ အပေါ်မှီခို နေတော့မှာလား။ ဒီလို ဖြစ်ခွင့်ရှိလား။ ဒါဆိုရင်တော့ သူ့ဘဝက ဘယ်တော့မှ တိုးတတ်လာမှာ မဟုတ်ဘူး။ ”

ဒီစကားလေး အဆုံးသတ်သွားတဲ့ နေ့ရဲ့ နောက်နေ့ ကျတော့ ကျွန်တော့်ညီမကို စက်ဘီးစီး သင်တော့ အရင်ကလိုပါပဲ . . . သူကလည်း ပြောတယ်။


“ ကိုကြီး ကိုင်ထားနော်. . ကိုင်ထားနော်။ ”

“ အေးလေ. . ကိုင်ထားတယ်လေ။ ”

“ လက်ကို မလွှတ်လိုက်နဲ့နော်။ ”

ဒါပေမဲ့ ဒီနေ့တော့ သူအရှိန်လေး ရလာပြီ ဆိုတဲ့ အချိန်မှာ ကျွန်တော် နောက်ကနေ ဘာမှ မပြောပဲ သူ့ကို လွှတ်လိုက်ပြီး နေရာမှာ ရပ်ကျန်နေခဲ့လိုက်တယ်။ သူကတော့ အနောက်မှာ ကျွန်တော်ပါတယ် လို့ ထင်ပြီး ပါးစပ်ကလည်း ပြောပြောဆိုဆိုနဲ့ ဆက်နင်း သွားတယ်။ ပြောရင်း ပြောရင်း ကျွန်တော့်ဆီက စကားပြန်သံ မကြားရတော့မှ “ ကိုကြီး ဘာဖြစ်နေတာလဲ ” လို့ သူက ပြောရင်း နောက်လှည့်ကြည့်လိုက်တယ်။ ကျွန်တော် သူ့နောက်မှာ မပါလာပဲ ရပ်ပြီး ကျန်ခဲ့တာကို တွေ့တော့မှ တောက်လျှောက်သူနင်းလာခဲ့တဲ့ သူ့ရဲ့ ယုံကြည်မှု စိတ်ဓါတ်တွေကို ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှုတွေက ဖျက်ဆီးပြီး မထိန်းနိုင်တော့ပဲ မြောင်းထဲ လူရော ၊ စက်ဘီးရော ဝုန်းခနဲ ထိုးကျသွားတယ်။

ကျွန်တော့် သူ့ဆီ ပြေးသွားပါတယ်။ ဒါပေမဲ့ မြောင်းက ဗွက်တွေနဲ့ ပေရေပြီး လူကလည်း ငိုကာ စက်ဘီးကို မြောင်းထဲမှာ ပစ်ထားခဲ့ပြီး အိမ်ဘက်ကို ပြန်လာတယ်။ “ ကိုကြီး မကောင်းဘူး ၊ နောက်ကလည်း မလိုက်လာဘူး။ ” ဘာညာ ပါးစပ်ကလည်း အော်ဟစ်ရင်း လူကလည်း မျက်ရည်တွေနဲ့ပေါ့။ ဒါကို ကျွန်တော်လည်း ဘယ်လို သူ့ကို ဖြေရှင်းပြရမယ် မသိပေမဲ့ ကျွန်တော်တို့ စက်ဘီးစီးနေတာကို ရပ်ကြည့်နေတဲ့ ဖေဖေက သူ့ကို ချော့ပြီး ဘာတွေမှန်း မသိ တတွတ်တွတ် ပြောနေတယ်။

မြောင်းထဲကို ထိုးကျလို့ တံတောင်ဆစ်မှာ အနည်းငယ် ပြဲသွားတဲ့ အတွက် သူ နောက်နေ့ ကြောက်ပြီး စက်ဘီး မသင်တော့ဘူးလို့ ဖြစ်မလာပဲ ၊ ဖေဖေ က ဘာပြောလိုက်တယ် မသိဘူး။ နောက်နေ့ကျတော့လည်း ဆက်ပြီး ကြိုးစား သင်တော့တယ်။ နောက်က ကျွန်တော် သူ အရှိန်ရရင် လွှတ်လိုက်မယ် ဆိုတာ သိပေမဲ့လည်း သူ့ဖာသာ ရှေ့ဆက် စီးသွားပြီး ကွေ့မယ် ဆိုတဲ့ နေရာရောက်မှ သူက ဘရိတ်ကို ဆွဲ ရပ်ပြီးမှ စက်ဘီးကို ပြန်လှည့်တယ်။ သူက စက်ဘီးကွေ့တာ မကျွမ်းကျင်သေးဘူးလေ။ ဒါပေမဲ့ နောက်ကို လှည့်ကြည့်လိုက်တော့ သူ့နောက်ကို လိုက်ထိန်းပေးနေတယ် ဆိုတဲ့ ကျွန်တော်က ဝေးအဝေးကြီးမှာ. . . ။

သူ စက်ဘီး စီးတတ်သွားလေပြီ။

နှစ်ပတ်ကျော် သူ့ကိုယ်သူ မယုံရဲပဲ သူများကို အမှီပြုပြီး သူများ အထိန်းကျောင်းခံကာ မစီးတတ်ခဲ့တဲ့ စက်ဘီးကို အခုတော့ တစ်ခါ အကျနာခံပြီး နောက်မှာ လိုက်ထိန်းပေးတဲ့သူ ငါ အရှိန်ရရင် ပါမလာတော့ဘူး ဆိုတဲ့ အသိ ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အသိနဲ့ သူ သုံးရက်ထဲနဲ့ စက်ဘီးကို ယုံကြည်စွာ စီးတတ်သွားခဲ့ပါပြီ။

ဒီလို ညီမတစ်ယောက်ကို စက်ဘီးစပြီး သင်ပေးဖူးခဲ့တဲ့ ကျွန်တော်ကလည်း နောက်ထပ် ညီမတစ်ယောက်ကို စက်ဘီးစီးသင်တော့ ပထမတစ်ယောက်လောက် မခက်ခဲတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ ငါလိုက်ထိန်းပေးမှ ဆိုတဲ့ “ လောင်းရိပ် ” အောက် သူ့ကို အရောက်မခံပဲ သူ့ဖာသာ နင်းနိုင်ပြီဆိုရင် ကျွန်တော် နောက်က ထိန်းထားရာကနေ လက်လွှတ်လိုက်တာပါပဲ။

သေချာပါတယ်။

ကျွန်တော် သေသေချာချာကို ပြောပါတယ်။ ဒုတိယမြောက် ကျွန်တော့်ညီမကို စက်ဘီးစီး သင်တော့ သူ တစ်ပတ်မပြည့်ခင် စက်ဘီးစီးတတ်ခဲ့ပါတယ်။ သူ လဲတယ် ၊ ကျတယ် ၊ မှောက်တယ် ၊ ဒူးပြဲတယ် ၊ တံတောင်ပွန်းတယ် ၊ သစ်ပင်နဲ့ တိုက်တယ်။ ဒါတွေ တကယ်ကို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါတွေက သူ့အတွက် အတွေ့အကြုံတွေပဲ မဟုတ်လား။ ဘာလို့လဲ ဆိုတော့ သူ့ကို ကျွန်တော် တစ်သက်လုံး လိုက်ပြီး မထိန်းကျောင်းနိုင်ဘူးလေ။ သူ့ဖာသာပဲ သူထိန်းကျောင်းရမှာ မဟုတ်ဘူးလား။

ကျွန်တော်တို့ ဘဝမှာလည်း “ ငါ မရှိရင်တော့ မဖြစ်ပါဘူး ” ဆိုတဲ့ စိတ်ဓါတ်တွေနဲ့ လူတွေ အပေါ်မှာ ဆက်ဆံ မိတတ်ကြတယ်။ ဒီစိတ်ဓါတ်ကြောင့်ပဲ ကိုယ့်အားကိုယ်ကိုးချင်စိတ် ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု စိတ်ဓါတ်တွေကို ရိုက်ချိုးမိတတ်တယ်။ ကိုယ်ကရော သူ့အနားမှာ အမြဲတမ်း ရှိနေပြီး ထောက်ပံ့ပေးနေနိုင်မလား။ တကယ်တော့ လုံးဝ မဖြစ်နိုင်သလို ၊ ဖြစ်လည်း မဖြစ်သင့်တဲ့ အရာပါ။ အထူးသဖြင့် မိဘတွေမှာ ဖြစ်တတ်တယ်။ ငါ့သားလေး ၊ ငါ့သမီးလေး ငါရှိနေရင် ဘာမှ မလုပ်စေရဘူး ဆိုတာမျိုးတွေပါ။

ဒီမှာ စဉ်းစားစရာက ပေါ်လာပြန်ပါတယ်။ ဒီတော့ ငါသာ မရှိတော့ရင် သူတို့ ဘာတွေ အဲဒီအချိန်မှ စပြီး လုပ်ကြရမလဲ ဆိုတာကို စဉ်းစား မိစေချင်တယ်။ ကိုယ်က မမှီတော့မှ လွှတ်လိုက်တော့ သူတို့မှာလည်း ကုန်းဆင်း ကားများတဲ့ နေရာမှ နောက်က ထိန်းလိုက်သူက လွှတ်လိုက်တာကို ခံရသူလို ပိုပြီး အန္တရာယ် များပါတယ်။ တကယ်ဆို အန္တရာယ် နည်းနေတဲ့ လူသွားလမ်းကြား ကလေးတွေမှာ ကတည်းက သူ့တို့ဖာသာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်လေး ရှိလာအောင် ၊ “ လောင်းရိပ်  ” မမိစေအောင် လက်လွှတ် ပေးသင့်ပါတယ်။ ဒါမှ ကိုယ်တိုင် စဉ်းစားတွေးခေါ်တတ်တဲ့ အတွေ့အကြုံ ဆိုတာ ရလာမှာပါ။

ဘဝဆိုတာ စက်ဘီးစီးမှ သွားလို့ ရမယ် ဆိုတဲ့ ခရီး တစ်ခု ဖြစ်တယ် ဆိုကြပါစို့။ သူများတွေ စက်ဘီးလေး စီးပြီး ခရီးတွင်နေတာကို မြင်တော့ ကိုယ်ကလည်း စက်ဘီးလေးနဲ့ ခရီးသွားချင်ကြမှာပဲလေ။ စက်ဘီး မစီးတတ်လို့ ဆိုပြီး ဘဝကို ခြေလျင်နဲ့များ ခရီးဆက်ဖို့ စဉ်းစားနေပါသလား။ ချော်လဲလဲ ၊ ဒူးပြဲပြဲ ၊ နဖူးကွဲကွဲ ဖြစ်ချင်တာ ဖြစ်ပါစေ ဘဝဆိုတဲ့ ခရီးကို တွင်ကျယ်စေချင်ရင် စက်ဘီးစီးတော့ သင်ရမှာပဲ မဟုတ်ပါလား။ စက်ဘီး မစီးတတ်တာကို စကားနဲ့ သင်ပေးတဲ့ လူရှိမယ် ၊ ကိုယ်တိုင် နောက်က လိုက်ထိန်းပြီး သင်ပေးမဲ့သူ ရှိမယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ တစ်ချိန်ချိန်တော့ ကိုယ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နဲ့ နောက်က လိုက်ထိန်းကျောင်းပေးနေမဲ့သူ မရှိပဲ ဆက်လက်ပြီး ခရီးဆက်ရမှာ မဟုတ်ပါလား။

“ ဘဝဆိုတာ သူများ အပေါ်မှာ မူတည် မနေပါဘူး။ ကိုယ့်အပေါ်မှာပဲ မူတည်နေပါတယ်။ ”


*** အရင်ကလည်း ဒီလို အကြောင်းအရာ နဲ့ နီးစပ်တာ တစ်ခု ရေးမိပါသေးတယ်။  “ On (or ) By ကြိုက်တာ ရွေးနိုင်ပါသည်။ ” ဆိုတဲ့ ခေါင်းစဉ် နဲ့ပါ။ ***


လေးစားစွာဖြင့်
ကိုဇော် ခံစားပုံဖော်သည်။

.

Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

မင်းမောင် said...

ကောင်းသောpost လေးပါ။

မင်းမောင် said...
This comment has been removed by the author.
Anonymous said...

ကိုဇော်ရေးတဲ့ စာတွေကိုဖတ်ရတာ သိပ်အရသာရှိတယ်ဗျာ..။ လူငယ်တွေ နားဝင်စေမယ့် အရေးအသားတွေဖြစ်နေလို့ပါပဲ။ လေးစားပါတယ်။

ခိုင်နုငယ် said...

ဘ၀ဆိုတာ ကိုယ့်အပေါ်မှာမူတည်နေတယ်ဆိုတာ...
ဟုတ်တယ်. ကိုယ့်ဇာတ်ညွန်းကိုကိုယ်ကိုတိုင်ရေးတာ
အကောင်းဆုံးပါပဲ...သူများအပေါ်မှာမှီခိုနေရင်...
ကိုယ့်ကိုကိုယုံကြည်မူ့နည်းလာတတ်တယ်။
ဂွတ်ပိုစ့်...

မြန်မာပြည်ကိုလွမ်းတယ် said...

အရမ်းကောင်းတဲ့အတွေးလေးပဲ..ကိုဇော်ရေး
ထားတာသိပ်အဓိပ္ပါယ်ရှိတာပဲ..ဘ၀ဆိုတာ
သူများကိုမူတည်နေတယ်လို့ခံစားခဲ့ဖူးတဲ့အချိန်
တွေလဲရှိခဲ့ဖူးတယ်..ကိုယ့်ပေါ်ပဲမူတည်တယ်လို့
ခံစားခဲ့ဖူးတဲ့အချိန်တွေလဲရှိခဲ့ဖူးတယ်...
တကယ်တော့ကိုယ့်လမ်းကိုကိုယ်ပဲလျှောက်ကြ
ရတာပါပဲကိုဇော်ရေ...ပေးလိုက်တဲ့အတွေးလေး
အတွက်ကျေးဇူးပါပဲ..

Unknown said...

ကောင်းတယ်ကိုဇော်ရေ... ငါမရှိလို့ သူမဖြစ်ဘူးဆိုတာ ချစ်ရာ မရောက်ဘဲ နှစ်ရာ ရောက်သွားတက်တယ် ဆိုတာ ဒီဥပမာလေးနဲ့ တင်ပြထားတာ ရှင်းနေတာဘဲ...

Unknown said...

ကောင်းတယ်ကိုဇော်ရေ... ငါမရှိလို့ သူမဖြစ်ဘူးဆိုတာ ချစ်ရာ မရောက်ဘဲ နှစ်ရာ ရောက်သွားတက်တယ် ဆိုတာ ဒီဥပမာလေးနဲ့ တင်ပြထားတာ ရှင်းနေတာဘဲ...

Unknown said...

ကိုဇော်ပြောသလိုဘဲလေ... ချော်လဲ ဒူးပြဲ ပြီးတော့အခုတော့ ထိန်းနိင်သွားပြီပေါ့ဗျာ
အမာရွတ်လေးတွေကတော့ အမှတ်တရပေါ့
လောင်းရိပ်မိနေရင်တော့ ဘာမှတိုးတက်မှာမဟုတ်ပါဘူး

မောင်သီဟ said...

တကယ် အနုပညာဆန်ပါတယ်
ကိုဇော့်စာတွေဖတ်ရတာ အရသာရှိတယ်

ချစ်ကြည်အေး said...

ဟေ့ အပေါ်က မိုးကြီး နဲ့ မောင်ဘိုင်ကျ ...အရသာရှိဆို နဲနဲငန်တယ်လေ...သူရေမချိုးပဲ ပိုစ့်တင်တာကိုး....ဟွင်းး


ပုံ / စက်ဘီးမစီးတတ်သူ

mysterysnow said...

စက်ဘီးစီးတတ်စအချိန်တုန်းက ရပ်ထားတဲ့ ကားတစ်စီးကို ဝင်တိုက်မိတယ်...
အဲဒီအချိန်ကစလို့ ကြောက်လန့်ပြီး စက်ဘီးစီးခြင်းကို စွန့်လွတ်လိုက်တယ်...
အပြင်သွားစရာရှိတိုင်း စက်ဘီးစီးတတ်တဲ့သူတွေကို
အားကိုးမှီခိုခဲ့ရတယ်...
ကိုယ်တိုင်က သတ္တိနည်းခဲ့တော့လဲ
သူများကို အားကိုးမှီခိုသူ လုံးလုံး ဖြစ်သွားတော့တာပါပဲ....


နှင်း

မြစ်ကျိုးအင်း said...

ပို့စ်ကောင်းလေးပါပဲ။ ယုံကြည်တဲ့ စိတ်က သိပ် ပြီး အင်အားကြီးတယ်။ ကိုယ့်အားကိုယ်ကိုး ဖို့အတွက် အရင်ဆုံး အခြေအနေတခုက အမှီအတွယ် လုပ်ပေးရတာကိုလည်း မြင်မိတယ်။ စက်ဘီးစီးသင်ပေးတာ တရက်ပဲ နောက်က လိုက်ထိန်းပေးရတယ်ဆိုရင်လည်း လူဆိုတာ တရက်တော့ အမှီအခို လိုတာပါပဲ။ ကိုယ့်ကိုကိုယ်ရပ်တည်နိင်သွားတော့လည်း တစ်ယောက်ထဲ စီးရဲသွားတာပေါ့။ တသက်လုံး နောက်က လိုက်ထိန်းပေးနေရရင်တော့ လောင်းရိပ်မိတယ်လို့ ဆိုရမှာပဲ။

မြစ်ကျိုးအင်း said...

ကိုဇော်က မှတ်ဥာဏ်တော့ တအား ကောင်းတယ်ဗျာ။ ငယ်ငယ်က အကြောင်းတွေ သတိရသလောက် ရေးတာတောင် ကျနော် တစ်နှစ်လောက်တင်ထားရတဲ့ ပို့စ် အရေအတွက်လောက် ရှိမလားပဲ။
ကျနော်ဆိုရင် မေ့သွားတာတွေ များတယ်။

ချစ်ကြည်အေး said...

Now...Serious comment :P
Yes, this one is really good post :)
Like to read that kind of post from you more :D

Ohhh... I dont mean the rest of your posts are not good, they are, but this one better :D

မြတ်မွန် said...

ဆိုင်ကယ်တော့ ၃ရက်ပဲကြာတယ်..သင်လိုက်တာ..
ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင် မောင်းချင်တဲ့ စိတ်တွေ ဖြစ်လာတော့ မြန်မြန်တက်သွားတယ်..
အဓိက က ကိုယ်စိတ်ပါပဲ..တက်ချင်တဲ့စိတ်နဲ့ ကိုယ်အားကိုယ်ကိုးချင်တဲ့စိတ်ကလေးပါပဲ..

Unknown said...

on (or) by
ကိုဖတ်ဖူးတယ် ကိုဇော်ရေးထားမှန်းခုမှ သိတာပါ..
ကျေးဇူးပါ ကိုဇော် ပို့စ် လေးဖတ်ပီးမှ
လူဆိုတာကိုယ့်ဘာသာ ရပ်တည်နိုင်ဖို့ အသိစိတ်လေးပြန်ဝင်သွားမိတယ်
ကျေးဇူးပါ ကိုဇော်

Unknown said...

စက်ဘီးတော့ စီးတက်သွားပြီ။ ကားမောင်းတက်ဖို့  ပဲကျန်တော့တယ်။ :)