မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


24 May 2010

10 ဆင့်ကဲ ဆင့်ကဲ တိုးတတ်မှု



ဒေးဗစ် အိုဂျီဗီးလ် ရဲ့ ရုံးခန်းထဲမှာ တိတ်ဆိတ်နေတယ်။ နောက်ဆုံး အင်တာဗျူး မေးခွန်းကို မေးလို့ အပြီးမှာတော့ ဒေးဗစ် အိုဂျီဗီးလ် ဘယ်လိုများ ဆုံးဖြတ်ချက် ချလိမ့်မလဲ ဆိုတဲ့ အသိနဲ့ လာရောက် အင်တာဗျူးသူ ငြိမ်သက်စွာ စောင့်နေတယ်။ သူ့အဖို့ စောင့်နေရတာက အလွန်ကြာတယ် လို့ ထင်မိပေမဲ့ တစ်ဖက်မှ ဒေးဗစ် အိုဂျီဗီးလ် ကတော့ တမင် အချိန်ဆွဲတတ်သူ မဟုတ်ပါ။ ဆုံးဖြတ်ချက် မြန်ဆန်သလို သူ့ရဲ့ ဆုံးဖြတ်ချက်များကလည်း တိကျတယ်။

“ ကျွန်တော်တို့ ကုမ္ပဏီမှာ ခင်ဗျားကို ခန့်ဖို့ သဘောတူလိုက်ပါပြီ။ ”

ဒေးဗစ် အိုဂျီဗီးလ် ဆီက အသံထွက် လာတယ်။ ဒီအသံကြားမှ အင်တာဗျူး လာဖြေသူ သက်ပြင်း ချနိုင်တော့သည်။ ဒေးဗစ် အိုဂျီဗီးလ် က ဆက်ပြောတယ်။

“ ကျွန်တော်တို့ ခင်ဗျားကို ဘာလို့ အလုပ်ခန့်လိုက်တာလဲ သိချင်လား။ ”

“ ဟုတ်ကဲ့. . သိချင်ပါတယ်။ ”

“ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ လိုချင်တဲ့ အချက်လေး တစ်ချက်ကြောင့်ပါပဲ၊ အဲဒါကတော့. . . ”

“ ဟုတ်ကဲ့. . ပြောပါ။ ”

“ အဲဒါကတော့ . . ခင်ဗျားဟာ အခု လောလောဆယ်မှာ ဝင်ခါစဆိုတော့ ဘာမှ နားမလည်တဲ့ အလုပ်သင် ဖြစ်နေနိုင်ပေမဲ့ ခင်ဗျားဟာ ကျွန်တော်တို့ထက် ပိုတော်တယ် လို့ ယူဆလို့ပါပဲ။ ”

“ ဗျာ . . ၊ ဒါကို ကျွန်တော် သဘော မပေါက်ဘူး။ ”

“ ဟုတ်ပါတယ်။ ခင်ဗျားက ကျွန်တော်တို့ထက် ပိုတော်မယ်လို့ ယူဆမိလို့ပါ။ ဒါကို ခင်ဗျား သဘောမပေါက်လဲ ကိစ္စ မရှိပါဘူး။ ခင်ဗျားကို ကျွန်တော် လက်ဆောင် တစ်ခု ပေးလိုက်ပါ့မယ်။ ဒါလေးကို ယူပြီး အိမ်ကို ပြန်သွားပါ။ အိမ်ရောက်တော့မှ ဒီလက်ဆောင်ကို ဖွင့်ကြည့်ပါ။ ဒါဆို ခင်ဗျား သဘောပေါက်သွားပြီး မနက်ဖြန် အလုပ်စဆင်းဖို့ အတွက် အင်အားတွေ ရရှိလာပါလိမ့်မယ်။ ”

“ ဟုတ် . . . . . . . . . ”

အလုပ်ခန့်လိုက်ကြောင်းကို ပူပူနွေးနွေး ရရှိထားသူက နားမလည်သော ယောင်နနဖြင့် အသံ ထွက်လာတယ်။ ပြီးမှ ဒေးဗစ် အိုဂျီဗီးလ် က သူ့စားပွဲပေါ်မှာ ပါဆယ်ထုပ်ထားသော အထုပ်တစ်ထုပ်ကို လောလောလတ်လတ် အင်တာဗျုး အောင်ထားသူဆီသို့ ပေးလိုက်တယ်။

အင်တာဗျူးလာသူလည်း ဒေးဗစ် အိုဂျီဗီးလ် ပေးလိုက်တဲ့ အထုပ်ကို ပိုက်လို့ အိမ်ပြန် ရောက်လာခဲ့တယ်။ အိမ်ရောက်လို့ အထုပ်ကို ဖွင့်ကြည့်လိုက်တော့ ရုရှားနိုင်ငံထုတ် ကလေးကစားသော စက်ရုပ်တစ်ရုပ်ကို တွေ့ရတယ်။ စက်ရုပ်ကို အလွယ်တကူ ဖွင့်လို့ရအောင် လုပ်ထားသည်။ ထိုမြင်နေရာသော စက်ရုပ်ကို ဖွင့်လိုက်သောအခါ အထဲမှာ ထိုစက်ရုပ်ထက်သေးသော ပုံစံတူ စက်ရုပ်တစ်ခုကို ထပ်တွေ့ရသည်။ ထိုစက်ရုပ်ကိုလည်း အလွယ်တကူ ဖွင့်လိုရအောင် လုပ်ထားသည်။ ထိုစက်ရုပ်ကို ဖွင့်လိုက်သောအခါ ထိုစက်ရုပ်၏ အထဲမှာ နောက်ထပ် ပုံစံတူ စက်ရုပ်တစ်ရုပ် ထပ်ထွက်လာလေသည်။

ထိုကဲ့သို အဆင့်ဆင့် ဖွင့်လို့ရသော စက်ရုပ် လေးရုပ်ဖြင့် အဆင့်ဆင့် ဖွင့်စေပြီး နောက်ဆုံး အသေးဆုံး စက်ရုပ်၏ ရင်ဘတ်ထဲတွင် ဒေးဗစ် အိုဂျီဗီးလ် က သူပြောလိုချက်ကို စာဖြင့်ရေးထားပြီး ထည့်ထားတယ်။ သူရေးထားသော စာက အောက်ပါအတိုင်း ဖြစ်တယ်။

“ ကျွန်တော်တို့ ကုမ္ပဏီအတွက် ဒီစက်ရုပ်ဟာ အမှတ်အသား တစ်ခုပါပဲ။ ကျွန်တော်တို့ အလုပ်အတွက် လူတွေ ရှာဖွေငှားရမ်းတဲ့ အခါမှာ ကျွန်တော်တို့က ကိုယ့်ထက် မသိ ၊ မတတ် ၊ ပညာဥာဏ် ငယ်ရွယ်သူတွေကို ငှားရမ်းပြီး ခန့်ကာ အလုပ်လုပ်မယ် ဆိုပါတော့ ၊ အဲဒီလူကလည်း သူ့လက်အောက်က လူကို သူ့ထက် ညံ့တဲ့ လူထက် ခေါ်ခန့်မယ် ဆိုပါစို့။ ဒါဆိုရင် ကျွန်တော်တို့ ကုမ္ပဏီက အခု စက်ရုပ်လိုပဲ သူ့ထဲက ထွက်လာတဲ့ အတွေးအခေါ်တွေကလည်း ဆင့်ကဲဆင့်ကဲ နိမ့်ကျလာပြီး နောက်ဆုံးမှာ ဘယ်သူမှ မလေးစားတဲ့ လူစဉ်မမှီ ၊ အသုံးမကျတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်သွားပါလိမ့်မယ်။

ဒါကြောင့် ကျွန်တော်တို့ အလုပ်အတွက် လူရွေးခြယ် ခန့်ထားတဲ့ နေရာမှာ ကျွန်တော်တို့ထက် တော်တဲ့သူ ၊ ပိုပြီး အကောင်ကြီးတဲ့သူ ကိုသာ ရွေးခြယ်ခန့်ထားမယ် ဆိုရင် ကျွန်တော်တို့ ကုမ္ပဏီဟာ အတော်ဆုံး ၊ အထွားကျိုင်းဆုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ကိုယ်တာဝန်ယူပြီး လုပ်နေရတဲ့ နေရာမှာ ကိုယ့်လက်အောက်ကလူ ဆိုပေမဲ့ ကိုယ့်ထက်တော်တဲ့ ကိုယ်ထက်ပိုပြီး အဆင့်မြင့်တဲ့ သူကို ရွေးခြယ်ခန့်ထားဖို့ ကျွန်တော့်တို့ ဆုံးဖြတ်ကြတာပါ။ ”

စက်ရုပ်တွေ ဆင့်ကဲ ဆင့်ကဲ ဖွင့်ရာကနေ နောက်ဆုံး စက်ရုပ်လေးရဲ့ ရင်ဘတ်ထဲက စာလေးမှာ အထက်ပါ အတိုင်း ရေးထားတယ်။ အဲဒီ အယူအဆ ၊ ထို ခံယူချက်အရ သူများရဲ့ အရည်အချင်းကို အသိအမှတ် ပြုတတ်ခြင်း ၊ တန်ဖိုးသိစွာ စည်းရုံး လှုံ့ဆော်တတ်မှုတွေကြောင့် အိုဂျီဗီးလ် နှင့် မက်သာ ကုမ္ပဏီက ကြော်ငြာလုပ်ငန်းမှာ အကြီးမားဆုံး ၊ လူအများ လေးစားမှု အခံရဆုံး ကုမ္ပဏီကြီး ဖြစ်လာလေသည်။


source; Improvement By Art Turock
ကိုဇော် ခံစားပုံဖော်သည်။

.

Share/Bookmark

10 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

မြန်မာက ကုမ္ပဏီ တစ်ချို့ ကလူကြီးတွေကိုပေးဖတ်ရမယ်ဗျာ....ဘာကြောင့်မို့ လို သူတို့ တွေတိုးတက်တယ်ဆိုတာ

Anonymous said...

ဒါပေါ့ဗျာ...ဒါငါ့နေရာဆိုပြီး အသုံးမကျဘဲလုပ်နေမယ့်အစား ကိုယ့်ထက်တော်သူကို နေရာပေးလိုက်တာ အားလုံးအတွက်ကောင်းပါတယ်။ အမှန်ကို အမှန်လို့ လက်မခံသရွေ့ကာလပတ်လုံး စိတ်ညစ်စရာတွေ အမြဲကြုံနေရဦးမှာပဲဗျို့။

သော်ဇင်စိုး said...

ထိမိပါတယ်ဗျာ.. ကျွန်တော်တို့မှာ မှာယွင်တဲ့အယူအဆ တစ်ချို့ရှိပါတယ် 'ငါကနင်နင့်ထက်ကြီးတယ် ငါလောက်နင်မသိဘူး''နင်ကငါမွေးထားတဲ့သား ငါလောက်မတတ်ဘူး' စသဖြင့်ပေါ့ဗျာ ဒါကအရမ်းကိုမှားပါတယ် သူတို့ပြောတာ တစ်ချို့အတွက်မှန်ချင်မှန်နိုင်ပေမဲ့ အတ္တကြီးလွန်းရာကျပါတယ်
အမှန်ဆိုရင် သားကမိဘထက်တော်ရမယ် တပည့်က ဆရာထက်တော်ရမယ် ဆိုတာမျိုးပဲဖြစ်သင့်ပါတယ်
ဒီလိုအယူရှိမှလည်း လောကကြီးက တစ်နေ့ထက်တစ်နေ့ ပိုတိုးတက်လာမှပေါ့ မိမိအသက်ကြီးတဲ့ သူတွေကိုစော်ကားချင်တဲ့ စိတ်လုံးဝမရှိပါဘူး
အမှန်တကယ်လည်း ဒီလိုအယူမျိုးရှိခဲ့တဲ့ လူတွေကြောင့်သာကမ္ဘာကြီးပိုပိုတိုးတက်လာတာပါ အတ္တကြီးတစ်ခွဲသားနဲ့ ငါ ငါ လုပ်နေရင်တော့ ရာဇ၀င်ထဲမှာ မောင့်ကိုထားခဲ့ ဆိုတာမျိုးဖြစ်သွားပါလိမ့်မယ်
လေးစားလျက်....

သိင်္ဂါကျော် said...

ဆရာထက် တပည့်တွေက ပိုတော်နေရမယ်.. လက်ရှိမျိုးဆက် ထက် နောင် မျိုးဆက်တွေက ပိုတော်နေရမယ်.. အဲလိုမှသာ generation က တိုးတက်မှာပါ။

SHWE ZIN U said...

အဲဒီလို စိတ်ထားနိုင်တဲ့ သူတွေ တော်တော်ရှားတယ်ဗျ
ဒီမှာဆို ပိုဆိုးမှာ

ခင်တဲ့
ရွှေစင်

Unknown said...

အရမ်းကိုကောင်းပါတယ်.....စာလေးက

kiki said...

အင်း စဉ်းစားစရာ ပဲနော် ...
ခုချိန်မှာ ကိုယ်တိုင်ကတော့၊ ဟိုးအတွင်းဆုံးမှာ နေ တဲ့ ပိစိကွေး လေး ပဲ ဖြစ်နေချင်တော့တယ် ...

ဆရာ ထက် တပည့် လက်စောင်းထက် တာ ... တခါတလေ တော့လည်း သိပ်မနိပ် ဘူးလား လို့ ပါ ။
အပြန်အလှန် လေးစားပြီး ညှိနှိုင်းလုပ်ဆောင်ရမဲ့  အခါတွေလည်း ရှိပါသေးတယ် ၊

ကိုဇော် said...

ဒါဆို မကိရယ်. . .
အဖိုးထက် အဖေညံ့ ၊ အဖေ့ထက် သားညံ့ ၊ သားထက် မြေးညံ့တွေ ဖြစ်ကုန်တော့မှာပဲ။

ဒါဆို အခြေပြဇယားမှာ မြားက ဇောက်ထိုးကြီးပေါ့ဗျာ။

Unknown said...

သေချာတယ် နေရာတိုင်းမှာ တော်တော်များများ လူကြီးတွေက ကိုယ့်ထက်ပိုတော်တဲ့သူတွေ့ရင် သိသိကြီးနဲ့ လက်မခံနိုင်ကြဘူး... နေရာမပေးချင်ကြဘူး.. အတ္တ တွေလေ.. အဲဒါတွေ မဖြစ်သင့်တော့ပါဘူး... မျိုးဆက်သစ်တွေ အတွက် စဉ်းစားပေးသင့်တယ်...

mabaydar said...

တော်တဲ့သူကို ချီးမြှောက်တဲ့သူဋ္ဌေးမို့ ကောင်းတာပေါ့... ညီမအခုအလုပ်မှာတော့ အလုပ်လုပ်လေ ပို ခိုင်းလေ... ပို အနိုင်ကျင့်လေ... ကြိုးစားလေ..ခိုတဲ့သူတွေက ဝိုင်းအမြင်ကပ်လေ... ကိုယ့်အထက်အရာရှိကလဲ... သူ့ကုမ္ပဏီမဟုတ်တိုင်း... သူ့နေရာခိုင်နေရင်ပြီးရော... အဲဒိ ငခိုတွေကိုပဲ လက်သပ်မွေးပြီး.. သူလိုရင် အဲဒိ ငခိုတွေရဲ့အမှားကို ထောက်ထောက်ပြပြီး သုံးတယ်.. တကယ်အမှန်အကန်နေနေတဲ့ သူတွေကျတော့ သူကိုယ်တိုင်က အမြင်ကပ်တယ်... ချိတ်ကုန်တယ်.. အလုပ်လုပ်ရတာ... ဒေးဗစ် အိုဂျီဗီးလ်က ကုမ္မဏီပိုင်ရှင်ပဲ ဖြစ်ရမယ်... ဒါ့ကြောင့် သူက မှန်မှန်ကန်ကန် ဆုံးဖြတ်တာ... ဒီပိုစ့်လေးအတွက်တော့ ကျေးဇူးပါ ကိုဇော်...