မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


04 May 2010

11 သူများကိုလည်း အမှန်မြင်ပါစေ



တစ်ခါက. . .

စိတ်ပညာ ဆိုင်ရာ သင်တန်း တစ်ခုတွင် ဆရာက သူ့အတန်းမှ တပည့်များ အားလုံးဆီသို့ တစ်ယောက်ပြီး တစ်ယောက် စာ လိုက်စစ်နေလေသည်။ သူစစ်နေတဲ့ စာက ခက်တာတော့ မဟုတ်။ ဒါပေမဲ့ တပည့်တစ်ယောက်က ဖြေပြီးရင် သူပြောလိုက်တဲ့ စကားကြောင့် တပည့်တွေ တစ်ယောက်ပြီး တစ်ယောက် ခေါင်းကုတ်ကြရတယ်။

သူ တပည့်တစ်ယောက် ရှေ့ ရောက်သွားတယ်။ ပြီးတော့ သူ ပြောလိုက်တယ်။

“ ကကြီး ( က ) ရေး. . . ။ ”

သူ ဒီလို ပြောလိုက်တော့ သူ့တပည့်ကလည်း ချက်ချင်းပဲ ကြိုးစားပန်းစား စာရွက် တစ်ရွက်မှာ “ ကကြီး ” ကို ချရေးတယ်။ ရေးပြီးတော့ ဆရာ့ကို မော့ကြည့်တယ်။ ဒီတော့ ဆရာက မေးတယ်။

“ ရေးပြီးပြီလား။ ”

“ ဟုတ်ကဲ့. . .ဆရာ ။ ”

“ အေး . . ဒါဆို မှားတယ်။ ”

“ ဟာ. . . ”

ဒါနဲ့ပဲ တပည့်လည်း ခေါင်းကို ကုတ်ရတော့တာပဲ။ ကကြီး ရေးတာ ဘယ်နေရာ မှားသွားလို့လဲပေါ့။ ဒါနဲ့ ဆရာကလည်း တပည့်တစ်ယောက်ပြီး တစ်ယောက်ကို မေးတယ်။ တပည့်တွေကလည်း တစ်ယောက်ပြီး တစ်ယောက် ဖြေရတယ်။ နောက်ဆုံးတော့ တပည့် တစ်ယောက် ရှေ့ကို ရောက်သွားတယ်။

“ ကကြီးရေး . .”

အဲဒီ တပည့်ကလည်း ပြားယီးပြာယာပါပဲ စာရွက်ပေါ်မှာ ကကြီးကို ချရေးလိုက်တယ်။ ရေးပြီးတော့ ဆရာ့ကို မော့ကြည့်လိုက်တယ်။ ဒီတော့ ဆရာက . .

“ ရေးပြီးပြီလား။ ”

“ ရေးလို့တော့ ပြီးပြီ ဆရာ ၊ ဒါပေမဲ့ မပြီးသေးဘူး။ ”

“ ဟေ. . ဘာလို့လဲ။ ”

“ ဆရာ့ကို မြင်အောင် ပြဖို့ပါ။ ဒီလို ကြည့်ပါ ဆရာ . . ”

ဆိုပြီး သူရေးထားတဲ့ ကကြီးကို ဆရာဘက်ကို လှည့်ပေးလိုက်တယ်။ ဒီတော့ ဆရာဘက်က ကြည့်ရင် “ ကကြီး ” ဖြစ်သွားပေမဲ့ သူ့ဘက်ကတော့ “ ယပက်လက် ( ယ ) ” ဖြစ်သွားတယ်။ အရင်ကတော့ သူ့ဘက်က “ ကကြီး ” ဖြစ်နေပေမဲ့ ဆရာဘက်ကျတော့ “ ယပက်လက် ” ဖြစ်နေတယ်လေ။ ဒါကြောင့် ဆရာက “ မှားတယ် ” လို့ သူ့အမြင်ကို ပြောသွားတာ။

သူက ဒီလို လှည့်ပြလိုက်တော့မှ ဆရာက ပြုံးပြီး . . .

“ မှန်တယ်။ ဆရာက ရေးခိုင်းတာ ကကြီး ၊ မင်းတို့ အားလုံးက ကိုယ့်ဘက်ကိုပဲ မြင်အောင် ကကြီး ရေးနေကြတော့ ဆရာဘက်က ကြည့်တော့ ယပက်လက်တွေချည်းပဲ ဖြစ်နေတယ်။ ဒါကြောင့် မှားတယ်လို့ ပြောလိုက်တာ. . ။

ကိုယ်လုပ်တဲ့ အလုပ်တစ်ခုက ကိုယ့်အမြင်အတွက် မှန်နေနိုင်ပေမဲ့ သူများဘက်ကျတော့ မှားနေနိုင်တယ်။ ဒါကြောင့် သူများကိုလည်း ကိုယ့်လို မြင်အောင် လှည့်ပြီး ပြပေးနိုင်ရမယ်။ ဒါမှ သူလည်း ကိုယ့်လို မြင်လာမှာပေါ့။ ဒါကြောင့် ကိုယ့်လို အမြင် သူ့မှာ မရှိဘူး ဆိုရင် သူ့ကိုလည်း မြင်လာအောင် လှည့်ပြပေးဖို့  လိုတယ် ဆိုတာ အခု “ ကကြီး သင်ခန်းစာ ” လေးကို ဘယ်တော့မှ မမေ့နဲ့။ ”


ကိုဇော် ခံစားတင်ပြသည်။
4.5.2010

.
Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ဟုတ်တယ်ကိုဇော်.. ငါမှန်နေတာကို သူက အမှားမြင်တယ်လို့ စိတ်မဆိုးသင့်ဘဲ ငါဘယ်လိုလုပ်ရင် သူ့ဘက်က အမှန်မြင်နိုင်မလဲဆိုတာ ကို စဉ်းစားပြီး ကြိုးစားအားထုတ်သင့်တယ်နော်..

ဂျစ်တူး ( မုံရွာ ) said...

စဉ်းစားတွေးခေါ်ပြီးရေးလိုက်တဲ့ ဒီပို့ စ်ကလေးကိုတော့
ကျနော်ဘယ်တော့မှမေ့ မည်မထင်မိပါ-
အကြောင်းအရာတခုကိုပြောကြဆိုကြတိုင်းသတိတရရှိနေ
တော့မှာပါခင်ဗျာ-
လေးစားစွာဖြင့်-

thu thu win said...

ဖတ်ခွင့်ရတာ ကျေးဇူးပါအကိုဇော်။ ကိုယ်မှန်တယ်ထင်ရင်ပြီးရော ဆိုပြီး ဇွတ်လုပ်တတ်တဲ့ ညလေး မှတ်သားသွားပါတယ်။ မျက်လုံးမြန်မြန်သက်သာပါစေ။

သိင်္ဂါကျော် said...

သူများက ဘာလို့ မှားတယ် ပြောတာလဲ ဆိုတာ မှန်မှန်ကန်ကန် သိဖို့လိုတာပေါ့.. တစ်ချို့က သူများကို အမှန်မြင်အောင်မပြနိုင်ပဲ ကိုယ်ဘက်ကပဲ မှန်တယ်လို့ ဇွတ်ငြင်းချင်ကြတာလေ..

မြသွေးနီ said...

ဒီဆရာနှယ့်.. ကင်းမြီးကောက်ထောင်ကြည့်ရမှာ..:)

Flower said...

ဘာ
ဘာလာအော်သွားတာဒုန်း
မိဇော် ညည်းကို ကျုပ် အသရေဖျက်မှုနဲ့ တရားစွဲလိုက်ရလို့ ဟွန်း
အင်း ဒီလိုဆို ကကြီးရေးရင် တည့်တည့်ရော ဇောက်ထိုးပါကြည့်မယ်ကွာ
ဒါဆိုရပြီထင်တယ်..
ကောက်မြီးကောက်တော့ မဖြစ်ဘူး ဟူးဟူး... :)

zero said...

ဘာပြောရမှန်းမသိအောင်မှန်လွန်းနေ၏

Anonymous said...

:D....အစ်ကို..ကိုဇော်...ပထမဦးဆုံးလာလည်
ခြင်းပါ။ ဦးဆုံး...ပုဒ်နဲ့ တင်တော်တော်လေးသဘော
ကျသွားတော့တာ။ ရိုးရိုးလေးနဲ့ လှလှလေးပေးသွား
တဲ့ အသိတရား...ဟာသရသလဲ..ရောနေသေးတယ်။
:)....ခင်မင်လေးစားလျှက်...ခင်မာလာအောင်..:)

Unknown said...

Very Good ! Ko Zaw
I Likes that story. That is very proper my work.
Thanks. I wish to you may be writes more than general knowledge Letters.

သူကြီးမင်း (တုံးဖလား) said...

အမှန်မြင်တတ်ရင်တော့ အားလုံး အမြင်မှန်တွေချည်းပါဘဲ။း))))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

အဖြူရောင်နတ်သမီး said...

ဟုတ်တယ်...
ကိုယ်ကသာ ဘာမှမဟုတ်တာ..
သူများကို ပြောင်းပြန်လိုက်ကြည့်ပြီး အပြစ်ပြောနေတဲ့သူတွေ...
ဒီ ပို့စ်ကို ဖတ်ပြီး အမြင်မှန် ရကြရင် အရမ်းကောင်းမှာပဲ..