မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 May 2010

19 လန်းချင်ကြသူများ



“ လည်ပင်းကြယ်သီးကို အရမ်းကြီး စေ့အောင် မတပ်သွားနဲ့နော်။ ”

“ အေးပါ မိန်းမရယ်။ ”

“ ရှင်ကတော့ ပြောလိုက်ရင် ဒီလိုချည်းပဲ ၊ ဟိုရောက်မှ အရစ်ရှည်နေမှာ စိုးလို့ပြောတာ။ ”

“ သြော်. . . ငါကလည်း ဘာပြောနေလို့လဲ မိန်းမရယ်။ ”

ပြောပြောဆိုဆိုနဲ့ ဦးမြမောင် ကားထဲက သားလေးကို လက်ဆွဲကာ ထွက်လာရင်း အိမ်က မိန်းမနဲ့ ပြောခဲ့တာတွေကို သတိရတယ်။ သားကတော့ လူငယ်ပီပီ ဘာမှသေချာ မသိ။ တစ်လမ်းကျော်လောက် လမ်းလျှောက်ဝင်ပြီးတော့ သားအတွက် မှတ်ပုံတင် လုပ်ဖို့ ရုံးကို ရောက်တယ်။ သူလို ကိုယ်လို နုံနုံချာချာ ဝတ်စားထားသူတွေ ၅ ယောက်လောက်ကို တွေ့လိုက်ရတယ်။ ဧည့်သည်များအတွက် ထိုင်ဖို့ လုပ်ပေးထားတဲ့ ထိုင်ခုံတန်းလျားလေးတွေမှာ ခန္ဓာကိုယ်ကို ပုံချကာ ထိုင်နေတယ်။ တချို့လက်ထဲမှာ စာရွက်တစ်ထပ်ကို ကိုင်ထားပြီး တစ်ချို့ လက်ထဲမှာ ဗလာ။

ကိုယ်က အခုမှ လာတာ ဆိုတော့ ဖောင်ဖြည့်ဖို့ ဘာစာရွက်စာတမ်းမှ မရှိသေး။ ကိုယ်လည်း ဗလာ။ ရုံးထဲကိုပဲ တိုက်ရိုက် ဝင်လာတော့ . . . “ မြေမျို၍ လူမျိုး မပျောက် ၊ လူမျိုမှ လူမျိုးပျောက်မည်။ ” ဆိုသော ကျက်သရေ ရှိလှတဲ့ ဆောင်ပုဒ်ကို လှမ်းမြင်လိုက်ရတယ်။ ရင်ထဲမှာ ဝမ်းမြောက်ခြင်းများလည်း လျှံထွက်လာတယ်။ ဒါထက် ငါ ဘယ်မှာ ပုံစံဖြည့်ဖို့ ဝယ်ရမှာလဲ လို့ ရုံးထဲက စားပွဲတွေကို လိုက်ကြည့်လိုက်တော့ အားလုံးက ကိုယ်စီ အလုပ်များနေကြတယ်။

ဒီအချိန်မှာပဲ စားပွဲလေး တစ်ခုက ကောင်လေး တစ်ယောက်က ဖြတ်ခနဲ မော့ကြည့်အလာနဲ့ မျက်ဝန်းခြင်း ဆုံမိတယ်။

“ ဘာကူညီရမလဲ ဦး။ ”

သဘောကောင်းသလို ပြေပြေပြစ်ပြစ် ချေချေငံငံလေး ပြောရှာတယ်။

“ အေးကွာ။ ဦးသားလေးကို မှတ်ပုံတင် လုပ်ပေးချင်လို့ပါ။ အဲဒါ ပုံစံဖြည့်တာတွေ ဘာတွေ ဘယ်မှာ ဝယ်ရမလဲ။ လုပ်ရမလဲ မသိလို့။ ”

“ သြော်. . . မှတ်ပုံတင် အတွက် ပုံစံတွေ ဖြည့်တာ ဘာညာကတော့ ဒီနေရာမှာပဲ ဝယ်ရမှာပဲ ဦး။ ”

“ ဟုတ်လား။ ဒါဆို ဦးကို တစ်စုံစာလောက် ရောင်းပါ။ ”

“ ဟုတ်ကဲ့။ ”

ပြောလည်း ပြော ၊ လုပ်လည်း လုပ် ဆိုသလို ကောင်လေးက သူ့စားပွဲ အံဆွဲထဲက မှတ်ပုံတင် လုပ်ရင် ဖြည့်ရတဲ့ ပုံစံစာရွက် တစ်ရွက်ကို ထုတ်ပေးတယ်။

“ ပုံစံ စာရွက်က တစ်စုံမှ ၃၀၀ ကျပ်ပါ ဦး။ ”

“ အေး . . အေး ။ ”

ဦးမြမောင် သေသေချာချာ ထည့်ယူလာတဲ့ ၂၀၀ ကျပ် တန်အဟောင်းလေးနဲ့ ၁၀၀ ကျပ် တန် အဟောင်းလေး တစ်ရွက်ကို ထုတ်ပေးလိုက်တယ်။ ဘယ်နေရာက စားပွဲခုံမှာ နေရာလွတ်လဲ လို့ ဟိုဟိုဒီဒီ မျက်လုံးဝေ့ကစားလိုက်တော့ စားပွဲတွေက အလုပ်လုပ်သူတွေနဲ့ အပြည့်။

“ ရာသီဥတုက ပူတယ်နော် ဦး။ ”

ပုံစံစာရွက် ရောင်းတဲ့ ကောင်လေးက တိုးတိုးပြောတယ်။ ကိုယ်ကလည်း ကိုယ့်ဖာသာကိုယ် ပုံစံဖြည့်ရန် နေရာကို ရှာနေမိတော့ သူပြော ပထမ မကြားလိုက်။

“ အပြင်မှာ ရာသီဥတုက ပူတယ်နော် ဦးလေး။ ”

“ ဟင်. . . အေး ဟုတ်တယ်ကွာ။ သားရဲ့ ကျောင်းတတ်တဲ့ အခါ မှတ်ပုံတင် အခက်အခဲ ဖြစ်မှာ စိုးလို့သာ လာရတာ နေကလည်း ဒီနှစ် တော်တော်ကို ပူပြင်းတာပါပဲ။

“ ကလေးကို တကူးတက လာလုပ်ပေးရတာ ဆိုတော့ အလုပ်ကလည်း ပျက်မှာပေါ့ ဦးရာ။ ”

“ ပျက်တာပေါ့ကွာ။ ဒါပေမဲ့လည်း သားအတွက်က လိုနေတော့ လာရတာပေါ့။ ”

“ အေးဗျာ။ ကျွန်တော်တို့လည်း နားလည်ပါတယ်။ ဒါပေမဲ့ ရုံးဆိုတာကလည်း ရုံးလုပ်ငန်း သဘောတွေက ရှိနေတော့ အလုပ်တစ်ခုမှာ နောက်လူတွေကို ကျော်ခွ လုပ်ပေးဖို့ ဆိုတာ မလွယ်လှဘူး။ ”

“ ဟုတ်ပါတယ်ကွယ်။ ဦးလည်း နားလည်မိပါတယ်။ ”

“ ဒီမှာ လုပ်နေရတဲ့ လူတွေကလည်း နေ့စဉ် လူတွေက များတော့ သူတို့ကို လုပ်ပေးရတဲ့ အတွက် ပင်ပန်းနွမ်းနယ်ကြတာပေါ့ ဦးရယ်။ ”

“ အင်း။ ”

“ ဒါပေမဲ့လည်း အလုပ်ဆိုတော့လည်း လုပ်ပေးကြရတာပါပဲ။ ဒါပေမဲ့. . . . . . . . . . ”

“ ဒါပေမဲ့ . . ဘာဖြစ်လို့လဲ ငါ့တူရဲ့။ ”

“ ဒါပေမဲ့ . . . ပန်းပင်တွေ နွမ်းနေရင် သူတို့ လန်းဆန်းလာအောင် ရေလောင်းပေးရတယ် မဟုတ်လား ဦးရာ။ ”

“ အင်း . . . ဟုတ်တာပေါ့။ ”

“ ဒီလိုပဲ အလုပ်တွေ အများကြီး လုပ်နေကြရတဲ့ သူတွေကိုလည်း သူတို့ လန်းဆန်းလာအောင် ရေလေးနည်းနည်း လောင်းပေးလိုက်မယ် ဆိုရင် သူတို့အတွက် လန်းဆန်းသွားကြတာမှာ အမှန်ပေါ့ဗျာ။ အလုပ်လုပ်တာလည်း သွက်လက် မြန်ဆန်လာတာပေါ့ဗျာ။ မဟုတ်ဘူးလား ဦး။ ”

“ ဟုတ် . . . အဲ . . မသိ. .။ အင်း.  . . ဘယ်လို ရေလောင်းပေးရမှာလဲ ငါ့တူရာ။ ”

“ လာပါဦး . . ဦးရဲ့ ထိုင်ပါဦး။ ”

ပုံစံရောင်းတဲ့ စာရေးလေးက ထိုင်ခုံကို လက်ညွှန်ပြ ထိုင်ခိုင်းတော့ ဦးမြမောင်လည်း ယောင်ချာချာ ထိုင်ချလိုက်မိတယ်။ ပြီးတော့မှ ကောင်လေးက ဆက်ပြောတယ်။

“ ဟိုအပြင်မှာ ကြည့် . . ဦး။ သူတို့ ဒီပုံစံလေးကို လာတင်တာ တစ်ပတ်ရှိပြီ။ သူတို့ အဆင်မပြေကြဘူး ဦးရယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော့်ဆရာကလည်း အရမ်းကို တိကျတယ် မဟုတ်လား။ ဒီတော့ သူတို့ တစ်ခါမှားလိုက် တစ်ခါပြန်ပြင်လိုက်နဲ့ တော်တော်နဲ့ကို ခရီး မရောက်ဘူး ဖြစ်နေကြတယ်။ ဒီတော့ ကျွန်တော်က ဦးကို ဦးအလုပ်လည်း မပျက်အောင် မြန်မြန်လည်း ပြီးအောင် ကျွန်တော့်ဆရာက ဘယ်လို ပုံစံတွေကို သေသေချာချာ ကြိုက်နှစ်သက်တယ် ဆိုတာကို ကျွန်တော်က သိတယ်လေ။ ”

“ ဒီတော့. . . . ”

“ ဒီတော့ ဦးက ဦးဖာသာ လုပ်ရင် ရက်တွေ အများကြီးနဲ့ မမှန်မချင်း ပြင်နေပြီး အချိန်ကြာနေမှာကို ကျွန်တော်က ကူလုပ်ပေးပြီး ကျွန်တော့်ဆရာကိုလည်း မြန်မြန်ပြီးအောင် ဘေးကနေ ဝိုင်းကူလုပ်ပေးလို့ ရတာပေါ့။ ”

“ ဟုတ်ပြီ ၊ ဦး သဘောပေါက်ပြီ။ ဒီတော့ ဦးက ဘယ်လို လုပ်ပေးရမလဲ။ ”

“ ဟုတ်ကဲ့. . . ဦးက သဘောပေါက်ပြီ ဆိုမှ နောက်နေသေးတယ် ဦးရာ။ နွမ်းနေတဲ့ ကျွန်တော်တို့ စိတ်ကို နည်းနည်းလန်းလာအောင် ရေလေး လောင်းပေးလိုက်ရုံပါပဲ။ ဒါပဲပေါ့ ဦးရယ်။ ”

“ သြော်. . ဦး ဘယ်လောက် လောင်းရမလဲ။ ”

“ အဲဒီလိုကြီးတော့ ကျွန်တော်တို့ မသတ်မှတ်ပါဘူး။ ဦး စေတနာ ရှိသလောက်ပါပဲ။ ကျွန်တော်ကတော့ လူငယ်ဆိုတော့ နည်းနည်းနဲ့ ဖြစ်ပါတယ်။ ဆရာက ကျတော့ လူကြီး မလား။ ဦးဖာသာပဲ ညှိလိုက်ပါ။ ”

“ အေး ရပြီ။ ဦးသဘောပေါက်ပြီ။ ”

“ ဟုတ်ကဲ့. . ဦးသဘောပေါက်ရင် ကျွန်တော့်ကို ဦးစာရွက်တွေ ပေး ကျွန်တော် လိုတာတွေ ဖြည့်ပေးမယ်။ ကျွန်တော်က ဒီမှာ လုပ်နေတာ ကျွန်တော့်လောက် ဦးက ကျွမ်းကျင်ပါ့မလား။ ဟုတ်တယ် မလား။ ”

ပြောလည်း ပြော ၊ လက်ထဲက စာရွက်စာတမ်းတွေကိုလည်း ဆွဲယူပြီး သူ့ဖာသာ စားပွဲခုံပေါ်မှာ တစ်ခုချင်း အချက်အလက်တွေကို ဖြည့်သွားတယ်။ သူ့ဖာသာ ကျွမ်းကျင်တော့လည်း ပုံစံတွေ ဖြည့်တာ မြန်သားလို့ ဦးမြမောင် တွေးနေမိတယ်။ အဖေ ၊ အမေ ၊ အဖိုး ၊ အဖွား အချက်အလက်တွေကို ဖြည့်ပြီးတော့ ဘယ်ဘက် ထောင့်က အကွက်လေးမှာလည်း သူ့အံဆွဲထဲက ကော်ဘူးလေးကို ထုတ်ပြီး ဓါတ်ပုံလေးကို ကပ်လိုက်တယ်။ ဟုတ်သားပဲ ကိုယ်ဖာသာ ဖြည့်ရင် ဓါတ်ပုံကပ်ဖို့ ကော်ရှာရဦးမယ်။ အဆင်မပြေရင် ထမင်းဆိုင်ပြေးပြီး ထမင်းလုံးကို မျက်နှာငယ်နဲ့ တောင်းရဦးမယ်။

“ ရပြီ . . ဦး။ ပြီးပြီ။ ”

ရပြီ သာ ပြောတယ်။ သူ့လက်ထဲက ပုံစံဖြည့်ပြီးသား စာရွက်ကို ဦးမြမောင်ဘက်သို့ ကမ်းမပေးသေး။ တစ်ခုခုပဲ လိုနေသလိုလို စီထပ် နေတယ်။ ဒီတော့ ဦးမြမောင်လည်း နားလည်လိုက်သလို အိတ်ထဲကို လက်နှိုက်လိုက်တော့ . . . .

“ အဟဲ. . .အဲဒီလိုကြီး ပေါ်တင် မလုပ်နဲ့လေ ဦးရဲ့။ ပတ်ဝန်းကျင် ဆိုတာတော့ ရှိနေသေးတယ်လေ။ ရော့. . . ဒီစာရွက်ကြားလေးထဲကို ညှပ်ပြီး ပေး။ ”

စားပွဲလေး တစ်လုံးပဲ ခြားတဲ့ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ သူ့ကို စာရွက်ကြားထဲကို ညှပ်ပေးဖို့ အင်္ကျီအိတ်ထဲက ၅၀၀ ကျပ် တန် နှစ်ရွက်ကို နှိုက်လိုက်ပြီး စာရွက်ကြားထဲကို ထည့်. . .၊ သူ့ဘက်ကို တွန်းပို့မယ် လုပ်တော့. . .

“ ဦးရယ်. . ဒီခေတ်မှာ ဒီလောက် အကောင်သေးသေးလေး နှစ်ကောင်နဲ့ ဘာလုပ်လို့ရတော့မှာလဲ။ ဒါဆို သိပ်မလန်းဘူး ဦးရ။ အကောင်လတ်လတ် နှစ်ကောင်လောက်တော့ လုပ်ပါ။ ”

ဒါနဲ့ ၅၀၀ တန်လေး နောက်ထပ် နှစ်ရွက်ကို ထပ်ထည့်လိုက်ပြီး သူ့ဘက်ကို တွန်းပို့လိုက်တော့မှ သော့တံ ဝင်သွားတဲ့ သော့ခလောက်ကြီးက ချောက် ခနဲ ပွင့်သွားသလို့ ခုနက သူ ရေးပြီးသား စာရွက်တွေကိုလည်း ဆက် ခနဲ ဦးမြမောင် ဘက်ကို လှမ်းပေးတယ်။

“ တကယ်ဆို ပုံစံ ဖြည့်ပြီးရင် ဦးအလှည့်ရောက်အောင် စောင့်ရတယ်။ ဒါပေမဲ့ ဦးမှာကလည်း အလုပ်က ရှိသေးတော့ ကျွန်တော် မစောင့်ရအောင် ဆရာ့ကို သွားပြောပေးထားပါ့မယ်။ ကူညီတာပေါ့ ဦးရာ။ ”

ပြောပြောဆိုဆိုပဲ ထသွားပြီး ဦးစီးမှူးလို့ ရေးထားတဲ့ အခန်းထဲကို ကောင်လေး ဝင်သွားတယ်။ ခဏနေတော့ ပြန်ထွက်လာပြီး . .

“ ရပြီ ဦး ၊ ဝင်သွားလို့ ရပြီ။ ကျွန်တော့် ဆရာကို ပြောထားတယ်။ ”

“ အေး. . အေး. . ကျေးဇူးပဲကွာ။ ”

“ ဒါပေမဲ့ ဦး။ ဆရာကိုလည်း နည်းနည်း လန်းအောင် လုပ်လိုက်ဦးနော်။ ဆရာလည်း နေပူတော့ ဦးရယ် မလန်းနိုင် ရှာဘူး။ ”

ဦးမြမောင် ခေါင်းကိုပဲ ဆတ်ပြခဲ့ပြီး ဦးစီးမှူး ဆိုတဲ့ အခန်းထဲကို ဝင်လာခဲ့တယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

အထဲကို ဝင်လိုက်တော့ ဦးမြမောင် မိမိနဲ့ အသက်ချင်း မတိမ်းမယိမ်း တစ်ယောက်ကို တွေ့လိုက်ရတယ်။

“ လာဗျာ။ ထိုင်ပါ၊ ”

“ ဟုတ်ကဲ့ ခင်ဗျ။ ”

ဦးမြမောင် ရိုရိုသေသေ ပြန်ပြောရင်း သူ့ရဲ့ ရှေ့က ထိုင်ခုံမှာ ထိုင်လိုက်တယ်။ သားကိုလည်း ဘေးက ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်ပြီးတော့ . . . ဦးစီးမှူးဆီက အသံထွက်လာတယ်။

“ ရာသီဥတုက ပူတယ်နော်။ ”

“ ဟုတ်ကဲ့ ခင်ဗျ။ လူလည်း လာရတာ မသက်သာပါဘူး။ ”

“ အေးဗျာ. . ကျွန်တော်လည်း ကိုယ်ချင်းစာပါတယ်။ ကျွန်တော့်အမြန်ဆုံးပြီးအောင် ဆောင်ရွက်ပေးပါ့မယ်။ စာရွက်စာတမ်းတွေကတော့ ပြည့်စုံပါတယ်။ မိဘတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ပုံစံတွေတော့ ပြန်လိုကောင်း လိုလိမ့်မယ် ထင်တယ်။ ”

“ ဟာ. . ဆရာရယ်။ ကျွန်တော့်ဇာတိက နယ်ကပါ။ ဒီလို အချက်အလက်တွေကို နယ်က ရုံးမှာ တစ်ခေါက်သွားယူဖို့ ဆိုတာ မလွယ်လှပါဘူး။ ”

“ သြော်. . ဒါဆိုလည်း ရုံးကနေ တဆင့် ရုံးသဘောနဲ့ ရုံးစာနဲ့ တောင်းလို့ ရပါတယ်။ ဒါပေမဲ့ တစ်လကျော်လောက်တော့ ကြာဦးမှာပဲ။ ”

“ အဲဒီလောက်တောင်မှ ကြာတော့ ကျွန်တော်သားလေး အတွက် ကဒ်က ဘယ်တော့မှ ရပါတော့မလဲ ဆရာ။ ”

“ ဒါကတော့ ရုံးသဘောအရ ပြောတာပါ။ ဒါပေမဲ့ ကျွန်တော်လည်း သူများ အခက်အခဲကို နားလည်ပါတယ်ဗျာ။ ကျွန်တော့် အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်။ ”

“ ဟုတ်ကဲ့၊ ”

ပြောမဲ့သာ ပြောလိုက်ရတာ ဦးမြမောင်ရဲ့ ဘယ်ဘက် ရင်ဘတ်ထဲကတော့ တဒိတ်ဒိတ်ခုန်နေတယ်။ ဘာလို့ အဲဒီလို ခုန်နေတာလဲ ဆိုတာတော့ ဦးမြမောင်လည်း မသိဘူး။ သူရဲ့ နှလုံးသားကပဲ ခုန်နေတာလား ၊ အဲဒီ နှလုံးသားရဲ့ အပေါ်မှာ တပ်ထားမိတဲ့ သူ့ရဲ့ အင်္ကျီပိုက်ဆံအိတ်ထဲက ခြင်္သေ့လေးတွေကပဲ အပြင်ကို ခုန်ထွက်ချင်လို့ တာဆူပြီး ခုန်နေတာလား သူလည်း သေချာ မသိခဲ့ဘူး။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

“ ဘယ်လိုလဲ အဆင်ပြေခဲ့ရဲ့လား။ ”

ဦးမြမောင် အိမ်ထဲကို ဝင်လာတယ် ဆိုတာနဲ့ သူ့ဇနီးက ဆီး မေးတယ်။

“ ပြေပါတယ်ကွာ။ အိမ်ထဲလည်း ဝင်ပါရစေဦး။ ”

“ ကျုပ်က နေ့ရက်တွေ အများကြီး ချိန်းနေမှာ စိုးလို့ပါ။ ”

“ မချိန်းပါဘူးကွာ။ ဒီနေ့ တစ်နေ့ထဲ အဆင်ပြေခဲ့ပါတယ်။ ဒီမှာ မင်းသား ကဒ်။ ”

ဦးမြမောင် လှမ်းပေးသော ကဒ်လေးကို သူ့ဇနီးက ယူလိုက်ပြီ။ . . .

“ တော်သေးတာပေါ့ရှင် တစ်နေ့တည်း ပြီးခဲ့လို့ . . ”

“ အေး ပြီးတာလည်း မပြောနဲ့လေ။ သူတို့တွေ နွမ်းနေတယ် ဆိုလို့ လန်းလာအောင် ရေလည်း အတော် လောင်းခဲ့ရတယ်။ ”

“ ဘယ်လို . . .ဘယ်လို ရေတွေ လောင်းခဲ့တာလဲ။ ”

“ ဒီလိုလေ. . . ဒီလို. . .”

ဦးမြမောင်က လက်ညှိုးနဲ့ လက်မကို ဝိုင်းပြပြီး အိမ်ထဲကို အဝတ်အစားလဲဖို့ ထွက်လာခဲ့တယ်။ အဝတ်လဲခါနီး ဦးမြမောင် သူ့ဇနီးကို တစ်ခုတော့ လှမ်းပြောလိုက်တယ်။

“ တော်သေးတယ်ကွာ။ မင်းပြောသလို ဝတ်သွားလို့ပဲ။ နို့မို့ဆို မလွယ်ဘူး။ ရာသီဥတုက ပူတော့ လူတွေက မလန်းကြဘူး။ ငါတောင်မှ အခု တော်တော် နွမ်းသွားပြီ။ လန်းအောင် လုပ်ရဦးမယ်။ ”

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

“ မောင်ပု ရေ. . ။ ”

“ ဗျာ. .ဆရာ လာပါပြီ။ ”

“ ငါ့ ရုံးခန်းအဝက ငါ့နာမည် ဆိုင်းဘုတ်လေးကိုလည်း ရေဝတ်လေးနဲ့ ဖုန်တွေ ဘာတွေ သုတ်ပါဦးကွာ။ ငါ့မှာ ဖုန်တွေ တတ်နေပြီး မလန်းတော့ဘူး။ ”

“ ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော် အခုပဲ သုတ်လိုက်ပါ့မယ်။ ”

“ ဒါနဲ့ မနေ့က မင်းရော ဘယ်လို နေလဲ။ တော်တော်မှ လန်းရဲ့လား။ ”

“ မနေ့ကတော့ သိပ်မလန်းဘူး ဆရာ။ ဟိုတစ်နေ့ကတော့ တော်တော်လန်းလိုက်တယ်။ ဒီနေ့တော့ ချိန်းထားတဲ့ သူတွေလည်း ရှိပါတယ်။ ဒီနေ့တော့ လန်းမယ် ထင်တယ်။ ဆရာလည်း လန်းမှာပါ။ ”

“ အေး . .အေး . . ဖုန်သုတ်လိုက်ဦး။ ငါ့ဆိုင်ဘုတ်လေး မလန်းတော့ဘူး။ ”

“ ဟုတ်ကဲ့ ဆရာ။ ”

ပြောပြောဆိုဆို နဲ့ ထွက်သွားတဲ့ မောင်ပုကို လှမ်းကြည့်လိုက်ပြီး  နံရံမှာ ကပ်ထားတဲ့ သူရဲ့ နာမည် ဆိုင်းဘုတ်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။

ဦးမြမောင်
x x x ဦးစီးမှူး
x x x မြို့နယ်
x x တိုင်း။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ဒီလိုပါပဲ. . .
တစ်ခါတစ်လေတော့. . .
လောကကြီးက ဟန်ဆောင်ကောင်းတယ်။
ဘာလို့လဲ ဆိုတော့. . .
သူလည်း နေပူတော့ နွမ်းနေရှာလို့ လန်းချင်ရှာမှာပဲလေ။                 ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

19 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

တကယ်အပြင်မှာ၇ှိပါတယ်

Crystal said...

ကြာခဲ့ပြီ လွန်ခဲ့တဲ့ ၁၇နှစ်တုန်းက။ မှတ်ပုံတင်ထုတ်တဲ့နေ့တုန်းက ရုံးကလူတွေက ပိုက်ဆံတောင်းတယ်။ ကိုယ်ပိုင်ကားနဲ့သွားပေမယ့် ကျမ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံထည့်မသွားမိဘူး။ မှတ်ပုံတင်လုပ်ရင် ပိုက်ဆံပေးရမှန်းလည်း မသိဘူး၊ သူတို့က ဘယ်လောက်ပေးရမယ်မှန်းမှ မပြောတာ၊ မှတ်ပုံတင်လုပ်လို့ အပြီး ပိုက်ဆံတောင်းတော့ ခြောက်ရာပေးလိုက်တယ်။ တကယ် ဒီလောက်ပဲ ပါတာပါလို့ ပြောရတယ်။ မျက်နှာကြီးတွေများ ရှုံမဲ့နေတာပဲ။ အဟီး ပျော်လိုက်တာ လန်းဖို့ ရေလေး နဲနဲပဲ သုံးလိုက်ရတယ်။ ဂလိုနဲ့ မှတ်ပုံတင်လေး ရလာခဲ့တယ်။

Flower said...

လန်းစေ... လန်းစေ
ရေတင်မက ရေခဲပါထည့်ပြီးလောင်းသွားပြီ.
အိုကေတယ်ဟုတ်..

မကေ said...

နေရာတိုင်းမှာ ရေလိုနေတယ် :P

Anonymous said...

ထိထိမိမိရှိလှပါတယ်။

အခုတလောကြားနေရတဲ့ စကားလေးရှိတယ်။
ဘာလေးပဲဖြစ်ဖြစ် နေပူတာကိုး။ အပူရှိန်လွန်လို့နေမှာ။ တစ်ရက်ကဆိုရင် သူငယ်ချင်းတစ်ယောက်က ဂျီတော့မှာ Custom message မှာတင်ထားတဲ့စာလေးက

“အော်...ချစ်သူကပစ်သွားတယ်။ နေပူလို့နေမှာပါ။ အပူရှိန်လွန်လို့ ချစ်သူက ပစ်သွားတယ်” ဆိုပြီးတင်ထားလို့ ရယ်မိသေးတယ်။

အခုလည်း နေပူလို့နေမှာပါ။ နေပူပူမှာရေအလောင်း လွန်ရင်တော့ ဦးနှောက်သွေးကြော ပြတ်တတ် သေးတယ်နော်။

စကားတစ်ခွန်းကြားဖူးတယ်။
“ရောမအင်ပါယာကြီးတစိခုလုံး လျှောကျပျက်စီးရတာဟာ အစာရေစာ ခေါင်းပါးချို့တဲ့လို့လည်း မဟုတ်ဘူး။ ပြင်ပကရန်သူတွေ ဝင်ရောက်တိုက်ခိုက်လို့လည်းမဟုတ်ဘူး။(တကယ့်အကြောင်းရင်းက) ပြည်သူပြည်သားတွေ အကျင့်စာရိတ္တပျက်ပြားသွားလို့ပဲ”တဲ့...။

ဒါဆို....မြန်မာပြည်ရော????????????????

ရုရှားစကားပုံတစ်ခုကြားဖူးတယ်။

"When money speaks, the truth is slient."

ဘာပဲပြောပြော အတွေးအခေါ်ကောင်းလေးတွေနဲ့ ဆက်လက်ရေးသားနိုင်ပါစေ...။

Anonymous said...

ထိထိမိမိရှိလှပါတယ်။

အခုတလောကြားနေရတဲ့ စကားလေးရှိတယ်။
ဘာလေးပဲဖြစ်ဖြစ် နေပူတာကိုး။ အပူရှိန်လွန်လို့နေမှာ။ တစ်ရက်ကဆိုရင် သူငယ်ချင်းတစ်ယောက်က ဂျီတော့မှာ Custom message မှာတင်ထားတဲ့စာလေးက

“အော်...ချစ်သူကပစ်သွားတယ်။ နေပူလို့နေမှာပါ။ အပူရှိန်လွန်လို့ ချစ်သူက ပစ်သွားတယ်” ဆိုပြီးတင်ထားလို့ ရယ်မိသေးတယ်။

အခုလည်း နေပူလို့နေမှာပါ။ နေပူပူမှာရေအလောင်း လွန်ရင်တော့ ဦးနှောက်သွေးကြော ပြတ်တတ် သေးတယ်နော်။

စကားတစ်ခွန်းကြားဖူးတယ်။
“ရောမအင်ပါယာကြီးတစိခုလုံး လျှောကျပျက်စီးရတာဟာ အစာရေစာ ခေါင်းပါးချို့တဲ့လို့လည်း မဟုတ်ဘူး။ ပြင်ပကရန်သူတွေ ဝင်ရောက်တိုက်ခိုက်လို့လည်းမဟုတ်ဘူး။(တကယ့်အကြောင်းရင်းက) ပြည်သူပြည်သားတွေ အကျင့်စာရိတ္တပျက်ပြားသွားလို့ပဲ”တဲ့...။

ဒါဆို....မြန်မာပြည်ရော????????????????

ရုရှားစကားပုံတစ်ခုကြားဖူးတယ်။

"When money speaks, the truth is slient."

ဘာပဲပြောပြော အတွေးအခေါ်ကောင်းလေးတွေနဲ့ ဆက်လက်ရေးသားနိုင်ပါစေ...။

Anonymous said...

မပုတင်အတွက် ရေပေးရတာထက် မပုတင်စီ မရောက်ခင် ရားယားကမှာ ထောက်ခန်းစားလေး တစ်စောင်ရဖို့အတွက်ကို ရေတွေပေးရလွန်းလို့ နွေရာသီမှာ ရေခန်းထားထက်ဆိုးနေပြီး အားကိုးဇော်ရေ


ခင်တဲ့
seesein

Unknown said...

လောကကြီး မှာ ဗျာ.......ဂလိုတွေကြီးပါဘဲခင်မျာ....ကိုဇော်ရေ..
ပုံဖော်သွားတာလေးမိုက်တယ်ဗျာ

Unknown said...

ဒီကလဲ ကိုယ်တွေ့ဘဲ.. မှတ်ပုံတင် ခါးပိုက်နှိုက်ခံရလို့ ပြန်လုပ်တာ 1 နှစ်တောင်ကြာတယ်... ဟာဟ

kiki said...

လန်းလန်းဆန်းဆန်း ကံ့ကော်ပန်း ...
ပွင့်သောပန်းတိုင်း လန်းကြပါစေ ..
အဲ့လေ .. ယောင်လို့  .. ဂျလန်း ဂျလန်း ..လို လန်းတာ ပဲ ကောင်းပါတယ်ကွယ် ။

ရေအဖြန်းခံရသူတွေ လန်းသွားကြပေမဲ့
ပါနှီ ၊ ဝါတား ခမ်းနေသူတွေ ခမျာ .. ပင်ပန်းလိုက်ကြတာ နော် ။။။

မောင်မိုး said...

အာ...ကိုဇော်..ခင်ဗျားနှယ်။ မှတ်ပုံတင်ချင်လိုချင်ရင် ဘူးသီးတောင် မောင်တောဘက်ကိုသွား။ ၂၀၁၀ မတိုင်မှီ ဘင်္ဂလားဒေ့ရှ်ကခိုးဝင်လာတဲ့ ကုလားတွေကို မှတ်ပုံတင် ပန်းရောင် ပေးမယ်တဲ့ဗျာ။ ဖရီးတဲ့ဗျာ။ ဘာ ရေမှလောင်းစရာမလိုဘူးတဲ့။ ပြည်တွင်းဘက်မှာတော့ မှတ်ပုံတင်လိုချင်ရင် ၆ သောင်းတဲ့ဗျာ။ အဲဒါ မြန်မာပြည်ပေါက် မြန်မာတွေကိုနော်။

ချစ်ကြည်အေး said...

လာဖတ်သွားပါပြီတော်....
ဘလော့ဂ်လေးပါလန်းသွားအောင် ရေဖျန်းထားခဲ့ပါ၏...

what is good things said...

ကိုယ်လည်း လန်းချင်တာနော် !း)) ဘယ်လိုလုပ်ရပါ့ ..

Unknown said...

နောင်ကြီးကိုဇော်...ကျနော့်နာမည်နဲ.တူနေပြီခင်ဗျ
နောင်ကြီး ရှိပြီးနေတာကျနော်မသိလိုက်လို.ပါ။
ဒီအတွက်ကျနော်တောင်းပန်ပါတယ်ခင်ဗျာ
အမှန်တိုင်းပြောရင်အွန်လိုင်းမှာဘလော့တွေကိုစဖတ်ဖြစ်တာသိပ်မကြာသေးတော့နောင်ကြီး ရှိနေတာကိုမသိလိုက်မိဘူး
ကျနော့်အိမ်နာမည်ကလည်းကိုဇော်ဆိုတော့ ကျနော်လည်းကိုဇော်ဆိုပြီးကိုယ့်ကိုကိုယ်ပေးမိတာပါ
ခုတော့နာမည်ပြန်ပြင်ရတော့မယ်ထင်တယ်ဗျာ...
ကျနော် နောင်ကြီးကိုဇော်ရဲ.စိတ်ကူးအိပ်မက်များ ကိုဖတ်မိတော့မှနောင်ကြီးရှိနေပြီးတာသိတာပါ
နောင်ကြီးကိုဇော်ရဲ.စိတ်ကူးအိမ်မက်များကကျနော့်အတွက်အများကြီးလမ်းပြကူညီပေးခဲ့ပါတယ်။ကျနော်မသိသေးတာတွေကိုသိခဲ့ရပါတယ်။ ဒီအတွက်နောင်ကြီးကိုကျေးဇူးအရမ်းတင်လေးစားပါတယ်ပါတယ်ခင်ဗျာ
ခင်မင်လေးစားမှု.များစွာဖြင့်...

~ဏီလင်းညို~ said...

ကိုဇော်ရေ........

စာလေးဖတ်ရင်းပြုံးနေမိတာ.......း))
ဖတ်ရတာ ကောင်းတယ်ဗျာ........။
လန်းဆန်းမောပြေ....
ဖန်တက်ဆီ.အချိုရည်.........ပေါ့.......ဟား.......ဟား....း))


ခင်မင်တဲ့
ဏိလင်းညို

ကိုကြီး { ကိုရီး } said...

မှန်လွန်းနေတော့ဘာပြောရမလဲမသိတော့

မြသွေးနီ said...

ဒါကြောင့်ပြောတာ...
လာဘ်ပေး...ရန်မလို....ပါဆို.../
ဟိ.. အနော် မပါဘူး...။


ခင်မင်စွာ..
မြသွေးနီ

Unknown said...

ရေလည်လန်းတယ်နော်....ဟဟ
စာကိုပြောတာပါ။ ကျွန်တော့် မှတ်ပုံတင်တုန်းကလည်း
ရေလည်လောင်းလိုက်ရတယ် ရေတွေဘယ်နှစ်ပုံးလဲမသိဘူး?????

ဒီကောင်မလေး said...

ညီမလေးတုန်းကလဲ လန်းအောင်၂ပုလင်းလောက် လောင်းလိုက်ရတယ် ... (ရေပြောတာပါ :P)