မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


16 May 2010

20 တံတွေးသာ မျိုရသူများ



သေချာတာကတော့ဗျာ။ ဒီပို့စ်က ပျော်စရာ ကောင်းမှာ မဟုတ်ပါ။ ဟာသလည်း ဖြစ်မှာ မဟုတ်။ ကြည်နူးဖွယ်လည်း မပါ။ ဗဟုသုတ ရစရာလည်း ပါမှာ နည်းနည်း။ ဒါပေမဲ့. . . ကိုယ့်တံတွေးကို ကိုယ်မျိုပြီး ကိုယ့်အသက်ကို ကိုယ် ရှင်အောင်ဆက်နေရတဲ့ လူတွေအတွက် ကျွန်တော် ကျွန်တော့်တံတွေးကို မျိုမချရဲပဲ ရေးပါတယ်။

အားလုံးလည်း မေးလ်ထဲကနေ သိကြ ၊ မြင်ဖူးကြပြီသား ဖြစ်မှာပါ။ ဒီမှာ . . .အရင်က လှပပါတယ် ဆိုပြီး နိုင်ငံခြားသားတွေ သွားသွားလည်တယ် ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးအိုင်လေ။ “ အင်းလေးအိုင် ” လို့ ခေါ်တယ်။ ဘယ်လောက်များ လှလိုက်လဲ။




အခုတော့ဗျာ။ ကြည့်ကြပါဦး။ မြန်မာနိုင်ငံကြီး ပူလောင်နေတာလေ။ ဥပမာအလင်္ကာနဲ့ ပြောရရင် “ နေလောင်ထားလို့ ပက်ကြားအက်နေတဲ့ ဈေးသည်မ မျက်နှာပေါ်က ချေးကြောင်းတွေ လိုပါပဲလား။  ” ကြည့်ကြပါဦး။






ဒါတွေ ဘာလို့ ဖြစ်တာလဲ ကျွန်တော် သေချာတော့ မသိပါ။ ကျွန်တော် သိတာကတော့ မိုးမရွာလို့ပါ။ ပြီးတော့ ပူလွန်းတယ်။ အပူရှိန် လွန်တယ် လို့ ပြောကြတယ်။ မိုးရွာရင် ရေခံမယ် ဆိုပြီး ပြင်ထားကြတဲ့ ရာဝင်အိုးတွေ ၊ တိုင်ကီတွေလည်း ဗလာကျင်းပြီပေါ့။ တွင်းရေတွေလည်း ခန်းခြောက်ကြရပြီ။ 

“ မိုးရွာတုန်း ရေခံ ” တဲ့။ “ ကျွန်တော်တို့ ရေခံဖို့ ပြင်ထားပါတယ်ဗျာ မိုးမှ မရွာတာ ” ဆိုတဲ့ လူတွေကို ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ။ သူတို့ပြင်ထားတဲ့ တိုင်ကီတွေ  ၊ အိုးတွေ ၊ ပုံတွေ ၊ ခွက်တွေကို ဗလာနဲ့ မိုးကို မျှော်နေကြရတယ်။ 

ဟိုနေ့က မန္တလေးက ညီလေး တစ်ယောက်က ပြောလာတယ်။ 

“ အကိုရေ လုပ်ပါဦး. . ကျွန်တော်တို့ဆီမှာ အရမ်းပူပြီး ရေတွေ ခန်းခြောက်ကုန်ပြီ။ မိုးကလည်း မရွာဘူး။ သေလိုက်ကြတာလည်း တဖြုတ်ဖြုတ်ပဲ။ မိုးရွာအောင် ပွဲပေးပြီး လွန်ဆွဲကြတော့လည်း မိုးက မိုးသားတောင်မှ မတတ်ဘူး။ ဒီနေရာမှာ အဆင်မပြေတာနဲ့ နောက်တစ်နေရာကို ပြောင်းပြီး ဆွဲဆွဲနေရတယ်။ ဒါလည်း မရွာဘူး။ အခု လွန်ဆွဲတာနဲ့တင် ပိုက်ဆံတွေလည်း တော်တော်ကုန်နေပြီ။ အကိုရေ လုပ်ပါဦး။ ”

ခက်ပြီ။ ကျွန်တော်လည်း ဘယ်လိုမှ မလုပ်တတ်။ ဒီလိုသာ ကျွန်တော် လုပ်တတ်ရင် ပထမတစ်ကြောင်း သူရေးပြီးကတည်းက “ ရွာစေ ” လို့ လုပ်လိုက်မှာပေါ့။ ဒါက ကျွန်တော် မတတ်နိုင်တဲ့ အပိုင်းပြောတာပါ။ ဒါကြောင့် ကျွန်တော် တတ်နိုင်တဲ့ အပိုင်းကတော့ မိုးမရွာအောင် မတတ်နိုင်ရင် မိုးရေ မသောက်ပဲ ၊ မိုးရေ မသုံးပဲ တခြားရေ သုံးဖို့ အကြံပေးရတော့မှာပဲ။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~  ~ ~ ~ 

နွေနေပူထဲမှာ သောက်စရာ ရေမပါပဲ ခရီးသွားဖူးပါသလား။ “ တော်တော်ကို နေရတာ အဆင်ပြေလိုက်တာကွာ ” လို့ မြည်တမ်းဖူးပါသလား။ မဖြစ်နိုင်တာ ပူလောင် အိုက်စပ်ပြီး ရေငတ်လာရင် နှုတ်ခမ်းတွေ ခြောက်လာပြီး တံတွေးတွေကိုပဲ မျိုချရတော့မယ် မဟုတ်လား။ နောက်မှ သောက်စရာ ရှိလာရင် ရေသောက်ပြီး တံတွေးကို အစားပြန်ဖြည့်ရတော့မှာပေါ့။

* အဝတ်လျော်ဖို့ ရေမရှိဘူး။ ရတယ် နေပါစေ ရေချိုးရရင် ပြီးတာပဲ။ သန့်သန့်လေး နှစ်ရက်ဝတ်လိုက်မယ်။

* ရေချိုးဖို့ ရေ မရှိဘူး။ ရပါတယ် နေပါစေ မျက်နှာလေး သစ်ရရင် ပြီးတာပဲ။ ချွေသုံးလိုက်ပေါ့။

* မျက်နှာသစ်ဖို့ ရေ မရှိဘူး။ ရပါတယ် နေပါစေ။ ရေသောက်ဖို့လေး ရှိနေရင် ပြီးတာပဲ။ တော်သေးတယ်။

* သောက်ဖို့ ရေ မရှိဘူး။ ????????????????????

အခုတော့ဗျာ. . .၊ အောက်က လူတွေကို ကြည့်ပါ။ သူတို့. . . ရေ ငတ် နေ ကြ တာ ဗျ . .။ သူတို့မှာ ရေသောက်ဖို့ မရှိကြဘူး။ “ ရေအသက်ဆိုတာ တစ်မနက် ” တဲ့။ ရခဲလှတဲ့ လူ့ဘဝမှာ ဘယ်သူ့မှတော့ အလွယ်တကူ အသေမခံနိုင်တော့ သူတို့ သောက်ဖို့တော့ ရေလေးကို လိုချင်ကြပါတယ်။


သူတို့တွေ ကျောင်းမသွားပဲနဲ့များ အလှူရှင်ဝေတဲ့ ရေကို စောင့်နေကြတာလား။

ဖြစ်ရလေဗျာ။ သောက်ရေအိုးစင်နားမှာမှ ရေခံဖို့ ပုန်းလေးတွေ ချထားရတယ်လို့။

အဲဒီ. . သောက်ရေအိုးစင် ထဲမှာလည်း သူတို့ ရေဆာရင် သောက်ဖို့ ရေဆိုတာ ရှိပါ့မလား။

ရေပုံးလေးတွေ တန်းစီ . . ကလေးတွေ သေချာ ကြည့်ထားနော်. . .တဲ့။


နေရာ မလုနဲ့ ၊ ကျော်မတတ်နဲ့ ဆိုပေမဲ့ ကိုယ့်ပုံး အလှည့်ရောက်မှ ရေများ ကုန်သွားမလား. . .

အမိုးအကာဗလာ ၊ သူတို့ ရေဆာ နေမှာပဲဗျာ. . .နှုတ်ခမ်းတွေ ခြောက်လို့။

ကြည့် . . ဘယ်သူတွေများ ဖိနပ်ဝတ်တာ တွေ့လဲ။

ဒီလို အိုကြီးအိုမနဲ့ ရေထမ်းနေရတာ . . စာဖတ်သူ ဆိုရင်. . ??????

မြေတင် ပက်ကြားအက်တာ မဟုတ်ဘူး. . .လူတွေလည်းပဲ -----------

ဒီကလေးလေးက  “ ရေပေးပါခင်ဗျာ ”  လို့ ပြောနေတာလား။ 


ဒါပေမဲ့ အခု သူတို့ ပတ်ဝန်းကျင်မှာလည်း ရေမရှိဘူးတဲ့ဗျာ။ ရေ မရှိခင်မှာ သူတို့ ရေအစား တံတွေးကို အစားထိုး မျိုချထားခဲ့ရတယ်။ နောင်တစ်ချိန် ရေရလာရင်တော့ အစားထိုး ဖြည့်မယ်ပေါ့။ တကယ်လို့ ရေသာ မရလာခဲ့ရင်. . .သူတို့ ဘာကို အားဖြည့်သောက်ရမလဲ။ 

သူငယ်ချင်း တစ်ယောက်ကတော့ နောက်ပြောဖုးတယ်။ “ ရေဆာရင် ဘီယာ သောက်တယ်။ ” ဆိုပဲ။ အခု သူတို့သာ ဘီယာ သောက်နိုင်ရင် ဒီအချိန်မှာတော့ ဘီယာအစား ရေတွေပဲ ဝယ်နေမယ် ထင်တယ်။ ဒါ ဘာကြောင့်လဲ။ ဘာလို့ ဒီလို အရမ်းပူပြီး မိုးတွေခေါင် ရေရှား ဖြစ်ရတာလဲ။

ဒီမေးခွန်းကို ကျွန်တော် မသိပါ။

ကျွန်တော် သိတာကတော့ ပုဏ္ဏားက မေးခဲ့တဲ့ “ လူတွေက ဘယ်က စဖြစ်လာတာလဲ ” ဆိုတဲ့ အမေးကို ဗုဒ္ဓမြတ်စွာဘုရားက “ ဒီမေးခွန်းကို မဖြေလိုဘူး။ မြားလာရာက အရေးမကြီးပါဘူး။ အခု မြားစိုက်နေရာ နေရာကသာ အရေးကြီးတယ်။ ” လို့ ဟောပြောခဲ့ပါတယ်။ အရင်က ကျွန်တော့်ကို ဘာသာခြားတွေ ဘုရားမဟောခဲ့တာကို “ ဗုဒ္ဓဘာသာ ဟာကွက် ”  ဆိုပြီး အတင်းထောက်မေးတယ်။ ကျွန်တော်ကလည်း ငြိမ်မနေတတ်သူ ဆိုတော့. . .

“ အေး . . ငါတို့ ဗုဒ္ဓဘာသာက လူတွေ ဘယ်က ဖြစ်လာလဲ ဆိုတော့ မင်းတို့ ဘာသာက သေပြီးတော့ ဖြစ်လာတာ. . .။ ”

လို့ ပြန်ဖြေခဲ့ဖူးပါတယ်။ သူတို့လည်း ဒေါသ ဗလပွနဲ့ ဆွံအ ကျန်ခဲ့တာပေါ့လေ။ နောက်တော့ ကျွန်တော်နဲ့ ခင်မင်နဲ့ ဆရာတော် တစ်ပါးကို လျှောက်ထားတော့ ဆရာတော်က . . .

“ ဘုရားတောင်မှ မဟောခဲ့တာကို ဒကာတော်က ဘာလို့ ဖြည့်ပြီး ပြောချင်တာလဲ။ ”

ဆိုတော့ ကျွန်တော် တကယ်ကို အထိတ်တလန့် ဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာတော့ ကျွန်တော် ဒီအကြောင်း ပြောလာရင်  “ အရမ်းကို သနားစရာ ကောင်းတဲ့ လူတစ်ယောက်ကို မြင်နေရတဲ့ ပုံစံနဲ့ပဲ မျက်လုံးလေး မှေးစင်းပြီး ကြည့်နေမိပါတော့တယ်။ ” 

အခုလည်း ဒီလို မိုးခေါင်တာတွေ ၊ ရေရှားတာတွေ ၊ အလွန်ပူတာတွေ ဘယ်က စဖြစ်တာလဲ ဆိုပြီး မေးလာခဲ့ရင် ကျွန်တော် မသိပါ ၊ မပြောလိုပါ။ ကျွန်တော်လိုပဲ စာဖတ်သူတွေကိုလည်း ဒါတွေကို ပြောပြီး အချိန်ဖြုန်းမနေပါနဲ့လို့ ပြောချင်မိတယ်။ ဘာလို့လဲ ဆိုတော့ အပေါ်ပုံမှာ ပါသူတွေကို ကြည့်ပါ။ သူတို့ အခု သောက်စရာတောင်မှ ရေမရှိလို့ တံတွေးကို ရေလုပ်ပြီး မျိုချနေရတာဗျ။ သူတို့မှာ နောက်ထပ် မျိုချဖို့ တံတွေးမကုန်ခင် ကျွန်တော်တို့ လုပ်နိုင်တဲ့ မြားသင့်တဲ့နေတဲ့ သူတို့ နေရာလေးတွေကို “ ရေ ဆိုတဲ့ ဆေး ” နဲ့ မြန်မြန် ကုမှ ရပါတော့မယ်။

ငြင်းခုန် ဆွေးနွေးပြီး အချိန်ကုန်ခံနေမဲ့ အစား သူတို့ကို ရေလေးတွေ တတ်နိုင်သလောက် မျှဝေ လှူပါဦးဗျာ။ လှူဖို့ကတော့ ကျွန်တော် Save The Aged အဖွဲ့မှ ဒီလို ကြားထားပါတယ်။ 

ရေလှူရန် အစီအစဉ်

၁။ ရေသန့် ဗူးကြီး တစ်ဗူး – နှစ်ရာ ကျပ် (ရာဇာ ရေသန့် ပါ)

၂။ သုံးရေအနေနဲ့ လှူချင်ရင် ဘောက်ဆာကား ရှာပြီး ရေလှူပေးလို့ ရနိုင်ပါသည်။ မြို့တော်စည်ပင်တွင် ရနိုင်ပါသည်။

၃။ ပစ်ကပ်ကား လိုအပ်ပြီး ကူညီပေးနိုင်သူများ ဆက်သွယ်နိုင်သည်။

၎။ လူအင်အားလည်း လိုအပ်ပါသောကြောင့် လုပ်အားပေးနိုင်သူများလည်း ဆက်သွယ်နိုင်ပါသည်။

လှူဖို့ အစီအစဉ်

တွေ့ဆုံရန် နေရာ.......တိုကျိုဒိုးနပ်ရှေ့ မနက်(9.00) တိတိ နှင့် ယုဇနဥယျဉ်မြို့တော် (9.45) တိတိ

လှူမည့်နေ့စွဲ…………… 16.5.2010 ( Sunday)

လှူမည့်နေရာ………… ညောင်လေးပင်ရွာ၊ ထော်သွန်ရွာ ၊ လက်ပံရွာ၊ သပြေကန်ရုံးရွာ၊ သပြေမ အာလုံးပါဝင် လှူဒါန်းနိုင်ရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ရန်–

သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေးအသင်း အဖွဲ့ဝင်များ

(၁) ဇင်အိအိဝင်း zineiei.savetheaged@gmail.com
(၂) ဗေဒါဇော် baydarzaw@gmail.com
(၃) ခရေ sunwe.sta@gmail.com
(၄) စည်သူထွန်း sithuhtun21@googlemail.com
(၅) မမြသွေးနီ myathwayyni@gmail.com
မရွှေရည်(09.5119939)လှူဒါန်းနိုင်သောAချိန်( ရုံးဖွင့်ချိန် – 9:00am ~5:00pm)
(၆) အနက်ရောင်(01538273) anatyaung.sta@gmail.com
(၇) မိုးညချမ်း moenyachan@gmail.com
(၈) စိမ်းလန်း samelann@gmail.com
(၉) နွေးနွေး nklinn21@gmail.com
(၁၀) ဒေါက်တာနတ်ဆိုး 84.natsoe@gmail.com
(၁၁) ကိုဇော်လင်းထွန်း saucysage@gmail.com
(၁၂) ဖြူစင်သူ phyusinthu25@gmail.com

http://savetheaged.ning.com   ဒီနေရာမှာလည်း သွားရောက်ပြီး ဖတ်ရှူ လှူဒါန်းနိုင်ပါတယ်။  နိုင်ငံ အသီးသီးက လှူဒါန်း လိုသူများလည်း အသင်းရဲ့ မျက်နှာစာမှာ သွားရောက်ပြီး သက်ဆိုင်ရာ တာဝန်ခံများမှ လှူးဒါန်းနိုင်ကြပါတယ်။

ရေအသက်က တစ်မနက်ပါဗျာ။ သောက်သုံးရေ ခက်ခဲလာရင် အဲဒီနောက်မှာ ဖြစ်ပွားလာနိုင်တဲ့ ဝမ်းရောဂါ လည်း ဖြစ်ပွားနေတဲ့ နေရာတွေ ရှိနေပါပြီ။ ဝမ်းရောဂါ ဖြစ်ရင် အလွန်လျင်မြန်ပြီး ကြောက်ဖို့လည်း ကောင်းပါတယ်။ ဖြစ်မှ ကုသဖို့ထက် ကိုယ်လှူလိုက်တဲ့ ရေလေးကနေ ဝမ်းရောဂါ မဖြစ်အောင် တားဆီး လိုက်နိုင်တယ် ဆိုတဲ့ ပီတိလေးနဲ့ ကူညီကြပါလားဗျာ။

ရေသန့်ဘူးကြီး တစ်ဘူးမှ ၂၀၀ ကျပ်ပါ။ ကိုယ့်အတွက် ဘာမှ မဟုတ်တဲ့ ငွေလေးနဲ့ ရေသန့်ဘူးကြီး တစ်ဘူးဆီကနေ သောက်ခွင့်ရလို့ အသက်ရှင်သွားနိုင်သူတွေကို တွေးလိုက်ပါ။ ဒီလို တွေးကြည့်တာနဲ့တင် ကြည်နူးဝမ်းမြောက်ဖို့ ကောင်းပါတယ်။ ပြီးတော့ ရေအကျိုးဆိုတာ ( ၁၀ ) တောင်. . . ။ ဒါကို တောင်းစရာ မလိုပဲကို ရေလှူရုံနဲ့ အလိုလို ပြည့်ပါသတဲ့။

(၁) လျင်မြန်ခြင်း၊
(၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) ကျော်ကြားလူသိများခြင်း၊
(၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊
(၅) အခြွေအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ချမ်းသာကြီးခြင်း၊
(၉) ခွန်အားဗလ ကြီးမားခြင်း၊
(၁၀) ဥာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

ဒါကြောင့် . . .

ရေ. . . ရေ. . . ရေ. . . လှူကြပါဗျာ။  

ကျွန်တော်လေ . . . စာနာမိလွန်းလို့ တံတွေးတောင်မှ မျိုမချရဲဘူး။ 


မှတ်ချက်။  ။ ဒီပို့စ်လေးကိုတော့ နောက်ပို့စ်တွေ တင်ဖြစ်ရင်လည်း အပေါ်မှာပဲ ထားပါရစေ။ မဖတ်မိကြမှာ စိုးလို့ပါ။ နောက်တင်တဲ့ ပို့စ်တွေက အောက်ရောက်နေပါလိမ့်မယ်။ အထက်ပါ ပုံများကို မေးလ်ထဲမှ နဲ့ မချော ( အစိမ်းရောင်လွင်ပြင် ) ဆီမှ ကူးယူ ဖော်ပြပါတယ်။

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

20 ယောက် ရဲ့ ထင်မြင်ချက်:

mabaydar said...

မြန်မာပြည်မှာ ရေပြတ်နေတာတော့ ကြားတယ်.. facebook ပေါ်မှာလဲ သူများတွေ အလှူခံနေတာတွေ့တယ်... ဒါပေမဲ့ အဲလောက်ဆိုးနေမှန်းမသိခဲ့ဘူး... အင်းလေးကို မနှစ်က ဒီဇင်ဘာကမှ ရောက်ခဲ့တာ ခု ဒီလိုဖြစ်သွားတာ မြင်ရတော့ အတော်တုန်လှုပ်မိတယ်... ဒါဆိုရင်တော့ မဗေဒါလဲ အလှူခံတွေကို ဆက်သွယ်ပြီး လှူလိုက်အုံးမယ်.. ကိုဇော်လဲ ဒီသတင်းကို ဖြန့်တဲ့အတွက် ကုသိုလ်တွေ အများကြီးရမှာပါ...

အဖြူရောင်နတ်သမီး said...

ရန်ကုန်က အဒေါ်ကို ဖုန်းဆက်ပြီး လှူခိုင်းလိုက်ပါ့မယ်..။
ရေအကျိုး(၁၀)ပါး ဆုမတောင်းပဲပြည့်မယ်” ဆိုရင်တောင်..
“ရေဘေးဒုက္ခနဲ့ ကြုံနေကြတဲ့ ပြည်သူတွေ အမြန်ဆုံး ရေရရှိပါစေ” ဆိုတဲ့ ဆုလေးတော့ ပြည့်ပါရစေ..။

Nge Naing said...

ဓါတ်ပုံတွေကိုကြည့်ပြီး တော်တော် စိတ်မကောင်း ဖြစ်ရပါတယ်။

မောင်မိုး said...

ရေတွင်းရေကန်တွေ ရေခမ်းတာပဲကြားမိတယ်။ အင်းလေးကန်ကြီး မြင်တော့မှ လန့်သွားတယ်ဗျာ။ ဒီလောက်အခြေအနေမှာတောင် အေးချမ်းသာယာနေတယ်ဆိုပြီး ၀ါဒဖြန့်သတင်းတွေ ကြေငြာနေတဲ့ မေပိတောက်၊ မောင်ပိတောက်ဆိုတဲ့ ကောင်တွေကို နာရင်းသာ ပြေးရိုက်ပစ်ချင်တော့တယ်။

ချစ်ကြည်အေး said...

မောင်လေးဇော်ရေ...အမလည်း အင်းလေးကို ကြည့်ပြီး အတော်လန့်သွားတယ်၊ စိတ်မသက်မသာ ဖြစ်လိုက်တာ လူတွေ သိတ်ဒုက္ခရောက်နေကြတယ်...ကိုယ်တွေမှာ ငွေလှူတာကလွဲပြီး ဘာမှ မလုပ်ပေးနိုင် ဖြစ်နေတာ၊ ဒီပိုစ့်လေး သိတ်ကောင်းတယ် မောင်လေးရေ....

ခိုင်နုငယ် said...

မျှဝေတာကျေးဇူးပါ..ကိုဇော်ရေ....ဖော်ပြပါပုံလေးတွေကြည့်ပြီးရင်ထဲမချိဝူး....
ကျနှော်တို့တတ်သလောက်ထည့်ဝင်လှူဒါန်ပြီး ဒီ
ပို့စ်လေးကို..ပြန်လည်မျှဝေပါရစေ။

Flower said...

ဝေး.. နင်ရေးတာ ပိုကောင်းတယ်
ထိထိမိမိရှိပါ့..
ငါတော့ အဲလိုရေးတတ်ဘူး...
နင့်စာဖတ်ပြီး ချင်ခြင်းပြေးလှူချင်စိတ်တွေတောင် ပေါက်ကုန်ကြလောက်ပြီ..
သိပ်ကောင်းတယ် Bravo!
အလှူရှင်တွေအများကြီးပေါ်လာပါစေ..

SHWE ZIN U said...

ကိုဇော် ရေ

သာဓုပါ မြန်မာပြည်သူ သား တွေ တကယ်ကို ဒုက္ခရောက်နေပါတယ် အခုတောင် ကလောမှာ ရေပြတ်သွားလို့ မြူနီစပယ် ကတမြို့လုံး ရေလိုက်ဝေနေရတယ်

ပူလိုက်တာလည်း တအားဘဲ ကျနော်တို့တောင် ဘယ်လိုနေရမှန်း မသိဖြစ်နေတယ်ဗျာ

ကျေးဇူးပါဗျာ

ရွှေစင်

ကိုကိုအိမ် said...

ကိုဇော်ရေ ဒီလောက်ထိဆိုးမှန်းမသိပါဘူးဗျာ
ကိုယ့်မန်းတလေးပဲ ပူတယ်ထင်တာ တောင်ကြီးလိုတအားအေးတဲ့နေရာမှာ တောင် လူတွေအများကြီးသေကြဆိုပဲ.. ကျွန်တော် စိတ်မကောင်းလိုက်တာဗျာ အင်းလေးကန်ကြီးဒီလိုဖြစ်နေတာမြင်ရတော့ တော်တော်လည်း တုန်လှုပ်မိပါတယ်ဗျာ
မန်းတလေးမှာက သောက်စရာရေတော့ရှိပါသေးတယ်.. ချက်ချင်းပြေးလှူချင်စိတ်ပေါက်လာပြီဗျို့ .. ကျေးဇူးပါ ကိုဇော်

Nge Naing said...

ကျွန်မဆီ ရောက်လာတဲ့ Forward e-mail တွေနဲ့အတူ တွဲတင်ချင်လို့ ဓါတ်ပုံတွေကို ကူးယူဖေါ်ပြခွင့်ပြုပါရန် ခွင့်တောင်းပါတယ်။ ကိုဇော်ဘလော့ဂ်က ဖေါ်ပြတယ်ဆိုပြီး ကိုဇော်ရေးထားတဲ့အတိုင်းပဲ ညွှန်းပေမှာ ဖြစ်ပါတယ်။

ကျေးဇူးတင်လျက်

yagusa said...

brother thanks for this post i all lead and collect money from brunei we all donate for our people and forward all friends

Anonymous said...

သာဓု...သာဓု...သာဓု။
ဒီလိုနိဗ္ဗာန်ဆော်တွေ အများကြီးရှိဖို့လိုတယ်။
ရေ...ရေ...ရေ လှူလိုက်ပါတယ်...။

Anonymous said...

သာဓု...သာဓု...သာဓု။
ဒီလိုနိဗ္ဗာန်ဆော်တွေ အများကြီးရှိဖို့လိုတယ်။
ရေ...ရေ...ရေ လှူလိုက်ပါတယ်...။

ကိုဇော် said...

ဟုတ်ကဲ့....ရပါတယ် မငယ်နိုင်။
သုံးပါဗျာ. . အများအတွက်ပဲ။

မြသွေးနီ said...

ကိုဇော်ရေ..
ကောင်းတယ်ဝေ...
မ..လည်း တစ်ပုဒ် ကသောကမျောတင်ထားတယ်။
ဒီနေ့တော့ ဒေါင်ချာဆိုင်းပဲဝေ့..။ အလှူရှင်တွေနဲ့ လုံးဝကို မနားရသေးဘူး။ သဘက်ခါတော့ အတွေ့အကြုံလေးတွေ မျှနိုင်မယ်ထင်ပါတယ်။
အတတ်နိုင်ဆုံး လုပ်ကြတာပေါ့နော်။

Unknown said...

ကိုဇော်postကိုဖတ်ပြီးေ၇ချက်ချင်းအလှူထည့်ဝင်လိုက်ပါတယ်ကိုဇော်လည်းကုသိုလ်အများကြီး၇ပါတယ်

Unknown said...

ကိုဇော်ရေ..အားလုံးသိကြတဲ့ အတိုင်းပါဘဲ...ရေ အတွက်ကတော့ ..ကျွန်တော့် ဇာတိ ကလောမှာလည်း ရေအေးကန် လုံးဝခန်းသွားတယ်တဲ့ .. ကားနဲ့ ရေလိုက်ဝေနေရတယ်တဲ့ ဗျာ..တစ်သက်နဲ့ တစ်ကိုယ်တစ်ခါမှမကြားဘူး တာတွေပါလားဗျာ...

မြစ်ကျိုးအင်း said...

အလှူရှင်တွေ တိုးပွားလာပါစေ
မိုးရွာပါစေကွာ ဒီအချိန်မှာ ဒါအလိုအပ်ဆုံးပါပဲ။

Angel Shaper said...

အင်းလေးကန် ရေခန်းတယ်ဆိုတာအခုမှပဲ ကြားဖူးတယ် ဓါတ်ပုံတွေကြည့်ရတာာ ရင်ထဲတကယ်ကိုမကောင်းဘူးးးး
တော်တော်တုန်လှုပ်သွားတယ်..
မိုးမြန်မြန်ရွာပါစေလို့ ဆုတောင်းပေးပါတယ်။

kiki said...

စိတ်မကောင်းစွာ နဲ့ ပဲ ပုံတွေ ထပ်ကြည့်သွားပါတယ် ကိုဇော်ရေ .. ခုတလော ဒီစိတ်တွေ နဲ့ ပဲ ဝမ်းနည်း နေမိတယ် ။ လူစိတ်ရှိတဲ့ လူတွေ အားလုံး ..တတပ်တအားပါဝင် ကူညီ ကြရ မှာပေါ့ ....
မြန်မာပြည်သားများ နှလုံးစိတ်ဝမ်း အေးချမ်း ကြပါစေ ...