မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


02 May 2010

10 ပေါင်မုန့် ကြက်ဥကြော်




ပေါင်မုန့်ကြက်ဥကြော် အကြောင်းနဲ့ ပတ်သတ်ပြီး စိတ်ကသိ ကအောက် ဖြစ်စရာလေး တစ်ခုကို ပြောပြချင်လို့ပါ။ အခုနေ ပြန်တွေးတော့လည်း ရယ်ဖို့ပဲ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီ အချိန်မှာတော့ ခံစားမှုက အီလည်လည်ကြီး။ ( အီလည်လည် ဖြစ်မှာပေါ့ဗျာ . . ပြီးရင် သိလိမ့်မယ်။ ) ဒါလေး မပြောခင် “ Bread ” ကို ဘာလို့ “ ပေါင်မုန့် ” လို့ ရေးတာလဲ မသိဘူးဗျာ။ စကားလို ပြောတော့ “ ပါမုန့် ” မဟုတ်လား။ ဘာလို့များ ပေါင်မုန့် လို့ ခေါ်တာပါလိမ့် . . . ဟီး . . လျှောက်တွေးမိတာလေးပါ ထားလိုက်ပါတော့လေ။

ကျွန်တော်တို့ ရပ်ကွက်ရဲ့ ကျွန်တော့်တို့လမ်း ထွက်ထွက်ချင်းမှာ ဘယ်လိုမှ လက်ဖက်ရည် သောက်လို့ မကောင်းတဲ့ လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင် ရှိတယ်။ သောက်လို့ မကောင်းတဲ့ လက်ဖက်ရည်ဆိုင်တွေရဲ့ ထုံးစံ အတိုင်း ထိုင်လို့ကတော့ ကောင်းပါတယ်။ လူရှင်းတာကိုး။ သူတို့ဆိုင်ကလည်း သူတို့ လင်မယားရယ် သူတို့ တူတော်လေးရယ် ဒါပဲ ဆိုင်မှာ ရှိတယ်။ တကယ်တော့ သူတို့က လက်ဖက်ရည်ဆိုင် ဖွင့်တဲ့ လူတန်းစားတွေ မဟုတ်ပါဘူး။ အရင်က ဒီနေရာမှာ နေခဲ့တဲ့ အိမ်ရှင်တွေက လက်ဖက်ရည်ဆိုင် ဖွင့်ခဲ့တာပါ။ အရင် အိမ်ရှင်က ဒီနေရာကို ရောင်းလိုက်တော့  သူတို့က ဝယ်လိုက်တယ်။ သူတို့ကလည်း အရင်က လက်ဖက်ရည်ဆိုင် ဖွင့်တာ ဆိုတော့ ဆက်ပြီးတော့ လက်ဖက်ရည်ဆိုင် လုပ်လိုက်တာပါပဲ။

လက်ဖက် အချိုခြောက် အကျရည်ရယ် ၊ နို့ဆီရယ် ၊ သကြားရယ် ထည့်မွှေလို့ လက်ဖက်ရည် ကောင်းကောင်း ရကြေး ဆိုရင် အားလုံးရဲ့ လက်ဖက်ရည် ဆိုင်တွေ အတူတူ ဖြစ်တော့မှာပေါ့။ သူတို့ကတော့ ဒါကို ရိုးရိုးပဲ ထင်ပြီး စိတ်ထင်သလို ဖျော်ရောင်းကြတယ်။ သူတို့ လက်ဖက်ရည် သောက်ပြီးမှ တချို့က လေနာထလို့ သေရွာ မကြွရုံတမယ် ဖြစ်ပြီး တချို့ကျတော့ လေတွေ ဖောပြီး နွေညနေခင်းလိုလို လေတဖြုးဖြူးနဲ့ ဆိုပဲ။ ဒါကြောင့် သူ့ဆိုင်မှာ ရောင်းအကောင်းဆုံးက အအေးပုလင်းတွေပဲ ဖြစ်ပြီး အထိုင် အများဆုံးကတော့ ချစ်သူ ၊ သမီးရည်းစားတွေ ပဲ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ ချစ်သူ ၊ သမီးရည်းစားတွေ မဟုတ်ပဲ အမြဲတမ်း လာထိုင်တတ်တာက ကျွန်တော်တို့ သူငယ်ချင်း အုပ်စုတွေပါ။

သူတို့ဖွင့်ထားတဲ့ ဆိုင်က အကွက်အကွင်းကောင်းတယ်။ ( မျက်စိ အစာကျွေးဖို့ ) ဘယ်သူမဆို အလုပ်သွား ၊ ကျောင်းသွားဆိုရင် ဒီလမ်းက သူ့တို့ ဆိုင်ရှေ့ကပဲ ဖြတ်နေကြ ဆိုတော့ ဒီဆိုင်မှာ ကျွန်တော်တို့ ထိုင်ဖြစ်ပါတယ်။ အဲဒါနဲ့ပဲ အဲဒီမှာ ထိုင်ရင်း လမ်းသွားလမ်းလာထဲက ကောင်မလေးတစ်ယောက်ကို တွေ့ ၊ လိုက်ပြော ၊ ကျွန်တော်နဲ့ ရည်းစားတွေ ဖြစ်ဆိုပြီး ထင်မထားပါနဲ့. . . မဖြစ်ခဲ့ပါဘူး။ ( ထင်နေမှာ စိုးလို့ပါ . . . အဟီး ကြွားတာ။ ) ကျွန်တော်တို့ ထိုင်မိရင် စာပေအကြောင်း ၊ ဘောပွဲအကြောင်း ဒါတွေ ငြင်းခုန်နေတာနဲ့ လမ်းပေါ်ကနေ ပဲပေးပြီး အထာပြ လမ်းလျှောက်သွားမယ် ဆိုတဲ့ ကောင်မလေးဆို အကြောဆွဲ သွားနိုင်ပါတယ်။ သူ့ကိုမှ မကြည့်တာကိုး။

ဒီဆိုင်မှာ ကျွန်တော် ထိုင်ရင် ဘာသောက်လဲ ဆို အရသာ ထူးထူးခြားခြား မပြောင်းလဲတဲ့ “ ရေနွေး ” သောက်ပါတယ်။ တကယ်ပါ။ ဒါပေမဲ့ ဒီလို အလကားရတာချည်းပဲ ထိုင်သောက်နေတာတော့ မဟုတ်ပါဘူး။ စားတော့ စားသေးတယ်လေ။ မနက်ပိုင်းများ ထိုင်လို့ ဗိုက်ဆာဆာ နဲ့ သူတို့ ရောင်းတဲ့ မုန့်ဟင်းခါး သွားမစားလိုက်နဲ့ အောက်က ထင်းမီးခိုးက အိုးအဖုံးက တဆင့်ရိုက်လို့ မီးခိုးနံ့ အောက်သိုးသိုးကို မစား မစဖူး အစားထူးပြီး စားရစေမယ်။ ဒါကို သွားမပြောနဲ့. . တစ်ခါတစ်လေ စားဖူးတာပေါ့ကွာ တဲ့လေ။ ကိုယ်ကပဲ “ ဟုတ်ကဲ့. .အခုလို ကျွေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ” လို့ ပြန်ပြောရမလိုလို။ အသုတ်ဆိုပြီး သွားမစားနဲ့ ဆားအခဲလိုက် ကိုက်မိပြီး အသုတ်နဲ့ သေခန်းပြတ်ပြီသာမှတ်။ ဒါကြောင့် ကျွန်တော် သူ့ဆိုင်မှာ ထိုင်ရင် ကြက်ဥပြုတ် ဆိုပဲ မှာစားပါတယ်။

ဒါတောင်မှ လွယ်တယ် မထင်နဲ့နော်။ အရင်က အကာကျက် လို့ မှာလိုက်တယ်။ တစ်လုံးလုံး အကျက်ပဲ။ ပိုးသေ လို့ မှာလိုက်တယ် တစ်ခုလုံး အကျက်ပဲ။ ဒါကြောင့် နောက်တော့ ထွေထွေထူးထူး မမှာတော့ပါဘူး လေကုန်လို့။ ကြက်ဥတစ်လုံးဆိုပြီး မှာလိုက်ရင် လာပါလိမ့်မယ် အကျက်ပဲ။ ဒါတောင်မှ “ ဟေ့ ငါ ကြက်ဥမှာထားတယ်နော် ” လို့ ပြောဦးမှ မပြောရင် ကြက်ဥလေး ခင်ဗျာမှာ ရေနွေးပူအိုးထဲမှာ “ ဒု ၊ သ ၊ န ၊ သော ” လို့ အော်ပြီး ငရဲ အကျခံနေရတဲ့ သူငယ်ချင်းတွေလို ပြန်ကို ပေါ်ခွင့် မရတော့ဘူး။ ကိုယ်က ဒီလို သတိပေးမှ သူတို့ကလည်း ကြက်ဥလေးကို ရေနွေးထဲကနေ ဆယ်တာ။ ဒီလို ပေါ်ခွင့်ရတဲ့ အချိန်လေးမှာမှ ကြက်ဥလေးက “ ဒု ၊ သ ၊ န ၊ သော ” သူငယ်ချင်းတွေလို အော်ရရှာတော့တယ် “ ဥ ” တဲ့။

အကြောင်းသိနေပြီ ဆိုတော့လည်း ဘာမှ ထွေထွေထူးထူး ပြောမနေတော့ပါဘူး။ ကျွန်တော် ရောက်လာရင် ကြက်ဥ တစ်လုံး စိမ်လိုက်ပြီး ရေနွေးတစ်အိုး လာချတယ်။ အခုနောက်ပိုင်းတော့ နည်းနည်း အဆင်ပြေသွားတယ်ဗျ။ ကော်ဖီမစ်တွေ ပေါ်လာတော့ သောက်ရတာ တော်တော်ကောင်းသွားတယ်။ ဒါကြောင့် သူ့ဆိုင်မှာ ကော်ဖီမစ် သောက်ချင်ရင် ကျွန်တော်တို့ မှာတဲ့ စတိုင်လ် ရှိတယ်ဗျ။

“ လက်မှန်လေး တစ်ခွက် ”

တဲ့။ ဟုတ်တယ်လေ။ ကော်ဖီမစ် ဖျော်သောက်တာကတော့ လက်မှန်တာပေါ့။ ဘယ်အချိန် ဖျော်ဖျော် ဒီအရသာပဲကိုး။ ဒါတောင်မှ တစ်ခု ရှိနေသေး ကော်ဖီမစ် နဲ့ အတူ လာချတဲ့ ရေနွေးက တစ်ခါတစ်လေ မျက်နှာငယ်နဲ့ ထပ်တောင်းရတယ် ပါကို မပါဘူး။ တစ်ခါတစ်လေတော့လည်း ဗုန်းပေါလအော. . ။ ဒါကတော့ ကိုယ့်ဖာသာ ချိန်ပေါ့။

အဲ. . .တစ်နေ့တော့ ကျောင်းက သူငယ်ချင်း မိန်းကလေး သူငယ်ချင်း တစ်ယောက် လာလို့ လူရှင်းတဲ့ သူတို့ဆိုင်ကို ခေါ်လာမိတယ်။ မိန်းကလေးဟ ဆိုပြီး ချစ်သူ ၊ ရည်းစားတွေပဲ ထိုင်တဲ့ ဒီဆိုင် ခေါ်လာတယ် ဆိုလို့ အီစီကလီ မထင်နဲ့နော် သူငယ်ချင်းပါဗျာ။ သူက ဝတုတ်ကြီး။ သူ့ကို ကျွန်တော်က စိတ်ကောင်းဝင်နေချိန် အတော်နည်းနည်းမှာ “ မိစု ” လို့ ခေါ်တယ်။ စိတ်ရိုင်းဝင်နေချိန် အတော်များများ မှာတော့ “ မူးစိ ” လို့ပဲ ခေါ်တာပါပဲ။ သူက ကျွန်တော်တို့ နားမှာပဲ နေတဲ့ သူ့အစ်မ တစ်ယောက်စီကို လာလည်ရင်း ဝင် ဝင်လာတာ။ သူ့ကိုယ်ခန္ဓာနဲ့ ကျတော့ Cat Walk လျှောက်သလိုလည်း ဘယ်လိုမှ ကြည့်မကောင်းဘူး ၊ Pig Walk ဆိုတာလည်း လျှောက်တာ မမြင်ဖူးတော့ ကျွန်တော်  မနှိုင်းပြတတ်ဘူး။

ဆိုင်ထဲ ရောက်တော့ နင် ဘာသောက်မလဲ ဆိုတော့ “ အအေး ” တဲ့။ မအေးမှာ သေချာပေမဲ့ သူပြောတဲ့ အအေးပဲ မှာ ပေးလိုက်တယ်။ ငါ့အတွက် ကြက်ဥပြုတ်ကြီး လုပ်လာဦးမယ် ဆိုတာ သတိရလို့ ဆိုင်ရှင်ကို. . .

“ အစ်ကိုရေ. . .ကျွန်တော့်ကို ကြက်ဥပြုတ် လုပ်မနေနဲ့တော့။ ကျွန်တော့်ကို “ ပေါင်မုန့် ကြက်ဥကြော် ” ပဲ လုပ်ပေးပါ။ ”

လို့ မှာလိုက်တယ်။ ဟုတ်တယ်လေ. .သူငယ်ချင်း မိန်းကလေးနဲ့ စကားပြောနေချိန်မှာ ဒီကြက်ဥကြီးကို ဘယ်လို လုပ်သွားစားမလဲ . . အဟဲ။ တကယ်တော့လည်း စားခွင့် မရှိ ဆိုပြီး ဥပဒေတော့ မရှိဘူးပေါ့လေ။ ဒါနဲ့ ကျွန်တော်က ဒီလို မှာလိုက်တော့ သူက မျက်လုံးလေး ဝိုင်းသွားတယ်။ ( အမှန်ဆို အဲဒီကတည်းက သိလိုက်သင့်တယ်။ ) ပြီးတော့ သူက ထပ်မေးတယ်။ သေချာအောင်ပဲ ထင်တာပေါ့လေ အဲဒီ အချိန်တုန်းကတော့။

“ ပေါင်မုန့် . . . . . ကြက်ဥကြော် နော်။ ”

တဲ့။

“ ဟုတ်ကဲ့ အကို ပေါင်မုန့်ကြက်ဥကြော် ပါ။ ”

ကျွန်တော်လည်း ဒါပဲ ပြန်ပြောပြီး “ မူးစိ ” ရဲ့ ကျောင်းစာမေးပွဲ အတွက် သူရထားတဲ့ “ စပေါ့ ” ဆိုတာတွေကို ပြတယ်။

“ ဟဲ့. . ဒီအပုဒ်က ကျိန်းသေပါမယ် ပြောတယ်ဟ။ ”

ဘာညာပေါ့လေ။ ကျွန်တော်ကတော့ ပထမနှစ်ကတည်းက သူ့ရဲ့ စပေါ့ကို အရမ်းကို တွယ်တာ မိခဲ့တာပါ။ သေတာတောင်မှ မမေ့ပါဘူး. . . စာမေးပွဲ ကျတော့ မလို့လေ။ တစ်ပုဒ်မှကို မပါတာ။ ကျက်လိုက်ရတာ ၊ တွက်လိုက်ရတာ ဖင်ဗူးတောင်းကို ထောင်လို့။ ကံကောင်းလို့ ဟိုကြားထဲ ဝှက်ယူသွားတာလေးနဲ့ အောင်ခဲ့ရတာ. . ဘုရား . . ဘုရား။ နောင်ဆိုရင်တော့ တွက်ပီ ပစ်တဲ့ သေနတ် လို မူးစိ ပေးတဲ့ စပေါ့ကို သဘောထားမယ်လို့ အဲဒီထဲက ဆုံးဖြတ်ခဲ့တာဗျာ။ တွက်ပီ သေနတ်က မရှောင်ရင် လွတ်တယ်လေ။ မူးစိ စပေါ့ကတော့ မကျက်ရင် အောင်မှာပဲ။

“ အေး. . အေး . . ဒါနော် . . သေချာတယ်လား။ ”

ဆိုပြီး သူပြနေတဲ့ စာတွေကို လိုက်ပြီး မှတ်ထားလိုက်တယ်။ ဒါကို ရှောင်ကျက်ရင် ငါတော့ ပါတိတ်ဖိုး မကုန် . . အဲလေ . . အောင်ပြီပေါ့။ စိတ်ဝင်တစား နဲ့ပါပဲ သူပေးတဲ့ စပေါ့လေးတွေကို စာအုပ်မှာ လိုက်ပြီး စပေါ့ ပြထားလိုက်တယ်။ ကြက်ခြေခတ်လေးတွေနဲ့ပေါ့. . ( မကျက်ရလို့ ဆိုပြီး :P ) ဒီလို နှစ်ယောက်သား စိတ်ဝင်စားနေတဲ့ အချိန်မှာ ဆိုင်ရှင် အစ်ကိုကြီးက ပန်းကန်လေး ကိုင်ပြီး စားပွဲဆီကို ရောက်လာတယ်။ “ ဟ . . ငါ့ ပေါင်မုန့်ကြက်ဥကြော် တော့ ရပြီ ” ဆိုပြီး သူ ပန်းကန် ချဖို့ စာအုပ်တွေ ၊ ရေနွေးခရားတွေ ဖယ်ပေးပြီး နေရာ လုပ်ပေးပြီးတော့ နေရာလွတ်မှာ သူက ပန်းကန်ကို ချလိုက်တယ်။

သူ လာချတဲ့ ပန်းကန်ကို ကြည့်ပြီး . .

“ ဟာ . .”

“ ဟယ်. . ”

ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်လုံး အာမေဋိတ်ကို လုထွက်သွားကြတယ်။ သူလေ . . ကြော်ထားတယ် ဆိုတဲ့ ပေါင်မုန့် ကြက်ဥကြော်ကလေ။

“ အစ်ကို ကျွန်တော် မှာတာ ပေါင်မုန့်ကြက်ဥကြော် နော်။ ”

“ အေးလေ. . အခု အစ်ကို လုပ်ပေးထားတယ်လေ။ ပေါင်မုန့်လေးကို ဆီထဲ အရင်ကြော်လိုက်တယ်။ ပြီးတော့မှ ကြက်ဥကို ဟက်ဘွိုင်လေး ကြော်ပြီး အပေါ်က တင်ပေးထားတာလေ။ ”

“ ဗျာ . .”

“ ဗျာ မနေနဲ့ကွ။ အစ်ကိုက အရင်က တစ်ခါမှတောင်မှ ကြော်ဖူးတာ မဟုတ်ဘူးနော်။ မင်းက မှာလို့ တမင်ကို ပထမဦးဆုံး အနေနဲ့ တကူးတက အစွမ်းကုန် ကြော်ပေးလိုက်တာ။ ”

“ သြော်. . ဟုတ်လား။ ဟုတ်ကဲ့. . . ဒါဆို ကျေးဇူးပါပဲ။ ”

“ အေး . . အေး . . စားစား . . ပူတုန်းလေး။ ”

“ ဟုတ်ကဲ့. . ဒါနဲ့ သကြားရော။ ”

“ ပေါင်မုန့်ကြက်ဥကြော် ဆိုတာ သကြားလိုလို့လားကွ။ ဒီအတိုင်းစား။ ”

“ ဗျာ . .။ သြော်. . ဟုတ်ကဲ့။ ”

သူက ပြောပြောဆိုဆို နဲ့ လှည့်ထွက်သွားတယ်။ ဘေးက မူးစိ က ရယ်လိုက်တာ ပက်လက်တောင်မှ လန်ကျတယ်။ သူ့ခန္ဓာကိုယ်ကြီးနဲ့ ပက်လက်လန်ကျတာ မြေနာပါတယ်ဗျာ။ မြေနာတာထက် သူချပေးပြီး ပူတုန်းလေး စားဆိုလို့ ကျွန်တော့်မှာ သူကြော်ပေးထားတဲ့ ပေါင်မုန့်လေး နှစ်ချပ်မှာ တစ်ချပ်ကို ယူစားလိုက်တာ ဟာဗျာ . . ပေါင်မုန့်ကို ဆီပူထဲမှာ ထည့်ကြော်ထားတော့ ဆီတွေ စုပ်ပြီး အီလည်လည်ကြီးလေ ဘယ်လိုလုပ် စားကောင်းမလဲ။ တစ်ချက်ကိုက်လိုက်လေ အီလေလေပဲ။ ကြက်ဥကြော်ကတော့ ကောင်းပါတယ် ဆားမပါဘူး။ ငါ့နှယ်တော် တော်တော် အရှက်ကွဲပါလား။ နောက်ဆုံးတော့ ပေါင်မုန့်ကြက်ဥကြော် စားချင်လို့ မှာလိုက်ပါတယ် ကျွန်တော့်မှာ ကြက်ဥကြော်လေးပဲ စားခဲ့ရတယ်။ ဆီတွေ ခပ်ဝဝနဲ့ ကြော်ထားတဲ့ ပေါင်မုန့်တွေကတော့ ဒီအတိုင်းပဲ ထားခဲ့လိုက်တော့တယ် အီလည်လည်နဲ့။

ခဏနေတော့ ပြန်မယ် ဆိုပြီး. . .

“ အစ်ကိုရေ ရှင်းမယ်။ ”

ဆိုတော့ သူရောက်လာတယ်။ ပြီးတော့ ကျွန်တော် စားထားတဲ့ ပေါင်မုန့် ကြက်ဥကြော် ပန်းကန်ကို ကြည့်ပြီး. . .

“ ဟ . . မင်းကလည်း မှာပြီး ကုန်အောင်လည်း မစားဘူး။ ”

တဲ့လေ။ ကျွန်တော့်မှာ ဘာမှ မပြောသာပဲ ထွက်လာခဲ့ရတယ်။ ဘေးနားက မူးစိ ကတော့ တခွိခွိ နဲ့။ ကုလားမနိုင် ရခိုင်မဲ ဆိုသလိုပဲ နီးရာ သူ့ကိုပဲ ဖိဟောက်လိုက်တယ်။

“ နင်နော် . . ပြိတ္တာ မြူးမနေနဲ့။ ”

လို့။ သူကလည်း ငြိမ်သွားပါတယ်။ ဒါပေမဲ့ ကျောင်းရောက်တော့မှ အသားကုန် ဖွတော့တာပဲဗျို့။  သူငယ်ချင်းတွေများ ဒီလို ချစ်ဖို့ ကောင်းတယ်။ ကျောင်းရောက်တော့ သူတို့က အရင်ရောက်နေပြီ .  . . ပြုံးစိစိတွေနဲ့။ ကျွန်တော်က ဘာဖြစ်နေမှန်း မသိဘူး။ အဲဒီတော့ သူတို့ ကျွန်တော့်ကို ဝိုင်းအော် ခေါ်ကြတယ် သံပြိုင်နဲ့လေ. . .

“ ကိုကို ပေါင်မုန့်ကြက်ဥကြော်ကြီး ”

တဲ့လေ။ အဲဒီ အချိန်ကတည်းက ဆိုင်မှာ ကျွန်တော် ပေါင်မုန့်ကြက်ဥကြော် မှာမစားတော့တာ အခုထိပါပဲ. . . စိတ်နာလို့ဗျာ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

10 ယောက် ရဲ့ ထင်မြင်ချက်:

khin oo may said...

ကိုယ့်ဘာသာလဲ ကြော်မစားတော့ဘူး ဆီတွေ သိတ်များတယ။် သတင်းစာနဲ့စစ်စားရတယ။်

Flower said...

ဒါလည်း စတိုင်တစ်မျိုးနဲ့ ကြော်တာဖြစ်ရမယ်..
ထူးထူးခြားခြား စားခွင့်ရတာ ကံကောင်းတာပေါ့..
မျောက်စိမကောင်းဘူးဆို..
နားနားနေနေရေးပါဟ.. အရှည်ကြီးတွေမလုပ်နဲ့
နောက်လဲရေးရဦးမှာ..
မျိုးကြီးလို ပြောလိုက်မယ်
နားနားပြီးရေး.....

ဒါဘဲ.
ညက ပွဲကတာ မောတယ် ပြန်နားတော့မယ်..

ချစ်ကြည်အေး said...

ပေါင်မုန့်ကြက်ဥကြော်က ဆီအိုးကပ်လေးနဲ့ ကြော်မှ....စားကောင်းတာ....အမောင် ပါမုန့်ကျော် ....:)

အောင်မော် said...

အပျင်းပြေတယ်ဗျာ..ကျေးဇူးဘဲ..

Unknown said...

သူက အဲလို ထူးထူးခြားခြားလေးကြော်ပေးလို့ နင်ခုထိ မမေ့နိုင်ဖြစ်နေတာကိုး.. သူများတွေလိုကြော်ပေးလိုက်ရင် နင်လဲ သတိရမှာ မဟုတ်ဖူးလေ.. ဟီးးးးး

မောင်သီဟ said...

း) ကျွန်တော်ကြိုက်တဲ့ အစားစာတမျိုးပဲး)
ပို့စ်ရှည်လည်းဖတ်သွားပါတယ် မပျင်းစေဖူးပဲ

ရွှေနတ်သား said...

ကျွန်တော်တို့ ထဲ ကမူးစိကတော ကိုဇော်မူးစိနဲ့ ဆန် ကျင်ဖက်..ပိန်လိုက်တာမှ ၀ါးလုံးက သူ့ ထက်တော့သာသေးလို့ ပြောရမှာ....
ပါမုန့် ကြက်ဥကြော်ကတော့ ကျွန်တော်လည်းကြိုက်ပါ့...ဒါပေမဲ့  ကိုဇော့်ပါမုန့် ကြက်ဥကြောတော့ ကိုဇော်ဘဲ စားလိုက်တော့နော်....ဟီးးး

မြသွေးနီ said...

ပေါင်မုန့်ကြက်ဥကြော်တော့ ကြိုက်မှကြိုက်။
တစ်ရက်လောက် ကောင်းကောင်းကြော်ပြပြီး
သွားရည်ယိုရအောင် ဆိုက်မှာတင်ပေးလိုက်ဦးမယ်။ :)

thu thu win said...

ဟားဟား ။ရယ်ရတယ် အကိုဇော်။ ညလေးကတော့ မေကြီးကြော်ကျွေးတဲ့ပေါင်မုန့်ကြက်ဥကြော်တော့ ကြိုက်မှကြိုက်ဗျို့။

မစ္စတာမောင်ဖြိုး said...

ဟားဟားဟား...
ရယ်ရတယ်.. အူတောင်နာတယ်။
တော်တော် ဆိုးတဲ့ ပေါင်မုန့် ဆီစိမ်။ :P

ကြက်ဥကြော်လေးတော့ ကုန်အောင် စားခဲ့ပေါ့။ ဟီးဟီး :P