မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


26 January 2010

3 အွန်လိုင်း အက်ဆေး ( ၂ ) Blogger နဲ့ Fwd Mail


Blog ရေးသားသူ တစ်ယောက်ကို ကျွန်တော် Blogger လို့ပဲ ခေါ်ဝေါ်သုံးစွဲပါမယ်။ Blogspot , Multiply , Wordpress , Mylovecafe ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ ကျွန်တော်တို့ Blog ရေးသူတွေအားလုံးကို ကျွန်တော် Blogger လို့ပဲ နာမည်တပ်ပြီး ရေးပါ့မယ်။

ဒီနေ့ စိတ်မကောင်းစရာပဲဗျာ။ ကျွန်တော့်ကြောင့် လိုင်းပေါ်မှာ သူငယ်ချင်းတွေ ခုတ်ကြ ထစ်ကြသတဲ့။ အွန်လိုင်းက ဆိုတော့ စာတွေနဲ့ပဲ သူတို့ ခုတ်ကြထစ်ကြတာပေါ့ဗျာ။ ဘယ်ကစလဲ ဆိုတော့ ကျွန်တော့်စာတွေကို လူတစ်ယောက်က ကူးပြီးတော့ ခေါင်းစဉ်ကို ပြောင်းပြီး တခြားသူတွေဆီကို အောက်က သူ့နာမည်တပ်ပြီး ပို့တယ်ပေါ့လေ။ ဒီတော့ မသိတဲ့သူတွေကတော့ သူရေးတယ်ပေါ့။ ဒီလူကနေ တဆင့် တဆင့် လူတွေ ပို့လာလိုက်တာ။

နောက်ဆုံးတော့ ကျွန်တော့်စာတွေကို အမြဲ လာဖတ်နေတဲ့ သူငယ်ချင်းဆီ ရောက်သွားတယ်။ ဒီမှာတင် ပထမစပို့တဲ့ သူကလည်း Bcc ဆိုတာ မသိ ၊ ဘာမှလည်း သိပုံမပေါ် ။ ဒါကြောင့် စာတွေကို သူ သာမာန်ပို့သလိုပဲ ပို့လိုက်တယ်။ ဒီတော့ ရောက်သွားတဲ့ သူက Reply All နဲ့ ပြန်ကစ်တယ်။ ဒီတော့ ပထမပို့တဲ့သူ ဆီကိုရော တခြားသူတွေဆီကိုပါ မေးလ်တွေ ပြန်ရောက်တယ်။ အဲဒီလို ပြန်ရောက်တဲ့ အထဲမှာ ကျွန်တော်လည်းပါတယ်ဗျ။

ဟုတ်ပါတယ်။ ကျွန်တော့်ဆီကို ကျွန်တော့်စာတွေ နာမည်မပါ ၊ နာမည်ပြောင်း ၊ ခေါင်းစဉ်တွေပြောင်းပြီး ရောက်နေခဲ့တာ လပေါင်းများစွာ ကြာနေခဲ့ပါပြီ။ ကျွန်တော်တစ်လေ ကိုယ့်စာကိုယ်ပြန်ဖတ်ရတာ ထူးတော့ ထူးဆန်းသား ၊ ဆရာမကို စာစီစာကုံး ရေးပြီး ပြလိုက်သလိုပဲဗျ။ ဆရာမက စာစီစာကုံးတွေကို ဖတ်ပြီး အမှားတွေ ပြင်ဆင်ပြီး ပြန်ပေးတော့ ကိုယ့်စာလေးကိုယ် ဖတ်ရသလိုပဲဗျာ။ အခုလည်း ကျွန်တော့်စာလေးတွေ အရင်လို မဟုတ်တော့ဘူး။

ဒါထက်ဆိုတာတွေလည်း ရှိနေသေးတယ်။ ကျွန်တော့်ဘဝမှာ ကျွန်တော့်ကို Blogger ဆိုပြီး လူသိများစေတဲ့ စာလေးတွေ ရှိပါတယ်။ ဒီစာလေးတွေထဲမှာ လူကြိုက်အများဆုံးနဲ့ အားအပေးဆုံး စာလေးက
ပြဿနာ တစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ....(How To Solve The Problem) ဆိုတဲ့ စာလေးပါ။ ဒီစာလေးက ကျွန်တော့်ဘဝကိုလည်း ပြောင်းလဲစေတဲ့ စာလေးတစ်ပုဒ်ပါ။ ကိုယ့်ကိုလာထိရင် ချက်ချင်းထတွယ်တတ်တဲ့ ကျွန်တော့်ကို ကျောက်တုံးကြီးကြီးနဲ့ ဖိမိထားသလို ပိမိနေအောင် ဥပမာ ပေးထားခဲ့သော ပုံပြင်လေးပါ။

ဒါကို ကျွန်တော့်အထက်က မန်နေဂျာမ Ms Ng က ကျွန်တော့်ကို တရုတ်ဘာသာကနေ အင်္ဂလိပ်လို ပြန်ပြီး ပေးထားတာပါ။ ဒီပုံပြင်လေးကြောင့် ထစ်ခနဲ့ လက်ပါတတ်တဲ့ ကျွန်တော် တော်တော် ထိန်းနိုင်လာခဲ့ပါတယ်။ ၁၀၀ % လို့တော့ အာမ မခံနိုင်သေးပေမဲ့ ကျွန်တော့်ကို ပြောင်းလဲစေခဲ့ပါတယ်။ ဒီပုံပြင်လေးကို ကျွန်တော် ဘာသာပြန်ရေးပြီးတော့ ကျွန်တော့်မှာ သူငယ်ချင်းတွေ တော်တော် ရခဲ့ပါတယ်။ ဒါပေမဲ့ ဒီပုံပြင်လေးကိုပဲ ကူးပြီး မေးလ်ထဲကနေ ဖြန့်ကြတယ်။ ကူးပါ ၊ ဖြန့်ပါ။ ကျွန်တော် မပြောလိုပါ။ ပြောလည်း မပြောခဲ့ပါ။

သို့သော် ကျွန်တော် ပြောခဲ့သလိုပါပဲ။ ကျွန်တော့်ခေါင်းစဉ်လေးကို “ ခွေးနဲ့ ခြင်္သေ့ ” တို့ ၊ “ သင်ဘယ်လို လူလဲ ” လို့ ဒီလိုတွေနဲ့ ပြောင်းပြီးပို့ကြတယ်။ ကျွန်တော်ရေးတဲ့ အတိုင်း မဟုတ်ပဲ။ သူတို့ လိုချင်သလို ပြင်ရေးပြီး ပို့ကြတယ်။ ဖြတ်တောက်ပြီး ပို့ကြတယ်။ သူများ စာရေးသူတွေကိုတော့ ကျွန်တော် မပြောလိုပါ။ သိလည်း မသိပါ။ ဒါကြောင့် ကျွန်တော် မပြောတတ်ပါ။ ကျွန်တော့်စာတွေမှာတော့ အထက်နဲ့အောက် အဆက်အစပ်လေးတွေ ရှိနေတတ်ပါတယ်။ ဒါကလည်း ငယ်ငယ်ကတည်းက စာစီစာကုံးရေးလည်း ဒါ ၊ ဘာပဲ ရေးရေး ဒါ ၊ ဒါက ကျွန်တော့်ရေးဟန်ပါ။

အခုတော့ ဖြတ်တောက်ပြီးပို့တော့ မခံနိုင်ဘူးပေါ့ဗျာ။ ဒီတော့ ကျွန်တော် ဆူပူမိသေးတယ်။ ဒီကြားထဲ ခင်မင်ရပါသော သူငယ်ချင်းတွေကလည်း ဟိုဆိုက်မှာ တင်ထားတယ် ဆိုပြီး သွားကြည့်တော့ ဟုတ်တယ်ဗျာ။ ဘယ်မဂ္ဂဇင်းထဲက ကူးတာလို့ ဆိုပြီးတောင်မှ တင်ထားကြသေးတယ်။ တကယ်တော့ ဒီစာလေးရဲ့ မူရင်းတရုတ်စာက နှစ်ပေါင်း ရာကျော်နေခဲ့ပါပြီ။ ကျွန်တော့်မန်နေဂျာမ ပြောတာပါ။ ဒီတော့ ကျွန်တော်လည်း ရေးသူဆိုတာကို သွားမေးမိပါသေးတယ်။ ဘာမှ သူ့ဆီက အဖြေမလာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ကျွန်တော် နဲ့ သူ နေ့စွဲကို ကြည့်ရင် သူက နောက်ကျနေတယ်။

နောက်တော့လည်း ကျွန်တော် မေ့ထားလိုက်ပါတော့တယ်။ ဒေါသတွေကတော့ ချောင်းချောင်းတွေရော ၊ အပိုင်းပိုင်းတွေနဲ့ရော ထွက်တယ်။ ဘာလို့ ဒီလို လုပ်တာလဲ။ သေချာတာကတော့ လူအထင်ကြီး ခံချင်လို့ ဖြစ်မှာပါပဲ။ ဒါပေမဲ့ သူတို့ မသိတာလား ၊ လျစ်လျူရှုထားတာလား ဒီလိုမေးလ်တွေက လူတွေအားလုံး သိနေကြတယ်ဆိုတာ။ ကိုယ်က ကိုယ်ရေးသလိုနဲ့ ပို့လိုက်လို့ သူများက မူရင်းကို ဖတ်ပြီးသားကြီးဆိုရင် ဘယ်လောက်များ ရှက်စရာ ကောင်းလိုက်လေမလဲ။

ကျွန်တော် ဒီဘလော့လေးကို ဟိုးအရင် စာလုပ်တုန်းက ဒီလို ရေးဖြစ်မယ်လည်း မထင်မိပါ။ ကိုယ့်မိသားစုပုံလေးတွေ အမှတ်တရ တင်ထားမယ်။ ကိုယ်ရေးဖြစ်တဲ့ ကဗျာလေးတွေ ၊ ကိုယ့်မှတ်မိတဲ့ စာလေးတွေ ၊ ကိုယ်ကြိုက်တဲ့ စာလေးတွေ တင်မယ် ဆိုပြီး လုပ်ခဲ့တာပါ။ ဒါကြောင့် ဟိုးအရင် စာတွေမှာ ကျွန်တော့်ကိုယ်ပိုင်ရေးတာတွေနဲ့ Fwd mail တွေလည်း တွေ့ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်ဆီရောက်လာတဲ့ Fwd mail မူရင်း အတိုင်းပါပဲ။ ကျွန်တော် ဘာမှ မပြင်ဆင်ပါဘူး။ အောက်က စာရေးသူ ပါတဲ့ အတိုင်းပဲ တင်လိုက်တာပါ။

ဒီအချိန်ဟာ ကျွန်တော့်ဘလော့လေးကို မှတ်တစ်ချီ ၊ လင်းတစ်လှည့် အသက်သွင်းနေခဲ့တဲ့ အချိန်လို့ ပြောလို့ရပါတယ်။ ကျွန်တော်ကလည်း စိတ်ကူးပေါက်ရာတွေကို လျှောက်နေမိတဲ့ အချိန်ပေါ့လေ။ ဒါကြောင့် ကျွန်တော့် ဘလော့နေရာက ဗိုက်မကောင်းသူများ စားမိရင် နေရခက်စေတဲ့ အစားစုံရောထားတဲ့ နေရာကြီးလို ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်ဘလော့ကို တစ်နေ့တစ်နေ့ ဘယ်သူတွေ လာကြည့်နေလဲ ကျွန်တော်လည်း မသိခဲ့ဘူးလေ။ နောက်မှ စိတ်ကူးလေးရတော့ ကျွန်တော် Visitor Counter လေးတွေ လုပ်ပြီးတော့မှ “ ဟာ . ငါ့ဘလော့လေးကို လူတွေ လာကြည့်နေတာပဲ။ ” ဆိုပြီး ကျွန်တော် သေချာ ပြင်ဆင်ခဲ့မိတာပါ။ ဒီတော့မှ ကျွန်တော် သေချာ ရေးခဲ့ပါတယ်။

ဒီလို လူလာကြည့်ရသော အခြေခံအကြောင်းရင်းနဲ့ ကျွန်တော့် မေးလ် zaw357@gmail.com ထဲမှာ လူတွေ များလာရသော ဒုတိယ စာလေးတစ်ပုဒ်ကတော့
ဖေဖော်ဝါရီ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရ ကဗျာ ဆိုသော အောင်ဆန်းပေးတဲ့ မြန်မာပြည်.. ကဗျာလေးပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အတွက် ၁၃.၂.၂၀၀၉ မှာရေးခဲ့ပြီး အဲဒီနေ့မှာပဲ။ မေးလ်ကနေ သူငယ်ချင်း အားလုံးကို ပို့ဖြစ်ခဲ့ပါတယ်။ ဒီကဗျာလေးပြီးသွားတော့ ကျွန်တော့်ဆီကို မေးလ်ပေါင်းများစွာ လက်ခံရရှိပါတယ်။

ဗိုလ်ချုပ်ကို လေးစားသော လူပေါင်းများစွာရဲ့ မေးလ်ကို ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်လို ဖြစ်အောင် ကြိုးစားနေပါတယ် ဆိုသော ရုရှားက ညီငယ်လေးများရဲ့ စိတ်ဓါတ်ကိုလည်း အားတတ်ဖွယ်ကြားခဲ့ရသလို ၊ ဗိုလ်ချုပ်ကို လေးစားလို့ ဗိုလ်လောင်းတတ်နေတာ ဆိုသော မေမြို့ကလား ( ကျွန်တော် သေချာ မသိပါ။ ) ညီငယ်လေးတွေနဲ့လည်း ခင်မင်ခဲ့ရပါတယ်။ တခြားသော အလွှာအသီးသီး ၊ ဒေသအသီးသီးမှ သူငယ်ချင်းများနဲ့လည်း ခင်မင်ခဲ့ရပါတယ်။ ကျွန်တော်လည်း အထူးကို ဝမ်းမြောက် ကြည်နူးမိပါတယ်။

သို့သော်.. ကျွန်တော် ဝမ်းသာမှုက ကြာကြာမခံပါ။ ကျွန်တော့်ဆီကို ဗိုလ်ချုပ်ကဗျာ အပိုင်းအစ အပြတ်အတောက်များနှင့် Fwd Mail များ ရောက်လာပြန်ပါတယ်။ ဘယ်လိုမှလည်း အဆက်အစပ်မရှိပါ။ ဖြစ်ရလေ ဗိုလ်ချုပ်ရယ် လို့တောင်မှ ကျွန်တော် ဝမ်းနည်းမိပါတယ်။ ဒါကြောင့် နောင်နှစ်ကျရင်လည်း ဗိုလ်ချုပ်ကဗျာလေး တစ်ပုဒ်ရေးမယ်ဆိုပြီး အားတင်းထားသော ကျွန်တော် ဒီနှစ်မှာ မရေးတော့ဘူး လို့ ဆုံးဖြတ်ခဲ့တာပါ။ တခြားစာတွေထက် စာရင် ဒီလို နိုင်ငံဂုဏ်ဆောင် လူတစ်ဦးကို ဂုဏ်ပြုထားတဲ့ ကဗျာလေးကို ပြတ်တောက်အောင် လုပ်တာတော့ ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာ မရှိပါ။

ဒါပေမဲ့ ကျွန်တော့်မှာ သူတို့ကို တားပိုင်ခွင့် မရှိပါ။ တားလို့လည်း မရပါ။ ဒါကြောင့် ကျွန်တော့် တားလို့ ရတာကတော့ ကျွန်တော့်ကိုယ် ကျွန်တော်ပဲ ဖြစ်ပါတော့တယ်။ ဒါကြောင့် ဗိုလ်ချုပ်အကြောင့် ကဗျာလေး ကျွန်တော် ဒီနှစ်မှာ မရေးတော့ပါ။ ဘာအကြောင်းမှလည်း မရေးတော့ပါ လို့ပဲ စဉ်းစားလိုက်ပါတော့တယ်။

တချို့ကတော့ ပြောကြပါတယ်။ ဒါကို “ ဆင်ခြေ ” လို့ မြန်မာလိုသတ်မှတ်ရပါမယ်။

“ ကျွန်တော်ကတော့ ဝင်ဖတ်ပါတယ်။ တခြားသူငယ်ချင်းတွေက ဝင်မဖတ်ကြလို့ ကူးပြီးတော့ Fwd Mail နဲ့ ပို့လိုက်တယ်နော်။ ”

တဲ့။ ဒါပေမဲ့ သူကူးတာက စာရဲ့ ဟိုးအပေါ် ခေါင်းစဉ်ကနေ စာလေးပြီးတဲ့ အထိပဲ ကူးတယ်။ အောက်ဆုံးမှာ အဆုံးသတ်ထားသော “ ကိုဇော် ” ဆိုသော ကလောင်နာမည်လေးကို ကျတော့ ချန်ခဲ့တယ်ဗျာ။ ကျွန်တော်ဒီလောက် အချိန်ကုန်ခံ ၊ လက်အညောင်းခံ ၊ မျက်စိ အညောင်းခံ ၊ အိပ်ရေး အပျက်ခံ ရေးထားတာလေးတွေက အောက်ဆုံးမှာ မူရင်းရေးသားသူ အနေနဲ့ ကလောင် နာမည် “ ကိုဇော် http://zaw357.multiply.com ” လို့တောင်မှ မတန်ဘူးလားဗျာ။

တရုတ်လူမျိုးတွေက အခု အရမ်းတိုးတတ်လာတာ သူတို့မှာ စိတ်ဓါတ်အင်အား တချို့ရှိတယ်ဗျ။ ဒါကို သိလို့ “ နပိုလီယံ ” က “ နဂါးတွေ အိပ်ပျော်နေပါစေ။ သူတို့ကို မနှိုးပါနဲ့။ သူတို့ နိုးလာရင် ကမ္ဘာကြီးကို ဒုက္ခပေးလိမ့်မယ် ။ ” လိုတောင်မှ ပြောခဲ့တာလေ။ သူတို့တွေထဲက စိတ်ဓါတ်လေး တစ်ခု ကျွန်တော် ပြောပြမယ်။

“ တရုတ်တွေက သူတို့ သားသမီးတွေ ငါးစားချင်တယ် ဆိုရင် ငါးဝယ်မပေးဘူး။ ငါးမျှားတံ ဝယ်ပေးတယ်။ ငါးဖမ်းနည်း သင်ပေးတယ်။ ”

တဲ့။ ဟုတ်ပါတယ်လေ။ ငါးဝယ်ကျွေးရင် ဘယ်လိုလုပ် တစ်သက်လုံးစားရမလဲ။ ငါးဖမ်းနည်း သင်ပေးမှ တစ်သက်လုံးစားရမှာပေါ့။

အခုတော့ သူငယ်ချင်း အချင်းချင်း မေးလ်ကနေ ပို့မဲ့ အစား သူငယ်ချင်းရေ ဒီလင့်လေးကနေ သွားဖတ်ကြည့်စမ်း ဆိုပြီး ဒီလို မူရင်း လင့်ကို ပေးသင့်တယ် လို့ ကျွန်တော် မြင်မိပါတယ်။ တကယ်လို့ ကိုယ်က အကြောင်းအမျိုးမျိုးကြောင့် လိုင်းပေါ် မတတ်နိုင်တော့ဘူးတဲ့။ သူတို့ ဒီစာတွေ မဖတ်ရတော့ဘူးပေါ့။ ဒီလိုမျိုး မြန်မာတွေမှာ ကြောင်လက်သည်းဝှက်တတ်လို့ လည်း မျိုးဆက်တွေပြတ်ပြီး ပညာတွေလည်း တိမ်မြှုပ်ခဲ့ရပါပြီ။ အခုတော့ တစ်ယောက်နဲ့ တစ်ယောက် လျှိုကြ ၊ ဝှက်ကြ ပြန်ပါသေးတယ်။

ဒီထက်ဆိုးတာက မူရင်း ပျောက်သွားတာ။ နိုင်ငံကြီးက လူတွေ သူတို့မှာ သမိုင်းကြောင်းတွေ ကြီးကြီးမားမား ကျန်တယ်ဆိုတာ ဒီလို မူရင်းတွေကို ထိန်းသိမ်းထားနိုင်လို့ပါ။

ဒါပေမဲ့ပေါဗျာ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကျွန်တော်တို့ ကိုယ့်အတွက် ဘာမှ အကျိုးအမြတ်မရပါပဲ။ စာရေးချင်သော စိတ်လေး တစ်ခု ၊ သူများတွေကို မျှဝေပေးချင်သော စိတ်လေး တစ်ခုတည်းနဲ့ စာတွေ ရေးနေခဲ့ကြတာပါ။ ကျွန်တော်တို့မှာ အားလုံးကို ဖတ်စေချင်တဲ့ ဆန္ဒပဲ ရှိပါတယ်။

အခုတော့ ကျွန်တော်လည်း ထုသားပေသား ကျခဲ့ပါပြီ။ ဘာမှလည်း မဖြစ်မိတော့ပါ။ ဘယ်လိုမှလည်း မခံစားရတော့ပါ။ ကျွန်တော့်စာတွေကို လုံးဝ ကူးလို့မရအောင်။ မေးလ်ထဲ မရောက်အောင် လုပ်လို့လဲ ရတာပေါ့ဗျာ။ ဒါပေမဲ့ ဒီလို စိတ်မျိုးလည်း မရှိပါ။ ကျွန်တော် အားလုံးကို ဖတ်စေချင်တဲ့ အတွက် ဒီလိုပဲ ပုံမှန် ဆက်ရေးသွားပါတော့မယ်။

ကူးယူဖော်ပြီး မေးလ်နဲ့ ပို့သူများ ၊ တခြားနေရာမှာ ပြင်ဆင် သူတို့ နာမည်တပ်သူများလည်း တစ်နေ့ သူတို့ စာလေးတစ်ခုကို သူများက အခုလိုပဲ ကူးယူပြင်ဆင်ပြီး ထပ်ဆင့် နာမည်ပြောင်း ပို့တဲ့ အခါမှာ ပျော်ရွှင်နိုင်ပါစေ။

ကျွန်တော် ဟိုတစ်နေ့က ပို့စ်တစ်ခုမှာ ရေးခဲ့သလိုပါပဲ။ ကျွန်တော့်စာတွေဖတ်ပြီး စာပေပိုး ရှိသူတွေက သူများစာကို ဖတ်တာတင် မကဘူး။ သူတို့ပါ ရေးချင်လာတယ် ဆိုပြီး စာတွေ ရေးလာနေတဲ့ သူတွေကိုလည်း ကျွန်တော် ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါတယ်။

အခုဆိုရင်. . . ကျွန်တော်လိုမျိုး စာပေ အမျိုးအစားများကို ကျွန်တော့်ထက်ကောင်းအောင် ရေးသားနိုင်နေသော စာရေးသူတွေ ပေါ်နေပါပြီ။

- ချော ( အစိမ်းရောင်လွင်ပြင် ) http://missgreenlady.mylovecafe.net/
ဒါနဲ့လည်း ဝင်လို့ရပါတယ် http://missgreenlady.com/

- မြသွေးနီ http://myathwayyni.mylovecafe.com/

သူတို့စာတွေဆိုရင် အလွန်ကောင်းပါတယ်။ ဒီလိုမျိုး ကိုယ်တိုင် ဖန်တီးနိုင်မှု ကိုလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ နောက်ထပ် အခုဆိုရင် သူတို့ သိခဲ့သမျှ ၊ ကြုံခဲ့သမျှ လေးတွေကို ပြန်လည်ပြီး ရေးသားနေတဲ့။

- သော်တာ http://thawtar99.multiply.com/

- စိုးမိုဃ်း
http://soemoe925.multiply.com/

သူတို့အပါအဝင် တခြားသူတွေ ဘလော့လေးတွေ ရေးလာတာ အားရဝမ်းသာပါတယ်။ သူတို့ကို ဆိုရင်လည်း လေးစားစရာပါ။ ဘာလို့လည်း ဆိုတော့ သူ့တို့ အမြင်တွေကို သူတို့ ချပြရဲလို့ပါ။ စာရေး ကောင်းစရာ မလိုပါ။ ကိုယ့်အမြင်လေးတွေကိုပဲ ချရေးပါ။ ရေးပါ များလာရင် ကိုယ့်ဖာသာ အမှားတွေ ၊ လိုနေတာတွေ တွေ့လာမှ ပြင်လိုက်ရင်း အဆင်ပြေလာပါလိမ့်မယ်။

တကယ်တော့ အွန်လိုင်းဆိုတာ ခိုးချရန် နေရာတော့ မဟုတ်ပါ။ အွန်လိုင်းဆိုတာ သုံးတတ်ရင် ဆေး ၊ မသုံးတတ်ရင် ဘေးပါပဲ။ ကိုယ်က ဖြန့်ဝေချင်တာလား ၊ ကူးယူခိုးချချင်တာလား။ ခိုးတာဆိုတာ အပယ်တံခါးကို ဖွင့်ထားသော လမ်း..။

မှတ်ချက်။ ။ Multiply ကို ဦးတည်ရေးသောကြောင့် သူနဲ့ သတ်ဆိုင်သော လင့်များ ဖြစ်နေပါလိမ့်မည်။

ကိုဇော် ခံစားပုံဖော်သည်။

.

Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

မြသွေးနီ said...

ကိုဇော်ရေ...

ကောင်းလိုက်တဲ့ပို့စ်လေး။
ကျွန်မတို့၊ ချောတို့ က.. လူသစ်တွေမို့ထားပါတော့ တခြား ကိုဇော်တို့လို Senior ဘလော့ဂ်ဂါ တချို့ရဲ့ပို့စ်တွေဟာ Social Website တွေမှာ Forward Mailတွေမှာ ပလူပျံနေပါတယ်ရှင်။ တချို့က လင့်ခ်နဲ့ နာမည်နဲ့ တကွဖော်ပြပေးကြပေမယ့် တချို့က နာမည်ပြောင်း ခေါင်းစဉ်ပြောင်း သုံးထား ကြပါတယ်။ ကျွန်မ အဖြစ်ကိုဘဲ ပြောပြပါမယ်။ ကျွန်မပို့စ်တစ်ပုဒ်ကို လင့်ခ် ပူးတွဲ မဖော်ပြဘဲ မြသွေးနီနာမည်နဲ့ဘဲ အဆိုပါ social site မှာတင်ထားပါတယ်။ ဒီတော့တင်ထားသူကို မြသွေးနီ အမှတ်နဲ့ Commentတွေ ပေးထားလိုက်ကြတာ အယောက် ၆၀ကျော်ပါတယ်။ ကျွန်မမှာ ဝေဒနာနဲ့ အတူ တဆင့်ခံ ပီတိဖြာရပါသေးတယ်ရှင်။ တဘက်ကလည်း ခုမှ စာလေးစရေးတယ်.. မြသွေးနီ ကလုံးတွေပေါ်လာမှာတော့ စိုးရိမ်မိ သားရှင့်။ ဒီတော့ ကျွန်မ အပင်ပန်းခံ အဲ့ဒီ Social Site တွေမှာ ကိုယ်တိုင် မန်ဘာဝင်ပြီး ပို့စ်များကို တိုက်ရိုက် တင်ပေးနေရ တော့တာ ပါဘဲရှင်။ အနည်းစုကတော့ လေးလေးစားစား စာနဲ့ကြိုခွင့် တောင်းကြပါတယ်။ တချို့ကတော့ နာမည်ရော လင့်ခ်ပါ ပူးတွဲဖော်ပြပေးလို့ ဒီလိုလူမျိုး တွေ ရှိသေးပါလားဆိုပြီး သူတို့စိတ်ဓာတ်လေး တွေကို လေးစားမိရပါတယ်ရှင်။ မိမိစာကို နှစ်သက်လို့ ပြန်သုံးထား တဲ့အတွက် ခုလိုရေးထားတဲ့ စာတွေခုလိုပျံ့နှံ့နေတာ ၀မ်းသာမိပေမယ့် အသိအမှတ်ပြုတဲ့ အနေနဲ့လင့်ခ်လေးတွေ ပူးတွဲဖော်ပြပေးရင်ဖြင့် အပင်ပန်းခံရတာတွေ အမောပြေရတာပေါ့ရှင်။

ခုရေးရင်နဲ့တောင် တော်တော်မောသွားပြီ။ :)

မြသွေးနီ
http://myathwayyni.mylovecafe.com

Flower said...

ဘယ်လိုများပြောလိုက်တာပါလိမ့် ဆရာဇော်.. ကျွန်မတို့က ခုမှ စာရေးသက် နုနုလေးရှိသေးတယ်.. ကိုဇော်တို့လို လူက ကျွန်တော့်ထက်ပိုကောင်းအောင် ရေးနိုင်တဲ့လူတွေ လို့ပြောလိုက်တာဟာ ကိုယ့်ကိုယ်ကို မလုံမလဲ ဖြစ်မိစေသလိုဘဲ... ခုမှ လေ့လာတုန်း သင်ယူတုန်းပါ... ကျွန်မတို့ကသာ ကိုဇော်ကို အားကျနေရတာပါ..

Anonymous said...

entstehenden Holzkohlen die betreffenden,