မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 January 2010

2 အဖေတို့ ၊ အမေတို့ ၊ ကျွန်တော်တို့ ( ဆရာ နေဝင်းမြင့် )

.

ကျွန်တော် ဒီ ကွာလာလမ်ပူ ကို လာပြီး ဟောတာ ဒါဟာ ဒုတိယအကြိမ်ပါ။ ဒီလို ဟောပြောခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီလို လာဟောတဲ့ အခါမှာ ကျွန်တော့်ကို လာပြီး နှုတ်ဆက်ကြတယ်။ ဆရာ ဘာဖြစ်တယ် ၊ ညာဖြစ်တယ်ပေါ့။ ဒီလိုမျိုး ကျွန်တော် သူတို့လက်လေးကို ကိုင်ကြည့်မိတိုင်း သြော် . . ငါ့သားလေး ဘာအလုပ်များ လုပ်ရပါလိမ့် ၊ ငါ့သမီးလေး ဘာလုပ်ရပါလိမ့် လို့ စဉ်းစားမိတယ်။

ဗြုန်းစားကြီး စင်ပေါ်တတ်လာလို့ လန့်ချင်လည်း လန့်သွားကြလိမ့်မယ်။ လူက အသားက မည်း ရတဲ့ အထဲ ဝတ်ထားတာကလည်း အပေါ် အောက် မည်းမည်း ဆိုတော့ ၊ ကျွန်တော်လည်း မတတ်နိုင်ဘူး ၊ သူများ ပေးတာ ဝတ်ရတာ။ အသားမည်းတယ် ဆိုပေမဲ့ “ ချောကလက် ” ပါ။ ချိုပါတယ်။ ဒါပေမဲ့ ဒီလို အသားမည်းတာကိုတောင်မှ ကျွန်တော်တို့ လူမျိုးက ချစ်အောင်ပြောတတ်တာဗျ။

ဟိုးအရင်က အသားအင်မတန်မည်းတဲ့ အာပုံသည်လေးကို သီချင်းရေးဆရာက သီချင်းရေးပေးတယ်။ အာပုံလုပ်ရောင်းတဲ့ ကုလားမလေးက နန်းတော်ရှေ့ဆရာတင်ကို ဆရာရယ် ကျွန်မကိုလည်း သီချင်းရေးပေးပါ။ ဆရာသီချင်းရေးပေးလို့ လေဘာတီ မမြရင် တို့ ဘာတို့ နာမည်ကြီးတယ်။ ဒါနဲ့ ရေးပေးလိုက်တယ်။ သီချင်း နာမည်က “ ကျွဲမ ” တဲ့။ စဉ်းစားကြည့်ပေါ့။ သီချင်းထဲမှာ ရေးတယ် ဆရာက။

“ အာပုံသည်လုပ်တဲ့ ကုလားမလေးရဲ့ မကျည်းမီးသွေးရယ်....”

တဲ့။ စဉ်းစားသာ ကြည့်တော့ လူက ကုလားမလေး ၊ စိုက်တဲ့ထင်းက မကျည်းထင်း ၊ ထွက်လာတဲ့ မီးသွေးက မကျည်းမီးသွေး ....ဘယ်လောက်များ မည်းမှောင်နေမလဲလို့။

ဒီလိုပါ။ ကျွန်တော်တို့ လူမျိုးက အသားလေး မည်းတာကိုတောင်မှ ချစ်စဖွယ် ဖြစ်အောင်ပြောတတ်ကြတယ်။ တန်ဆာဆင်ပြီး ပြောတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လူမျိုးဟာ အမျိုးကို ချစ်တတ် ၊ ခင်တွယ်တတ်သူများပါ။

တစ်နေ့တော့ ကျွန်တော် နဲ့ ကျွန်တော့်သူငယ်ချင်း နဲ့ တွေ့တော့ သူငယ်ချင်းက ပြောတယ်။

“ မန္တလေးကို သတိရတယ်..တဲ့ ။ ”

တဲ့.။ ဟုတ်ပါတယ် ဖြစ်သင့်ပါတယ်။ ဘာလို့လည်း ဆိုတော့ မန္တလေးသားက မန္တလေးကို လွမ်းတာ ၊ သတိရတာ သဘာဝကျပါတယ်။ ဟိုးအရင်က နန်းတော်ရှေ့ဆရာတင်ကို သီချင်းရေးဖို့ ရန်ကုန်ခေါ်ပြီး နေစရာ ၊ စားစရာ ၊ သောက်စရာ အစုံအလင်နဲ့ ထားတာတောင်မှ နန်းတော်ရှေ့ဆရာတင်က မနေနိုင်ဘူး။ မပျော်ဘူးတဲ့ ။ ဒါကြောင့် သူက သူမနေနိုင်တာကို အားလုံး သိအောင် စာလေးချိုးတယ်။

“ မန္တလေး .. ၊ ကျွန်တော်တို့ ရွှေမန္တလေး ၊ ချမ်းအေး ပူအိုက် ၊ အောက်သူတွေ လိုက်တွေ မလိုက်ချင်ပေမဲ့ ၊ မောင်လေ မပျော်...ရန်ကုန်မှာနေ မပျက်လေပါတယ်။ နတ်ပြည်ကြီးလို့ ဆိုကြပါစေ သို့ပေမဲ့ ကိုယ်မြေကိုတော့ လွမ်းသေးသဗျို့..။ ”

ဟုတ်တာပေါ့။ ဒီလို ဖြစ်အောင် ကျွန်တော်တို့ လူကြီးတွေက ၊ ဆရာ ဆရာမတွေက ကျွန်တော်တို့ကို သွန်သင်ပေးခဲ့တယ်။ ကျွန်တော်တို့ ကုန်းဇောင်းမှာ သင်ခဲ့ရတဲ့ ဆရာ ဆရာမတွေက ဆင်းရဲကြတယ်။ တိုက်ပုံတောင်မှ တစ်နှစ်လုံး ဒီတိုက်ပုံပဲ။ ကျူရှင်ဆိုတာလည်း မရှိခဲ့ဘူး။ ဒါပေမဲ့ သူတို့မှာ ရှိတဲ့ စိတ်ဓါတ်တွေကို ကျွန်တော်တို့ကို ပေးခဲ့တယ်။

ဒီလို ဆရာ ၊ ဆရာမတွေရဲ့ ဂုဏ်ကျေးဇူးနဲ့ ကျွန်တော် အခု ဒီစင်ပေါ်တတ်ရတာပါ။ ဆရာ ၊ ဆရာမတွေက ဆင်းရဲတယ်။ တစ်နှစ်လုံးမှာ ဒီတိုက်ပုံအကျီင်္ တစ်ထည်ပဲ ရှိတယ်။ ဆရာမကြီးက ဆိုရင် ကျောင်းက ကျောက်သင်ပုန်းမှာ မြန်မာပြည်မြေပုံကို ဆွဲတယ်။ ပြီးတော့

“ ဒါ မြန်မာပြည်မြေပုံပဲ။ ကူးဆွဲကြ။ တိုင်းပြည်ကို ချစ်တဲ့သူက မြေပုံက လှအောင် ဆွဲတယ်။ မြေပုံကို လှအောင်မဆွဲတဲ့ သူက တိုင်းပြည်ကို မချစ်တဲ့သူ ။ မြေပုံကို တူပြီးလှအောင်ဆွဲတဲ့ ကောင်က တိုင်းပြည်ကို ချစ်တဲ့ ကောင်ပဲ။ ”

ဒါပဲ ပြောပြီး ဆရာမက ထိုင်နေတယ်။ ဆွဲပြီ။ ဗလာစာအုပ် စာမျက်နှာ စာမျက်နှာ ၄၀ မှာ။ ဆွဲတယ် တစ်ရွက် မလှဘူး။ ခဲဖျက်နဲ့ ဖျက်တယ် မရဘူး။ ကြာလာတော့ တံတွေးက ကူရတယ်။ ဒါနဲ့ ဆရာမကြီး ပြောနဲ့ အလိုလို ကိုယ့်နိုင်ငံပုံလေးကို မလှလှအောင် ဆွဲတယ်။

မလှဘူး.. .စာရွက်ကို ဖြဲတယ်။ ဒါနဲ့ နောက်တစ်ရွက် နောက်တစ်ရွက် နဲ့ ဆွဲခဲ့တယ်။ ဘယ်သူကမှလည်း ကျွန်တော်တို့ကို တတ်အောင် မသင်ခဲ့ပါဘူး။ တစ်ခွန်းပဲ ပြောတယ်။ တိုင်းပြည်ကို ချစ်တဲ့ လူက မြေပုံကို လှအောင် ဆွဲတယ် ဆိုတဲ့ စကားကြောင့် မြေပုံကို မလှလှအောင် ဆွဲခဲ့တယ်။ အဲဒီတုန်းက တိုင်းပြုပြည်ပြု သီချင်းတွေ မရှိသေးပါဘူး။ ဆရာမကြီး စကားလေးတစ်ခွန်းတည်းနဲ့ မြေပုံလေးကို လှအောင်ဆွဲခဲ့တယ်။

မြေပုံပြီးတော့ ဆရာမကြီးကို ပြတော့ ဆရာမကြီးက မြေပုံကို ကြည့်ပြီး အမှတ်ခြစ်ပေးတယ်။ ဘယ်သူပုံမှလည်း မလှပါဘူး။ ဒါပေမဲ့ ဆရာမကြီးက အားလုံးရဲ့ မြေပုံအောက်မှာ စာလေးတွေ ရေးပေးတယ်။

“ တိုင်းပြည်ချစ်..။ ”

တဲ့။ ဆရာမကြီး ဒီလို ရေးပေးတာနဲ့တင် ပျော်လိုက်တာ.။ ငါက တိုင်းပြည်ချစ်တယ် ဆိုပြီးတော့..။

ဒီလို ဆရာမကြီးတွေ ဆီမှာ ပညာသင်ခဲ့ရပါတယ်။ တစ်နေ့တော့ ဆရာမကြီးက သကြားလုံးဝေတယ်။ ကဲ တစ်ယောက်ကို နှစ်လုံးစီ လာယူကြ..ဆိုပဲ။ ဆရာမကြီးက စားပွဲခုံပေါ်မှာ ထိုင်ပြီး လက်ဝါးလာဖြန့်သူတွေကို တစ်ယောက်တစ်လုံး ပေးတယ်။ ဘယ်သူ ဘယ်လက်ဖဝါး ဆိုတာလည်း မမှတ်ထားပါဘူး။ လက်ဝါးဖြန့် သူတိုင်းပေးနေတာပါပဲ။

ဒါကို သိနေတဲ့ ကျွန်တော်တို့ကလည်း ဟိုဘက်က ဖြန့်လိုက် ဒီဘက်က ဖြန့်လိုက်နဲ့ပေါ့။ သူများတွေ နှစ်လုံး အချိန်မှာ ကိုယ့်အိတ်ထဲမှာ ၅ လုံး ၆ လုံးလောက် ရလာတယ်။ ဒါနဲ့ပဲ ကြီးလာတော့ သမဝါယမ ဥက္ကဌ ဖြစ်လာတော့တာပါပဲ။

သကြားလုံးတွေ ဝေပြီးတော့ ဆရာမကြီးက..

“ အားလုံး ကိုယ့်နေရာ ကိုယ်ထိုင် ၊
ရကြလား သကြားလုံး ”

ဆိုတော့ .......

“ ရပါတယ်
ဆရာမကြီး။ ”

“ ဆရာမကြီး နှစ်လုံးစီ ဝေတာ ရှိကြလား။”


“ ရှိပါတယ် ဆရာမကြီး။ ”


ဒါဆိုရင် ဒီနေ့ ဆရာမကြီး ပြောပြမဲ့ အကြောင်းအရာကတော့ လိမ်တတ်သော ယုန်ကလေး ငမိုး အကြောင်းပါပဲ။ ဒီတော့ ဟာ သေပြီ ၊ ငါတို့ကိုတော့ ဆရာမကြီး ဖဲ့ပြီလို့ တွေးလိုက်မိတယ်။ ကိုယ့်လိုလူတွေကလည်း သုံးလေးယောက် လောက် ပါတော့ သူ့ကိုယ်ကြည့် ၊ ကိုယ့်သူကြည့်ပေါ့လေ။

ဒီတော့ ဆရာမကြီးက . . .

“ ကိုယ့်အိတ်ထဲ ကိုယ်စမ်းကြည့်ကြစမ်း ၊ ဘယ်သူတွေ ဘယ်နှစ်လုံးရှိနေလဲလို့။ သူများ နှစ်လုံးဆို ကိုယ်လည်း နှစ်လုံးပေါ့ သူများ တစ်ခြမ်းဆို ကိုယ်လည်း တခြမ်းပေါ့။ ဒါကို ဘာလို့ ပိုယူချင်တာလဲ။ သူများတွေ နဲ့ အတူတူ ရနေတဲ့ အခွင့်အရေးကို သူများတွေထက် ပိုပြီး လိုချင်သူဟာ “ သူခိုး ” ပဲ။ ”

ဆရာမကြီး ဒီလို ပြောတော့ ကိုယ့်အိတ်ထဲက သကြားလုံးကို မစားဖြစ်တော့ဘူး။ ကျောင်းကနေ အိမ်ကို ပြန်တော့ ဖြတ်ပြီးပြန်ရတဲ့ ဘောလုံးကွင်းမှာ ငါ့ကို သူခိုးလို့ ဖြစ်စေတဲ့ သကြားလုံး သွားကွာ ဆိုပြီး လွှင့်ပစ်ခဲ့တယ်။ ဆရာမကြီးပြောခဲ့တဲ့ သူများတွေနဲ့ အတူတူရနေတာကို ပိုပြီး အခွင့်အရေးယူတာ သူခိုးဆိုတဲ့ စကားလုံးကို နှစ်ပေါင်း ၅၀ လုံးလုံး ကြားနေခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်တော်ဘဝမှာ သူခိုး ခဏခဏ ဖြစ်ခဲ့ရပါတယ်။


ဆက် ရေးပါ့မယ်။

မှတ်ချက်။ ။ စာပေဟောပြောပွဲက ပြန်လာကတည်းက ရေးချင်ပေမဲ့ အရင်က ရေးဖို့ ယာထားတာတွေလည်း များနေတော့ မရေးဖြစ်ဘူး။ နောက်တစ်ချက်ကလည်း ကျွန်တော် ကိုယ်ပိုင်ရေးသော စာများ ၊ ဗဟုသုတများ ၊ ဘာသာပြန်မိတာများ ဒါတွေကို ရေးရတာ တစ်ခုခုမှားခဲ့ပါက ကျွန်တော်ရဲ့ တာဝန်လုံးလုံးသာ ရှိပါတယ်။ အခုလို ဆရာ ၊ ဆရာမများ စာကို ပြီးပြီးရော ရေးလိုက်ရမှာ ကျွန်တော် စိတ်မလုံပါ။ ကျွန်တော့်ကြောင့် အမှားအယွင်းပါသွားရင် ကျွန်တော့်လို ဘာမဟုတ်သော လူတစ်ယောက်ကြောင့် ဆရာ ၊ ဆရာမများလည်း ပြဿနာ တတ်မှာ ကျွန်တော် မဖြစ်စေချင်ပါ။ ဒါကြောင့် ကျွန်တော် အတတ်နိုင်ဆုံး စကားလုံးတွေ ပြေပြစ်အောင် မူရင်းအတိုင်း ဖော်ပြထားပါတယ်။
>>>အမှားအယွင်းတစ်စုံတစ်ရာ ရှိခဲ့လျှင် ကျွန်တော့် အမှားသာလျှင် ဖြစ်ပါတယ်။ <<<

ကိုဇော် ခံစားတင်ပြသည်။


.

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

YM said...

ဖတ်ရတာဆန့်တငံ့ငံ့ကြီးရှင့်။
ဆက်ရေးပေးပါဦးနော်။

မြသွေးနီ

~ဏီလင်းညို~ said...

ကိုဇော်...
ဆက်ရေးဦးဗျာနော်...။
ကျွန်တော်ကြိုက်တယ်...ဒီပို့စ်လေးကို...း))
(စာတွေအများကြီးရေးနိုင်တယ်နော်...။ အားကျ၏)
ခင်မင်တဲ့
ဏီလင်းညို

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.