ကျွန်တော်တို့လည်း လှချင်ပါတယ်ဗျာ အဟီး လူပဲလေ။ သူကတော့ တော်တော် ဆိုးတာ။ ပိုပိုဆိုး။ ဒါပေမဲ့ သူက ဘယ်တော့မှ လူသိ မခံချင်ဘူးဗျ။
ကျွန်တော်တို့က ဘယ်မှာတော့ ဘယ်လို ပစ္စည်းလေးတွေ ဒီဇိုင်းမိုက်တယ်။ Nivea မျက်နှာသစ်ဆေးက ဘယ်လို ၊ Gatsby ခေါင်းလိမ်းဆီ အသစ်က ဘယ်ပုံ ကောင်းတယ်။ ဒီလိုတွေ ပြောနေကြရင် သူက စိတ်မဝင်စားသလိုပဲ။ ဘယ်တော့မှ ဝင်မပြောဘူး။ ဒါပေမဲ့ နောက် နှစ်ရက်လောက်နေလို့ သူ့အိမ်သွားကြည့် သူက ဝယ်သုံးပြီးနေပြီ။ အဲဒီလိုမျိုးကြီး။
သူငယ်ချင်းတွေပဲဗျာ ကြာလာတော့ သိလာတာပေါ့။ သူ့ကို ပြောရင် ဘယ်တော့မှ သူက ကောင်းသည် ၊ ဆိုးသည် ဝင်မပြောဘူး။ ဒါပေမဲ့ သူ့ကို ပညာတော့ ပေးဦးမှ.........................................
ဒီလို လေ့လာလိုက်တော့ သူက သူ့မျက်နှာပေါ်မှာ ရှိနေတဲ့ ဝက်ခြံဖုလေး နှစ်ဖုလောက်ကို ကြိတ်ကုနေတာဗျ။ ယောက်ျားလေးပဲ ဘာဖြစ်လဲ ဒီလောက်ကတော့ မဟုတ်ဘူး။ သူက အပြင်မှာသာ ကောင်းသည် ၊ ဆိုးသည် ဝင်မပြောတာ သူ့အိမ်မှာ မျက်နှာကို ပေါင်းတင်ရတာနဲ့ ၊ ဘာလဲ မျက်နှာကို ချေးချွတ်ရတာနဲ့ ရှုပ်နေတာပဲ။ ဒီတော့ ကျွန်တော်တို့လည်း ဒီလို လုပ်ခဲ့ကြပါတယ်။
အော်ပရေးရှင်း. . . စ. . . .တစ်...နှစ်...သုံး. . .
တစ်နေ့တော့ ကျွန်တော်နဲ့ သူငယ်ချင်း တစ်ယောက် သူ့အိမ်ကို သွားတယ်။ ပြီးတော့ ကျွန်တော်တို့ သူ့အခန်းကို ဝင်တော့ ကျွန်တော်က လက်ထဲမှာ ကိုင်ထားတဲ့ သစ်မြစ်လေးတွေကို သူ့စားပွဲခုံပေါ်မှာချလိုက်ရင်း . .
“ ဟူး အိုက်လိုက်တာကွာ..။ နေကလည်း ပူပါ့။ ”
ဆိုပြီး သူ့ကုတင်ပေါ် လှဲလိုက်တော့ သူက ကျွန်တော် တင်လိုက်တဲ့ သစ်မြစ်လေးတွေကို ကြည့်ရင်း. .
“ ဒါ ဘာမြစ်တွေလဲ။ ”
“ သြော် ပရိုမီနာမြစ်လေ။ ငါ့အစ်မပေါ့ကွာ သူ့မျက်နှာမှာ ဝက်ခြံဖုလေးတွေ ရှိနေလို့ ဒါကို သွေးလိမ်းတာ အသားလေး နုချောသွားတာပဲ။ ဒါကြောင့် အခု ကုန်သွားလို့ ငါ့ကိုသွားပြီး ဝယ်ခိုင်းလို့ သူဝယ်နေကြ နေရာမှာ သွားဝယ် ပေးရတာလေ။ ”
“ ဒါက တကယ်ပျောက်လို့လား။ ”
“ ဟ .. ပျောက်လို့ သူက လိမ်းနေတာပေါ့။ မင်းလည်း ငါ့အစ်မ ဝမ်းကွဲကို မြင်ဖူးတာပဲလေ။ သူကအသားအရည် ဘယ်လောက်လှလဲ။ ”
တကယ်တော့ ကျွန်တော့်အစ်မဝမ်းကွဲက သိတောင်မှ မသိ။ သူ့ဖာသာ ဘာတွေလိမ်းလို့ လှနေတာလဲ ကျွန်တော်လည်း မသိ။ အခုတော့ ဒီလိုပဲ “ တွန်း “ ပေးလိုက်တယ်။ ချောက်ဆိုရင် “ လိမ့် ” ဆင်းသွားလိမ့်မယ်။ ပရောဂ မှန်ရင် “ တုန် ” ဆင်း လာလိမ့်မယ်။ ဟဲဟဲ.. ဒီလိုပါပဲ။
ဒါနဲ့ တစ်နာရီလောက် ဟိုပြော ဒီပြောပြောပြီး ကျွန်တော်တို့ ပြန်လာခဲ့တယ်။ ပြန်တော့ စားပွဲပေါ်မှာ တင်ထားတဲ့ ပရိုမီနာမြစ်လို့ ဆိုတဲ့ သစ်မြစ် အချောင်းလေးတွေထဲက တစ်ချောင်းကို ကျန်ခဲ့သလိုနဲ့ မသိမသာ တစ်ခု ချန်ထားခဲ့လိုက်တယ်။ သူကလည်း တွေ့တွေ့ကြီးနဲ့ “ ဟေ့ကောင် တစ်ချောင်းကျန်ခဲ့တယ်။ ” လို့ မပြော။ ဒါက သူ့ရာဇဝင် ကို သူ့ဖာသာ မှတ်တမ်းတင်လိုက်တာ။ သူ့ သမိုင်း သူရေးတာ။
ဒါနဲပေါ့လေ။
နောက်နေ့ကျတော့ အမည်မဖော်လိုသော ကျွန်တော့်သူငယ်ချင်းကြီး ကျောင်းမတတ်တော့ဘူးဗျို့။ နောက်နေ့လည်း မတတ်ဘူး။ ဘယ်တတ်နိုင်မလဲဗျာ။ ကျွန်တော်တို့ကလည်း ရောင်းတဲ့ အစ်ကိုကြီးကို “ အကို မျက်နှာ သေချာ ယောင်တယ်နော်။ ” လို့ မေးပြီးမှ ဝယ်ခဲ့တာ။ “ ပရိုမီနာမြစ် စစ်ရဲ့လား။ ” လို့ မေးမဝယ်လို့ သူကတောင်မှ သံသယ ရှိနေတယ် နဲ့တူတယ်။ ဒါနဲ့ သူ့အိမ်ကို ဖုန်းဆက်ကြည့်တော့ သူအစ်မက ပြောတယ်။ သူ ပင့်ကှူရှပ်လို့တဲ့ မျက်နှာကြီး ယောင်နေတာ ကျောင်းမတတ်နိုင်ဘူး ဆိုပဲ။
ကျွန်တော်တို့လည်း သုံးရက်လောက်မှ သူ့အိမ်ကို သွားတော့ သူက အိမ်ထဲက အိမ်ပြင်ထွက်ဖို့နေနေသာသာ ၊ အခန်းထဲကတောင်မှ အပြင်ကို မထွက်ဘူးဗျ။ သူ့အခန်းထဲ မဝင်ခင် သူ့အစ်မကပြောတယ်။ ဒီအရွယ်ကြီးကျမှ ပင့်ကူက ရှပ်သေးတယ်တဲ့။ အခုတော့ အိမ်ကိုတောင်မှ ဆရာဝန် ပင့်ပြီး ကုနေရတယ် ဆိုပဲ။
သူ့အခန်းထဲရောက်တော့ သူက ရှက်ကိုး ရှက်ကန်းနဲ့ “ ပင့်ကူရှပ်တာကွာ။ ” တဲ့။ သူ့ကို ဘယ်သူ့မှလည်း မမေးဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့လည်း မသိလိုက် မသိဖာသာပဲ ထားလိုက်ပါတယ်။ တစ်ပတ်လောက်နေမှ အမည်မဖော်လိုသူ ကျွန်တော်တို့ သူငယ်ချင်းကြီး ကျောင်းပြန်တတ်နိုင်တော့တယ်။
ကျောင်းရောက်တော့လည်း အားလုံးက အရင်လိုပါပဲလေ။ ဒါပေမဲ့ တစ်ခုပဲ ထူးတယ်။ တစ်ခါတစ်လေပေါ့။ ကျွန်တော်က စကားစပ်မိလို့ သူ့ကို. . .
“ ငါ့အစ်မကွာ မျက်နှာမှာ ဝက်ခြံဖုလေးတွေ ရှိနေတာ ပရိုမီနာမြစ်ကို သွေးလိမ်းတော့ ပျောက်သွားတယ်ကွာ။ ”
ဆိုတော့ သူက ဘာပြောတယ် မှတ်လဲ ရှက်ကိုး ရှက်ကန်း နဲ့လေ. . .
“ အာ..၊ ဒါကတော့ကွာ။ တည့်တဲ့ လူမှပါကွ။ ”
တဲ့။
ဒီလိုပါပဲ ကျွန်တော့် သူငယ်ချင်း အမည်မဖော်လိုသူ “ နေလင်းအောင် ” အဲဒိလို “ တုံး ” တယ်။ အဲဗျာ..နာမည်ကြီး ပြောလိုက်မိပြီ။ တော်ပါသေးရဲ့ ဘယ်သူမှ မကြားလိုက်လို့။
ငယ်ငယ်တုန်းကတော့ ဒီလိုလည်း ပရောဂတွေကို ကုခဲ့ဖူးပါသည်။ ပရောဂ မှန်ရင် “ တုန် ” ဆင်းလာတာပဲ မဟုတ်လား။
ကိုဇော် ခံစားပုံဖော်သည်။
.

0 ယောက် ရဲ့ ထင်မြင်ချက်:
Post a Comment