မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


04 January 2010

0 ကျွန်တော် နှင့် လွတ်လပ်ရေးနေ့ အမှတ်တရ



ဘာသာဗေဒတွေထဲမှာ သမိုင်းဘာသာကို ကျွန်တော် အလွန်ကို ညံ့ပါတယ်။ ဒါကြောင့် ကျောင်းမှာ ဘယ်လိုပဲ သင်ပေးခဲ့ သင်ပေးခဲ့ ကျွန်တော် ဘယ်ခုနှစ်သက္ကရာဇ်ကိုမှ မမှတ်မိ။ ပြည်ထောင်စုနေ့ ဘယ်နေ့လဲ ကျွန်တော် မမှတ်မိ ။ အမျိုးသားနေ့ ဘယ်နေ့လဲ မမှတ်မိ။ တပ်မတော်နေ့ ဘယ်နေ့လဲ ကျွန်တော် မမှတ်မိ။ ကျွန်တော် မှတ်မိသော အမှတ်တရနေ့ဆိုလို့ တစ်နှစ်မှ သုံးရက်သာ ရှိပါတယ်။

ဒီ သုံးရက်က . . .

၁) ဧပြီလ ၁၀ ရက်နေ့ ----> ကျွန်တော့်မွေးနေ့ပါ။ ( မွေးနေ့ လက်ဆောင်ပေးချင်သူများ ပိုးစိုးပက်စက် လက်ခံနေပါတယ် :P )

၂) ဇန်နဝါရီလ ၄ ရက်နေ့ -------> လွတ်လပ်ရေးနေ့ ။

၃ ) ဇူလိုင်လ ၁၉ ရက်နေ့ ---------> အာဇာနည်နေ့။

ဒီ သုံးရက်ကိုသာ ကျွန်တော် မှတ်မိပါတယ်။ အာဇာနည်နေ့ကတော့ ကျွန်တော်တို့ ငယ်ငယ်က ဆယ့်ကိုးဇူလိုင် မမေ့နိုင် ဆိုတဲ့ ကဗျာလေးကြောင့် ကျွန်တော် ထာဝရ မှတ်မိနေတာပါ။

လွတ်လပ်ရေးနေ့ကိုတော့ ကျွန်တော် အလွန်ပျော်သည်။ ကျွန်တော်က ငယ်ငယ်က စည်းကမ်းအရမ်းများသော ပတ်ဝန်းကျင်မှာ နေခဲ့ရသောကြောင့် လွတ်လပ်မှုကို ကျွန်တော် တော်တော်ခင်တွယ်မိတယ်။ ဒါကြောင့် ကျွန်တော် လွတ်လပ်ရေးနေ့ဆိုရင် ကျွန်တော် အလွန်ပျော်တယ်။ ပြီးတော့ ကျွန်တော်နေထိုင်ခဲ့ဖူးသော ရပ်ကွက်တွေက လွတ်လပ်ရေးနေ့ဆိုရင် လွတ်လပ်စွာ ပျော်ပွဲရွှင်ပွဲတွေ ၊ ပြိုင်ပွဲတွေ ကျင်းပကြတယ်။

ကျွန်တော် ငယ်ငယ်တုန်းက လူကြီးတွေ အသင်းလိုက် ယှဉ်ပြိုင်ကစားကြတဲ့ “ ထုပ်စီးတိုးပွဲ ” ကို ကျွန်တော် အရမ်း နှစ်သက်တယ်။ အသင်းလိုက် ညီညွတ်မှု နဲ့ ကစားရတာ ဆိုပေမဲ့ ခေါင်းဆောင် လုပ်သူက ထုပ်စီးတိုးပွဲ မှာ ခရာပဲ။ သူက ဘယ်လို စီစဉ်ညွန်ကြားသလဲ။ ဒီအပေါ်မှာ ပွဲရဲ့ ရလဒ်က ပြောင်းလဲသွားတတ်တယ်။ နောက်..လူကြီးတွေ ကစားကြတဲ့ ပိုက်ကျော်ခြင်း ၊ ဘောလုံး ၊ ရပ်ကွက်ပတ်ပြေးပွဲ ၊ ခြေနှစ်ချောင်းကို အိတ်ထဲ ထည့်ပြီး ခုန်တဲ့ပွဲ ၊ အမျိုးစုံလှပါတယ်။

ကျွန်တော်တို့ ကလေးတွေ အတွက်လည်း မီတာ ၁၀၀ ပြေးပွဲ ၊ မုန့်စားပြိုင်ပွဲ ( ဒါကိုတော့ မပျက်မကွက် ဝင်ပြိုင်တယ်။ ) ခေါင်းအုံးရိုက်ပွဲ ၊ ကလေးဘောလုံးပွဲ ၊ ဆန်ကောထဲ သံပုရာသီးထည့်ပြီး ပြေးပွဲ ၊ ဖယောင်းတိုင်မီးထွန်းပြီး လမ်းလျှောက်ပွဲ ဆိုပြီး ကလေးတွေ အတွက်လည်း ကစားနည်းစုံလှတယ်။ လွတ်လပ်ရေးနေ့ဆိုရင် ဘယ်နေရာမှာ မဆို မပျက်မကွက် ကျင်းပကြတဲ့ ကစားနည်းကတော့ “ ချောတိုင် ” တတ်တာပါပဲ။ အလွန်ပျော်စရာ ကောင်းသလို အလွန် ဟာသရသလည်း မြောက်တယ်။ တော်ရုံတန်ရုံဇွဲနဲ့ သတိနဲ့လည်း ချောတိုင် တတ်ဖို့ မလွယ်။

ကျွန်တော်တို့ အရွယ်ရောက်လာပေမဲ့လည်း ရပ်ကွက်မှာတော့ ကျင်းပမြဲ ဖြစ်တဲ့ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွေကိုတော့ အကျင်းပမပျက်။ အခု နောက်ပိုင်းတော့ အရင်ကလို စီးပွားရေးတွေ သိပ်ပြီး မကျန်းမာကလို့ ပျော်ပွဲရွှင်ပွဲတွေ သိပ်ပြီး မကျင်းပဖြစ်ကြတော့..သို့သော် ချောတိုင်တတ်ပွဲ ၊ တာဝေး အပြေးပြိုင်ပွဲ ၊ တာတိုအပြေးပြိုင်ပွဲ ၊ ပိုက်ကျော်ခြင်း ၊ ဘောလုံးပွဲတွေတော့ ကျင်းပဖြစ်တယ်။ ကျွန်တော့်ဘဝတစ်လျှောက် ကြုံခဲ့ရတဲ့ လွတ်လပ်ရေးနေ့တွေမှာ ကျွန်တော့်အတွက် အမှတ်တရ ဖြစ်စေခဲ့တဲ့ လွတ်လပ်ရေး အမှတ်တရလေး တစ်ခုရှိခဲ့ဖူးတယ်။

ဒီလိုက စခဲ့တာပါ။

ကျွန်တော်တို့ ရပ်ကွက်မှာ ကျွန်တော် နေတဲ့ လမ်းက လမ်းအရှည်ဆုံး ၊ ပြီးတော့ ကျွန်တော်တို့ ရပ်ကွက်က ဘောလုံးသမားတွေ အများဆုံးထွက်တဲ့ ရပ်ကွက် ၊ တကယ်လည်း ကျွန်တော်တို့ သူငယ်ချင်းတွေက အားနေရင် ဘောလုံးပဲ ပိုက်နေကြတာ။ ရပ်ကွက်ပွဲဆိုပြီး လူကြီးပွဲလည်း ကျွန်တော်တို့ အမြဲတမ်း ဆုရသလို ၊ ၁၆ နှစ်အောက်ဆိုလည်း ကျွန်တော်တို့ ရပ်ကွက်ပဲ ၊ ၄ ပေ ၉ အောက်ဆိုလည်း ကျွန်တော်တို့ ရပ်ကွက်ကပဲ အများဆုံး ရတတ်တယ်။ ဒီတော့ ဆရာတွေ များတဲ့ ရပ်ကွက်လို့ ဆိုရမှာပေါ့။ ဒီတော့ ဆရာများရင်..သားသေ ဆိုသလိုပါပဲ။

အခုတော့ အဲဒီနှစ်က ဒုတိယအကြိမ် ၄ ပေ ၉ အောက် လွတ်လပ်ရေးနေ့ ဘောလုံးပွဲ လုပ်တော့ လမ်းအလိုက် အသင်းတွေဖွဲ့ကြတယ်။ လူသိများပြီး ဘောလုံးသမားကောင်းတွေ လမ်းရှည်တော့ အများဆုံး ထွက်တဲ့ ကျွန်တော်တို့လမ်းက ကလေးဘောလုံး သမားကောင်းလေးတွေလည်း အများကြီး ထွက်တယ်။ ဒီလို လမ်းက ဖြစ်လာတဲ့ အသင်းကို ကိုင်တွယ်ချင်ပြီး နာမည်ကြီးချင်တဲ့ လူစွမ်းကောင်းတွေ အများကြီး။ ဒါနဲ့ ကျွန်တော်တို့ လမ်းအတွက် အသင်းနည်းပြအဖြစ် ကျွန်တော့်သူငယ်ချင်းတစ်ယောက်က နည်းပြဖြစ်တယ်။ သူက အလယ်တန်း ကစားသမား သူလောက်ဘောလုံး အထိန်းမသိမ်း ဖြန့်ဝေမှု ကျွမ်းကျင်သူမျိုး အပြင်မှာ ကျွန်တော် မတွေ့ဖူးပါ။ တကယ်လည်း တော်ပါတယ်။

သို့သော် ဘောလုံး ကစားတာ ကောင်းတိုင်း နည်းပြတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ပြောလို့မရပါ။ အခုလည်း ဒီလိုပါပဲ။ သူက သူ့လက်ထေက် နည်းပြဆိုပြီး ကျွန်တော့်ကို ခေါ်တယ်။ ( ဟီး..အဲဒီတုန်းက ကျွန်တော်တို့ကလည်း လုပ်လိုက်ရင် အဲဒီလိုပဲ ။ တကယ့်အသင်းကြီးတွေလိုလို ဖြစ်အောင် စိတ်ကူးပေါက်ရာ လုပ်ကြတာ။ )

ဒီတော့ သူနဲ့ ကျွန်တော် နည်းပြ လုပ်တယ် ဆိုပြီး ကလေးတွေကို လေ့ကျင့်ဖို့ ပထမဦးဆုံး ကွင်းထဲ ဆင်းတော့ သူနဲ့ ကျွန်တော် ပြဿနာ စတတ်တော့တာပဲ။ သူက ကလေးတွေကို လူကြီးတွေလို ခန္ဓာကိုယ် ကြံခိုင်ရေး လေ့ကျင့်ခန်းတွေ လုပ်ခိုင်းတယ်။ ကျွန်တော်က သဘောမတူ .၊ ကလေးဆိုတာ ခဏနားလိုက်တာနဲ့ ၊ ခဏအိပ်လိုက်တာနဲ့ အင်အား ပြန်ပြည့်လာတတ်တာမျိုး ၊ ဒါကြောင့် ဒီလိုကြီး လေ့ကျင့်ဖို့ မလိုဘူး ၊ ကလေးတွေအတွက် ပင်ပန်းတာပဲ ရှိမယ် ဆိုပြီး သူနဲ့ ကျွန်တော် စကားများတယ်။

ဒါနဲ့ အယူအဆတွေကွဲလွဲလာတော့ ကျွန်တော်လည်း လက်ထောက်ကနေ နှုတ်ထွက်လာခဲ့တယ်။ ဒီအချိန်မှာ လမ်းတိုလေး ၄ ခုက သနားဖွယ်ရာ သူတို့ ဘောလုံးအသင်းလေး တစ်ခု လုပ်ချင်နေတယ်။ ကလေးတွေ ဆိုတော့ တစ်ဖက်ကို ၇ ယောက်ကြေးပဲ လိုတာလေ။ ဒါကြောင့် အရံအင်အားနဲ့ပါ ဆိုမှ ၁၄ ယောက်လောက်ဆိုရင် တော်တော် ပြည့်စုံနေပြီ။ ဒါပေမဲ့ ဒီလမ်းလေးက ကလေးတွေ ဘောလုံးအသင်းသာ လုပ်ချင်နေတာ လမ်း ၄ လမ်းပေါင်းမှ ကစားချင်တဲ့ ကလေးတွေ ၁၂ ယောက်မျှသာ ရှိတယ်။ ပြီးတော့ ဒီလို လမ်း ၄ လမ်းကို ဘာမှလည်း မကစားဖူးတဲ့ ကလေးတွေကို ဘယ်သူမှလည်း နည်းပြဆိုပြီး မလုပ်ချင်ကြ။ အုပ်စုပွဲမှာတင် ထွက်ရရင် ရှက်စရာကြီးလို့ ထင်ကြတယ်။

လမ်း ၄ လမ်းမှ စုထားတဲ့ ကလေးတွေထဲက လမ်းတစ်လမ်းမှ လမ်းမှူးက ကျွန်တော်က တော်တော် ခင်တယ်။ ကိုပေါက်စ လို့ ခေါ်တယ်။ သူ့ကို ကျွန်တော် အမြဲနောက်နေကြ။ သူက ကျွန်တော်တို့လမ်းက လက်ထောက် အဖြစ်မှ ကျွန်တော် ထွက်လိုက်တယ် ကြားတော့ ကျွန်တော့်ကို သူတို့ ကလေးတွေကို ကူညီပါလားလို့ ပြောတယ်။ ကျွန်တော် ကလည်း ကျွန်တော် လုပ်ချင်နေတဲ့ အတိုင်း မလုပ်ခဲ့ရသူဆိုတော့ ကျွန်တော် စိတ်ကြိုက် ကျွန်တော့်ကို ဘေးကနေ မစွတ်ဖက်ဘူးဆိုရင် ကျွန်တော် နည်းပြပေးမယ် လို့ ကျွန်တော် ပြောတော့ သူချက်ချင်း သဘောတူတယ်။

ဒါနဲ့ လေ့ကျင့်ချိန် ၃ ပတ်ပဲ ရှိတဲ့ အချိန်မှာ ဒီကလေးတွေကို ကျွန်တော် စစ်ကြည့်လိုက်တော့ သူများတွေ ကစားလို့ သာ ဝင်ကစားချင်တာ။ ဘာမှတော့ မတတ်ကြ။ “ ဖိုးဖြူ ” ဆိုတဲ့ ကောင်လေးဆိုရင် ပျော့တိပျော့ဖတ် ပိန်ညောင်ညောင်လေး ၊ ဒါပေမဲ့ သူ့မှာ ထူးခြားတာက ခြေတံတွေ ရှည်တယ်။ သူ့ကို ကျွန်တော် နောက်တန်းမှာ ထားမယ် ဆိုတော့ ဝင်မပြောနဲ့ ဆိုပေမဲ့ ကိုပေါက်စက ကျွန်တော့်ကို “ ဖြစ်ပါ့မလား။ ” လို့ စကားဦးသန်းချင်သေးတယ်။ နောက်တော့ သူဘာမှ ဝင်ပြောတော့ပါ။

သူများတွေ လေ့ကျင့်ရေးကွင်းမှာ ကြိုးခုန်ခိုင်းနေတဲ့ အချိန် ကျွန်တော် သူတို့ကို ဘောလုံး အပေးအယူပဲ ကျင့်ခိုင်းတယ်။ သူများတွေ ကွင်းပတ်ပြေး ၊ ထိုင်ထ လုပ်ခိုင်းနေတဲ့ အချိန်မှာ ကျွန်တော် ဘောလုံးကို အဝေးပေးကျင့်ခိုင်းတယ်။ သူများတွေ ကြိုးခုန်ခိုင်းနေတဲ့ အချိန် ကျွန်တော် သူတို့ကို ဂိုးသွင်းတာ ကျင့်ခိုင်းတယ်။ သူများတွေ ဘောလုံးကို ဆွဲပြေးတာ ကျင့်နေချိန်မှာ ကျွန်တော် သူတို့ကို ဘောလုံးရှေ့မှာ ထားပြီး ပါးစပ်ပြောပြီး ကစားကွက်တွေ ပြောပြတယ်။ စိတ်ထဲက မြင်အောင် ကြည့်ခိုင်းတယ်။

ကျွန်တော် သူတို့ကို လေ့ကျင့်ပေးနေတာကို ကြည့်ပြီး ဘယ်သူမှလည်း အထင်မကြီးကြ။ တကယ်လည်း ကျွန်တော့် အသင်းမှာ ကျွန်တော် အားကိုးရတဲ့ သူ ၄ ယောက်သာ ရှိတယ်။ ဘယ်သူ့မှ ဘယ်တုန်းကမှ အထင်မကြီးကြတဲ့ လူကောင်သေးသေး “ ဇေယျာလင်း ” ဆိုတဲ့ ကောင်လေးကို ရှေ့တန်းမှာ ထားတော့ အားလုံးက ပြောကြပြန်တယ်။ ဘယ်လိုလုပ် နောက်တန်းက လူတွေကို ဖောက်မလဲပေါ့။ တကယ်တန်း အသင်းကို ထိန်းကစားမှာ “ ပေါက်ကြီး ” လို့ ကျွန်တော်တို့ ခေါ်ကြတဲ့ ကောင်လေး။ သူကတော့ တကယ်ကို ကောင်းတယ်။ အဲဒီအချိန်က နာမည်ကြီးနေတဲ့ “ ရော်နယ်ဒို ( ဒိုကြီး ) ” လို ကစားပေါက်။ ဒါပေမဲ့ သူက အလယ်တန်းမှာ ပိုအားသန်တယ်။ နောက်ထပ် နှစ်ယောက်ကတော့ နောက်တန်းမှာ ကျွန်တော် ထားလိုက်တယ်။

ဒီလိုနဲ့ ကျွန်တော်တို့ လွတ်လပ်ရေးနေ့ အတိုင်ခင် တစ်ပတ်လောက် မှာ ကျွန်တော်တို့ အုပ်စုပွဲတွေ စတယ်။ ဒါမှ လွတ်လပ်ရေးနေ့ကျရင် ဗိုလ်လုပွဲလုပ်နိုင်မှာ။ ကျွန်တော် ဘယ်သူ့ကိုမှ ဘယ်လို ဆိုပြီး ချုပ်မထားဘူး။ တကယ်ဝင်ကစားနေရတာက သူတို့။ ဒါကြောင့် လွတ်ရာမှာ နေရာယူ ၊ လွတ်သူကို ပေး။ ရရင် ဆွဲပြေး ၊ သေချာမယ် ၊ ကိုယ့်စိတ်ထဲမှာ ကန်ချင်နေတယ် ဆိုရင် ကွင်းလည်ကပဲ ဖြစ်နေပစေ ကန်ထည့် ။ နောက်တန်းသမားတွေကိုတော့ တစ်ခုပဲ ပြောထားတယ်။ မလိမ်နဲ့ ဘေးကို ရှင်းထုတ်။ ဂိုးသမားကိုတော့ သေချာရင် ဖမ်း ၊ မသေချာရင် မဖမ်းနဲ့ ပုတ်ထုတ်။ ဒါပဲ ကျွန်တော် ပြောခဲ့တယ်။

ဒီလောက်လေးနဲ့ပဲ ကျွန်တော်တို့ အသင်းဟာ လူတွေ အထင်မကြီး ၊ ကြုံရာ လမ်း ၄ လမ်းနဲ့ ကောက်ပြီး ဖွဲ့ထားပေမဲ့ အုပ်စုပထမပွဲမှာတင် ၃ ဂိုးပြတ်နဲ့ နိုင်ခဲ့တယ်။ ကျွန်တော့်ကလေးတွေ လေ့ကျင့်ခန်းရဲ့ ဝန်တွေလည်း ပိနေတာ မရှိ။ သူတို့ တစ်ယောက်ကို တစ်ယောက် အဝေးဘောနဲ့ ပေးတယ်။ ရောက်လာတဲ့ သူက မိအောင်ဖမ်းတယ်။ စိတ်ထင်ရင် ဂိုးထဲ ကန်ထည့်တယ်။ မဝင်သွားလို့ ကျွန်တော့်ကို လှမ်းကြည့်ရင် ကျွန်တော် မအော်ဘူး ၊ မငေါက်ဘူး ။ ကောင်းတယ်ကွာ ..နည်းနည်းလေးပဲ လွဲသွားတယ် ဆိုပြီး ကျွန်တော် အားပေးတယ်။ ဒီမှာ သူတို့အားတတ်ပြီး ဂိုးသမားလွတ်ရင် လှမ်းလှမ်းကန်တယ်။ ဒီတော့ တစ်ဖက်က ဂိုးသမားနဲ့ နောက်တန်းတွေ ရှေ့သိပ်မတတ်ရဲတော့ဘူး။

ကျွန်တော့်ဘက်ကို ဆွဲလာသူတွေကို ကျွန်တော်ပြောထားတဲ့ အတိုင်း တစ်ယောက်က အသေလိုက်လုတယ်။ ဒီတော့ ဘောလုံးကို သေချာ မဆွဲနိုင်ဘူး။ ဒီမှာရှေ့ကို ကျွံထွက်လာတဲ့ ဘောလုံးကို နောက်တန်းက အသင့်စောင့်နေတဲ့ “ ဖိုးဖြူ ” က ပြတ်ပြတ်သားသား ဘေးကို ဖျက်ထုတ်တယ်။ ဒါနဲ့ပဲ ကျွန်တော် အသင်းလေးက နောက်တန်းကို ထိုးဖောက်ရ ခက်တဲ့ အသင်းလေးအဖြစ် ပွဲတွေ ဆက်ပြီး နိုင်လာခဲ့တယ်။ လူကောင်သေးပြီး ဘယ်လိုလုပ် ကစားမလဲလို့ လူတွေ ဝေဖန်တဲ့ “ ဇေယျာလင်း ” ကလည်း လူကောင်ကြီးတွေ ကြားမှာ လွတ်လာတဲ့ ဘောလုံးကို ဆွဲပြီး ဂိုးတွေ တဒိုင်းဒိုင်း သွင်းတယ်။ အလယ်တန်းက “ ပေါက်ကြီး ” ကတော့ ကျွန်တော်တို့နဲ့ ကစားနေတဲ့ သူဆိုတော့ သူက ဘောလုံးကို ကိုင်ကစားတယ်။ လွတ်ရာကို ဖြန့်ပေးတယ်။

ဒီလိုနဲ့ ပွဲစဉ်တွေ တစ်ပွဲပြီး တစ်ပွဲ ကျွန်တော် နိုင်လာခဲ့တယ်။ ဒီမှာ နောက်တစ်ပွဲ ကန်ရမှာက ဆီမီးဖိုင်နယ်။ ဒါကို နိုင်ရင် ကျွန်တော်တို့ ဗိုလ်လုပွဲ တတ်ပြီ။ ဒါပေမဲ့ အခု တွေ့ရမဲ့ အသင်းက ကျွန်တော်နေတဲ့ လမ်း ၊ ပြီးတော့ ဘောလုံးသမားကောင်းလေးတွေနဲ့ အများဆုံးဖွဲ့ထားတဲ့ လမ်း ။ ဒီတော့ ကိုပေါက်စ ရော ၊ ကလေးတွေရော စိတ်ဓါတ်ကျကြတယ်။ သူတို့ မနိုင်နိုင်ဘူး ထင်တယ်။ နောက်တစ်ခုက ကျွန်တော်က ကျွန်တော်တို့လမ်းအပေါ် ဘယ်လို သဘောထားမလဲပေါ့။ တကယ်တော့ ကျွန်တော် လက်ရှိကိုပဲ အာရုံထားရမှာပါ။ ဒါကြောင့် ကျွန်တော် ကလေးတွေကို တစ်ခုပဲ ပြောတယ်။

“ မင်းတို့ မနက်ဖြန် ၂ ဂိုးသွင်းပြီး မှ ပြန်လာကြ။ ဂိုးသမား ကျော်ဇင်ထွန်း ..မင်း ဂိုးပေါက်ထဲကို တစ်ဂိုးဝင်ရင် မင်း ငါ့ကို နောက်တစ်ခါ လမ်းမှာ တွေ့ရင်တောင်မှ ကိုဇော် လို့ မခေါ်နဲ့။ ”

ကျွန်တော် ဒီလိုပဲ ပြောပြီး အသင်းကို လေ့ကျင့်ကွင်းက စောစောနားပြီး အိမ်ပြန်ခိုင်းလိုက်တယ်။ ပြီးတော့ ကျွန်တော် ကျွန်တော်တို့လမ်းအသင်း လေ့ကျင့်နေတဲ့ ကစားကွင်းဖက် လမ်းလျှောက်ပြီး သွားကြည့်တော့ ကျွန်တော့်သူငယ်ချင်းက မနက်ဖြန် အတွက် ကလေးတွေကို အပြင်းအထန် လေ့ကျင့်ပေးနေတယ်။ ကွင်းပတ်ပြေး ၊ ထိုင်ထ ၊ ဘောလုံးဆွဲပြီး ဝမ်းတူး စတာတွေပေါ့။ ကျွန်တော့်ကို တွေ့တော့ ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ဆီကို လာပြီး

“ ဘယ်လိုလည်းကွ ၊ မင်းအသင်းကို မလေ့ကျင့်တော့ဘူးလား။ ”

လို့ လာမေးတယ်။ ကျွန်တော်ကတော့ ခပ်တည်တည်နဲ့...

“ အေးကွာ.ငါ့အသင်းက လူနည်းတော့ အစားထိုးဖို့ လူက မရှိဘူးလေ။ အခုလည်း နာနေတဲ့ ကောင်လေးတွေ ရှိနေတော့ သူတို့ကို လေ့ကျင့်လို့ မရတော့ဘူးလေ။ ဒါကြောင့် နားခိုင်းလိုက်တာ။ မင်း အသင်းကတော့ လူတောင့်တာကိုး ။ ”

ဒီတော့ သူက ပြုံးသလို သူ့ကောင်လေးတွေ ၊ ကျွန်တော်တို့ လမ်းသားကလေးတွေလည်း ပြုံးကြတယ်။ သူတို့သာနေပြိပေါ့။ ဒါပေမဲ့ ကျွန်တော် လှည့်ပြန်ခဲ့ပါတယ်။ ကျွန်တော့်မှာ သူတို့ထက်သာဖို့ ဝှက်ဖဲ တစ်ချပ်တော့ ရှိနေပါတယ်။

မနက်ဖြန် ဘောပွဲထဲ စ ကစားတော့ ကျွန်တော့်သူငယ်ချင်း အသင်းက ကလေးတွေက ဘာမဟုတ်တဲ့ အသင်းနဲ့ ကစားရမယ် ဆိုတဲ့ အထင်သေးမျက်လုံးတွေနဲ့။ ကျွန်တော့်အသင်းက ကောင်လေးတွေကတော့ သာမာန်ပါပဲ။ ကျွန်တော့်မျက်နှာကိုတော့ ကြည့်နေတယ်။ သူတို့ အရင်နေက ကစားတဲ့ ဝတ်စုံလေးကိုပဲ လျှော်ပြီး ပြန်ဝတ်လာကြတယ်။ သူတို့ ကွင်းထဲ ဝင်တော့မယ် ဆိုတော့ ကျွန်တော် ကိုပေါက်စ နဲ့ တိုင်ပင်ပြီး ဝယ်ထားတဲ့ သူတို့အတွက် ဝတ်စုံအသစ်တွေကို ပေးလိုက်တယ်။ ဒီဝတ်စုံကို ကျွန်တော် မမေ့ပါ။ ဒီဝတ်စုံက “ ဖီအိုရင်တီးနား ” အသင်းရဲ့ ဝတ်စုံ အဖြူလေးတွေ ။ ကျွန်တော် သူတို့ကို ပေးရင်း....

“ ဒီက အခု ဆီမီးဖိုင်နယ် မှာ ဝတ်ဖို့ ၄ ရက်နေ့ ရောက်လို့ ဖိုင်နယ်ပွဲ ဆိုရင် မင်းတို့ကို မန်ယူ အကျီင်္ ဝယ်ပေးမယ်။ ဒါက အခု အတွက်ပဲ ။ ဖိုင်နယ် အတွက်က မန်ယူနဲ့ ကန်ရမှာ။ မင်းတို့ နိုင်မှာ သေချာတယ်။ သူတို့ ပင်ပန်းနေကြတယ်။ အဝေးဘောနဲ့ ကစားကြ ။ အနည်းဆုံး ၂ ဂိုးသွင်းခဲ့။ ”

ကွင်းထဲ ဝင်ခါနီးမှ တစ်ဖက်အသင်းက ဝတ်စုံ အသစ်တွေနဲ့ ဝင်လာတော့ ကျွန်တော့်သူငယ်ချင်း အသင်းက ကလေးတွေ မျက်နှာငယ်သလို ဖြစ်သွားကြတယ်။ ဒီအချိန်မှလည်း ဘယ်လိုမှ ပြေးဝယ်လို့မရတော့။ ဝတ်စုံ အသစ်တွေနဲ့ ကျွန်တော့်ကလေးတွေ တတ်ကြွနေကြတယ်။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲမှာတော့ ကျွန်တော့် လမ်းက ကလေးတွေ အကြောင်း ကျွန်တော် သိနေတယ်။ သူတို့ ခြေစွမ်းက တကယ်ကို ကောင်းပါတယ်။ ကျွန်တော့်အသင်းက ကျရာကြုံရာလူတွေနဲ့ ဖွဲ့ထားတာ...။ ဒါပေမဲ့ သူတို့ကို ကျွန်တော် စိတ်ပူနေတာထက် သူတို့ စိတ်ဓါတ် တတ်ဖို့က အဓိကလေ။

ဘောပွဲစကတည်းက စိတ်ဓါတ်တတ်ကြွနေတဲ့ ကျွန်တော့်ကလေးတွေ ဘောလုံးနောက်ကို တစ်ကောက်ကောက်လိုက်နေကြတယ်။ ဒါနဲ့ အတတ်ကြွလွန်ပြီး ပိုင်နယ်တီ ဧရိယာထဲမှာ ကျွန်တော့်ကလေးတွေ ဘောလုံးရော လူပါ ဖျက်မိတယ်။ ဒါနဲ့ ပိုင်နယ်တီ ပေးရပါလေရော။ ကျွန်တော်ကလေးတွေ ဟာ ခနဲ့ ဖြစ်သွားသလို ကျွန်တော်လည်း ဖြစ်မိပေမဲ့ ခပ်တည်တည်ကြည့်လိုက်တော့ ဂိုးသမားလေးက မျက်နှာငယ်လေးနဲ့ ကျွန်တော့်ကို ကြည့်တယ်။ ကျွန်တော် သူ့ကို သေချာ ကြည့်ပြီး .လက်မ ထောင်ပြလိုက်တယ်။ ပါးစပ်ကလည်း မိအောင်ဖမ်း လို့ လှုပ်ပြလိုက်တယ်။ ဒါကို သူ မကြားပေမဲ့ မြင်တယ်။

သူ ဆက်ခနဲ့ သူ့ဖာသာ သတိထားပြီး သူ့ဂိုးဘားတန်းမှာ ရပ်နေတယ်။ ဘောလုံးကို ကန်သွင်းမဲ့ ကောင်လေးက ကျွန်တော် သိတယ်။ သူက သူရဲ့ ဘယ်ဘက်ကိုပဲ ကန်တတ်တဲ့ ကောင်လေး။ ကျွန်တော် ဘာမှ မပြောတော့ပါ။ ဘောလုံးကို တည်တယ်။ နောက် ပြေးတယ်။ နောက် ကန်တယ်။ ဘယ်နေရာကို ကန်လိုက်တာလဲ ကျွန်တော် မမြင်လိုက်ရပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း မျက်စိမှိတ်လိုက်မိတယ်။

“ ဝေး ” ဆိုတဲ့ အသံတွေ ကြားလို့ ကျွန်တော် မျက်စိဖွင့်ကြည့်လိုက်တော့ ကျွန်တော့် ဂိုးသမားလေးက လဲနေတယ်။ ဘောလုံးကို ကန်တဲ့ ကောင်လေးကတော့ ရပ်နေတယ်။ ဂိုးပိုက်ထဲကြည့်တော့ ဘောလုံးကို မတွေ့ဘူး။ ဒါနဲ့ ကျွန်တော် ကြည့်လိုက်တော့ ကျွန်တော့် ဂိုးသမားလေး ထလာတယ်။ သူ့ရင်ဘတ်ထဲမှာ ဘောလုံးပိုက်လျှက်နဲ့ “ ဟေး ” ခနဲ့ ကျွန်တော် ထခုန်လိုက်တယ်။ သူက ပုတ်တောင်မှ မထုတ်ဘူး။ အမိဖမ်းသွားတယ်။

ဒီအချိန်မှာ ကျွန်တော် တစ်ခုကို သတိရသွားတယ်။ အခု အချိန်က သူတို့ စိတ်ဓါတ်ကျပြီး ကျွန်တော့်ကောင်လေးတွေက စိတ်ဓါတ်တတ်နေတဲ့ အချိန်လေ။

“ ကျော်ဇင်ထွန်း ... ပစ်...ပစ်...။ ဘောလုံးကို ပစ်ပေးတော့လေ။ ဒါက ဆက်ကစားလို့ရတဲ့ ပိုင်နယ်တီလေ။ ”

ကျွန်တော် ပြောလိုက်တော့ သူချက်ချင်း သဘောပေါက်တယ်။ အလယ်တန်းမှာ ရပ်နေတဲ့ ပေါက်ကြီးကို ပစ်ပေးလိုက်တယ်။ ဘောလုံး သူတို့ ဘက်ကို ချက်ချင်း ရောက်လာတော့ ဂိုးမဝင်လို့ စိတ်ဓါတ်ကျနေတဲ့ သူတို့ ကောင်လေးတွေနဲ့ ဂိုးမပေးရလို့ စိတ်ဓါတ်တတ်နေတဲ့ ကျွန်တော့်ကောင်လေးတွေ တွေ့ကြတယ်။ ပေါက်ကြီးက ၃ ယောက်ကို အသာလေး လှည့်သွားတယ်။ စိတ်ဓါတ်ကျပြီး အားပြတ်နေတဲ့ အချိန်ဆိုတော့ ချက်ချင်း ပြန်မတည်နိုင်ဘူး။ ပေါက်ကြီးက လွတ်နေတဲ့ ဇေယျာလင်းကို ထိုးပေးလိုက်တယ်။

ဇေယျာလင်း သူ့ဆီကို ရောက်လာလာချင်းပဲ ဘောလုံးကို မဆိုင်းပဲ ဂိုးထဲ ကန်သွင်းလိုက်တယ်။ သူ ဒီလို ကန်မယ်လို့ ကျွန်တော်တောင်မှ မထင်ထားပါ။ တစ်ဖက်က ဂိုးသမားလေးလည်း မထင်ထားတော့ ပုံစံလေးပဲ ကျန်ခဲ့တယ်။ ဘောလုံးကတော့ ဂိုးထဲမှာ။ ဒါနဲ့ပဲ ကျွန်တော်တို့ တစ်ဂိုး စရတယ်။ ခဏနေတော့ ဆက်တိုက်ပဲ . . နောက်တစ်ဂိုး ရတယ်။ ဒီလိုနဲ့ အသာစီးက ကစားရပြီး ပထမပိုင်းပြီးသွားတယ်။

ဒုတိယပိုင်းပြန်စတော့ သူတို့နည်းနည်း ပြန်စုစည်းနိုင်လာတယ်။ ကျွန်တော် ဒီအချိန်မှာ အဝေးဘောနဲ့ပဲ ကစားခိုင်းတယ်။ မနေ့က ကျွန်တော့်ကလေးတွေ အေးဆေး အနားရတယ်။ သူတို့က ညနေစောင်းတဲ့ အထိ လေ့ကျင့်ထားတော့ သူတို့ပင်ပန်းနေကြတယ်။ ကျွန်တော်ထင်တဲ့အတိုင်းပဲ။ ကျွန်တော် ပွဲကို ဖြေးဖြေး ကစားခိုင်းတော့တယ်။ ဒါပေမဲ့ ဒုတိယပိုင်း အလယ်လောက်မှာ ကျွန်တော်တို့ ပိုင်နယ်တီတစ်လုံး ထပ်ပေးရတယ်။ ဒါကိုတော့ ကျွန်တော့်ဂိုးသမားလေး မမိ.၊ သူ့ပုတ်ထုတ်ရင်းနဲ့ ဂိုးထဲ ဝင်သွားတယ်။ ကျွန်တော်တို့ တစ်ဂိုးပေးလိုက်ရတယ်။ ၂ ဂိုး ၁ ဂိုး။

သူတို့ တစ်ဂိုး ရတော့ ပွဲက ပိုမြန်ပြီး ဖိလာတယ်။ ဒါပေမဲ့ ကျွန်တော့်နောက်တန်းက ဖိုးဖြူက လာသမျှ ထိန်းမထားဘူး။ အားလုံး ကန်ပစ်တယ်.. ဘေးကို ။ ဒါဆိုတော့ ဆွဲလာတဲ့ သူတို့ အားပြတ်တာပေါ့။ ဒီလိုနဲ့ ပွဲပြီးဖို့ ငါးမိနစ်အလိုမှာ သူတို့ဆီက တစ်ယောက်က ဘောလုံးကို ဆွဲလာတယ်။ ဒါကို နောက်တန်းက စူပါက လိုက်ကပ်တယ်။ ဒါကို သူက လိမ်ပြီး ကျော်ထွက်လာတယ်။ ဘောလုံးကလည်း ရှေ့ကို တော်တော် ထွက်ပြီး ဖိုးဖြူ ဆီရောက်လာတယ်။ ဖိုးဖြူနောက်မှာ ဂိုးသမားပဲ ရှိတော့တယ်။ ဒီဂိုးသာ ဝင်သွားရင် ၂ ဂိုးစီ သရေဖြစ်မှာ။

ဒီအချိန်မှာ လာသမျှ ဘေးကို ကန်ထုတ်နေတဲ့ ဖိုးဖြူက အခု ဘေးကို ကန်ထုတ်မယ် ဟန်ပြင်လိုက်တယ်။ ဒီမှာ တစ်ဖက်က ဘောလုံးဆွဲလာတဲ့ကောင်လေးက ဖိုးဖြူ ကန်မဲ့ဘက်ကို ကာဖို့ ခုန်လာတယ်။ ဒီတော့ ဖိုးဖြူက ဘေးကို မကန်ထုတ်ပဲ အရှေ့ကို ဆွဲသွားတယ်။ ကာတဲ့ ကောင်လေးလည်း လေထဲမှာ ကျန်ခဲ့တယ်။ သူ ဒီလို ဆွဲသွားတော့ ကျွန်တော်လည်း အံ့သြသွားတယ်။ သူ့ဆီက ဘောလုံး တစ်ယောက်ယောက် ရသွားရင် ဂိုးသမားနဲ့ ရင်ဆိုင်အတွေ့ပဲ။ အခု သူ့ဆီက ဘောလုံးကို လုဖို့ ဝိုင်းကပ်လာကြတယ်။ ဒီအချိန်မှာ သူက ဘယ်လိုမှ မထင်တဲ့ တစ်ခု လုပ်လိုက်တယ်။

ဒါကတော့ ရှေ့ဆုံးမှာ ရောက်နေတဲ့ ဇေယျာလင်းဆီ ဘောလုံးကို အမြင့်ဘော အားကုန် ကန်ပေးလိုက်တာပဲ။ ဒီတော့ အားလုံး အငိုက်မိသွားတယ်။ ဇေယျာလင်းက ဘောလုံးကို အေးဆေးရသွားတယ်။ ဂိုးသမားနဲ့ တစ်ယောက်ချင်း အတွေ့။ ပြီးတော့ သူ့အတွက် တစ်ဂိုး။ ကျွန်တော်တို့ အတွက် ၃ ဂိုး ၁ ဂိုး ။

အချိန်ကလည်း ဘယ်လောက်မှ မလိုတော့။ နောက်တော့ ဝီစီသံ ကြားလိုက်ရတယ်။ ကျွန်တော်တို့ ဖိုင်နယ် တတ်ပြီ။ လမ်းတိုလေး ၄ လမ်းက လူတွေ စုပြီး ဘောလုံးကွင်းထဲမှာ ကလိုက်ကြတာ ကွေးနေတာပဲ ။ ကလေးတွေလည်း မြေကြီးနဲ့ ခြေထောက် မထိတော့ ... လူကြီးတွေ ဝိုင်းပြီး ကိုင်မြှောက်ကြတယ်။

အခက်ခဲဆုံး အကောင်းဆုံး အသင်းနဲ့ ကျွန်တော်တို့ တွေ့ခဲ့ရပြီပဲ။ ဖိုင်နယ်မှာ တွေ့ရမဲ့ အသင်းကို မမှုတော့ပါ။ ကျွန်တော် သေချာတယ် ဒီဖလားက ကျွန်တော်တို့ပဲ ရတော့မှာ..။ ကျွန်တော် ကွင်းထဲက ကောင်လေးတွေကို သေချာ တစ်ယောက်ချင်း လိုက်ကြည့်တော့ ကောင်လေး တစ်ယောက်က ကျွန်တော့်ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေတယ်။ သူက ကျော်ဇင်ထွန်း ၊ ကျွန်တော့် ဂိုးသမားလေး။

သူ ဂိုးတစ်ဂိုး အဝင်ခံထားရတယ် မဟုတ်လား။ ကျွန်တော် သူ့ဆီ သွားရင်း . .

“ ကျော်ဇင်ထွန်း ။ မင်းကာကွယ်လိုက်တဲ့ ပိုင်နယ်တီ အရမ်းကောင်းတယ်။ သူ ကန်တာ မြန်လို့သာ မင်း မပုတ်ထုတ်နိုင်လိုက်တာ။ တကယ်တော့လည်း ပိုင်နယ်တီကို ဘယ် ဂိုးသမားက မိမှာလဲ။ ပထမ တစ်ဂိုး မိတာနဲ့တင် မင်း တာဝန်က ကျေသွားပြီကွ. ။ မင်းတော်တယ်။ ဖိုင်နယ် ကျရင် တစ်ဂိုးမှ မပေးနဲ့။ ”

သူ့ဆီက ဒီတော့မှ အပြုံးဆိုတာလေးကို ကျွန်တော် တွေ့ရတော့တယ်။ တကယ်လည်း ဖိုင်နယ်မှာ သူတစ်ဂိုးမှ မပေးခဲ့ပါ။ ကျွန်တော်တို့ ၂ ဂိုး ဂိုးမရှိနဲ့ ဖလားရခဲ့တယ်။

ပွဲပြီးလို့ ဆုပေးတော့ အကောင်းဆုံးဘောလုံးသမား အဖြစ် “ ပေါက်ကြီး ” ကရတယ်။ ဂိုးအများဆုံးက “ ဇေယျာလင်း ” ရတယ်။ အကောင်းဆုံး ဂိုးသမားက “ ကျော်ဇင်ထွန်း ” ။ နောက်ထပ် ကျွန်တော် မထင်တဲ့ လူတစ်ယောက်က ကျွန်တော့်အသင်းမှာ လာသမျှ ဘောလုံးကို ဘေးကန်ပြီး အသင်းက ဂိုးသမားကို မဖမ်းရအောင် ကူညီထားတဲ့ “ ဖိုးဖြူ ” ။ အားလုံး ကျွန်တော့် အသင်းက ရခဲ့တာပါလား။ ဒီအတွက် ကျွန်တော့်ကိုလည်း အကောင်းဆုံး နည်းပြဆု ပေးတယ်။

အသင်းတောင်မှ ဖွဲ့ဖို့ လူအင်အား မပြည့်လို့ လမ်း ၄ လမ်းပေါင်းမှ အသင်းတစ်သင်းဖြစ်လာခဲ့တဲ့ အသင်းတစ်ခုကို ရပ်ကွက်ဖလားရအောင် စိတ်ဓါတ်လေး တစ်ခုနဲ့ပဲ ကျွန်တော် ကစားခဲ့ပါတယ်။

ဒါကတော့ “ လွတ်လပ်မှု ” ပါ။

ကျွန်တော့်ကိုလည်း ဘယ်လို ၊ ဘယ်သူတွေကို ရွေးပါလို့ လာပြောတာ ကျွန်တော် လက်မခံဘူး။ ကလေးတွေကိုလည်း ဘယ်လို လေ့ကျင့်မှလို့ ကျွန်တော် လက်မခံဘူး။ သူတို့ စိတ်ကူးထဲမှာ ဖြစ်နေတာ လုပ်ချင်နေတာကို ကျွန်တော်က လမ်းကြောင်းလေးပြပေးလိုက်တာပါပဲ။

နောက်တစ်ချက်က ကျွန်တော် ကံကောင်းခဲ့တာပါ။ ဘာလို့လည်း ဆိုတော့ ဘယ်သူမှ အထင်မကြီးထားတဲ့ သူတွေ ဆိုတော့ ကျွန်တော်အတွက် ပိုကောင်းခဲ့တာပါ။ ဒါကြောင့် ကျွန်တော် ၄ လမ်းပေါင်း ကောက်စုထားတဲ့ အသင်းလေးကို ဖလားရစေခဲ့တာပါ။ ဒီနှစ်ပြီးတော့ ကျွန်တော် အနိုင်ပိုင်းခြင်းဖြင့် ဆက်ပြီးနည်းမပြတော့ပါ။

အခုတော့ ကျွန်တော့်အသင်းမှာ ကစားခဲ့တဲ့ ကောင်လေး ၃ ယောက် ဇေယျာလင်း ၊ ပေါက်ကြီး ၊ ကျော်ဇင်ထွန်း ။ သူတို့ ၃ ယောက်လုံး အာ / ကာမှာ ကစားနေကြတယ်လို့ ကျွန်တော် သိရတယ်။ ကျွန်တော် ဘဝအတွက် လွတ်လပ်ရေးနေ့ဆိုရင် ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရလေး တစ်ခုပေါ့။ ကျွန်တော် ဘယ်နေရာ ရောက်ရောက် ဒီအချိန်ဆိုရင်တော့ ငါတို့ ရပ်ကွက်မှာ ၄ ပေ ၉ ဘောလုံးပွဲလေးတော့ စနေလောက်ပြီလို့ ကျွန်တော် တမ်းတနေတတ်ပါတယ်။

ဒီအဖြစ်အပျက်လေးကလည်း ဘဝမှာ လွတ်လပ်ပေါ့ပါးစွာ စဉ်းစားနေထိုင်တတ်သူဟာ သူများတွေ အချုပ်အနှောင်တွေနဲ့ နေရတဲ့ သူတွေထက် ပိုပြီး လွတ်လပ်စွာ အောင်မြင်နိုင်တယ် လို့ ကျွန်တော့်ကို ဥပမာ ပေးပါတယ်။

၁၉၉၈ ခုနှစ်.......သို့ ပြန်လည် သတိရစွာဖြင့်
ကိုဇော် ခံစားတင်ပြသည်။


pdf ဖိုင်ဖြင့် လိုချင်ပါက ဒီနေရာ ကနေ ဒေါင်းပါ။

.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်:

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.