မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


31 January 2010

0 ဘာသာဗေဒ နဲ့ မက်ဆေ့ဂ်ျ




“ ဆရာပြောရင် မင်း ယုံပါ့မလား။ ”

လေးစားရသော ဆရာက ဒီလို စကားစတယ်။ ' မယုံဘူး ဆရာ ' လို့လည်း မပြောဖြစ် ၊ ' ယုံရမှာပေါ့ ' ဆရာလည်းလို့လည်း မပြောဖြစ်ပဲ ပေထုံထုံ နဲ့ ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တော့ ဆရာက သူ့ဖာသာ လျှာကို အလုပ်ပေးပြီး ဆက်ပြောတယ်။

“ လူတစ်ယောက်က ခွေးတစ်ကောင်ကို ဆွဲပြီး ကမ္ဘာပတ်တယ် ဆိုပါစို့။ ဘာတွေ ဖြစ်လာမလဲ သိလား။ ”

ကျွန်တော် ထုံပေပေ ပုံစံပြောင်းလိုက်ပြီး ခေါင်းကို ခါပြလိုက်တယ်

“ အဲဒီခွေးတစ်ကောင်ရဲ့ အသံကို တစ်ကမ္ဘာလုံးက လူတွေ အသံမျိုးစုံ အနေနဲ့ ကြားနေရတော့တာပဲ။ ”

“ ဗျာ..။ ”

ကျွန်တော်ရဲ့ ပေထုံထုံ နဲ့ ထုံပေပေ မောင်နှမ ကျွန်တော် အာမေဋိတ်နဲ့ အတူ လွင့်ထွက်သွားကြတယ်။ နားမလည်တာကို နားမလည်ဘူးလို့ မပြောဖြစ်ရင် အာမေဋိတ်ပြုရတယ် ဆိုပဲ။ ဒါကြောင့် အခု ကျွန်တော် “ ဗျာ ” လိုက်တယ်။ ဒီတော့ ဆရာကလည်း သိနားလည်စွာ ဆက်ရှင်းပြတယ်။


“ ဟုတ်တယ်။ ဘာလို့လဲ ဆိုတော့ ခွေးကတော့ ဒီတစ်ကောင်ပါပဲ။ ဒါပေမဲ့ လူတွေရဲ့ ပတ်ဝန်းကျင် ဒေသအလိုက် ၊ သူတို့ရဲ့ အလေ့အထ စရိုက်အရ ဒီခွေးရဲ့ ပါးစပ်က ထွက်တဲ့ အသံဟာ သူတို့နားမှာ ပြောင်းလဲသွားကြတယ်။


ခွေးကတော့ ဒီတစ်ကောင်ထဲပဲ။ သူ ဟောင်တာလည်း ဒီအသံပဲ။ ဒါပေမဲ့ လူတွေရဲ့ နားထဲမှာ ကြားယောင်ခံယူလိုက်တာက မတူတဲ့ အတွက် သူတို့ ကြားလိုက်ရတဲ့ ခွေးသံတွေကလ
ည်း မတူတော့ဘူး။ မြန်မာနိုင်ငံမှာ ခွေးဟောင်သံကို “ ဝုတ် ၊ ဝုတ် ” လို့ ကိုယ်စားပြုမယ်။ အမေရိကန် နဲ့ အင်္ဂလန်မှာ သွား မဝုတ်လေနဲ့ သူတို့က ခွေးဟောင်သံကို “ ဘာ့ခ် ၊ ဘာ့ခ် ” ( bark ) လို့ ကြားတယ်။ ဘရာဇီးဘက်ကျတော့ ပိုဆိုး ခွေးဟောင်သံကို “ ဘရပ်ခ် ၊ ဘရပ်ခ် ” လို့ကြားတယ်။

ခွေးကတော့ကွာ။ မြန်မာနိုင်ငံမှာ “ ဝုတ် ” လို့ဟောင်မယ်။ အင်္ဂလန်ရောက်ရင် “ ဘာ့ခ် ” လို့ ဟောင်မယ်။ ဘရာဇီးရောက်ရင်တော့ “ ဘရပ်ခ် ” လို့ ဟောင်ရမယ်လို့ သူ ဘယ်သိပါ့မလဲ။ သူကတော့ ဟောင်စရာ ရှိရင် ဟောင်လိုက်မှာပဲလေ။ ဒါပေမဲ့ လူတွေရဲ့ နားထဲမှာတော့ အသံတွေက ပြောင်းလဲ ခံစားကြားယောင်သွားကြတယ်။

ဟိုးအရင် ဂျပန်နိုင်ငံက ဗီစီဒီတွေမှာ သီချင်းပါဆိုလို့ ရအောင် တီထွင်ပြီး သူတို့ နာမည်ပေးကြတယ် “ Karaoke ” တဲ့။ ဒါကို ဂျပန် အသံထွက်အတိုင်းပဲ “ ကာရာအိုကေ ” ဆိုပြီး အသံထွက်ကြတယ်။ ဒီ “ Karaoke ” ဟာ အမေရိကန်နိုင်ငံကို ရောက်တော့ အရမ်းကို ခေတ်စားခဲ့တယ်။ အော်ကြ ၊ ဟစ်ကြ ၊ ဆိုကြပေါ့။ ဒါပေမဲ့ အမေရိကန်တွေက သူတို့ အသံထွက်တွေနဲ့ အသံထွက်လိုက်တယ် “ ကယ်ရိယိုကီး ” တဲ့။




ဒီမှာ မူရင်း ဂျပန်တွေနဲ့ ပြဿနာ ဖြစ်တော့တာပဲ။ အတော်လည်း ကြီးကျယ်ခဲ့တယ်။ နောက်တော့လည်း မူလ စတင်ပေါ်ပေါက်လာခဲ့တဲ့ ဂျပန် အသံထွက်အတိုင်း “ ကာရာအိုကေ ” လို့ပဲ အသံထွက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

လူတွေမှာလည်း ဒီလိုပဲ။ အသံထွက်တယ် ဆိုတဲ့ ဘာသာဗေဒ ဘာ သူတို့ ပတ်ဝန်းကျင်အရ ပြောင်းတတ်ကြတယ်။ ဒါကြောင့် မြန်မာလို့ “ ချစ်တယ် ” လို့ ပြောလိုက်ပေမဲ့ တခြား တိုင်းရင်းသားတွေ လိုက်ပြောတော့ “ ဂျစ်ဒယ် ” “ ရှစ်တယ် ” ဒီလိုတွေ ဖြစ်လာခဲ့တာ။ ”

“ သြော်...။ ဒီလိုကိုး ။ ”

ဒီလို အာမေဋိတ် တစ်ခုနဲ့ ကျွန်တော် နားလည်သွားကြောင်း ဆရာ့ကို ဖော်ညွှန်းမိခဲ့တယ်။ ဒီနောက်မှာတော့ ကျွန်တော် ဆက်လေ့လာ စဉ်းစားမိခဲ့တယ်။ ဒါဆိုရင်.................ပေါ့။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကြောင်အော်တဲ့ အသံကို အားလုံးက “ ညောင် ” လို့ပဲ ကြားတယ်လေ။ အခု မလေးရှားက မလေးနိုင်ငံသားတွေကတော့ သူတို့ နားထဲမှာ “ မြောင် ” တဲ့။ အဲဒီ “ ညောင် ” နဲ့ “ မြောင် ” ကြားမှာတင် ရောက်ခါစက ကျွန်တော် တော်တော်လေးကို အနေရ ကြပ်ခဲ့သေးတယ်။ ဒါပေမဲ့လည်း ကြာလာတော့ ကျွန်တော်လည်း “ မြောင် ” တတ်ခဲ့ပါတယ်။

ကျွန်တော် သူငယ်ချင်း နာမည်ကို ဒီလို စာလုံးပေါင်းတယ်။ “ Kyaw Kyaw Lwin ” တဲ့။ မြန်မာလို “ ကျော်ကျော်လွင် ” ပေါ့လေ။ ဒီကို သူရောက်လာတော့ သူ့ကို ဒီက လူတွေက သူ့နာမည်ကို အပြည့်အစုံ ခေါ်ကြတယ်။ “ ကွယ်ကွယ်လွန် ” တဲ့။ သူ့ခင်ဗျာ နေရင်းထိုင်ရင်း နာမည်ပေးထားတဲ့ မိဘတွေကို ပထမဦးဆုံး အကြိမ် ဒေါသတွေ ထွက်လို့။

အဲ..နောက်တစ်ယောက်ကျတော့ တစ်မျိုး။ သူ့နာမည်ကို Chit Htoo ” လို့ ပေါင်းတယ်။ နာမည်အရင်းပါပဲ၊ “ ချစ်ထူး ” တဲ့။ ဒါကို ဒီက လူတွေက စာလုံးပေါင်းဖတ်ပြီး ခေါ်တယ် “ ချစ်သူ ” တဲ့။ သူ့တော့ ရောက်လေရာ နေရာမှာ မျက်နှာတွေ ပွင့်လို့။ ဒါကို ကျွန်တော်တို့ နင်ပဲငဆ အတင်းလိုက် ပြင်ပြောလို့ မဖြစ်ပြန်ဘူး။

လူတွေကို ဘာသာစကားသင်ယူဖို့ အခြေခံ အချက် ၄ ချက်နဲ့ စတင်ကြတယ်လို့ ပြောကြတယ်။ ဒါကို Four Skill လို့ ဆိုတယ်။ အတိုကောက် “ L . S . R . W ” လို့ဆိုတယ်။ အရှည်အားဖြင့် “ Listening . Speaking . Reading . Writing ” လို့ သတ်မှတ်ကြပါတယ်။ ဒီလိုက ပြောစရာက ရှိလာပါတယ်။

ဘာလို့ ဒီလို အစီအစဉ်လိုက် ဖြစ်နေတာလဲ ဆိုတော့ ကျွန်တော် ဆရာ ဦးအေးကိုကို က ဒီလို ပြောပြတယ်။

“ မွေးလာတဲ့ ကလေးတစ်ယောက် စကားပြောရင် စကားမပီဘူးဆိုပါစို့ ၊ ဒါကို ဘာကြောင့်လို့ထင်လဲ။ “

“ လျှာထူနေလို့ပါ။ ”

“ ဟိုဘဝက ဝဋ်ကြွေးကြောင့်ပါ။ ”

“ မိဘက သင်ပေးတာ မကောင်းလို့ပါ။ ”

“ လူမျိုးမတူလို့ ဖြစ်မှာပါ။ ”

တစ်ယောက်တစ်ပေါက်ပါပဲ။ ဘယ်သူမှလည်း အပိုတော့ မပါဘူးပေါ့လေ. . တစ်ယောက်ကို ပါးစပ်က တစ်ပေါက်ပါပဲ။ ဆူညံနေအောင် ဝိုင်းပြောကြတယ်လို့ ဆိုလိုတာပါ။ ဒီတော့ ဆရာက တစ်ခွန်းပဲ ပြောတယ်။ ခက်တာက ကျွန်တော်တို့ အဖြေတွေနဲ့ တစ်ယောက်မှ မတူကြဘူး။ လွဲနေတာပဲ။

“ မဟုတ်ဘူး။ တကယ်တော့ ဒီကလေးက နားမကြားလို့ပါ။ နားမှာ အကြားအာရုံ ချို့ယွင်းချက်ရှိနေလို့ သူများပြောတာကို သေချာမကြားပဲ။ သူ့နားထဲမှာ ကြားသလို ပြန်ပြောတော့ ဗလုံးပထွေးဖြစ်နေတာ။ ဒါကြောင့် သူကြားတဲ့ အတိုင်းပြောတော့ မပီပြင် မရှင်းလင်းပဲ စကားလုံးတွေက အသံထွက်တွေ မှားကုန်တာ။

ဒါကြောင့် L . S . R . W ဆိုတာကလည်း အရင်ဆုံး သူများပြောတာ များများနားထောင်မှ ကိုယ်ကလည်း ပြန်ပြီးတော့ ပြောနိုင်မယ်။ ဒီလိုပဲ သူများရေးတာ များများဖတ်မှ ကိုယ်ကလည်း ပြန်ပြီးတော့ ရေးနိုင်မယ်။ ဒါကြောင့် ဒီလိုပဲ စီထားတာ။ သဘောပေါက်ကြလား ။ ”






ခေါင်းတွေကို ကျွန်တော်တို့ အပြိုင် ငြိမ့်ပြခြင်းဖြင့် ထောက်ခံလိုက်ပါတယ်။

ဒီကြားထဲ ကျွန်တော်တို့မှာ တစ်နေ့တစ်နေ့ လုပ်ဆောင်ရတဲ့ အလုပ်တွေက များလာတော့ လူတွေ တစ်ယောက်နဲ့ တစ်ယောက်ကို လာစမ်းပါဦး ၊ ထိုင်စမ်းပါဦး ဆိုပြီး အေးဆေး စကားပြောနေဖို့ အချိန်လည်း နည်းပါးလာခဲ့ကြတယ်။ ဒီတော့ ကျွန်တော်တို့ ပြောချင်သော အကြောင်းအရာများကို စကားလုံးတွေ များများစားစား အစား ထိရောက်သော စကားလုံး အတိုလေးများဖြင့်ပဲ ပေးပို့ပြောဖြစ်လာကြတယ်။ ဒါကို ကျွန်တော်ကတော့ Message လို့ပဲ တင်စားမိတယ်။

ကျွန်တော့်ရေးသော စာလေးတွေမှာလည်း ကျွန်တော်က သိပ်ပြီးတော့ စာတွေကို အရှည်ရေးချင်တာ မဟုတ်။ ( ဒါတောင်မှ အခု ရေးလိုက်တာ အရှည်ကြီး ဟီး ) ငယ်ငယ်က ညီမတွေ အပါအဝင် ၊ အိမ်နားက ကလေးတွေကို စာသင်ပေးတော့ ကွက်ကျော်နည်းလေးတွေကိုလည်း သင်ပေးဖူးတယ်။ ဥပမာ - ကိန်းဂဏာန်း တစ်ခုထဲက နောက်ထပ် ကိန်းဂဏာန်းတစ်ခု နုတ်တယ် ဆိုပါစို့။ ကိုယ်နုတ်ချင်တဲ့ ကိန်းက အနုတ်ခံ ကိန်းထက် ၁ ငယ်နေရင် ကျိန်းသေတယ်။ ဒါဆို နုတ်ရင် သေချာတယ်။ ၉ ရမယ်။ ၂ ငယ်နေရင် ၈ အစရှိသဖြင့်ပေါ့။

၁၇
- ၈
--------
၀၉

၂၃
- ၎
----------


၅၇
- ၂၉
------------



ဒီလိုမျိုးနဲ့ ကျွန်တော့်စာတွေကို ကိုယ်ပြချင်သော ၊ သိစေချင်သော အချက်အလက်လေးတွေကိုပဲ ထိထိမိမိ တင်ပြချင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် စာတွေမှာ ကျွန်တော် ပြစေချင်သော အဖြစ်အပျက် ၊ ရှူထောင့် ၊ အမြင်လေးတစ်နေရာမှာ ရပ်ထားလိုက်လေ့ရှိပါတယ်။ ဒါကို စာဖတ်သူကတော့ ဆက်လက်ပြီး ကိုယ့်ဖာသာ ဆက်ပြီး တွေးစေချင်တယ်။

ဒါကြောင့် ကျွန်တော့်စာတွေ အောက်ဘက်မှာ ကျွန်တော်ရဲ့ ထင်မြင်ယူဆချက်တွေ ( အတော်နိုင်ဆုံး ) ရေးထားလေ့ မရှိပဲ။ စာထဲမှာပဲ ခေါ်ဆောင် ထည့်သွင်းပြီး ရေးမိပါတယ်။ ဒါကြောင့် တစ်ချို့စာများကို နားမလည်ဘူး ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ဥပမာ - I.O.U လို့ တွေ့ရင် I Owe You ဆိုတာလောက်တော့ သိသင့်တယ် လို့လည်း ထင်မိတယ်။




တစ်ခုပြောချင်တာကတော့ ကျွန်တော့် စာများကို ဖတ်အပြီး စိတ်တိုင်းမကျစရာများစွာ တွေ့နေနိုင်ပါတယ်။ ဘာလို့လည်း ဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း တချို့ဖတ်ရသော စာများစွာကို စိတ်တိုင်းမကျပါ။ သို့သော် ဒီစာက ဘာကိုဆိုလိုပြီး ရေးတာလဲဆိုပြီး သူတို့ရေးတာကို ကျွန်တော့်ဖာသာ ပြန်တင်ရေးပြီး စဉ်းစားမိတယ်။ ဒါပေမဲ့ ဒုံရင်းပဲ ၊ ကျွန်တော်နားမလည် ။ ဒါပေမဲ့ ကျွန်တော် နားမလည်လိုက်ပေမဲ့ နားလည်သွားသူတွေကိုလည်း ကျွန်တော် မြင်နေရတယ်။

ဒီတော့ဗျာ။

ကျွန်တော့်စာတွေကို လူတိုင်း စိတ်တိုင်းကျဖို့ ဆိုတာ မဖြစ်နိုင်သေးပါ။ အခု ဒီစာကို ကျွန်တော် ခေါင်းစဉ်တပ်ထားသလိုပါပဲ။ “ ဘာသာဗေဒ နဲ့ မက်ဆေ့ဂ်ျ ” ဆိုသလိုပါပဲ။ တိုနိုင်သမျှ တိုအောင် ကျွန်တော် ရေးထားသော စာများကို “ ဘာသာဗေဒ ” ဆိုသော L . S . R . W ဆိုသော လေ့လာနည်းဖြင့် ကြားအောင် ဖတ်ပေးပါ။ ဒါဆိုရင် ပြောနိုင်လာပါလိမ့်မယ်။ မြင်အောင်ဖတ်ပါ။ ဒါဆိုရင် ရေးနိုင်လာပါလိမ့်မယ်။

ကျွန်တော့်စာတွေအတွက် ကျွန်တော် ပေးနိုင်တဲ့ သစ္စာကတော့ “ လိုချင်တာကို ခေါင်းထဲ ယူသွားပါ။ မလိုချင်တာ ( ကိုယ်နဲ့ မအပ်စပ်ဘူး ထင်တာ ) ထားခဲ့ပါ။ ကိုယ်နှစ်သက်တာလေးတွေ သူငယ်ချင်းတွေကို ပြောပြပေးပါ။ ကိုယ်မနှစ်သက်ကို ကိုယ့်စိတ်ထဲမှာ အပြန်ပြန်အလှန်လှန် ဝေဖန် ဆွေးနွေးပါ။ ” ဒါဆိုရင် ကိုယ့်ဖာသာ တိုးတတ်လာပါလိမ့်မယ်။

ဘာပဲ ပြောပြောပေါ့လေ။
တစ်နေ့. . . . ကျွန်တော် စာဆက်မရေးဖြစ်ခဲ့ရင် ဒီလို ဆက်ရေးဖို့ လူတွေ ရှိနေစေချင်တယ်။



လေးစားစွာဖြင့်
ကိုဇော်

.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: