မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


22 January 2010

3 ကျွန်တော်နှင့် အမှတ်တရများ

.

ကျွန်တော့်မှာ အမှတ်တရတွေ များပြားလွန်းလှတယ်။ ဒီလို အမှတ်တရလေးတွေ များလာအောင်လည်း တမင် လုပ်ယူမိတတ်တယ်။

ကျွန်တော်တို့ ကျောင်းတတ်တုန်းက သူငယ်ချင်းတွေဆိုရင် သူများတွေလို မဟုတ်ပဲ။ မွေးနေ့ဆိုရင် မွေးနေ့ရှင်က လက်ဆောင် ပြန်ပေးရတဲ့ ထုံးစံလေးတွေ ရှိတယ်။ တန်ဖိုးကြီးတယ် ဆိုတာထက် “ ဒါ ဘယ်နှစ်နှစ်မြောက်က ပေးတဲ့ အမှတ်တရလေးလေ။ ” ဆိုပြီး ကျွန်တော်တို့ သူငယ်ချင်းတွေ ကြားမှာ အမှတ်တရ ဖြစ်ခဲ့တယ်။ ကျွန်တော်လည်း ဒီအမှတ်တရ ပစ္စည်းလေးတွေကို သေချာ သိမ်းထားမိတယ်။

၁) နောက်ပြီးတော့ ကျွန်တော်ကလည်း မှတ်မှတ်ရရ ရှိတတ်သူဆိုတော့ တစ်ခုခု အကြောင်းအရာလေး တိုက်ဆိုင်လာတိုင်း အမှတ်တရလေးတွေက ရင်ဘတ်ထဲကို ထိထိမိမိ ထိရှခံစားရတယ်။ ဒါလေးတွေကို လျှောက်တွေးမိနေရင်း စာလေးတွေက ရေးမိရေးရာ ရေးချင်လာတယ်။

ကျွန်တော့်မှာ အစ်မဝမ်းကွဲ တစ်ယောက်ရှိတယ်။ သူက ကျွန်တော် အသက် ၁၅ နှစ်သားမှာ သူက ၁၈ နှစ် ၊ နောက်တော့ ကျွန်တော် အသက် ၁၈ နှစ်မှာ မခိုင်မာ အသက် ဘယ်လောက်လဲ ဆိုရင် ၁၈ နှစ်ပဲ။ နောက်တော့ ကျွန်တော် အသက် ၂၅ ရောက်တော့ မခ်ုင်မာ အသက် ဘယ်လောက်လဲ လို့ မေးမိရင် သူဖြေတယ် ..၁၈ နှစ်ပဲ တဲ့။ ကြီးကို မလာတော့ဘူး။ ဒါနဲ့ ကျွန်တော် အခု အရွယ်မှာ သူ့ကို မေးတော့လည်း သူက ၁၈ နှစ်ပဲ တဲ့။

ဒါနဲ့ “ မခိုင်မာ အသက်က ၁၈ နှစ်ကို ၂ နဲ့ မြှောက်တာလား ” ဆိုတော့ သူ စိတ်ဆိုးပြီး ကျွန်တော့်ကို တစ်ပတ် စကားမပြောဘူး။ နောက်မှ အတင်းလိုက်ချော့ရတယ်။ ဒီလိုမျိုး ပေါက်ကရ ဖြစ်နေတတ်သော ဆွေမျိုး တွေ အကြောင်းလည်း အမှတ်တရ ရေးချင်မိပါတယ်။

ဒီလို အဖြစ်အပျက်တွေ အတွက် “ ကျွန်တော်နှင့်. . .” ဆိုသော အခုလို ခေါင်းစဉ် နဲ့ Tags နဲ့ ကျွန်တော်ရေးပါ့မယ်။

၂) ကျွန်တော့်မှာ ထူးထူးခြားခြား သူငယ်ချင်းတွေ အများကြီးကို ရှိတယ်။ အလွန်တော်သော သူငယ်ချင်းတွေ ရှိသလို ၊ ဘယ်လိုမှလည်း ဘာမှ မလုပ်တတ် မကိုင်တတ် ခပ်ထူထူ သူငယ်ချင်းတွေလည်း ရှိတယ်။ ပျော်ဖို့ အလွန်ကောင်းသော သူငယ်ချင်းတွေ ရှိသလို ၊ တည်တည်ငြိမ်ငြိမ် သူငယ်ချင်းတွေလည်း ရှိတယ်။

ဒီအကြောင်းအရာကတော့ ကျွန်တော် “ သူငယ်ချင်း တစ်ယောက် အကြောင်း ” ဆိုပြီး ခေါင်းစဉ် ဖွင့်ထားပြီးပါပြီ။ တစ်ပုဒ်ပဲ ရေးပြီး ကျွန်တော် ဆက်မရေးရသေးပါ။ ဒါအကြောင်းတွေလည်း ကျွန်တော် ရေးချင်ပါသေးတယ်။

၃) တချို့လူတွေက သူ့တို့ အဖို့ဆိုတာထက် သူများဖို့ကို ပိုပြီးကြည့်တတ်တယ်။ တချို့လူတွေက ဘယ်လို အခြေအနေရောက်ရောက် ကိုယ်ရဲ့ ဂုဏ်သိက္ခာကို လုံးဝ အထိမခံဘူး။ တချို့က သူများ မျက်ရည် ကိုယ့်မျက်ဝန်းထဲမှာ ကျပြီး သူများကိစ္စတွေကို လိုက်ပြီး အနစ်နာခံလုပ်ပေးတတ်တယ်။

ဒီလို လူစွမ်းကောင်းတွေ အကြောင်း ကျွန်တော်ရေးဖို့ ကျွန်တော့်မှာ အမှတ်တရ အဖြစ်အပျက်လေးတွေများစွာ စုထားမိတယ်။ ဒီအမှတ်တရလေးတွေကို ရေးဖို့တော့ “ ဒီလိုလူတွေ ရှိနေလို့ ကျွန်တော် အသက်ရှင်နေတာ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော် ရေးဖို့ ခေါင်းစဉ်လေးတွေ စုထားမိတယ်။ ဒါပေမဲ့ ကျွန်တော် အခု ၃ ပုဒ်သာ ရေးနိုင်သေးပါတယ်။ ကျွန်တော်ရေးပါဦးမယ်။

၎) ဝမ်းနည်းတာပဲဗျာ.. ဝမ်းနည်းလိုက်ပေါ့။ ဒါကိုများ မြန်မာစကားမှာ ဘာလို့ “ ဝမ်းနည်း ပက်လက် ” လို့ ရှိနေရတာလဲ။ ဝမ်းနည်းရင် ပက်လက် ဝမ်းနည်းရမယ် ဆိုပြီး ဥပဒေသ ရှိနေလို့လား။ ဒါကြောင့် “ ဝမ်းနည်း ပက်လက် ” ဖြစ်ရတာလည်းလို့ ကျွန်တော် လိုက်ပြီး ပေါက်ပေါက်ရှာရှာ လိုက်ဖတ်ကြည့် ၊ တွေးကြည့်တော့ ဒီလိုသိလာရတယ်။

လူတွေမှာ ဝမ်းနည်းလို့ ငိုကြတယ်။ ဝမ်းနည်းစရာ အကြောင်းအရာကို ခံစားရလို့ ဝမ်းနည်းကြပြီ ဆိုရင် အိပ်ယာထဲမှာ တစိမ့်စိမ့်တွေးပြီး ဝမ်းနည်းတာဟာ အကောင်းဆုံးပါပဲ။ ဒါမှ ဖြစ်ပြီးသားပုံရိပ်လေးတွေကို ပြန်လည်ခံစား မြင်ယောင်လို့ အကောင်းဆုံး အချိန်နဲ့ နေရာ လို့ ဆိုကြတယ်။ ဒါဆို ဝမ်းနည်းတာကို ဘာလို့ ပက်လက်မှ ဝမ်းနည်းရတာလဲ ဆိုတော့ လူတွေမှာ မှောက်အိပ်ပြီး ဝမ်းနည်းရင် ကြာကြာ ဝမ်းမနည်းနိုင်ပဲ အိပ်ပျော်သွားတတ်သတဲ့။ ဒါကြောင့် ဝမ်းနည်းရင် ပက်လက်ကလေး ဝမ်းနည်တာဟာ အကောင်းဆုံးပဲလို့ ဆိုတယ်။

ဒါကြောင့်မို့ “ ဝမ်းနည်းပက်လက် ” ဆိုပြီး ဖြစ်လာတာတဲ့။ ဒါနဲ့ပဲ ဆက်ပြီး လိုက်စဉ်းစားရင်း စာတွေ လိုက်ဖတ်ကြည့်တော့...

“ ရှပ်အင်္ကျီ ” တဲ့ ဘာလို့ ရှပ်အင်္ကျီ လို့ ခေါ်ရတာလဲ။

“ နပ်စ်မ ” လို့ ဘာလို့ ခေါ်တာ မကြိုက်တာလဲ။

“ ရှိုက်ကြီး တငင် ” တဲ့ ဘာလို့များလဲ။

“ အလောသုံးဆယ် ” တဲ့။ သုံးဆယ့်တစ် လောက် ပိုပေးလို့မရပဲ ။ ဘာလို့များ သုံးဆယ် အတိ ဖြစ်နေရတာလို့ ထင်ပါသလဲ။

“ ယောင် ခြောက်ဆယ် ” တဲ့။ ငါးဆယ့်ကိုးလောက်ထားပါဗျာ လို့ ပြောမရပဲ ဘာလို့ ခြောက်ဆယ် မှ ခြောက်ဆယ် အတိ ဖြစ်နေရတာလဲ။

ဒီလို စကားလုံးတွေနဲ့ ပေါက်က၇တွေ နဘမ်းလုံးဖို့ “ တချို့ စကားလုံးတွေက နားလည်ရခက်တယ် ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်ပုဒ်ပဲ ရေးရပါသေးတယ်။ ကျွန်တော် ဆက်ရေးချင်ပါတယ်။

၅) တစ်ခါတစ်လေ လောကမှာ ကိုယ်က ဘာရယ် မဟုတ်ပါဘူး။ စေတနာနဲ့ သူများကို ခင်မင်စွာနဲ့ ကူညီမိတာ။ ဒါပေမဲ့ စေတနာကနေ ဝေဒနာ ဖြစ်ပြီး ရယ်စရာ ဟာသလေးတွေ ဖြစ်လာတတ်ပါတယ်။ အရင်ကတော့ ကျွန်တော် ဒီအကြောင်းတွေကို မဂ္ဂဇင်းတစ်စောင်မှ ပုံမှန် ရေးပါတယ်။ နောက်တော့လည်း ..................။ မရေးဖြစ်တော့ဘူး။

ဒီလို မတော်မဆ ဖြစ်တတ်တဲ့ ကိုယ်တွေ့ ဟာသလေးတွေနဲ့ သူများရဲ့ ကြုံခဲ့ရတဲ့ ဟာသလေးတွေကို ခေါင်းစဉ်တစ်ခုနဲ့ ရေးမယ် ဆိုပြီး “ ကျွန်တော် ကူညီမိ အပြစ်ရှိ ” ဆိုသော ခေါင်းစဉ်နဲ့ ကျွန်တော် ရေးမယ် ဆိုပြီး စရေးခဲ့တာ အခုတော့ ၃ ပုဒ်သာ ရှိပါသေးတယ်။ ကျွန်တော် မှာ တင်ကျန်နေသော အမှတ်တရ အကြွေးလေးပါ။

နောက်... . . နောက်. . . .နောက်....ကျွန်တော့်မှာ ရေးချင်တာတွေ တော်တော် များလာနေပါလား။ ဒါပေမဲ့လည်း အခု အချိန်က ပိုပြီး ရှားပါးလာတော့ ကျွန်တော် တစ်ပုဒ်တောင်မှ အချိန်လုပြီး စာရေးနေရပါတော့တယ်။

ဘာပဲ ပြောပြော ကျွန်တော့်မှာ ရှိနေသော အမှတ်တရများကို စာများ အဖြစ် ၊ ကျွန်တော် စိတ်ပျော်ရွှင်နေရင် ဟာသလေးတွေ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော် အတွေးနက်နေရင် အတွေးတွေ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော့်မှာ ခံစားမှု ပြင်းပြနေရင် ရသ လေးတွေ ထွက်လာလိမ့်မယ်။ ကျွန်တော် တည်ငြိမ်နေရင် ဘာသာပြန်ရေးမိမယ်။ ဒီနေရာမှာ ကျွန်တော် အခု နောက်ပိုင်း အရင်ကလိုတော့ စာဖတ်သူတွေကိုပါ လိုက်ပြီး တွေးခိုင်းတာတွေ နည်းနည်းတော့ လျှော့ပါတော့မယ်။ ဘာလို့လဲ ဆိုတော့.. .. .

ဟိုနေ့က ကျွန်တော့်ဆီကို စာတစ်စောင် ဝင်လာတယ်။

“ ဦးဇော်

ဦးဇော် ရေးတဲ့ စာတွေ တချို့က သမီး နားမလည်ဘူး။ အားရင် ရှင်းပြပေးပါလား။ ”


တဲ့။ ဒါနဲ့ ကျွန်တော် မေးလ်ထဲကနေ ချောင်းကြည့်လိုက်တော့..( အဟိ ကျွန်တော်က ပုန်းနေတာကိုး ။ ဂျီပုန်း မဟုတ်ဘူးနော်။ ဒီစကားကို ကျွန်တော် ထွင်တာပါ။ အခုက မေးလ်ပုန်း..ဟီး။ ) ဒီ ကလေးမလေး ရှိနေတယ်။ ဒီတော့

“ သမီးက ဘယ်အရွယ်လဲ။ ”

ဆိုတော့

“ ၁၃ နှစ် ”

တဲ့။ “ ဟာ ” ခနဲ့ပေါ့ဗျာ။ ကျွန်တော်က ဒီလို ကလေးတွေ လာဖတ်မယ်မှ မထင်ထားတာ။ ဒီတော့...

“ သမီးကို ဘယ်သူက ဒီဘလော့ကို ပေးတာလဲ။ ” ဆိုတော့ “ ဖေဖေ ” တဲ့။

“ ဒါဆိုလည်း သမီးရယ် ၊ သမီး ဖေဖေကို မေးပါလား ။ ”

ဆိုတော့ .....

“ သမီး ဖေဖေက ဦးဇော် ကို တန်းမေးတဲ့။ ”

ဟိုက်...ဒီလူကလည်း ငါ့ကို ခေါင်းပါ ရောင်းသွားပါလားဟ ဆိုပြီး ကျွန်တော် အခု နောက်ပိုင်း စာလေးတွေကို ကလေးတွေပါ ဖတ်လို့အောင် ပြည့်ပြည့်လေးနဲ့ ရှည်ရှည်လေး ပြန်ရေးနေတာပါ။

အရင်ကလည်း ဒီလို တစ်ခါ ရှိသေးတယ်။ ကျွန်တော့်ဆီကို မေးလ်တစ်စောင်ရောက်လာတယ်။

“ တူလေးရယ် မင်းစာလေးတွေ စာလုံးလေး နည်းနည်းကြီးပေးပါလား။ ”

တဲ့။ “ ဟုတ်ကဲ့ ” ဆိုပြီး ကျွန်တော် သူ့ကို Reply မေးလ် ပြန်လိုက်ပြီး ...

“ အန်တီက ကျွန်တော့်ဘလော့ထဲ ဝင်ဖတ်နေကြလား။ ”

ဆိုတော့ ....

“ ဟုတ်တယ်ကွဲ။ အန်တီက မျက်လုံး သိပ်မကောင်းဘူး မျက်မှန်နဲ့လေ။ ဒါကြောင့် ငါ့တူရေးတဲ့ စာတွေကို ဖတ်ရတာ စာလုံးလေးတွေ သေးနေလို့။ ဒါကြောင့် မော်နီတာကို ကပ်ကြည့်နေရလို့ပါ။ ”

တဲ့။ ဒါနဲ့ ဒီအချိန်က စပြီး ကျွန်တော် စာလုံးတွေ ကြီးပေးထားတာ အခု အချိန်အထိပါပဲ။ ဒါကြောင့် လူငယ်တွေ အတွက်တော့ စာလုံးတွေ ပြူးတူးပြဲတဲ ဖြစ်နေမလားပဲ။

ဒါနဲ့ မပြီးသေးဘူး။ ကျွန်တော် မနေနိုင်ပဲ သူ့ကို မေးလ်ပို့ပြီး မေးလိုက်သေးတယ်။

“ အန်တီက ကျွန်တော့်စာတွေ ဖတ်ပြီး ဘယ်လို ခံစား နားလည်မိလဲ အန်တီ ”

ပေါ့။ ကိုယ့်စာဖတ်သူဆိုတော့ လေးစားတာပေါ့လေ.။ သူက ပြန်ဖြေရှာပါတယ်။ တကယ်ကို မှတ်သားစရာပါပဲ။

“ ဒီလိုပါကွယ်..။ အန်တီမှာ မြေးလေး ၂ ယောက်ရှိတယ်လေ။ သူတိုက ပုံပြင်တွေ ကြိုက်တယ်။ သူတို့ကို ညတိုင်း ပြောပြရတယ်။ ကြာလာတော့ ဘာပြောရမှန်း မသိတော့ဘူး။ ဒါနဲ့ အခု မင်းဆီက ဖတ်ပြီး သူတို့ကို ပြောပြတာပေါ့လေ။ ပုံပြင်လေးတွေ ပုံစံနဲ့ပေါ့။ သူတို့ ဟာသဆိုရင် ရယ်တယ်။ ဗဟုသုတ ဆိုရင် မှတ်တယ်။ ဒီလိုပေါ့ကွယ်။

မင်းရေးတာလေးတွေကို အန်တီ ပြန်ပြောပြတာသူတို့ ကြိုက်ကြပါတယ်။ ”

တဲ့။ ဒီတော့မှ သိတော့တယ်ဗျာ.။ ကျွန်တော့်စာတွေက ကလေးကြိုက်တွေကိုး ဟား ဟား ဟား ။ ( စိတ်မဆိုးနဲ့နော်.၊ အခု ဝင်ဖတ်နေတဲ့ အန်တီရေ။ နောက်တာပါ။ ဘယ်လိုမှ သဘောမထားပါဘူး။ )

ဒါနဲ့ပဲ ကျွန်တော့်ဘဝမှာ ဒီဘလော့လေးကို ဆက်လက် ရှင်သန်အောင် အသက်သွင်းပြီး ရေးနေမိပါတော့တယ်။ ကျွန်တော့်မှာ အခ်ျိန်သာ ဒီထက် များများ ပိုရခဲ့ရင် ကျွန်တော် များများပိုပြီး ရေးပါ့မယ်။ အရင်လိုလည်း Message နည်းနဲ့ ရေးပြီး စာဖတ်သူကို ဆက်ပြီး တွေးခိုင်းသလိုတွေလျှော့ပြီး အတတ်နိုင်ဆုံး အချိန်ယူပြီး ဝတ္ထုတစ်ပုဒ်လို ၊ ဆောင်းပါး တစ်ပုဒ်လို ဖြစ်အောင် ကျွန်တော် ရေးပါ့မယ်။

ကျွန်တော် ပျော်မိတာက တစ်ခုတော့ ရှိတယ်။ လူတွေကို စာရေးချင်စိတ်ဖြစ်လာအောင် ကျွန်တော် လုပ်ပေးနိုင်ခဲ့ပါတယ် လို့ ကျွန်တော် အကြွင်းမဲ့ ယုံကြည်ပါတယ်။ ဘာလို့လည်း ဆိုတော့ သူတို့ အကောင့်လေးတွေ လုပ်ပြီး စာရေးလာကြလို့ပါပဲ။ ကျွန်တော့်ဆီကိုလည်း သူတို့ မေးလ်ပို့ကြပါတယ်။ အောက်ပါ အတိုင်းပေါ့။

“ ကိုဇော့်ကို အားကျလို့ အကောင့်ဖွင့်ပြီး Fwd Mail တွေ တင်မယ်တဲ့လေ... ဟား ဟား ဟား.။ ”


ခင်မင်ပျော်ရွှင်စွာဖြင့်
ကိုဇော် ခံစားပုံဖော်သည်။


.

Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

ချော (အစိမ်းရောင်လွင်ပြင်) said...

ကိုဇော့်စာတွေဖတ်ပြီး စာရေးချင်စိတ်ပေါက်တဲ့ထဲမှာ ကျွန်မလည်း ပါပါတယ်..စာရေးနိုင်စွမ်းအားကိုလည်း အားကျမိပါတယ်.. ဒီပိုစ့်လေးကိုဖတ်ပြီး သဘောကျပြီး ရီမိတာ မျက်ရည်ထွက်မတတ်ပါဘဲ.. ၁၃နှစ်ကလေးကို စာဖတ်အောင် ဆွဲဆောင်နိုင်တာ နည်းတဲ့ အရည်အချင်းလားနော်..

YM said...

ကိုဇော့်စာတွေကို ဘလော့ဂ်မှာစာတွေမရေးခင် ဟိုးအရင်ထဲက စွဲစွဲမြဲမြဲဖတ်ခဲ့ပါတယ်။ အရေးအသားသွက်တာရော၊ အကြောင်းအရာရွေးချယ်မှုကောင်းတာရော၊ စာကို စက်က ထုတ်လိုက်သလို အများကြီးရေးနိုင်စွမ်း တွေကိုရော အားကျခဲ့ အားကျနေဆဲပါ။

သံစဉ်ချို said...

အဲလို ပြတ်ပြတ်တောက်တောက်တော့ မလုပ်ပါနဲ့…… တွေးစရာလေးတွေလည်း ရေးပါ…..ကိုယ့်ဖာသာကိုယ် မရေးနိုင်၊မဝေမျှနိုင်သေးတာမို့ တော်တဲ့သူတွေဝေမျှတဲ့ စိတ်ကူးတွေကို ပုံဖော်ကြည့်ရတာ ပျော်လို့ပါ။ (ပေးချင်တာနဲ့ ယူတာ တူမတူ၊ မှန်မမှန်တော့မသိ….ဟိဟိ)

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.