မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


19 January 2010

1 တတ်သည့်ပညာ မနေသာ ( ၂ )

.



တစ်ခါက

စက်ရုံတစ်ခုမှာ စတို နဲ့ စက်ရုံကို ညစောင့်ဖို့ ဝန်ထမ်းတစ်ယောက်ကို အလိုရှိတယ်လို့ ကြေငြာလိုက်တယ်။ ဒီတော့ စတို နဲ့ ညစောင့် အလုပ်ရဖို့ လူတွေ အများကြီး လာလျှောက်ကြတယ်။

စက်ရုံကလည်း လာလျှောက်တဲ့ လူတွေကို အင်တာဗျူးခေါ်တွေ့တယ်။ တစ်ယောက်ချင်းစီကို ခေါ်ပြီး ဗျူးတာဆိုတော့ ဘယ်သူ့ကို ဘာခေါ်ဗျူးတယ် ဆိုတာ ဘယ်သူ့မှလည်း မသိဘူး။ ဒီအထဲမှာမှ ပက်ထရစ် က သူ့ကို သူ ယုံကြည်မှု ရှိတယ်။ သူ့မှာ ညစောင့် အလုပ်လည်း အတွေ့အကြုံများစွာ ရှိတယ်။ စတိုစောင့်လည်း သူ့မှာ အတွေ့အကြုံများစွာ ရှိတယ်။ ဒါပေမဲ့ အခု သူ့မှာ အလုပ်မရှိ။ ဘာလို့ အလုပ်မရှိတာလဲ ဆိုတော့... အဟင်း... အဟီး... သူ မပြောပြချင်..။

အခုတော့ စတို ညစောင့် အလုပ်အတွက် တစ်ယောက်ပြီး တစ်ယောက်ကို အင်တာဗျူးနေတယ်။ အင်တာဗျူးကို စောင့်နေသူတွေက ဒီဘက်မှာ ထိုင်စောင့်နေရတယ်။ အင်တာဗျူးပြီးတဲ့ သူတွေကို တခြားတစ်ဘက်ပေါက်မှ ထွက်စေသောကြောင့် ဘယ်သူ့ကိုမှ ဘာတွေမေးလဲဟု တစ်ယောက်ကို တစ်ယောက် မေးမြန်းခွင့်မရှိတော့.။

ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက် အင်တာဗျူးလာလိုက်တာ. ပက်ထရစ် အလှည့်ရောက်လာတယ်။ အင်တာဗျူးမေးသူတွေက သူ ညစောင့်ရမဲ့ စတိုက လျှပ်စစ်ပစ္စည်းတွေ နဲ့ ကားပစ္စည်းတွေ ဆိုတာကို ပြောပြတယ်။ ပြီးတော့ တန်ဖိုးလည်း ကြီးကြောင်း ထိုကြောင့် သေချာ ဂရုစိုက်စေချင်ကြောင်း ၊ နောက်တော့ ပက်ထရစ် ရဲ့ အလုပ်အတွေ့အကြုံကို မေးတယ်။ ပက်ထရစ် သူ့ရဲ့ အလုပ်အတွေ့အကြုံတွေ ပြောပြတယ်။ အင်တာဗျူးသူတွေ သဘောကျကြောင်း သူတို့ မျက်နှာက သက်သေပြနေတယ်။

ဒီတော့ အင်တာဗျူးသူတွေ ဆက်မေးတယ်။ ဒီလောက် အတွေ့အကြုံများနေတာ ဘာလို့ အခု အလုပ်မရှိတာလဲ။ ပက်ထရစ် ရင်ထဲမှာ တုန်လှုပ်သွားတယ်။ ဒါပေမဲ့ မသိသလိုပဲ နေလိုက်ပြီး ကျွန်တော် ဟိုတလောက နေမကောင်းလို့ အလုပ်က ထွက်လိုက်တာပါ။ အခုတော့ နေပြန်ကောင်းလာလို့ ပြန်ပြီး အလုပ်ပြန်ရှာတော့ ဒီအလုပ်ကို တွေ့လို့ လာလျှောက်တာပါ။ ဒါနဲ့ အင်တာဗျူးမေးသူတွေ ကျေနပ်သွားကြောင်း မျက်နှာပေါ်မှာ ဖော်ပြလာကြတယ်။

“ ဒါဆို ကျွန်တော်တို့ ခင်ဗျားကို အလုပ်ခန့်ဖို့ နှစ်သက်ပါတယ်။ အလုပ်ခန့်ဖို့လည်း စဉ်းစားထားပါပြီ။ အခုတော့ ကျွန်တော်တို့ တစ်ခုပဲ စစ်ဆေးပါ့မယ်။ အလုပ်ရဖို့ ဆိုတာ အခုနောက်ဆုံး တစ်ချက်ကိုပဲ ဖြေရပါတော့မယ်။ ဒါကတော့ ခင်ဗျား အလုပ်ရ မရ ဆိုတာ ဒီ စစ်ဆေးမှု နဲ့ပဲ ဆိုင်ပါတော့တယ်။ ”

ဆိုပြီး အင်တာဗျူး မေးသူတွေက ပက်ထရစ် ကို ပြောတယ်။ ပက်ထရစ် လည်း သူ့ကို စစ်ဆေးတာကို ဖြေဖို့ အသင့် ပြင်ဆင်ထားလိုက်တယ်။ ဒီတော့ အင်တာဗျူးမေးသူတွေက သူ့ကို မြေပုံစာရွက် တစ်ရွက် ထုတ်ပေးပြီး ပြတယ်။

“ ဒါကတော့ စတိုရဲ့ ပတ်ဝန်းကျင် မြေပုံပေါ့ဗျာ။ ဒီနေရာမှာ အိမ်သာ ၊ ဒီနေရာကတော့ အရေးပေါ်မီးသတ်ဗူးတွေ ထားတဲ့ နေရာ ၊ ဒါကတော့ အဝတ်လဲခန်း ၊ ဒါကတော့ အလုပ်သမားတွေ သူတို့ ပစ္စည်းတွေ ထားတဲ့ အခန်း ။

အခု ကျွန်တော် ပြောချင်တာက ညဘက်ဆိုရင် ခင်ဗျား တစ်ယောက်တည်းလေ။ ဟုတ်တယ်မလား။ ”

ပက်ထရစ် က ခေါင်းငြိမ့်ပြလိုက်တယ်။ ဒီတော့ သူတို့ ဆက်ပြေတယ်။

“ ဒီအချိန်မှာ အရေးပေါ် မီးလောင်ပါပြီတဲ့။ မီးသတ်ဌာနကို အကြောင်းကြားတာကတော့ အကြောင်းကြားရမယ်။ ဒီလို မီးသတ်ဌာနက ရောက်မလာခင်မှာ ဒီနေရာမှာ ထားထားတဲ့ မီးသတ်ဆေးဗူးတွေနဲ့တော့ မီးတွေကို အရင် ငြိမ်းသတ်ရမယ်လေ။

ဒီလို အချိန်မှာ မီးသတ်ဆေးဗူးတွေ ရှိတဲ့ နေရာကို သွားတော့ မီးသတ်ဆေးဗူးတွေ ထည့်ထားတဲ့ သေတ္တာကြီးကို သော့ခတ်ထားတယ် ဆိုပါတော့ ခင်ဗျားမှာလည်း သော့မရှိဘူးဗျ။ အခု မီးကလည်း လောင်နေပြီ။ သူတို့ ခတ်ထားတဲ့ သော့ခလောက် ကလည်း ဒီလို သော့ခလောက်ပဲ..။ ”

လို့ ဆိုပြီး ပက်ထရစ် ရဲ့ရှေ့ကို အင်တာဗျူးသူတွေက သော့တစ်လုံးကို ပစ်ချလိုက်တယ်။ ပြီးမှ ဆက်ပြောတယ်။

“ အခု မီးကလည်း လောင်နေပြီ။ မီးသတ်ဆေးဗူးတွေကို သော့ကလည်း ခတ်ထားတယ်။ မီးငြိမ်းဖို့က ခင်ဗျား တစ်ယောက်ပဲ ရှိတယ်။ ခင်ဗျားမှာ သော့တံလည်း မရှိဘူး။ အခု ခင်ဗျား ဘယ်လိုလုပ် ဖွင့်မလဲ။ ခင်ဗျားရဲ့ ညစောင့်တဲ့ နေရာမှာတော့ ပလာယာ ၊ ဝက်အူလှည့် ၊ တခြားပစ္စည်းလေးတွေပဲ ရှိတယ်။ တူလည်း မရှိဘူး။ ဒါတွေပေါ့ဗျာ။ ”

ဆိုပြီး ပက်ထရစ် ရဲ့ ရှေ့က စားပွဲပေါ်ကို ပစ္စည်းကိရိယာလေး တွေချပေးတယ်။

“ အခု ခင်ဗျားသော့ကို ဖွင့်ရတော့မယ်။ မီးကလည်း လောင်နေပြီ။ ခင်ဗျားမှာ သော့တံကလည်း မရှိဘူး။ ဒါလေးတွေပဲ ရှိတယ်။ အခု ရှိတာလေးတွေနဲ့ ကျွန်တော်တို့ကို ဒီသော့လေးကို ဖွင့်ပြပေးပါ။ ဒါကတော့ ခင်ဗျားရဲ့ အခု စတိုညစောင့် အလုပ် ရ မရ ဆိုတာ စစ်ဆေးတဲ့ စာမေးပွဲလေးပါပဲ။ ခင်ဗျားမှာ အချိန် ၅ မိနစ်ရှိတယ်။ ကျွန်တော်တို့ အချိန် ၅ မိနစ် ပေးတယ်။ ”

အင်တာဗျူးသူတွေက ဒီလို ပြောပြီး လက်က နာရီကို လှမ်းကြည့်လိုက်တယ်။ ပက်ထရစ် ရုတ်တရက် ကြောင်နေရာကနေ သူ ချက်ချင်း သတိဝင်လာတယ်။ သော့ခလောက်လေးကို ယူကိုင်ကြည့်ပြီး သူ့ရှေ့မှာ ရှိနေတဲ့ ပစ္စည်းလေးတွေကို ကြည့်လိုက်တယ်။ ဒီအထဲကမှ စာရွတ်တွေကို ညှပ်တဲ့ ကလစ်လေးကို ယူလိုက်ပြီး ဖြောင့်လိုက်တယ်။ သူ သော့အပေါက်ထဲကို ထည့်ပြီး ဟိုလှည့် ဒီလှည့်လုပ်ကြည့်တယ်။

“ သုံးမိနစ်ပဲ အချိန်ကျန်ပါတော့တယ်။ ”

အင်တာဗျူးသူတို့ ထံမှ ရေတွက်သံကို ကြားရတယ်။ ပက်ထရစ် ရဲ့ လှုပ်ရှားမှုတွေ ပိုမြန်လာတယ်။ စာရွက်ညှပ်တဲ့ ကလစ်လေး နောက်တစ်ခုကိုပါ ယူပြီး သော့ပေါက်ထဲ ထည့်ပြီး သူ ဟိုလှည့်ဒီလှည့် လုပ်လိုက်တယ်။ ဒီအချိန်မှာ နောက်ထပ် အသံထွက်ပေါ်လာတယ်။

“ တစ်မိနစ်ပဲ ကျန်ပါတော့တယ်။ ”

ပက်ထရစ် ပိုပြီး လျင်လျင်မြန်မြန် လှုပ်ရှားတော့တယ်။

“ ချပ်...။ ”

“ ဟော...။ ”


သော့ပွင့်သံနဲ့ အတူ အားလုံးဆီမှလည်း အာမေဋိတ်သံ ပြိုင်တူ ထွက်လာတယ်။ ပက်ထရစ် လည်း ပြုံးပြီး သူကိုင်ထားတဲ့ သော့လေးကို စားပွဲပေါ်ချပြီး..

“ ရပြီ.. ရပြီနော်။ ကျွန်တော် ဖွင့်လိုက်နိုင်ပြီ။ ကျွန်တော့်ကို အလုပ်ခန့်ပြီမလား။ ”

“ ဟုတ်ကဲ့။ ကျွန်တော်တို့ ခင်ဗျား အရည်အချင်းကို တကယ်ကို သဘောကျပါတယ်။ အလုပ်ခန့်ဖို့လည်း စဉ်းစားထားမိပါတယ်။


တကယ်တော့ ခင်ဗျား စဉ်းစားကြည့်လေ။ အရေးပေါ်ပစ္စည်းဆိုတာ တွေက ဘယ်တော့မှ သော့ခတ်ထားလေ့ မရှိဘူးဗျ။ သူ့ကို လွယ်လွယ်ယူသုံးလို့ ရအောင် ဒီအတိုင်းပဲ အလွယ်တကူ ထားတတ်ကြပါတယ်။ အရေးပေါ် မီးသတ်ဆေးဗူးကို သော့ခတ်ပါ့မလားဗျာ။

ဒါထက် အရေးကြီးတာက ခင်ဗျား အခု လာလျှောက်တဲ့ အလုပ်က စတိုအတွက် ညစောင့်ပါ။ ညဘက် ဘယ်သူမှ မရှိတဲ့ အချိန်မှာ ခင်ဗျားနဲ့ စတိုထဲမှာ ထားထားတဲ့ တန်ဖိုးကြီင်္းသော ပစ္စည်းတွေကို သော့လေး တစ်ခုတည်းနဲ့ပဲ ကျွန်တော်တို့ ထားခဲ့ရတာ။ ဒီအချိန်က တစ်ညလုံး ၊ ၁၂ နာရီဆိုပါတော့ဗျာ။ အခုတော့ ခင်ဗျားက သော့မရှိတဲ့ သော့ခလောက်တစ်ခုကိုတောင်မှ ၅ မိနစ်နဲ့ စာရွတ်ညှပ်လေးနဲ့ ဖွင့်နိုင်ခဲ့တာလေ။

ကျွန်တော်တို့ရဲ့ တန်းဖိုးရှိနေတဲ့ ပစ္စည်းတွေနဲ့ ခင်ဗျားကို တစ်ညလုံး ကျွန်တော်တို့ ဘယ်လို ထားရမလဲ။ သော့ခလောက်ကို သော့မပါပဲနဲ့ အပျက်အစီး မရှိအောင် ခင်ဗျား ဖွင့်နိုင်နေမှတော့ ဖွင့်ထားမှန်း မသိအောင် ခင်ဗျား ပြန်ပိတ်နိုင်တော့မှာပေါ့ဗျာ။ ဒီလို လူတစ်ယောက်ကို ကျွန်တော်တို့ရဲ့ စတိုမှာ ညစောင့် အဖြစ် ကျွန်တော်တို့ ထားသင့်ပါ့မလားဗျာ။

ခင်ဗျားပဲ စဉ်းစားပါဦး။ ”

ဒါနဲ့ပဲ ပက်ထရစ် တစ်ယောက် ခေါင်းငိုက်စိုက်ချပြီး အင်တာဗျူး အခန်းရဲ့ တစ်ဘက်ကနေ ထွက်သွားတာကို ဒီဘက်က အင်တာမဗျူး ရသေးတဲ့ သူတွေ အားလုံး မြင်လိုက်ကြရတယ်။

ဒါပေမဲ့ အားလုံး မမြင်လိုက်ရတာ တစ်ခုတော့ ရှိတယ်။ ဒါက အရင်ကလည်း ပက်ထရစ် ဘာလို့ သူ ညစောင့်သော အလုပ်ပြုတ်ပြုတ်သွားတာလဲ ဆိုတာကိုပေါ့။

အခု စာဖတ်သူကရော ပက်ထရစ် အရင်က ညစောင့် အလုပ်တွေမှာ ဘာလုပ်ပြုတ်ပြုတ်သွားတယ်လို့ မြင်ပါသလဲ။

( နိုင်ငံအသီးသီးမှ အဆက်အသွယ်များ ရရှိခဲ့ပါပြီ။ ကိုရီးယား နှင့် ရုရှား မှ Save The Aged အတွက် တစ်ယောက်မှ မဆက်သွယ်ပါသေးကြောင်း ဝမ်းနည်းစွာ တင်ပြပါသည်။ )

Source; Thomas Cook Store Guard
ကိုဇော် ခံစားတင်ပြသည်။


.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

အမ်တီအန် said...

ကောင်းလိုက်တာ။
အင်တာဗျုးဖြေမယ့်သူတိုင်း သတိထားသင့်တယ်။
ကျွန်မလည်း အလားတူမေးခွန်းမျိုးမေးခဲ့ဘူးပါတယ်။ သူက အင်တာဗျုးကို ကွမ်းစားပြီးလာဖြေတာပါ။ ကွမ်းစားရတာကြိုက်လားဆိုတော့ မကြိုက်ပါဘူးတဲ့။ အခုစားလာတာက အင်တာဗျုး အဆင်ပြေအောင် ဘုန်းကြီးမန်းပေးတဲ့ ယတြာကွမ်းပါတဲ့။ ကွမ်းစားပြီး ဖြေဆိုရင် အောင်မြင်မယ်ဆိုလို့ စားလာတာပါတဲ့။ ဒါနဲ့သူကိုပြန်ခိုင်းလိုက်ရဘူးပါတယ်။ ဒါကြောင့် အင်တာဗျုးဖြေမယ့်သူတိုင်း စံနစ်တကျပြင်ဆင်ပြီး စိတ်မစောဘဲ ဥာဏ်နဲ့ယှဉ်ပြီး ဖြေဆိုသင့်ပါတယ်။

မြသွေးနီ