မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


26 January 2010

4 အညာသား ဖိုးထောင် ( ၂ )


မြို့ကို တစ်ခေါက်ရောက်ထားဖူးတဲ့ ဖိုးထောင်တစ်ယောက် သူ့ကိုယ်သူ ခပ်မြောက်မြောက် ဖြစ်နေလေရဲ့။ ပြီးတော့ မြို့သားတွေက သူ့ကို လှည့်လို့မရဘူးလို့လည်း ရွာမှာ ဟောင်ဖွာဖွာနဲ့ပေါ့ဗျာ။

တစ်နေ့တော့ သူတို့ရွာရဲ့ ရွာထိပ်က သာလှ တစ်ယောာက် မြို့က ပြန်လာတယ် ကြားတော့ ဖိုးထောင် ခေါင်းထောင်သွားတယ်။ သာလှ လည်း မြို့ရောက်ဖူးပြီးသွားပြီပဲ။ ဒီကောင်ဘာတွေ ကြုံခဲ့ ကြားခဲ့ပါလိမ့်။ သူက ငါ့နောက်မှ ရောက်တော့ အခု အသစ်ဖြစ်နေတာတွေကို သူ ဘာတွေ သိခဲ့လဲ။ လူတွေကလည်း နောက်ရောက်တဲ့ လူရဲ့ စကားဆိုရင် ပိုပြီး သစ်တော့ နားထောင်ချင်ကြတယ်မဟုတ်လား။

ဒါနဲ့ ဖိုးထောင် တစ်ယောက် သာလှ ကို နားတစွင့်စွင့်နဲ့ပေါ့။ အဲ.. တစ်နေ့တော့ ကြုံပါပြီဗျာ။ သာလှ က ရွာထိပ်မှာ စပါးပွဲစားအိမ်မှာ လာပြီး သူမြို့ရောက်ခါစကလိုပဲ ဟောင်ဖွာဖွာလာပြောနေတာ။ အမြင်ကပ်ပေမဲ့ “ ဒီကောင် ဘာပြောနေတာလဲဟ ” ဆိုပြီး သိတော့သိချင်သား။ ဒါကြောင့် မသိမသာ နဲ့ သာလှ ပြောနေတဲ့ စကားဝိုင်းနား ကပ်သွားကြည့်တော့. . .။

အားပါးပါး လူပရိသတ်က နည်းမှ မနည်းပဲ။ သာလှ ပြောနေတာကို နားထောင်နေတာ။ ရွှေတိဂုံ ဘုရားကြီးက ဘယ်လို ၊ ကန်တော်ကြီးက ဘယ်ပုံ ၊ ဒါပေမဲ့ ဒါတွေ သူ စိတ်မဝင်စား။ ဒါ သူလည်း ရောက်ခဲ့ဖူးပြီ။ သူ စိတ်ဝင်စားတာ သာလှ ဘယ်နေရာတွ အသစ်ရောက်လဲ ၊ ဘာတွေ အသစ်တွေနဲ့လဲ ၊ ဘာတွေ အသစ်စားခဲ့လဲ။ သူ ဒါကိုပဲ အားစိုက်နားထောင်နေတယ် ။

အဲ...ခဏကြာတော့ သာလှ က တစ်ခုခုကို သတိရသွားသလိုနဲ့ သာလှက ပြောတယ်.. .

“ သြော်. . အားလုံးကို တစ်ခု ပြောရဦးမယ်။ မြို့က လူတွေ စားစားနေကြတဲ့ အစားအစာတွေပေါ့ဗျာ။ ကျူပ်တို့နဲ့ သိပ်တော့ မထူးပါဘူး။ ဒါပေမဲ့ ထူးတာ တစ်ခုတော့ သောက်ခဲ့ရတယ်ဗျ။ မြို့သားတွေ အားလုံးလည်း သူတို့ သောက်ကြတယ်။ မြို့ကိုရောက်ရင် မြို့သားတွေ သူတို့ထုံးစံက လက်ဖက်ရည်ဆိုင်မှာ ဆိုရင် လက်ဖက်ရည်တစ်ခွက် ၊ လန်ဒန် နှစ်လိပ်ဆိုပြီး မှာသောက်တော့တာပဲဗျ။

ကျုပ်လည်း သူတို့လို မှာပြီး သောက်ကြည့်တာ ၊ လွှတ်သောက်လို့ ကောင်းတာပဲဗျာ။ ဒါကြောင့်လည်း မြို့သားတွေ သောက်ကြတာကိုး ။ ခင်ဗျားတို့လည်း မြို့ရောက်ရင် လက်ဖက်ရည် တစ်ခွက်နဲ့ လန်ဒန်နှစ်လိပ် သောက်ကြည့်စမ်းပါ။ လွှတ်ကောင်းတာကလား။ ”

သာလှ ဒီလို ပြောတော့ လက်ဖက်ရည် တစ်ခွက် နဲ့ လန်ဒန် နှစ်လိပ်စာ တစ်ခါတည်း မသောက်ဖူးတဲ့ ဖိုးထောင် မြို့ကို သွားချင်စိတ် အရမ်းပေါက်လာတယ်။ လန်ဒန်ဆိုတာ ဘာကြီးလဲ ဆိုတာလည်း သူ သိချင်တယ်။ လက်ဖက်ရည် တစ်ခွက် နဲ့ လန်ဒန် နှစ်လိပ် သောက်တာ တော်တော်ကောင်းဆိုပဲ။ တွေးတာနဲ့တင် ဖိုးထောင် သွားရည်ကျလာတယ်။

ဒါနဲ့ မြို့ကို သူလိုက်ရဖို့ မြို့ကို သွားတတ်တဲ့ သူကြီးကို အပူကပ်ရတယ်။ သူကြီးခိုင်းတာတွေကို ကျုံးပြီး လုပ်ပေးတယ်။ ဒါနဲ့ပဲ သူကြီးကလည်း မြို့သွားရင် လိုက်ခဲ့ဆိုပြိး ခွင့်ပြုချက်ရလာတယ်။ ဒါနဲ့ သူကြီး မြို့လည်း တတ်စရာ ရှိရော ဖိုးထောင်လည်း သူကြီးနဲ့ အတူတူ မြို့ကို ပါလာတယ်။

ထုံးစံ အတိုင်းပါပဲ။ သူတို့ တည်းနေကြ ဘုန်းကြီးကျောင်းမှာပဲ တည်းကြတယ်။ နောက်နေ့လည်း ရောက်ရော လက်ဖက်ရည် တစ်ခွက်နဲ့ လန်ဒန် နှစ်လိပ် သောက်ချင်နေတဲ့ ဖိုးထောင် ပိုက်ဆံလေး ကိုင်ပြီး နီးရာ လက်ဖက်ရည်ဆိုင်ကို တန်းပြေးတော့တာပဲ။

လက်ဖက်ရည်ဆိုင်လည်း ရောက်ရော .၊ စားပွဲထိုးလေးကို ခပ်တည်တည်နဲ့. .

“ လက်ဖက်ရည် တစ်ခွက် ၊ လန်ဒန် နှစ်လိပ် ဟေ့။ ”

လို့ ခပ်တည်တည် မှာလိုက်တယ်။ ခဏနေတော့ စားပွဲထိုးလေးက လက်ဖက်ရည် တစ်ခွက်နဲ့ လန်ဒန် နှစ်လိပ် လာချတယ်။ ဒီတော့ ဖိုးထောင် ခပ်တည်တည်နဲ့ လက်ဖက်ရည် တစ်ခွက်နဲ့ လန်ဒန် နှစ်လိပ်ကို အရသာခံပြီး သောက်ကြည့်လိုက်တယ်။ ဒါပေမဲ့ သူ ဘယ်လိုမှ ခံစားလို့ မရဘူး။ “ ဘယ်လိုလုပ် သာလှ က အရသာ ရှိတယ် ” လို့ ပြောတာလည်း သူ နားမလည်။ ပါးစပ်ထဲမှာ စပ်တတ်တတ် နဲ့ပဲ လို့ပဲ ထင်မိတယ်။

ဒါနဲ့ သူ မြို့မှာ နေခဲ့တဲ့ တစ်ပတ်လုံးလုံး လက်ဖက်ရည် တစ်ခွက် နဲ့ လန်ဒန် နှစ်လိပ် သူ ပုံမှန်သွားသောက်တယ်။ သူ ဘယ်လိုမှ အရသာ မခံတတ်ဘူး။ ဘာကြီးမှန်း မသိဘူးပေါ့။ ငါက အညာသား ၊ ရွာသားမို့လို့ အရသာ မရှိတာလား ၊ ဒီလိုလည်း သူ လက်မခံချင်. . ၊ ဒါနဲ့ပဲ သူကြီးက ပြန်မယ် ဆိုတော့ သူလည်း ရွာကို ပြန်လာရတော့တာပေါ့လေ။

ရွာကို ရောက်တော့ အခုမှ မြို့က ပြန်လာတယ် ဆိုတဲ့ သူ့ဆီကို လူတွေ အုံလာပြန်တယ်။ သာလှ က နောက်ကျသွားပြန်ပြီလေ။ ဒီတော့ ဖိုးထောင်ကလည်း ဟိတ်ကြီးဟန်ကြီးနဲ့ ပြောတယ်။ ဘယ်မှာ ဘယ်လိုတွေ လှနေတာ။ မြို့က အထည်ရောင်းတဲ့ နေရာတွေ ဘယ်လို လှတာ။ ဘာတွေက ဘယ်လို စားကောင်းတာ.။ သူလျှောက်ပြောနေတုန်း သူ့စကားကို နားထောင်နေတဲ့ တစ်ယောက်က သတိရပြီး. ..

“ ဖိုးထောင်..၊ သာလှ မြို့သွားတုန်းက သောက်ခဲ့တယ် ဆိုတဲ့ လက်ဖက်ရည် တစ်ခွက် နဲ့ လန်ဒန် နှစ်လိပ် ၊ မင်း ရောက်တော့ သောက်ဖြစ်ခဲ့သေးလား။ ”

“ သောက်ဖြစ်တာပေါ့ဗျာ။ ရောက်ကတည်းက တစ်ရက်မှ မပျက်ဘူး။ နေ့တိုင်း မနက် ၊ ညနေ နေ့တိုင်း သောက်တယ်။ ”

“ ဟုတ်လား။ ဘယ်လိုနေလဲကွာ။ သာလှ ပြောတာကတော့ အရသာ လွှတ်ရှိတယ် ဆိုပဲ။ လွှတ်သောက်လို့ ကောင်းတယ် ဆို...။ ”

“ ဘယ်ကလာဗျာ.။ အဲဒါ သာလှ ညာနေတာဗျ။ ကျူပ် နေ့တိုင်း သောက်ခဲ့တာပဲ။ ဘာမှ အရသာ မရှိဘူး။ စပ်တတ်တတ်ပဲ ဖြစ်တယ်။ ”

“ ဟုတ်လား။ သာလှ ပြောတော့ သောက်ကောင်းတယ် ဆိုလို့ပါကွာ။ မင်းက ဘယ်လို သောက်ခဲ့လဲ။ ”

ဒီတော့ ဖိုးထောင်က မျက်နှာကို မော့ ၊ ရင်ကို ကော့လိုက်ပြီး .. .

“ ဟ ဘယ်လို သောက်ရမလဲ။ စားပွဲ သိမ်းတဲ့ ကောင်လေးကို ဟေ့ လက်ဖက်ရည်တစ်ခွက်နဲ့ လန်ဒန် နှစ်လိပ် ဆိုပြီး မှာလိုက်တယ်။ သူလာချတော့ လက်ဖက်ရည်ထဲကို လန်ဒန် နှစ်လိပ် ချေထည့်ပြီး သောက်လိုက်တာပေါ့ဗျာ။

အလကားပါဗျာ။ သာလှ ညာပြောတာ။ ဘာမှ အရသာ မရှိဘူး။ စပ်တတ်တတ် နဲ့။ ”

တဲ့။
ကဲ.. အညာသားဖိုထောင်များ ဘယ်လောက်တောင်မှ လည်သလဲလို့နော်..။


( ဆက်ရေးပါဦးမယ်...အညာသားဖိုးထောင် အခန်းဆက်)

ကိုဇော် တင်ပြသည်။

.

Share/Bookmark

4 ယောက် ရဲ့ ထင်မြင်ချက်:

ဝက်ဝံလေး said...

ဟိဟိ ကိုဇော် အဲဒီ ဖိုးထောင် တော်တော်လည်တယ်နော် ဟားဟားးးးးးးးးးးးး

Anonymous said...

ဟာဂျာ...အညာသား သိက္ခာတော့ ကျပါပြီး...း)

Flower said...

ကိုယ်တွေ့ အတွေ့အကြုံတွေကို အညာသားနံမည်လေး တပ်ပြီး ဝေမျှတာ ကျေးဇူးပါ.. ဖတ်ရတာ ရွှင်လန်းပါတယ်.. နောက်လဲ ခုလို ကိုယ်တွေ့လေးတွေ ရေးပါဦးလို့.. ဟိဟိ

သိင်္ဂါကျော် said...

ဟာသလေး ဖတ်သွားပါတယ်..