မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


25 January 2010

5 မလေးရှားမှာ ကလည်ကုလားများ တယ်ဆိုး ဆိုပဲ

မလေးရှားမှာ မလေးလူမျိုး ၊ တရုတ်လူမျိုး ၊ ကလည်ကုလား လူမျိုးဆိုပြီး အဓိက လူမျိုး သုံးမျိုး နေထိုင်ကြပါတယ်။

အဲဒီအထဲကမှ ကလည်ကုလားတွေက မလေးရှားမှာ တော်တော် ဆိုးနေတယ် ဆိုပဲ ။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ မိဘတွေ ၊ ဆွေးမျိုးတွေ ၊ သူငယ်ချင်းတွေဆီကို ရောက်လာတဲ့ သတင်းတွေက တစ်ခုမှ မကောင်း။ ပိုက်ဆံလုတယ်။ ရိုက်နှက်တယ်။ အဓမ္မကျင့်တယ်။ သြော်...မျိုးစုံနေတာပါပဲလား။

ဒီအကြောင်းလေးတွေ ကျွန်တော်ပြောပြရင် ပါဒစပ် အဟောင်းသားနဲ့ နားထောင်နိုင်ပါ့မလား။ အသံ မထွက်ပဲနဲ့လေ။ ကဲ ပြောကြည့်ရအောင်. . .


ဖြစ်စဉ် ( ၁ )

“ အမေ . .သားတော့ ဒီလ ပိုက်ဆံ မလွှဲနိုင်တော့ဘူး အမေရယ်။ ”

“ ဟယ်..ဘာဖြစ်လို့လဲ သားရယ်။ ”

ကျွန်တော် အဆောင်ကနေ အပြင်ထွက်ဖို့ လုပ်တော့ အလုပ်ထဲက ညီလေး တစ်ယောက်က သူ့အိမ်ကို ဖုန်းပြောနေတာနဲ့ တူတယ်။ ဒါနဲ့ ဖိနပ်စီးနေရင်း ဘာဖြစ်တာလဲ ဆိုပြီး နားထောင်နေမိတယ်။ သူက ဖုန်းကို စပီကာဖွင့်ပြီး ပြောနေတော့ ဟိုဘက် ဒီဘက် ပြောနေတာတွေ ကြားနေရတယ်။

“ ဟုတ်တယ် အမေရယ်။ ကုလား သုံးကောင်ပေါ့ဗျာ။ သားပိုက်ဆံတွေကို ရိုက်ယူသွားတယ်။ ”

“ ဟယ်..ဖြစ်ရလေ သားရယ်။ ”

ကျွန်တော်လည်း ဒီလိုကြားပြီးရော ကျွန်တော်လည်း “ ဟာ ” ခနဲ့ ဖြစ်သွားတယ်။ ပြီးတော့ ဒီကောင်ကွာ ပေါ့ဆ လိုက်တာလို့လည်း တွေးမိတယ်။ ဒါပေမဲ့ သူကလည်း သူ့အိမ်နဲ့ ပြောနေတာ ဆိုတော့ ဘာမှ ဝင်မပြောမိပါဘူး။

“ ဟုတ်တယ် အမေရာ ၊ ဒါကြောင့် သား ဒီလ ပိုက်ဆံ မလွှဲနိုင်တော့ဘူးလို့ အမေ့ကို သားသူငယ်ချင်းဆီက ပိုက်ဆံချေးပြီး ဖုန်းထဲ ပိုက်ဆံထည့်ပြီး ဆက်တာပါ။ ”

“ အေးပါ သားရယ်။ သားရော ဘာဖြစ်သွားလဲ။ ရိုက်လုသွားတာဆို..။ ”


“ သားကတော့ ဘာမှ မဖြစ်ပါဘူး အမေရယ်။ သူတို့ လိုတာ ပေးလိုက်တော့ ယူပြီး ထွက်သွားတာပါပဲ။ သား ပိုက်ဆံ မလွှဲနိုင်တဲ့ အကြောင်း အမေ့ကို ပြောတာနော်။ သား ဖုန်းထဲမှာ ပိုက်ဆံလည်း သိပ်မရှိဘူး။ ဒါပဲနော် အမေ။ ”


“ အေးပါ သားရယ်။ အမေ စိတ်ပူလိုက်တာ။ သားလည်း ကျန်းမာရေး ဂရုစိုက် ။ အရာရာလည်း သတိထားနော်။ ”


“ ဟုတ်ကဲ့ အမေ။ အမေလည်း ကျန်းမာရေး ဂရုစိုက်နော်။ သားဖုန်းချလိုက်တော့မယ်။ ”

သူ ဖုန်းချလိုက်ပြီးတော့ ကျွန်တော်ဘက် ကိုလှည့်လာတော့ သူ့မျက်နှာက ခုနက ဖုန်းဆက်တုန်းက မျက်နှာမျိုး မဟုတ်တော့ပဲ ပြောင်စပ်စပ် ဖြစ်လာတယ်။ ဒါနဲ့ နားမလည်သော ကျွန်တော်က . .

“ ဘယ်လို ဖြစ်တာလဲ . .မောင်---- ။ ဘယ်လို ဖြစ်ပြီး ကုလား သုံးကောင်က ရိုက်လုသွားတာလဲ။ ဘယ်က ကုလားတွေလဲ။ ”

“ ဟီး....ဒီလိုပါပဲ ကိုဇော်ရယ်။ ”


“ ဘာ ဒီလိုပဲလဲကွ။ ဘယ်က ကုလားတွေလည်း ငါ့ကို ပြော။ ”

“ ဟိုက ကုလား သုံးကောင်လေး ကိုဇော်ရာ။ ”


“ ဘယ်ကုလား သုံးကောင်လဲ။ ”

“ ဂျက် ၊ ကွင်း ၊ ကင်းလေ ကိုဇော် ။ ”

“ ဘာ ၊ ဘယ်လို..။ မင်းပြောတော့ ရိုက်လုသွားတယ်ဆို..။ ”

ဒီတော့ သူက ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး . .

“ ဟုတ်တယ်လေ.. ကိုဇော်ရာ..။ သူတို့ ရိုက်လုတယ် ဆိုတာ ဒီလို . ဒီလိုလေ. . .။ ”

ဆိုပြီး သူ့လက်နှစ်ဖက်ကို တစ်ခုနဲ့ တစ်ခု “ ဖပ်...ဖပ် ။” နဲ့ မြည်အောင် ရိုက်ပြရင်း . . .

“ ဒီလို ရိုက်တာလေ. ကိုဇော်ကလဲ...ပိန်းပါ့။ ”


တဲ့။ ဒီတော့မှပဲ ကျွန်တော်လည်း သဘောပေါက်တော့တယ်။ သူ့ကို ရိုက်လုသွားတယ် ဆိုတာ လူကုလား သုံးကောင်မဟုတ်ပဲ။ “ ဖဲကုလား ” သုံးကောင်ဖြစ်နေတော့တာကိုး။ ဒါကိုများ ဖဲရှုံးတယ်လို့ မပြောပဲ ကုလားရိုက်လုတယ် ဆိုပြီး မိဘကိုပါ စိတ်ပူအောင် ပြောသေးတယ်။ ဒါနဲ့ တင်မပြီးသေးဘူး။ ဒီက ကုလားတွေကလည်း မြန်မာနိုင်ငံအထိ မလေးရှားမှာ ကုလားတွေ ရိုက်လုနေတယ်ဆိုပြီး နာမည်ကျော်ကြားလာဦးမယ်။ အင်း ခက်ပါဘိ။

ဒါကြောင့် ကျွန်တော် ပြောတာဗျ။ မလေးရှားမှာ ကုလားတွေ အရမ်းဆိုးနေတယ် ဆိုတာ။



ဖြစ်စဉ် ( ၂ )


“ တီ...တီ...တီ...”

ကျွန်တော့်ဆီ ဖုန်းလာတော့ ကျွန်တော် ကိုင်လိုက်တယ်။ ဒီတော့. . .

“ ကိုဇော် . .၊ ကျွန်တော်တို့ ဒီမှာ အရိုက်ခံရလို့ ++++ လည်း ခေါင်း သုံးချက်ကွဲသွားတယ်။ ကျွန်တော်လည်း မျက်ခုံးကွဲသွားတယ်။ လာခဲ့ပါဦး ကိုဇော်..။ ”

“ ဟာ ဟုတ်လား။ အေးအေး..ခဏနေ ငါ လာခဲ့မယ်။ မင်းတို့ အခု ဘယ်မှာလဲ။ ”

“ ကျွန်တော်တို့ ++++ ဆိုင်မှာ ကိုဇော်။ ”


“ ဟေ . . ဘယ်လို.. ။ ”


“ ဟုတ်တယ် ကိုဇော် ။ ကျွန်တော်တို့ ဒီဆိုင်မှာ စောင့်နေတာ။ ”


“ အေးအေး ခဏစောင့်နေ..ငါ လာပြီ။ ”


ဘာမှန်းတောင်မှ နားမလည်ပေမဲ့ ကျွန်တော် ထထွက်သွားလိုက်တယ်။

ဟိုရောက်တော့ တစ်ကောင်က စားပွဲပေါ်မှာ မှောက်နေတယ်။ သူရဲ့ အင်္ကျီကလည်း သွေးတွေနဲ့ ရွှဲနေတယ်။ ခေါင်းမှာလည်း အရိုက်ခံရတဲ့ ဒဏ်ရာက တကယ်ကို သုံးချက်လောက်ရှိတယ်။

“ ဟာ. . ဒဏ်ရာက ကြီးတယ်ကွ။ မင်းတို့ သူဌေးဆီကို ဖုန်းဆက်ပြီးပြီလား။ ”

“ မဆက်ရသေးဘူးလေ။ ကိုဇော့်ကို စောင့်နေတာ။ ကျွန်တော်တို့ကို ဆက်ပေးပါ။ ”


“ အေး ဆက်ပေးမယ်။ ”


ဆိုပြီး ကျွန်တော် သူဌေးဆီကို ဖုန်းခေါ်လိုက်တယ်။ ခေါ်ပြီးမှ သတိရလို့ ဖုန်းကို ပြန်ပိတ်ပြီး. . .

“ မင်းတို့ ဘယ်လို ဖြစ်တာလဲ ပြောဦးလေ။ ဒါမှ သူဌေးက မေးရင် ငါပြောလို့ရမှာ။ ”

“ ဈေးသွားဝယ်ပြီး ပြန်လာတော့ ကလည်ကုလား နှစ်ယောက်က ဘာမှ မပြောပဲ ရိုက်တာ ကိုဇော်။ ”

“ ဟုတ်လား။ အေးအေး ဒါဆို ငါ မြန်မြန်ဆက်ရဦးမယ်။ ဟိုကောင် သွေးထွက်လွန်ရင် မကောင်းဘူး။ ”



ဒါနဲ့ ကျွန်တော် သူဌေးကို ဖုန်းဆက်ပြောလိုက်တော့ ... သူဌေးက မေးတာပါပဲ။ ဘာဖြစ်တာလဲတဲ့။ သူတို့ ဈေးသွားတယ် ဈေးက အပြန် ကလည်ကုလား နှစ်ယောက်က ရိုက်သွားတာ။ အခု ဒဏ်ရာကြီးတယ်။ ဒါကြောင့် ဆေးခန်းသွားမယ် ။ ဆေးလက်မှတ် ယူလာမယ်။ မနက်ဖြန်မှ ဆေးစာရွက်နဲ့ ရုံးခန်းမှာ အပ်မယ် လို့ ပြောပြီး ခပ်မြန်မြန် ဖုန်းကို ပိတ်လိုက်တယ်။ ခေါင်းကွဲနေသူကို ဆေးခန်းပို့ရဦးမယ်။ မျက်ခုံးကွဲသွားသူကတော့ ဘာမှ ပြဿနာမရှိ။ နည်းနည်းလေး။

“ ကဲ..ဆေးခန်းသွားမယ်။ ဟိုကောင့်ကို ထူထူ ။ ”

ဆိုပြီး ခေါင်းကွဲပြီး မှောက်နေသူကို ဝိုင်းထူမယ် လုပ်လိုက်တော့ မှောက်နေတဲ့ ကောင်ဆီက အနံ့တချို့ရတယ်။ အရက်နံ့။

“ ဟာ ဒီကောင် အရက်သောက်ထားတာလား။ ”

“ ဟုတ်တယ် ကိုဇော်။ ”


မျက်ခုံးကွဲသွားသူက ပြောတယ်။

“ အေး ထားလိုက်တော့..လာလာ ဆရာဝန်ဆီသွားမယ်။ ”

ကျွန်တော် စက်ရုံက သွားနေကြ ဆေးခန်းကို သွားမယ် လုပ်တော့..

“ ကိုဇော် အဲဒီ ဆေးခန်းကို သွားလို့ မရဘူးနော်။ ”

“ ဘာလို့လဲ ။ ”


“ ကျွန်တော်တို့ အရက်သောက်ထားတယ်။ ပြဿနာ တတ်နိုင်တယ်။ ”

သြော်.. ဒါတော့ သိသားပဲ လို့ ကျွန်တော် တွေးရင်း မြန်မာဆေးခန်းကို ခေါ်သွားလိုက်တယ်။ ဒါနဲ့ ချုပ်လို့ပြီးတော့ Taxi ငှားစီးပြီး အဆောင်ကို ပြန်လာတယ်။ စိတ်ထဲမှာလည်း မတင်မကျ ဖြစ်နေတယ်။ အဆောင်ရောက်တော့မှ ..

“ နေဦးကွ။ မင်းတို့ကို ငါ စိတ်ထဲ မတင်မကျ ဖြစ်နေတာ မေးရဦးမယ်။ ဒီလောက် ခေါင်းမထူနိုင်အောင် မူးနေတဲ့ ကောင်ကို ဘာလို့ ဒီကလည်ကုလားတွေက ရိုက်သွားတာလဲ ဆိုတာကို သိချင်နေတယ်ကွ။ ငါ့ကို ပြောစမ်းပါဦး။ ”

“ အဟီး...ဒီလိုပါပဲ ကိုဇော်ရယ်။ ထားလိုက်ပါတော့. .။ ”


“ ဟေ့ကောင် ထားလို့ရမလား။ မနက်ဖြန် ငါက သူဌေးဆီကို သူမေးရင် ဝင်ပြောရဦးမှာ ပြီးတော့ ဟိုကောင် MC ရအောင် ဆေးစာရွက်နဲ့ ပြောပေးရဦးမှာ ၊ ငါ့ကို သေသေချာချာပြော။ ”

“ ဒီလိုပါ ကိုဇော်ရယ်။ ပြောရင် ကိုဇော်က စိတ်ဆိုးဦးမယ်။ ပြီးတော့ ကျွန်တော်တို့ဆီ မလာမှာ စိုးလို့ ပါ။ ”

“ ဘာဖြစ်တာလဲ သေချာပြော ဟေ့ကောင်။ ”

“ တကယ်က ကိုဇော်။ ကျွန်တော်တို့ အရိုက်ခံရတာ ဈေးသွားရင်း မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့ကို ရိုက်တယ် ဆိုတာ ကလည်ကုလားလည်း မဟုတ်ဘူး။ ”


“ ဟေ. . ဒါဆို မင်းတို့ကို ဘယ်သူတွေ ရိုက်တာလဲ။ ”


“ မြန်မာတွေပဲ ကိုဇော်။ ”

“ ဘာကွ.။ ဘာလို့ ရိုက်တာလဲ။ ”


“ ဒီလိုလေ..ဟိုကောင်နဲ့ ကျွန်တော် ခုန မြန်မာဆိုင်မှာပဲ သောက်နေတာပါ။ သောက်ရင်း အရမ်းမူးလာတော့ ဟိုကောင်က အိမ်သာသွားမယ် ဆိုပြီး ထတယ်။ အရမ်းမူးနေတော့ သူ့ဖာသာ မထိန်းနိုင်ပဲ။ ဘေးဝိုင်းက ကောင်တွေ ပေါ်ကို ထိုးလဲသွားတယ်။

ဟိုကောင်တွေကလည်း ဘာမှတော့ မပြောပါဘူး။ ဒါကို ကျွန်တော်တို့ ကောင်ကပဲ လူလာနေတာ မင်းတို့ မမြင်ဘူးလား ဆိုပြီး လုပ်တယ်။ ဒီတော့ မူးနေသူ အချင်းချင်းဆိုတော့ စကားများကြပြီး ဆော်သွားတာပဲ ကိုဇော်ရာ။ ကျွန်တော်မှ ဝင်ဆွဲနေရင်း မျက်ခုံးကွဲသွားတာလေ။ ”

“ သြော်...ဒါကို ငါ့ကို အမှန်မပြောပဲ ၊ ကလည်ကုလား ဈေးက အပြန်ရိုက်တယ် လို့ ဘာလို့ ပြောတာလဲ။ ”

“ ဒီလို အမှန်ပြောရင် ကိုဇော်က ဘယ်လာပါ့မလဲ။ နောက်ပြီး သူဌေးကို ဘယ်သူက ပြောပေးမှာလဲ။ ဒါကြောင့်ပါ...စိတ်မဆိုးနဲ့နော်..။ ဟီး..KFC ဝယ်ကျွေးပါ့မယ် အဟဲ..။ ”


တောက်.. ကိုယ့်ဖာသာ သောက်စား မူးရူးပြီး အရိုက်ခံရတဲ့ဟာကို နေရင်းထိုင်ရင်း ကလည်ကုလားက နာမည်ပျက်ရသေးတယ်။ ပြီးတော့ ကိုယ်ကလည်း နေရင်း ထိုင်ရင်း သူဌေးကိုလည်း လိမ်လိုက်ရ ၊ ဆေးခန်းကိုလည်း လိမ်လိုက်ရသေးတယ်။ ငါကလည်း ငါပဲ မနေတတ်လိုက်တာ..။

ဒါကြောင့် ကျွန်တော် ပြောတာဗျ။ မလေးရှားမှာ ကုလားတွေ အရမ်းဆိုးနေတယ် ဆိုတာ။


ဖြစ်စဉ် ( ၃ )

“ +++++ ကောင်မလေး ၊ မနေ့က သူ့အခန်းကို ကလည်ကုလားက ဝင်ဖောက်သွားတယ်တဲ့။ ”

“ ဟာ။ ဘယ်လို ဖြစ်တာလဲ။ ဒါဆို ကုန်ပြီ ထင်တယ်။ ”


“ မသိပါဘူး ကိုဇော်ရာ။ သူ အလုပ်သွားနေတုန်း ဖောက်သွားတယ် ပြောတာပဲ။ ”


“ ဒါထက် ဒီကောင်မလေးမှာ သူ့ကောင်လေး ရှိနေတာပဲလေ။ သူ့ကောင်လေးက မသိဘူးလား။ ”


“ ဒါတော့ ကျွန်တော်တို့လည်း ဘယ်သိမလဲ ကိုဇော် ရယ်။ အခုလည်း သူများ ပြောလို့ သိတာလေ။ ”

“ အေးကွာ၊ စိတ်တော့ မကောင်းဘူး ညနေ မှ သွားကြည့်ရအောင်။ ”


ကျွန်တော်နဲ့ ညီလေး ၂ ယောက် ညနေ ဒီကောင်မလေး အခန်းဆီကို သွားကြည့်တယ်။ သူက သူဌေးပေးထားတဲ့ အခန်း မှာ နေတာ။ သူနဲ့ အတူတူ အလုပ်တူ ကောင်မလေး ၃ ယောက် ၊ အားလုံး ၄ ယောက် အတူတူ နေပါတယ်။ ကျွန်တော်နဲ့တော့ သိပ်ခင်လို့ မဟုတ်ပါ။ ဒီအထဲက တစ်ယောက်က ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ ကြိုက်နေတော့ လာလည်ရင်း သိရုံလောက်သာ။ အခုတော့ လူမှုရေး အနေနဲ့ သွားတာပါ။

သူ့တို့ အခန်းရောက်တော့ ကျွန်တော့်စိတ်ထဲ တစ်မျိုးကြီး အခန်း အဖောက်ခံရတယ် သာ ပြောတယ်။ တံခါးကလည်း အကောင်းအတိုင်း။ ပြူတင်းပေါက်ဆိုတာတွေကလည်း သံတိုင်တွေ ကာထားတာ။ ဘယ်လို ဝင်ပါလိမ့်ပေါ့လေ။

“ ဘယ်လို ဖြစ်တာလဲ ညီမ။ ဘယ်လောက်ပါသွားလဲ။ ”

သူက ကျွန်တော့်ကို တွန့်ဆုတ်ဆုတ်ပုံစံလေးနဲ့. . .

“ ပေါင်းအိုးတွေ ၊ မီးပူတွေ ၊ အဝတ်အစား ကောင်းတာတွေ မ သွားတယ် အစ်ကို။ ”


“ သြော်.. ညီမ ကောင်လေး +++ ကရော ၊ ဘယ်ပျောက်နေလဲ။ သူရော ဘာမှ မသိဘူးလား။ အစ်ကို ရဲတိုင်ပေးရမလား။ အခု လှမ်းခေါ်လိုက်မယ်။ ”

ဒီတော့ သူက ပြာပြာသလဲနဲ့. . .

“ ရပါတယ် အစ်ကို။ ပါသွားတာလည်း များများစားစား မဟုတ်တော့ နောက်ထပ် မဖြစ်အောင်ပဲ ဂရုစိုက်တော့မယ်။ မတိုင်တော့ပါဘူးနော်။ ”

“ အေးအေး ဒါဆိုလည်း ပြီးတာပါပဲ။ အစ်ကိုကလည်း ညီမတို့နဲ့ မနီးတော့လေ။ လာရင် တကုးတက လာရတာလေ။ ဒါကြောင့် လာဖြစ်တုန်း မေးတာပါ။ ဒါဆို အစ်ကိုလည်း ပြန်ဦးမယ်နော်။ ”

“ ဟုတ်ကဲ့။ ”

ကျွန်တော် လှည့်သာ ပြန်လာတယ်။ စိတ်ထဲက တစ်မျိုးကြီး ။ ဘာလို့ အခန်းဝင်ဖောက်တာ အခန်းတံခါးကြီးက ဘာမှ မဖြစ်တာလဲ။ အခု အကောင်းကြီး.။ အိမ်ပြန်ရောက်လို့ ခဏနေတော့ ဖုန်းဝင်လာတယ်။ ဖုန်းကို ကြည့်လိုက်တော့ ခုနက ကောင်မလေးဆီက.. .

“ ပြော ညီမ..။ ဘာဖြစ်ပြန်ပြီလဲ။ ”

“ ဟို..ဟို..အစ်ကို ဘာမှ မဖြစ်ပါဘူး။ အစ်ကို ညီမတို့ ကိစ္စကို ရဲတိုင်မှာ စိုးလို့ပါ။ ”

“ သြော်..ညီမရယ်။ ကိုယ့်အခန်းကို ဝင်ဖောက်သွားတာပဲ တိုင်သင့်တာပေါ့။ ဒါပေမဲ့ ညီမတို့ စိတ်မပါဘူးဆိုရင် အစ်ကို လုပ်စရာ မရှိပါဘူး။ ဒါထက် ညီမက ဘာလို့ ရဲတိုင်မှာ ကြောက်နေရတာလဲ။ ”

“ အဲဒါ အစ်ကို...ဟိုလေ...ဟိုဟာက..။ ”


“ ဘာဖြစ်နေတာလဲ ညီမ။ သေချာ အစ်ကို့ကို ပြော..။ ”

“ ဟုတ်ကဲ့.။ ဒီလို အစ်ကို။ တကယ်တော့ ဒါကို ဝင်ဖောက်ပြီး ယူသွားတာတော့ ဟုတ်ပါတယ်။ တကယ်ကို အဖောက်ခံရတာပါ။ ဒါပေမဲ့ ဒါကို ဖောက်သွားတာက ကလည်ကုလား မဟုတ်ပါဘူး။ ”


“ ဘာ..။ ဒါဆို ကလည်ကုလား မဖောက်ရင် ဘယ်သူ ဖောက်တာလဲ။ ”


“ ဟို.ဟိုဟာလေ..။ သူ...သူ....သူ...။ ”


“ ဘယ်သူတုန်း...ငါက စိတ်မရှည်ရတဲ့ အထဲနော်။ ”


“ ဟုတ်..အစ်ကို...၊ သူ ဆိုတာ +++++ လေ။ ”


“ ဘာ..နင့်ကောင်လေး ဝင်ဖောက်တာပေါ့။ ”


“ ဟုတ်..။ တိုးတိုးလုပ်ပါ အစ်ကိုရယ်။ သူများတွေ ကြားဦးမယ်။ ”

“ အောင်မာ..နင်က သူ့ကို ကာပြောနေသေးတယ်။ သူဖောက်တာလို့ နင်ဘယ်လိုလုပ် ပြောနိုင်လဲ။ ”


“ သူက ဟိုနေ့က ပြောတယ်။ သူ ဖဲ ရိုက်ချင်လို့ ၃၀၀ လောက်လို့ တောင်းတယ် အစ်ကို။ ညီမက ဖဲ ရိုက်တာ မကြိုက်ဘူးလေ။ ဒါကြောင့် သူ့ကို မပေးဘူး။ ဒီတော့ သူက မပေးရင် နင့်အခန်းထဲကို ဝင်မွှေပြီး ယူမှာနော် တဲ့။ ”


“ ဟ ...ဒီလို ယူရအောင် သူ့မှာ သော့ရှိလို့လား။ ”


“ ဟုတ်ကဲ့။ သူ့ကို ကော်ပီ လုပ်ပေးထားမိတယ်။ ”


“ အေး ကောင်းရောပေါ့။ ဒါကြောင့် ငါ ထင်နေတာ. ဖောက်တယ် လည်း ပြောသေးတယ်။ အခု တံခါးတွေလည်း အကောင်းကြီးပါလို့။ ”


“ ဟုတ်တယ် အစ်ကို။ အစ်ကိုကတော့ သိမှာပဲ ဆိုပြီး အခု ကြိုပြောလိုက်တာ။ ရဲတော့ မတိုင်ပါနဲ့ အစ်ကို ရယ် ဘာပြောပြော ညီမ နောက်ဆို သော့လဲပြီး သူ့ကို မပေးတော့ပါဘူး။ ”


“ အေးပါ..အေးပါ။ ကိုယ့်ဖာသာလည်း ကောင်လေးကို သေချာ ပြောပေါ့ ညီမရယ်။ ”


ဒါနဲ့ပဲ ကျွန်တော် နဲ့ ဒီကောင်မလေး စကား ဆက်မပြောဖြစ်တော့ပါဘူး ။ သြော်.. မိန်းကလေးတွေ ဆိုတာကလည်း ကိုယ်ချစ်မိတဲ့ သူဆိုရင် စိတ်ချမ်းသာစေချင်တယ် မဟုတ်လား။ သူ့ကို မကောင်းပေမဲ့လည်း ပြဿနာတော့ မတတ်စေချင်ဘူး။

ကျွန်တော်တို့ ယောကျာ်းလေးတွေလည်း ဘာထူးသေးလဲဗျာ။ ချစ်သူက ဒါဖြစ်ချင်တယ် ဆိုရင် ဂျွမ်းတောင်မှ ထိုးပြီး ဟတ်ထိုးလဲကျမတတ် လုပ်ပေးတတ်တာပဲလေ။ အချစ်ဆိုတာ ဒါပဲ နေမှာပါ။ ဒါပေမဲ့လည်း ကျွန်တော်ရယ် ၊ ဒီကောင်မလေးရယ် ၊ သူ့ကောင်လေးရယ် ဒီဖောက်ထွင်းမှုကြီးရဲ့ တရားခံကို သိလိုက်ရတယ်။ တခြားလူတွေ အားလုံးရဲ့ စိတ်ထဲမှာ ၊ နားထဲမှာတော့ “ ကောင်မလေးတစ်ယောက်ရဲ့ အခန်းကို ကလည်ကုလားက ဝင်ဖောက်သွားတယ်။ ” ဆိုပြီး အားလုံး သိနေ ၊ ကြားနေ ကြရပါတော့တယ်။

ဒါကြောင့် ကျွန်တော် ပြောတာဗျ။ မလေးရှားမှာ ကုလားတွေ အရမ်းဆိုးနေတယ် ဆိုတာ။


မှတ်ချက်။ ။ တကယ်ဆိုးနေသော ၊ လုနေသော ၊ ရမ်းကားနေသော ကလည်ကုလားများလည်း ရှိပါတယ်။ သို့သော် များသော အားဖြင့်ကတော့ ကိုယ့်မြန်မာတွေက... . . . . အင်း...။


ကိုဇော် ခံစားတင်ပြသည်။

.

Share/Bookmark

5 ယောက် ရဲ့ ထင်မြင်ချက်:

ဝက်ဝံလေး said...

အင်းးး ကိုဇော်ရေ ကုလား တွေ တော်တော် ဆိုးနော် ဟိဟိ

မြသွေးနီ said...

ဟူး...မလွယ်ပါလား ကိုဇော်ရေ..။
သက်ပြင်းသာ တွင်တွင်ချမိပါတယ်။

သိင်္ဂါကျော် said...

အတွေ့အကြုံလေးတွေ ဖတ်သွားပါတယ်..

ရွှေ ယွန်း ဝါ said...

ကလည်ကုလားဆိုတာ ဘာကုလားလဲဗျ။ သိဘူး။ မျက်လုံးကလယ်ကလယ်နဲ့ လား?
စာတွေတော်တော်ရေးနိုင်တယ်နော် အကို။ လေးစားတယ်။
တစ်နေ့ မရေးရင်မနေနိုင်ဘူးထင်တယ်။
ပြီးတော့ တစ်နေ့ ကိုငါးပုဇ် ၊ ခြောက်ပုဇ်ရေးတဲ့နေ့ လဲရှိတယ်နော်။

Flower said...

ကဲ.. ပြောကုန်ပြီ.. လျှော့ပါဦးဆိုတာ
ဒီစာထဲကလို ကိုယ့်အပြစ်ကို သူများကို လွှဲချတာတော့ လုံးဝကို မကြိုက်ဘူး.. ထောက်လဲ မထောက်ခံဘူး...များများတော့ မပြောတော့ပါဘူး..