မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


03 January 2010

1 အွန်လိုင်း အက်ဆေး



မင်း.....
ငါ.......

သူ......

သူတို့.....


ဗစ်တာဟူးဂျိုး.....

လူးဝီကာဆာ....

နပိုလီယံ....

ဟစ်တလာ...


ကလင်တန်....

ဂျော့ဒဘလူဘုခ်ျ...

ဘင်လာဒင်...

အိုဘားမား....

သူတို့တွေလည်း မလွတ်ပါဘူး။


ပီတာရှမိုက်ကယ်...

ဝက်စတာဗဲလ်....

ဘားသက်ဇ်....

ဗန်ဒါဆား...

သူတို့တွေလည်း ဖမ်းနိုင်ပါ့မလား။


ဒီတော့ . .

သေချာ..ဆုံးအောင် ဖတ်ကြည့်မလား။

သင်. . .

အံ့သြစရာတွေ့ရမယ် ၊

ထိတ်လန့်စရာ တွေ့ရမယ် ၊

ရင်နာစရာ တွေ့ရမယ် ၊

ပြီးတော့. . .

Online အချစ်အကြောင်း သိရမယ် ၊

ဘာလို့လည်း ဆိုတော့ .. .

ဒီဇာတ်မှာ ကျွန်တော် ကိုယ်တိုင် ဝင်ပြီး ကပြထားလို့ ဖြစ်တယ်။ ။


တစ်ခါက အသံဖမ်းတဲ့ စတူရီယိုခန်းမကို ရောက်ဖူးတယ်။ အဲဒီမှာ ရေးထားတယ်။ “ On Air ” တဲ့။ ငါက “ လေပေါ်မှာ ” အောက်မေ့လို့ မဟုတ်ဘူးတဲ့။ “ အသံသွင်းနေသည်။ ” လို့ ဆိုလိုတာကို နောက်မှ ကျွန်တော် သိလိုက်ရတယ်။

ကျွန်တော်က ဘဝဆိုးစွာနဲ့ပဲ တချို့စကားလုံးတွေကို နားမလည်ပါ။ ဘာသာလည်ူး မပြန်တတ်။ “ Online ” တဲ့။ ချောက်တိချောက်ချက်နဲ့ ဘယ်လို ဘာသာပြန်ရပါ့မလဲ။ “ On Air ” ကို “ အသံသွင်းနေသည်။ ” ဆိုရင် “ Online ” ဆိုရင် “ လိုင်းသွင်းနေသည်။ ” လား။ ဟာ..မဟုတ်သေးပါတူး။ ကျွန်တော် ဘာသာမပြန်တတ်ပါ။ ဘယ်လိုလည်းတော့ ကျွန်တော် မသိမသာ သူ့ကို စောင့်ကြည့်မိတယ်။

ဟိုတစ်လောက ကျွန်တော် သူငယ်ချင်းတစ်ယောက် မျက်ရည်နဲ့ မျက်ခွက် ဖြစ်ရတယ်။ “ Online ” ပေါ်မှာ ချစ်ကြ ၊ ကြိုက်ကြတယ် ဆိုလို့တဲ့ အင်တာနက် ဆိုင်နဲ့ နီးနေပြီး အမြဲကြားနေရတဲ့ ဆိုက်ကားသမား တစ်ယောက်က အင်တာနက်ဆိုတာကို ပိုက်ဆံကုန်ခံပြီး လေ့ကျင့်တယ် ပြီးတော့ ရပ်ကွက်ထဲက ကောင်လေးတွေ ပြောနေသလို အင်တာနက်ကနေ ကြိုက်ကြပြီး အပြင်မှာ ချိန်းပြီး တွေ့တယ် ဆိုတော့ သူကလည်း ဒီလို ဖြစ်ချင်တယ်။ ဒါနဲ့ သူအကောင့်လေးကို ရည်ရွယ်ချက်ကြီးစွာ လုပ်ပြီး “ Online ” တတ်လာသော ကောင်မလေး မှန်သမျှကို မေးလ်ထဲရောက်လာတဲ့ မေးလ်တစ်စောင်က အကောင့်တွေကို Add ပြီး Invite လုပ်တယ်။

နောက်တော့ “ Online ” ဆိုတာ ဒီအထဲမှာ ရှိနေတဲ့ မိန်းကလေးတွေက ပြောလိုက်တာနဲ့ ပါလာတာပဲ လို့ ထင်နေပုံရတယ်။ သူနဲ့ လိုင်းပေါ်မှာ တွေ့တာနဲ့ ဟိုဟာပြုချင်တယ် ဆိုပြီး စပြောတော့တာပဲ။ မိန်းကလေးတွေ ကလည်း ဘာမှ မသိတော့ ကြောက်ကြ ရှက်ကြတာပေါ့။ ဒါနဲ့ နောက်ဆုံး လက်နက် Block ။ ကျွန်တော့် သူငယ်ချင်းလည်း မျက်ရည်နဲ့ မျက်ခွက် ။

ကျွန်တော့်ကို အကူအညီတောင်းတော့ ကျွန်တော့် သူ့အကောင့်ကို Add ပြီးတော့ မေးကြည့်တော့မှ “ အွန်လိုင်းက ကောင်မလေးလေးတွေက ခေါ်လို့ရတယ် ” ပြောလို့တဲ့.။ ဒီလို ပြောသွားခဲ့တဲ့ ဒီဆိုက်ကားသမားကို ကျွန်တော်လည်း Block ။ အချိန်တွေ ကုန်လို့ပါ။ နောက် ..ကျွန်တော် ပါးစပ်ကတော့....“ တောက်.... ” ။

“ Online ” ကဆိုတော့ တစ်ခု ကောင်းတာပေါ့လေ။ သူတို့ ပါးရိုက်မခံရဘူး။ ပြီးတော့ နှောင့်ယှက်မှု နဲ့ ရဲစခန်းမရောက်ဘူးပေါ့။ တစ်ခု ကျွန်တော် စဉ်းစားမိတာက ဒီလို လူတွေ ဒီလို ပြောရဲအောင် ဘယ်လို မိန်းကလေးတွေက ဘယ်လိုတွေ လုပ်နေတာလဲလို့ပါပဲ။

ဒါ ကျွန်တော် ဘာသာပြန်မိသလို “ Online ” ဆိုတာ “ လိုင်းသွင်းနေသည်။ ” ဆိုတာလား ။ မဟုတ်သေးပါဘူး။ ကျွန်တော်ကလည်း ဘာသာပြန် မှ မကောင်းတာ။

ဟိုးတလောကလည်း ( အားတော့ နာပါတယ်။ သူကလည်း ကျွန်တော့် ဘလော့မှာ အမြဲဝင်ဖတ်နေတာ ဆိုတော့.။ ) ကျွန်တော် လိုင်းပေါ်မှာ ရှိနေတုန်း ကောင်မလေး တစ်ယောက်က ကျွန်တော့်ကို ပြောတယ်။

“ အကိုက မလေးကလား။ ”

တဲ့။ လိမ်စရာ မှ မဟုတ်ပဲ ၊ ပြီးတော့ လိမ်လည်း မလိမ်တတ်တဲ့ ကျွန်တော်က ဟုတ်ပါတယ် လို့ပဲ ပြောခဲ့ပါတယ်။ ဒီတော့ ...

“ တစ်ခုလောက်ကူညီပါလား ။ ”

လို့ ဆက်ပြောတယ်။ “ ဟုတ်ကဲ့ ပြောပါ။ ” ဆိုတော့ ..

“ ဖုန်းခေါ်ချင်လို့ပါ။ ကျွန်မကို ဖုန်းလေး ခေါ်ပေးပါ။ ”

တဲ့။ ဒီလို ခဏခဏ မနေတတ်တဲ့ ကျွန်တော်က အင်တာနက် ဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်းတွေ မလေးရှားက သူတို့သားနဲ့ လာစကားပြောဖို့ ချိန်းထားလို့ စောင့်နေရင်း အဆင်မပြေရင် ကျွန်တော့်ကို အကူအညီတောင်းတတ်ပါတယ်။ ဒါဆိုရင် ကျွန်တော်က မနေနိုင် ၊ မထိုင်နိုင် ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ဖုန်းခေါ်ပေးတတ်ပါတယ်။ စောင့်နေရတဲ့ မိဘတွေကို ကျွန်တော် သနားတယ်။ ဒီတော့ မေ့နေတဲ့ ဒီက လူကလည်း အမောတကော ပြေးရှာပါတယ်။ ဒီလို အချိန်ဆိုရင် ကျွန်တော် ပျော်ရွှင်မှု ပီတိ ကို စားရတယ်။ တချို့ကလည်း ချစ်သူတွေနဲ့ ချိန်းကြတယ်။ သူတို့ အဆင်ပြေသွားရင် ကျွန်တော် ကြည်နူးမှု ပီတိ စားရတယ်။

အခုလည်း လုပ်နေကြဆိုတော့ .. . “ ဟုတ်ကဲ့ ပြောပါ ခေါ်ပေးပါ့မယ်။ ဘယ်သူ့ဆီ ခေါ်ချင်တာလဲ ” ဆိုတော့ သူရဲ့ ချစ်သူတဲ့။ သူ့ဖာသာ ချစ်သူ ဖြစ်ဖြစ် ကျွန်တော် ခေါ်ပေးဖို့ပဲ လိုတာပါ။ ဒါနဲ့ သူ ကျွန်တော့်ကို ဖုန်းနံပါတ် ပေးတယ်။ ကျွန်တော် ကြည့်လိုက်တော့ ဖုန်းနံပါတ်က +၆၀ နဲ့ စတာ မဟုတ်ဘူး။ ကျွန်တော့်မလေးရှားက +၆၀ နဲ့စတယ်လေ။ ဒီတော့...

“ ညီမ ဖုန်းနံပါတ်က မလေးရှားလည်း မဟုတ်ပါလား။ ”

ဆိုတော့ သူက ရယ်ရှာတယ်။

“ ဟုတ်တယ် အကို။ ရုရှားကပါ။ လုပ်ပါ ခေါ်ပေးပါ။ ”

တဲ့။ ဟာ ခက်ပြီ။ ကျွန်တော်က ဖုန်းကို ပိုက်ဆံ သိပ်ထည့်တာ မဟုတ်ဘူး။ အရေးပေါ်အတွက်ပဲ ထည့်တာ။ အခုက မလောက်ဘူးလေ။ မြို့တွင်းပဲ ခေါ်လို့ရမှာ။ ကျွန်တော်ကလည်း အိမ်နဲ့ဆို နက်ထဲကပဲ ပြောတယ်။ ဒါကြောင့် ပိုက်ဆံက မထည့်ထားဘူး။ ဒီတော့ သူ့ကို ရှင်းပြရပြီ။

“ မဟုတ်ဘူးဗျ.။ ကျွန်တော့်ဖုန်းထဲမှာ ပိုက်ဆံ မလောက်လို့ပါ။ သွားထည့်ရဦးမယ်။ ”

“ သွားထည့်လိုက်ပေါ့ အကိုကလည်း ဟီးဟီး။ ညီမတို့ မင်္ဂလာဆောင်ရင် အဝကျွေးပါ့မယ်။ ”

“ အင်...အတင်းကြီးပဲ။ ”
လို့ ကျွန်တော့်စိတ်ထဲမှာ တွေးပြီး . . .

“ နေဦးဗျာ..ရှိတာလေးနဲ့ ခေါ်လိုက်ဦးမယ် ။ ”

ဆိုပြီး ဖုန်းခေါ်လိုက်တော့ ဟိုဘက်က မအား။ ဒါနဲ့ ဖုန်းက ခေါ်လို့မရဘူးဗျ။ ပိတ်ထားလို့လားမသိဘူး ဆိုတော့...


“ မသိဘူး အကိုရယ်။ နေ့တိုင်းတော့ သူနဲ့ တွေ့နေကြပါပဲ။ ဒီနေ့တော့ သူ မတတ်လာလို့။ ”

“ သြော်...မအားလို့ ဖြစ်မှာပေါ့.။ ”

“ ဟုတ်မယ်။ သူ သင်တန်း တတ်နေတာလား မသိဘူး။”

တဲ့ ။ ဒီအချိန်မှာ ကျွန်တော်က ဘာရယ် မဟုတ်။ ကျွန်တော် ဖုန်းထဲက ခုန နံပါတ်လေးကို ပြန်ခေါ်ပေးမလို့ သူ့နံပါတ်ကို ပြန်နှိပ်ရင်း မတော်တဆ Call History ကို သွားနှိပ်မိတယ်။ ဒီတော့ ကျွန်တော် ၄ ခါတောင်မှ ဒီနံပါတ်ကို ခေါ်ထားတယ် ဆိုပဲ။ ဒီနံပါတ်ကို အခုမှ ကျွန်တော် ခေါ်တာလေ ဆိုပြီး ကျွန်တော် ပြန်ကြည့်လိုက်တော့ အရင် ၂ ပတ်လောက်ကလည်း ကျွန်တော် ခေါ်ခဲ့ဖူးတယ်လို့ ဒီနံပါတ်က ပြနေတယ်။ ဒါနဲ့ ကျွန်တော်လည်း ဘယ်သူ့ကို ခေါ်ပေးပါလိမ့်ဆိုပြီး အဲဒီရက်က Chat History ကို မေးလ်ထဲမှာ ပြန်ရှာတော့ . . . . . .တွေ့တယ်။

သူကလည်း ကျွန်တော် တော်တော်ခင်ရတဲ့ ကျွန်တော် သူငယ်ချင်း တစ်ယောက်ပါပဲ။ သူနဲ့ ချက်ထားတာကို ကျွန်တော် ဖွင့်ကြည့်လိုက်တော့ ဒီနံပါတ်ပဲ သူကလည်း “ Online ” ပေါ်တတ်မလားလို့ ခေါ်ခိုင်းထားတာ။ ဒီနံပါတ်ပဲ ဆိုတော့ ကျွန်တော် ခေါ်ခိုင်းတဲ့ လူနာမည်ကို ကြည့်လိုက်တော့....X X X တဲ့။

“ ညီမ ...အကို ခေါ်ရမဲ့ လူနာမည်ပြောဦးလေ။ ခေါ်လို့ရရင် ဘယ်သူ့နာမည်ကို ခေါ်ရမှာလဲ။ “

“ သြော်..ဟုတ်သားပဲ..ဟီး။ သူ့နာမည်က X X X တဲ့ အကို။ ”

ကျွန်တော် ကြည့်လိုက်တော့ ဖြစ်ရလေဗျာ။ ဒီလူပဲ ဒီဖုန်းနံပါတ်ပဲ။ အခု ကျွန်တော် သိနေတာတောင်မှ ဒီလူနဲ့ ကြိုက်နေတာကို နှစ်ယောက်ရှိပြီ။ ဒီပြင့်လူတွေလည်း ကြိုက်ကြဦးမှာပဲ။

“ ဖြစ်ရလေ ညီမရယ်။ ”

“ ဘာလဲ အကိုရ။ သူက ညီမကို အရမ်းချစ်တာ သူ သင်တန်းက ပြန်လာရင် ညီမဆီ တန်းလာမှာတဲ့။ ဟီး..ဒါဆို X X ကတော်လည်း ဖြစ်ရမှာပေါ့။ အကို့ကို ကျေးဇူး မမေ့ဘူး သိလား။ ဒီကျရင် အဝသာစားနော်။

အခု ခေါ်လို့ရလား အကို။ ”


“ အကို တကယ်ကို ခေါ်ပေးပါတယ်။ မရဘူး ညီမရေ။ ”


သြော်..ဖြစ်ရလေ။ ဘာမှ မဟုတ်တဲ့ စကားလေးတွေနဲ့ လူတွေကို ဒီလိုလုပ်ရက်ကြတယ်။ စောင့်နေတယ် ဆိုတဲ့ လူတွေကိုလည်း အားမနာကြဘူး။ သူတို့ ဒီလို လုပ်လို့ လူတွေ ဘယ်နှစ်ယောက်လောက် ဒီလို စောင့်နေကြရပြီလဲ ကျွန်တော် မသိပါ။ ဗုဒ္ဓမြတ်စွာ ဘုရားက ဟောထားပါတယ်..“ ဝဋ် ” ဆိုတာ လည်ပါလိမ့်မယ်။ ကိုယ့်မှာလည်း အစ်မ ၊ ညီမ ၊ သမီးတွေ ရှိလာဦးမှာပါ။ X X X ဆိုပြီး လုပ်စားချင်နေတဲ့ သူတွေရော ၊ X X X ဆိုတာကို မက်ပြီး မမြင်ရတဲ့ဟာတွေကို မျှော်လင့်ပြီး X X X ကတော် ဖြစ်ချင်နေသူတွေရော ကျွန်တော် တကယ်ကို အံ့သြမိတယ်။

ဒါ ကျွန်တော် ဘာသာပြန်မိသလို “ Online ” ဆိုတာ “ လိုင်းသွင်းနေသည်။ ” ဆိုတာလား ။ မဟုတ်သေးပါဘူး။ ကျွန်တော်ကလည်း ဘာသာပြန် မှ မကောင်းတာ။

“ Online ” မှာ ကျွန်တော် အရမ်းအားနေရင် ကျွန်တော် ချက်ထိုး နေလေ့ရှိပါတယ်။ ဒီနေရာ မှာပါ။ ကျွန်တော့်မှာ ဒါက ဒုတိယဝါသနာလို ဖြစ်နေတယ်။ ဒီထဲမှာ မြန်မာတွေ တွေ့ရင် ကျွန်တော် အလွန်ပျော်တယ်။ ဒီအထဲမှာ ကျွန်တော်နဲ့ အမြဲတမ်းချက်ထိုးနေကြ ညီလေး တစ်ယောက်ရှိပါတယ်။ ကိုရီးယားကပါ။ သူကလည်း အားနေရင် ဒီနေရာမှာပဲ ချက်ထိုးနေတတ်တယ်။ သူနဲ့ ရင်းနှီးတော့ ဂျီတော့မှာ အက်ပြီး စကားပြောကြတော့ သူက သူ့အကြောင်းပြောပြတယ်။

သူက ကျွန်တော့်ထက် အသက်သာ ငယ်တာ “ ဝါ ” ကတော့ ကြီးပါတယ်။ မိန်းမနဲ့ ကလေးတစ်ယောက်ရှိတယ်။ သူက ပြောတယ်။

“ အကိုရာ.. ကျွန်တော်က အွန်လိုင်းမှာ သိပ်ပြီးတော့ မချက်တတ်ပါဘူး။ အထူးသဖြင့် မိန်းကလေးတွေနဲ့ မပြောတတ်ဘူး။ အကိုတို့လို ယောက်ျားလေး အချင်းချင်းဆိုရင်တော့ ဟိုပြောဒီပြော ပြောလို့ကောင်းတယ်လေ။ ဒါတောင်မှ ရည်းစား တစ်ယောက်ရလိုက်သေးတယ် အကိုရေ။

ကျွန်တော်က မလိမ်ဘူးနော်။ သူနဲ့ ခင်ကတည်းက မိန်းမနဲ့ ကလေးရှိတယ်လို့ ပြောထားတာ။ နောက်တော့ ကျွန်တော်ကို ဘယ်ကလဲ ဆိုတော့ ကိုရီးယားက ဆိုတော့ တကယ်လား ၊ အဟုတ်လား ဆိုပြီး VZO ကနေ webcam ဖွင့်ခိုင်းတယ်။ နောက်တော့ အကိုရေ။ ကျွန်တော့်ကို ဒုက္ခတွေပေးတော့တာပဲ။ ကျွန်တော်အလုပ်က ပြန်ရောက်တာနဲ့ သူရောက်လာတာပဲ။


နောက်တော့ဗျာ။ သူက စွတ်ပြီး မြောင်းဖောက်နေတော့ ကျွန်တော်လည်း စီးဝင်သွားတာပေါ့။ ကျွန်တော့်မှာ မိန်းမနဲ့ ကလေးရှိတယ် ဆိုတာကို သူက ဇွတ်ကြီးဗျ။ နောက်တော့ ကျွန်တော်လည်း ၂ နှစ်ပြည့်တော့ ယောက္ခမကြီး နေမကောင်းဘူး ဆိုလို့ မြန်မာနိုင်ငံခဏပြန်တယ်။ ဒီတော့ သူက သူ့ဆီကို လာတွေ့မှာလားတဲ့။ ပြီးတော့ သူ့ကို ယူမှာလားတဲ့.။ ကျွန်တော်လည်း အေး ယူမှာပေါ့ လို့ ပြောလိုက်မိတယ်။


ကျွန်တော် မြန်မာနိုင်ငံရောက်တော့ ယောက္ခမကြီးကို ဆေးကုစရာ ရှိတာတွေ ကုပေးပြီး နောက်တော့ သူပေးထားတဲ့ ဖုန်းနံပါတ်ကို ဆက်တော့ လာကိုင်တယ်ဗျ။ နောက်တော့ သူနဲ့ကျွန်တော် တွေ့ကြတယ်။ သူ့အတွက် ဘာညာလေး ဝယ်ပေးရတယ်။ နောက်တော့ အကိုရာ...ဟီး....ဂလိုပဲ နေကြတယ်။ သူကတောင်မှ မိန်းမရှိနေတာကို လက်ခံသေးတာပဲလေ။ တစ်လကျော်လောက် ကြာကြာတော့ အတူတူနေ လိုက်သေးတယ်ဗျ။


နောက်တော့ ဖြစ်ချင်တော့ မိန်းမက သိသွားပါလေရောဗျာ။ အကြီးအကျယ်ကွိုင်တွေ တတ်တာဗျာ။ ကိုယ့်မိန်းမကတော့ ကိုယ်ချစ်လို့ ယူထားတာလေဗျာ။ သူတို့ကိုတော့ ဘယ်လိုမှ ချစ်တာမှ မဟုတ်တာ။ ကြုံလို့ သူတို့ သွယ်တဲ့ မြောင်းထဲမှာ စီးသွားတာလေ။ ဒါနဲ့ ကျွန်တော်လည်း သူ့ကို ၄ သိန်းလောက်တော့ ပေးပြီး ဖြတ်လိုက်ရတယ်။ မိန်းမကိုတော့ မနည်းတောင်းပန်ရတယ်။ နောက်တော့ ဒီပြန်ရောက်လာတာပဲဗျာ။ အခုတော့ အွန်လိုင်းမှာ တွေ့ရင် ဘယ်မိန်းကလေးမှ မပြောရဲဘူးဗျ။ ”


“ ဟေ့ကောင် ...ဟေ့ကောင် ..စကားများမနေနဲ့ မင်း ကာဆယ် နဲ့ ဘုရင် ငါ ခွချက်ပြီနော်။ ”

ဒီလိုနဲ့ ကျွန်တော် စကားစ ဖြတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၃ လလောက်က ကျွန်တော်နဲ့ အရမ်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် ကိုရီးယား ရောက်တယ်။ ရောက်ရောက်ချင်း ဖုန်းအဆက်အသွယ်ရတော့ “ ဟေ့ကောင် ကွန်ပျူတာလေး ဝယ်ပြီး နက်လေးဘာလေး တတ်ပြီး ကမ္ဘာကြီးကိုလည်း လေ့လာဦး ။ ” လို့ ပြောမိတယ်။ ဒီတော့ သူက သူတို့ သူငယ်ချင်း ၄ ယောက်စုပြီး တပ်လိုက်ရှာပါတယ်။

သူမို့ အလုပ်က ပြန်လာပြီ ၊ အလုပ်နားချိန်ဆိုရင် လိုင်းပေါ်တတ်လာပြီး ကျွန်တော် အိပ်နေတယ် ၊ စာရေးနေတယ် ဆိုတာ သူမသိပါဘူး။

“ hi fri , bar lote nay lae? ”

“ hello ”


ဆိုပြီး ဖုန်းတွေ လှိမ့်ခေါ်ထားတတ်တယ်။ ကျွန်တော် အိပ်နေတယ် ဆိုရင်တော့ မသိလိုက်ပါ။ ကျွန်တော် စာရေးနေတယ် ဆိုရင်တော့ တော်တော် အနှောင့်အယှက် ဖြစ်တယ်။ ဟိုတလောက စာလေးတစ်ပုဒ်ရေးနေတုန်း ။ သူ အတင်းလာခေါ်တယ်။ သူခေါ်လိုက်တိုင်း ကျွန်တော် ရေးတာတွေကလည်း သူ့ ဂျီတော့ ဘောက်ထဲ သွားဝင်တယ်။ ဒါနဲ့ ကျွန်တော်လည်း ရေးမရတော့ဘူး။

ဒါနဲ့ သူဖုန်းကို ကိုင်လိုက်ပြီး... .

“ မင်းကလည်းကွာ ၊ ခေါ်မယ် ဆိုရင် အရင် hi ကွ။ ငါက အားတာ မဟုတ်ဘူး။ ”

“ အောင်မာ..မင်းက မအားရအောင် မင်းက ဘာတွေ လုပ်နေလို့လဲ။ ”

ကျွန်တော် မရှင်းပြဖြစ်ပါ။ သူ့ကိုပဲ ထပ်မေးလိုက်တယ်။

“ မင်း အင်တာနက် သုံးတာ ဘာလုပ်ဖို့လဲ။ ”

“ ငါ အင်တာနက် သုံးတာ သူငယ်ချင်းတွေနဲ့ ပြောဖို့လေ။ တခြား ဘာမှ မရှိဘူး။ ”


“ စာလေး ဘာလေး ဖတ်ပါလားကွ။ ”


“ ဘာစာတွေ ဖတ်ရမှာလဲ။ မဖတ်ချင်ပါဘူးကွာ။ ”

ဒါနဲ့ သူ နောက်ဆိုရင် ကျွန်တော့်ကို ခေါ်တော့မယ် ဆိုရင် အရင် Hi ပြီးမှ ခေါ်ပါတော့တယ်။ ကျွန်တော်ကလည်း မ Hi ပဲ ခေါ်ရင် မကိုင်ပါ။

တစ်နေ့တော့ သူက ကျွန်တော့်ကို Hi ပါတယ်။ ဒါနဲ့ စာရေးပြောရင်းက သူက မေးစရာရှိလို့ ဆိုပြီး ဖုန်းနဲ့ ပြောပါတယ်။ သူစက်မှာ Antivirus Update လုပ်တာကိုပါ။ ဒီလို ပြောနေရင်း . .

“ ဟာ..တတ်လာပြီဟေ့..။ ”

တဲ့။ ကျွန်တော် ကြောင်သွားတယ်။ ဘာတတ်လာလဲပေါ့။

“ ဘာတတ်လာတာလဲ။ Update လား။ ”

“ ဟီး..မဟုတ်ဘူးကွ။ အွန်လိုင်းက ကောင်မလေးလေ။ ”


“ အာ..မင်းကွာ။ မင်းမိန်းမ မျက်နှာကို မမြင်မိဘူးလား။ “

“ မြင်မိပါတယ်ကွ။ သူ့ကိုလည်း ပြောထားတာပဲလေ။ သူ့ဖာသာ ဘယ်ကလဲ မေးတော့ ကကြီး က ဆိုတော့ တကယ်လား ဆိုပြီး VZO ဖွင့်ခိုင်းနေတာ။ ”

“ ဒီတော့..... ”

“ ဒီတော့ ငါ့ကို အခု အီစီကလီ လုပ်နေတယ်။ ”

“ မင်းမိန်းမသာ မြန်မာနိုင်ငံမှာ တခြား ယောက်ျားတစ်ယောက်နဲ့ နောက်မီး ၊ ဘေးမီးလင်းနေရင် မင်း ဒီလို ပျော်နေနိုင်မလား။ တော်ပြီ ဟေ့ကောင် ၊ မင်းမေးချင်တဲ့ Avtivirus Update ဆိုတာ လုပ်တတ်ပြီ မလား ငါ ဖုန်းချလိုက်တော့မယ်။ ”


ဒါနဲ့ပဲ။ သြော်..ဗဟုသုတ ရစေချင်လို့ ကျွန်တော် ကွန်ပျူတာ ဝယ်ပြီး အင်တာနက် တပ်စေချင်တဲ့ ကျွန်တော် အခုတော့ လူတစ်ယောက်ကို Online ကြုကြု ဖြစ်အောင် လုပ်ပေးမိသလား ဆိုပြီး ကျွန်တော် တာဝန် မကင်းသလို ခံစားရတယ်။

ဒါ ကျွန်တော် ဘာသာပြန်မိသလို “ Online ” ဆိုတာ “ လိုင်းသွင်းနေသည်။ ” ဆိုတာလား ။ မဟုတ်သေးပါဘူး။ ကျွန်တော်ကလည်း ဘာသာပြန် မှ မကောင်းတာ။


တစ်ခါတစ်လေတော့လည်း “ အွန်လိုင်း (Online ) ဆိုတာ ဘွန်ဇိုင်း ( Bonzai ) ” လိုပါပဲ။ ဘယ်နေရာက ဝင်လာမယ် မှန်းမသိတဲ့ အချစ်ဆိုတဲ့ အရာကို အပြင်လောကမှာ ဆိုရင်တောင်မှ အချစ်နဲ့ ထိပ်တိုက်ဆုံခဲ့ရင် မမြင်မကန်းနဲ့ သေးသေးကွေးကွေး ဘွန်ဇိုင်းလေး ဖြစ်သွားတတ်သေးတယ်လေ။



ထုတည်ကြီးမားပါတယ် ဆိုတဲ့ အချစ်ဟာ တစ်ယောက်နဲ့ တစ်ယောက် အမြင်တွေ ဖလှယ်ရင်း ၊ တစ်ယောက်နဲ့ တစ်ယောက် စိတ်ကူးတွေ မျှဝေရင်း ၊ တစ်ယောက်နဲ့တစ်ယောက် အတွေးတွေ ယှက်နွယ်ရင်း စိတ်တူကိုယ်တူနဲ့ သေးကွေးကျစ်လျစ်ပြီး အမြုတေတစ်ခု ၊ ဘွန်ဇိုင်းလေး တစ်ခု လို ဖြစ်ကာ လူနှစ်ယောက်ကို ချစ်မိစေတတ်တယ်။

ကမ္ဘာမှာ အနုပညာ ၃ မျိုးရှိတယ် လို့ ကျွန်တော် ခံစားမိတယ်။ ( ကျွန်တော် ရေးပါဦးမယ်။ ) ဒီအထဲမှာမှ ကျွန်တော့် Online ကို ဘယ်အနုပညာထဲ ထည့်ရမှာလဲ။ Online အချစ်ကိုရော ဘယ်လို သတ်မှတ်ရမှာလဲ။ တကယ်တော့ အချစ်ဆိုတာ အချစ်ပါပဲ။

အချစ်ဆိုတာ ဘယ်နေရာကနေ ဘယ်လို တွေ့မယ်။ ကော်ရစ်တာ ထောင့်ချိုးကနေ လမ်းလျှောက်လာပြီး ဝင်တိုက်မိလို့ ချစ်သွားမယ် ၊ ဖိနပ်ပြတ်နေတာကို ကုညီရင်း ချစ်သွားမယ် ၊ ကားပေါ်မှာ လွယ်အိတ်ကြိုးနဲ့ ထီးနဲ့ ညှိနေတာကို ဖြေနေရင်း ချစ်သွားမယ်လို့ ဘယ်မှာမှ ပုံသေနည်းရှိလိမ့်မယ် မဟုတ်ပါ။ ဒီလို ပုံသေနည်းရှိခဲ့မယ် ဆိုရင်လည်း အချစ်ဆိုတာ လူတွေ အတွက် ဘာမှ ထူးခြားလာတော့မယ် မဟုတ်ပါ။ အချိန်တန်လို့ အချစ်လိုလာပြီဆိုရင်. .

“ သားရေ လမ်းထိပ်က ကုန်စုံဆိုင်က မဆလာ တစ်ထုပ် သွားဝယ်လိုက်ပါဦးဟေ့။ ဘုတ်ဆုံမ ဝယ်ခဲ့နော်။ ”

ဆိုပြီး လိုတဲ့ အချိန် အခန့်သင့် သွားဝယ်လိုက်ရုံပါပဲ။ အခုတော့ အချိန်ဆိုတာ ဒီလိုမဟုတ်ပါ။ ပညာရည်မြင့်ပြီး လက်ရည်ညီတဲ့ လက်ဝှေ့သမား နှစ်ဦး ထိုးနေကြသလိုပါပဲ။ ဘယ်နေရာက ဘယ်လို လက်သီးပုန်းဝင်လာမယ် ဆိုတာ မသိလိုက်ရပါဘူး။ ထောက်လက်သီးလား ၊ ဝိုက်လက်သီးလား ၊ ပင့်လက်သီလား ၊ ဖြတ်လက်သီးလား ၊ တွဲလုံးလား ဘယ်လိုမှ မသိနိုင်ပါ။ သိလိုက်တဲ့ အချိန်မှာ “ ဟာ . .ငါ ကြမ်းပြင်မှာ ပက်လက် ဖြစ်နေပါရောလား ။ ” ဆိုပြီးမှ သိရပါတော့တယ်။

အချစ်ဆိုတာလည်း ဒီလိုပါပဲ။ ဘယ်နေရာကနေ ဝင်လာမယ် ဆိုတာ ဘယ်လိုမှ မသိပါ။ လက်ဝဲဘက်မှာ ရှိနေတဲ့ နှလုံးသားလေး တစ်ခုက တဖျတ်ဖျတ်ခုန်ရင်း သူ့မျက်နှာကိုပဲ မြင်ချင် ၊ သူ့အသံကိုပဲ ကြားချင် ၊ သူ့အကြောင်းကိုပဲ တွေးချင် ၊ သူ့ကိုပဲ ဘာလုပ်လုပ် စိတ်ထဲမှာ ရှိနေတော့မှ ငါတော့ အချစ်လက်သီးပုန်း မိပြီဟ လို့ သိကြရတယ်။ အချစ်ဆို Online ကနေ ဝင်ရောက်လာတဲ့ အခါ ပိုပြီး အားပြင်းတဲ့ ၊ ပိုပြီး ကျစ်လျစ်သိပ်သည်းတဲ့ လက်သီးပုန်းတစ်လုံး အထိခံလိုက်ရသလိုပါပဲ။ နှလုံးသားလေးကတော့ ကြမ်းပြင်မှာ ပက်လက်ကလေးပေါ့။

Online အချစ်ဆိုတာကို ကျွန်တော် ယုံပါတယ်။ ဒါကြောင့် Online မှ ချစ်ကြသူများကို ကျွန်တော် ပြောချင်တာကတော့ Online မှ ချစ်တယ် ဆိုတာ ကျွန်တော်တို့ အပြင်မှာ လို ချစ်နေကြရတာ မဟုတ်ပါဘူး။ ဒါကတော့ မင်းပြောမှလားလို့ ပြောပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဒါကြောင့်လည်း အပြင်မှာ ချစ်နေကြတယ် ဆိုတဲ့ သူတွေတောင်မှ အထင်လွဲမှု ၊ စိတ်ဆိုး စိတ်ကောင်မှု ၊ အမြင်လွဲမှားမှု ဆိုတာ ရှိတတ်ကြပါတယ်။ အခုလို အမြင်ရ မတွေ့ရတဲ့ Online အချစ်ဆိုတာကတော့ ............။

ဒါ ကျွန်တော် ဘာသာပြန်မိသလို “ Online ” ဆိုတာ “ လိုင်းသွင်းနေသည်။ ” ဆိုတာလား ။ မဟုတ်သေးပါဘူး။ ကျွန်တော်ကလည်း ဘာသာပြန် မှ မကောင်းတာ။

အပြင်မှာ ချစ်တဲ့ ချစ်သူတွေတောင်မှ ပြဿနာ တစ်ခုခု ဖြစ်တယ် ဆိုရင် တော်တော် ပြောရ ၊ တော်တော် ဖြေရှင်းရတတ်ပါတယ်။ သူတို့ တစ်ယောက်နဲ့တစ်ယောက် မြင်နေ ၊ တွေ့နေ ၊ ကြားနေရတာကိုတောင်မှ ဒီလို ပြဿနာ ဖြစ်နေရင် . . ၊ အပြင်မှာလို မြင်နေ ၊ ကြားနေ ၊ တွေ့နေရတာ မဟုတ်တဲ့ Online အချစ်ဆိုတာ တကယ်တမ်း ပြဿနာ ဖြစ်လာပြီ ဆိုရင် မျက်နှာချင်းဆိုင် မမြင် ၊ မတွေ့ရပဲ ဖြေရှင်းကြရတော့မယ်။

ကိုယ်ပြောတာက တစ်မျိုး ကြားသွားပြီး ထင်သွားတာက တစ်မျိုး ၊ ဖြေရှင်းတာက တစ်မျိုး နားလည်လိုက်တာ တစ်မျိုး ဖြစ်တတ်သေးတယ်။ ဒီထက် ဆိုးတာက ငါ မရှိတဲ့ အချိန်မှာ သူက နောက်ထပ် ဘယ်သူနဲ့ ဘာတွေ လုပ်နေမလဲ ဆိုတဲ့ သံသယ ။ အဆိုးဆုံးကတော့ သူနဲ့ ကိုယ် အဖြတ်အသွယ်ပြတ်အောင် အပြင်မှာ မိဘတွေက နယ်ကို ပို့လိုက်သလိုမျိုး ၊ Block လိုက်တဲ့ ကိစ္စ ။ Block တဲ့ ကိစ္စကတော့ တော်တော်ကို ဆိုးပါတယ်။ ချစ်သူချင်းမှာ ဒီလို မဖြစ်သင့်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု လွဲနေပြီ ဆိုရင် တစ်ယောက်က ဖြေရှင်းတာကို တစ်ယောက်က နားထောင်ပေးရမှာပါပဲ။

Online အချစ်ဆိုပေမဲ့ နှစ်ဖက်စလုံးက နှလုံးသားနဲ့ ရင်းထားခဲ့ကြ ရတာတွေပဲလေ။ နှလုံးသားရဲ့ အချစ်ကြောင့် နာကျင်မှုဆိုတာ လူတစ်ယောက်ကို ထမင်းစားမဝင်အောင် ၊ အလုပ်လုပ်လို့မရအောင် ၊ အိပ်လို့ မပျော်အောင် လုပ်တတ်ကြပါတယ်။ ကိုယ်က ဒီလို ဖြစ်နေသလို သူကလည်း ဘယ်လို နေမလဲ ရင်ဘတ်တူ အချစ်ချင်း ဖလှယ်ထားသူ အချင်းချင်း ရင်ခုန်ဖက်တွေပဲလေ သိနားလည်ထားသင့်တယ်။ ရှင်းပြခွင့်မပေးဘူးဆိုတာ အပြစ်ဒဏ်ချ လိုက်တာပါပဲ။ အပြစ်ဒဏ်ဆိုတာ ဘယ်လောက်ပဲ သေးသေး ခံစားရတာပါပဲ။

အပြင်နဲ့ မတူတဲ့ Online အချစ်မှာ အားနည်းချက်ကတော့ ဒါပါပဲ။ အပြင်မှာလို မျက်မြင်ကိုယ်တွေ ရှင်းပြလို့မရဘူး။ အပြင်မှာလို သူ့ကို ဘာတွေ လုပ်နေလဲလို့ ကြည့်နေ မြင်နေလို့ မရတော့ ထင်မိထင်ရာ ထင်နေတတ်တယ်။ အချစ်ဆိုတာ အချစ်ပါပဲလေ။ Online အချစ်ဆိုတာလည်း အချစ်ပါပဲ။ ဒါကြောင့် Online မှ ချစ်နေမိကြတယ် ဆိုတဲ့ သူများကို ကျွန်တော် အကြံပေးချင်တာကတော့ တစ်ယောက်နဲ့ တစ်ယောက် တကယ်ကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြီး ချစ်ကြဖို့ ၊ ချိန်းထားတဲ့ အချိန် မလာနိုင်ရင် သူမအားလို့လား ၊ ကိစ္စရှိနေလို့ ဖြစ်မယ်လို့ မြင်တတ်ဖို့ ၊ ဒီအချိန်မှာ သူက လည်း အလုပ်တွေကြားမှာ ဘယ်လောက် ကိုယ့်ကို သတိရနေမလဲ ဆိုတာ ခံစားမိရင် မြင်နိုင်ပါတယ်။

ဒါ ကျွန်တော် ဘာသာပြန်မိသလို “ Online ” ဆိုတာ “ လိုင်းသွင်းနေသည်။ ” ဆိုတာလား ။ မဟုတ်သေးပါဘူး။ ကျွန်တော်ကလည်း ဘာသာပြန် မှ မကောင်းတာ။

အချစ်ဆိုတာ အချစ်ပါပဲ။ ဒါကြောင့် ဘယ်နေရာကပဲ ချစ်ကြ ချစ်ကြ အချစ်ဆိုတာ အချစ်ပဲဆိုတော့ သဝန်တိုမှု ၊ ကောက်မှု ၊ ကွေးမှုတွေလည်း ရှိနေကြမှာပါ။ ဒါကို ပြေလည်အောင် နားလည်မှု နဲ့ ဖြေရှင်းမှသာ Online အချစ်ကနေ အပြင်အထိ ရောက်လာမဲ့ “ Online အချစ် ” ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဘယ်ကပဲ ချစ်ချစ် နားလည်မှု ၊ ဖွင့်ဆို ရှင်းပြမှု ဖြင့် Online အချစ် ဆိုတာကို အပြင်အထိ ဆက်လက် ချစ်နိုင်ကြပါစေ။

Online ဆိုတာ လမ်းကလေး တစ်ခု ဆိုပါစို့။ ကျွန်တော်လည်း ချော်လဲခဲ့ဖူးပါတယ်။ ချော်လဲမှတော့ဗျာ.. . . . . ဒူးပြဲ ၊ နဖူးကွဲ ၊ နှလုံးသားလည်း ............အင်း။


မှတ်ချက်။ ။ အချစ်အကြောင်းတွေ ရေးပါဦးလို့ ပြောလာလို့ပါ။ အချစ်အကြောင်းက ကျွန်တော်ကလည်း သိပ်နားမလည်ပါဘူး။ အခုတော့ လူ သုံးယောက်အတွက် အမှတ်တရ ဒီပို့စ်လေးကို ရေးပါတယ်။ သီချင်းလေးပါ တင်ပေးလိုက်ပါတယ်။ နားထောင်ချင်ရင်ပေါ့။

အွန်လိုင်း အက်ဆေး ကို pdf ဖိုင်ဖြင့် လိုချင်ပါက ဒီနေရာ ကနေ ယူပါ။

ဆောင်းဦးလှိုင် + စည်သူလွင် - အချစ်ဆိုတာ



ကိုဇော် ခံစားပုံဖော်သည်။



.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

ခေတ်ကိုသရော်ထားတဲ့ သရော်စာနဲ့တူတယ်ကိုဇော်ရေ.
ထိထိမိမိရှိလှပါတယ်... အွန်လိုင်းပေါ်မှာ ဘာမှန်းမသိ ကြူဖို့လောက်သာ စိတ်ဝင်စားတဲ့၊ မိန်းခလေးနံမည် မှန်ရင် အကုန်လိုက်အက်တတ်တဲ့.၊လူမမြင်ရဘဲ မြောင်းအလွန်ဖောက်ကြသူများ သင်ခန်းစာယူတတ်ကြပါစေ...