မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


01 January 2010

3 အလကားရတဲ့ အခွင့်အရေး



ဒီအချိန် ၊ ဒီနေ့ရက်ကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါ။

ကျွန်တော်က တစ်နှစ်ကို ရက်ပေါင်း ၃၀၀ ကျော်က အိမ်မှာမရှိ။ ခရီးထွက်ခြင်းနှင့် လေယာဉ်ပေါ်မှာ အချိန်ကုန်နေရတယ်။ ဒါကြောင့် ကျွန်တော် လေယာဉ်စီးရင် လေယာဉ်လက်မှတ်ကို အထူးအချိန်ဇယားနဲ့ ယူပြီး အမြဲတမ်းစီးလေ့ရှိတယ်။

ဒါမှ ကျွန်တော့်အတွက် အဆင်ပြေသလို လေယာဉ်ခလည်း သက်သာတယ်။ လေယာဉ်ကုမ္ပဏီတွေကလည်း ကျွန်တော်တို့လို အမြဲစီးနေသော လူတွေကို ပိုပြီး လိုချင်တယ်။ ဒါမှ လေယာဉ်က လူလွတ်တွေ ပါပြီး ထွက်ရတယ် ဆိုတာ နည်းမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့ အထူးအချိန်ဇယားနဲ့ ယူပြီး လေယာဉ်စီးတယ်ဆိုတာ နှစ်ဦး နှစ်ဖက် အကျိုးပြုတဲ့ အစီအစဉ်လေး တစ်ခုပါ။

လေယာဉ်ကို အထူးအချိန်ဇယားနဲ့ ကျွန်တော် စီးတယ်သာ ပြောတာ တကယ် ကျွန်တော် လေယာဉ်ပေါ်မှာတော့ စီးတာ ရိုးရိုးတန်းကပါ။ သာမာန်လူတွေနဲ့ သာမာန်ထိုင်ခုံတွေကို ထိုင်ပြီး သာမာန်လူတွေကို ကျွေးတဲ့ အစားအစာတွေကို စားပြီး သာမာန်စီးသွားရတာပါ။ ခရီးဝေးထွက်တဲ့ လေယာဉ်ပျံတွေဆိုတာ ရိုးရိုးသာမာန်တန်း နဲ့ အထူးတန်း ဆိုပြီး ရှိတယ်။ အထူးတန်းဆိုတာ ထိုင်ခုံရဲ့ အကျယ်အဝန်း ၊ အပြင်အဆင် ၊ အစားအသောက် ၊ ရှေ့မှာ တီဗီနဲ့ ဗီဒီယို ၊ အအေးပေးစနစ် ဒါတွေက အစ အရာရာသာလွန်ကောင်းမွန်တယ်။ ဒီလိုပဲ ရိုးရိုးတန်း နဲ့ အထူးတန်းကလည်း ဈေးနှုန်းက တော်တော်ကွာပါတယ်။

လေယာဉ်ပေါ်မှာ အထူးတန်း ဆိုတာက ရှိတော့ ရှိနေမှန်း ကျွန်တော် သိတယ်။ ဒါပေမဲ့ ရိုးရိုးတန်းနဲ့ ခရီးသွားရတာလည်း အဆင်ပြေနေတဲ့ ကျွန်တော့်အတွက် အထူးတန်းက စီးဖို့ လိုလိမ့်မယ်လို့လည်း ကျွန်တော်အတွေးမိ ။ စီးစရာလည်း မလိုခဲ့။ ဒီ ရိုးရိုးတန်းမှာပဲ အရာရာ အဆင်ပြေနေတယ်လေ။ ဒါကြောင့် အထူးတန်းကို ပိုက်ဆံ အကုန်အကျခံပြီး ဒီခရီးပဲ သွားမှာကို စီးဖို့ လိုလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မတွေးမိပါ။

ဒါပေမဲ့ ဖြစ်ချင်တော့ တစ်နေ့ ။ ကျွန်တော်တို့လို လေယာဉ်ကို အထူးအချိန်ဇယားနဲ့ အမြဲတမ်း လေယာဉ်စီးနေတဲ့ လူပုဂ္ဂိုလ်တွေကို လေယာဉ်ကုမ္ပဏီက အထူးအခွင့်အရေး အနေနဲ့ အမြဲတမ်းစီး ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုသောအားဖြင့် လက်မှတ်များကို ယခင်က အတိုင်း ရိုးရိုးတန်း အထူး အချိန်ဇယားအတိုင်းပဲ ကျသင့်ငွေ ပေးချေပြီး ကျွန်တော်တို့ကို အထူးတန်းမှာ စီးခွင့်ပြုလိုက်တယ်။

ကျွန်တော်လည်း ကိုယ်ကလည်း ပိုက်ဆံပိုမကုန်ပဲ အထူးတန်းမှာ စီးခွင့်ရတော့ ကျွန်တော်လည်း စီးလိုက်တာပေါ့။ အထူးတန်းဆိုတာကို ကျွန်တော် စီးရတော့မှ အထူးတန်းဆိုတာ ဘာလို့ ရိုးရိုးတန်းနဲ့ ပိုက်ဆံ အရမ်းကွာရသလဲ ဆိုတာ သိတော့တယ်။

အထူးတန်းရဲ့ အပြင်အဆင်က တကယ်ကို ကောင်းမွန်လှတယ်။ ထိုင်တဲ့ ထိုင်ခုံတွေက အစ ရိုးရိုးတန်းလို ရှေ့က ခုံတွေနဲ့ ထိနေတာမျိုး မဟုတ်ဘူး ၊ ခြေဆန့်လိုရအောင်ကို ကျယ်တယ်။ ကိုယ့်ရှေ့မှာလည်း ကိုယ်ပိုင်တီဗီတစ်လုံးကို နှစ်သက်ရာကြည့်ဖို့ ရီမု(ထ်) တစ်ခု ရှိတယ်။ အစားအစာဆိုတာကလည်း ရိုးရိုးတန်းလို အသားတစ်မျိုးတည်းနဲ့ တစ်ဗူးမဟုတ်။ အသား ၊ ငါး သုံးမျိုး ၊ အသီးအရွက် အသောက်အစား အားလုံးကလည်း အလွန်ပြည့်စုံတယ်။ သြော်..ဒါကြောင့် အထူးတန်းလို့ ဖြစ်နေတာကိုးလို့ ကျွန်တော် သိခဲ့ရတယ်။ ကျွန်တော် အထူးတန်းကို တော်တော် စွဲလန်းနှစ်သက်သွားတယ်။

ကိုယ်က ပိုက်ဆံလည်း ပိုမပေးရပဲ ရိုးရိုးတန်းကို နှစ်စဉ် အခေါက်ရေများစွာ ၊ အကြိမ်များစွာ စီးသူတွေကို အထူးစီးခွင့်ပြုခံထားရတဲ့ ကျွန်တော်တို့ လွန်စွာမှ နှစ်သက်ခဲ့ကြတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ လေယာဉ်အထူးတန်းမှာ စီးတာ နှစ်လလောက်ကြာတော့ သတင်းစာလောကမှ ဝေဖန်သူတွေက ကျွန်တော်တို့နဲ့ လေယာဉ်ကုမ္ပဏီကို ဝေဖန်ပါလေရော။

ရိုးရိုးတန်းက လက်မှတ်ကို သူတို့ဖာသာ ကိစ္စရှိလို့ အကြိမ်များစွာ စီးတာနဲ့ ဒီလူတွေကို အထူးတန်းမှာ ပေးစီးတယ် ဆိုတာ တကယ်တော့ ရူးသွပ်မှုသာ ဖြစ်ကြောင်း ၊ တကယ် ဒီလိုသာ လုပ်ခဲ့မယ် ဆိုရင် ရိုးရိုးတန်းက သူတို့လိုပဲ လက်မှတ်ပေးဝယ်ပြီး စီးနေကြတဲ့ သာမာန်လူတွေကို ဘယ်လို သဘောထားမလဲ။ တန်းတူ ညီတူ ဖြစ်သင့်တယ်။ တကယ်လို့ တခြား ခရီးသွားတွေကရော တောင်းဆိုလာရင် ဘယ်လို တုံ့ပြန်မလဲ. . အစရှိသဖြင့် ဝေဖန်ကြတယ်။

ဒီတော့ ဒီဝေဖန်မှုကို လေယာဉ်ကုမ္ပဏီက မခံနိုင်ပါ။ ဒါကြောင့် ကျွန်တော်တို့ ရိုးရိုးတန်းမှ အထူးအချိန်ဇယားနဲ့ လက်မှတ် စီးသူတွေကို အထူးတန်းမှာ စီးခွင့်ကို ပြန်လည် ရုတ်သိမ်းပြီး ယခင်အတိုင်း ရိုးရိုးတန်းမှာပဲ ပြန်လည်စီးခွင့်ပြုလေတော့သည်။ တကယ်တော့ ကျွန်တော့်အမြင်က ဒါဟာ အဖြစ်သင့်တဲ့ ကိစ္စ တစ်ခုပါ။ သူတို့အတွက်တော့ သူတို့ဖာသာ အကြောင်းရှိပါလိမ့်မယ်။ သို့သော် ကျွန်တော်တို့ကို ယခင်အတိုင်းပဲ ရိုးရိုးတန်း လက်မှတ်ဝယ်ယူရင် ရိုးရိုးတန်းမှာသာ စီးဖို့ မေတ္တာရပ်ခံပါတော့သည်။ တကယ်လို့ အထူးတန်း လက်မှတ်ဖြင့် ဝယ်ယူစီးနင်း လိုက်ပါမည် ဆိုပါက သူတို့ အထူးနှုန်းဖြင့် ဆောင်ရွက်ကာ အထူးတန်း ဝန်ဆောင်မှု အပြည့်အဝ ရပါစေမယ်လို့ ဝန်ခံကတိပြုလေတော့သည်။

သူတို့က ဒီလိုပြောပေမဲ့ အထူးတန်းကို အရမ်းကို နှစ်သက်နေသော ကျွန်တော်တို့ ယခင်က စီးဖြစ်နေသော ရိုးရိုးတန်းကို ပြန်လည် စီးဖို့ ဝန်လေးနေခဲ့ပြီ။ နောက်ပြီး ရိုးရိုးတန်းက ကိုယ်နဲ့ မတူသလို ပုံစံပါ ကျွန်တော့်စိတ်ထဲ ရောက်နေခဲ့ပြီ။ ဒါကြောင့် ကျွန်တော် အထူးတန်းလက်မှတ်ဝယ်ပြီး ရိုးရိုးတန်းကို ပြန်မသွားပဲ နောက်မှ တလျှောက်လုံး အထူးတန်းကပဲ စီးခဲ့ပါတော့တယ်။ ဒါပေမဲ့ ဒီလို ဖြစ်တာ ကျွန်တော် တစ်ယောက်တည်းတော့ မဟုတ်ပါ။ ကျွန်တော် အပါအဝင် ရိုးရိုးတန်းမှ အထူးတန်းသို့ ပြောင်းပြီး စီးခွင့်ရသူ အားလုံး အထူးတန်း လက်မှတ်ဝယ်ပြီး အထူးတန်းမှာသာ စီးခဲ့ကြပါတယ်။

ဒီအဖြစ်အပျက်ဟာ ကျွန်တော့် ဘဝကို များစွာ သင်ခန်းစာပေးပါတယ်။ ကိုယ့်အတွက် ဆိုပြီး ကိုယ်က ဘာမှ အင်အား မစိုက်ထုတ်ရပဲ ရလာတဲ့ အခွင့်အရေးတွေ ဆိုတာ ဘယ်တော့မှ မတည်မြဲဘူး။ ရလာခဲ့တာကို ကိုယ်က လွယ်လွယ်နဲ့ ယူမိရင် ဒီအခွင့်အရေးက ကိုယ့်ကို များစွာ နောက်ပိုင်း ဒုက္ခပေးလိမ့်မယ် ဆိုတဲ့ ကြီးမားတဲ့ သင်ခန်းစာ တစ်ခုကို ကျွန်တော် ခါးခါးသီးသီး ရခဲ့ပါတယ်။

ဒါကြောင့် နောက်ပိုင်း ကျွန်တော်အတွက် လွယ်လွယ်နဲ့ အလကားရလာတဲ့ အခွင့်အရေးတွေ ဆိုရင် ကျွန်တော် ငြင်းပစ်လေ့ရှိပါတယ်။ အခု အလာကားရတယ် ဆိုတဲ့ အခွင့်အရေးဟာ နောင်တစ်နေ့ ကျွန်တော့်ကို ကျဉ်းထဲ ကြပ်ထဲ ရောက်အောင် တွန်းပို့မယ် ဆိုတဲ့ သင်ခန်းစာ တစ်ခု ကျွန်တော့်မှာ ရှိနေတယ်လေ။

“ အခု ကျွန်တော်တို့ ဘဝမှာရော “ ဟာ ငါမို့လို့ ရတာကွ ဆိုတဲ့ လွယ်လွယ်နဲ့ အလကားရတဲ့ အခွင့်အရေးတွေများ ကြုံဖူးပါသလား။ ဒီလို အခွင့်အရေးမျိုးကိုရော လက်ခံလိုက်ဖူးပါသလား။ ” ဒီလို လက်ခံမိတယ် ဆိုရင်တော့ ဒီအခွင့်အရေးဟာ နောင် ကိုယ့်ကို မလှုပ်နိုင်အောင် ချည်နှောင်ထားလိမ့်မယ် ဆိုတာ အသေအချာပါပဲ။ ”


Source; Kim Woo-choongEvery Street Is Paved With Gold

ဒီစာအုပ်ကို ဆရာ တင်မောင်သန်း ( မသေချာပါ ) က “ လမ်းတိုင်းကို ရွှေခင်းထားတယ်။ ” နာမည်နဲ့ ဘာသာပြန်ဖူးပါတယ်။ ဒီစာအုပ်လေးဟာ ကျွန်တော့်ကို (၁၃) နှစ်လောက် လွှမ်းမိုးထားခဲ့တဲ့ စာအုပ်လေးပါ။ ဒီအထဲက စာသားတွေ ၊ စကားတွေ ကျွန်တော် အရင်က အလွတ်ကျက်ထားတယ် ဆိုရလောက်အောင် ကျွန်တော် နှစ်သက်ခဲ့တယ်။ နောက်တော့ အသက်ကြီးလာမှ ဒီစာအုပ်ကို သူ ဘာကြောင့် ရေးတယ် ဆိုတဲ့ အဖြေကို ရလာခဲ့တယ်။ ဘာပဲ ပြောပြော ကျွန်တော် ငယ်ဘဝတစ်လျှောက်လုံး ဒီစာအုပ်လေးရဲ့ ကူညီမှု များစွာ ရခဲ့ပါတယ်။

အခုတော့ “ ကင်ဝူချွန်း ” တစ်ယောက် စာရင်းလိမ်မှု ၊ အလွဲသုံးစားမှု ၊ စာရင်းဖျောက်မှု တွေနဲ့ ထောင်နန်းစံ နေပါတယ်။ ကျွန်တော့်အတွက် ကံကောင်းတာက သူက ကျွန်တော် ငယ်ဘဝက Ideal တစ်ယောက်ပေမဲ့ ကျွန်တော် သူ့စာအုပ်ထဲက လျှိုဝှက်ချက်လေး ရှာတွေ့ပြီး သူ့ကို လေးစားလောက်တဲ့ လူတစ်ယောက်အဖြစ်ပဲ စာရင်းသွင်းရင်း Ideal အဖြစ်မှ ဖြုတ်ထားပြီး ၂ နှစ်ကျော်တော့ သူ ပြဿနာတွေ တတ်တော့တာပါပဲ။ ကျွန်တော့်အခန်းထဲမှာ ထက်ထက်မိုးဦး မရှိပါ ၊ နန္ဒာလှိုင် မရှိပါ။ ကျွန်တော်က တစ်မျိုး ရူးသွပ်စွာ သူတို့ပဲ ရှိတယ်။

ဘယ်သူမဆိုတော့ “ လမ်းတိုင်းကို ရွှေခင်းထားတယ် ။ ” စာအုပ်လေးကို ဖတ်သင့်ပါတယ်။ ပြီးတော့ ဒီစာအုပ်ကို သူဘာကြောင့် ရေးရတာလဲ ဆိုတာ အဖြေထုတ်ကြည့်ပါ။ အခု သူ့ရဲ့ လက်ရှိ အခြေအနေကို ဖတ်ချင်ရင် ဒီနေရာ နဲ့ ဒီနေရာ မှာ သွားဖတ်ပါ။



ကိုဇော် ခံစားတင်ပြသည်။

Happy New Year ပါ သူငယ်ချင်းများ . . . ပျော်ရွှင်ပါစေသား။



.
Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ကောင်းမွန်တဲ့နှစ်သစ်ကူးလက်ဆောင်မွန်လေးပါပဲအစ်ကို. ကိုယ့်ဖန်တီးမှုကြောင့်ရလတာမဟုတ်တဲ့ အခွင့်အရေးက တကယ်တော့ အန္တရာယ်ပါပဲအစ်ကို

ချော(အစိမ်းရောင်လွင်ပြင်) said...

အလကားရတဲ့ အခွင့်အရေးရဲ့ နောက်မှာ ကိုယ်ပေးဆပ် လိုက်ရတာတွေပေါ့.. အခွင့်အရေးဆိုတာ အလကားရတိုင်းမယူသင့်တဲ့ သင်ခန်းစာလေးပါ.. နှစ်သစ်မှာ ကောင်းမွန်တဲ့ သင်ခန်းစာလေး ဝေမျှတာကျေးဇူးပါ
ပျော်ရွှင်ပါစေ..

ရွှေ ယွန်း ဝါ said...

ကျေးဇူးတင်ပါတယ်။ တန်ဖိုးရှိတဲ့ post လေးနော်။