မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


28 October 2010

14 ပုစ္ဆာများ



လူတိုင်း လူတိုင်း ပုစ္ဆာဖြေခြင်းကို ဝါသနာပါကြတယ် လို့ ကျွန်တော် ဆိုရင် လက်ခံနိုင်ကြပါ့မလား။ မဟုတ်ဘူး ငါတို့ကတော့ ပုစ္ဆာဖြေ ရမှာ အရမ်းမုန်းတယ် ဆိုသူများက ကျွန်တော့်ကို ပြန်လည်ကာ ချေပကြမည်လား။ မည်သို့ပင် ဖြစ်ပါစေ ကျွန်တော် ဥပမာ အနေဖြင့် နည်းနည်းတော့ ပြောကြည့်ပါဦးမည်။

တစ်နေရာမှ တစ်နေရာသို့ ကားစီးသွား၍ လည်းကောင်း ၊ လမ်းလျှောက်သွားရင်းဖြင့် လည်းကောင်း လမ်းမ၏ ဘေးတစ်ချက် တစ်ချက်စီမှာ ထောင်ထားသော ကြော်ငြာများတွင် မြင်တွေ့နိုင်ပါသည်။ ၁ + ၂ = ဆိုကာ ဒီဘက်မှာ သွားတိုက်ဆေးဘူးကို ထည့်ထားတတ် သလိုမျိုး။ သူ ဆိုလိုချင်တာက သာမာန် သွားတိုက်ဆေးထက် ဘယ်အရာတွေ ပိုပြီး ပေါင်းစပ် ထားတယ်ပေါ့။ သူ့ဖာသာ ဘယ်လိုပဲ ရည်ညွှန်းပါစေ ၁ + ၂ = ရဲ့ ဒီဘက်က အဖြေက ၃ ဆိုတာ အားလုံးလိုလို သိကြပါ၏၊ ထို့ကြောင့် ထိုပုစ္ဆာရဲ့ အဖြေ ၃ ဆိုတာကို သိပ်ပြီးတော့ စိတ်မဝင်စားကြပါ။ အဘယ့်ကြောင့် ဆိုသော် “ လွယ်ကူသော ” ကြောင့် ဖြစ်သည်။

တစ်ခါတလေတော့ ကျွန်တော်တို့ မဂ္ဂဇင်း ၊ ဂျာနယ်တွေထဲမှ ဥာဏ်စမ်းပုစ္ဆာတွေ ဖြေကြရပါ၏။ အတော်လည်း စိတ်ဝင်စားဖို့ ကောင်းပါသည်။ ခက်ခက်ခဲခဲတွေ မဟုတ်တောင်မှ လွယ်လွယ်ကူကူတော့ မဟုတ်။ အစပြုမိကာ ထိုပုစ္ဆာများကို ဖြေကြည့်မိလျင် လူက စိတ်ဝင်စားမိကာ အဖြေမရမချင်း ဖြေနေမိတော့သည်။ နောက်တော့လည်း ကျွန်တော်တို့ အဖြေတစ်ခုကို မိမိရရ ဆုပ်ကိုင်မိပါတော့သည်။ ဒီအခါမှာ ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ တစ်ခုခုကို ကျေနပ်သလို ခံစားရမိတတ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် “ သင့်တော်သော ” ကြောင့် ဖြစ်ပါသည်။

သို့သော် တစ်ချိန်ချိန် တစ်နေရာရာမှာတော့ ကျွန်တော်တို့ ဖြေရှင်း၍ မရသော ပုစ္ဆာများနှင့် ကြုံတွေ့ ရတတ်ပါသည်။ စိတ်ကတော့ ဝင်စားပါသည် ၊ သို့သော် အချိန် အတော်ပေးကာ ထိုပုစ္တာ၏ အဖြေကို ရရန် ခေါင်းပူခံ၍ လေ့လာ တွက်ချက်သော်လည်း အဖြေ မထွက်သော အခါမှာ စိတ်ပျက်အားလျော့စွာ လက်လျော့နောက်တွန့် သွားကြလေ့ရှိပါသည်။ ထိုအချိန် ထိုအခါမှ စ၍ ထိုသူများသည် “ ပုစ္ဆာ္တ ” ကို ကြောက်ရွံသော လူများ ဖြစ်သွားကြပါတော့သည်။ အဘယ့်ကြောင့် ဆိုသော် “ ခက်ခဲလွန်းသော ” ကြောင့် ဖြစ်ပါသည်။



“ အချစ် ” ဆိုတာ “ ပုစ္ဆာ ” တစ်ပုဒ်ဟု ကျွန်တော် တင်စားချင်ပါသည်။

အချစ်ဆိုသည်မှာ တွက်၍ မရသော ပုစ္ဆာတစ်ပုဒ်တော့ မဟုတ်ပါ။ အချစ်ဆိုသည်မှာ တွက်ရခက်သော ပုစ္ဆာ္တတစ်ပုဒ် မျှသာ ဖြစ်ပါသည်။

ထို့ကြောင့်  . . . . . . . . . . . . . . . . . . . . . . . . . . . . . .



ကျွန်တော့်မှာ အပျိုကြီး သူငယ်ချင်း များစွာ ရှိသလို ၊ ကျွန်တော် အပါအဝင် ( ဒါကတော့ ပါအောင်ကို ပြောရတယ် ၊ မပြောရင်လည်း လာဖဲ့မှာ စိုးလို့  :P ) လူပျိုကြီး သူငယ်ချင်း များစွာလည်း ရှိပါသည်။ သူတို့သည် သူတို့ ကိုယ်တိုင်လည်း ပုစ္ဆာများကို ဖြေခဲ့ဖူးပါသည်။ ထို့အတူ သူတို့ကိုယ် သူတို့လည်း ဆရာလုပ်ကာ သူများကို ပုစ္ဆာများစွာ ထုတ်ခဲ့ပါသည်။ သို့သော် သူတို့သည် သူများထုတ်သော ပုစ္ဆာများကိုလည်း မဖြေနိုင်ခဲ့ ၊ သူများကိုလည်း ကိုယ်ထုတ်သော ပုစ္ဆာကို လွယ်လွယ် ဖြေနိုင်သွားလျင် ကိုယ်များ သိက္ခာများ ကျလေမလား ဆိုသော တလွဲအတွေးဖြင့် ခက်ခဲ နက်နဲသော ပုစ္ဆာများကို ထုတ်တတ်ကြပါသည်။

အပျိုကြီး

ဝယ်သူ ဝယ်လက် ရှိပါလျက်နဲ့
တတ်ဈေးစောင့်ရင်း
ကုန်ပုပ်သူ။

ကျွန်တော့် သူငယ်ချင်း အပျိုကြီး တစ်ယောက်ကို ဥပမာ ပေးလိုပါသည်။ သူသည် အလွန်ကို ချောမော လှပသော မိန်းမပျို တစ်ယောက် ဆိုသော ဂုဏ်ထူးကို ၈ တန်းကျောင်းသူ ဘဝမှာ ကတည်းက စပြီး ရခဲ့ပါသည်။ ဝိုင်းဝိုင်းလည်နေသော သူ့ဘေးမှ လူများနှင့် သူ့ဆီသို့ ရောက်လာသော ချစ်သဝဏ်လွှာများကို သူက နည်းနည်းလေးမှ ဂရုမစိုက်။ သူမက မချစ်တတ်၍တော့ မဟုတ်ပါ။ အချစ်ရဲ့ တန်ဖိုးကို မြှင့်ချင်သလို ၊ သူမရဲ့ တန်ဖိုးကိုလည်း မြင့်စေချင်သည်။

ထို့ကြောင့် သူမကို လွယ်လွယ် မရဘူး ၊ သူမက အညှာမလွယ်ဘူး ဆိုသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ချင်သော မာနကြောင့် သူမထံ ချည်းကပ်လာသူများကို ခက်ခဲသော ပုစ္ဆာများကို ထုတ်ကာ ဖြေစေ၏။ သူမကို တကယ်ချစ်ရင် သုံးနှစ်သုံးမိုး ရိုးရိုးသားသား စောင့်ရမည် ဆိုတာလည်း ပါသည်။ အလုပ်ကြိုးစားရမည် ဆိုတာလည်း ပါသည်။ မိမိကိုယ်ကိုယ် အမြဲတမ်း တိုးတတ်အောင် ဖြည့်ဆည်းနေရမည် ဆိုတာလည်း ပါသည်။ တခြား. . . . တခြားသော ပုစ္ဆာများလည်းပါသည်။

ဒါနဲ့ သူမကို ချစ်မိသော သူတွေသည် သုံးနှစ်သုံးမိုးကို ခါးကျိုးမတတ် စောင့်ကြရ လေတော့သည်။ ထိုအထဲမှ တစ်ယောက်က သူ့အပေါ် အလွန် အနွံအတာ ခံသည်။ နှစ်နှစ်ကျော်ကျော် ၊ နှစ်နှစ်ခွဲခန့် ကြာသော အခါမှာ သြော်. .  ဒီလူ မဆိုးပါဘူး ၊ ငါ့အပေါ် အနွံတာ ခံနိုင်တယ် ဆို၍ သူ့ဘက်က ပုစ္ဆာအတွက် အမှတ်ပေးမည် ဟု ကြံကာ ရှိသေး ၊ ထိုသူသည် သူမ၏ တွက်ရခက်သော ပုစ္ဆာများရဲ့ အဖြေကို မစောင့်ဆိုင်းနိုင်၍ ထင်ပါသည် တခြားသော မိန်းကလေး တစ်ယောက်နှင့် အိမ်ထောင်ပြု သွားလေတော့သည်။

ထိုအခါမှာ ယောက်ျားတွေက သစ္စာမရှိဘူး ဆိုကာ “ ကျာပွတ်ကို အမဲဆီ ” သုတ်ကာ ရမ်းပါ လေတော့သည်။ ထိမိ ၊ ခိုက်မိသူများက အမဲဆီလည်း ပေသေး ၊ ကျာပွတ်ဒဏ်လည်း ခံရသေးဖြစ်ကာ ပို၍ ဝေးရာသို့ ရှောင်ရှားကြ လေတော့သည်။ သူတို့ကတော့ သူတို့ နားကပ်လာသူများကို အပွေးကုန်နေသော သနပ်ခါးတုံးကြီး ကဲ့သို့ ပြောင်တင်း မာကျောစွာဖြင့် ဆက်ဆံကြ လေတော့သည်။ သူတို့ကို ချစ်ရေးဆို သူများကိုလည်း သုံးနှစ်သုံးမိုးစောင့် ရမယ် ဆိုသော ပုစ္ဆာခက်ခဲ နှင့်သာ ရင်ဆိုင်စေသည်။ ထိုအခါ သူတို့ကို ချည်းကပ်သူများသည် “ တွက်ရခက်ခဲသော ပုစ္ဆာများ ” ကြောင့် မကြာခင်မှာ ကြောက်ရွံ့ကာ နောက်ဆုတ် သွားတတ်ကြ ပေတော့သည်။

ထိုအခါ ပုစ္ဆာထုတ်သော မိန်းမပျိုသည် မပြောင်းလဲသော သူမ၏ ပုစ္ဆာအတွက် ပြောင်းလဲလာသော အချိန်ကို အံမတု နိုင်သောကြောင့် “ အပျိုကြီး ” များ ဖြစ်လာကြ လေတော့သည်။

လူပျိုကြီး

ပါး နဲ့ လက်ဝါး 
မညားဖူးဘဲ
အတွေးထဲမှာ ဖျားနေသူ။

တကယ်တော့ ယောက်ျားတိုင်းက ရဲရင့်ကြပါ၏။ သို့သော် စကားပုံလေး တစ်ခုကိုတော့ ယောက်ျားတိုင်းက မလွန်ဆန်နိုင်ကြ။ ထိုစကားပုံက “ အချစ်နဲ့ တွေ့ရင် သူရဲကောင်းတွေတောင်မှ ကြောက်ရွံ့တွန့်ဆုတ် သွားကြတယ် ” လို့ ဆို၏။

လူတိုင်း လူတိုင်း အချစ်နဲ့ ထိပ်တိုက် မဟုတ်တောင်မှ သွယ်ဝိုက်ပြီး ဆုံတွေ့ဖူး ကြပါလိမ့်မည်။ ဒီလိုပဲ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကလည်း အချစ်နဲ့ ထိပ်တိုက် ဆုံတွေ့ခဲ့ဖူးပါသည်။ သူက အတော်ကို ချေးများသူ တစ်ယောက် ဖြစ်သောကြောင့် သူချစ်ကြိုက်သော မိန်းကလေးက တော်ရုံအလှနဲ့ ကျေနပ်သူ မဟုတ်ပါ။ ထို့ကြောင့် ထိပ်ဆိုမှ ထိပ် ၊ ခေါင်ဆိုမှ ခေါင် ဆိုသလို “ ထိပ်ခေါင် ”  ဆိုကာ အလှဆုံး ဆိုမှ သူရွေးသည်။ အမျိုးအစား ကောင်းသော ပစ္စည်းတို့သည် တန်ဖိုး မြင့်မားသည် ဆိုသော လူသဘာဝအတိုင်း ထိုမိန်းကလေးကလည်း မာနကြီးမြင့်သည်။

သို့သော် သူကလည်း ထိုမိန်းကလေးမှ မရရင် သေတော့ မလိုလို ဖြစ်ကာ ထိုမိန်းကလေးမှ ထိုမိန်းကလေး ဖြစ်နေလေတော့သည်။ ထို့ကြောင့် ချည်းကပ်သော အခါမှာ ထိုမိန်းကလေးက သူ့ကို ချစ်တယ် ဆိုရင် သုံးနှစ်သုံးမိုး စောင့် ဆိုသော ခက်ခဲသော ပုစ္ဆာဖြင့် တွယ်လေတော့သည်။ ထိုအခါ သကောင့်သားကလည်း “ ငါကွ ယောက်ျား ” ဟု ဆိုကာ လက်သီးလက်မောင်း တန်းပြီး စောင့်မည် ဟု ကြွေးကြော်လေတော့သည်။

သို့သော် ထိုသုံးနှစ်သုံးမိုး ဆိုသည်မှာ တစ်ယောက်ကို တစ်ယောက် စောင့်ကြည့် လေ့လာ အကဲဖြတ်သော အချိန်ဟု ဆိုသည်။ ထို့နောက်မှ သူ့ကို အဖြေပေးသင့် ၊ မပေးသင့်ကို စဉ်းစားမည်ဟု ဆိုသည်။ ထိုအဖြေမှာလည်း သူ့ကို ချစ်မည် ၊ မချစ်မည် ဆိုသည်ကို မသေချာဟု ဆိုသည်။ ထို့နောက်. . . ထို့နောက်မှာတော့ ကျွန်တော့် သူငယ်ချင်းသည် အချိန် နှစ်နှစ်မျှ ကုန်လွန်ပြီးနောက် အသာအယာ နောက်ဆုတ်ခဲ့ လေတော့သည်။ ဟိုဘက် မိန်းကလေးက ဘယ်လို နေလဲ မသိပေမဲ့ သူကတော့ နောက်ထပ် တစ်ယောက်ကို ထပ်ကာ ချစ်မိသည် ဟု ဆိုပြန်လေတော့သည်။

ထို့နောက်မှာလည်း သူ ပုစ္ဆာ ခက်ခက်ကို ထပ်မံ ဖြေဆိုရပြန် လေတော့သည်။ ထို့နောက်. . . . ထို့နောက်. . . အချိန်တွေ တစ်နှစ်ပြီး တစ်နှစ်ကုန်ကာ သူလည်း တစ်ယောက်ပြီး တစ်ယောက် ပြောင်းရင်း ဘယ်သူ့ဆီကမှ ပုစ္ဆာရဲ့ အဖြေကို ရအောင် သူ မဖြေနိုင်ခဲ့ပါ။ သို့သော် သူကတော့ ဘာမှ မပြောင်းလဲဘဲ တစ်ယောက်နဲ့ အဆင်မပြေရင် နောက်တစ်ယောက် ပြောင်းနေပါသည်။

သူကသာ မပြောင်းလဲ ပေမဲ့ အချိန်ကတော့ ပြောင်းလဲ နေသောကြောင့် သူ့ကို တစ်နေ့ထက် တစ်နေ့ ပတ်ဝန်းကျင်ရဲ့ အမြင်မှာတော့ ပြောင်းလဲကာ “ လူပျိုကြီး ” ဟု ခေါ်ဆိုနေကြ လေတော့သည်။



ပုစ္ဆာရဲ့ သဘောတရားကိုက “ လွယ်လွန်းသော ၊ သင့်တော်သော ၊ ခက်ခဲလွန်းသော ” ဆိုသော အခြေအနေ သုံးရပ်ရှိပါသည်။

  • လွယ်ကူသော အခါမှာ လူတွေ တန်ဖိုးမထား ဖြစ်တတ်ပါသည်။
  • သင့်တော်သော အခါမှာတော့ လူတွေ စိတ်ဝင်တစား တွက်ချက်ကြသည်။ အဖြေရသော အခါမှာ သူတို့ ကိုယ်တိုင်လည်း စိတ်ကျေနပ်ကြသည်။ ဖြေဆိုသူများ ပျော်ရွှင်ကြသလို ပုစ္ဆာမေးသူများလည်း ကြည်နူးရသည်။
  • ခက်ခဲလွန်းသော ပုစ္ဆာကို ဖြေရသောအခါ ပထမပိုင်းတွေ စိတ်ပါဝင်စားသော်လည်း အချိန်ကြာ လာတာနှင့် အမျှ စိတ်ဝင်စားမှု လျော့နည်းကာ အဖြေကို ဆက်လက်ပြီး တွက်ချက်ဖို့ စိတ်ဓါတ် အင်အား လျော့နည်း သွားတတ်ကြသည်။ ထို့နောက်မှတော့ ထိုပုစ္ဆာနှင့် ဝေးရာသို့ ရှောင်ဖယ် သွားတတ်ကြသည်။
သို့သော် . . . . 

တချို့သော သူများက လွယ်ကူသော ပုစ္ဆာကို တွက်ချက်ရသော်လည်း စိတ်ဝင်တစား တွက်ချက်တတ် ကြပါသည်။ သင့်တော်သော ပုစ္ဆာကို တွက်ရသော အခါမှာလည်း သူတို့ စိတ်ပါဝင်စားစွာဖြင့် တွက်ချက်ပြီး အဖြေရသော အခါမှာ ဂုဏ်ယူဝမ်းမြောက် တတ်ကြပါသည်။ ခက်ခဲသော ပုစ္ဆာနှင့် ကြုံရသော အခါမှာလည်း မရမချင်း အားကြိုးမာန်တတ် လေ့လာကာ တွက်ချက်တတ်ကြပါသည်။ သို့သော် အချိန်များစွာ ပေးရရင်း ဘဝရဲ့ တခြားသော တန်ဖိုးရှိသော ကိစ္စများ လုပ်ဆောင်ရန် နှောင့်နှေး သွားတတ်ကြပါသည်။ ဒါပေမဲ့ ထိုသူများသည် ထိုကဲ့သို့ ခက်ခက်ခဲခဲ ပုစ္ဆာများကို တွက်ချက်နေရခြင်းကိုပင် ဂုဏ်ယူ နေတတ်ကြ ပါသေးသည်။ အဖြေကတော့ မထွက်သေး။

ယခု  အခါမှာတော့ ဝါလကင်းလွတ်၍ သီတင်းကျွတ်ခဲ့ပါပြီ။ မင်္ဂလာ ခန်းမတွေမှာလည်း သူများတွေ အသီးသီး အခမ်းအနားတွေ ကျင်းပကာ လက်ဆက်ကြပါတော့မည်။

  • လွယ်ကူသော ပုစ္ဆာများကို ထုတ်သူနှင့် လွယ်ကူသော ပုစ္ဆာကို ဖြေခွင့်ရသူတို့ အချိန်တိုအတွင်း အာဝါဟ ဝိဝါဟ ပြုကာ ဘဝရဲ့ တန်ဖိုးရှိသော အချိန်များကို ရင်ဆိုင် ဖြေရှင်းနေကြပါပြီ။ 
  •  သင့်တော်သော ပုစ္ဆာထုတ်သူနှင့် သင့်တော်သော ပုစ္ဆာများကို ဖြေဆိုနိုင်သူများကလည်း သိပ်မကြာခင် အချိန်မှာ အိမ်ထောင် ရက်သားကျကာ ဘဝကို နှစ်ဦးသဘောတူ ရင်ဆိုင်ဖို့ ပြင်ဆင် နေကြပါပြီ။
  • သို့သော် ဒီလို သီတင်းကျွတ် အချိန်ကို ရောက်တိုင်း ကိုယ်ထုတ်ထားသော ပုစ္ဆာခက်ခက်ကြောင့် အဖြေ မရှာနိုင်သူကိုပဲ စိတ်ဆိုး ရလေမလား ၊ ပုစ္ဆာခက်ခက်ကို မေးထားသောကြောင့် အဖြေ မပေးနိုင်၍ ပုစ္ဆာထုတ်သူကိုပဲ အပြစ် တင်ရလေမလား ဆိုတာ မသဲကွဲလေသော “ လူပျိုကြီး ၊ အပျိုကြီး ” များကတော့ အိမ်ကို မင်္ဂလာဖိတ်စာ လာလေတိုင်း အံတကြိတ်ကြိတ်နှင့် သူတို့ ပြောတတ်ကြပုံကဖြင့်. . .

“ အို . . အပူတောင်မှ ငြိမ်းသေး ” ဆိုပဲ။

ဒါပေမဲ့ သူတို့ ရင်ထဲမှာ ဘယ်လောက် ပူပန်နေလိမ့်မလဲ ဆိုတာတော့ သူတို့က လွဲပြီး တခြားလူ သိမှာ မဟုတ်ပါဘူး။

သီတင်းကျွတ်တိုင်း . . .

သီတင်းကျွတ်တိုင်း . . .

သီတင်းကျွတ်တိုင်း . . .

သူတို့ တစ်လကြိုကာ ကထိန်လ ရောက်နေသလို  မီးပုံးပုံ လွှတ်ပွဲ ကျင်းပနေသော သူတို့ ရင်ထဲမှာ ဘယ်တော့မှ အပေါ်ကို ပျံမတတ်နိုင်သော မီးပုံပျံမှ မီးစ တစ်စက တစစ လောင်းကျွမ်း ရင်းနဲ့ပေါ့ဗျာ။

 ဝါလ ကင်းလွတ် သီးတင်းကျွတ် ခဲ့ပါပြီ။ 
ပေးသူ ၊ ယူသူ မျှတူညီသော 
“ ပုစ္ဆာများ ” ထုတ်နိုင် ၊ ဖြေနိုင် သူများ ဖြစ်ကြပါစေ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

14 ယောက် ရဲ့ ထင်မြင်ချက်:

ဖိုးသား said...

သားလည်း ခံစားတက်နေပါပီ ဟီး အပျိုကြီးမမကို ဂျစ်နေမိပြီ သိလား hee

Anonymous said...

ဟဟ..စာရေးသူကရော..ဘယ်လိုပုစ္ဆာမျိုးကိုဖြေချင်တာလဲရှင့်။
ကြည့်ရတာ ခက်ခဲတဲ့ ပုစ္ဆာနဲ့များ တွေ့နေလား။ မေးထားတာ အမှားပါရင် ခွင့်လွတ်ပါ။
may

ဧပရယ်လ်ပူး@ပူးတေ said...

ကိုဇော်ရော ပုစ္ဆာတွေ ဘယ်နှစ်ပုဒ်ဖြေနိုင်ခဲ့ပြီး ဘယ်နှစ်ပုဒ်မဖြေနိုင်ခဲ့လို့ လူပျိုကြီး ဖြစ်နေရတာလဲ....
လူပျိုကြီးနော် အချိန်မနှောင်းခင် ကြိုးစားဖြေထားသင့်တယ်။ အစထဲက အရမ်းခက်တဲ့ ပုစ္ဆာမျိုးလဲ ရှာမဖြေ မိစေနဲ့ အရမ်းလွယ်တဲ့ ပုစ္ဆာမျိုးလဲ မရွေးဖြေမိစေပဲနဲ့ ကိုယ်ဖြေနိုင်မယ့် အလယ်အလတ်တမ်း ပုစ္ဆာမျိုးဆို ကောင်းမယ်ထင်တယ်နော်.... ဟိ ဟိ :D

ကိုဇော်ရဲ့ အပျိုကြီး လူပျိုကြီး ဒက်ဖနေးရှင်းတွေတော့ ကြိုက်သွားပြီ.... နုတ်စ်ထဲမှာ ချမှတ်ထားလိုက်တော့မယ်... တော်သေးတယ် အပျိုကြီး မဖြစ်တာ။ မဟုတ်ရင် သူ့ဒက်ဖနေးရှင်းကြီးကြည့်ပြီး ခံစားနေရဦးမယ်.. ဘာမဟုတ် ညာမဟုတ် ဇီဇာကြောင် ဒေါကန်နေမိဦးမယ်.. တော်သေတယ်.... ဆောရီး တော်သေးတယ်

အီးမေးလ်အတွက် ကျေးဇူးနော် ကိုဇော်...
ပူးတေ မေးလ်ပြန်ထားတယ်။

မိုးယံ said...

သူတောင် မဖြေနိုင်သေးပဲနဲ့များ ဟွန့်

အိမ်ထောင်ကို ရက်သား လောက်ပဲ ကျရင်ကောင်းမယ်

လွန်ရော ကျွံရော လ သားလောက်ဆို တော်ရောပေါ့။

ဦးဇွတ်ရဲ့ မီးစ ဘယ်လောက် လောင်နေလဲ သိတယ်နော်။ ဟွင်း ဟွင်း

ငွေလမင်း said...

ရေးထားတာ ဖတ်လို့ကောင်းသလို နားလည်လွယ်တယ်
ထွန်းအိန္ဒြာဗို ပြောသလိုပေါ့ အချစ်ဟာ အဖြေရှာမရတဲ့ ပုစ္ဆာ ပေါ့
ရှာနိုင်တဲ့သူတွေ အဖြေတွေ့သွားကြတာပေါ့
ကိုဇော်ကရော ဘယ်တော့ အဖြေထွက်မတုန်း

Anonymous said...

စာရေးသူကော ဘယ်တော့ ကျွှေးမှာလည်း သူများမပြောနဲ့ ကိုယ်တိုင်ဖြေပါ...

အဖြူရောင်နတ်သမီး said...

လောင်ကြွမ်းနေပြီပေါ့လေ....
အမှန်ကို ဖြေလိုက်စမ်းးးဘာာာာ...လူပျိုကြီးးးး

SHWE ZIN U said...

လူပျိုကြီး ကဘယ်သူလည်း ကိုဇော် ကိုယ်တိုင် ခံစားသည် ဖြစ်ရပ်မှန်ပေါ့

ခင်တဲ့
ရွှေစင်ဦး

ဝက်ဝံလေး said...

ဖတ်ပြီး ပြုံးသွားတယ် ကိုဇော် ဟဟဟဟ
အေးအေးနေဇမ်းဘာာ ကိုဇော်ရယ် များ ဟိုးးနေ့က တရားချတယ်မလား အဲဒီ အတွယ်အတာတွေ အနှောင်အဖွဲ့တွေ မလုပ်ချင်စမ်းဘာာနဲ့
ခုဆို ဘယ်လောက်အေးဆေးလဲ စားချင်စား မစားချင်နေ သွားချင်သွားမသွားချင်နေ အဲ အဲဒါတွေ ရှိလာလို့ကတော့ ဟိုဟာ ချုပ်ချယ် ဒီဟာ ချုပ်ချယ်နဲ့
စိတ်ပျက်ချာကြီးပါ
ဟဲဟဲ လူပြို အဲလေ လူပျိုဂျီးကို အားပေးသွားတယ် နော် ခစ်ခစ်

ahphyulay said...

ကိုဇော်ရေ့ 
ဒီလိုစ္ဆာမျိုးကတော့  ရောင်းသူ၊ဝယ်သူ အသံတူ လို့ 
မဖြစ်ဘူးထင်တယ်နော်။ ဘယ်တော့ မှအဖြေထွက်မှာ
မဟုတ်လို့ ပါပဲ။ လက်တွေ့ ဆန်ဆန်လေး ဖြေရှင်းမှ
ရမှာပါ..။ အဖြေလေ..။ ဒါမှ လာမဲ့ နှစ်မှာ ကိုယ်ပါ
ကျွတ်မှာ...၊ ကျွတ်တော့ မှာ..။

အုပ်ကြီး said...

ပုစ္ဆာခက်ခက်တွေဖြေရတာ စိတ်ဝင်စားတယ်ဗျာ
စဉ်းစားရင်းပဲ ..ခေါင်းတွေကုတ်၊ပါးတွေကုတ် ..
ပါးတွေယားလိုက်တာဗျာ ...

ဒေါင်းမင်း said...

သုံးနှစ်စောင့်နိုင်ဘူး။ကျွန်တော်ကချင်ချင်းပဲ..ဟဲဟဲ

T T Sweet said...

ရေးထားတာ စိတ်ဝင်စားဖို့ ကောင်းတယ်။ အသိထဲမတော့ အစ်မတစ်ယောက် ... ကျောင်းမှာကတည်းက ချောလွန်းလို့ ငေးနေရတာ။ လိုက်သမျှအားလုံးကို ခေါက်ထားခဲ့ပြီး ခုချိန်ထိ အပျိုကြီးပဲ။ စိတ်ဓာတ်ခိုင်ကျဉ်မှုကိုပဲ လေးစားရမလားပဲ

ဆွေလေးမွန် said...

ဟွန်း..ဟေ့လူပျိုကြီး (ပို့ဖတ်တုန်းက ကျွန်တော်အပါအ၀င်ဆိုလို့)
အမှန်တွေ ကို အသားကုန်အိတ်သွန်ဖာမှောက်မရေးနဲ့လေ

ဒီမှာ ဖတ်ရင်းဖတ်ရင်း ပုစ္ဆာက တော်တော်ခက်လားသလားလို့..

ဟီး...

ခင်မင်စွာဖြင့်