မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 October 2010

14 မှောင်တခြမ်း ၊ လင်းတခြမ်းနှင့် လကွေး





       “ ဟောစာတမ်းလေး ဝယ်ပါလား ”

       သူ မော့ကြည့်လိုက်တော့ ဝတ်ဖြူစင်ကြယ်နှင့် ဘိုးတော် လိုလို ပုဂ္ဂိုလ် တစ်ယောက်ကို ချိနဲ့နဲ့ မြင်လိုက်ရ၏။ အမှန်အတိုင်း ပြောရရင် သူ မဝယ်ချင်ပါ။  ဗေဒင်တွေ ၊ ဘိုးတော်တွေကို သူ မယုံကြည်ပါ။ ဒါကြောင့် ငြင်းမယ် ကြံလိုက်တော့ ထူးဆန်းစွာ အားနာသလို သူခံစားရသည်။ ဟောစာတမ်း တစ်စောင်ရဲ့ တန်ဖိုးထက် အခုလောလောဆယ် သူ့စိတ်ထဲမှာ နင့်နင့်နဲနဲ ခံစားနေရတာက “ မိုးခေါင်နေခြင်း ” ပါပဲ။

       ယုံကြည်ကိုးစားမှု မဟုတ်ပေမဲ့ ရှေ့မှီနောက်မှီ လူကြီးတွေရဲ့ စကားကြောင့် ပွဲတွေပေးကာ လွန်ဆွဲခဲ့ကြတာလည်း အကြိမ်ကြိမ် ၊ ရွာတော်ရှင် လို့ အခေါ် နတ်စင်ကိုလည်း ပူဇော် ဆက်သခဲ့ကြတာ အခါခါ ၊ နတ်ကနားပွဲတွေ စီစဉ်ပြီး ကလိုက်ကြတာလည်း တခြိမ်းခြိမ်း ၊ ဗေဒင်ဆရာတွေ ချေခဲ့တဲ့ ယတြာတွေကလည်း မြို့တစ်ခုလုံးမှာ အနှံ့။ သို့ပေသော်ငြား မိုးက ရွာဖို့ နေနေသာသာ တိမ်ညိုတွေ အုပ်အုပ်ဆိုင်းဆိုင်းပင် မမြင်ရ။

       ပူပြင်းလှစွာ နေအရှိန်ကြောင့် ရေတွင်း ၊ ကန် ၊ ချောင်းများလည်း အငွေ့ပျံကာ ဖုန်အလူးလူးနဲ့ ကျန်နေခဲ့သည်။ ကောင်းကင်မှာတော့ နေမင်းက ဝင့်ကြွားကာ မင်းမူလျှက်။ လူသား အားလုံးတို့ ချိုးရေအတွက် ဒုက္ခရောက်ကြရ၏။ ထို့နောက် သုံးရေအတွက်ပါ ဒုက္ခရောက်ကြရသည်။ တစစနှင့် သောက်သုံးရန်ပါ ဒုက္ခရောက် ကြရလေတော့သည်။ တစ်နေ့ ရွာနိုးနဲ့ မျှော်လိုက်ရတဲ့ မိုး ၊ ဆွဲလိုက်ရတဲ့ လွန် ၊ ပေးလိုက်ရတဲ့ ပွဲတွေ  . . ၊ လက်တွေ ပေါက်ပြဲကာ နတ်ကတော်တွေ အသံပြာသွားတာပဲ အဖတ်တင်၏။ မိုးကတော့ တိတ်ဆိတ်လို့ မှုန်မှုန်ပင် မကျ။

       စိတ်လက် မချမ်းသာစွာနဲ့ပဲ ရှိသမျှ လူတွေ အားလုံး ရေ အတွက် ပူပင်ကြသည်။ ရေတွင်းတွေ ထပ်ဖော်သည် ရေ မထွက်။ အဝီစိတွင်းတွေကို အင်္ဂျင်အားနဲ့ စုပ်ယူကြသည် ပူလာသော အင်္ဂျင်အတွက် ရေတိုင်ကီမှ ရေသာ အငွေ့ပျံကာ လောင်သွားသည် ရေညစ်ညမ်းသာ ခပ်ပျစ်ပျစ် ထွက်လာခဲ့သည်။  လူတွေ အားလုံး ရေအသက် တစ်မနက် အတွက် ငှက်ပျောအူများကို ခုတ်ကာ အရည်ကို စုပ်စားကြသည်။ အရည်ရွှမ်းသော သစ်သီးများကို ဖြည့်တင်းစားကြသည်။ သို့သော် အသီးရဲ့ သီးအားထက် လူရဲ့ စားသုံးမှုက ပိုနေတဲ့ အတွက် အသီးအနှံများပါ ရှားပါးလာသည်။

       တဖြည်းဖြည်းနဲ့ လူတွေ ရှိနေလျှက်ပင် ဖုန်ဆိုး မြေယာသဖွယ် ဖြစ်လာခဲ့သည်။ စိမ်းစိမ်းစိုစို သစ်ပင်တွေထက် နေလောင်ခံထားရသော အရွက်တွေကို ဝတ်ဆင်ထားရသော သစ်ပင် ကိုင်းကိုင်းများသာ ဖြစ်လာခဲ့၏။ တစ်စ တစ်စ ပတ်ဝန်းကျင် တစ်ခုလုံးဟာ တံလျှပ်များဖြင့် ဖြတ်တောက် ခုတ်ထစ်ခံနေရသလို အရောင်တဝင်းဝင်းနဲ့ အပူရှိန်က ပြင်းသထက် ပြင်းလာခဲ့ကြသည်။

       သူတို့ အားလုံးရဲ့ တစ်ခုတည်းသော သောက်သုံးရေ အတွက် အားကိုးအားထား ပြုနေရတဲ့ ရေကတော့ ကန်ဦးကျောင်း ဆိုသော ဘုန်းကြီးကျောင်းမှ ရေတွင်းဟောင်းတစ်ခုပါပဲ။  ရှားပါးနေသော ရေအတွက် ဆရာတော်ကလည်း သောက်ရေအတွက်သာ မျှဝေပြီး သုံးရေအတွက် နိုင်အောင် မမျှဝေနိုင်သောကြောင့် ဒီလိုပဲ ကြည့်နေခဲ့ရသည်။ ရေတွေ အားလုံး ခန်းခြောက်နေချိန်မှာ ထူးထူးခြားခြား ရေဆက်လက် ထွက်နေတာ ဆိုလို့လည်း ဤတစ်နေရာသာ ကျန်တော့သည် မဟုတ်ပါလား။



       အဝေးကို ငေးနေပြီး ရေအသက် တစ်မနက် အတွက် စဉ်းစားနေတဲ့ သူ့ဆီကို အခုလို ဟောစာတမ်း လာရောင်းနေတာက ဘိုးတော်လိုလို ပုဂ္ဂိုလ်တစ်ယောက်ပါ။ သူ လုံးဝ မဝယ်ချင်ပါ။ ငြင်းမယ် ကြံလိုက်တော့ တစ်ခါမှ မခံစားဖူးခဲ့ရသော အားနာခြင်း ဆိုသော စိတ်က ညွှတ်နူးကာ ဝင်လာမိသည်။

       “ ဘယ်လောက်လဲဗျာ ”

       စိတ်မရှည်သံ နှင့် ဘာလာရှုပ်တာလဲ မြန်မြန်သွားတော့ ဆိုသော အသံ နှစ်ခုကို အသံထဲမှာ ရောယှက်ပါဝင် သွားပြီး သူ မေးလိုက်သည်။

       “ ၅၀ ကျပ် ထဲပါ ၊ ဝယ်ပါ ”

       တောင်းပန်သလိုလို ၊ အမိန့်ပေးသလိုလို အသံနှင့် ဘိုးတော်ယောင်ယောင် ပုဂ္ဂိုလ်က ဆိုလာ၏။ ဒီခေတ် ဒီအခါမှာ ၅၀ ကျပ် ဆိုသော ငွေနဲ့ ရောင်းသော ဗေဒင်ဟော စာတမ်း တစ်စောင်ရဲ့ မှန်ကန်မှုကို သူပိုပြီး သံသယ ဖြစ်မိစေသည်။ သို့သော် ဒီငွေ ၅၀ လောက်နဲ့ ဘာမှ ဆက်မပြောချင်တော့၍ ပိုက်ဆံအိတ်ထဲမှာ ငွေ ၅၀ ကို ထုတ်ယူပြီး ထိုပုဂ္ဂိုလ်ကို ကိုယ့်ထက်ကြီးသူ တစ်ယောက်ကို လေးစားမှုမျိုးဖြင့် လက်နှစ်ဘက်နဲ့ ပေးလိုက်သည်။ သူ ပေးသော ငွေကို ထိုပုဂ္ဂိုလ်က လှမ်းယူပြီး လက်ထဲမှ စာအိတ် အညိုညစ်ညစ် တစ်ခုကို လှမ်းပေးသည်။ ၅၀ တန် ဗေဒင် ဟောစာတမ်း တစ်စောင်ရဲ့ စာအိတ် ခပ်ညစ်ညစ်ကို ကြည့်ပြီး သူ စိတ်ပျက်သွားသည်။

       “ သွားကွာ ”

       ဆိုပြီး လွှင့်ပစ်ရန် လက်ထဲမှ ဗေဒင် စာရွက်လေးကို သူ စိတ်ကူးပြီးမှ ထိုပုဂ္ဂိုလ်ကို သတိရသွားသော စိတ်ဖြင့် နောက်ကို လှည့်ကြည့်သည်။ အခုမှ လှည့်ထွက်သွားသော ထိုပုဂ္ဂိုလ် ခပ်ဝေးဝေး မရောက်နိုင်သေးဘူး ဆိုသော အားနာစိတ်ဖြင့် သူ လှည့်ကြည့်လိုက်တော့ ထိုပုဂ္ဂိုလ်ကို မမြင်ရတော့။ သူ အလွန် အံ့သြသွား၏။ သူ့ရဲ့ နောက်မှာ ကွင်းပြင်မျှသာ ၊ ဘယ်ကိုမှ ကွေ့ပတ် ဝင်သွားနိုင်စရာ နေရာ မရှိ။ အံ့သြမှုဖြင့် သူ့ တစ်ကိုယ်လုံး ထုံဝေသွားသည်။

       လက်ထဲမှ ဗေဒင် စာရွက်လေးကို လွှင့်ပစ်ဖို့ထက် သူလက်ထဲမှာ ပိုမိုမြဲမြံလာသလို စိတ်ထဲမှာ ထင်နေမိသည်။ မမြင်နိုင်သော စွမ်းအားတစ်ခုက သူ့ကို ဒီစာအိတ်ကို ဖွင့်စေရန် ဆွဲဆောင်နေသလို ခံစားရ၏။ လက်ထဲမှ လွတ်ထွက်ဖို့ထက် လက်ထဲမှာ ပိုမို စေးကပ်လာ သကဲ့သို့ ခံစားရလေသည်။  ညာလက်မှာ ကိုင်ထားသော စာအိတ်လေးဆီသို့ ဘယ်လက်က ရောက်လာပြီး စာအိတ်ညိုညိုတို့ ထုံးစံအတိုင်း စာရွက်ကို ဘေးဘက်မှ ထိုးထည့်ကာ အိတ်ပိတ်ထားသော အရာကို ခွာလိုက်မိသည်။ တိကျစေးကပ်သော ကော်မျိုးမဟုတ်။ ဒါကြောင့် စေးကပ်ကပ်ရယ်မျှနှင့် အလွယ်တကူ ပွင့်ဟ သွား၏။

       မြင်နေရတဲ့ ကွင်းပြင်တွေ အားလုံးကတော့ တံလျှပ်တွေနဲ့ လျှပ်ပြေးနေသည်။ အပူငွေ့တို့က ရေပူတွေကို မီးမြှိုက်ပြီး ၊ လေပူတွေက လက်လှမ်းမှီသမျှကို ဖြန်းပက်သည်။ မီးနဲ့ မထိပဲ အငွေ့နဲ့ လောင်မြှိုက်ခံရသော မျက်စိအောက်က အရာတွေကို လှမ်းငေးရင်း စာအိတ်ညိုညိုထဲကို လက်ညှိုးနဲ့ လက်ခလည်ကို ထည့်ကာ ဗေဒင်ဟောစာတမ်းကို ထုတ်ယူလိုက်သည်။ စာအိတ်ကို လွှင့်ပစ်မယ် ကြံပြီးမှ ခုနကလိုပဲ တွေဝေ တွန့်ဆုတ်ပြီး မလွှင့်ပစ်တော့ဘဲ လေပူကို ကာကွယ်ဖို့ ဝတ်ထားတဲ့ အပေါ်အင်္ကျီလက်ရှည် ဖလန်ထည် အတွင်းဘက်က အိတ်ထဲ ခေါက်ထည့်လိုက်ပြီး လက်ထဲက စာကို ဖြန့်ဖတ်လိုက်သည်။

       စိတ်မပါ တပါဖြင့် စာဖွင့်ဖတ်လိုက်သော သူ့မျက်လုံးများက ပထမစာကြောင်းကို ဖတ်အပြီးမှာ စိတ်ဝင်စားမှုဖြင့် ပြူးကျယ်သွားသည်။ နောက်တစ်ကြောင်း ဖတ်ပြီးတော့ ပါးစပ်များပါ ဟသွားမိသည်။ ပြီးတော့ နောက်တစ်ကြောင်း နောက်တစ်ကြောင်း ဖတ်အပြီးမှာတော့ သူ့ တစ်ကိုယ်လုံး နတ်ကိုင်ခံရသူလို တုန်တုန်ယင်ယင် ဖြစ်လာခဲ့သည်။ စာရွက်ကို ကိုင်ရင်း ထိုင်နေလျှက်နဲ့ အမောဖောက်လာသူလို သူ့ အသက်ရှူသံတွေက ပြင်းထန်လာပြီး ထိုင်ရာမှ ထရပ်လိုက်သည်။

       တဆတ်ဆတ် တုန်နေသော ခြေလက်များနှင့် မောဟိုက်နေသော သူ့ရင်ဘတ်က သူ့ရဲ့ မျက်လုံးများကိုပါ ဂနာမငြိမ် ဖြစ်လာစေသည်။ သူ ကောင်းကင်ကို မော့ကြည့်မိ၏။ နှုတ်ခမ်းဖျားမှာ ရေက ပိုငတ်လာသလို နှုတ်ခမ်း အစုံကို သပ်လိုက်မိသည်။ ပြီးတော့ တစ်ခုခုကပဲ သူ့ကို တွန်းထိုး ခေါ်ငင်သွားသလို တုန်တုန်ယင်ယင်နဲ့ သူထွက်ခွာ သွားတော့သည်။ တုန်ခါနေတဲ့ သူ့လက်ထဲက ဗေဒင် ဟောစာတမ်းလေး ကျကျန်နေခဲ့တယ် ဆိုတာ သူ တစ်ခုခုကို စိုးရိမ်စိတ်ကြောင့် သတိမထားခဲ့မိတော့ဘူး။ စာရွက်လေးကတော့ သူထိုင်နေခဲ့တဲ့ သစ်ပင်ရိပ်အောက်မှ ငြိမ်သက်စွာ ကျန်နေခဲ့၏။

       “ ယခုစာကို လက်ခံရသော သင်သည် လွန်စွာမှ ကံထူးခြားသူ တစ်ယောက်ဖြစ်သည်။ ယနေ့မှ စ၍ နောက်ထပ် သုံးရက်မြောက်သော နေ့တွင် မိုးသည်းထန်စွာ ကမ္ဘာအဝှမ်း၌ ရွာအံ့။ ထိုမိုးသည် သောက်သူတိုင်းကိုသာ မက အသားပေါ် အကျခံရယုံမျှနှင့်ပင် ယဉ်ယဉ်လေး ရူးသွပ် သွားစေနိုင်သော “ မိုးခါး ” ပင် ဖြစ်လေသည်။ ထိုမိုးသည် ခုနစ်ရက် တိုင်တိုင် ရွာသွန်းအံ့။ သောက်ရေ ၊ သုံးရေ ရှားပါးနေသောကြောင့် မိုးခါးရွာသော အခါမှာ လူတိုင်းသည် ပျော်ရွှင်လွန်း၍ မိုးရေ၌ ထွက်ကာ သောက်သုံးရင်း မိုးရေကို အားပါးတရ ချိုးမိကြအံ့။ ထိုအခါ တကမ္ဘာလုံး၌ ရှိသော လူများ အားလုံး ရူးသွပ် သွားကြအံ့။

       သို့သော် ရူးသွပ်သူများမှာ သွက်သွက်ခါအောင် ရူးသွပ်သူများ မဟုတ်ဘဲ။ ယဉ်ယဉ်လေး ရူးသွပ် သွားယုံမျှသာ ဖြစ်၏။ ယခုမိုးခါး၏ ထူးခြားချက်မှာ လူတွေသည် ယဉ်ယဉ်လေး ရူးသွပ်ယုံမျှ ရူးသွပ်ခြင်းသာမက သူတို့၏ နေ့စဉ် လုပ်ဆောင်နေကြဖြစ်သော လုပ်ငန်းတာဝန်များကိုလည်း သတိလစ် မေ့လျော့ခြင်း မရှိဘဲ သာမာန်ဆက်လုပ်ကာ ဆက်လက် လည်ပတ်သွားကြပေလိမ့်မည်။ 

       သူခိုးကလည်း သူခိုး အလုပ် လုပ်ပေလိမ့်မည် ၊ ရဲကလည်း ရဲအလုပ် လုပ်ပေလိမ့်မည် ၊ တရားသူကြီးကလည်း တရားသူကြီး အလုပ် လုပ်ပေလိမ့်မည် ၊ ကျောင်းဆရာကလည်း စာသင်ခြင်း အလုပ်လုပ်ပေလိမ့်မည် ၊ ဈေးသည်ကလည်း ဈေးရောင်းပေလိမ့်မည်။ ထို့ကြောင့် လူသားအားလုံး ရူးသွပ်သွားသော်လည်း ကမ္ဘာကြီးက ဆက်လက် လည်ပတ်သွားနိုင်ပေသည်။ ထစ်ငေါ့ ၊ ရပ်တန့် ၊ ပျက်ယွင်းမှု လုံးဝ ဖြစ်ပေါ်ခြင်း မရှိ။

ထိုသို့ ရွာသော မိုးခါးကြောင့် ရူးသွပ်မှုကို ရှောင်ရှားရန် နည်းလမ်း တစ်ခုသာ ရှိသည်။ ထိုအရာကား ဘုန်းကြီးကျောင်းမှ သောက်သုံးရေနှင့် စားရန်သီးသစ်များကို ခုနှစ်ရက်စာ စုဆောင်းကာ ရွာတော်ရှင် နောက်ဘက်ရှိ တောင်ထွတ်ပေါ်ရှိ ကျောက်ဂူထဲမှာ အောင်းနေကာ မိုးခါးကို မသောက်မိ ၊ မချိုးမိ ၊ မိမိအသားအရေအကို မထိမိအောင် ကြိုးစားဖို့သာ ဖြစ်လေသည်။ ခုနစ်ရက် မိုးခါးရွာသွန်း ပြီးသောအခါ ဤကမ္ဘာလောက၌ သင်မှ လွဲ၍ ရူးသွပ်ခြင်း ကင်းမဲ့သော လူမရှိချေတော့ပေ။

       သို့သော်. . . . . . ”

       ဟု ဆိုကာ စာရွက်လေးရဲ့ မျက်နှာက အဆုံးသတ်သွားလေသည်။ တစ်ဘက် စာမျက်နှာကို လှည့်ကြည့်လိုက်တော့ ဗလာ။ ဘာမှ ဆက်လက် ရေးသားထားခြင်း မရှိတော့ပေ။



       သူသည် အိမ်ကို ဂမူးရှူးထိုးနှင့် ပြန်လာ၏။ လမ်းတွင် တွေ့သမျှ လူတွေ အားလုံးကိုလည်း နောက်သုံးရက်နေရင် လူတွေ အားလုံးကို ရူးသွပ်သွားစေနိုင်သော မိုးခါး ရွာသွန်းမည့်အကြောင်းကို လက်လှမ်းမှီသလောက် ပြောခဲ့သည်။ ထို့အတူ ဒါကို ရှောင်ဖို့က မိုးရေမထိနိုင်သော တစ်ခုတည်းသော ကျောက်ဂူထဲမှာ သွားအောင်းနေဖို့ပဲ ဖြစ်တယ် ဆိုတာကိုလည်း သူ ပြောခဲ့သည်။

       သို့သော် သူပြောခဲ့သမျှ လူတွေမှ တချို့က သူ့ကို ရူးသွပ်သွားသူ တစ်ယောက်လို လှောင်ရယ်ကြ၏။ တချို့က သူ့ကို ပူပြင်းလှသော ရာသီဥတုကြောင့် စိတ်ဖောက်ပြန်သွားပြီဟု အသနား ပိုကြ၏။ တချို့က သူ့ကို စိတ် အေးချမ်းအောင် ဖျောင်းဖျကြ၏။ ဒါပေမဲ့ သူကတော့ မိုးခါး ရွာမယ် ၊ ပြင်ဆင်ထားကြပါ ဆိုသော စကားကိုသာ တွင်တွင်ပြောနေလေတော့သည်။ ဘယ်သူ့မှ သူ့ကို အရေးမလုပ်ကြ။ နောက်ဆုံးသူ တစ်ခု သတိရသည်။ ဒါကြောင့် သူ ဘုန်းကြီးကျောင်းသို့ ပြေးလေ၏။

        “ ဆရာတော် ဘုရား ၊ နောက် သုံးရက် ဆိုရင် မိုးခါးမိုး ရွာသွန်းပြီး သောက်မိသမျှ ၊ ချိုးမိသမျှ လူတွေ အားလုံး ရူးသွပ်သွားကြပါလိမ့်မယ် ဘုရား။ ဒါကြောင့် မိုးခါးနဲ့ လွှတ်ကာ တောင်ထွတ်ပေါ်က ကျောက်ဂူလေးထဲမှာ ခိုအောင်းမှ အဆင်ပြေပါ့မယ် ဘုရား။ အရှင်ဘုရား စီစဉ်ပေးပါ ဘုရား။ ”

       သူ ဒီလို လျှောက်တင်တော့ သူ့ကို သနားဂရုဏာသက်စွာနဲ့ ဆရာတော် ဘုရားနဲ့ ဘုန်းကြီးကျောင်းက လူတွေက ဝိုင်းကြည့်ကြ၏။

       “ စိတ်ကို တည်ငြိမ်အောင် ထားပါ ဒကာတော် ၊ မိုးခေါင်တယ် ဆိုပေမဲ့ မိုးခေါင်တိုင်းလည်း မိုးခါးက မရွာပါဘူး။ ဒကာတော် ဟိုးအရင်က ကိစ္စတွေကို ယုံတမ်း စကား ဖြစ်ပြီး စိတ်ထဲ စွဲမနေပါနဲ့။ စိတ်လျော့ပြီး စိတ်အေးအေး ထားပါ ဒကာ ”

       “ မဟုတ်ပါဘူး ဘုရား ၊ တပည့်တော် တကယ်ကို ဖတ်ခဲ့ ၊ သိခဲ့တာပါ။ ဖြစ်ဖြစ် မဖြစ်ဖြစ် ကြိုတင်ကာကွယ် ထားသင့်တယ် မဟုတ်လား ဘုရား။ အားလုံးကို အသိပေးပြီး ပြင်ဆင်ထားသင့်ပါတယ် ဘုရား ”

       “ စိတ်မပူပါနဲ့ ဒကာရယ် ၊ မိုးခါးဆိုတာ ဒီခေတ်မှာ ရွာဖို့ ထုံးစံ မရှိတော့ပါဘူး။ ဒကာ စိတ်အေးသွားအောင် ဘုန်းကြီး ဖော်ထားတဲ့ သည်းခြေဆေးလေး စားလိုက်ပါဦး။ ဟဲ့. . . သာဒွေး ၊ ငါ့ စာဖတ်ခန်းက စတုမဓူဘူးနဲ့ ထည့်ထားတဲ့ ဆေး သွားယူစမ်း ”

       “ တပည့်တော် ဘာမှ မဖြစ်ပါဘူး ဘုရား ၊ တကယ်ကို သိခဲ့ရလို့ လျှောက်တာပါ ဘုရား ”

       “ နည်းနည်းတော့ စားလိုက်ပါ ဒကာ ၊ သည်းခြေငြိမ်သွားရင် သက်သာသွားမှာပါ ”

       “ မဟုတ်ဘူး ဘုရား ၊ မဟုတ်ဘူ။ အား . . . . တပည့်တော် ပြောတာကိုလည်း ဘယ်သူမှ မယုံကြတော့ပါလား ”

       ပြောလည်းပြော ၊ အော်လည်း အော်ရင်း သူ ဂမူးရှူးထိုး ပြေးထွက်လာခဲ့သည်။ လမ်းတလျှောက်မှ လူများ အားလုံးက သူ့အား သနားစရာ ကောင်းသော မျက်ဝန်းအစုံဖြင့် ကြည့်ကာ စုတ်သပ်နေကြသည်။ သူ နားမလည်နိုင်တော့။ တကယ်ဆို့ ဒီလူတွေကို သူက ပြန်သနားရမှာ မဟုတ်လား ၊ သူတို့ ဘာမှ မသိကြ၍ ဖြစ်သည်။ နောက်ထပ် သုံးရက် ဆိုရင် မိုးခါးမိုး ရွာပေတော့မည် ၊ လူတွေ အားလုံး မိုးခါးကြောင့် ရူးသွပ်ပေ ကုန်တော့မည်။ သူ အားလုံးကို အသိပေးသည်။ ဒါပေမဲ့ ဘယ်သူမှ သူပြောတာကို နားမထောင်ကြချေ။

       “ ငါ ဘာလုပ်ရမလဲ ၊ ငါပြောတာကို သူတို့ မယုံကြဘူး။ ငါ တကယ်ကို ဖတ်ခဲ့ရတာ ၊ အို. . ငါ ပြောတာ သူတို့ ယုံယုံ မယုံယုံကွာ ၊ သူတို့ မယုံလည်း ငါ့ဖာသာပဲ ပြင်ဆင်ထားမယ်။ မိုးခါးရွာပြီး တစ်ပတ်နေလို့မှ ဂူပြင်ကို ပြန်ထွက်လို့ ဘယ်သူ့မှ ဘာမှ မဖြစ်ဘူးဆိုရင်လည်း ဘာဖြစ်လဲ။ တကယ်လို့ မိုးခါးဆိုရင်လည်း ငါ့ အတွက် ပြင်ဆင်ပြီးသား ဖြစ်တာပေါ့ ”

       သူ ဒီလိုစဉ်းစားပြီး စိတ်ပျက်လက်ပျက် ထိုင်နေရာမှ ရင်ကော့ကာ ဆတ်ခနဲ ထလိုက်လေတော့သည်။



       နောက်နေ့က စပြီး သူ ကျောက်ဂူထဲမှာ တစ်ပတ် အတွက် လိုမယ် ထင်နေတဲ့ အသုံးအဆောင်တွေ အားလုံးကို ထုပ်ပိုးပြီး တောင်ထွတ်ထိပ်ရှိ ကျောက်ဂူပေါ်ကို သယ်ယူ၏။ တစ်ပတ်စာ ဆန် ၊ မီးသွေး ၊ ထင်း နှင့် ငါးခြောက် ငါးခြမ်းများကို စုဆောင်းသယ်ယူသည်။ တစ်ပတ်စာ သောက်သုံးရေကိုတော့ တစ်တွင်းတည်းသာ ရေထွက်တွင်း အဖြစ် ကျန်နေခဲ့သော ဘုန်းကြီးကျောင်းမှ ခပ်ယူခွင့် ရစေရန် ဆရာတော်ကို လျှောက်သည်။ ဆရာတော်ကလည်း သူ့ကို သနားဖွယ်ရာကောင်းသော လူတစ်ယောက် အဖြစ် ဂရုဏာသက်စွာ ကြည့်ရင်း “ ဒကာ စိတ် အလိုရှိသလောက်သာ ခပ်ယူပါ ” လို့ မိန့်ကြားကာ ကျောင်းပေါ်သို့ တတ်သွားလေတော့သည်။

       ဆရာတော် ပြောတာကို သူ့စိတ်ထဲမှာ နာကျင်ခံစားရသော်လည်း ဘယ်သူ့မှ မယုံတော့သော သူ့စကားအတွက် သူပြန်လည်ကာ ဖြေရှင်း မနေချင်ပါ။ မနက်ဖြန်ခါကျရင်ပဲ မိုးခါးမိုးက ရွာချပေတော့မည်။ ဒီအချိန်ကျမှ ဘယ်သူက မှန်တယ် ဘယ်သူက မှားတယ် ဆိုတာ ရုပ်လုံးပေါ်လာပေတော့မည်။ ယခုနေ အခါကတော့ မိုးကောင်းကင် တစ်ခုလုံးမှာ တောက်ပ ပူပြင်းပြီး မိုးရိပ်မိုးတောင် ဆိုတာ ဝေလာဝေး ဖြစ်နေလေတော့ ဘယ်သူကများ သူ ပြောတာကို ယုံပါ့မလဲ။ ရတယ် ပြဿနာ မရှိဘူး အချိန်က စကားပြောသွားလိမ့်မည်။

       ဆရာတော်ရဲ့ ခွင့်ပြုချက် ရတာနဲ့ သူ တောင်ထွတ်ပေါ်က ကျောက်ဂူပေါ်ကို တွန်းတင်ထားတဲ့ စည်ပိုင်းထဲကို ဆရာတော်ရဲ့ ရေတွင်းမှ ရေကို ငင်ယူကာ မဖိတ်မစင် ရလေအောင် ဂရုစိုက်ပြီး သယ်ယူလေသည်။ သူ့ကိုသာ အခွင့်ထူးခံပြီး ဆရာတော်က သယ်ယူခွင့်ပြုပေတာ တခြားသူများကို သောက်သုံးရေအတွက်သာ ခွဲတမ်းဖြင့် ဆရာတော်က သယ်ယူခွင့်ပြုတာ ဖြစ်သည်။ ဘယ်သူ့ကိုမှ သူ ဘာမှ မပြောတော့။ သူလုပ်ရမည့် အလုပ်က မနက်ဖြန် မိုးခါးရွာလျှင် သူ့အတွက် လုံခြုံသော ကျောက်ဂူထဲမှာ တစ်ပတ်စာ အစာရေစာ အပြည့်အဝနဲ့ ရောက်နေစေရန်ပဲ ဖြစ်သည်။ တခြားသူတွေ သူ့ကို ဂရုဏာသက်နေကြသော မျက်ဝန်းများကို သူ လုံးဝ လျစ်လျူရှု လိုက်တော့သည်။

       မနက် . . . . .

       နေ့လည်. . . .

       ညနေ. . . . .

       နေဝင်. . . .

       ည. . .

       မိုးစုံးစုံးချုပ်တော့မှ သူ့ရဲ့ တစ်ပတ်စာ အစားအစာ နဲ့ ရေ သယ်ယူရေးကိစ္စများ ပြီးသွားတော့သည်။ ဒီနောက်မှာတော့ သူ့အတွက် အိပ်စက်ရန် နေရာ လုပ်ထားသော နေရာလေးမှာ သူ ခေါင်းချလိုက်တာနဲ့ သုံးရက်လုံးလုံး စိတ်ရော ၊ ကိုယ်ပါ ပင်ပန်းထားသော စိတ်ကြောင့် သူ လုံးဝ နှစ်နှစ်ခြိုက်ခြိုက် ဘာဆိုဘာမှ မသိဘဲ အိပ်ပျော်သွားလေတော့သည်။



       အိပ်ပျော်နေရာမှ သူ သတိတစ်ချက် ရလိုက်တော့ သူ အလွန်ကို အေးစိမ့် လာ၍ ဖြစ်၏။ ရုတ်တရက် မျက်လုံးများက ပင်ပန်းမှုကြောင့် ဖွင့်မရသေး။ အနည်းငယ် ပုတ်ခတ်လိုက်ပြီးမှ သူ ကြိုးစား မျက်လုံး ဖွင့်လိုက်တော့ သူ အိပ်ပျော်နေရာက ကျောက်ဂူအတွင်းမှာ ဆိုတာကို ပြန်မှတ်မိလာခဲ့သည်။ သူထဖို့ ကြိုးစားတော့ ခန္ဓာကိုယ် တစ်ခုလုံးက ကိုင်ရိုက်ခံထားရသလို နာကျင်နေသည်။

       “ အား . . . ကျွတ်. . .  ကျွတ် . . .  ကျွတ်. . ”

       သူ စုတ်သပ်ပြီးမှ အနည်းငယ် လူးလွန့်ကာ ရုန်းထလာခဲ့သည်။ ကျောက်ဂူ အပြင်ကို ကြည့်လိုက်တော့ ကျဉ်းမြောင်းနေတဲ့ သူ့မျက်လုံးများ ပြူးကျယ် သွားလေတော့သည်။ ပါးစပ်ဖျားမှာလည်း အာမေဋိတ်သံ ထွက်ကျသွားသည်။

       “ ဟာ . . . အပြင်မှာ မိုးတွေ ရွာနေပြီ ”

       ရုတ်တရက် သူပျော်သွားပြီး မိုးရေထဲကို ပြေးထွက်ဖို့ ပြင်လိုက်သည်။ နောက်မှ ချက်ချင်း သတိရသွားကာ . .

       “ ဟင်. . . ဒီမိုးတွေက ဗေဒင် ဟောစာတမ်းထဲက အတိုင်းဆိုရင် မိုးခါးတွေပေါ့ ၊ ဟုတ်တယ် ဒါ မိုးခါးတွေပဲ။ သောက်သမျှ ချိုးသမျှ လူတွေကို ရူးသွပ်စေနိုင်တဲ့ မိုးခါးတွေပဲ။ ငါ ကံကောင်းလို့ပါလား။ ငါ အပြင်ကို ထွက်မိတော့မလို့ ”

       ဟု သူ့ဖာသာ ပြန်လည် သတိပေးရင်း အပြင်မှာ စွေနေတဲ့ မိုးကို ကြည့်ကာ ကျောက်ဂူထဲမှာ ထိုင်ချလိုက် လေတော့သည်။

       အပြင်မှာ မိုးကလည်း သည်းလွန်းလှသည်။ ခပ်စိပ်စိပ်ကို အဆက်မပြတ် ရွာချသည်။ သူ့နေရာမှာ မြင်ကွင်းက တောင်ထွတ် ဖြစ်နေသောကြောင့် အားလုံးကို အပေါ်စီးမှ လှမ်းမြင်ခွင့် ရလေသည်။ ကာလအတန်ကြာအောင် မိုးခေါင် ရေရှားကာ ပူပြင်းခြောက်သွေ့မှုကို ခံစားထားရသောကြောင့် လူအားလုံး ညှိုးနွမ်းခံစား နေရသောကြောင့် အေးမြစွာ ဖြန်းပက်လာသော မိုးရေများကြားမှာ အပျော်လွန်ကြကာ နေရာ အနှံ့ မိုးရေထွက်ချိုး နေကြ၏။ တွင်းရေ ခပ်ဖွယ်ဖွယ်ကို သောက်နေကြရာမှ မိုးရေချိုကို သောက်ကြဖို့ အိမ်ရှိ သောက်ရေအိုးများကို လှယ်ကြ၏။ ချက်ပြုတ်ရန် အတွက် သုံးရေ စဥ့်အိုးများကို ဖြည့်တင်းကြ၏။

       သူတို့၏ မျက်နှာပေါ်တွင် ရှားပါးသော အရာတစ်ခုကို ရရှိသော လူတစ်ယောက်ရဲ့ စိတ်ကျေနပ်မှုများကသာ အထင်းသား ဖြစ်ပေါ်နေ၏။ သူ ပြောခဲ့သော မိုးခါး ဆိုတာလည်း ထိုသူတို့ စိတ်ထဲမှာ လုံးဝကို ရှိပုံ မရ။ မိုးရေထဲမှာ ယောက်ျား ၊ မိန်းမ ၊ လူကြီး ၊ လူငယ် ၊ ကလေး မကျန်အောင် ပျော်ရွှင်စွာနဲ့ မိုးရေချိုးကြသည်။ မိုးရေခံကြသည်။ သောက်သုံးကြသည်။ သူတို့ စိတ်ထဲမှာ မိုးခါး ဆိုတာ မရှိ ၊ မယုံ ၊ မသိ ၊ မထင်ကြ။ လွတ်လပ်လွန်းစွာ မိုးခါးကို ချိုးနေသူများ ၊ သောက်သုံးနေသူများကို ကြည့်ကာ သူ အလွန် ဝမ်းနည်းမိသည်။ သူ မပြောဘူး မဟုတ် ၊ သူ ပြောလျက်နဲ့ပင် အားလုံးက မိုးခါးရေများ သုံးစွဲ မိပြီး မကြာမှီ အချိန်မှာ ရူးသွပ် ပေတော့မည်။

       မိုးခါးကား သည်းလွန်းလှသည် ဆိုတာထက် အဆက်မပြတ် ရွာသွန်းသည်။ လနှင့်ချီကာ ပူပြင်းသမျှကို အတိုးချကာ ရွာသွန်းသည်ဟု ထင်ရလောက်အောင် ရွာသည်။ မိုးခါးက ရပ်သွားသည် ဟူ၍ မရှိ။ အချိန်ပြည့် မိုးစွေ နေတတ်သည်။ သည်းထန်းစွာ ရွာခြင်း နှင့် ခပ်ဖွဲဖွဲ ရွာခြင်း သာကွာခြားပေမည်။ လုံးဝ မိုးအရွာရပ်ကာ တိတ်သည်ဟူ၍ မရှိ။ ဒါကြောင့် သူသည်လည်း တစ်ရက်လည်း အပြင်မထွက်နိုင် ၊ နှစ်ရက်လည်း အပြင်မထွက်ရ ၊ သုံးရက်မြောက်တော့လည်း ကျောက်ဂူထဲမှ အပြင်ကို ငေးလျက် ၊ လေးရက်မြောက်တော့လည်း ပြင်ပကို မျှော်လျက် ၊ ငါးရက် . . . ခြောက်ရက် . . .

       ခုနစ်ရက် နေ့ ညနေစောင်းပေမဲ့ မိုးခါးကတော့ အရွာ မပျက်သေးပါဘူး။ စွေမြဲ စွေလျက်။ သူ့မှာ ကျောက်ဂူထဲမှာ နေထိုင်နိုင်ဖို့ အစားအစာနှင့် သောက်ရေက ခုနစ်ရက်စာသာ ယူထားသည့်အတွက် ဒီညနေ အတွက်သာ လုံလောက်တော့သည်။ ဒါပေမဲ့ အခုထိ အပြင်မှာ မိုးခါးက အရွာမပျက်သေး။ သူလည်း ခုနစ်ရက်လုံးလုံး ကျောက်ဂူထဲမှာသာ အချိန်ကုန်ခဲ့ရလေသည်။ မနက်ဖြန် မိုးခါးစရွာရာမှ စရေတွက်ရင် ရှစ်ရက်မြောက်သောနေ့။ မနက်ဖြန် မိုးခါးကရော တိတ်မည်လား သူလည်း သေသေချာချာ မပြောနိုင်။ စဉ်းစားရင်း တွေးရင်း သူ စိတ်မောစွာဖြင့် ခေါင်းချကာ အိပ်ပျော်သွားတော့သည်။



       ဖြတ်ခနဲ သူနိုးတော့ ပတ်ဝန်းကျင် တစ်ခုလုံး သာသာယာယာနှင့် ငှက်ကလေးတွေ တေးဆိုသံကို သူ ကြားလိုက်ရ၏။ သို့သော် သူ အိပ်နေရာမှ မထသေး။ မျက်လုံးကိုလည်း ဖွင့်မကြည့်ရသေး။ သူ့စိတ်ထဲမှာ အရင်က ထက်တော့ သာလွန် ထူးခြားနေတယ် လို့ ထင်နေမိသည်။ ဘာတွေက ထူးခြားနေတာလည်းတော့ သူမသိ။ သူကြားနေရသော အသံများက ထူးခြားနေသလို ထင်နေမိသည်။

       အိပ်နေရာမှ မျက်လုံး ဖွင့်ကာ ကြည့်လိုက်တော့ အပြင်မှာ ခုနစ်ရက်ဆက်တိုက် ရွာထားတဲ့ မိုးခါးက တိတ်သွားချေပြီ။ သူ ဆတ်ခနဲ ထကာ ကျောက်ဂူအပြင်ကို ထွက်ကြည့်လိုက်၏။ ဟုတ်တယ် တကယ်ကို မိုးခါး တိတ်သွားချေပြီ။ သူ ပျော်သွားသည်။ ပြီးတော့ ချက်ချင်းပဲ ပြန်ပြီး ဝမ်းနည်းသွားမိသည်။ မိုးခါးရွာမည် ဆိုသော ဗေဒင်ဟောစာတမ်းက မှန်ကန်ခဲ့လို့ သူ အလွတ်ရှောင်နိုင်တာကို သူ ဝမ်းသာတာ ဖြစ်ပြီး သူ ဝမ်းနည်းတာကတော့ သူ ကြိုတင် သတိပေးခဲ့ပေမဲ့ တခြားသော သူများက မလိုက်နာခဲ့သောကြောင့် ဖြစ်သည်။ အခု သူရပ်ရွာမှ သူများ ဘယ်လို နေသလဲ ဟု သူ ရုတ်တရက် စဉ်းစားမိသွားသည်။

       သူဝတ်နေကျ ဖလန်ထည် လက်ရှည်အင်္ကျီကို ကောက်ဝတ်ပြီး ခပ်မြန်မြန် ကျောက်ထွတ်ပေါ်မှ ဆင်းကာ သူတို့ နေထိုင်ရာ နေရာသို့ သူ လှမ်းလျှောက်လာသည်။ သူ ဖြတ်လျှောက်ခဲ့သမျှမှာ အရာရာဟာ ထူးဆန်းနေသလို ခံစားရသည်။ ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်နေခြင်းလည်း မဟုတ်။ ကျယ်လောင် ပေါက်ကွဲနေခြင်းလည်း မဟုတ်။ ကြားနေကျ အသံတွေကသာ တစ်ခုခု ထူးခြားနေတာမျိုး ဖြစ်သည်။

       ထူးဆန်းလွန်းသော ပတ်ဝန်းကျင်ကို သူ ဖြတ်သန်းလာမိသောကြောင့် ဗေဒင် ဟောစာတမ်းလေးကို ဖြန့်ဖတ်ပြီး သူ ထိုင်နေခဲ့ဖူးတဲ့ နေရာလေးကိုတောင်မှ သူ သတိမထားမိတော့။ ဒါကြောင့် အဲဒီနေရာမှာ သူ လွတ်ကျခဲ့လို့ ခုနစ်ရက်တိုင်တိုင် မိုးခါးရေတွေ မိထားပြီး ရေစိုကာ ရိရွဲနေသော ဗေဒင်စာရွက်လေးကို သူ တတ်နင်းမိသွားကာ ကြေမွ စုတ်ပြဲသွားတယ် ဆိုတာလည်း သူ သတိမထားမိလိုက်ဘူး။

       သူ နေထိုင်ရာ ရပ်ရွာထဲ ရောက်တော့ လူတွေက အရင်လိုပဲ သူတို့ လုပ်နေကြ လုပ်ငန်းခွင်ကို ဝင်ဖို့ ပြင်ဆင်နေကြ၏။ သို့သော် အားလုံးက သူ့ကို လုံးဝ မှတ်မိပုံ မပေါ်။ သူတို့ဖာသာပဲ လုပ်စရာ ရှိတာ တိတ်တဆိတ် လုပ်နေကြသည်။ သူ ဝယ်စားနေကြ အကြော်သည်ကလည်း အကြော်သာ ထိုင်ရောင်းနေသည် သူ့ကို အရင်ကလို လှမ်း မနှုတ်ဆက် ၊ သူ့ကို သိပုံမပေါ်။ သူ့အိမ်ဘေးမှ လင်မယားကလည်း သူ့ကို မှတ်မိပုံမရ။ လမ်းထိပ်က သူ စားနေကြ ကွမ်းယာဆိုင်ကလည်း သူ့ကို သိပုံ မရ။ အားလုံးက သူ့ကို လူသစ် တစ်ယောက်လို ဆက်ဆံကာ ကြည့်နေကြသည်။

       “ ကိုအုန်း အလုပ် သွားတော့မလို့လားဗျ ”

       သူ့အိမ်ရှေ့မှ ဈေးထဲမှာ ကုန်စုံဆိုင်ဖွင့်ထားသော သူ့အသိကို သူခေါ်လိုက်မိသည်။ ထိုလူက သူ့ကို လှည့်ကြည့်သည့် သို့သော် ထိုသူ့မျက်လုံးထဲမှာ သူ့ကို ခင်မင်ရင်းနှီးမှု မပါ။ ဘယ်သူပါလိမ့် ဆိုသော အကြည့်နှင့်။ နောက်တော့ . . . နောက်တစ်ယောက် . . .

       နောက်တစ်ယောက် . . . .

       နောက်တစ်ယောက် . .

       အားလုံးက သူ့ကို မှတ်မိပုံ မရ။ သူတို့ဖာသာ လုပ်စရာ ရှိသော လုပ်ငန်းများကို တာဝန် မပျက် လုပ်ကြရမည် ဆိုသော ပုံစံများဖြင့် စီးမျော လည်ပတ်နေကြသည်။ သူ့ ရင်ထဲမှာ မွန်းကြပ် လှောင်ပိတ်သလို ခံစားရသည်။

       “ ငါ့ကို ဘယ်သူ့မှ မမှတ်မိတော့ဘူးလား ”

       “ ငါ့ကို ဘယ်သူ့မှ အရေးမစိုက်တော့တာလား ”

       “ ငါ့ကို သူတို့က လူရာ မသွင်းတော့တာလား ”

       “ သူတို့က ရူးသွားတာလား ၊ ငါက ရူးသွားတာလား ”

       သူ့ဖာသာ အမေးများနှင့် ရှုပ်ပွနေရင်း ရုတ်တရက် သူ နေရာတစ်ခုကို သတိရလိုက်သည်။ ဒါကြောင့် သူ ဘုန်းကြီးကျောင်းသို့ ပြေးလေတော့၏။

       ဘုန်းကြီးကျောင်းကို ရောက်တော့ သူ့အား သောက်ရေ လိုသလောက် ခပ်ခိုင်းခဲ့သော ဆရာတော်ကို ဘုန်းကြီးကျောင်းမှ သောက်ရေလှောင်ရန် အုတ်ကန် ပြင်နေသော ဒကာများနှင့်အတူ တွေ့လိုက်ရ၏။ တလမ်းလုံး အမောတကော ပြေးလာသော သူ့အား ဆရာတော်က ဂရုဏာသက်စွာ လှမ်းကြည့်ပြီး မေးလိုက်သည်။

       “ ဟဲ့. . . ဒကာ ဘာဖြစ်လာတာတုန်း ”

       ပြေးလွှားလာရလို့ ရင်ဘတ်ကြီး တခုလုံး ဖားဖိုလို နိမ့်ချည် မြင့်ချည် ဖြစ်နေပေမဲ့ သူ အနားမယူနိုင် ဆရာတော်ကို ဝတ်ပြုရင်း . . .

       “ အရှင်ဘုရား ၊ တပည့်တော်ကို ဘယ်သူ့မှ မမှတ်မိကြတော့ပါလား ဘုရား ”

       “ ဟေ ဘယ်နှယ့်ကွဲ့ ”

       “ အားလုံးက မိုးခါးရေတွေ သောက်မိ ၊ ချိုးမိပြီး ရူးသွပ်ကုန်လို့များ တပည့်တော်ကို မမှတ်မိကြတော့တာလား ဘုရား ”

       “ နေပါဦး ဒကာရယ် ၊ မိုးခါးမိုး ရွာတယ် ဆိုတာရော တကယ် ဖြစ်နိုင်ပါရဲ့လား ”

       “ တကယ်ပါ ဘုရား ၊ မိုးခါး ခုနစ်ရက် တိတိ ရွာမယ် လို့ တပည့်တော် သေသေချာချာ ဖတ်လိုက်ရတာပါ ဘုရား။ အခုလည်း ဟောစာတမ်းထဲက အတိုင်း တကယ်ကို အပြင်မှာ ရွာခဲ့ပါတယ် ဘုရား ”

       “ မဖြစ်နိုင်တာ ဒကာရယ် ”

       “ ဖြစ်နိုင်ပါတယ် ဘုရား။ အဲဒီလို ရွာမယ် ဆိုတာကိုလည်း တပည့်တော် အရှင်ဘုရားဆီကို လာပြီး လျှောက်ထားခဲ့ပါတယ် ဘုရား ”

       သူ့ရဲ့ စကားလည်း ဆုံးရော ဆရာတော်က သူ့ဘေးနားမှာ ရှိသော သူ့ဒကာများကို လှည့်ကြည့်၏။ ပြီးတော့ သူ့ကို စိတ်မကောင်းသော မျက်ဝန်းများနှင့် ကြည့်ကာ  . . . .

       “ ဒကာ ဘုန်းကြီးကို လာလျှောက်ခဲ့တယ် ဆိုတာ တကယ်လား ဒကာရဲ့ ”

       “ တကယ်ပါ ဘုရား။ အဲဒီတုန်းက ဆရာတော်တောင်မှ တပည့်တော်ကို သောက်ရေ လိုသလောက် ခပ်ဖို့ ခွင့်ပြုခဲ့သေးပါတယ် ဘုရား ”

       “ သြော်. . . ဟုတ်လား ”

       “ တင့်ပါ့ ဘုရား ၊ အဲဒါ တပည့်တော်ပါပဲ ဘုရား ”

       “ အေးပါကွယ် ဒါပေမဲ့ ဒကာရယ် ၊ ဒကာ ဘယ်သူ ဆိုတာတောင်မှ ဘုန်းကြီး တကယ်ကို မသိဘူး ”

       “ ခင်ဗျာ ”

       သူ့နှုတ်က အံ့သြခြင်း ၊ ထိတ်လန့်ခြင်း ၊ မယုံကြည်နိုင်ခြင်း ၊ ကြောက်လန့်ခြင်း ဆိုသော ခံစားမှုပေါင်းစုံတို့ ခံစားမိပြီး အာမေဋိတ် အဖြစ် စကားလုံး တစ်ခုကိုသာ ထွက်နိုင်တော့သည်။ နောက်တော့ သူ့အတွက် ဒီကမ္ဘာဟာ ဘာမှ အရေးမပါတော့သလို ခံစားလိုက် ရလေတော့သည်။



       “ အား . . . အတော်ကို လေးတဲ့ မသာပဲ။ ပြီးတော့ နံတာကလည်း နံသေး။ ငါ့ တစ်သက်နဲ့ တစ်ကိုယ် ငါ မြေချပေးခဲ့တဲ့ မသာတွေ ဒီလောက် များလှပြီ ၊ တစ်ခါမှ ဒီလောက် လေးပြီး နံတဲ့ မသာ မတွေ့ဖူးဘူး ”

       ဒီနေရာဒေသမှာတော့ သူက သုဘရာဇာလည်း ဖြစ် ၊ ခေါင်းရောင်းသူလည်း ဖြစ် ၊  တွင်းတူး ၊ မြေမြှုပ်ခြင်း အလုပ်ကိုလည်း သူက လုပ်ကိုင်လေသည်။ သူ့နေရာမှာ တခြား ဘယ်သူမှလည်း မရှိ။ သူ့မှာ လက်ထောက်လည်း မရှိ။ စာရင်းကိုင်လည်း မရှိ။ သူ တစ်ယောက်တည်းသာ ရှိသည်။ သို့သော် ကျန်းမာရေး ကောင်းလှပြီး ဖျားနာသေမှု နည်းလှသော သူတို့ ဒေသမှာတော့ သူ တစ်ယောက်တည်းနဲ့ပင် လုံလောက်ခဲ့၏။

       “ ကြည့်ဦး။ ဘယ်လောက်များ ရူးသွပ်ပြီး ပေရေနေတဲ့ အရူးလည်း မသိပါဘူး။ ရေမိုး မချိုးတာလည်း ဘယ်လောက် ကြာနေပြီလဲ မသိ။ ဒီရပ်ဒီရွာမှာလည်း တစ်ခါမှ မတွေ့ဖူးဘူး ၊ ဘယ်ဆီ ဘယ်ဌာနက ရောက်လာတာလည်း မသိ ”

       သူက အလောင်းကို ဘေးမှာ ချထားရင်း မြေမြှုပ်ဖို့ တွင်းကို အားစိုက်ကာ တူးနေသည်။ တူးလည်း တူး ၊ ပြောလည်း ပြောဆိုသလို တူးပြောပြောနေခြင်း ဖြစ်သည်။

       “ ဘယ်က ရောက်လာမှန်း မသိဘဲ ၊ ငါတို့ ရပ်ရွာက လူတွေကို မသိဘဲ တစ်ယောက်ပြီး တစ်ယောက် နာမည်တွေ လိုက်ခေါ် ၊ သူ့ကို မသိတော့ သူကပဲ ငါတို့ကို ရူးနေသလိုလို ပြောသေး။ နောက်ဆုံးတော့ . . ”

       တွင်းတူးတာကို သူ့စိတ်ကြိုက် အနက် ရလို့ ထင်သည်။ ရပ်ကာ တွင်းနှုတ်ခမ်းပေါ်သို့ တတ်လာ၏။ ထို့နောက် အလောင်းကောင်ကို တွင်းထဲ ပစ်ချဖို့ ပြင်ဆင်ရင်း သူ့စကားကို ဆက်လက် ရေရွတ်သည်။

       “ နောက်ဆုံးတော့ သူ့ကို လူတွေက မသိရပါ့မလား ဆိုပြီးတော့ စိတ်ပျက်သွားတယ် ထင်ပါတယ်လေ ၊ ရွာထိပ်က ကညင်ပင်ကြီးမှာ ကြိုးဆွဲချ သေသွားတယ်။ အင်း . . စိတ်ဖောက်ပြန်နေတော့လည်း သူ့ခင်မျာ ဘယ်လိုလုပ် အသိဆိုတာ ရှိပါတော့မလဲလေ။ ကဲ . . . လာလေရော့ . .   အလို. . . ဒါက ဘာများလဲ ”

       သုဘရာဇာကြီးက အလောင်းကို မြေထဲချဖို့ အလောင်းရဲ့ ဖလန်ထည် အင်္ကျီကို ကိုင်လိုက်တော့ ဖလန်ထည် အင်္ကျီထဲမှ ခပ်မာမာလေးကို သတိထားမိသွား၏။ စူးစမ်းလို စိတ်များဖြင့် အလောင်းကောင်၏ အင်္ကျီအိတ်ထဲမှ ခပ်မာမာလေးကို နှုတ်ထုတ်လိုက်တော့ ခပ်ညိုညစ်ညစ် အရောင်ဖြင့် စာအိတ်လေး တစ်စောင် ထွက်လာလေသည်။

       “ သြ . . စာအိတ်လေ တစ်အိတ်ပါလား ၊ မှန်စမ်း အထဲမှာ ဘာတွေ ရှိပါလိမ့် ”

       သုဘရာဇာတွေရဲ့ ထုံးစံ အတိုင်း မသာကိုယ်ပေါ်မှ ပါသမျှကို နှိုက်ထုတ်ကာ ရှာဖွေလေ့ ရှိ၏။

       “ အောင်မာ စာအိတ်ထဲမှာလည်း စာတစ်စောင်ပါလား ၊ ဘာတွေများ ရေးထားပါလိမ့် ၊ အရူးသာ ဆိုတယ် စာနဲ့ ပေနဲ့ပါလား ”

       ပြောလည်းပြော ၊ စာကိုလည်း ဖြန့်လိုက်ပြီး အလောင်းကောင်ကို ခဏဘေးမှာ ထားကာ စာကို ဖတ်လိုက်လေသည်။

       “ သို့သော်. . . . 

       ထိုရူးသွပ်သွားသော သူများသည် သင့်အား လုံးဝ မှတ်မိတော့မည် မဟုတ်။ သူတို့ အရူး အချင်းချင်းသာ မှတ်မိပြီး ဆက်ဆံကြလိမ့်မည်။ ထိုအခါ ဒီတလောကလုံးတွင် မရူးသူ ဆို၍ သင်သာလျှင် ရှိသော်လည်း အရူးများက သင့်ကို မမှတ်မိသောကြောင့် သင်သည် စိတ်နှလုံး ပူဆွေးမှု ပြင်းစွာ ဖြစ်အံ့။ ထိုကြောင့် နောက်ဆုံး သင့်စိတ်ကို သင် မထိန်းနိုင်၍ ကြိုးဆွဲချကာ သေမိပေလိမ့်မည်။ 

       ထိုသို့ မဖြစ်စေရန် တားဆီးနည်းကတော့ တစ်နည်းသာ ရှိလေသည်။ ထိုအရာကား သူတို့ သောက်သုံးရေအဖြစ် ခံယူထားသော သောက်မိ ၊ ချိုးမိရင် ရူးသွပ်စေနိုင်သော “ မိုးခါးရေ ” ကို သောက်သုံးရန်ပင် ဖြစ်လေသည်။ ”

       စာဆုံးသွားတော့ သုဘရာဇာကြီးက စာကို လုံးချေကာ အလောင်းကောင်ကို မြေမြှုပ်ဖို့ တူးထားသော တွင်းထဲသို့ ပစ်ချလိုက်လေတော့သည်။

       “ အောင်မာ. . အရူးကလည်း ဝတ္ထုလိုလို ဘာလိုလိုတောင်မှ ရေးပြီးတော့ စာအိတ်ထဲမှာတောင်မှ ထည့်ထားသေးတယ်။ အရူးတော့ အရူးပဲ ဘာအရူးလည်းတော့ မသိဘူး ”

       ဟု ဆိုကာ လုံးကြေကာ တွင်းထဲ ကျနေသော ဗေဒင်ဟောစာတမ်းလေးပေါ်သို့ ဖလန်ထည် အင်္ကျီစကို ကိုင်ကာ အလောင်းကောင်ကို ပစ်ချလိုက် လေတော့သည်။ ပြီးတော့ ကော်ပြားဖြင့် မြေသားများကို ယူကာ အလောင်းကောင်ကို မြေဖုံးရန် တစ်ကော်ပြီး တစ်ကော် ကော်ကာ . . . .

       ကော်ကာ . . .

       ကော်ကာ . . .



       တစ်ခါက . . .

       လတစ်စင်းဟာ မြေပြင်ရဲ့ အထက် ခပ်မြင့်မြင့်ကနေ ပြီးတော့ အရှိန်ပြင်းပြင်းနဲ့ ကမ္ဘာမြေပေါ်သို့ ကျကာ အစိတ်စိတ် အမွှာမွှာ ကွဲသွားသတဲ့။ အဲဒီကွဲသွားတဲ့ လရဲ့ အပိုင်းအစလေးတွေ များစွာမှာ . . .

       တချို့က အမှောင်ထု နယ်ပယ်မှာ တိတ်ဆိတ် ငြိမ်သက်နေကြ၏။

       တချို့က တောက်ပတဲ့ အလင်းရောင် ပြည့်ဝသော နယ်ပယ်မှာ တတ်ကြွ တောက်ပနေကြ၏။

       တချို့က အမှောင်တခြမ်း ၊ အလင်းတခြမ်းနှုင့် ကွေးညွှတ်ကာ စိုးရွံထိတ်လန့်နေကြတယ် ဆိုပဲ။   ။



*** ဟိုတလောက မြန်မာနိုင်ငံမှာ မိုးတွေခေါင်ပြီး ရေတွေရှား ဖြစ်တုန်းက စိတ်ကူးပေါက်ပြီး စာရွက်ပေါ်မှာ လျှောက်ရေးထားတာပါ။ မူလ ဇာတ်လမ်းကတော့ မိုးခေါင်ရာကနေ မိုးတွေရွာ ရေတွေကြီး နောက်ဆက်တွဲတွေ ဆက်ဖြစ်သွားလိုက်တာ ၂၀၁၂ ကမ္ဘာပျက်မယ် ဆိုတဲ့ ခုနှစ်အထိကို ရောက်အောင် လျှောက်တွေးပြီး စိတ်ကူးတည့်သလို ရေးလိုက်မိပါတယ်။ 

အခုတော့ မန္တလေးမှာ ရေတွေ ကြီးနေတယ် ဆိုတော့ ကျွန်တော် အတော်ကို အံ့သြမိပြီး ဒီစာရွက်လေးကို ပြန်ရှာပြီး အခုလို ပြန်လည် ပြင်ဆင်ပြီး ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါတယ်။ ၂၀၁၂ ခုနှစ်အထိ လူတွေ ဒုက္ခရောက်ပြီး သေကြေတာတွေ မဖြစ်စေချင်တော့ပါဘူး။ အခု ရေကြီးတဲ့ အထဲမှာ ကိုယ့်ဆွေမျိုးတွေ မပါဘူး ဆိုပေမဲ့ စိတ်မကောင်းဘူးဗျာ။ ***


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

14 ယောက် ရဲ့ ထင်မြင်ချက်:

ကိုအောင်(ပျူနိုင်ငံ) said...

ရာသီဥတုကတော့ ဖောက်ပြန်နေဆဲပဲ ကိုဇော်ရေ။

Anonymous said...

ကိုဇော်ရေ..သုံးလေးခေါက် ဖတ်သွားပါတယ်ရှင်။
...

ကိုကိုမောင်(ပန်းရနံ့) said...

အေးဗျာ... ခေတ်ကြီးကိုက သူများ မိုးခါးရေသောက်ရင် ကိုယ်ပါ လိုက်သောက်ရတော့မဲ့ ခေတ်ကြီးကိုးဗျ။ ဆရာနန္ဒာသိန်းဇံရဲ့ စာအုပ် (ခရောင်း [တော]လမ်းကို ဖြတ်ကျော်ခြင်း ထင်ပါရဲ့)ထဲမှာ မိုးခါးရေအကြောင်း ဖတ်ဖူးသလိုဘဲ။ အခုဟာ တစ်မူထူးလို့ အချိန်နှင့်တပြေးညီ ဖွဲ့သီထားတော့ အသက်ပိုဝင်လာတာပေါ့လေ။ ကိုဇော်ရဲ့ စိတ်ကူးလေး ကောင်းတယ်။ ဖတ်လို့လဲ အရသာရှိမှရှိဘဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

sosegado said...

မိုးခါးရေနဲ့ ဒီမိုကရေစီကို တွဲသတိရလိုက်တယ်၊ များတဲ့ဘက်ကို လိုက်ရမှာ မဟုတ်လား

သဒ္ဓါလှိုင်း said...

ရေကြီတဲ့သတင်းတွေ.. ရေရှားတဲ့သတင်းတွေ.
ကြားရတာ ထပ်တူပဲစိတ်မကောင်းဖြစ်ရပါတယ်.။

ခင်မင်စွာ
သဒ္ဓါ

မောင်မိုး said...

အင်းး...ကိုယ့်ဆရာကတော့ လုပ်ချလိုက်ပြန်ပြီ...။ မိုးခါးရွာရင် အများနည်းတူ လုပ်သင့်မလုပ်သင့် စဉ်းစားနေရပြီ။

ဒေါင်းမင်း said...

ကိုဇော်ကြီးမသိလို့ဗျအဲဒီနေ့ကကျောက်ဂူထဲမှာကျွန်တော်
လဲခုနှစ်ရက်လုံးရှိနေခဲ့တယ်။ဒါပေမယ့်ကျွန်တော်က..
နောက်ဆုံးစာကိုအဆုံးထိဖတ်တော့.ဟီး..ဘုန်းကြီးကျောင်း
မှာခံထားတဲ့မိုးခါရေကိုသောက်လိုက်တယ်လေဗျာ။ဒါကြောင့်
တစ်ရွာလုံးကကျွန်တော်ကိုပြန်မှတ်မိသွားတယ်။
ဒါကြောင့်ကျွနတော်မသေဘူးပေါ့ဗျာ။ဟီး
စားလေးကအရမ်းကောင်းတယ်ဗျာ...
ခင်မင်စွာဖြင့်
ဒေါင်းမင်း

သိင်္ဂါကျော် said...

သဘောကျတယ် ကိုဇော်..
အတွေးလေးရော.. အရေးလေးရော..
အဲလို ကြုံလာရင် ကိုယ်လည်း မိုးခါးရေ သောက်မိမှာပဲ ထင်ပါရဲ့..

Anonymous said...

အမယ် ဒီမှာမှ ရေတွေကြီး မိုးတွေရွာ လို့ စိတ်လေ နေပါတယ် ဆိုမှ မိုးခါးရေ နဲ့တွေ့နေတယ် ဟားဟားးး

အင်း အခု ဆေးတွေ လှူနေကြတယ် ရောဂါတွေ စပြီလေ

ဒုက္ခ ဒုက္ခ

ရွှေစင်ဦး

လင်းဦး(စိတ်ပညာ) said...

Good Bro :)

ရေးထားတာ မိုက်သဗျ.... သဘောကျတယ်..

မိုးခါး မိုးခါး.....

sv said...

အရူးတွေ ကိုယ့်ကို မမှတ်မိရင်နေပါစေ...တယောက်တည်းနေရလို. ဘာမှ မဖြစ်ဘူး...မိုးခါးတော့ မသောက်နိုင်ဘူး...ဒါပဲ

လေးစားလျှက်
simple views

ဖြိုးအောင် said...

သူငယ်ချင်းတယောက်က ဖဘမှာလက်တို့သွားလို့ လာဖတ်သွားတယ်ဗျို့။အရူးပိုစ့်၂ခုလုံး ဖတ်လို့ အင်မတန်ကောင်းလို့ ၂ခေါက်စီ ဖတ်သွားကြောင်းပါ...
အချိန်ရရင် နောက်ထပ်ရေးပါဦးဗျာ..ကျနော် စောင့်ဖတ်နေပါ့မယ်။

blackcoffee said...

အားလုံးမိုးခါးရေသောက်မှတော့ကိုယ်ကလိုက်မသောက်ရင်ကိုယ်ပဲအရူးဖြစ်နေမှာ။ဒီတော့လိုက်သောက်လိုက်တာအကောင်းဆုံးပါပဲလေ။

မိုးယံ said...

ဟွန် အလှူငွေကောက်ဖို့လုပ်ပါဆို သူက မိုးခါးရေ မသောက်မိလို့ ရူးပြီးသွေသွား ပြီ ဟာဟ။ ဂွီ မိုးခါးရေတော့ မသောက်ပါရစေနဲ့ အရင်ကတည်းက အရူးလို့သတ်မှတ် ခံထား နေရသူဆိုတော့ လုံးဝမတုန်လှုပ် ပါ။ မိုးခါးရေ မသောက်လည်း သေမှာပဲလေဗျာ။ သက်တမ်းက 75 ဆိုလား အခုတောင် 20 ကျော်နေပြီနောက်နေရ ဘယ်လောက်ကြမှာလဲ။ ဒီကြားထဲ ကားလဲ အတိုက်ခံရနိုင်တာပဲလေ။

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.