မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 October 2010

17 အရောင်ဖျော့ခြင်း



ငယ်ငယ်က ကျွန်တော့်ရဲ့ ကြောင်စီစီ နိုင်လှသော အတွေးတချို့ ပြောပြချင်သည်။ အဲဒီတုန်းက ၈ နှစ်သားလောက်သာ ရှိဦးမည်။ ဖေဖေက ထုံးစံ အတိုင်း သူ့ရဲ့ အလုပ်ခန်း ( ဓါတ်ခွဲခန်း လိုမျိုး ) ထဲမှာ သူ့စမ်းသပ်မှုတွေကို လုပ်နေရင် . . ကျွန်တော်ကလည်း ဘေးနားကနေပြီး စပ်စပ်စုစု သိပ်လုပ်ပါသည်။ မကိုင်ရ မပြုရ ဆိုတဲ့ အရာတွေကို ဖေဖေက ပြောထားလို့ သိပေမဲ့ ဖေဖေ လုပ်သမျှကို မျက်လုံး အပြူးသားနဲ့ သေချာ ကြည့်ထားလေ့ ရှိသည်။

ဖေဖေ့ရဲ့ စမ်းသပ်မှုတွေထဲမှာ ကျွန်တော် သဘောအကျဆုံးက ဖေဖေ သူ့စမ်းသပ်မဲ့ ပစ္စည်းက အရောင်တွေအတွက် စမ်းသပ်တာကို တော်တော်ကို သဘောကျမိသည်။ ဓါတ်ခွဲခန်းထဲက ဖန်ဘေကာထဲကို ရေပြည့်လုနီးပါး ထည့်ပြီး သူစမ်းသပ်ချင်သော အရောင်ဗူးထဲမှ နှစ်စက်လောက်ကို ယူပြီး ဘေကာထဲကို အစက်ချကာ ထည့်လိုက်ပါသည်။ ဒီအချိန်မှာ ရေထဲကို ကျသွားတဲ့ အရောင်အပျစ်တွေဟာ ရေတွေ အများကြီးထဲကို ကျတော့ ကျဲသွားကာ ပုံစံမျိုးစုံနဲ့ လှပစွာ ပြန့်ကျဲသွားလေ့ရှိသည်။

ဒီလို အရောင်တွေ ပျစ်နေရာကနေ ရေ နဲ့ ရောလိုက်လို့ ကျဲသွားကာ အရောင်ဖျော့သွားတာကို ကျွန်တော် နှစ်သက်ခဲ့သည်။ ဖေဖေ့ ဓါတ်ခွဲခန်းက ဆေးတွေကို ယူပြီး ကစားခွင့် မရပေမဲ့ မေမေရဲ့ မဲနယ်အထုပ်ကိုတော့ အနည်းငယ်တောင်းကာ အရည်ပျစ်ပျစ် ဖျော်ပြီး နောက်ထပ် ရေဖန်ခွက်ထဲကို တစ်စက်ခြင်းချကာ ရေနဲ့ မဲနယ် အပျစ်ရည် ရောစပ်ပေါင်းဖက်ပြီး အရောင်များ ဖျော့သွားခြင်းကို ကစားရတာ ကျွန်တော် ပျော်ခဲ့ဖူးသည်။

နောက်တော့ ကျွန်တော့်မှာ နောက်ထပ် သတိထားမိစရာ တစ်ခု ရလာပြန်ပါသည်။ ကျွန်တော်တို့ ငယ်ငယ်က ကစားသော ပူဖောင်းတွေကို ကျွန်တော် သတိထားမိခြင်း ပါပဲ။ ပူဖောင်းတွေ လေမမှုတ်ခင်မှာ အရောင်က အတော်ကို ရင့်ပါသည်။ သို့သော် ပူဖောင်းကို လေမှုတ်လိုက်သော အခါမှာတော့ လေမမှုတ်ရသေးသော အရောင်ထက် ဖျော့သွားပါသည်။ ဒါကြောင့် ကျွန်တော် ငယ်ငယ်က အတွေးထဲမှာ ကြီးမားလာရင် အရောင်ဖျော့သွားလေ့ ရှိသည်ဟု ကျွန်တော့်ဖာသာ ကျွန်တော့် အဘိဓါန်မှာ မှတ်ထားလိုက်မိသည်။



ကျွန်တော့် အစ်မ ဝမ်းကွဲ တစ်ယောက်က အတော်ကို အသားညိုသူ တစ်ယောက် ဖြစ်၏။ အတော်လည်း ပိန်လေသည်။ သို့သော် သူက သူ့ အသားကို အလွန်ကို ဖြူချင်သူ တစ်ယောက် ဖြစ်သည်။

တစ်နေ့တော့ မောင်နှမတွေ စကားထိုင်ပြောရင်း သူကလည်း သူအသားဖြူချင်သော ကိစ္စကို ရောက်သွားလေတော့သည်။ ဒီတော့ ကျွန်တော်ကလည်း ကျွန်တော် တွေ့ရှိထားချက်ကို သူ့ကို ပြောပြမိသည်။

“ အစ်မ အသားဖြုချင်ရင် ဝအောင်သာ လုပ် ၊ ဝရင် အသားက အလိုလို ဖြူလာရော ”

လို့ ပြောတော့ သူက လုံးဝ လက်မခံပါဘူး။ ဘာမှ မဆိုင်ဘူး ဟု ဆိုသည်။ ကျွန်တော်ကလည်း ပူဖောင်းတွေမှာ မမှုတ်ခင်က အရောင်ရင့်ပြီး လေမှုတ်လိုက်လို့ လေဝပြီး ကြီးလာတိုင်း ပူဖောင်းရဲ့ အသားက အရောင်ဖျော့သွားလေ့ရှိသည်။ ဒီလိုပဲ အစ်မလည်း ဝလာရင် အစ်မ အသားမှာ ရှိတဲ့ အမည်းရောင်ခြယ် ကာလာဆဲလ်တွေ အရောင်ဖျော့သွားပြီး အသားဖြူလာလိမ့်မည် ဟု ငြင်း၏။

ကျွန်တော်ကလည်း ကျွန်တော့်ဖာသာ အထက်က တွေ့ရှိချက်များ အရ မှန်သည်ဟု အပြင်းအထန် ခုခံသည်။ သူကလည်း မဖြစ်နိုင်ဟု အလွန်အကြူး တိုက်ခိုက်သည်။ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာ သိအောင် အစ်မ ဝအောင် လုပ်။ အစ်မ ဝလာမှ အသားမဖြုလာဘူး ဆိုရင် ကျွန်တော် မှားတယ်လို့ ထား။ တကယ်လို့ အစ်မ ဝလာပြီး အသားတွေ ဖြုလာရင်တော့ တခြား အသားမည်းနေတဲ့ သူတွေကိုလည်း ပြောပြရမယ် ဆိုပြီး နှစ်ယောက်သား သဘောတူခြင်းနဲ့ နောက်ဆုံး အဆုံးသတ်လိုက်ပါ၏။

သို့သော်  . . . ကံဆိုးတယ်ပဲ ဆိုရမလားပါပဲ။ ကျွန်တော့် အစ်မ ဝမ်းကွဲဟာ အဲဒီကလေး အရွယ်ကတည်းက အခု သူ့အိမ်ထောင်ကျပြီး သားသမီး နှစ်ယောက် ရတဲ့ အထိ သူ ဝမလာပါဘူး။ ဒီပုံစံက ဒီပုံစံပါပဲ။ သူများတွေ ကလေးရပြီးရင် ဝတယ်သာ ပြောတယ်။ သူ့မှာ ဒီပိန်ညောင်ညောင် ဝါးခြမ်းပြားကနေ ရေစိုနေလို့ မှိုပွေးတတ်နေပြီး ပွလာတဲ့ ဝါးခြမ်းပြားထက်ကို ပိုပြီး ဝမလာပါဘူး။ ဒီတော့ သူ အသားကလည်း ပိုပြီး ဖြူမလာပါဘူး။ မည်းမည်းလေးက မည်းမည်းလေးကို စိမ်းဖန့်နေတာပဲ ဆိုရမလိုပါ။

သူက မဝလာတာက တစ်ကြောင်း ၊ အသားက ဖြူမလာတာက တစ်ကြောင်း ဆိုပြီး သူနဲ့ ကျွန်တော်နဲ့ လောင်းထားသော စမ်းသပ်မှုကြီးက ဘယ်သူ့ ဘယ်သူမှ အနိုင်အရှုံး မပေါ်သေးဘဲ အခုအချိန် အထိ လိပ်ခဲတည်းတည်းနဲ့ ဒီအတိုင်းပဲ ရှိနေပါတော့သည်။ အင်းလေ. . . သူလည်း အခုလို အချိန် ယောက်ျားနဲ့ သားသမီးတွေနဲ့ ဆိုတဲ့ အချိန်မှတော့ အသားလည်း ပိုဖြူပြီး လှချင်တော့မှာ မဟုတ်လောက်တော့ပါဘူးလေ။ ဒီလိုပဲ သူလည်း မေ့မေ့ ပျောက်ပျောက် ဖြစ်နေပြီ ထင်ပါသည်။



ကျွန်တော် မြန်မာနိုင်ငံမှာ သာမာန် လူသား တစ်ယောက် အနေနဲ့ ကျင်လည်နေတုန်းက ဖြစ်သည်။  ( ဒီလိုပြောလို့ အခုက ဘာလဲ ဖြစ်နေဦးမယ်။ အခုလည်း ဘာမှ မဟုတ်ပါ။ ) ကျွန်တော်တို့ အိမ်က ဈေးကို သွားသော လမ်းပေါ်မှာ တည်ရှိပါသည်။ ဒါကြောင့် အတော်ကို စည်ကားသော လမ်းလို့လည်း ဆိုလို့ ရသည်။ ဖာသိဖာသာ လမ်းလျှောက်သွားလိုက်ရင် တခဏ အတောအတွင်း ဈေးကို ရောက်နိုင်သည်။

“ မလှူတတ်ရင် ဈေးရောင်း ” ဟု ဆိုကြသည်။ တချို့က ကျတော့လည်း “ မတတ် ဈေးရောင်း ” ဟု ဆိုသည်။ ဒီစကားလေး နှစ်ခုကို ဆက်စပ်ကြည့်တော့ “ ဘာမှ ခြေခြေမြစ်မြစ် မတတ်သော သူတွေက ဈေးရောင်းသည် ” ဟု အဓိပ္ပါယ် ထွက်နေသလို ဖြစ်သည်။ သို့သော် တကယ်တမ်းတော့ ဒီလို မဟုတ်ပါ။ ဈေးရောင်းတယ် ဆိုတာမှာလည်း ဈေးသည်တစ်ယောက်ရဲ့ တတ်ကျွမ်းမှုတွေ လိုပါသေးသည်။

တစ်နေ့တော့  . . .

ကျွန်တော်တို့ အိမ်နားမှ အစ်မကြီး တစ်ယောက်က မုန့်ဟင်းခါး နဲ့ အသုတ်ဆိုင်လေး သူတို့ အိမ်ရှေ့မှာ ဖွင့်ပါသည်။ မြန်မာတို့ရဲ့ ထုံးစံအတိုင်း ဆိုင်စဖွင့်တယ် ဆိုရင် တတ်တတ်ကြွကြွ နဲ့ အားလုံးက အားပေးကြပါသည်။ သူကလည်း မြန်မာတို့ရဲ့ ထုံးစံအတိုင်း ဆိုင်သစ် ဆိုတော့ ဟင်းခါးက အစ ၊ ရေနွေးကြမ်း အဆုံး အစစ အရာရာ ကောင်းအောင် ပြင်ဆင်သည်။ ဒါနဲ့ သူ့ဆိုင်လေးက အတော်ကို ရောင်းကောင်းပါသည်။

တစ်လကျော်သည် အထိ သူ့ဆိုင်လေးက အလွန်ကို ရောင်းကောင်း၏။ တစ်လကို တစ်ပတ်စွန်းတော့ ကျွန်တော်တို့ လမ်း ၊ ဒီလမ်းပေါ်မှာပဲ နောက်ထပ် မုန့်ဟင်းခါးနဲ့ အသုတ်ဆိုင် ၃ ဆိုင် မှိုပေါက်သလို ရက်ပိုင်းပဲခြားပြီး ထွက်လာလေတော့သည်။ နောက်ထပ် ထွက်သော ဆိုင်များနှင့်လည်း ကျွန်တော်တို့က မျက်နှာကျက်များ ဖြစ်သည်။ ဒါပေမဲ့ သူတို့က ခါတော်မှီ မုန့်ဟင်းခါး နဲ့ အသုတ်ဆိုင်များသာ ဖြစ်သည်။ တတ်လို့ လုပ်တာ မဟုတ်ဘဲ ငတ် . . . အဲ . . သူများ အဆင်ပြေတယ် ဆို၍ လိုက်လုပ်ကြသူများပဲ ဖြစ်သည်။

ဒီတော့ မနက် မိုးလင်း၍ မုန်းစားတော့မယ် ဆိုရင် ကျွန်တော်တို့ မိသားစုမှာ အတော်ကို ဒုက္ခ ရောက်ရလေတော့သည်။ ကိုယ်ကြိုက်တဲ့ ဆိုင်မှာ စားတော့ ဟိုဘက်က ဆိုင်ကလည်း မျက်နှာကျက်များ ဖြစ်နေသောကြောင့် ငါတို့ ဆိုင်မှာလည်း အားပေးပါဦး ဆိုတော့ ကျွန်တော်တို့မှာ အားနာစွာနဲ့ နောက်နေ့မှာ ထိုဆိုင်မှာ သွားစားရသည်။ အားနာလို့သာ သွားစားရသည် အရသာက မရှိ။ ဒါနဲ့ပဲ မိသားစု ၆ ယောက် ရှိသော ကျွန်တော်တို့မှာ အလှည့်ကျဆိုသော ပုံစံနဲ့ ဒီဆိုင်တွေမှာ စားနေရသလို ဖြစ်နေ၏။ သူတို့ကလည်း လမ်းမှ လာသူတွေကို သူတို့ဆိုင်ကို ဝင်စားအောင် ကျိုက်ထီးရိုးမှ ယိုရောင်းသော ဆိုင်များ ကဲ့သို့ အပြင်ထွက်ကာ လက်ဆွဲကာ ခေါ်မတတ်ပင်။

နောက်ဆုံးတော့ အားနာမှုဖြင့် ကိုယ့်ပိုက်ဆံနဲ့ကိုယ် အရသာ အပြည့်အဝ မရသော ဆိုင်များကို ဝယ်မစားတော့ဘူး လို့ ဆုံးဖြတ်ပြီး ကျွန်တော်တို့ ဘယ်ဆိုင်ကိုမှ မစားဖြစ်တော့။ ကိုယ့်ဖာသာ မနက်စာကို အိမ်မှာ တစ်ခုလုပ်ပြီး ဖြစ်စေ။ ဆိုင်ကယ်လေး ဖွတ်ချက် ဖွတ်ချက် မောင်းပြီး ဈေးထဲမှာ ဆိုင်က သွားဝယ်ကာ အိမ်မှာပဲ စားဖြစ်တော့သည်။ ကျွန်တော်တို့ပဲလား ဆိုတော့ မဟုတ်ပါဘူး။ တခြားသော မိသားစုတွေကလည်း ဒီလိုပဲ အားလုံးကို အားနာသောကြောင့် ဟိုဆိုင်မှာစား ၊ ဒီဆိုင်မှာစား ဆိုတာကနေ အားနာမှုကြောင့်ပဲ ဘယ်ဆိုင်မှကို မစားကြတော့ပါဘူး။ ဒီတော့ ဘယ်သူမှ မရောင်းရတော့ပါဘူး။

အဲဒီလို အချိန်မှာမှ ကျွန်တော် ငယ်ငယ်က မဲနယ်အပျစ်ကို ရေခွက်ထဲ ထည့်ပြီး အရောင်ဖျော့သွားအောင် စမ်းသပ်ခဲ့မိတာကို သတိရသည်။ လေမမှုတ်ရသေးသော ပူဖောင်း နဲ့ လေမှုတ်ပြီးသား ပူဖောင်းရဲ့ အရောင်ဖျော့မှုကို သတိရသည်။ ကျွန်တော့် အစ်မ ဝမ်းကွဲရဲ့ အသားဖြူချင်မှု နဲ့ ဝလာရင် အသားဖြူလာနိုင်တယ် ဆိုပြီး ကျွန်တော့်ရဲ့ ကလေး အတွေးလေးတွေကို သတိရသည်။

အခု သူတို့ ကြုံတွေ့နေရတဲ့ သူတို့ ဈေးရောင်းတဲ့ ကိစ္စမှာလည်း ဝယ်လိုအားကို အရောင်တစ်ခုလို့ ကျွန်တော် သတ်မှတ်ကြည့်လိုက်မိ၏။ ရောင်းလိုအား ဆိုသော အရည်များက များပြားလာသော အခါမှာ ဝယ်လိုအားတွေက ပြန့်ကျဲသွားကာ အရောင်ပျော့ကာ ဖျော့တော့တော့ ဖြစ်သွားရခြင်းပဲ ဖြစ်ပါတော့သည်။

ဒါနဲ့ မုန့်ဟင်းခါး နဲ့ အသုတ် ရောင်းသူတွေက ဝယ်သူတွေ နည်းသွားတော့ နေမြင့်တဲ့ အချိန် အထိ မကုန်ပါဘူး။ ဒီလိုနဲ့ ကြာလာတော့ တစ်ဆိုင်ပြီး တစ်ဆိုင် ပြုတ်ကုန်တော့သည်။ ဆိုင်တွေ ပြုတ်ပြီး နှစ်ပတ်လောက် ကြာတော့ မုန့်ဟင်းခါးတွေ အပြိုင်အဆိုင် ဖွင့်ခဲ့သော ဆိုင်ထဲမှ တစ်ဆိုင်က ညနေခင်းမှာ ရပ်ကွက်နဲ့ တန်သလောက်သော ဖာလူဒါ နဲ့ ရွှေရင်အေး ဆိုင်လေး ဖွင့်လေသည်။

မရှိတာ တစ်ခု ရှိလာခြင်း ဖြစ်သည်။ မဖြစ်ခဲ့တာ တစ်ခု ဖြစ်လာတာ ဖြစ်သည်။ သူ့ ရွှေရင်အေး ၊ ဖာလူဒါကလည်း အစပ်အဟပ်တည့်သည်။ ဒီတော့ ရုတ်တရက် ဒီဆိုင်ကလေးက ထ၍ ပေါက်ကာ အလွန် ရောင်းရ လေတော့သည်။ စားသုံးသူ ၊ ဝယ်လိုအားတွေကလည်း ဒု နဲ့ ဒေး အားပေးကြသည်။

သို့သော် ထုံးစံ အတိုင်း ယခင်ကလည်း ရှိနေပြီးသား ဖြစ်သော လမ်းစဉ် အတိုင်း  သိပ်မကြာခင် အချိန်မှာပဲ ဖာလူဒါ နဲ့ ရွှေရင်အေး ဆိုင်များ မှိုလိုပေါက်ကာ အပြိုင်အဆိုင် ပေါ်လာလေတော့သည်။ ထိုအခါမှာတော့ ဟိုအရင် မုန့်ဟင်းခါး နဲ့ အသုတ်စုံ ရောင်းခဲ့သလိုပါပဲ။ လူတစ်ယောက် လမ်းက ဖြတ်လျှောက်ပြီး ထိုဆိုင်တွေ ရှေ့က ဖြတ်သွားရမှာတောင်မှ မဝံ့ရဲတော့သလို ပြန်လည် စတင်ကာ ဖြစ်လာခဲ့ပြန်ပါသည်။ ဒီတော့ အရောင်းတွေကလည်း မျှသွားကာ ၊ အဝယ်တွေကလည်း ရှားလာပြန်လေတော့သည်။ နောက်တော့ သူတို့ မရောင်းရတော့ . . . . . . . .  .

နောက်တော့ သူတို့ ဖာလူဒါ နဲ့ ရွှေရင်အေး ဆိုင်တွေ ပြုတ်သွားပြီး ခဏတော့ ငြိမ်ကာ ဘယ်သူက ဘာဆိုင်များ ဖွင့်မလဲ လို့ စောင့်ဆိုင်းနေသလို ငြိမ်သက်နေကြပါသည်။ ထို့နောက်မှာတော့ . . . .

ရွှေကြည် ဆိုတော့လည်း ရွှေကြည်ဆိုင်များ ၊
ရခိုင်မုန့်တီ ဆိုတော့လည်း ရခိုင် မုန့်တီ ဆိုင်များ ၊
အော်ကွေ့ကြည် ဆိုတော့လည်း အော်ကွေ့ကြည့် ဆိုင်များ ၊
x x x x x x ဆိုင်များ ၊
x x x x x x ဆိုင်များ ၊
x x x x x x ဆိုင်များ ၊
x x x x x x ဆိုင်များ ၊
x x x x x x ဆိုင်များ ၊
x x x x x x ဆိုင်များ ၊
x x x x x x ဆိုင်များ ၊
x x x x x x ဆိုင်များ ၊ . . . . . . . . . . . . . .



  • ကျွန်တော် ငယ်ငယ်က ဖေဖေ့ရဲ့ အလုပ်ခန်းထဲမှာ အရောင်ရင့်ရင့်တွေကို အရောင်ဖျော့သွားစေရန် အရည်များများထဲကို ထည့်ပြီး စမ်းသပ်တာကို တွေ့ခဲ့ရဖူးပါသည်။ 
  •  ထိုနောက်တော့ ကျွန်တော့်ဖာသာ မဲနယ်ကို အပျစ်ဖျော်ကာ ရေများများထဲ ထည့်ကာ အရောင်ဖျော့အောင် စမ်းသပ်ခဲ့ဖူးပါသည်။ 
  • ပူဖောင်း တစ်လုံးကို လေမမှုတ်ရသေးသော အရောင်နဲ့ လေမှုတ်ပြီးသော အရောင်ကို ကြည့်ကာ အရောင်ဖျော့မှုကို စဉ်းစားခဲ့ဖူးပါသည်။
  • အစ်မတစ်ယောက်ရဲ့ အသားဖြူချင်မှုကို ဝလာရင် အသားတွေ ပွလာပြီး အသားဖြူ လာလိမ့်မယ် လို့ ကလေး အတွေးနဲ့ ပြောခဲ့ဖူးပါသည်။
  • အရောင်ဖျော့ခြင်း ဆိုသော အကြောင်းအရာ နဲ့ ပတ်သတ်ပြီး ဈေးသည်များ၏ ရောင်းလိုအား ၊ ဝယ်လိုအားများနှင့် ယှဉ်တွဲကာ စဉ်းစားခဲ့ဖူးပါသည်။
သို့သော်. . . အခု လက်ရှိ “ အရောင်ဖျော့ခြင်း ” နဲ့ ပတ်သတ်သော ကိစ္စ တစ်ခုကို ဒီမှာ ကျွန်တော် မျက်ဝါးထင်ထင် တွေ့နေမိပါသည်။ သို့သော် ကျွန်တော် မပြောပြတတ်ပါ။ ကျွန်တော်က ကယောင်ကတမ်း နဲ့ အိပ်မက်ဆိုးမှ လန့်နိုးလာသော “ လူအ ” တစ်ယောက်သာ ဖြစ်ပါသည်။

“ လူအ အိပ်မက်ပါပဲ။ ”


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ကျွန်တော်မပြောပြတတ်ပါ ဆိုသလိုပါပဲ။
may

ကိုကိုမောင်(ပန်းရနံ့) said...

အဓိပ္ပါယ်တော့ အရှိသားဗျ။ ပူဖောင်းလို အရာဝတ္ထုတွေကတော့ ကြီးလာရင် ဖျော့သွားကြမယ်ထင်တယ်။ ဒါပေမဲ့ အသားမဲတို့လူတစ်ယောက် ၀ပြဲလာရင်တော့ မဲလုံးကြီးဖြစ်လာမှာ မြင်မိကြောင်းပါ။း))

စဉ်းစားတွေးတောတာ အတော်ကောင်းတယ်။ ဟုတ်တယ်။ အရောင်ဖျော့ခြင်း။ လေးနက်တယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဧပရယ်လ်ပူး@ပူးတေ said...

ကိုဇော်ရေ... ကောင်းတယ်ဗျို့... ဖတ်ပြီးတော့ အတွေးတွေ အများကြီးပဲ.... ပူးတေလဲ ငယ်ငယ်က စက္ကူပန်းပွင့်အရောင်လေးတွေကို ရေထဲစိမ်ပြီး ညှစ်ပြီး ကစားလေ့ရှိတယ်... အရေနဲနဲလေးနဲ့ အရောင်ရင့်ရင့်လေးလုပ်ထားပြီး ဇီးဖျော်ရည်ရောင်းတမ်းဆော့တာလေ... လာဝယ်တဲ့သူရှိမှ ရေရောပေးလိုက်တာ.... :)

ကိုဇော်ကတော့ ပို့စ်တွေတပုဒ်ပြီးတပုဒ်နဲ့ကို လက်သွက်နေတာပဲဗျို့... အတွေးကောင်းလေးပါပဲနော်...ပူးတေက အရောင်နုနုလေးတွေကိုကြိုက်ပေမယ့် ဒီလိုမျိုး ပြင်ပ ပရောဂတခုခုကြောင့် ပျော့သွားမယ့် အရောင်နုတာမျိုးတော့ မကြိုက်ပြန်ဘူး....

မြေပုံကိုတော့ နဲနဲ သဘောပေါက်သလိုရှိပေမယ့် ကိုယ်သဘောပေါက်နေတာနဲ့ ကိုဇော်ဆိုလိုချင်တာ တူရဲ့လားမသိဘူးလို့တွေးမိနေသေးတယ်....:)

Anonymous said...

အင်း မြန်မာ အများစုအကျင့်လေ အဲလိုဘဲ ဒါပေမဲ့ အကြံတူ နောက်လူသာစမြဲ ဆိုတဲ့ စကားပုံလေး ကိုလည်း မေ့မထားသင့်ဘူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချိုကျ said...

ကိုဇော်ရေ.... အတွေးအရေးလေးက ဂွတ်တယ်ဗျာ :)

ခင်တဲ့(ချိုကျ)

nyeinsoe said...

ကိုယ်ပိုင်အရောင်ရဲ့ အင်အားစုစည်းမှု ၊ အများ က ကိုယ်မဟုတ် ၊ အရောအနှော မှာ တွဲစပ်နိုင်မှု ၊ ချင့်ချိန်စရာ များစွာ ကိုသယ်ဆောင်ဖော်ပြနေတာ ထိတယ် ကိုဇော်ရေ ...
ငြိမ်းစိုးဦး

သဒ္ဓါလှိုင်း said...

ဒီမှာ ကိုသွားကြည့်တော့ မြေပုံလေးဖြစ်နေပါလား..
အရောင်လေးက ဖျော့တော့တော့နဲ့ (ဘာလို့များ
အရောင်လေးဖျော့နေရတာပါလိမ့်...)။
အတွေးကောင်းလေးတခုပါ...
ခင်မင်စွာ
သဒ္ဓါ

ngwelamin said...

ိကိုဇော် ဒီပိုစ်ကိုဖတ်ရတာ စာသင်နေရသလိုဘဲ
အရောင်တွေစပ်တယ်ဆိုတော့ ဓါတုဗေဒ
ဝယ်လိုအားရောင်းလိုအားပါတော့ ဘောဂဗေဒ
အသားမဲတာကို ၀ရင်ဖြူနိုင်တယ် ဆိုတဲ့အတွေးက ဒသသနိကဗေဒ
နောက်ဆုံးကစာသားလေး(ဒီမှာ)ကို နားမလည်ဘူး ဘာကိုဆိုလိုတာလဲမသိတော့ စိတ္တဗေဒ
ဟိဟိ လျောက်ပြောကြည့်တာ ဘာရေးရေးဖတ်လို့ကောင်းတယ်

သိင်္ဂါကျော် said...

ဒဿနတွေကိုတော့ မပြောလိုပါဘူး..
အရောင်နဲ့ ပတ်သက်ရင်တော့ အရောင်ရင့်တွေထက် အရောင်ဖျော့တွေက ပိုကြည့်လို့ကောင်းတယ်။ အရောင်ဖျော့လေးတွေပဲ ကြိုက်တယ်..

ဒေါင်းမင်း said...

ကိုဇော်ကတော့ရေးလိုက်ရင်ရှယ်တွေပဲ..
အားပေးတယ်..အရောင်ရဲ့အတွေးကိုတော့သဘောကျတယ်...
ကျွန်တော်အိမ်မှာမွေးထားတဲ့မိကြားဆိုတဲ့ခွေးမလေးကအနက်ရောင်ဗျ။အဲဒီခွေးလေးကိုအဖြူရောင်ပြောင်းချင်တယ်.
ဝအောင်လေထိုးပေးရင်..ဖြူလာမယ်ထင်တယ်..ဟီး..
ကလေးလိုတွေးကြည့်တာ..သဘောကျလို့..
ခင်မင်စွာဖြင့်
ဒေါင်းမင်း

ခိုင်နုငယ် said...

မနက်ကတည်း ဖတ်ပြီးတာကိုဇော်ရေ...
ခုနောက်တစ်ခေါက် ဖတ်ရင်း
ဝင်မန့်သွားတယ်။ ကိုဇော့် အတွေးတွေကတော့
တကယ့်ကို လိုက်မမှီဘူးရယ်...။
ဒီပို့စ်ကို အထူးပဲ သဘောကျမိတယ်။
အင်း.......ပြောစရှိ၏။
မေးပို့လိုက်မယ်ဆိုလို့ ဘာတွေများလဲ သိချင်နေတာ။
ပေါ်မလာ....... :( :(

ကိုကိုးအိမ်(မန္တလေး) said...

ကိုဇော်ရေ မုန့်ဟင်းခါးထဲကို ရေရောရင်လည်း အရောင်ဖျော့တယ်နော်.. ဟီးဟီး ကိုးတွေ့ဖူးတဲ့ ဈေးသည်တစ်ယောက်တော့ မုန့်ဟင်းခါးရေရောရင်းနဲ့ အရောင်ကသိပ်မကျန်တော့ဘူး.. အဲလိုပဲ မျှော်မှန်းချက်တွေ အချိန်ကြာလာတဲ့အခါ အရောင်မှိန်ဖျော့သွားတတ်ပါတယ်...

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

sosegado said...

ဘောလုံးအရောင်ဖျော့ရင် လူအရောင်ဖျော့မည်၊ တိုက်ရိုက်အချိုးယူလိုက်တာကိုး၊ ဆိုင်တွေဖွင့်တာ အင်နိုဗိတ်ကိုသတိရသွားတယ်၊

ဝက်ဝံလေး said...

ဒါကြောင့် သူငယ်ချင်းက ပြောတာ ကိုဇော့်အတွေးကို သဘောကျပါတယ်တဲ့ ဟိ
ဟို ဝ ရင် အသားဖြူတယ် ဆိုတာ မှန်တယ် ကိုဇော်ရဲ့ ခစ်ခစ် များက ဝ တယ်လေ ဒါပေမယ့် ဖြူတယ် ဟိဟိ (ကြော်ငြာသွားတာ)

တကယ်ပါပဲတော် တင်နိုင်လိုက်တာ များက မအားပါဘူးဆိုနေ မဖတ်နိုင်ဘူးနော် ကျောင်းပိတ်မှ ပြန်လာခဲ့မယ် ဟွင့် တနေ့ဘယ်နှပုဒ်လောက် တင်နေလဲမသိ နာမယ် ဒီလူဂျီးးး ဟွင်းးး ဟွင်းးးးး

sv said...

အရောင်ဖျော့ခြင်းနဲ.ပတ်သက်ပြီး လွတ်လပ်စွာ မတူသော အမြင်များနဲ.မြင်နိုင်ကြသလို. ကျမ မြင်တဲ့ အမြင်လေးကိုလဲ ချရေးနိုင်အောင် လမ်းပြပေးခဲ့လို. ကျေးဇူးပါ... ကြိုတင် ခွင့်မတောင်း ပဲ ခံစားမိခြင်းအတွက် နားလည်ပေးနိုင်ပါစေ..

လေးစားစွာဖြင့်
simple views

မိုးခေတ် said...

အတွေးကောင်းလေးပါ ကိုဇော်ရေ...ရေးထားတာလဲ ကောင်းတယ်... မြန်မာပြည်ကတော့ အရောင်ဖျော့နေတာ တော်တော်ကို ကြာလှပါပြီဗျာ...ကြာလေ ပိုဖျော့လေပဲ ဖြစ်ဖို့ ရှိပါတယ်.... အဖျားအနားတွေဆို ပိုဆိုး... ဖျော့ရုံတင် မကဘူး...ကြာရင် အရောင်ပါ လုံးလုံးပြောင်းတော့မယ် ထင်ပါရဲ့......

ahphyulay said...

အမယ်...လေး
လူမအ ပါဘူးဗျာ..။
အတွေးအခေါ် ပညာရှင်ကြီးရာ...။
တွေးသလောက်လဲ ရေးနိုင်....။

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.