မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 October 2010

11 လွတ်မြောက်ခွင့်



ကိုဇော်ရေ..

“ မိကျောင်းနဲ့ အိမ်မြှောင် ” အကြောင်း ပြောသွားတဲ့ ပုံပြင်ကို သဘောကျတယ်ဗျ။ လေတိုးသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာရရင် ကျေနပ်သင့်ပါတယ်ဗျာ။ အမြင့်ပိုင်း ရောက်လာပြီလို့ အသိအမှတ်ပြု ခံလာရတဲ့ သဘောပဲမဟုတ်လား။ ကိုဇော်ရေးလေ့ရှိတဲ့ ပုံစံက ကျွန်တော် ရေးချင်တဲ့ ပုံစံနဲ့ဆင်လို့ ကျွန်တော်ကတော့ ကြိုက်တယ်ဗျာ။ ကျွန်တော်ကလည်း စာကို သိပ်ရှည်ရှည် မရေးချင်ဘူး။ နှလုံးသား အာဟာရ လေးတွေလိုမျိုး တိုတိုနဲ့ လိုရင်းးကို တန်းရောက်တဲ့ စာမျိုးကို သဘောပိုကျတယ်။

ဒါကြောင့် ကိုဇော့် အနေနဲ့ ကိုဇော့်ရေးဟန်ကို မပြောင်းလဲစေချင်လို့ ဒီမေးလ်ကို ပို့ဖြစ်တာပါ။ ကျွန်တော်လည်း စာရေးတာ ၀ါသနာ ပါတယ်လို့ ပြောလို့ရပေမယ့် အဲ့ဒီဝါသနာက အားသိပ်ကောင်းပုံ မရတော့ သိပ်မရေးဖြစ်ဘူးပေါ့ဗျာ။ ကျွန်တော်ရေးခဲ့ဘူးတဲ့ စာတိုတစ်ပိုဒ် နမူနာ ထည့်ပေးလိုက်တယ်။ အချိန်ရခဲ့မယ်ဆိုရင် အပျင်းပြေ သဘောမျိုး ဖတ်လို့ ရတာပေါ့။ နောက်ပြီး ကျွန်တော်တို့ ရေးပုံ ဆင်တယ် ဆိုတာကို သိစေချင်လို့ပါ။



လွတ်မြောက်ခွင့်

တစ်နေ့ . . .

ကျွန်တော် အလုပ်က အပြန် ဆူးလေ မှတ်တိုင်နားမှာ ချိုး ၊ ဆက်ရက် နဲ့ ဗျိုင်းငှက်လေးတွေကို ခြင်းတစ်လုံးစီနဲ့ သယ်လာတာ တွေ့မိတယ်။ လှောင်အိမ် အလွတ်တွေကိုလည်း အခြားတစ်ယောက်က သယ်လာတယ်လေ။ ကျွန်တော်က ငှက်ကလေးတွေကို စိတ်ဝင်စားတယ်။ သူတို့နဲ့ နီးနီးကပ်ကပ် ထိတွေ့ချင်တယ်လေ။ အဲဒါနဲ့ ကြုံတုန်း ချိုးငှက်လေး တစ်ကောင်ကို လှောင်အိမ် တစ်လုံးနဲ့ တွဲဝယ်လိုက်တယ်။

အိမ်ပြန်ရောက်တော့ ငှက်လှောင်အိမ် ကိုးယို့ကားယားနဲ့ ကျွန်တော့်ကို မေမေက တအံတသြ ကြည့်ပါတယ်။ ဘာမှတော့ မပြောပါဘူး။ ငှက်လှောင်အိမ်ကို နေရာချပြီး အမောဖြေ နားနေတဲ့ ကျွန်တော့်အနားကို မေမေ ရောက်လာပါတယ်။ သူဘာကြောင့် ရောက်လာတယ် ဆိုတာကို ကျွန်တော် တွက်မိပါတယ်။ ဒါကြောင့် အငြင်သာဆုံး ကာကွယ် ချေပနိုင်ဖို့ စကားလုံးတွေ စီနေမိတယ်။ မကြာပါဘူး သူ့ထုံးစံအတိုင်း လေသံအေးအေး နဲ့ ကျွန်တော့်ကို တိုက်စစ်ဖွင့်လာပါတယ်။

" သားရယ် တိရိစ္ဆာန်လေးတွေကို ပိတ်လှောင်ထားတာ မေမေ မကြိုက်မှန်း သိရဲ့နဲ့ကွယ်။ ဘာကြောင့် မေမေ မကြိုက်တာကို လုပ်ချင်ရတာလဲ။ "

" အာ မေမေကလည်း ကျွန်တော်က သူတို့ကို ချစ်လို့ပါဗျာ။ ကျွန်တော်သာ ၀ယ်မလာခဲ့ရင် သူတို့ကို သတ်စားမယ့်သူတွေလည်း ၀ယ်သွားနိုင်တာပဲ။ အနည်းဆုံးတော့ ကြပ်သိပ်နေတဲ့ လှောင်အိမ်ထဲကနေ အခုဆို တစ်ကောင်တည်း လွတ်လွတ်လပ်လပ် နေနိုင်ပြီပဲ။ "

" အဲဒါဆိုရင်လည်း တစ်ခါတည်း လွှတ်ပေးလိုက်ပေါ့ကွယ်။ ဘာကြောင့်ထပ်ပြီး ချုပ်နှောင် ထားချင်ရတာလဲ။ သားရဲ့ ခဏတာ စိတ်ပျော်ရွှင်မှု အတွက် သူ့တစ်ဘ၀လုံးကို လှောင်အိမ် ကျဉ်းကျဉ်းလေး ထဲမှာပဲ ချုပ်နှောင်ထားတော့ မှာလား။ သူ့မှာလည်း မေမေတို့လို မိသားစု ရှိမှာပဲလေ။ ဘာအပြစ်မှ မရှိဘဲနဲ့ တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ကျခံရသလို ဖြစ်နေမှာပေါ့ကွယ်။ "

ဒါကတော့ မေမေ့ရဲ့ ချောင်ပိတ် တိုက်ကွက်လေ။ ကျွန်တော့်ကို အကြိမ်ကြိမ် အနိုင်ပိုင်းနိုင်ခဲ့တဲ စကား လက်နက်တွေပေါ့။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ အတတ်နိုင်ဆုံး ချေဖျက်နိုင်ဖို့ ကျွန်တော် ကြိုးစားနေခဲ့မိတယ်။ ဒါကြောင့်....

" ကျွန်တော် လက်ခံပါတယ်။ ဘယ်သူမဆို လွတ်လပ်မှုကိုတော့ သဘောကျကြမှပါပဲ။ ဒါပေမယ့် အဲဒီ လွတ်လပ်မှုနဲ့ အတူ အန္တရာယ်တွေလည်း ကပ်ပါလာနိုင်တယ်လေ။ ဒီလှောင်အိမ်ကနေ ထွက်သွားတာနဲ့ သူ့မှာ အန္တရာယ်တွေက ၀ိုင်းနေနိုင်တယ်။ သူ့ကို ဘယ်ဒေသက ဖမ်းခေါ်လာမှန်းလဲ သိတာမဟုတ်ဘူး။ သူ့ကိုလွှတ်လိုက်တယ်။ ပျံသွားတယ်။ ကျွန်တော်တို့ မျက်စေ့အောက်က ပျောက်သွားရုံနဲ့ပဲ တာဝန်ကျေပြီလို့ ပြောလို့ဘယ်ရမလဲ။ 

အများစုကတော့ ဒီလိုပဲ ပေါ့ပေါ့လေး တွက်ကြမှာပဲ။ သူ့ကို ကယ်တင်လိုက်ပြီ။ ငါတို့ ကုသိုလ် လုပ်လိုက်ပြီလို့လေ။ အမှန်တော့ သူတို့မှာလည်း သူ့နယ်၊ ကိုယ့်နယ်ဆိုတာ ရှိတာပဲ။ ဒီက ပျံသွားတာနဲ့ ဒီနယ်မှာ ဗိုလ်လုပ်နေတဲ့ နယ်ခံချိုးငှက်နဲ့ အသေအကျေ တိုက်ပွဲဝင်ရတော့မယ်။ နောက်ပြီး သူမကျွမ်းတဲ့ နယ်မြေမှာ ဘယ်နေရာမှာ သိမ်းငှက်ရှိပြီး ၊ ဘယ်နေရာမှာ ငှက်ခတ်သမားရှိမယ် ဆိုတာကို သူဘယ်လို သိနိုင်မှာလဲ။ ဒီမှာသာ နေရင် အချိန်တန်တာနဲ့ အဆင်သင့် အစာစားရမယ်။ အဖော်လိုရင်လည်း နောက်တစ်ကောင် ထည့်ပေးလိုက်မယ်လေ။ ကဲ ဘယ်လောက် အဆင်ပြေလဲ။ "

ကျွန်တော့်ရဲ့ လျှောက်လဲချက် အရှည်ကြီးကို လေးလေးနက်နက် နားထောင်နေရင်း မေမေပြုံး နေပါတယ်။ ကျွန်တော်လည်း အားတက်လာပြီး ထပ်ကွန့် ကြည့်လိုက်သေးတယ်။

" သားတို့အနေနဲ့ တစ်ခါတစ်ရံမှာ ကာယကံရှင်ရဲ့ စိတ်ချမ်းသာမှု တစ်ခုကိုပဲ ကြည့်လို့ဘယ်ဖြစ်မလဲ။ ဘာနဲ့ တူလဲဆိုတော့ ကလေးငယ် တစ်ယောက် လောင်စာဆီတွေ အနီးမှာ မီးနဲ့ စော့ကစားနေရင် တွေ့တဲ့ လူကြီးက တားရမှာပဲလေ။ သူ့အတွက် ပျော်ရွှင်စရာ ကောင်းနေမယ့် မီးကို မကစားရလို့ အောင်ဟစ်ငိုယို ဂျီကျနေတဲ့ ကလေးကို လူကြီးက အလိုလိုက်လို့ ဘယ်ဖြစ်မှာလဲ။ ဒီလိုပဲပေါ့ မေမေရာ တချို့ ကိစ္စတွေမှာက ကာယကံရှင်ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေပေမယ့် ၊ သူ့ကောင်းရာ ကောင်းကြောင်း အတွက် အမုန်းခံသင့်ရင် ခံရမှာပေါ့။ မေမေ သဘောတူလား ။ "

ကျွန်တော့်ရဲ့ လိုရာဆွဲပြီး ကိုးကား တင်ပြတာတွေကို ဒီတစ်ခါတော့ မေမေ မချေပနိုင်လောက်တော့ဘူး လို့ တွေးပြီး ကျေနပ်နေမိတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကြည်နူးမှုလေးက ကြာရှည်မခံလိုက်ပါဘူး။ မေမေက ကျေနပ်စွာ ရယ်မောရင်း ကျွန်တော့်ကို ပွဲသိမ်းလိုက်ပါတော့တယ်။

" ဟင်း ဟင်း မေမေ့သားက တော်တော် ရင့်ကျက်လာတာပဲ။ မေမေ တကယ် ၀မ်းသာတယ်ကွယ်။ သားတွက်ပြတာတွေ အားလုံးက နည်းလမ်းကျပါတယ်။ ဒါပေမယ့် သားမစဉ်းမိတာ တစ်ခုရှိတယ်။ ဒါကလည်း ငှက်ကလေးကို မွေးချင်တဲ့ ဆန္ဒက သားကို ဖုံးလွှမ်းထားလို့ပါ။ လူတွေ အများစုပဲ ခံစားမှု တစ်ခုခု ၀င်သွားပြီ ဆိုရင် အမှန်ကို မြင်နိုင်ဖို့ ခဲယဉ်း သွားတတ်တယ်။ အရောင်ပါတဲ့ မျက်မှန်ကို တပ်လိုက်သလိုပေါ့။ ဘာကိုကြည့်ကြည့် အဲဒီအရောင်တွေပဲ မြင်နေရမှာလေ။ ဒီကိစ္စကို သေသေချာချာ တွေးကြည့်ပါ သား ။

ဥပမာ - သားကို ဒီအိမ်ထဲမှာပဲ နေရမယ်။ ဘယ်မှမသွားရဘူး ဆိုရင် သား နေနိုင်မှာလား။ ဘယ်လောက် ကြာကြာ နေနိုင်မှာလဲ။ အခုတောင် ပိတ်ရက်တွေဆိုရင် အိမ်မှာမြဲလို့လား။ ဒီလိုပဲပေါ့ သားရယ် ။ သူတို့လဲ လွတ်လွတ်လပ်လပ် နေချင်ရှာမှာပေါ့။ တောင်ပံပါပြီး ပျံသန်းခွင့် မရတဲ့ ဘ၀က ဘယ်လောက် ၀မ်းနည်းဖို့ ကောင်းလိုက်မလဲ။ 

နောင် ဘာဖြစ်လာမယ် ဆိုတာတော့ သူမပြောနဲ့ မေမေတို့တောင် ကြိုမသိနိုင်ဘူးလေ။ ငှက်ဆိုတာ ပျံရင်း နဲ့သေတယ်လို့တောင် တင်စား တတ်ကြတာပဲ။ လှောင်အိမ်ထဲမှာ နေရင်လည်း တစ်နေ့တော့ သေမှာပဲလေ။ ဒါကြောင့် သေမင်းကို ငုတ်တုတ်ထိုင်ပြီး စိတ်ပင်ပန်း ငြီးငွေ့စွာ စောင့်စားနေရမယ့် အစား ၊ ပျော်ရွှင်စွာ ၀ဲပျံရင်း ရင်ဆိုင် ခွင့်ပြုလိုက်ပါ သားရယ် နော်။ "

မေမေ့ရဲ့ ချေပရခက်တဲ့ စကားလုံး ကွန်ယက်တွေ အောက်မှာ ကျွန်တော် တိတ်ဆိတ်စွာပဲ အတွေးလွန် နေမိတော့တယ်။ ခဏအကြာမှာတော့ ဆုံးဖြတ်ချက် တစ်ခုကို ပြတ်ပြတ်သားသား ချလိုက်နိုင်ပြီး လှောင်အိမ်ရှိရာ လှမ်းထွက် ခဲ့တော့တယ်။ အကင်းပါးတဲ့ ချိုးငှက်လေး ကျွန်တော့် စိတ်ကူးကို ရိပ်မိသွားပုံ ရတယ်ဗျ။ 

ပျော်ရွှင်စွာ ကျူးရင့်လိုက်လေရဲ့ . . . . . .

တကူ . . . ကူး . . . . ကူး . . .


သိုးမဲ (အိမ်မက်မြေ )


*** ကျွန်တော့် မေးလ်ထဲကို ပို့လာတဲ့ ကိုယ်တိုင်ခံစား ရေးသားထားသော ရသ စာလေး တစ်ပုဒ်ပါ။ သူ့ရဲ့ အတွေး ၊ အရေးအသား ကို အားလုံးလည်း ကျွန်တော်နဲ့ အတူတူ အားလုံးလည်း ခံစားလို့ ရအောင် မျှဝေ လိုက်ပါတယ်။ အပိုဒ်ခွဲ ၊ အဖြတ်အတောက် ၊ အထားအသို သင့်တော်သလို ပြုပြင်လိုက်တာက လွဲလို့ စာကို ပြုပြင်ထားခြင်း မရှိပါဘူး။  ***


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

မိုးယံ said...

သိုးမဲနဲ့ မိကျောင်းဇော် ပေါင်းမိရင်တော့ ဖတ်မယ့်သူတွေ သေဖို့ ရှိတယ်။ ဒါတောင် ဒီလောက်တားထားလို့ မျှင်းတင်နေတာ။ ဟိုတစ်လောကတောင် တင်မယ့်ပို့စ်တွေ တန်းစီနေတာ သူ့posting စာမျက်နှာမှာတွေ့သေးတယ်။

အရေးအသားကတော့ အတော်လေး ဆင်ကြတယ် နှစ်ယောက်လုံးရသကောင်း တွေရေးတတ်ကြတယ်။စာတွေကလဲ ဖတ်ရတာ ရှင်းတယ်။ ဂွပ် ဂွပ် အဲ ဂွတ် ဂွတ်

Anonymous said...

လွတ်မြောက်ခွင့်ရလိုက်တဲ့ ငှက်ကလေးကတော့ပျော်ရွှင်နေလေရဲ့....
မရတဲ့ ငှက်ကလေးကတော့.....လေရဲ့....
ရေးသားပုံလေးကတော့ အရမ်းကိုကောင်းမွန်ပါတယ်ရှင်။
...

lwin said...

အရမ်းတူတယ်

ahphyulay said...

အင်း ....
သိပ်ကောင်းတာပဲ။
အစွန်းလွတ်နေတဲ့  အတွေးအခေါ်တစ်ခုပဲ။
လွတ်လပ်စွာပျံသန်းနေရင်း ဘဝနေဝင်ချိန်ကို
ရင်ဆိုင်မယ်ဆိုတာရယ်......
ခံစားမှု တစ်ခုခု ဝင်သွားရင် အမှန်တို့ ဖုံးကွယ်နေ
တတ်မယ် ဆိုတာရယ် အဲ့ ဒီ နှစ်ခု က
ရင်ကို ထိမှန် နေတယ်လေ။

ဧပရယ်လ်ပူး@ပူးတေ said...

ဖတ်လို့ကောင်းတယ်...သိုးမဲလဲ ကိုဇော်လိုပဲ... စာရေးကောင်းတယ်... :D

ဧပရယ်လ်ပူး@ပူးတေ said...

ဖတ်လို့ကောင်းတယ်...သိုးမဲလဲ ကိုဇော်လိုပဲ... စာရေးကောင်းတယ်... :D

သဒ္ဓါလှိုင်း said...

ဘယ်သူမှ လှောင်အိမ်ထဲမှာ နေချင်မှာမဟုတ်သလို
ဌက်လေးတွေလည်း နေချင်မှာမဟုတ်ဘူးထင်တယ်.။
လွတ်လွတ်လပ်လပ်ပျံသန်းမှုကိုပေးရင်း... သူတို့ကိုယ်တိုင်ရဲ့အန္တရာယ်ကိုရှာဖွေတွေ့ရှိ
လာနိုင်တာပေါ့.။

ခိုင်နုငယ် said...

ခုတလော.....စာဖတ်ခြင်း၊စာရေးခြင်းအတွက်
ဆင်ခြေဆင်လက်တွေ သိပ်များနေပေမယ့်။
ခုလိုလို တိုတိုနဲ့လိုရင်း...ထိထိမိမိရှိလှတဲ့
အတွေးကောင်းရသမျိုးလေးတွေကိုတော့
နှလုံးသားနဲ့ဦးနှောက်အာဟာရအတွက်
ရှာဖွေဖတ်နေမိတယ်။ ကျေးဇူး...ကိုဇော်

Anonymous said...

ပေါင်းတော့မှာလားဗျ
လုပ်လိုက်လေ အမြဲလာနိုင်အောင်လာနေတယ်ဗျို့
ဖတ်မယ် ဖတ်မယ်


မောင်ဘကြိုင်

ကိုကိုမောင်(ပန်းရနံ့) said...

ယာဂုနှင့်ထမင်းနဲ အတူတူဘဲ ဆိုသလိုများ ဖြစ်နေမလားမသိပါဘူးဗျာ။ ဇာတ်ကောင်တစ်ခု မွေးဖွားခြင်းလို့ဘဲ မှတ်ယူလိုက်မယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဖိုးသား said...

လွတ်လပ်ခွင့်က လူတိုင်းရဲ့ကိုယ်ပိုင်အခွင့်ရေးပါ လူ့ဘဝတိုတိုလေးမှာ ပျော်ရွှင်လွတ်လပ်စွာ နေတက်ဖို့ပါဘဲ

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.