မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 October 2010

18 တိုင်ပတ်သူများ



တစ်ခါက . . .

ကျွန်တော်တို့နဲ့ ခင်မင်ပြီး သာမာန်လူတစ်ယောက် မဟုတ်သော လူတစ်ယောက် ရှိခဲ့ဖူးပါသည်။ သူက ကျွန်တော်တို့ ထာဝရ အမှတ်တရ ဖြစ်စေမဲ့ စကား တချို့ကို ပြောခဲ့ဖူးပါသည်။

“ - - - - - - - - ”

“ - - - - - - - - ”



“ ဒီလူက အရူးပါကွာ ”

ဟု သူ့ကို လူအတော်များများက ဒီလိုခေါ်တတ် ၊ ပြောတတ်ကြပေမဲ့ သူ့ကို “ အရူး ” လို့ မခေါ်တာ ကျွန်တော်တို့ သူငယ်ချင်း တစ်စု အပါအဝင် လူ့အချို့သာ ရှိမည်။

လွန်ခဲ့သော ၁၆ နှစ်ကာလတုန်းက “ အရူးထောင် ” ဟု လူခေါ်များသော တံတားလေး စိတ်ရောဂါ ကုသပေးသော ဆေးရုံကလည်း ရွာသာကြီးဆီသို့ မရွေ့ပြောင်းရသေးပါ။ အဲဒီအချိန်ကတည်းက ကျွန်တော်တို့ သူ့ကို အရူး ဟု ခေါ်ဖို့နေနေသာသာ ၊ စိတ်မနှံ့သူ လူတစ်ယောက် အဖြစ်တောင်မှ သူ့ကို မဆက်ဆံခဲ့မိပါ။ သူဟာ စိတ်ကျန်းမာရေး အရတော့ ချို့တဲ့နေသော လူတစ်ယောက် ဖြစ်တယ် ဆိုတာတော့ လက်ခံလို့ရပါ၏။ သူက ပုံမှန် လူတစ်ယောက်လို စိတ်ဓါတ် အခြေအနေ အရ မဟုတ်ပေမဲ့ ထူးထူးခြားခြား ပြင်းပြင်းထန်ထန် ဝေဒနာ ခံစားနေရသော စိတ်ဝေဒနာရှင်လည်း မဟုတ်ပါဘူး။

အခု နောက်ပိုင်း ရွာသာကြီးမှ အရင်က လူတွေ ခေါ်သော “ အရူးထောင် ” ဆိုသော အမည်နာမထက် “ စိတ်ကျန်းမာရေး ကုသဌာန ( ဆေးရုံ ) ” ဆိုသော အသုံးအနှုန်းကို ကျွန်တော် ပိုပြီး သဘောကျမိသည်။

သူဟာ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ထူးထူးခြားခြား နဲ့ ဝူးဝူးဝါးဝါး မလုပ်ပါဘူး။ သာမာန် လူတစ်ယောက်လိုပဲ ကျင်လည် စီးမျောပါသည်။ သူ့နာမည်ကို ကျွန်တော်တို့ မသိပါ။ သို့သော် ကျွန်တော်တို့ အပါအဝင် ရပ်ကွက်ပတ်ဝန်းကျင်မှ လူအားလုံးကတော့ သူ့ကို “ ဗိုလ်ချုပ် ” ဟု ခေါ်ပါသည်။ ထိုသို့ ခေါ်ဖြစ်စေဖို့ အကြောင်းအရာ တစ်ခုကလည်း အသေအချာကို ရှိနေခဲ့ပါသည်။



အဲဒီနေ့က သူ တော်တော်ကို စိတ်ဖောက်နေသည်ဟု ဆိုရမည်။ ကျွန်တော်နဲ့ ကိုသက် ရပ်ကွက်ထဲက ဈေးကို အသွား သူ့ကို ပထမဦးဆုံး သတိထားမိခြင်း ဖြစ်သည်။ အရင်ကတော့ ရပ်ကွက်ထဲမှာ ရှိပါလိမ့်မည်။ သို့သော် စိတ်ဝေဒနာရှင်တို့ရဲ့ ထုံးစံ အတိုင်း ဟိုရောက်ဒီရောက် ဆိုတော့ သူနဲ့ ကျွန်တော်တို့ ရေစက်ဆုံကာ တွေ့ဖို့ အကြောင်း မပါလာသေးတာ ဖြစ်နိုင်ပါသည်။ ဒါကြောင့် သူ့ကို ကျွန်တော်တို့ တွေ့မိ ၊ မြင်မိနိုင်သော်လည်း သတိမထားမိသေးတာ ဖြစ်ပါလိမ့်မည်။

အခုတော့ ဈေးကို သွားတော့ ဈေးအရှေ့မှာ လူတစ်ယောက် အော်ဟစ်ကာ သောင်းကျန်းနေသည်။ အရက်မူးပြီး ရမ်းကားနေတာလည်း မဟုတ်။ ဘာဖြစ်တာလဲ လို့ ဘေးပတ်ဝန်းကျင်ကို မေးလိုက်တော့. . .

“ အရူးပါဗျာ။ သူက ဈေးအိမ်သာက အုတ်ကန်မှာ အမြဲ ရေချိုးတယ်လေ။ သူက အရူးသာ ဆိုတယ် အသန့်တော့ ကြိုက်တယ်ဗျ တစ်နေ့ကို ရေတစ်ခါကတော့ အမြဲချိုးတယ်။ ပြီးရင် ဒီနေ့ ဝတ်တာကို လျှော်ဖွတ်ပြီး ဈေးဝန်းနံရံက သံစူးကြိုးမှာ လွှားထားခဲ့တယ်။ မနေ့က လွှားထားတာကို ယူဝတ်တယ်။ အဲဒီလို သူက နေ့တိုင်း လုပ်နေကြ။

ဒီနေ့တော့ သူရေချိုးပြီးတော့ အဝတ်လဲမယ် ကြံတော့မှ သူ မနေ့က လွှားထားတဲ့ အဝတ်တွေကို ဘယ်သူက နောက်ပြီး ယူသွားလဲ မသိပါဘူး အခု မရှိတော့ဘူး။ သူ့အဝတ်တွေက အစုတ်အပြတ်တွေ ဆိုတော့ ဘယ်သူမှလည်း ခိုးမှာ မဟုတ်ပါဘူး။ နောက်တာ ဖြစ်မှာပါ။ သူကလည်း အဲဒီလို စစ်ဘောင်းဘီ အတိုကိုပဲ အမြဲတမ်းဝတ်တာ။ အခုတော့ ရေချိုးပြီး သူလဲစရာ မရှိတော့လို့  အော်ဟစ်နေတာ ”

“ သြော် . .  ”

ဆိုကာ အာမေဋိတ်သံကို ပြုပြီး ကျွန်တော်နဲ့ ကိုသက် အကြည့်ချင်း ဆုံမိသည်။ ပြီးတော့ ကျွန်တော်ကလည်း အိမ်က အဝတ်အဟောင်းတွေထဲမှ ဘောင်းဘီတို နှင့် အင်္ကျီခပ်လတ်လတ် နှစ်စုံကို ယူကာ သူရှိရာ ဈေးဘက်သို့ ပြန်ရောက်လာတော့ ကိုသက် ကိုလည်း လက်ထဲမှာ အဝတ်တချို့နဲ့ မြင်လိုက်ရသည်။

သူကတော့ အခုချိန်ထိ အော်ဟစ် ဒေါသတွေ ပေါက်ကွဲလို့ မပြီးသေး။ ပတ်ဝန်းကျင်က လူများကတော့ တချို့က ကြောက်ရွံ့စွာ ရှောင်ကွင်းသွားကြသည်။ တချို့က ဟာသတစ်ခုလို သဘောထားကာ ရယ်သွေးနေကြသည်။ ကျွန်တော်တို့ကတော့ မရယ်သွေးမိပါ။ သူ့မှာ မရှိမဲ့ ရှိမဲ့ အဝတ်ကလေးကို နောက်ပြောင်သွားသူကို ဒေါသသင့်မိသည်။

“ ရော့. . . ကျွန်တော့် အင်္ကျီနဲ့ ဘောင်းဘီကို ယူဝတ်ပါလား ”

ကျွန်တော် နဲ့ ကိုသက် သူ့နားကပ်ပြီး ကမ်းပေးသည်။ သူ လှမ်းမယူ ၊ ပြီးမှ ဟိုဘက်ကို လှည့်ရင်း . . .

“ ငါ့ဘောင်းဘီ နဲ့ အင်္ကျီကိုပဲ ငါဝတ်မယ် ၊ ငါ့ဘောင်းဘီ နဲ့ အင်္ကျီ ပြန်ပေး ”

သူက ဒီလို အော်လိုက်တိုင်း ဝိုင်းကြည့်နေသူတွေက ဝါးခနဲ ပွဲကျသွားသည်။ ကျွန်တော်လည်း နားမလည် ၊ ဒါ လုံးဝ ရယ်စရာ မဟုတ်ပါ။

“ သူက ဘာဘောင်းဘီ ၊ အင်္ကျီဝတ်တာလဲ အစ်ကို ”

ဘေးနားက အစ်ကိုကြီး တစ်ယောက်ကို မေးလိုက်၏။

“ သူက စစ်အင်္ကျီ နဲ့ စစ်ဘောင်းကိုပဲ ဝတ်တာကွ။ အခု ဝတ်ထားတာကလည်း စစ်အင်္ကျီပဲလေ။ အရောင်တွေ အရမ်းလွင့်နေပြီး ဟောင်းလွန်းနေလို့ မင်းတို့ သတိမထားမိတာပါ။ ”

“ ဒါဆို စစ်အင်္ကျီ ၊ စစ်ဘောင်းဘီတွေကို ဘယ်မှာ ရောင်းလဲ အစ်ကို ”

“ အင်း . . . အစ်ကို သိသလောက်တော့ မင်္ဂလာဒုံဈေးထဲမှာ ရောင်းတယ်။ အခုတော့ ရှိ ၊ မရှိ မသိတော့ဘူး။ အဟောင်းတော့ အဟောင်းတွေပေါ့လေ။ ”

ကျွန်တော်နဲ့ ကိုသက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိသည်။ ပြီးတော့ မင်္ဂလာဒုံဈေးကို ရောက်သော ဘတ်စ်ကို မေးမြန်းစီးကာ ကျွန်တော်တို့ သွားဝယ်ဖြစ်ကြသည်။ မင်္ဂလာဒုံဈေးထဲ ရောက်တော့ များများစားစား မရှာလိုက်ရပါ။ အဝင်ဝမှာတင် ချရောင်းနေတာ တွေ့ရသည်။ ( ကျွန်တော်တို့ ဝယ်လာခဲ့တာ ကွန်မန်ဒို ဝတ်စုံပါ ) နှစ်စုံစာ ဝယ်ပြီး ကျွန်တော်တို့ ပြန်လာကြသည်။

ရပ်ကွက်ထဲ ရောက်တော့ ဈေးထိပ်ရှိ မနက်က သူအော်ဟစ် ဒေါသထွက်နေရာ နေရာသို့ ရောက်တော့ သူ ရှိနေဆဲ ၊ ဆက်လက် ဒေါသဆဲ ၊ ဟစ်အော်ဆဲ ၊ ဝိုင်းကြည့်နေသူတွေ ရိုးသွားသောကြောင့် လူရှဲသွားသော်လည်း သူကတော့ ဆက်လက် ပေါက်ကွဲနေဆဲ။ သူ့ဆီကို ကျွန်တော်တို့ ဝယ်လာသော အဝတ်များကို ပေးရင်း . . .

“ ရော့. . . ကျွန်တော်တို့ ပေးတဲ့ အဝတ်တွေကို ယူမလား။ ယူမယ် ဆိုရင် ပျောက်သွားတာကို ဘာမှ မပြောနဲ့တော့ ”

သူက တစ်ချက်လှမ်းကြည့်၏။ စစ်အင်္ကျီ နဲ့ စစ်ဘောင်းဘီကို တွေ့လိုက်တော့မှ မျက်လုံး လင်းခနဲ တောက်ပသွားပြီး ကျွန်တော်တို့ လက်ထဲက အဝတ်ထုပ်ကို ဆတ်ခနဲ လှမ်းယူပြီး ရေချိုးပြီးတဲ့ သူ့အဝတ်တွေကို လဲဖို့ ဈေးအိမ်သာ ဘက်ကို ထွက်သွားတော့သည်။ ဒါပေမဲ့ မနက်ရေချိုးပြီးကတည်းက ရေစိုအဝတ်နဲ့ ဒီအတိုင်းအော်နေတော့ ဒီလောက် အချိန်အကြာကြီးမှာ သူ့ကိုယ်ပေါ်က အဝတ်တွေက ခြောက်နေခဲ့ပါပြီ။

“ သူ့ နာမည်က ဘယ်လို ခေါ်လဲ အစ်ကို ”

ခုနက ကျွန်တော်တို့ မေးခဲ့တဲ့ အစ်ကိုကိုပဲ ထပ်ပြီး မေးလိုက်သည်။ သူက ဈေးရှေ့မှာ ကိုယ်ပိုင် အိမ်ကို ဆိုင်ခန်းလေး ဖွင့်ထားကာ ဆန်ရောင်းသည်။ ဒါကြောင့် နေ့စဉ် ဈေးကို မျက်နှာမူထားကာ ဈေးမှာ ဖြစ်ပျက်သမျှကို အနီးဆုံး အနေနဲ့ သိခွင့် ရသူ ဖြစ်သည်။

“ သေသေချာချာတော့ မသိဘူးကွ။ ဘယ်က ရောက်လာတာ မှန်းလည်း မသိဘူး။ ဒီရပ်ကွက်ထဲကို ရောက်လာတာကတော့ ၃ လလောက်ပဲ ရှိသေးတယ်။ သိပ်တော့ မဖောက်ပါဘူး။ ယဉ်ယဉ်လေး ရူးနေတာပါ။ တစ်ခါတလေလောက်ပဲ စိတ်ထဖောက်တာပါ ”

ပြောနေရင်း ဆိုနေရင်းနဲ့ ကျွန်တော်တို့ ပေးတဲ့ အဝတ်အစား အသစ်တွေကို ဝတ်ပြီး သူက ဈေးထဲကနေ ထွက်လာ၏။ ကျွန်တော်တို့ကို တွေ့တော့ သူက ကျွန်တော်တို့ ရှိရာ နေရာကို ပြုံးပြုံး ပြုံးပြုံးနဲ့ လာပြီး ကျွန်တော်တို့ နားကို ရောက်မှ သူ့လက်တစ်ဘက်ကို အပြားလိုက် နဖူးမှာ ကပ်ပြီး အလေးပြုရင်း. .

“ ကျေးဇူးပဲ ”

“ ဘာကို ကျေးဇူးတင်တာလဲဗျ ”

“ ငါ့ကို အဝတ် ပေးလို့လေ ”

“ ဒါနဲ့ ခင်ဗျားက ဒီလို စစ်ဝတ်စုံကိုပဲ ကြိုက်တာလား ”

“ ဟုတ်တယ် ၊ ဘာလို့လဲ ဆိုတော့ ငါက ဗိုလ်ချုပ်လေကွာ။ ဒါကြောင့် ဒါပဲ ဝတ်တယ်။ ကဲ . . ငါလည်း သွားတော့မယ် ”

“ နေပါဦးဗျ ၊ ခင်ဗျား နာမည်ပြောခဲ့ပါဦး ”

“ ငါ့နာမည်လား ၊ ငါ့ နာမည်က ဗိုလ်ချုပ်လေကွာ ”

“ ဗိုလ်ချုပ် ? ? ? ”

“ ဟုတ်တယ် ၊ ငါ့နာမည်က ဗိုလ်ချုပ်ပဲ။ မင်းတို့လည်း ဗိုလ်ချုပ်လို့ပဲ ခေါ် ၊ ဒါပဲ ”

ဟု ဆိုကာ ခပ်တိုတို ခပ်ပြတ်ပြတ် ပြောကာ လှည့်ထွက်သွားလေတော့သည်။ ပတ်ဝန်းကျင်မှ ရယ်သံ တချို့ကို ကြားလိုက်ရသည်။ သူဝတ်ထားသော အဝတ်အစား ၊ သူလုပ်သွားသော ပုံစံ အရ ကျွန်တော်တို့လည်း သူ့ကို “ ဗိုလ်ချုပ် ” လို့ အစပြုခေါ်ရာကနေ တဆင့် တဆင့်နဲ့ အားလုံးကလည်း သူ့ကို ဗိုလ်ချုပ်ဟုသာ ခေါ်ပါတော့သည်။

နောက်တော့ ကျွန်တော်နဲ့ ကိုသက် ကို တွေ့တိုင်း သူက ရောက်ရာ နေရာကနေ ရပ်ကာ သတိဆွဲရင်း အလေးပြုတတ်သည်။ ကျွန်တော်တို့မှာ ပြန်ပဲ အလေးပြုရ မလိုလို ၊ သူ့ကို ဖာသိဖာသာပဲ လုပ်ရ မလိုလို အောက်သီးအောင့်သက် ခံစားရလေ့ရှိသည်။ စိတ်ကျန်းမာရေးနဲ့ မညီညွှတ်သူ တစ်ယောက် အလေးပြုတာကို ဆောင့်ကြွားကြွားနဲ့ ဘယ်လိုလုပ် ဘယ်သူက ခံယူချင်ပါ့မလဲ။ ဒါပေမဲ့ သူ့ကို ပြောလို့လည်း မရ။ ( တကယ်တော့ သူအလေးပြုတာက တခြားနိုင်ငံမှ  အလေးပြုသလို နဖူးမှာ လက်ဝါး အပြားလိုက် ကပ်လိုက်သလို အလေးပြုတာပါ။ ကျွန်တော့် အထင် နာဇီ တို့လို ပြုတာ ဖြစ်နိုင်ပါသည်။ ဟစ်တလာ ( နာဇီ ) စာအုပ်တွေများ ဖတ်ပြီး စိတ်ဖောက်သွားတာလား မပြောတတ်ပါ။ ကျွန်တော့် ခန့်မှန်းယုံသာ ဖြစ်၍ မသေချာပါ။ ကျွန်တော် အလေးပြုတာကိုပဲ သိတာ ဖြစ်ပြီး ဘယ်နိုင်ငံက အလေးပြုပုံလည်း ဆိုတာ မသိပါ။ ကျွန်တော်တို့ နိုင်ငံမှ အလေးပြုတာနှင့် လုံးဝ မတူပါ။ )

“ မင်းတို့က ငါ့ကို အဝတ်တွေ ပေးထားတာပဲ ၊ ငါက လေးစားရမှာပေါ့ ”

လို့ ဆိုကာ သူကတော့ ကျွန်တော်တို့ကို မြင်တိုင်း ရောက်ရာ နေရာကနေ ရပ်ကာ အလေးပြုလေ့ရှိသည်။ ကြာလာတော့လည်း အရင်ကတည်းက နောက်နောက် ပြောင်ပြောင် ကျွန်တော်တို့ကလည်း သူက အလေးပြုရင် ခပ်တည်တည်နဲ့ လက်လေး နဖူးနားကပ်ကာ အလေး ခပ်မြန်မြန် အလေးပြု လိုက်လေ့ရှိသည်။ သူကတော့ တကယ်ကို အလုပ်ကြီး တစ်ခုလို တလေးတစား လုပ်နေတာ ဖြစ်၏။



စိတ်ကျန်းမာရေးနဲ့ မပြည့်စုံသူ ဆိုပေမဲ့ သူ့ကို ကျွန်တော် လေးစားမိသော အချက် တစ်ချက်တော့ ရှိပါသည်။

ဒါကတော့ . . . သူက ဘီယာဗူးခွံ ၊ သံဗူးအအေးခွံ ၊ ကျွဲရိုင်းဗူးခွံတို့ကို ကတ်ကြေးအဟောင်း တစ်လက်ဖြင့် ဖြတ်တောက်ကာ ဆေးလိပ်ပြာခွက်လေးတွေ ၊ ဆပ်ပြာခွက်လေးတွေ ၊ အမွှေးတိုင် ထည့်ထွန်းရသော စင်လေးတွေ လုပ်ရောင်းလေ့ရှိသည်။ တစ်နေ့ကို သူလိုက်ကောက်ရာမှ ရလာသော ဘီယာဗူး ၊ အအေးဗူး အရေအတွက် အပေါ်လိုက်၍ သူလုပ်ကာ ရောင်းချပါသည်။ ထိုမှ ရရှိသော ငွေဖြင့် သူက ထမင်းဝယ်စားကာ သူ့ဝမ်းကို ဖြည့်လေ့ရှိသည်။

“ ဗိုလ်ချုပ်က ဒီဆေးလိပ်ပြာခွက်လေးတွေကို ရောင်းပြီး ထမင်းဝယ်စားတာလား ”

လို့ ကျွန်တော်တို့က စား ၊ ဝတ် ၊ နေရေးမှ အဝတ် နဲ့ နေရာအတွက် ဘာမှ ပူစရာ မရှိသော သူ့အတွက် သူ့ကို အစားအတွက်သာ သူ့ကို အဓိက ထားကာ မေးမိသည်။

“ အေးပေါ့ကွ ၊ ငါက ထမင်းစားဖို့ ငါ့ဖာသာ ရှာစားတာ ၊ ထမင်းစားဖို့ သူများဆီက တောင်းစားရင် ငါက “ တတောင်းစား ( သူတောင်းစား ) ” ဖြစ်မှာပေါ့ကွ။ ငါက သူတောင်းစား မဟုတ်ဘူး ”

ဟု ဆိုကာ အံ့သြဖွယ်ရာ စကားကို ဆိုလေ့ရှိသည်။ တကယ်လည်း သူက သူ လိုက်ကောက်လို့ ရသမျှ ဘီယာဗူး ၊ အအေးဗူး ၊ ကျွဲရိုင်းဗူး အခွံလေးတွေနဲ့ ဆေးလိပ်ပြာခွက် ၊ ဆပ်ပြာခွက် ၊ အမွှေးတိုင် ထွန်းစင်လေးတွေ လုပ်ပြီး နေ့စဉ် ရောင်းလေ့ရှိသည်။ သို့သော် လူ့လောကမှ ထုံးစံ ဖြစ်သော ရောင်းလိုအား ၊ ဝယ်လိုအားရဲ့ မတည်ငြိမ်မှုကို သူလည်း ခံစားရလေ့ရှိသည်။ သူလုပ်ထားသော ခွက်လေးတွေ လုပ်ထားသမျှ စောစောစီးစီး ရောင်းလို့ ကုန်သောနေ့ ဆိုရင် သူ့ကို ဈေးအိမ်သာမှာ ရေစောစာချိုးပြီး အဝတ်အစားလဲကာ လမ်းပေါ်မှာ လွှားလွှား လွှားလွှားနဲ့ မြင်ရလေ့ရှိသည်။ ထိုနေ့ ဆိုရင် သူ ထမင်းစောစော စားရသောနေ့ ဖြစ်၏။

လူတွေ ဆိုတာကလည်း နေ့စဉ် နေ့တိုင်း ဆေးလိပ်ပြာခွက် အသစ်လဲမနေသလို ၊ ဆပ်ပြာခွက်ကိုလည်း အသစ်မလဲပါ။ ထိုကဲ့သို့ အရောင်း ပါးသောနေ့ဆိုရင် သူ့ကို ဈေးကွဲကာ လမ်းမှာ လူသွားလူလာ နည်းလာသော အချိန်အထိ ဈေးရှေ့မှာ ထိုင်ကာ သေးငယ်သော မျက်နှာနဲ့ လာသမျှလူတွေကို “ ဝယ်ဦးလေ ၊ ဝယ်ဦးလေ ” ဟု သူခေါ်ကာ ရောင်းတတ်သည်။ ဒီလို အချိန်ဆိုရင် ကျွန်တော်တို့လည်း မနေနိုင်ပါ။ အဆင်ပြေသော သူငယ်ချင်း တစ်ယောက်ယောက်က သူ့ဆီက လက်ကျန်ခွက်လေးတွေကို ဝယ်ကာ အားပေးလိုက်လေ့ရှိသည်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူနဲ့ ကျွန်တော်ရဲ့ပတ်သတ်မှုလေး တစ်ခုက အမှတ်တရ ရှိခဲ့ဖူးပါသေးသည်။

“ ကိုဗိုလ်ချုပ် ဒါလေးတွေ တစ်ခု ဘယ်လောက်လဲဗျ ”

“ ကိုဇော်  ၊ မင်းကွာ ၊ ငါ့ကို ဗိုလ်ချုပ် လို့ပဲ ခေါ်စမ်းပါ။ ကို ဆိုတာကြီး ထည့်မခေါ်ပါနဲ့ ဆိုတာကို ဘယ်နှစ်ခါ ပြောရမလဲ ”

“ အဲ . . အင်း . . ဟုတ်ပါပြီလေ။ ဗိုလ်ချုပ်ရေ . . အဲဒီ ဆေးလိပ်ပြာခွက်လေးတွေက တစ်ခု ဘယ်လောက်လဲဗျ။ ”

“ မင်းက ဘာလုပ်ဖို့လဲ ”

ရုတ်တရက် ကျွန်တော် ဘာပြောရမှန်း မသိ ဖြစ်သွားခဲ့၏။ တကယ်တော့ သူ့ကို ကုန်စေချင်လို့ ဝယ်ပေးချင်သော စိတ်တစ်ခုတည်းပါပဲ။

“ ဟို. . . ဟို. . အိမ်အတွက်ပေါ့ဗျ ”

“ မင်း အိမ်အတွက် ဆိုရင် ငါက လက်ဆောင်ပေးမယ်ကွာ . . ရော့ ”

“ ဟာ. . ဒီလို မဟုတ်ဘူးဗျ။ ကျွန်တော်က အကုန်ဝယ်မှာလေ ”

“ မင်းက အကုန် ဘာလုပ်ဖို့လဲ ၊ မင်း အိမ်အတွက် တစ်ခု ဆိုရင် တော်ပြီပေါ့ ”

“ မဟုတ်ဘူးလေဗျာ။ ကျွန်တော်က အိမ်မှာလည်း သုံးမယ် ၊ ကျန်တာ သူများတွေကိုလည်း လှူမလို့ပေါ့ ”

“ ဒါဆို ငါလည်း မင်းကို အလကားပေးမယ် မင်း ယူလိုက်တော့ ”

ခက်ပါလေရော။ သူ့အတွက် ထမင်းစားဖို့ ကျွန်တော်က ဝယ်ချင်မိယုံသာ ဖြစ်သည်။

“ ဒါဆိုရင်တော့ တစ်ခုမှ မယူတော့ဘူးဗျာ။ ”

“ ဟာ  . . . ဘာလို့လဲကွာ ”

“ ဗိုလ်ချုပ်က အလကားပေးတာ ဆိုတော့ ကျွန်တော်က လှူချင်တာလေ။ ဒါကို သူများဆီက အလကားရတာနဲ့ လှူရင် ကျွန်တော်က သူတောင်းစား ဖြစ်မှာပေါ့ဗျ ”

“ ဘာ . .  ”

ဒီ စကားလုံးကိုတော့ သူ အတော်ကို ရွံမုန်းပုံပေါ်၏။

“ ဒါဆိုရင်တော့ အလကားမပေးဘူးကွာ။ တစ်ခု ၁၀ ကျပ်နဲ့ပဲ ရောင်းမယ်။ ဒါ ရောင်းဈေးပဲ ”

ဒီလိုနဲ့ ကျွန်တော် သူ့ဆီက ခွက်ကလေးတွေ အားလုံးကို ဝယ်ယူခဲ့ဖူးသည်။ သို့သော် တစ်နေရာမှာ သူက ဒီလို တည်ကြည်သလောက် တစ်နေရာမှာ ရယ်စရာ ကောင်းလောက်အောင် ဟာသဖြစ်စေသော သူ့ပြောစကား တစ်ခုက ရှိနေသေးသည်။

သူက ညနေတိုင်း အရက် အနည်းငယ်တော့ သောက်တတ်ပါသည်။ မူးရစ် ရမ်းကား၍ မနေပေမဲ့ အတော်အတန် ရေချိန်ကိုက်အောင်တော့ သောက်တတ်သည်။ ဆိုင်မှာတော့ ထိုင်သောက်ခွင့် မရ၍လား ၊ သူကပဲ မသောက်တာလား မသိ ထုပ်ပိုးကာ သူနေရာကို ရောက်မှ သောက်တတ်၏။ သူ့ရဲ့ ရေချိန်ကိုက်သွားရင် သူ့ဖာသာ ငြိမ်သက်စွာ အိပ်ပျော်လေ့ရှိသည်။

ထမင်းကို သူက ဘယ်သူ့ဆီကမှ လက်ဝါးဖြန့်ကာ မစားသောက်ပေမဲ့ ညနေ အရက်သောက်ဖို့ အချိန်ရောက်လာရင် သူ့ခွက်များ ရောင်းရငွေမှ ထမင်းဖိုးသာ လောက်ငရုံ ဆိုသော နေ့ရက်များမှာ သူက ကျွန်တော်တို့ဆီမှာ အရက်ဖိုး လာတောင်းလေ့ရှိသည်။

“ ကိုသက် . . . အရက်သောက်ဖို့လေး လုပ်ဦးလေကွာ ”

“ မျိုးဇော် . . . ၅၀ လောက် ပေးပါလားကွ ”

“ ကိုကိုအောင်. . . အရက်သောက်ဖို့လေး နည်းနည်းလောက် ”

“ ကိုဇော်  . . . ၃၀ လောက် ပေးပါလား ”

ဆိုပြီး တောင်းတတ်သည်။ ဒီအချိန်ဆိုရင် သူ့ကို တစ်ယောက်ယောက်ကတော့ ပေးလိုက်စမြဲ ဖြစ်၏။ သူကလည်း အမြဲတမ်းတော့ လာတောင်းနေကြ မဟုတ်ပါ။ သူ့မှာ မလုံလောက်မှသာ လာတောင်းလေ့ ရှိသည်။

“ ဗိုလ်ချုပ် ခင်ဗျားကလည်းဗျာ။ ထမင်းစားတော့ သူများ ပေးတဲ့ ပိုက်ဆံနဲ့ ဘယ်တော့မှ မစားဘူး ဆိုပြီး အခုလို အရက်သောက်ဖို့ ကျတော့ ဘာလို့ လာတောင်းနေရတာလဲ ”

လို့ ကျွန်တော်တို့ သူ့ကို နောက်သလို ပြောင်သလို မေးမိသည်။

“ ငါက ထမင်းကို ဘယ်တော့မှ သူများဆီက တောင်းမစားဘူးကွ။ ငါက သူတောင်းစား မဟုတ်ဘူး။ အခုက အရက်လေကွာ။ အရက်က သောက်တာ ၊ ဒါက “  တတောင်းသောက် ( သူတောင်းသောက် )” ကွ။ ငါက သူတောင်းစား မဟုတ်ဘူး  ”

ဆိုကာ ကပ်ကပ်သပ်သပ် ပြောတတ်သေးလို့ ကျွန်တော်တို့မှာ ရယ်ရ ၊ ပြုံးကြရသေးသည်။ နောက်တော့လည်း သူ့ကို မေးမေး ပြောပြောနဲ့ အဆင်ပြေသလို ပေးလိုက်ကြတာပါပဲ။

“ တိုင်ပတ်တယ် ” ဆိုပြီး ဖြစ်လာမဲ့ တစ်နေ့မှာတော့ သူက ထုံးစံ အတိုင်း ကျွန်တော်တို့ ထိုင်နေသော လက်ဘက်ရည်ဆိုင်ကို သူက ရောက်လာပြီး ကျွန်တော်တို့ အဖွဲ့ထဲမှ သူ အခင်ဆုံး လူတစ်ယောက် ဖြစ်သော ကိုသက် ကို ပြော၏။

“ ကိုသက် ငါ့ကို ၅၀ လောက်ပေးဦး ”

“ ဘာလုပ်ဖို့လဲ ဗိုလ်ချုပ် ”

“ အရက်သောက်ဖို့လေကွာ ”

ကျွန်တော်တို့ကတော့ ဘာမှ ဝင်မပြောကြပါ။ သူက ဒီလို လာလာပြောနေတာ ရိုးနေကြပါပြီ။

“ မရှိဘူး ဗိုလ်ချုပ်ရာ ၊ ကျွန်တော်တောင်မှ လက်ဘက်ရည်ဖိုးတောင်မှ မရှိလို့ ဒီအတိုင်း ထိုင်နေတာ မတွေ့ဘူးလား ”

“ ဒါဆို ၃၀ လောက်တော့ ပေးကွာ ”

“ မရှိဘူးဗျ ၊ တကယ်ကို ပိုက်ဆံ ပြတ်နေတာဗျ ”

အမြဲတမ်း နောက်နောက်ပြောင်ပြောင် နေတတ်တဲ့ ကျွန်တော်တို့ အဖွဲ့ အဖို့တော့ ရိုးနေပါပြီ။ ဖာသိဖာသာပေါ့။

“ ဒါဆို ၂၀ လောက်တော့ ပေးကွာ ”

“ နေပါဦး ဗိုလ်ချုပ်ရာ။ ခင်ဗျားက ဘာလို့ အရက်သောက်ချင်ရတာလဲ ”

“ အရက်သောက်တယ် ဆိုတာ မူးချင်လို့ပေါ့ကွ ”

“ ဒါများ ဗိုလ်ချုပ်ရယ် ၊ မူးဖို့ ဆိုရင် အရက်သောက်စရာ မလိုပါဘူးဗျ ”

“ တကယ်လား ၊ ဒါဆို ဘယ်လို လုပ်ရလဲ ”

“ မူးဖို့ ဆိုရင်ဗျာ . . . . . ”

ကိုသက်က စကားကို ခဏရပ်ထားပြီး ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး လက်ဘက်ရည်ဆိုင် ဘေးမှာ ရှိတဲ့ ဓါတ်တိုင်ကို လက်ညှိုးထိုးပြပြီး . .

“ ဟိုမှာ တွေ့လား ၊ အဲဒီ တိုင်ကို ပတ်နေရင်လည်း မူးတာပါပဲဗျ ”

“ တကယ်လား ”

“ တကယ်ပေါ့ မယုံဘူးလား။ မယုံရင် သွားတိုင်ပတ်ကြည့်ဗျာ ”

“ တကယ်ဆိုရင် သွားတိုင်ပတ်မယ်ကွာ ၊ မူးရင် ပြီးရော ”

ဒီလို ပြောပြောဆိုဆို သူက ထွက်သွားပြီး ဓါတ်တိုင်မှာ ပတ်နေလေတော့သည်။ ခဏနဲ့ ပြီးသွားမယ်လို့ ကျွန်တော်တို့ ထင်သော်လည်း သူက မပြီး။ တကယ်ကို တိုင်ကို စိန်ပြေ နပြေကို ပတ်နေလေတော့သည်။

“ ကိုသက်ရယ် ဒီလောက်ထိတော့ မနောက်ပါနဲ့ကွာ ၊ စိတ်မနှံ့သူ ဆိုတော့ သနားပါတယ်။ သူ့မှာ ငါတို့ကို အတော်ကို ခင်ရှာတာပါ ”

လို့ အားလုံးက ကိုသက် ကို ဝိုင်းပြီး အပြစ်တင်ကြသည်။

“ အေးပါ ငါကလည်း တကယ်လုပ်ခိုင်းဖို့ အစီအစဉ် မရှိပါဘူးကွ။  သူ့ကို နောက်လိုက်တယ် ဆိုယုံလေးပါပဲ။ ဒါကို သူ့ဖာသာ တကယ်သွားလုပ်တာပါကွာ ”

လို့ ဆိုကာ ဓါတ်တိုင်ကို ပတ်နေတဲ့ သူ့ဆီကို သွားပြီး. . . .

“ ဗိုလ်ချုပ် ၊ ဗိုလ်ချုပ် တော်တော့။ ခင်ဗျား အရက်သောက်ချင်ရင် သောက်လို့ ရအောင် ရော့ ပိုက်ဆံ ”

ဆိုပြီး ပိုက်ဆံ ၅၀ တန် နှစ်ရွက် ထုတ်ပေးတာတောင်မှ သူက မယူတော့ဘဲ ပြန်ပြော၏။

“ မသောက်ဘူးကွာ။ အရက်သောက်ရတာ မူးချင်လို့ ဆိုပေမဲ့ အရက်က နံတယ်ကွ။ အခု တိုင်ပတ်တာလည်း မူးတာပဲ။ တိုင်ပတ်တာက မနံဘူး။ ကိုယ့်ဖာသာ တိုင်ပတ်တာပဲ ကောင်းတယ် ၊ နောက်လည်း တိုင်ပဲ ပတ်တော့မယ် ”

ဆိုပြီး စိတ်ကျန်းမာရေး ချို့တဲ့နေသူ ဆိုတော့ သူများ ပြောသမျှ စိတ်ထဲမှာ တကယ်လို့ ထင်မှတ်မိတော့ ပြောမိပြောရာ ၊ လုပ်မိလုပ်ရာတွေကို သူက အသေအချာကို တားမရအောင် ဆက်လုပ်နေပါတော့သည်။ နောက်တော့ သူ့ကို ဘယ်သူ တားတား မရတော့ဘဲ ဓါတ်တိုင်ကို ဆက်ပတ်နေတာ  မူးသထက် မူးပြီး နောက်ဆုံး ဘယ်လိုမှ မဟန်နိုင်တော့ ဓါတ်တိုင်ကို မှီကာ . . . .

“ မူးတယ်. . . မူးတယ်  . . . ”

ဆိုကာ လဲနေလေတော့သည်။

အဖြစ်အပျက် အားလုံးကို စတင်တာက ကိုသက် က ဆိုပေမဲ့ သူပြောတာ လုပ်တာကို ဝင်မတားမိဘဲ ငြိမ်နေမိတဲ့ ကျွန်တော်တို့တွေဆီမှာလည်း အပြစ်မကင်းပါဘူး။ အဲဒီနေ့က ဓါတ်တိုင်ကို ပတ်ပြီး မူးလဲနေတဲ့ သူ့ကို ကျွန်တော်တို့ ကြည့်ပြီး အတော်ကို စိတ်မကောင်းဖြစ်ခဲ့ရပါ၏။ ဒါကြောင့် အဲဒီနေ့ ပြီးတော့ နောက်နေ့က စပြီး ကျွန်တော်တို့ဆီကို သူလာပြီးတော့ အရက်သောက်ဖို့ အတွက် ပိုက်ဆံ လိုလို့ လာတောင်းတယ် ဆိုရင် ဘာမှ မပြောဘဲ တတ်နိုင်သလောက် ပေးလိုက်လေ့ရှိပါသည်။

ဒါပေမဲ့ သူ့ရဲ့ အဖြစ်အပျက်က ကြာလာတော့လည်း မေ့မေ့ပျောက်ပျောက် အဖြစ်အပျက်များထဲမှာ တစ်ခု အပါအဝင် ဖြစ်လာခဲ့ပါသည်။ သို့သော် တစ်ယောက်က ခေါင်းရှုပ်အောင် ၊ ခေါင်းမူးအောင် ၊ စိတ်ရှုပ်အောင် လုပ်လာပြီ ဆိုရင် “ ဗိုလ်ချုပ် ” ရဲ့ ဓါတ်တိုင်ကို ပတ်ပြီး ခေါင်းမူးကာ မူးလဲနေတာကို သာဓက ပြုပြီး ကျွန်တော်တို့က “ တိုင်ပတ်တယ် ” လို့ အစပြုပြောကာ ကြာလာတော့ “ တိုင်ပတ်တယ်  ” ဆိုတဲ့ စကားက တွင်ကျယ်လာခဲ့ပါတော့သည်။

နောက်တော့ တစ်ယောက်ယောက်ကို စိတ်ရှုပ်အောင် ၊ ခေါင်းနောက်အောင် ၊ မူးနောက်အောင် လုပ်တော့မယ် ဆိုရင် ၊ တစ်ယောက်ယောက်က ကိုယ့်ကို လာလုပ်နေပြီ ဆိုရင် ကျွန်တော်တို့ အားလုံး သုံးဖြစ်ကြပါသည်။ 

“ မင်းတို့ လာတိုင်မပတ်နဲ့နော် ”

“ ဟိုကောင့်ကို တိုင်သွားပတ်လိုက်ဦးမယ် ”

“ လာတိုင်မပတ်စမ်းပါနဲ့ကွာ ”

အစရှိသဖြင့် ကျွန်တော်တို့ သုံးကြပါသည်။ ဒီလို ကျွန်တော်တို့ သုံးရင်းနဲ့ တဖြေးဖြေး ဒီစကားဟာ အသုံးများလာပြီး ဒီစကား ဖြစ်ပေါ်လာတာ မသိတဲ့ လူတွေကလည်း “ တိုင်ပတ်တယ်  ” ဆိုတာ တစ်ခုခုကို မွှေနှောက် ၊ မူးရစ် ၊ လည်ဝယ်သွားစေတယ် လို့ ယူဆပြီး လိုက်ပြောကြပါသည်။ နောက်ဆုံးမှာတော့ အဆိုတော် “ ဝိုင်ဝိုင်း ” ကတောင်မှ သူ့ရဲ့ “ တယ်လီဖုန်း ” သီချင်းထဲမှာတောင်မှ ထည့်ပြီး  . . . .


“ x x x x ဖုန်းလိုင်းပူးပြီး တိုင်တွေ ပတ်တာ မင်းမသိလို့. .  x x x x x x ”

ဆိုတာ သီဆိုခဲ့ပါတော့သည်။ ဒီစာသားလေး သီချင်းထဲမှာ ပါတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ အံ့သြကာ ပျော်ရွှင်ခဲ့ကြပါသေးသည်။

ဒါပေမဲ့ အချိန်ကာလရဲ့ ထုံးစံအတိုင်း အရာအားလုံးကို ရွေ့လျားတိုက်စားရင်းနဲ့ . . . .

တချို့စကားလုံးတွေက ရွေ့လျား . . . . .
တချို့စကားလုံးတွေက မေ့သွား . . . . .
တချို့စကားလုံးတွေက ဝေဝါးကာ  . . . . ပျောက်သွားခဲ့ ရပါတော့သည်။



ကျွန်တော်တို့ “ တိုင်ပတ်တယ်  ” ဆိုသော စကားလုံးလေးကို စတင်သုံးဆွဲခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ နောက်တော့လည်း သူငယ်ချင်းတွေ အားလုံး “ ရေပိုသန့်ရာ ၊ ဆန်ပိုပေါရာ နေရာများ ”  ( ဒီနေရာမှာ ကျွန်တော်တို့ဟာ “ နွား ” တွေ မဟုတ်သောကြောင့် “ ရေကြည်ရာ ၊ မြက်နုရာ ” ဆိုသော စကားအစား ဒီစကားလေးကို ပြောင်းလဲ သုံးစွဲခွင့်ပြုပါ။ ) ကို ရွေ့လျားပြောင်းလဲ သွားရင်းနဲ့ တချို့တွေက သင်္ဘောပေါ် ပါသွားကြသည်။ တချို့တွေက လေယာဉ်ကို စီးကာ မတူသော စကားတွေကို ပြောင်းလဲ အပြောကျင့်ရင်း မြေခြားသွားကြသည်။ တချို့တွေက ရေမြေတူနေရင်း ဒေသကွဲ သွားကြသည်။

ဒီလိုနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံးဟာ အမြင့်မှ ခပ်ဆတ်ဆတ် ကျကွဲသွားသော ပုလင်းတစ်လုံးမှ ဖန်ကွဲစများလို ကမ္ဘာ့မြေပုံရဲ့ နေရာ အရပ်ရပ်ကို ရောက်ရှိသွားကြသည်။ ပြန်လည်စုစည်းကာ ကောက်ယူဆက်စပ်ကြမယ် ဆိုရင်တောင်မှ ယခင်ကလိုတော့ ပျော်ရွှင်စရာ ကောင်းသော ငယ်ဘဝများကို လတ်ဆတ်စွာ ရရှိနိုင်ကြတော့မည် မဟုတ်။

သို့သော် တချို့က စာရေးကာ အဆက်အသွယ် မပြတ်ကြ။ တချို့နဲ့က ဖုန်းပြောဖြစ်ကြသည်။ တချို့ကျတော့ အင်တာနက်ကနေ တဆင့် တွေ့ဆုံကြရသည်။ တချို့ကျတော့ သတင်း အစအနလေးတွေ ကြားရသေးသည်။ တချို့ကျတော့ လုံးဝ အဆက်အသွယ် မရတော့။ တချို့ကျတော့ ကျွန်တော်တို့နဲ့ ကမ္ဘာမြေကို အပြီး နှုတ်ဆက်သွားကြသည်။ တချို့ကိုကျတော့ ပြောပြမှ ပြန်မှတ်မိအောင် မေ့လျော့ နေတတ်သည်။

တစ်ခါတလေ သူငယ်ချင်းတွေနဲ့ ပြန်လည်ပြီး စာဖြင့် ၊ ဖုန်းဖြင့် ၊ အင်တာနက်မှ ပြန်လည်ဆုံဆည်းကြသော အခါမှာ အလွန်ကို ပျော်စရာ ကောင်းသည်။ ကုန်ဆုံးခဲ့သော နှစ်ပေါင်း ၁၅ နှစ် ၊ ၁၆ နှစ်ဟာ ကျွန်တော်တို့ ကြားမှာ ရုတ်တရက် ၅ မိနစ် အတွင်း ချုံ့ပစ်လိုက်သလို ကျွန်တော်တို့ နုပျိုသွားကြသည်။ သူ့အကြောင်း ကိုယ်ပြော ၊ ကိုယ့်အကြောင်း သူ့ကို ဝေငှ ၊ တခြားသော သူငယ်ချင်းတွေ အကြောင်းကို မျှဝေကာ ကျွန်တော်တို့ မိုင်ပေါင်းများစွာ နေရာကို ကျောချင်းကပ် ထားသလို နီးကပ် နွေးထွေးစေသည်။ ရင်ခုန်တမ်းတကာ အောက်မေ့ဖွယ်လည်း ဖြစ်သည်။

တစ်နေ့တော့ သူငယ်ချင်း တစ်ယောက်က သူ “ ကမ်းကပ် ” လို့ ကျွန်တော့်ကို ဖုန်းပြောနေရင်း စကားတွေ ထုံးစံ အတိုင်း အတိတ်တွေကို ပြန်လည် ရေနူးကြသည် ၊ ပြန်လည် ဝါးမိကြသည်။ ပျော်စရာတွေ ပါသလို ၊ တချို့အတွက် စိတ်မကောင်းစရာတွေလည်း ပါသည်။ ပြောရင်း ဆိုရင်း စကားလုံးလေး တစ်လုံးကို နှစ်ယောက်က ရေရွတ်မိသည်။ ဒီစကားလုံးလေးကတော့. . . .

“ မင်း လာတိုင်ပတ် မနေနဲ့နော် ”

လို့ နှစ်ယောက်သား ပြိုင်တူပြောကာ ပြိုင်တူ ရယ်မောမိကြသည်။ နောက်တော့ သင်္ဘောသား ပီပီ ကျွန်တော့်ထက် အမိမြေကို ခဏခဏ ပြန်နင်းခွင့်ရသော သူက စကားစသည်။

“ ကိုဇော် ၊ ဟေ့ကောင် မင်း သိပြီးပြီလား ”

“ ဘာလဲကွ ”

“ ငါတို့ကို တိုင်ပတ်တယ် ဆိုတဲ့ စကားလုံး အစပျိုးပေးတဲ့ “ ဗိုလ်ချုပ် ” လေ ”

“ အေး ဘာဖြစ်လို့လဲ  ၊ ငါ မသိသေးဘူး။ ”

“ ဟုတ်လား ၊ ဗိုလ်ချုပ် အခု ထောင်ကျသွားပြီ ”

“ ဟင်. . ဟုတ်လား ၊ ဘယ်လို ဖြစ်တာလဲ ”

“ ဘယ်လို ဖြစ်တာလဲ ဆိုတော့ . . . ငါတို့လည်း မြန်မာနိုင်ငံနဲ့က ဝေးနေတာ မဟုတ်လား။ ပြီးခဲ့တဲ့ အခေါက်က ငါ ရန်ကုန်ပြန်တော့ ဟိုကောင်တွေနဲ့ ပွဲတွေဘာတွေ လုပ်ဖြစ်သေးတယ်။ အဲဒီတော့မှ ကြားရတာ။ ငါ ပြန်သွားတော့ ဒီကိစ္စ ဖြစ်တာ တစ်လကျော်လောက် ရှိနေပြီ။ ”

“ ဟုတ်လား ၊ ဗိုလ်ချုပ် ကိစ္စလား ”

“ ဟုတ်တယ်။ အဲဒီနေ့က သူကလည်း စိတ်ဖောက်နေတယ်နဲ့ တူပါတယ်။ သူ့နေတဲ့ ကျောင်းနားက အဖီတဲလေးကို ပြန်တဲ့ အချိန်မှာ ညကလည်း နည်းနည်းမှောင်နေပြီ ၊ သူလည်း ထုံးစံ အတိုင်း နည်းနည်း ထွေနေမှာပေါ့။ အဲဒီအချိန် လမ်းမှာ အရက်မူးသမား တစ်ယောက်က မူးပြီး လမ်းပေါ်မှာ ကန့်လန့်ကို မှောက်လျက် လဲနေတယ် ဆိုပဲ။ ဒါကို သူက အရက်မူးသမားကို ခြေထောက်နဲ့ ကန်ပြီး ထခိုင်းတယ်။

ဒီတော့ကွာ ဟိုက မူးလဲနေပါတယ် ဆိုမှ ဘယ်ထနိုင်မလဲ။ အဲဒီတော့ သူက ' အောင်မာ ငါလို ဗိုလ်ချုပ် ' လာတဲ့ လမ်းမှာ လမ်းမဖယ်ပေးဘဲနဲ့ ပိတ်နေတဲ့ ငမိုက်သား သေပေတော့ ဆိုပြီး လမ်းဘေးမှာ စိုက်ထားတဲ့ သစ်ပင်က သစ်ကိုင်းခြောက် တစ်ခုကို ချိုးပြီး အရက်မူးသမားကို ရိုက်လိုက်တာ ၊ ဟိုက အရမ်းကို မူးနေတာ ဆိုတော့ ရှောင်လည်း မရှောင်နိုင်ဘူး ၊ လှုပ်လည်း မလှုပ်နိုင်ဘူး ၊ ဒါနဲ့ နောက်ဆုံးတော့ သူ့လက်ချက်နဲ့ အရက်မူးသမားလည်း ခေါင်းတွေ ကြေမွပြီး အသက်ပါသွားတော့တာပဲ။ ”

“ ဟာ. . .တကယ်လား ”

“ တကယ်ပေါ့ကွ။ သူ စစချင်း အော်ဟစ်နေတုန်းက ဘယ်သူမှ သတိမထားမိဘူး။ တဖုန်းဖုန်းနဲ့ ရိုက်နေသံကြားပြီး အတော်ကြာမှ သတိထားမိပြီး သွားကြည့်တော့ ဟိုတစ်ယောက်ကို အတော်ကို လက်လွန်သွားပြီ ၊ ဒါနဲ့ နောက်ဆုံး သူ့ကို ရဲခေါ်ပြီး ဝိုင်းဖမ်းလိုက်ရတာပေါ့ကွာ ”

“ ဒါဆို သူ အခု ဘယ်မှာလဲ ”

“ သူက နဂိုကကို စိတ်ဝေဒနာရှင် ဆိုတော့ အခုဆို ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကို ပို့လိုက်တယ်လို့တော့ နောက်ဆုံး ကြားရတာပဲ၊ သနားတော့ သနားပါတယ်ကွာ ”

“ အေးကွာ ၊ ငါတို့ ရှိနေတဲ့ အချိန်အထိတော့ သူလည်း သူ့ဖာသာ ရှာစားနေတဲ့ သာမာန် လူထဲက လူတစ်ယောက်လိုပါပဲကွာ ”

“ ဟုတ်တယ် သူငယ်ချင်း ”

“ x x x x x x ”

“ - - - - - - - ”

ပြီးတော့ သူဘက်ကလည်း တိတ်ဆိတ် ၊ ကျွန်တော့်ဘက်ကလည်း တိတ်ဆိတ်ပြီး ကျွန်တော်တို့ အတိတ်တွေဆီကို ပြန်ရောက်သွားနေကြတယ် လို့ ဆိုနိုင်ပါသည်။ ပြီးတော့ ကျွန်တော်တို့မှာ တိတ်တဆိတ် သက်ပြင်းတွေနဲ့ပေါ့ဗျာ။



တစ်ခါက . . .

ကျွန်တော်တို့နဲ့ ခင်မင်ပြီး သာမာန်လူတစ်ယောက် မဟုတ်သော လူတစ်ယောက် ရှိခဲ့ဖူးပါသည်။ သူက ကျွန်တော်တို့ ထာဝရ အမှတ်တရ ဖြစ်စေမဲ့ စကား တချို့ကို ပြောခဲ့ဖူးပါသည်။

“ အေးပေါ့ကွ ၊ ငါက ထမင်းစားဖို့ ငါ့ဖာသာ ရှာစားတာ ၊ ထမင်းစားဖို့ သူများဆီက တောင်းစားရင် ငါက “ တတောင်းစား ( သူတောင်းစား ) ” ဖြစ်မှာပေါ့ကွ။ ငါက သူတောင်းစား မဟုတ်ဘူး ”

“ ငါက ထမင်းကို ဘယ်တော့မှ သူများဆီက တောင်းမစားဘူးကွ။ ငါက သူတောင်းစား မဟုတ်ဘူး။ အခုက အရက်လေကွာ။ အရက်က သောက်တာ ၊ ဒါက “  တတောင်းသောက် ( သူတောင်းသောက် )” ကွ။ ငါက သူတောင်းစား မဟုတ်ဘူး  ”

“ တိုင်ပတ်တယ် ”


*** ဤစာကို သာမာန် ဝတ္ထု တစ်ပုဒ် အနေနဲ့သာ ခံစားပေးစေ လိုပါသည်။ ***



ဝိုင်ဝိုင်းရဲ့ တယ်လီဖုန်း သီချင်းကို နားမထောင်ဖူးဘူး ဆိုပြီး ပြောလာသူတွေ အတွက်ပါ။ လိုချင်ပါက ဒီနေရာမှာ သွားဒေါင်းလို့လည်း ရပါတယ်။ တိုက်ရိုက် နားထောင်ချင်သူတွေ အတွက်ကတော့ အောက်မှာပါ။ Youtube မှာ ရုပ်နဲ့ အသံ ကြည့်ပြီး နားထောင်ချင်သူတွေ အတွက်ကတော့ ဒီမှာနေရာ မှာပါ။





လေးစားစွာဖြင့်
ကိုဇော်


Share/Bookmark

18 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

မျိုးကြီး လည်း တိုင်ပတ်နေပီ
ကိုဇော်နဲ့ မျိုးကြီး ဘယ်သူအရင်ပတ်လဲတော့မသိ

Anonymous said...

ကိုဇော်ရေ စာတွေထိုင်ဖတ်ပြီး တိုင်ပတ်
မနေနဲ့အုံးနော်း))
may

ဒေါင်းမင်း said...

ကောင်းတယ်ဗျာ...
ကျွန်တော်လဲတိုင်ပတ်လိုက်အုံးမယ်...ဟီး
ခင်မင်စွာဖြင့်
ဒေါင်းမင်း

သိင်္ဂါကျော် said...

တိုင်ပတ်တာတော့ မခံပါရစေနဲ့ စိတ်တွေ ရှုပ်လွန်းလို့ပါ..

သဒ္ဓါလှိုင်း said...

ဖတ်ပြီး စိတ်မကောင်းဘူး..။ သူရဲ့နောက်ကွယ်မှာတော့
ခံစားချက်တခုခုရှိခဲ့ပုံရတယ်နော်။။
တိုင်ကိုကြည့်ပြီးခေါင်းမူးသွားပြီ..။

ခင်မင်စွာ
သဒ္ဓါ

SHWE ZIN U said...

စာဖတ်ရင်း နဲ့ တိုင်ပတ်သွားတယ် မူးချင်လို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

sosegado said...

အရှုး မူးချင်လို့တိုင်ပတ်တော့ ပိုမရှုးသွားတာကံကောင်းတယ်၊ မူးလို့သတ်မိသူနှင့် မူးလို့သေသွားတာတဲ့သူ နှစ်ယောက် စိတ်မကောင်းစရာပါပဲ။

ဧပရယ်လ်ပူး@ပူးတေ said...

ဗိုလ်ချုပ် သနားပါတယ်နော်...ဒါဆို တိုင်ပတ်တယ်ဆိုတဲ့ စကားက ကိုဇော်တို့ အရင် စထွင်ခဲ့ကြတာပေါ့... ပူးတေတို့ အိမ်မှာတော့ မုန့်ဟင်းခါးစားရင် ဟင်းရည်နဲနဲတောင်းသောက်ကြတာကို အစ်ကိုက အဲဒါ သတောင်းသောက် (သူတောင်းသောက်) တဲ့လေ... ဒါနဲ့ ကိုယ့်မှာ မုန့်ဟင်းခါးစားပြီးတိုင်း ဟင်းရည်လေးသောက်ချင်တာတောင် သူတောင်းသောက်ဖြစ်မှဆိုးလို့ စစားထဲက မုန့်ဖတ်တွေအရင်စားပြီး ဟင်းရည်လေး ၂ဇွန်းစာလောက် ချန်ထားပြီး သောက်ခဲ့ ဖူးတယ်...ခုတော့ ချင်ကာပူမှာ တောင်းသောက်စရာမလိုတော့ဝူး.... တခါထဲ အပီးပဲ.... :)

ကိုကိုးအိမ် said...

အင်း ဖတ်လိုက်ရတာ မျက်ချိလည်လည်တွားလို့ နှစ်ခေါက်ပြန်ဖတ်ရတယ် .. ကိုးတို့ဆီမှာလည်း ဗိုလ်ချုပ်ဆိုတဲ့ အရူးတစ်ယောက်ရှိတယ်.. ဒါပေမယ့် သူက မိန်းမဗျ. တွေ့သမျှလူတိုင်းကို ဗိုလ်ချုပ်လို့ လိုက်ခေါ်လို့ ဗိုလ်ချုပ်လို့ခေါ်တာလေ. သူတို့ဘ၀ တွေက အရမ်းသနားစရာကောင်းပါတယ်။ လူတကာ အရယ်ခံ အနှိမ်ခံ ဘ၀တွေလေ.. အရမ်းမဆိုးတဲ့ သူဆိုရင်တော့ ကိုးနဲ့သူတို့နဲ့ပေါင်းလို့ရတယ်။ အဟဲ

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

ngwelamin said...

ကိုဇော် စာဖတ်လို့သိပ်ကောင်းတယ်
အရေးအသား တော်တယ် ဖတ်နေရင်းကို မျက်စိထဲမြင်ယောင်မိတယ် ဗိုလ်ချုပ်နဲ့ ကိုဇော်တို့ အုပ်စုကို စိတ်ထဲမှာလည်း တမျိုးလေးခံစားရတယ် တကယ်ပါ ကောင်းတယ် နောက်ဆုံးမှာ သာမန်ဝတ္ထုတစ်ပုဒ်လို ခံစားပေးပါဆိုတော့ တကယ့်ဇာတ်လမ်းမဟုတ်ဘူးလား တကယ်လို့ကို ထင်ရလောက်အောင် ဖတ်လို့ကောင်းပါတယ်

ကိုအောင်(ပျူနိုင်ငံ) said...

တိုင်ပတ် ... တိုင်ပတ်း)

ahphyulay said...

တိုင်ပတ် အောင်ရေးထားတာကို
ထိုင် ဖတ် ခဲ့ တော့  အင်း ပတ်ခဲ့  တယ်
တိုင် ကိုပါပဲ။
ဘာပဲ ပြောပြော ဖတ်ပြီးတော့  စိတ်မကောင်း
သလိုတော့  ဖြစ်ခဲ့ တယ်။


ခင်တဲ့ 

ကိုကိုမောင်(ပန်းရနံ့) said...

အော်.. တိုင်ပတ်တယ်ဆိုတာ ဂလိုကိုး။ ရွာလည်နေတာနဲ့ ဘာကွာလဲ မသိဘူးနော်။ အင်း... အခုလောက်ဆို ဗိုလ်ချုပ်တစ်ယောက် တိုင်ပတ်ပြီး ဘယ်ထောင်ထဲမှာများ မူးလဲနေပါလိမ့်။ တိုင်ပတ်နေတဲ့သူတွေ အားလုံး အဆင်ပြေပျော်ရွှင်ကြပါစေဗျာ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မိုးယံ said...

ဗိုလ်ချုပ်တိုင်ပတ်နည်းလေး မှတ်ထားဦးမယ် ။ ငွေကုန်ကြေးကျ သက်သာ ။ အကုသိုလ် နည်း ဂွတ်တယ်ကွယ်

အနမ်း said...

တိုင်ပတ်သွားတယ် ကိုဇော်ရေ..
မျက်စိအားနည်းနေရတဲ့ထဲ မီးအားကပါနည်းနေလို့ စာဖတ်ရင်း တိုင်ပတ်မိသွားတယ်း))))

အနမ်း said...

တိုင်ပတ်သွားတယ် ကိုဇော်ရေ..
မျက်စိအားနည်းရတဲ့ထဲ မီးအားကပါနည်းနေတော့ ပိုစ့်ဖတ်ရင်း တိုင်ပတ်မိသွားတယ်း)))))

အနမ်း said...

တိုင်ပတ်သွားတယ် ကိုဇော်ရေ..
မျက်စိအားနည်းရတဲ့ထဲ မီးအားကပါနည်းနေတော့ ပိုစ့်ဖတ်ရင်း တိုင်ပတ်မိသွားတယ်း)))))

ချိုကျ said...

အင်း....တိုင်ပတ်ပြီးတဲ့သကာလ ဘာမှကိုထပ်မပတ်နိုင်တော့ပါဘူးဗျာ :)

ခင်တဲ့ (ချိုကျ )

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.