မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


27 October 2010

15 ကိုယ် ကူညီတာ အရာ ရောက်ရဲ့လား


အလွန်ကို ကြာလှပြီ ဖြစ်သော ပို့စ်အဟောင်းတစ်ခုပါ။ အဲဒီတုန်းက မိတ်ဆွေတစ်ယောက်နဲ့ ဆွေးနွေးဖြစ်ရင်း တင်မိတာ ဖြစ်ပါတယ်။ အခုလည်း မိတ်ဆွေတစ်ယောက် ကူညီမှု ( အလှူ ) နဲ့ ပတ်သတ်ပြီး စိတ်ထဲမှာ ခံစားနေရတာ တွေ့လို့ ပြန်တင်ပေးလိုက်တာပါ။ ဘယ်သူ့ကိုမှ ရည်ရွယ်တာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အတွေ့အကြုံများကို ချပြထားတာသာ ဖြစ်ပါတယ်။



လူတော်တော်များများက ဆိုတယ်. . . .

“ ကိုယ်က စိတ်သန့်သန့်နဲ့ ကူညီလိုက်တာပဲ ပြီးပြီပေါ့။ ”

တဲ့။ ဒီလို တကယ် ဖြစ်နိုင်ပါ့မလား။ ကိုယ်က စိတ်သန့်သန့်နဲ့ ကူညီသော်လည်း ကူညီရာ မရောက်သော အဖြစ်အပျက်လေးတွေ ရှိနေပါတယ်။

၁) တချို့ကူညီမှုက ကိုယ့်အပေါ် ဝန်ထုပ် ၊ ဝန်ပိုး အဖြစ် သက်ရောက်လာနိုင်ပါတယ်။
၂) တချို့ ကူညီမှုက သူ့ကို ကူညီရာ မရောက်ပဲ ပိုပြီး နှစ်ရာ ရောက်သွားတတ်တယ်။
၃)
တချို့ ကူညီမှုက သူ့ကို နှစ်ရုံတင်မကဘူး သူ့ကို ဘဝပါ ပျက်သွားစေနိုင်တယ်။



၁။ ပုံပြင်လေး တစ်ပုဒ်က ဒီလို ဖော်ညွှန်းတယ်။

တစ်ခါက . . .

နွားနဲ့ မြင်း ဟာ စားကျက်တဲ တစ်ခုထဲမှာ အတူတူနေကြရတယ်။ တစ်နေ့တော့ နွားက လယ်ယာ လုပ်ငန်း လုပ်ကိုင်ပြီး ပြန်လာတော့ ညောင်းညာ ကိုက်ခဲလာတာပေါ့။ ဒီတော့ သူနဲ့ အတူတူနေတဲ့ မြင်းကို ပြောတယ်။

“ မင်းမှာတော့ တစ်နေ့တစ်နေ့ ဘာမှ မလုပ်ရဘူးနော်။ သခင်က သွားစရာ ရှိမှ ခြုံလွှာလှလှလေးတင်ပြီး စီးသွားရုံပဲ။ ပြီးရင်တော့ တစ်နေ့ကုန် မြက်နုလေးတွေ စားချင်တိုင်း စားပေတော့ပဲ။

ငါ့မှာတော့ တစ်နေကုန် ထွန်ယက် စိုက်ပျိုးလိုက်ရတာ စားရတော့လည်း ကောက်ရိုးနဲ့ မြက်ကြမ်းပဲ။ တစ်ခါတစ်လေမှ ပဲဖတ်လေး စားရတာ။ နည်းနည်းလောက် သက်သာအောင် ဘယ်လို လုပ်ရမလဲ ကူညီပါဦး သူငယ်ချင်း ။ ”

ဒီတော့ မြင်းကလည်း ဒေါသထွက်တဲ့ အချိန်သာ ခွာနဲ့ ပေါက်တတ်ပေမဲ့ သာမာန်အချိန်ကတော့ သဘောကောင်းလေတော့ သူကလည်း ဝိုင်းပြီး စိတ်မကောင်း ဖြစ်ပေးတယ်။

“ အေးကွာ. . မင်း အဖြစ်က တော်တော်ဆိုးတာပဲ။ ကျုပ် ဝိုင်းစဉ်းစား ကူညီပေးပါ့မယ်။ ”

လို့ သူကဆိုတယ်။ ဒါနဲ့ တစ်နေ့ သူအကြံရတော့. . .

“ ဒီလို လုပ်ဗျ. . . နောက်နေ့ မနက်မိုးလင်းလို့ လယ်စာရင်းငှားက လယ်ထွန်ဖို့ ခင်ဗျားကို လာခေါ်တဲ့ အခါမှာမြေပေါ်မှာ လှဲအိပ်ပြီး အော်နေဗျာ။ ဒါဆို ခင်ဗျား နေမကောင်းဘူး ထင်ပြီး ခင်ဗျားကို သူတို့ ခိုင်းတော့မှာ မဟုတ်ဘူး။ ”

ဒါနဲ့ မြင်းရဲ့ အကြံပေးချက် အတိုင်းပဲ နောက်နေ့ သူရင်းငှားလာတော့ နွားက မြေပေါ်မှာ အိပ်ပြီး လူးလှိမ့်ပြီး အော်နေတယ်။ ဒီတော့ သူရင်းငှားကလည်း နွားနေမကောင်းဘူး ထင်ပြီး လယ်ပိုင်ရှင်ကို သွားပြောတယ်။ လယ်ပိုင်ရှင်က . . .

“ နွားနေမကောင်းတာတော့ အကြောင်း မဟုတ်ဘူး။ လယ်က ရပ်ထားလို့ မရဘူးကွ။ နွားနေမကောင်းရင် မြင်းကို တပ်ပြီး ထွန်ကွာ။ ”

လို့ ဆုံးဖြတ်ပေးလိုက်တယ်။ ဒီတော့ မြင်းခမျာ သူများကို ကူညီချင်တဲ့ အတွက်ကြောင့် နွားလုပ်ရမဲ့ အလုပ် သူ ဝင်လုပ်ရသလို ဖြစ်သွားတော့တာပါပဲ။ ဒါနဲ့ ညနေစောင်းလို့ အလုပ်လည်း သိမ်းရော မြင်းခမျာမှာ တစ်နေကုန် လယ်ထွန် ထားရလို့ တစ်ကိုယ်လုံးလည်း ညောင်းညာ ကိုက်ခဲနေတယ်။ ကုတ်ပိုးကလည်း ထွန်တံ ထမ်းထားရလို့ ပြဲနေပြီ။ ဒေါသကလည်း အတော်ထွက်နေပြီပေါ့။

ဒါနဲ့ သူလည်း တဲထဲ ရောက်လာရော မြင်းကို နွားက ပြောတယ်. . .

“ မိတ်ဆွေ မြင်းရယ် ၊ ခင်ဗျား အကြံပေးတဲ့ အတိုင်း ကျွန်တော် လုပ်လိုက်တာ ဒီနေ့တစ်နေ့လုံး အလုပ်မလုပ်ရပဲ အေးဆေး သက်သာစွာ နေရပါတယ်။ ဒီအတွက် ကျေးဇူးတင်ပါတယ်။ ”

လို့ ပြောတော့ မြင်းက . . .

“ အေး မင်းသက်သာပေမဲ့ ငါ မသက်သာဘူးကွ။ မင်းကို သနားလို့ ကူညီလိုက်ပေမဲ့ မင်းဝန်ထုပ်ကို ငါက ဝင်ထမ်းနေသလို ဖြစ်တော့တာပဲ။ နောက်နေ့ကစပြီး မင်း အလုပ်မင်းလုပ်တော့. .။ အေး. . မလုပ်လို့လည်း မရတော့ဘူး။ သခင် ပြောနေတာ ဒီနေ့ ကြားလိုက်ရတယ်။

ဒီနွားက ခဏခဏ နေမကောင်း ဖြစ်နေတာပဲတဲ့။ နောက်နေ့ နေမကောင်း ဖြစ်နေသေးတယ် ဆိုရင်တော့ တစ်ခါတည်း သားသတ်ရုံသာ ပို့လိုက်တော့။ အေးလေ . . မင်းကလည်း အလုပ်လုပ်ချင်တဲ့ ကောင်မှ မဟုတ်တာ။

တဲ့။ ဒီလို ခပ်ပြတ်ပြတ် ပြောပြီး မြင်းက အဲဒီအချိန်ထဲက နွားကို စကား မပြောတော့ဘူးတဲ့။ ဒါကြောင့် ကူညီတာကတော့ ဟုတ်ပါတယ် ကိုယ်က မကူညီတတ်ရင် သူဝန်ထုပ် ဝန်ပိုး ကိုယ်က ယူထမ်းသလို ဖြစ်နေလိမ့်မယ် လို့ ဒီပုံပြင်လေးက ပြောပါတယ်။ 




၂။ ကူညီမှု အတွက် အဖြစ်အပျက်လေး တစ်ခုက ဒီလို သင်ကြားတယ်။

တစ်ခါက . . .

လူတစ်ယောက်ဟာ ပင်လယ်ကမ်းစပ်ကနေ ကျောက်ပုစွန်တွေကို ဝယ်ယူပြီး မြို့မှာ ပြန်လည် ရောင်းချတယ်။ သူ့မှာ ပိုက်ဆံက များများ စားစား မရှိတော့ သူ့မှာ ရှိတဲ့ ပိုက်ဆံလေးနဲ့ တတ်နိုင်သလောက်သာ ဝယ်ယူပြီး ပြန်လည် ရောင်းချနိုင်တယ်။ ဒါနဲ့ပဲ သူက လည်ပတ်နေတယ်။

တစ်နေ့တော့ သူက ဒီလို စဉ်းစားမိတယ်။

“ ငါ့မှာ ပိုက်ဆံ အရင်းက များများ မရှိလို့ ၊ များများသာ ရှိခဲ့ရင် ငါ ကျောက်ပုစွန်တွေ များများ ဝယ်ပြီး များများ ရောင်းချရင် အမြတ်များများ ရမှာပဲ။ ”

လို့ တွေးမိတယ်။ ဒါနဲ့ သူ့အိမ်နားမှာ ရှိနေတဲ့ ငွေကြေးတောင့်တင်းသူ ထံမှာ အကူအညီတောင်းတယ်။ ကျွန်တော် ပိုက်ဆံ များများ နဲ့ အရင်းများများ ရင်းချင်လို့ များများရင်းရင် များများ မြတ်လာမယ် ဒါဆို ကျွန်တော်လည်း အဆင်ပြေသလို အန်တီ ကိုလည်း အမြတ်အနေနဲ့ အတိုးပေးပါ့မယ်ပေါ့။

ဒီစကားကြားတော့ အရင်းထုတ်ပေးမဲ့ အန်တီကြီးက ဝမ်းသာ အားရ သဘောတူတယ်။ ဒါပေမဲ့ ဘေးမှာ ရှိနေတဲ့ သူ့သားကတော့ သဘောမတူပဲ. . .

“ မဟုတ်သေးဘူး မေမေ။ များများ ရင်းတိုင်း များများ မြတ်မယ် ဆိုပြီး နေရာ တကာမှာ မတွေးသင့်ဘူး။ သူလုပ်မဲ့ အလုပ်ရဲ့ ဝယ်လိုအားကို ကြည့်ရသေးတယ်။ ဝယ်လိုအားကို မကြည့်ပဲ သူ့က များများ ရင်းရင် ကုန်ပစ္စည်းတွေ ဆုံးရှုံးတာပဲ ရှိတော့မှာပေါ့။ ”

သူက ဒီလို ပြောပေမဲ့ ငွေရှင်အန်တီ နဲ့ ကျောက်ပုစွန် ရောင်းသူလေးဟာ သဘောမတူကြဘူး။ ဒါကြောင့် ငွေရှင် အန်တီကြီး ဆီက ငွေကြေးတွေ ချေးငှားပြီး ကျောက်ပုစွန်တွေ အမြောက်အများ ဝယ်ယူပြီး မြို့မှာ ရောင်းချပါလေရော။ ဒီမှာ အရင်က သူ့ဆီက ပုံမှန် ဝယ်ယူသူတွေလောက်သာ ဝယ်ယူနိုင်ပြီး ကျန်တဲ့ သူတွေက ကျောက်ပုစွန်ရဲ့ ဈေးမြင့်မှုကြောင့် ဝယ်ယူ မစားသုံးနိုင်ဘူး။

တစ်နေ့စာ အားလုံးစုပြီး ရောင်းချရငွေကို စာရင်းချုပ်ကြည့်တော့ သာမာန်ထက် အနည်းငယ်သာ ပိုရောင်းချရတယ်။ ကျန်နေတဲ့ ပိုနေသော ကျောက်ပုစွန်များကို ရောင်းချရဖို့ တခြားဆိုင်ကြီးတွေမှာ သူ အကြွေးထားခဲ့ရတယ်။ လက်ရင်း ရလာတဲ့ ငွေလေးနဲ့ထပ်ပြီး ရင်းနှီးတယ်။ ပုံမှန်ထပ် အနည်းငယ်သာ ပိုလည်ပတ်နိုင်ပြီး ပထမသူ အကြွေးထားခဲ့သော ကျောက်ပုစွန်များက မရောင်းရသေးသောကြောင့် ငွေတွေက အိပ်ကုန်တယ်။

အချိန်ကြာလာတာနဲ့ အမျှ သူရဲ့ ဝယ်လိုအားကလည်း နည်းလာသလို ဖြစ်ပြီး လက်ကျန် အကြွေးထားထားတဲ့ ကျောက်ပုစွန်တွေလည်း ရောင်းချဖို့ ရှိသေးတယ်။ လက်ရှိသယ်လာတဲ့ ကျောက်ပုစွန်တွေကလည်း လက်ရှိရောင်းရမှ သူ့လက်ရှိ သုံးစွဲဖို့ ၊ လည်ပတ်ဖို့က အဆင်ပြေမယ်။

သူ့မှာ သူများက သူ့ကို တိုက်တာ မဟုတ်ပဲ ကိုယ်ရဲ့ ရောင်းလိုအားနဲ့ ကိုယ့်ဖာသာ ပိတ်မိပြီး လက်ရှိ ကျောက်ပုစွန်တွေလည်း ရောင်းမရ ၊ အရင် ကျောက်ပုစွန်တွေလည်း ရောင်းမထွက် ဆိုသော ဝယ်လိုအားနည်းမှု နဲ့ ခံစားရတယ်။

နောက်ဆုံးမှာ ဘာပဲ ပြောပြော အရင်းထုတ်ပေးထားတဲ့ အန်တီကြီးကလည်း သူ့ပိုက်ဆံ သူပြန်လိုချင်လာတာပါပဲ။ ဒါပေမဲ့ အကြွေးပေးထားတဲ့ ကျောက်ပုစွန်တွေကလည်း ရောင်းမထွက်သေး ၊ လက်ရှိရောင်းနေရတဲ့ ကျောက်ပုစွန်တွေကလည်း သူ့ရဲ့ နေထိုင် စားသောက်စရိတ်က ရှိသေးတယ်။

နောက်တော့. . . လည်ရင်း ပတ်ရင်းနဲ့ မလည်ပတ်တော့ပဲ။ အကြွေးပိုက်ဆံ ယူထားတဲ့ အန်တီကြီး ငွေတွေကို ပြန်မပေးနိုင်တော့ပဲ သူ ထွက်ပြေး တိမ်းရှောင် သွားခဲ့ရတယ်။ အန်တီကြီး အနေနဲ့က ကူညီတယ် ဆိုပေမဲ့ သူ့ရဲ့ စေတနာပါပါ ကူညီမှုက ကူညီရာ မရောက်ပဲ တစ်ဖက်သားရဲ့ အခြေအနေ မကြည့်တတ်မှုကြောင့် သူရဲ့ ပုံမှန်လည်ပတ်မှုလေးပါ ကိုယ့်ရဲ့ ကူညီမှုကြောင့် ပျက်ဆီးပြီး ကိုယ်လည်း ဆုံးရှုံးသွားခဲ့တယ်။


 

၃။ ဒါနဲ့ ပတ်သတ်ပြီး ခါးခါးသီးသီး အတွေ့အကြုံ တစ်ခုက ဒီလို မှတ်တမ်းတင်တယ်။

တစ်ခါက . . .

ရပ်ကွက်ထဲမှာ ဆွေစဉ်မျိုးဆက် ရင်ကြပ်ရောဂါ ပါလာတဲ့ လူကြီး တစ်ယောက် ရှိတယ်။ အမြဲတမ်း ကြပ်နေတာ မဟုတ်ပေမဲ့ သူက အေးရင် ကြပ်တယ်။ ဖုန်ထူ ၊ ရှူမိရင် ကြပ်တယ်။ ရင်ကြပ်ရင်လည်း ရင်ဘတ်တစ်လုံးက ဖားဖို ဆွဲနေရသလိုပါပဲ။ သူ့သားသမီးတွေမှာလည်း သူ့လောက် မဆိုးပေမဲ့ ရင်ကြပ်ရောဂါတော့ အမွေ ရှိကြတယ်။

တစ်နေ့တော့ သူ့သူငယ်ချင်း တစ်ယောက်နဲ့ တွေ့တယ်။ တွေ့တွေ့ချင်း သူ အံ့သြသွားတယ်။ သူ့သူငယ်ချင်းက ကျန်းမာ ဝဖြိုး အလှတိုးနေတယ်။ အရင်က သူ ဘာမှ မဖြစ်တဲ့ အချိန်မှာတောင်မှ အမြဲတမ်း “ တဂွမ်ဂွမ် ” နဲ့ ရင်ကြပ်နေတဲ့ သူ။ အခုတော့ ကျန်းမာ ပကတိ ချမ်းသာစွာ ရှိနေတယ်။

ဒါကို သူကလည်း တွေ့တွေ့ချင်း သိလိုက်တယ်။ အားနာစရာ မလိုတဲ့ သူငယ်ချင်းတွေ ဆိုတော့ သူကလည်း ပွင့်ပွင့်လင်းလင်း မေးတယ်။ သူ့သူငယ်ချင်းက လက်ထဲက ကွမ်းဗူးကြီးကို သူ့ဆီကို ထိုးထည့်တယ်။ နောက်မှ. . .

“ ငါ ပြောရင် မင်း ယုံပါ့မလား။ ဗမာဆေး နည်းနည်းလေးကို ငုံထားပြီး ထွက်လာတဲ့ အရည်လေးကို မမြိုချနဲ့ ထွေးထုတ် ၊ အဲဒီကမှ အလိုလို မြိုချမိတဲ့ အရည်နည်းနည်းလေးက ပန်းနာရင်ကြပ်ကို ပျောက်စေတယ်လို့ သမားတော် တစ်ယောက်က ပြောတယ်။

ဒါနဲ့ ငါလည်း ငုံကြည့်တာ ငုံရခက်တယ်ကွာ။ ဒါကြောင့် ကွမ်းကို ဗမာဆေးနဲ့ စားလိုက်တာ .. ၊ အဲဒီကတည်းက ငါ့ရဲ့ ပန်းနာရင်ကြပ်က ပျောက်တော့တာပဲဟေ့။ ”

မယုံရင် မရဲဘူး ဆိုသလိုပဲ သူလည်း မယုံမရဲ နဲ့ စမ်းစားကြည့်တယ်။ သူ့ရဲ့ ရင်ထဲမှာ မြွေတွေ တွန်သလို ဖြစ်နေတတ်တဲ့ ရင်ကြပ်စေတဲ့ ချွဲသလိပ်တွေက ကွမ်းယာနဲ့ ဗမာဆေးကြောင့် အလိုလိုပျော်ကျပြီး သူ သက်သာလာခဲ့တယ်။ ဒါနဲ့ပဲ ကွမ်းကို သူ အမြဲတမ်း စားဖြစ်သွားသလို သူ့ရင်ကြပ်ကလည်း ပျောက်သွားခဲ့တယ်။

ရောဂါဆိုတာ ကိုယ်တိုင် ခံစားရဖူးတဲ့ သူမှ သိတာ ၊ အခုလို ကိုယ်တိုင် ခံစားဖူးပြီး ပျောက်ကင်းဖူးတော့ ကိုယ့်လိုပဲ ခံစားနေရသူတွေကို ခံစားနားလည်ပေးနိုင်တယ်။ ကိုယ်ပျောက်သလို သူတို့ကိုလည်း ပျောက်စေချင်တယ်။ ဒါ လူတိုင်းရဲ့ ချစ်ဖို့ ကောင်းလှတဲ့ စိတ်ခံစားမှု ။

ဒီတော့ သူကလည်း သူ့လို ရင်ကြပ်ရောဂါ ခံစားနေရသူတွေနဲ့ တွေ့ရင် ဗမာဆေးရွက်ကြီး ငုံဖို့ သူကိုယ်တိုင် ပျောက်ကင်းစေခဲ့တဲ့ နည်းနဲ့ အကြံပေးတယ်။

“ အများကြီး မလိုဘူးနော်။ လက်မ လက်သဲခွံ တစ်ဝက်လောက်ကို ငုံထား။ အရည်ကို မြိုမချနဲ့ ထွေးထုတ် ၊ သူ့ဖာသာ ဝင်သွားတဲ့ အရည်နဲ့တင် သလိပ်ပျော် ၊ ချွဲထွက်ပြီး ရင်ကြပ်ပျောက်တယ်။ ”

သူ့နည်းက တကယ်လည်း အဆင်ပြေ ပျောက်ကင်းကြပါတယ်။ အားလုံးလည်း သူ့ကို ကျေးဇူးတင်ကြတယ်။ သူလည်း ဝမ်းတွေ သာလို့ ။ နောက်ထပ် ရင်ကြပ် ပန်းနာ ရှိနေသူတွေကို သူက ထပ်ပြီး လက်ဆင့်ကမ်းပြောပြတယ် . . ပျောက်စေချင်လို့။

တစ်နေ့တော့ . . . သူနဲ့ မျက်မှန်းတန်းမိတဲ့ အိမ်ကို တောင်ပေါ်မြို့မှာ နေတဲ့ သူတို့ အဖေက ရောက်လာတယ်။ မြင်တာနဲ့တင် သိသာတယ်။ ဒီဦးလေးကြီးက အသက်မကြီးသေးပဲ လူက ကိုင်းနေတယ်။ အရွယ် မရောက်သေးပဲ လူက ကုန်းနေတယ်။ သူ့မှာ ပန်းနာ ရင်ကြပ် ရှိတယ်။

ဒီတော့ သူနဲ့ တွေ့တွေ့ချင်း သူက သူ့ကိုယ်တိုင် ပျောက်ကင်းခဲ့တဲ့ ဗမာဆေးရွက်ကြီးနဲ့ ပန်းနာ ရင်ကြပ် ပျောက်ပုံပျောက်နည်းကို ပြောပြတယ်။ ဒီလောက် အင်္ဂလိပ်ဆေးတွေ သောက်တာတောင်မှ မသက်သာတာ ဒီလူကြီးကလည်း မယုံ။ ဒါပေမဲ့ သူ့ကို အားနာလို့ နည်းနည်းတော့ ငုံကြည့်တယ်။

ရင်ဘတ်ထဲမှာ ပြည့်ကြပ်နေတဲ့ ချွဲသလိပ်တွေကို ဆေးရွက်ကြီး အရည်တွေက အရည်ဖျော်ချသွားတယ်။ သူ့သလိပ်တွေ ထွက်လာပြီး ရင်ထဲမှာ နည်းနည်း နေလို့ ကောင်းသွားတယ်။ သူ့အိမ်သားတွေကို ပြောပြတော့ အိမ်သားတွေကလည်း ဝမ်းသာတယ်။ ဒါဆို ဆက်ပြီး ဒီလို ငုံဖို့ တိုက်တွန်းကြတယ်။

သူ့ရဲ့ ပန်းနာ ရင်ကြပ် သက်တမ်းဟာ အနည်းဆုံး အနှစ် ၄၀ ကျော်ခဲ့ပြီ။ သူ့ရင်ဘတ်ထဲမှာလည်း အစိုင်အခဲ ရင်ကြပ်တွေက မြဲနေခဲ့ပြီ။ ဒါတွေကို တစ်နေ့နည်းနည်းစီ ဖျော်ချဖို့ သူ မစဉ်းစားအားတော့. . ဒီဗမာဆေးရွက်ကြီးနဲ့ သက်သာတယ် ဆိုတော့ နည်းနည်းလေးတောင်မှ သက်သာတာ အများကြီး ငုံမယ်ကွာ ဆိုပြီး ကွမ်းသီး လုံးလို ကျစ်ပြီး ငုံတယ်။ အရည်ကို မမြိုချပေမဲ့ ရာခိုင်နှုန်းများလာတော့ အရည်ကလည်း များလာတယ်။

ဒီတော့ လက်သဲခွံတစ်ဝက်လောက်က မမူးပေမဲ့ ဒီလောက်တောင် ဆိုတော့ မတရားမူးတယ်။ ရင်ဘတ်ထဲက ချွဲသလိပ်တွေကလည်း မတရားထွက်တယ်။ ကျောက်ဆိုင်မှာ ကပ်နေတဲ့ ရေညှိတွေကို ရေပိုက်လေး ဖြေးဖြေးချင်း မဖျော်ချပဲ မီးသတ်ပိုက်နဲ့ ထိုးချသလို သူက အမြန်ပျောက်ချင် ဇောနဲ့ ဖျော်ချတယ်။ များများပျော်ကျသလို ကျောက်သားလည်း အနည်းငယ် ထိပါးသလိုပါပဲ။

ဒါကို မြန်မာစကားပုံလေးက “ တန်ဆေး လွန်ဘေး ” လို့ ခေါ်တယ်။

ဒီလိုနဲ့ ဆေးရွက်ကြီး မူးတဲ့ ဒဏ်ကို သူ ကြိတ်မှတ်ခံစားပြီး နှစ်ပေါင်း ၄၀ ကျော်က ရင်ကြပ် ရောဂါကို ရက်ပိုင်းနဲ့ ပျောက်ချင်လို့ လွန်ဆေး အဖြစ် သူသုံးစွဲတယ်။ စိတ်သာ ရှိတာ လူက ဆေးရွက်ကြီး ဒဏ်ကို မခံနိုင် ။ ပြီးတော့ သူ့မှာ အစာအိမ်ရှိနေတာပါ သူက သတိမထားတော့။ နောက်တော့ မူးတယ်. . .မူးတယ် အော်ပြီး ခွေကျတယ်။ ဆရာဝန်ကို ခေါ်ပြတော့ ဆရာဝန်က ရောဂါ ရှာမရ။ နောက်မှ ပါးစပ်ထဲက ဆေးရွက်ကြီး အလုံးလိုက် ထွက်ကျတယ်။

သူ့စိတ်ထဲမှာ နှစ်ပေါင်း များစွာ ရောဂါကို ရက်ပိုင်းနဲ့ ပျောက်ချင်တယ်။ ဒီလို ရောဂါ သက်သာလာတာကိုလည်း မကြုံဖူုးတော့ ပိုမြန်မြန် သက်သာချင်လာတယ်။ နေမကောင်းလို့ ဆရာဝန်က မငုံနဲ့ဦး တားထားရင်းကနေ သူ လူလစ်တာနဲ့ ဆေးရွက်ကြီး ငုံတယ်။ အစာအိမ်ရောဂါကိုလည်း ဂရုမစိုက် ၊ သူ ပန်းနာရင်ကြပ် မရှိတဲ့ လူတစ်ယောက်လို ဖြစ်ချင်တယ်။

သူ့ကို လူလစ်တာနဲ့ တွေ့တဲ့ နေရာက ဝယ်ပြီး ငုံတယ်။ နောက်တစ်ခါ မူးလဲတဲ့ အခါမှာ သူ သတိ တော်တော်နဲ့ မရတော့ဘူး။ ဒါပေမဲ့ ဝမ်းနည်းစွာ နဲ့ပဲ သူ့မှာ ပန်းနာရင်ကြပ်က အံ့သြစရာ ကောင်းလောက်အောင် ပျောက်ကင်းနေခဲ့ပြီ။ သို့သော် သူသုံးစွဲသော နည်းစနစ်သာ မှားခဲ့တာ။ သူ သတိပြန်လည်တော့ ကယောင်ခြောက်ခြားများသာ ပြောနေခဲ့တယ်။ ဘာမှလည်း အစား မဝင် ၊ သူကလည်း မစားချင် ဟုပဲ သတိလည်လာတဲ့ အချိန်မှာ ပြောတယ်။

သူလုပ်ချင်တာ တစ်ခုတည်း ၊ သူ့ပါးစပ်ထဲ သူဝင်စေချင်တာ တစ်ခုတည်း . . . ဒါက ဆေးရွက်ကြီး သူ ငုံချင်တယ်။

နောက်ဆုံးတော့ ဆေးရွက်ကြီး ငုံချင်တာက လွဲလို့ သူ့စိတ်ထဲမှာ ဘာမှ မရှိတော့ဘူး။ သူ့ကို လူလစ်မပေးရဲတော့ဘူး။ လူလစ်တာနဲ့ အပြင်ထွက်ပြီး ဆေးရွက်ကြီး ပြေးငုံတယ်။ ဘာမှလည်း မစား။ သူ တဖွဖွ ပြောနေခဲ့တာ . . .

“ ငါ ရင်ကြပ် ပျောက်ချင်တယ်။ အခု ပျောက်ဖို့ နည်း တွေ့နေပြီလေ။ ဒါကို အရင် ဦးစားပေး လုပ်ရမယ်။ ”

တဲ့။ တတိယအကြိမ် သူ မူးလဲနေတာကို တွေ့ရတော့ မနက် ၅ နာရီမှာ ပဲပြုတ်သည် အဒေါ်ကြီးရဲ့ အိမ်သားများ နှိုးသံနဲ့ အတူ။ သူဘယ်အချိန်က အိမ်ထဲက လစ်ထွက်သွားမှန်း မသိလိုက်ရ။ မူးလဲနေတာ ဘယ်လောက် ကြာပြီလဲ မသိ။ သူ့ခြေတွေ ၊ လက်တွေ အေးစက်ခြင်းနဲ့ ထုံပျံ့နေတယ်။ သတိမရတော့။

အိမ်ကို လာကြည့်တဲ့ ဆရာဝန်က သူ့ကို ချက်ချင်း ဆေးစာနဲ့ ဆေးရုံတင်ခိုင်းတယ်။ အိမ်ကနေ သူထွက်ပြီး ၄ ရက်ကြာတော့ ဆေးရုံပေါ်မှာ သူ ပျောက်ချင်လှစွာသော ပန်းနာရင်ကြပ်ကို ပျောက်လိုဇောကြီးစွာနဲ့ မှားယွင်း ကုထုံးကြောင့် သူ့အသက်ကို ပေးသွားတယ်။ ဆရာကြီးဝန်ကြီးတွေက လူနာ သေဆုံးမှု မှတ်တမ်းမှာ ဒီလိုရေးတယ်။

“ အစာငတ် ၊ အားပြတ်၍ အာဟာရပြတ် သေဆုံးခြင်း ”

တဲ့။ သူဘာကြောင့် သေရတာလဲ ဆိုတဲ့ ဆေးစာကို ဘယ်သူ့မှ သေချာမသိပေမဲ့ အရပ်စကား ၊ အရပ်နားမှာတော့ ရင်ကြပ်ရောဂါ ပျောက်အောင် နည်းပေးလိုက်တဲ့ လူရဲ့ ဆေးရွက်ကြီးကြောင့် မူးလဲ ၊ နဖူးကွဲ ၊ ဒူးပြဲ ၊ အသက်နဲ့ကိုယ် အိုးစားကွဲတယ် လို့ အရပ်စကား ဖြစ်ခဲ့ရတယ်။

ပန်းနာရပ်ကြပ်ကို ပျောက်စေချင်တဲ့ သူသာ ပြန်ကြားရင် ဘယ်လောက်များ ရင်နာ အသည်းစိမ့် ဖြစ်လေလိမ့်မလဲ။ ဘယ်လောက်များ ကွဲကြေမလဲ။ ဘယ်လောက်များ ဝမ်းနည်း လေလိမ့်မလဲ။ အရပ်စကား ၊ အရပ်နားက တော်တော် ခါးဖို့ကောင်းတယ်။ သူရဲ့ ကူညီမှု အပေါ် ဘယ်လောက်များ ရင်နင့် ခံစား နောင်တ ရလိမ့်မလဲ။

တကယ်တော့ ကူညီမှု ဆိုတာ ကူညီသူနဲ့လည်း မဆိုင်ပါ။ ကူညီမှုကို လက်ခံရသူမှာလည်း သင့်တော်သော အထိုက်အလျှောက် ဗဟုသုတ တော့ ရှိဖို့ လိုပါသေးတယ်။ မဟုတ်ရင်တော့ ကိုယ်ကူညီတာက သူများကို နှစ်သလို ဖြစ်ရုံမက သူ့ဘဝကိုပါ ပျက်ဆီး သွားစေနိုင်ပါတယ်။

ဒါဘာလို့လည်း ဆိုတော့ လူဆိုတာ “ အတ္တ နဲ့ လောဘ ” ကို ရှေ့တန်း တင်ထားတတ်ကြတယ် မဟုတ်လား။

ဒါကြောင့် လူတစ်ယောက်ကို ကူညီတယ်ဆိုတာ အလွန် ကောင်းမွန်သော အလေ့အကျင့် တစ်ခုပါ။ သို့သော် ကူညီတာကို အရာ ရောက်ဖို့တော့ လိုပါသေးတယ်။ ဒီလို အရာရောက်ဖို့ ဆိုတာ . . .

၁) ကိုယ့်ရဲ့ ကူညီမှု က “ ကိုယ့်အပေါ် ဝန်ထုပ် ကိုယ်ဝန်ထုပ် ” မဖြစ်အောင် ဆင်ခြင်နိုင်ရမည်။
၂)
ကိုယ့်ရဲ့ ကူညီမှုက သူ့အတွက် နှစ်ရာ မရောက်အောင် ဆင်ခြင်နိုင်ရမည်။

၃)
ကိုယ့်ရဲ့ ကူညီမှုကို သူနားလည် သဘောပေါက်နိုင်သော အခြေခံ ဗဟုသုတ လေးတော့ ရှိရမည်။


ဒါမှသာ ကိုယ် ကူညီလိုက်သော အကူအညီတစ်ခု ၁၀၀ ရာခိုင်နှုန်း ၊ ရာနှုန်းပြည့် အောင်မြင် ပြည့်စုံပါလိမ့်မည်။

Source;
1) The Richest Man In Babylon ( ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် )
2) Mon's Voice
3) Dad's Voice
4) Healthy Magazine
5) Future Magazine


လေးစားစွာဖြင့်

ကိုဇော် ခံစားပုံဖော်သည်။


.

Share/Bookmark

15 ယောက် ရဲ့ ထင်မြင်ချက်:

ချော (အစိမ်းရောင်လွင်ပြင်) said...

စိတ်မပျက်နဲ့
ကူညီတာအကျိုးရှိတယ် လောလောဆယ်တော့
မနေ့ကကိုဇော်ပေးလိုက်တဲ့ Photoshop CS လေးကတော့ အကျိုးရှိသွားတာ အမှန်ဘဲ..
အသုံးတဲ့သွားတယ်...
ကူညီတာ အလဟသ မဖြစ်ပါဘူး..ဟဲဟဲ
ဒီအတွက် ရှဲရှဲပါ..

အနမ်း said...

စေတနာက ဝေဒနာဖြစ်တယ်ဆိုတာလား။ ဒါပေမယ့်
ကိုယ့်စေတနာ ကိုယ်အကျိုးပေးပါတယ် ဆိုတာလည်း လက်တွေ့ပါ။
အဆင်ပြေပျော်ရွှင်ပါစေ။

ချစ်ကြည်အေး said...

ကိုယ့်စေတနာ ကိုယ်အကျိုးပေးပါတယ်...ကိုဇော်...
ဒါပေမဲ့ အကျိုးကို မျှော်ကိုးတဲ့ စေတနာတော့ မဖြစ်စေရဘူးပေါ့....

ကိုဇော် said...

ဟုတ်ကဲ့...
သူဆိုလိုတာက ကူညီတယ် ဆိုတာ ကိုယ့်ဖက်ကို မကြည့်ပဲ သူ့အတွက် တကယ်ကို အရာ ရောက်ဖို့ကို ဆိုလိုတာပါ။
ကိုယ်က ပေးပေမဲ့ သူ့အတွက် အရာ မရောက်မှာ စိုးလို့ပါ..။

အားလုံး...ကျေးဇူးပါ..။

~ဏီလင်းညို~ said...

ကိုဇော်ရေ...
ဒီစာလေးဖတ်ရင်းစဉ်းစားမိတယ်...။
ပေးသူနဲ့ ယူသူညီမျှဖို့လည်း လိုအပ်သေးတာကိုးးးးးးးး
ခင်မင်တဲ့
ဏီလင်းညို

ညရဲ့ကောင်းကင် said...

ဗဟုသုတအတော်ရသွားပါဧ။်...

မိုးယံ said...

ရောင်းသူဝယ်သူ အသံတူမှ အဆင်ပြေမယ်ပေါ့လေ။
သူများ အကူအညီလိုတယ်ဆိုရင် ရမ်းသမ်းကူညီ တတ်တဲ့ ကျွန်တော့်အတွက် တော့ အရမ်းအကျိုးရှိတယ်။ နောက်လဲ ဆင်ခြင်နိုင် အောင် ဒီလိုရေးတဲ့ ဦးကြီးကိုကျေးဇူး တင်ပါတယ်
ကျေးဇူးပါ ဦးကြီးရယ်

ဝက်ဝံလေး said...

ဖတ်ရတာ ကောင်းတယ် အဲလို ပုံတိုပတ်စ လေးတွေ ဥပမာလေးတွေနဲ့ ဖတ်ချင်တာ
များက ကလေးဆိုတော့ ပုံပြင်ကြိုက်တယ်လေ သိတယ်မလား ဟဲဟဲ နောက်လဲ ပုံပြင်တွေ ပြောပြီဦးနော် လာခဲ့မယ်သိလား
အတော်ပဲ ဖေ့ဘွတ်မှာ အက်ထားတော့ အသစ်တင်တိုင်း ဖတ်ဖြစ်တယ် ဘလော့ဂ်မှာဆိုရင်တောင် တနေ့တခေါက်မရောက်ဖြစ်ဘူး ဖေ့ဘွတ်ကတော့ အားတိုင်းဝင် ကတီး ကတီး ဝင်ပဲ ခစ်ခစ် တာ့တာ ဘိုင်

blackcoffee said...

ကျွန်တော်လဲ ကြုံဖူးတယ် ကိုဇော်ရေ..
သူများပိုက်ဆံလိုတယ်ဆိုလို့ 
တခြားတစ်ယောက်ဆီက
ချေးပေးလိုက်တာ သူက
ပြန်မပေးလို့ ကိုယ်ကစိုက်ပေးလိုက်ရတယ်။
သူ့ ဝန်ထုပ်ဝန်ပိုးက ကိုယ့်ကိုပိတာပေါ့။

ဧပရယ်လ်ပူး@ပူးတေ said...

ကိုဇော်ရေ
စာကောင်းလေးတပုဒ်ပါပဲ.... တချို့က ကူညီလို့ မကောင်းတာဖြစ်သွားရင်လဲ အပြစ်၊ ဒါမျိုးဖြစ်မှာစိုးလို့ မကူညီလဲ အပြစ်မြင်တတ်ကြတဲ့ လူတချို့ကို မြင်ဖူးတယ်... ကိုယ့်အမျိုးရင်းထဲကပဲလေ...

ကိုဇော်ရေ မနေ့ကမှ ကိုဇော်ပေးထားတဲ့ နည်းအတိုင်း စမ်းကြည့်ထားတယ်... ကျေးဇူးတင်ပါတယ်နော်... တခါမှတော့ ဝင်မကြည့်ရသေးဘူး။ ကိုဇော့်ဘလော့ကလိုမျိုးလေး လူတွေ မမြင်ရအောင်ကြက်ခြေခတ်ပုံစံလေးပဲမြင်ရအောင် လုပ်လို့ရလားဟင်....ဘာပဲဖြစ်ဖြစ် မသိသေးတာတွေ သိအောင်ပြောပြတဲ့အတွက် ကျေးဇူးပါ။

လသာည said...

ဆေးရွက်ကြီး များများစားတာ နည်းနည်းစားတာနဲ့ ဆိုင်တဲ့ ပုံပြင်ကို ဖတ်ပြီး.. သဘောကျတယ်။ ပိုစ်ကပြောလိုတာနဲ့တော့ မဆိုင်ပါဘူး။ ကိုယ့်ဘာသာ သဘောကျတာပါ၊ ကြုံဖူးတာ တစ်ခုရှိတယ်..

အဲဒါက..ဆယ်တန်းတုန်းက လသာညတို့ကို ရူပဗေဒသင်တဲ့ကျူရှင်ဆရာက သင်္ချာတအားနိုင်တာ..။ သချာင်္ကိုလည်း နေရာတိုင်းသုံးတယ်။

တခါမှာ ၀မ်းချူပ်လို့တဲ့ ၀မ်းနှုတ်ဆေး ၄ပြားစားလိုက်တယ်.. စားပြီးမှ “၄ ပြားက များတယ်၊ တကယ်က ၂ ပြားပဲ စားရမှာ”လို့ သူများတွေ ပြောတာနဲ့ ဆရာက အာနိသင်ကျေအောင်ဆိုပြီး ၀မ်းပိတ်ဆေး ၂ပြားထပ်သောက်လိုက်တယ်..။ သချာင်္အရတော့ မှန်တယ်လေ ၄-၂=၂ ကျန်ပေါ့နော်။ ခန္ဓာကိုယ်အရတော့ ဗိုက်ထဲမှာ ဆေးတွေစစ်တိုက်ပြီး ဆေးခန်းကို ပြေးလိုက်ရတဲ့အထိ ဖြစ်သွားတယ် :D

တချို့အရာတွေက မှန်တော့မှန်တယ်၊ အခြေအနေပေါ်မူတည်တယ် ထင်ပါရဲ့နော်.. :))))

ဒီလိုပိုစ်တွေ များများရေးပါ။ ပုံပြင်တွေနဲ့ဆို အရမ်းဖတ်ကောင်းလို့ပါ။

လသာည said...
This comment has been removed by the author.
ကိုရီး{ကိုကြီး} said...

အင်း.. ဦးဇော်

ဖတ်သွားတယ်
ရင်ထဲ တစ်ခုခုတော့ ရောက်သွားတယ်
"ကိုယ်ကူညီတာ အရာရောက်ရဲ့လား"...... အဲဒါကို တွေးလိုက်ဦးမယ်ဗျာ။

ချစ်ခင်စွာဖြင့်
ကိုရီး{ကိုကြီး}

ahphyulay said...

အင်း.. ဖတ်လို့ အလွန်ကောင်းကိုဇော်ရေ့ ..
မြင်းနဲ့ နွားကိုလည်းကြိုက်တယ်၊ အဲ..
ပန်းနာရင်ကြပ်ကိုလည်းကြိုက်တယ်၊ ဗမာဆေးရွက်ကြီးငုံရင်
ပျောက်တယ်ဆိုတာ အဖိုးမဖြတ်နိုင်တဲ့  ဗဟုသုတပါပဲ။
ကျွန်တော်ဒီရက်ထဲ အဘကျောက်အတွက်တစ်ပုဒ်
ရေးတင်မလို့ ..၊

ငွေလမင်း said...

မြင်းနဲ့ နွား ပုံပြင်လေးက ၁၀ တန်းတုန်းက သင်ခဲ့၇တာက နွားမှာ ဘာကြောင့် အပေါ်သွားမရှိတာလဲ ဆိုတာလေး သတိရသွားတယ် အခု ကိုဇော်ပြောတာက တစ်မျိုး ဗဟတုသုတတွေ တိုးပါတယ် ဘာဘဲဖြစ်ဖြစ် ကူညီနိုင်တာဆို ကူညီလိုက်တာပေါ့ စေတနာက အလကားမဖြစ်ဘူး ထင်တာပါဘဲ

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.