မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


24 October 2010

20 ကိုကြီးကျောက် . . . သို့



ပထမဦးဆုံး ကိုကြီးကျောက် နေမကောင်းဖြစ်နေတာကို သိခွင့်ရတာက ဘလော့ဂ်ဂါ မောင်မိုးကြောင့်ပါ။ သူ ကိုကြီးကျောက်ဆီကို ဖုန်းဆက်ဖြစ်တယ်။ ကိုကြီးကျောက် နေမကောင်းဘူး လို့ ဆိုတယ်။ ဒါနဲ့ ကျွန်တော်တို့ ကိုကြီးကျောက်ရဲ့ဘလော့မှာ သွားပြီး အားပေးစကား ပြောဖြစ်ကြတယ်။ နောက်တော့ ကိုကြီးကျောက်က သူ နေမကောင်းတဲ့ အကြောင်းကို ပို့စ်တင်ပြောရင်း ရှင်းပြတယ်။ 

နောက်တော့လည်း သာမာန်လူတွေလို ထူထူထောင်ထောင် ဖြစ်တယ်လို့ ထင်မြင်ယူဆမိရအောင်ကို ကိုကြီးကျောက်က စာတွေ ပြန်ရေးခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ Online ရဲ့ ဘလော့ပေါ်မှာ ခင်မင်ရတာ ဆိုတော့ ကျွန်တော်တို့မှာ အမြင်မရှိဘဲ အထင်ပဲ ရှိခဲ့တာပါ။ အဲဒီတော့ . . . အဲဒီ အထင်ဟာ လုံးဝ မှားသွားပါတော့တယ်။ ကိုကြီးကျောက်က ဟန်ဆောင်နေခဲ့ပါတယ်။

နောက်တော့ ကိုအောင် ( ပျူနိုင်ငံ ) က ကိုကြီးကျောက်ဆီ ဖုန်းဆက်ဖြစ်တဲ့ အကြောင်းနဲ့ ကိုကြီးကျောက် နေတော်တော် မကောင်းတဲ့ အကြောင်း သိရပြန်ပါတယ်။ ကျွန်တော် ဖုန်းနံပါတ် ကိုအောင့်ဆီမှာ သိခဲ့ရတယ်။ ဖုန်းနံပါတ်ကို နှိပ်ပြီး Call မဝင်ခင် ပြန်ပြန် ပိတ်မိတာ အကြိမ်ပေါင်း များစွာပါပဲ။ ဘာလို့လဲ ဆိုတော့ ကျွန်တော့်ရဲ့ ခံစားမှုက တကယ်ကို တစ်ခါတလေ တစ်မျိုး ဖြစ်နေတတ်လို့ပါပဲ။

ကိုကြီးကျောက်ရေ. . .

ကိုကြီးကျောက် သိတဲ့ အတိုင်း ကျွန်တော်က အတော်ကို လျှာရှည်တဲ့ လူတစ်ယောက်ပါ။ ဘလော့မှာ ပို့စ်ရေးရင်တောင်မှ ခပ်ရှည်ရှည်တွေ ရေးမိပါတယ်။ ရှင်းပြမိတာတွေ တစ်ခါတလေ များနေတတ်ပြန်တယ်။ ဒါပေမဲ့ ကျွန်တော် စကားသံ မထွက်တဲ့ အခြေအနေ နှစ်မျိုး ရှိတယ်။

၁။ ကျွန်တော် ဒေါသထွက်နေရင် ကျွန်တော် စကားသံ မထွက်ဖြစ်တော့ဘူး။ လက်ကပဲ အရင် ရောက်သွားမိတယ်။

၂။ ကျွန်တော် စိတ်မကောင်း ဝမ်းနည်းနေမိရင် ကျွန်တော် စကားသံ မထွက်ဖြစ်တော့ဘူး။

ဒီလို အခြေအနေတွေ ကိုယ်တိုင်က စိတ်ခံစားမှု ရှိလို့ ကျွန်တော် ကိုကြီးကျောက် နေမကောင်းရာကနေ ဆေးရုံတတ်ရတယ် ဆိုတဲ့ နောက်ပိုင်း ကိုကြီးကျောက်က ဆေးရုံက ဆင်းလာပြီးတော့ ဆိုက့်တကာ့ဆိုက် နေရာတကာ့နေရာမှာ လိုက်ပြီးတော့ မြင်မြင်သမျှ သူ့လက်ရာဆိုတာကို တွေ့လိုက်ရတော့ တစ်မျိုးကြီးပါလားလို့ ထင်မိပါသေးတယ်။

နောက်တော့မှ ကင်ဆာ ရောဂါဖြစ်နေပြီ ဆိုတော့ ကျွန်တော် တစ်မျိုးကြီးက တကယ်ကြီး လို ဖြစ်လာတော့တာပါပဲ။ ဒါကြောင့် ကျွန်တော် လိုင်းပေါ်ကို တတ်မယ် ဆိုရင် အရင်ကလို ကိုကြီးကျောက်နဲ့ တွေ့ရင် . . . .

“ ဝေး . . ကိုကြီးကျောက် ”

“ ဟေ . . ကိုဇော် ”

ဆို ပြီးရင် ကျွန်တော် ဘာများ ဆက်ပြောရတော့မလဲ။

“ နေကောင်းလား ”

ဆိုသော စကားက ဒီအခြေအနေမှာ တော်တော် ရိုင်းတယ် လို့ ခံစားမိပြန်တယ်။

“ ကျန်းမာရေး ဂရုစိုက်ပေါ့ ကိုကြီးကျောက်ရာ ၊ ကျန်းမာခြင်းဟာ လာဘ်တစ်ပါး ”

ဆိုပြီး ပြောမိပြန်ရင်လည်း ကိုယ့်ထက် ကြီးတဲ့ လူကို ကျွန်တော် “ မိကျောင်းမင်း ရေခင်းပြ ၊ ဘုန်းကြီး စာချ ” လုပ်နေသလိုလို ခံစားမိပြန်တယ်။ ဒါကြောင့် အခု နောက်ပိုင်း ကျွန်တော် ကိုကြီးကျောက်ကို လိုင်းပေါ်မှာ တွေ့ပြီး စကားပြောရင် ဘယ်က စပြောရမှန်း မသိနိုင်ခဲ့။

စာလေးနဲ့ ရေးပြီး ပြောတာတောင်မှ ဒီလို ဆိုတော့ ခုနကလို ဖုန်းခေါ်ပြီး မဝင်ခင် အကြိမ်ကြိမ် ပိတ်မိတာကလည်း “ ဟလို ” ဆိုတဲ့ အသံကြားပြီးရင် ဘယ်လို စကားစပြောရမှန်းကို မသိလို့ ဖုန်းကို ခေါ်ပြီး ပြန်ပြန်ပိတ် မိခဲ့တာပါပဲ။ လိုင်းပေါ်မှာ ကိုကြီးကျောက် ရှိနေတယ် ဆိုတာကို Invisible နဲ့ ပုန်းနေတဲ့ ကျွန်တော် တွေ့ပင်မဲ့လည်း မခေါ်ဖြစ်ခဲ့ပါ။ ကိုကြီးကျောက် စခေါ်ရင်တောင်မှ ကျွန်တော် အထစ်ထစ် အငေါ့ငေါ့ ပြန်ပြောနေမိမှာ စိုးလို့ အချိန်ပြည့် လိုင်းပေါ်မှာ ရှိနေတတ်တဲ့ ကျွန်တော် ပုန်းနေမိတော့တာပါပဲ။

အခုတော့ . . . ကိုကြီးကျောက် ရဲ့ ရောဂါ အခြေအနေကို အစ်မ ရွှေစင်ဦး ဘလော့မှာ တွေမိပါတယ်။

“ ကိုကြီးကျောက် အခြေအနေကောင်းတယ် ရွှေစင်ရေ..ဆေးစားပြီး ကင်ဆာ ကို ကြုံ့အောင် လုပ်ပြီး ခွဲရင်ရမယ်။ ”

တော်ပါသေးရဲ့ လို့ ရေတွက်မိပေမဲ့ အခု နောက်ပိုင်းတော့ ကိုကြီးကျောက်နဲ့ စကားမပြောဖြစ်ခဲ့ပါဘူး။ ပြောစရာတွေ ဆွံ့အ နေခဲ့တယ်။

ဟိုတစ်နေ့က ကိုချစ်ဖေ ဘလော့မှာ ကိုချစ်ဖေက ပို့စ်ကဒ်လေးတွေ ပို့ပြီး အားပေးစကား ပြောဖို့ အကြံပေးလာတော့ ရုတ်တရက်ကို ကျွန်တော် ဝမ်းသာသွားမိတယ်။ ကိုယ့်ဖာသာ အားပေး စကားလေးတွေကို ရေးပြီး ပို့ပေးလိုက်မယ်ပေါ့။

ဒါနဲ့ အဲဒီနေ့ပဲ ပို့ကဒ်လေးတွေ သွားဝယ်ပါတယ်။ Happy Birthday ကဒ်တွေပဲ များနေလို့ ၊ ပြီးတော့ အတွေ့အကြုံ ကလည်း မရှိလေတော့ ဘာဝယ်လို့ ဝယ်ပေးရမှန်း မသိပါဘူး။ နောက်မှ အဆင်ပြေမယ် ထင်တဲ့ ကဒ်လေးတွေ ဝယ်လာပြီး စာရေးဖို့ ပြင်ပါတယ်။







ကျွန်တော် ဘာရေးရမလဲ။

ဒါကို စဉ်းစားရင်း အချိန် ၄ ရက်လောက် ကုန်သွားတယ်။ ဘလော့ပေါ်မှာ စာတွေကို အစ်မတစ်ယောက် ပြောသလို စက်က ကျလာသလို ရေးနေတဲ့ ကျွန်တော် ဒီပို့စ်ကဒ်လေးပေါ်မှာ စကားလုံးတွေ ရှာမရဘူး။

“ ကိုကြီးကျောက် နေကောင်းလား ”

ဟာ . . ဒီအချိန်မှာ ဒီစကားက အရိုင်းဆုံး စကားလို့ ကျွန်တော် သတ်မှတ်ထားတယ်။

“ ကျန်းမာရေး ဂရုစိုက်ပါ ၊ ဆေးမှန်မှန် သောက် ၊ နေကောင်းအောင် နေ ”

အစရှိသဖြင့် ဘယ်စကားလုံးမှ အဆင်မပြေ။ ကိုယ်ကပဲ ဆရာကြီး လုပ်နေသလို ဖြစ်နေမှာလည်း ကျွန်တော် စိုးရိမ်မိတယ်။ နောက်ပြီးတော့ ကိုယ့်ထက် ဒီလောက် အတွေ့အကြုံများ လူတစ်ယောက်ကို အားပေးဖို့ ဆိုတာ မလွယ်လှဘူးလို့လည်း ထင်မိပါတယ်။

ဘယ်လိုပဲ ဖြစ်ပါစေ။ အဲဒီအချိန်မှာ ကျွန်တော် စိတ်ထဲ ရင်ထဲမှာ ရှိနေတဲ့ အတိုင်း ကျွန်တော် ပို့စ်ကဒ်လေး နှစ်ခုပေါ်မှာ ချရေးလိုက်ပါတယ်။ ငယ်ငယ်က ရည်းစားစာ ရေးတုန်းကထက် ဆိုးတယ် ကိုကြီးကျောက်ရေ။ ဘောပင်ကိုတောင်မှ မနိုင်သေးတဲ့ ကလေး တစ်ယောက်လိုမျိုး နှစ်ခါ လွတ်ကျသေးတယ်။ စာရေးလို့ ပြီးပြီလို့ ကိုယ့်ဖာသာ ပြန်ကြည့်လိုက်တော့ ထပ်အံ့သြမိပါရဲ့။ ကောက်တိကောက်ကွေးနဲ့ စာကြောင်းတွေကလည်း အောက်စိုက် ၊ အပေါ်ထိုးနဲ့ အမျိုးမျိုးကို ဖြစ်နေတော့တာပါပဲ။

ဒါပေမဲ့ ကျွန်တော် ရင်ထဲက ပြောမပြတတ်သော ခင်မင်မှုတွေ ပါသွားမယ် ဆိုတာကိုတော့ အကြွင်းမဲ့ ယုံကြည်ပါတယ်။ ပြီးတော့ ကျွန်တော် ပြီးပြီးရော ပြောလိုက်တာလည်း မဟုတ်ပါဘူး။ ကျွန်တော် ရင်ထဲမှာ ရှိသမျှကို ပုံဖော် မပြောပြတတ်သူ တစ်ယောက်ရဲ့ ကျောက်ထွင်း အက္ခရာတွေပါပဲ။ ကောက်တိကောက်ကွေး နိုင်ချင် နိုင်မယ် ၊ စာသား ပြေပြစ်ချင်မှ ပြေပြစ်မယ် ၊ ဘယ်လိုပဲ ဖြစ်နေပါစေ အဓိက ရည်ရွယ်တာကတော့ ကိုကြီးကျောက်ကို ကျန်းမာနေကောင်းပြီး ပျော်ရွှင်လန်းဆန်းစွာ အသက်ရှည်ရှည် နေရစေချင်တာပါပဲ။ 

“ ကိုကြီးကျောက် ကျန်းမာ ရွှင်လန်းကာ အသက်ရှည် ပျော်ရွှင်ပါစေ။ ”

“ ကိုကြီးကျောက် ကျန်းမာ ရွှင်လန်းကာ အသက်ရှည် ပျော်ရွှင်ပါစေ။ ” 

“ ကိုကြီးကျောက် ကျန်းမာ ရွှင်လန်းကာ အသက်ရှည် ပျော်ရွှင်ပါစေ။ ” 

လို့ ဆုပန်ရင်း ဝါလကင်းလွတ် သီတင်းကျွတ်မှာ ကိုကြီးကျောက်ကို ကန်တော့ လိုက်ပါတယ် ကိုကြီးကျောက်ရေ...



တစ်ခါတလေ . . . 

ဘယ်လောက်ပဲ စိတ်ဓါတ် အင်အား ကောင်းသူ ဖြစ်နေပါစေ အားငယ်တတ်ပါတယ်။ ဒီလို အချိန်မှာ ကိုယ့်ကို ဘာရယ် မဟုတ်တဲ့ အားပေးမှုလေး တစ်ခုက ထိုလူတစ်ယောက်ကို ရုတ်ခနဲ အင်အား တိုးသွားစေသလိုမျိုး အားရှိစေကာ ရှင်သန်စေ နိုင်ပါတယ်။ သူများတွေ ဖြစ်တာ မြင်ဖူးနိုင်သလို ၊ ကိုယ်တိုင်လည်း ကြုံဖူးကြမှာပါ။ လူတစ်ယောက်ရဲ့ မေတ္တာပါဝင်သော အားပေးမှုက လောကကြီးမှာ အလွန်အင်အား ကြီးပါတယ်။

အခု စာဖတ်သူများမှ ကိုကြီးကျောက်ကို အားပေးချင်တယ် ဆိုရင် အောက်ပါ အတိုင်း ကိုကြီးကျောက်ရဲ့ ဘလော့ကို သွားပြီး အားပေးချင်ရင်လည်း အားပေးလို့ ရပါတယ်။ ဒါမှ မဟုတ် ဖုန်းနဲ့သော်လည်းကောင်း ၊ အမှတ်တရ ပို့စ်ကဒ်လေးများ ပို့ပြီး အားပေးချင်တယ် ဆိုရင် လည်းကောင်း အားပေးနိုင်ကြပါတယ်။

ကျွန်တော်တို့ အားလုံး ကိုကြီးကျောက်အတွက် သီချင်းလေး တစ်ပုဒ် အတူတူ ဆိုကြရအောင်ဗျာ။ 

Michael Jackson - You Are Not Alone




ဘလော့ - http://penai22.blogspot.com

ဖုန်း  - +1 210 787 0932

လိပ်စာ - Nai Pe
            11 Grandin Circle
            Rockville MD 20851
            USA


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

20 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ကိုယ် တို့အားလုံးရဲ့ ဘလော့ဂါ အကိုကြီး ကျန်းမာချမ်းသာ လန်းဖြာ ပါစေလို့ ကိုဇော် ရဲ့ ပိုစ် မှာ အရင်ဆုံး ဆုတောင်းပေးသွားပါတယ်ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ကိုကြီးကျောက် အမြန်ဆုံး နေကောင်းစေဘို့ နေ့စဉ်ဆုတောင်း ပေးနေမယ်...
လွင်လွင်

ရွှေရတုမှတ်တမ်း said...

ဒါ သီတင်းကျွှတ်မှာ ဆုတောင်းရင်း ..ကန်တော့တဲ့ post ပေါ့လေ...

ကဲ...ဆုပြန်ပေးမယ်...
ကျန်းမာပါစေ ချမ်းသာပါစေဗျာ...

~ဏီလင်းညို~ said...

ထပ်တူထပ်မျှပါပဲ ကိုဇော်.....

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

မောင်မိုး said...

ဖြစ်နိုင်ရင် ဒီအကြောင်းတွေ မတွေးချင်ဘူး။

ရုံးပတေသီးလေး said...

ကိုကြီးကျောက်
ဆန္ဒပြည့်ဝပါစေ

khin oo may said...

ခံစားရပါတယ်။

Anonymous said...

သက်သာ ပျောက်ကင်းပါစေရှင်။
may

ချစ်ကြည်အေး said...

ကိုကြီးကျောက် တုံးကျော်ကျောက် ဖြစ်ပါစေ...:)


မောင်ဇော်...အပြစ်တွေ ရှိခဲ့ရင် ခွင့်လွှတ်ပြီးသားလို့ မှတ်ပါ။ သီတင်းကျွတ်မှာ လူကြီးသူမတွေကို ခုလို ကန်တော့တဲ့ အကျိုးကြောင့် ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာလျက် လောကီ လောကုတ် နှစ်ဖြာ အကျိုးရှိရာများ ယခုထက် ပို၍ ရွက်ဆောင်နိုင်ပြီး မိဘ ကျေးဇူးဆပ်ခွင့်ရသော၊ သာသနာအကျိုး ထမ်းရွက်ခွင့်ရသော ယောင်္ကျားဇာနည် ဖြစ်ပါစေကွယ်....

ချစ်ကြည်အေး said...

ကန်တော့တဲ့သူကို မုန့်ဘိုးပေးဖို့ မေ့ခဲ့လို့ ရော့ ယူစေ ငွေအသပြာ စလုံး SSSS$$$$တရာ

ကိုအောင် said...

ကန်တော့ပြီး မုန့်ဖိုးတောင်း ကိုဇော်ရေ ...

ဝက်ဝံလေး said...

ဖတ်ပြီးတော့ ရင်ထဲ နင့်သွားတယ် အပေါ်က ဦးမိုးပြောသလိုပဲ ဖြစ်နိုင်ရင် အဲဓီ အကြောင်းမတွေးချင်ဘူးကွယ်

အလိုလိုနေရင်း လူက အသည်းငယ်ပါတယ်ဆိုမှ
ဘူးသီးလုံးလောက်ရှိတဲ့ မက်ရည်တွေ ဝဲလာဘီ ဟင့်

T T Sweet said...

ကိုဇော် ခံစားရတာနဲ့ ထပ်တူထပ်မျှပါပဲ။

လူတိုင်းကချစ်တဲ့ တို့ကိုကြီးကျောက် အမြန်သက်သာပျောက်ကင်းပါစေ။

T T Sweet said...
This comment has been removed by the author.
ahphyulay said...

ကိုဇော်ရေ့  ...
ကျွန်တော်ကတော့  အခုတစ်လော ဘလော့ ရွာကြီး
ထဲက နေရာအတော်များများမှာ ကိုကြီးကျောက် အကြောင်း
အကြိမ်တော်တော်များများ ရေးနေပြောနေတာတွေ့ တွေ့  နေရ
ပါတယ်၊ကျွန်တော်က ဟိုတုန်းကတဲက မြုံစိစိ နေတတ်တဲ့ 
အကောင်ဆိုတော့  ရွာထဲမှာ မိတ်ဆွေ ရှားလွန်းတာကြောင့် 
အဲ့ ဒီ ကိုကြီးကျောက်ကို မခင်ဘူးပေမဲ့  စာနာမိလာပြီး စိတ်လဲ
မကောင်းဖြစ်မိပါတယ်ဗျာ၊ကျွန်တော်တို့ အားလုံးကဒီလိုပဲ
တစ်ချိန်မှာ သူ့ လိုရင်ဆိုင်ရမှာပါ၊ သူ့ အလှည့်  ကိုယ့် 
အလှည့်  ..တဲ့ ။ နေ့ အသစ်လေးတွေကိုပြန်လည်မွေး
ဖွားလာနိုင်ပါစေလို့ ၊ ကိုကြီးကျောက်အတွက်..။

ကိုရီး{ကိုကြီး} said...

ဦးဇော်

ဒီပိုစ့်လေးဖတ်ပြီး ပြောချင်တာလေးတွေပါ.....

ညီငယ် ရွှေနတ်သား (ညီစိုးမိုဃ်း) က လင့်ခ်တစ်ခုလာပေးတယ်
ကိုရီး သွားကြည့်လိုက်ပါတဲ့၊ ကိုကြီးကျောက်... (ရွှေရတုမှတ်တမ်းပေါ့)
ကျနော် နဲ့ ရွှေနတ်သားတို့ ကိုကြီးကျောက် အကြောင်း စာတွေဖတ်ပြီး စကားတွေ အများကြီး
ပြောဖြစ်ကြတယ်..... မကြာခဏ သွားဖတ်ဖြစ်ပေမယ့် တစ်ခါလားပဲ မန့်ဖြစ်ခဲ့တယ်။
အရင်ဆုံး ညီလတ်(ကိုဇောင်း) က မချစ်ကြည်အေး ရဲ့ကိုကြီးကျောက် ကျန်းမာရေး အကြောင်းတင်ထားတဲ့ ပိုစ့်လင်ခ့်လေး လာပေးတယ်။ အထက်က ပြောသွားသလိုပဲ ဘလော့ဂ်ဂါ အစ်ကို ညီ ညီမ (ကိုကြီးကျောက်) ကိုချစ်ခင်သူတွေက ဆုတောင်းမေတ္တာ ပို့သတဲ့ပိုစ့်တွေ တော်တော်များများတက်လာ မန့်လာကြတယ်။ ငြင်းစရာမှ မလိုတာ။ မမြင်မတွေ့
ဖူးကြပေမယ့် ကိုကြီးကျောက် အပေါ်ထားတဲ့ ညီ ညီမတွေရဲ့ မေတ္တာတွေ........
မှတ်မှတ်ရရ "သာစည်/ဘန်ကောက် ရေချိုး" ပို့စ့်လေးဖတ်ပြီး ကိုကြီးကျောက်ကို သွားနောက်ဦးမယ်ပေါ့။ မလေးရှားရောက်တဲ့နေ့မှာပဲ ညီလတ်(ကိုဇောင်း) က မချစ်ကြည်အေး ရဲ့ ပိုစ့်လေးကို ညွှန်းပါတယ်။ ကျနော် မယုံးဘူး။ ဆုတောင်းမေတ္တာပို့သူတွေ မနည်းမနောပေါ့...
နောက်ထပ် "ယမမင်းသို့ ခြေလှမ်း ၁၈၀" ........ ကျနော် မန့်တာတွေပဲ ထိုင်ဖတ်ဖြစ်ခဲ့တယ်။
မမြသွေးနဲ့ ဖုန်းပြောဖြစ်တယ်၊ ကိုကြီးကျောက် ကိုသိလားတဲ့။ ဟာ.... အစ်မရာ မသိနေမလား။
ကျနော် ခြေရာတွေ မချန်ဖြစ်ခဲ့တာပါ။ ဒါကလည်း အချိန်ဆင်းရဲတဲ့ ကျနော့် အနေအထားကြောင့်ပါပဲ။ ဒီနေ့မှ ကျနော့် ဆိုဒ်ရဲ့ လင့်ခ်လေးကို ကိုကြီးကျောက် ဘလောဂ့်လေး
မှာ ချိတ်ဆက်ထားတာ သတိပြုမိခဲ့တယ်။ ဘလောဂ့်ဘက်မှာ အစ်ကိုကြီး နဗန၊ ကိုမင်းဒင်၊
ကိုကြီးကျောက် တို့ရဲ့ စာတွေဖတ်ပြီး ခံယူချက်တွေ အားအင်တွေ အများကြီး ရခဲ့တာပါ။
လေးစား အတုယူရတဲ့ နောင်တော်ကြီးတွေပါ။ ပြုပြုသမျှသော ကောင်းမှု ကုသိုလ်အစုစုကို တိုင်တည်ပြီး ကိုကြီးကျောက်အတွက် လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ် ခင်ဗျာ။
"ကိုကြီးကျောက် ကျန်းမာရွှင်လန်းကာ အသက်ရှည် ပျော်ရွှင်ပါစေ"

ချစ်ခင်စွာဖြင့်
ကိုရီး{ကိုကြီး}

အဖြူရောင်နတ်သမီး said...

ကိုဇော်ရေးတဲ့ ပို့စ်လေးလည်းဖတ်ရင်း..
ဘကျောက်ကျန်းမာပျော်ရွှင်ပါစေ...လို့ ဆုတောင်းပေးသွားပါတယ်..။

နိုင်းနိုင်းစနေ said...

ကိုကြီးကျောက်နဲ့မသိပေမယ့် ဟိုနား.. ဒီနား ကိုကြီးကျောက်အကြောင်းဖတ်မိတယ်။ ကူညီအားပေးတတ်ကြတဲ့၊ စိုးရိမ်ပူပန်တတ်ကြတဲ့ မြန်မာဘလော့ဂ်အချင်းချင်းတွေကြောင့် ကိုကြီးကျောက် အခြေအနေကို သိလာရတယ်။ လူတိုင်း တစ်နေ့ မလွဲမသွေ သွားရမယ့်လမ်းဆိုပေမယ့် ကိုကြီးကျောက်အတွက် စိတ်မကောင်းဖြစ်မိတယ်။ ရှင်သန်နေတဲ့အချိန် အတောအတွင်း ကိုကြီးကျောက်တစ်ယောက် ကျန်းမာပျော်ရွှင်ပြီး လုပ်ဆောင်ချင်သမျှ၊ လုပ်ဆောင်နိုင်ပါစေလို့ပဲ ဆုတောင်းပေးနိုင်ခဲ့တယ်။

မျှော်လင့်ချက်ရှိနေသရွေ့ လူတစ်ယောက်ဟာ လွယ်လွယ်နဲ့မသေနိုင်ဘူးတဲ့

မနက်ဖြန်တိုင်းမှာ နေ့သစ်၊ အင်အားသစ်တွေနဲ့ ကိုကြီးကျောက်တစ်ယောက် ကျန်းမာနေပါစေ

လေးစားစွာဖြင့်
နိုင်းနိုင်းစနေ

မိုးယံ said...

နောက်တတ်ပြောင်တတ်ပေမယ့် နှလုံးသား နုတဲ့လူဗျ။ ဒီပို့စ်ကိုဖတ်ပြီး......

ကဲပါလေ ပြောလိုက်ပါမယ်။ မျက်ရည်ဝဲတယ်ဗျာ။ ခင်မင်မှု ဆိုတာ အချိန်အတိုင်းအတာနဲ့ မဆိုင်ဘူးဆိုတာ ဘကျောက်နဲ့ ဂျီတော့ ပြောဖြစ် ချက်ဖြစ်တာတွေကြောင့် သိခဲ့ပါတယ်။

ဒါကြောင့် ဘကျောက်ကို လပြည့်နေ့တုန်းက သွားကန်တော့ခဲ့ပါသေးတယ်။ (အွန်လိုင်းကနေပါ)

ဘကျောက် အမြန်ဆုံး ကျန်းမာ ရွှင်လန်း ပါစေ။ အဖိုးတန် တဲ့ ဘ၀ရဲ့ ဖြတ်သန်းမှုတွေ ဆက်လက်ရေးသားနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဦးဇော် လိုပဲ ခံစားရပါတယ်ဗျာ။

ငွေလမင်း said...

ဒီပိုစ်လေး ဖတ်ပြီးစိတ်ထဲဝမ်းနည်းရပါတယ်
တမျိုးလေးလဲ ခံစားရပါတယ် ကိုကြီးကျောက်ကို ဘလော့ဂါတော်တော်များခင်တာချစ်တာတွေ့ရတာလဲ ၀မ်းသာစရာပါ ကိုကြီးကျောက် စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ