မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


22 October 2010

20 မာရ်နတ်ရဲ့ ရုပ်သွင်ပြင်


အမှာ . .

မရေးတာ အတော်ကို ကြာပြီ ဖြစ်တဲ့ ကျွန်တော့် စာရေးဟန်လေး တစ်ခုကို ပြန်ပြီး နွေးမိခြင်းပါ။ မေ့သွားမှာ စိုးလို့လည်း ပြန်ပြီး အစထုတ် ရေးကြည့်မိလည်း ဖြစ်ပါတယ်။ 



အန်ကယ်ညွှန့် အတော်ကို “ စိတ်ပျက်လက်ပျက် ” ဖြစ်နေသည်။ တကယ်တမ်း အပို မပြောကြေး ဆိုရင် သူ “ စိတ်ပျက် ” နေတာသာ ဖြစ်သည်။ သို့သော် လူတွေရဲ့ ထုံးစံအရ စကားတွေ အပိုပြောရင်း ဘယ်ကနေ ဘယ်လို “ လက်ပျက် ” ဆိုတာက ပါလာလဲ သူလည်း မသိပါ။ တကယ်တော့ သူ  လက်မပြတ်ပါ ၊ လက်လည်း မပျက်စီးသေးပါ ၊ သူ “ စိတ်ပျက် ” နေမိခြင်းသာ ဖြစ်သည်။ 

သူ့နာမည်က ဦးကျော်ညွှန့် ဆိုပေမဲ့ သူ့ကို ခင်သော အားလုံးလိုလိုက အန်ကယ်ညွှန့် ဟုသာ ခေါ်၏။ သူစိတ်ညစ်နေရတဲ့ အကြောင်းရင်းကလည်း တခြားတော့ မဟုတ်။ သူများတွေ ဖြစ်နေကြ ကိစ္စတွေလိုပဲ သူလည်း ကိုယ့်ပစ္စည်းနဲ့ ကိုယ် ဒုက္ခဖြစ်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေခြင်း ဖြစ်သည်။ ( ပါလာပြန်ပြီ ဒီ လက်ပျက်က )

သူ့မှာ ဘိုးဘွားပိုင် မြေကွက်ကို ညီအစ်ကို မောင်နှမတွေ ခွဲဝေပိုင်းဖြတ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူ လိုက်ရလေသည်။ ဘယ်သူက ဘယ်လောက် ပိုင်ဆိုင်သင့်တယ် ဆိုတာကို ငြင်းခုန်နေရင်း ရုံးကြေး ၊ ကနားကြေးတွေ ကုန်ကာ ရိုးရိုးခွဲရင် မြို့ထဲမှာ ခြံတစ်ကွက် ဝယ်နိုင်မဲ့ အမွေပစ္စည်းတွေက ပွန်းတီးပျက်သုံးကာ နှစ်ပေါင်းများစွာ အတွင်း ပါးလျပြီး သူ့လက်ထဲ ရောက်လာတော့ မြို့စွန်က မြို့သစ်မှာသာ မြေကွက်ကလေး တစ်ကွက် ဝယ်နိုင်တော့သည်။ ပေ ၂၀ x ၆၀ ဆိုသော မြေကွက်ကလေး။

အိမ်လေးကို အောက်ခြေက အုတ်ဖိနပ်ခံကာ ခပ်မြင့်မြင့်လေး ဆောက်လိုက်သည်။ မြို့သစ်က အိမ်ယာတွေ ဆိုတော့ မတော်တဆ ရေများကြီးလာမလား ၊ မြွေပါးကင်းပါးပဲ တက်လေမလား ဆိုသော အသက်ကြီး သူတွေရဲ့ စိတ်ပူပန်မှုကြောင့် သူ့အိမ်လေးက သူများတွေထက် ပိုမြင့်သည်။ ဒါကြောင့် သူ့အိမ်လေးက မြင့်မြင့်မားမား ဖြစ်နေသည်။ သူ့အိမ်က ပြဿနာ မရှိပါ။ သူ့မှာ ပြဿနာ တတ်နေတာက ထိုအိမ်ကို ဆောက်ထားသော မြေ ဖြစ်သည်။

မြေက ရွံ့ဆန်သော မြေလည်း မဟုတ် ၊ ဂဝံဆန်သော မြေလည်း မဟုတ် ၊ သဲဆန်သော မြေလည်းမဟုတ်။ ထိုမြေကား မြေဆွေးဆန်သော မြေမျိုးသာ ဖြစ်သည်။ ထိုကြောင့် သူ ဒီမြေကွက်ကို ဝယ်ပြီးကတည်းက ခြံစည်းရိုးကို သုံးပေ အနက်တူးကာ အုတ်ဖောင်ဒေးရှင်းချပြီးမှ အပေါ်မှာ သံဒေါက်တိုင်များ ထောင်ကာ သံစကာကွက်များဖြင့် ကာလိုက်သည်။ ခြံသည် အလုံပိတ် ၊ အပြင်မှ ဘာမှ မမြင်ရ ဆိုပြီး ဖြစ်မနေသလို ၊ အိမ်ထဲမှလည်း အပြင်ကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ရသည်။

ထိုခြံကို စောင့်ဖို့ အင်းခွေးကြီး နှစ်ကောင် မွေးထားသည်။ တဝေါင်းဝေါင်းနှင့် ခြင်္သေ့ နားအူအောင် ထိုးဟောင်တတ်သော အကောင်များ ဖြစ်၏။ အန်ကယ်ညွှန့် ခြံနားကို ဘယ်သူမှ မကပ်ရဲကြ။ တရှူးထိုး ထိုးဟောင်ကာ အပြေးသွားတတ်သည်။ ခြံတံခါးကို ပိတ်ထားသောကြောင့်  အပြင်ထွက် မရသော်လည်း ခြံတံခါးကို လက်အစုံကို ပစ်တင်ကာ အစွမ်းကုန် ဖြဲပြထားသော အစွယ်သွားများဖြင့် ထိုးဟောင်တတ်သည်။ မသိ၍ ခြံနား ကပ်မိသူများမှာ ခွေးနှစ်ကောင်ရဲ့ ရုတ်တရက် အပြေးရောက်လာကာ ထိုးဟောင်မှုကြောင့် လန့်ကာ ချော်လဲ ပြုတ်ကျတတ်ကြသည်။ ( “ လန့် ” မှာ အောက်ကမြစ် ကျန်ခဲ့ရင် ဖြည့်ဖတ်ပါ။ ထိုအတိုင်း မဖတ်ပါနှင့် )

ဒီလို ခြံလုံသော ခွေးနှစ်ကောင် ရှိသောကြောင့် အန်ကယ်ညွှန့် စိတ်ချရသော်လည်း အလွန်ကို စေ့စေ့စပ်စပ် နိုင်ပြီး စပ်စပ်စုစု လုပ်သောကြောင့် သူ စိတ်ညစ်ရ ပြန်လေသည်။ တခြားတော့မဟုတ် သူ့ခြံထဲမှာ လူသွားလမ်းလေးကို အုတ်ခဲလေးတွေ ခင်းထား၏။ ထိုလမ်းလေးမှ လွဲပြီး ကျန်သော နေရာတွေက မြေသားများပင်။ ဒါကို မြေထဲမှာ မင်းမူကာ သောင်းကျန်းနေသော မြေကြွက်များက  မြေထဲမှာ ဖောက်ထွင်းကာ သူတို့ရဲ့ အသိုက်ကို ချဲ့ထွင်ကြသည်။ သူတို့ နယ်မြေချဲ့ထွင် အောင်မြင်မှု အဖြစ် မြေသားပေါ်မှာ သူတို့ ကြွက်တွင်း အဝလေးများ ပေါ်လာတတ်သည်။ 

ဒါကို မြင်ရင် အင်းခွေး နှစ်ကောင်က တွင်းထဲကို သူတို့ နှာခေါင်းကို ထိုးသွင်းကာ အနံ့ခံ၏။ ထိုနောက် ထိုတွင်းထဲမှ ကြွက်နံ့ကို ရလျင် တွင်းထဲမှ ကြွက်ကို ရစေဖို့ သူတို့ လက်အစုံနဲ့ တူးယက်တော့သည်။ ထိုအခါ ကြွက်က ဖောက်ထားသော အပေါက် သေးသေးလေးက ခွေးတူးလို့ တွင်းကြီးကြီး ဖြစ်သွားလေတော့သည်။ မနက် မိုးလင်းလို့ အန်ကယ်ညွှန့် အိပ်ယာမှ ထကာ အိမ်အပြင်ကို ထွက်လိုက်ရင် ညက ဖောက်ထားတဲ့ ကြွက်တွင်းကို ခွေးက ယက်ထားလို့ တွင်းကြီး ဖြစ်နေတာကို တွေ့ရင် ဒေါသတွေ အချောင်းချောင်း ၊ အလုံးလုံး ထွက်သည်။ ဒေါသတွေ အုံကြွသည်။ ပုံကျသည်။ သူပုန်ထသည်။

ဒီအချိန်ဆိုရင် နှပ်နေလောက်ပြီ ဖြစ်သော အန်ကယ်ညွှန့် မမြင်ရတဲ့ မြေကြီးထဲမှ ကြွက်ကို မေတ္တာ မဟုတ်သော ပြောင်းပြန်များ ပို့သည်။ တူးထား ၊ ယက်ထားသော ခွေးနှစ်ကောင်ကိုလည်း တုတ်တစ်ချောင်းနဲ့ လိုက်ရိုက်သည်။ ဒီတော့ ငြိမ်ပြီး လက်ပိုက် ရပ်မနေတတ်သော ခွေးတွေက ခြံဝန်းထဲမှာ လှည့်ပတ် ပြေးကြ၏။ သူက လိုက်ရိုက်၏။ ခွေးက အော်ကာ ၊ အူကာ ၊ အီကာ ပြေး ၊ သူက ကြိမ်းမောင်းကာ လိုက်ရိုက်နဲ့ ပတ်ဝန်းကျင် တစ်ခုလုံး နံနက်ခင်းမှာ နှိုးစက်မလိုဘဲ ဆူပူမှုနဲ့ နိုးလာခဲ့ကြရ၏။

နေ့စဉ် ဆိုတော့ ရက်ကလည်း ဆက်လာ၏။ နံနက် မိုးလင်း ၊ အန်ကယ်ညွှန့် ခြံထဲဆင်း ၊ ကြွက်တွင်းကို ခွေးယက်တာတွေ့ ၊ လူက အော်ဟစ်ဆူပူ ၊ ခွေးတွေ အူ ၊ ဒါပေမဲ့ နောက်ဆုံးတော့လည်း သူ့စိတ်ကြိုက် ခွေးတွေကို ရိုက်အပြီးမှာတော့ သူ့ဒေါသတွေ အတော်ပြေသွား၏။ တချို့တဝက်သော ဒေါသတွေကတော့ မပြေသေး။ ဘာလို့လဲ ဆိုတော့ မြေကြီးထဲမှ ကြွက်များကို သူ လိုက်ရိုက်လို့ မရ၍ ဖြစ်၏။ သူကလည်း မြေကြီးထဲ ဝင်ဖို့ အစီအစဉ် မရှိသေး။ ဒါကြောင့် တူးယက်ထားတဲ့ မြေတွေကိုပဲ ပေါက်တူး တစ်လက် ဆွဲကာ မြေကြီးကို မြေကြီးထဲ ပြန်ထည့်ရတော့သည်။ ဖို့သည်ဟု ဆိုနိုင်သည်။

ဒါက အန်ကယ်ညွှန့်ရဲ့ နေ့စဉ် နံနက်စောစော သွေးပူ လေ့ကျင့်ခန်းလို ဖြစ်နေပါတော့သည်။ နေထိုင်ကောင်းအောင် လှုပ်ရှားမှု အသားပေး အက်ရှင်ကား တစ်ကား ရိုက်နေရသလို သူ နေ့စဉ် သရုပ်ဆောင် နေရသည်။

“ ကိုကျော်ညွှန့် ဘာတွေ လုပ်နေတာလဲဗျ ”

ပေါက်တူး တစ်လက် နဲ့ ခွေးတွေ တူးထားတဲ့ မြေတွေကို ခြစ်ဆွဲပြီး တွင်းထဲ ပြန်ဖို့နေတဲ့ သူ့ကို လမ်းထိပ်မှ ဦးကြည်ဝေက လှမ်းမေးလိုက်တာ ဖြစ်သည်။ သူ မော့ကြည့်လိုက်ပြီး မောနေသော ရင်အစုံဖြင့်. .

“ ခွေး . . . ခွေးတွေလေဗျာ။ ကြွက်တွင်းကို တူးထားလို့ အခု ပြန်ဖို့ နေရတာ ”

“ သြော်. . ဒါဆို အပေါ်က ကွန်ကရစ် ခင်းလိုက်ပါလားဗျာ ၊ ဒါဆို ကြွက်လည်း မဖောက်နိုင်တော့သလို ခွေးလည်း မတူးတော့ဘူးပေါ့ ”

“ ဟာ ဟုတ်တယ်ဗျာ ၊ ဒါကို သတိ မထားမိသလို ဖြစ်သွားတယ် ၊ ကျေးဇူးပဲဗျာ။  မဆလာ ဆရာတွေကို ခေါ်ပြီး လုပ်ဖို့ မေးလိုက်ဦးမယ်ဗျာ။ ”

အန်ကယ်ညွှန့် ခွေးတူးထားတဲ့ တွင်းထဲကို မြေကြီးတွေကို ပေါက်တူးနဲ့ မြန်မြန်ခြစ်ထည့်ပြီး ကိုယ်လက် ဆေးကြောကာ အပြင်ကို ထွက်သွားတော့သည်။



“ ကျွန်တော်က ပိုက်ဆံ ရရင် ပြီးရော ဆိုပြီး မလုပ်ချင်လို့ပါ အန်ကယ်ရယ်။ ဒီပတ်ဝန်းကျင် အားလုံးကို ကျွန်တော် လုပ်ပေးနေကြပါ။ ဒီအတိုင်း အပေါ်က သံမံသလင်း ခင်းလိုက်ရင် အောက်က မြေခံက မကောင်းတော့ ကြွက်က မြေထဲကနေ တွင်းဖောက်ရင် အားလုံး ပြိုကျပြီး ချိုင့်ခွက်တွေ ဖြစ်သွားမှာ အန်ကယ်ရဲ့။ ”

ရပ်ကွက်ထဲမှ မဆလာဆရာကို ခေါ်ပြီးတော့ ခြံဝန်းထဲမှာ ကွန်ကရစ် လောင်းဖို့ အန်ကယ်ညွှန့် မေးတော့ မဆလာဆရာက ရှင်းပြ၏။

“ ဒါဆို ဘယ်လိုမှ လုပ်လို့ မရတော့ဘူးလား ”

“ မရဘူးတော့ မဟုတ်ဘူး အန်ကယ်။ ဒါပေမဲ့ မြေကြီးထဲက ကြွက် မတူးနိုင်အောင် ဆိုတော့ မြေနက်နက် ထဲကို အုတ်ခဲကျိုးတွေ ထည့်ပြီး အောက်ခံမာမှ အပေါ်က ကွန်ကရစ်လောင်းတာ ကောင်းတယ်။ နို့မို့ဆိုရင်တော့ အပေါ်က လောင်းထားတဲ့ ကွန်ကရစ်တွေက အောက်ခြေက ကြွက် တူးတာနဲ့ အတွင်းကို ကျွံကျကုန်မှာပဲဗျ။ ”

“ ဒါဆို ရိုးရိုးအပေါ်က လောင်းလို့ မရဘူးပေါ့ ”

“ ကျွန်တော် ပြောပြီပါရော ၊ အပေါ်က လောင်းရင် အထဲက ကြွက်က တူးနေတော့ မြေတွေပြိုကျပြီး ကွန်ကရစ်က ပြိုကျမှာပဲ ၊ ဒါကြောင့် အကောင်းဆုံးကတော့ တစ်ပေခွဲလောက် အနက်တူးပြီး မြေကြီးထဲကို အုတ်ခဲကျိုးတွေထည့် ၊ ပြီးမှ အပေါ်က ကွန်ကရစ်လောင်းလိုက်ရင် စိတ်ချရပါပြီ။ ”

“ ဟ . .  တစ်ပေခွဲ အထိတောင်မှ အုတ်ခဲကျိုးတွေ တူးထည့်ရရင် အုတ်ခဲကျိုးဖိုးထက် တူးထည့်ခက ပိုကုန်မှာပေါ့။ ပြီးတော့ ကွန်ကရစ်ခင်းမှာက တစ်ခြံလုံးကိုလေ။ ကွန်ကရစ်ဖိုးထက် လက်ခကြီး ဆိုသလို ဖြစ်နေမှာပေါ့ ”

“ ဟုတ်ပါတယ် အန်ကယ် ၊ ကျွန်တော်ကလည်း ပြောပြတာပါ။ တကယ်လို့ အန်ကယ် အပေါ်ယံလေးပဲ ကွန်ကရစ်ခင်းမယ် ဆိုရင်လည်း ကျွန်တော်က လက်ခရလို့ လုပ်ပေးမှာပါပဲ။ ဒါပေမဲ့ အန်ကယ် သဘောပေါက်ပြီးမှ လုပ်တော့ ပိုကောင်းတာပေါ့။ နောင်တစ်နေ့ ကျွံကျရင်လည်း အန်ကယ်အပြစ် မပြောဘူးပေါ့ဗျာ။ ”

“ အင်း . . ဒါဆိုရင်တော့ ကွန်ကရစ် ခင်းဖို့ ကိစ္စကို စဉ်းစားဦးမယ်ကွာ ၊ အရေးကြီးတာက မြေကြီးထဲကို အုတ်ခဲတွေ တူးထည့်တဲ့ လက်ခစရိတ်က အုတ်ခဲကျိုးဈေးထက် ကြီးမှာပဲ ၊ ဒါကို အဓိက စဉ်းစားရမယ်။ ”

“ ဟုတ်ပါတယ် အန်ကယ် ၊ ဒါကို အန်ကယ် သဘောပေါက်ပြီး စဉ်းစားပြီးပြီ ဆိုရင်တော့ အန်ကယ် ကြိုက်သလို ပြောပါ ကျွန်တော် လုပ်ပေးပါ့မယ်။ ”

“ အေးကွာ၊ ဒါဆို အန်ကယ် စဉ်းစားလိုက်ဦးမယ်။ ပြီးရင် မင်းဆီကို အကြောင်းပြန်ပါ့မယ် ”

အဲဒီနေ့က မဆလာဆရာ နဲ့ အန်ကယ်ညွှန့်တို့ ခြံထဲမှာ မြေကို လက်ညှိုး တထိုးထိုးနဲ့ ပြောပြီးတော့ ကွန်ကရစ် ခင်းဖို့ အစီအစဉ်လေးက ချက်ချင်း မဖြစ်မလာသေးဘဲ ရပ်တန့်သွား လေတော့၏။

ဒါပေမဲ့ မရပ်တန့်တာကတော့ နံနက်ခင်း မိုးအလင်းမှာ အန်ကယ်ညွှန့် နိုးလာရင် ခွေးတွေကို ဆူပူ ကြိမ်းမောင်းသံ ၊ မြေကြီးထဲက ကြွက်တွေကို မေတ္တာပြောင်းပြန် ပို့သံ များနှင့်အတူ တဂျစ်ဂျစ်နဲ့ ခွေးတွေ တူးထားသော မြေတွင်းကြီးကို ပေါက်တူးနဲ့ ယက်ခြစ်ကာ ပြန်ဖို့သံကို ပတ်ဝန်းကျင်က လူများ ကြားနေရ လေတော့သည်။



တစ်နေ့တော့ . . .

ညနေခင်းမှာ အန်ကယ်ညွှန့် အိမ်ရှေ့မှာ ကုလားထိုင်လေး ထုတ်ပြီး ရေနွေးကြမ်း သောက်ရင်း စာဖတ်နေတုန်း သူ့ခြံရှေ့မှာ တပ်ထားတဲ့ လူခေါ် ခေါင်းလောင်းလေးက တချွင်ချွင် ထမြည်သည်။ ထိုအသံ မြည်မြည်ချင်း နောက်ဘက် ခြံထဲမှာ ခွေအိပ်နေသော ခွေးနှစ်ကောင်ကလည်း တဝုတ်ဝုတ် ထိုးဟောင်ကာ တရှူးထိုး ထွက်သွားလေတော့သည်။ ပြီးတော့ ထုံးစံအတိုင်း ခြံစည်းရိုးပေါ်ကို လက် ပစ်တင်ကာ ပတတ်ရပ်ပြီး ဆက်ကာ ဆက်ကာ ဟောင်လေတော့သည်။

ခွေးတွေ ဟောင်ရာ အပြင်ကို ကြည့်လိုက်တော့ သူတို့ ခြံရှေ့မှာ လူတစ်ယောက်က ရပ်ကာ သူတို့ လူခေါ်ခေါင်းလောင်းကို တီးနေလေသည်။ စာကြည့်ရာမှာ တပ်သော မျက်မှန်ကို ချွတ်ကာ ခြံဝကို ကြည့်လိုက်တော့ . . .

“ ဟာ. . .ကိုသိန်းကြည် ပါလား ၊ လာလည်တာလား ”

အန်ကယ်ညွှန့် အရင်နေခဲ့သော ရပ်ကွက်မှ မိတ်ဆွေတစ်ဦးကို မြင်လိုက်ရ၍ ဝမ်းသာ အားရစွာဖြင့် ထကာ ထိုးဟောင်နေသော ခွေးများကို ဟန့်၍ ခြံတံခါးကို သွားဖွင့် လေတော့သည်။ ပြီးတော့ ခြံထဲမှာ သူထိုင်ကာ စာဖတ်နေသော ကုလားထိုင်ဘေးမှ ကုလားထိုင်တွင် ထိုင်ရန် နေရာပေးလေတော့သည်။

“ ရော့ဗျာ ရေနွေးကြမ်းသောက် ”

“ ဟုတ်ကဲ့ ၊ အိမ်လေးက မဆိုးဘူးဘဲ။ ကိုကျော်ညွှန့် အတွက်တော့ အေးအေးဆေးဆေး နေရတာပေါ့လေ ”

“ ဟုတ်ပါတယ်ဗျာ။ ရပ်ကွက်ကလည်း အေးချမ်းပါတယ်။ အရင် ခြံပိုင်ရှင်တွေကလည်း ခြံထဲမှာ အပင်ကြီးတွေ စိုက်ထားခဲ့တော့ အတော်အသင့် အရိပ်ရတာပေါ့ဗျာ။ ဒီတော့ ကိုယ့်ဖာသာ အိမ်လေး ဆောက်လိုက်တော့ အတော်ကို အဆင်ပြေပါတယ် ”

“ အေးဗျာ။ ကိုယ်ပိုင် ခြံဝန်းလေးနဲ့ နေရတဲ့ အရသာက တိုက်ခန်းမှာ နေရတာထက်တော့ သာတာ အမှန်ပါပဲ ”

“ ဟုတ်ပါတယ် ၊ ပြီးတော့ လေကောင်း လေသန့်လည်း ရ. . . ရ . . ရ . . ဟာ . . ဒီကောင်တွေ ”

ပြောနေရင်း ဆိုနေရင်း အန်ကယ်ညွှန့် ရုတ်တရက်  အာမေဋိတ်သံကို ပြုကာ ထိုင်နေရာမှ ထ၍ အနီးမှာ ရှိသော တုတ်ကို ဆွဲကာ ခွေးနှစ်ကောင်ရှိရာသို့ ပစ်လိုက်လေတော့၏။ ထိုအချိန်တွင် ခွေးနှစ်ကောင်က မြေကြီးကို တရှူံ့ရှူံ့နမ်းကာ သူတို့ လက်များဖြင့် ကုတ်ခြစ်လျက် တူးယက်နေကြချိန် ဖြစ်သည်။ အန်ကယ်ညွှန့်ရဲ့ အသံနှင့်အတူ ပျံဝဲလာသော တုတ်ပစ်လိုက်တဲ့ ဟန်ကို တွေ့လိုက်ရမှ ခွေးနှစ်ကောင်လည်း ကုတ်ခြစ်နေရာမှ ရှောင်ပြေးကာ သွားပြီး ခြံ အနောက်ဘက်ကို ပြေးဝင်သွား လေတော့သည်။

အန်ကယ်ညွှန့်က ပစ်လိုက်သော တုတ်ကို သွားကောက်ရင်း . . .

“ အဲဒါပဲဗျာ။ ဒီမှာ ပတ်ဝန်းကျင်ကလည်း ကောင်း ၊ လေကောင်းလေသန့် ကလည်း ရ ၊ တိတ်ဆိတ် အေးချမ်းမှုလည်း ဖြစ်ပါရဲ့။ ဒါပေမဲ့ စိတ်မအေးချမ်း ရတာက အဲဒီခွေးနှစ်ကောင် နဲ့ မြေကြွက်တွေကြောင့်ပဲ ”

“ ဘယ်လို ခွေးနှစ်ကောင်နဲ့ မြေကြွက်ကြောင့်လဲ ”

“ ဒီလိုဗျာ ကိုသိန်းကြည်ရေ။ ဒီပတ်ဝန်းကျင်က မြေတွေက မြေခံ မကောင်းတော့ မြေထဲမှာ ကြွက်တွေက အတော်ကို အတွင်းမှာ ဖောက်သဗျ။ သူတို့ အပေါ်ကို ဖောက်လာတဲ့ ကြွက်တွင်းကို အိမ်က ခွေးတွေက ထပ်ယက်တော့ ကျွန်တော့်မှာဖြင့် မနက်မိုးလင်းတိုင်း အဲဒီတွင်းကို ပြန်ဖို့နေရတော့တာပါပဲ ”

“ ဒါဆို အလွယ်လေးပဲဗျာ။ အပေါ်က ကွန်ကရစ် လောင်းလိုက်ပေါ့ဗျာ ”

“ အဲဒီမှာလည်း လာခက်နေပြန်တာပဲ ကိုသိန်းကြည်။ ဒီမြေက အပေါ်ကနေ ရိုးရိုး ကွန်ကရစ် လောင်းလို့ မရဘူးတဲ့။ အောက်က မြေသားက မကောင်းတော့ ကြွက်က အထဲမှာ တူးရင် မြေကြီးတွေ ကျွံကျသွား တတ်တယ် ဆိုပဲဗျ ”

“ ဒါဆို.. . . . . ”

“ အဲဒီတော့ဗျာ။ ကွန်ကရစ် ခင်းမယ် ဆိုရင် မြေကြီးအထဲထိ ရောက်အောင် တူးပြီးတော့ အုတ်ခဲကျိုးတွေကို ထည့် ၊ ပြီးမှ အပေါ်က ကွန်ကရစ် ခင်းမှ မကျွံကျတော့မှာလို့ မဆလာဆရာက ပြောတာပဲ ”

“ ဒါဆိုလည်း အဲဒီလို လုပ်လိုက်ပေါ့ဗျာ ”

“ ဒါက အပြောသာ လွယ်တာလေ ကိုသိန်းကြည်ရယ် ၊ တကယ်လို့ အဲဒီလို လုပ်ပြီ ဆိုရင် ရိုးရိုးကွန်ကရစ် လောင်းခထက် မြေကြီးကို တူးပြီး အုတ်ခဲကျိုးထည့်ခက ပိုပြီး ကုန်ကျမှာဗျ။ ဒါကြောင့် ကျွန်တော့်မှာ ဒါကို ချင့်ချိန်နေရတာပါဗျာ ”

အန်ကယ်ညွှန့် စကားလည်း ဆုံးရော ဦးသိန်းကြည်က သူ့ကို အံ့သြသော မျက်နှာနဲ့ ကြည့်ပြီးတော့ . . .

“ ကိုကျော်ညွှန့် ၊ ခင်ဗျား နောက်များ နေသလားဗျာ ”

“ ဟင်. . . ဘာကိုလဲ ကိုသိန်းကြည်။ ကျွန်တော် မနောက်ပါဘူး။ တကယ်ကို အတည်ပြောတာပါ။ ဘာဖြစ်လို့ များလဲ ”

“ အခု ခင်ဗျား ခြံထဲက မြေကွက်ကို ကြွက်တွေက တူးဖောက် ၊ ခွေးတွေက မြေတူးလို့ ခင်ဗျား စိတ်ညစ်နေရတာ မဟုတ်လား ”

“ ဟုတ်ပါတယ်ဗျာ . . . ဘာဖြစ်လို့လဲ ”

“ ဒီလို သူတို့ တူးလို့ ခင်ဗျားက အပေါ်က သူတို့ တူးလို့ မရအောင် ကွန်ကရစ် ခင်းချင်တာနော် ”

“ မှန်ပါတယ် ကိုသိန်းကြည် ”

“ ဒါပေမဲ့ ကွန်ကရစ်ကို အပေါ်ယံလေးတင် လောင်းမရဘဲ ကျွံကျမှာမို့ မြေကြီးထဲအထိ အုတ်ခဲကျိုးတွေကို ထည့်ပြီးမှ အခြေခိုင်ပြီ ဆိုတော့မှ အပေါ်က ကွန်ကရစ် လောင်းရမယ် လို့ ဆိုတယ်နော် ”

“ ဟုတ်ပါတယ် ဒီအတိုင်းပါပဲ။ ဘာများ ဖြစ်လို့လဲ ကိုသိန်းကြည်။ ကျွန်တော် ပြောတာ မှားလို့လား ”

အန်ကယ်ညွှန့်က ချည်တုံချတုံနဲ့ ဒီလိုလည်း မေးလိုက်ရော ဦးသိန်းကြည်က တဟားဟား ရယ်ပြီးတော့. . .

“ ဟား ဟား ဟား . . ဖြစ်ရလေ ကိုကျော်ညွှန့်ရယ်။ ခင်ဗျားက အခု ဘယ်လို ဖြစ်နေလဲ ဆိုတော့ ကြွက်တွင်းဖောက်တဲ့ ကြွက်တွေနဲ့ တွင်းကို ပိုကြီးအောင် ယက်ထုတ်နေတဲ့ ခွေးတွေ အပေါ်မှာ သူတို့ကြောင့် စဖြစ်တယ် ဆိုပြီးတော့ မကျေမနပ် ဖြစ်နေတာဗျ။ ”

“ ဒါ အမှန်ပဲလေဗျာ။ ကျွန်တော် ဒေါသမထွက်သင့်ဘူးလား ”

“ ဟုတ်ပါတယ် ဒေါသထွက်သင့်ပါတယ်။ ဒါပေမဲ့ ခင်ဗျားက သူတို့ အပေါ်မှာ ဒေါသထွက်နေတာနဲ့ သူတို့ ခင်ဗျားကို အကျိုးပြုနေတယ် ဆိုတာကို မမြင်နိုင်အောင် ဖြစ်သွားတော့တာပဲ ”

“ ဗျာ . . . ဘယ်လို. . . ဘယ်လို ၊ ဘယ်လို အကျိုးပြုနေတာလဲ ”

“ ဟုတ်တယ်လေ။ အခု ကြွက်တွေက တွင်းဖောက်တယ်။ ဒီတွင်းကို ခွေးတွေက ယက်တော့ တွင်းကြီး ပိုဖြစ်လာတယ်။ ဒါကို ခင်ဗျားက တွင်းထဲကို မြေကြီးတွေ ပြန်ဖို့ ဖို့ပဲ စဉ်းစားနေတာကိုး။ တကယ်တော့ သူတို့က ခင်ဗျား မြေတူးခ အကုန်ခံပြီး လူငှား တူးနေရမှာ စိုးလို့ အစားတူး ပေးနေတာဗျ။ ဒီတော့ ခင်ဗျားက အုတ်ခဲကျိုးတွေသာ ဝယ်ထားလိုက်။ သူတို့ မနက်ဘက် တူးထားတဲ့ တွင်းထဲကို အုတ်ခဲကျိုးတွေ ထည့်ပြီးမှ အပေါ်က မြေသားလေး ဖုံးလိုက်ရုံပဲ။

ဒါဆိုရင် အဲဒီ အုတ်ခဲကျိုးတွေ ထည့်ထားတဲ့နေရာကို ကြွက်ကလည်း ထပ်မဖောက်တော့ဘူး။ ခွေးကလည်း အုတ်ကျိုးတွေနဲ့ ဆိုတော့ ထပ်မတူးတော့ဘူး။ ကြွက်ကလည်း နောက်ထပ် တစ်နေရာကို ရှောင်ဖောက်လိမ့်မယ်။ ဒီနေရာကို ခွေးကလည်း ထပ်ပြီး တူးလိမ့်မယ်။ နောက်ထပ် တစ်တွင်း ဖြစ်လာလိုက် ခင်ဗျားက မနက် မိုးလင်းလာတာနဲ့ အုတ်ခဲကျိုးတွေ ထည့်လိုက်နဲ့။ ကြာလာရင် ခင်ဗျား တစ်ခြံလုံး မြေတူးပြီးတော့ အုတ်ခဲကျိုးတွေ ထည့်ပြီးသား ဖြစ်သွားမှာပေါ့ဗျာ။ ”

ဦးသိန်းကြည် ရှင်းပြနေတာကို အန်ကယ်ညွှန့် ငြိမ်ပြီးတော့ နားထောင်နေမိ၏။ ပြီးတော့ လက်ခံ သဘောတူသူတို့ရဲ့ ထုံးစံအတိုင်း ခေါင်းကိုလည်း ဖြေးညှင်းစွာ ငြိမ့်လေသည်။ သူ့စိတ်ထဲမှာ ငါ ဘာလို့ မစဉ်းစားမိတာလဲ ဆိုပြီးတော့လည်း တွေတွေဝေဝေလည်း ဖြစ်နေမိသည်။ ခဏကြာ စဉ်းစားပြီးမှ ရုတ်တရက် ဦးသိန်းကြည် လက်ကို ဆွဲယူခါရမ်းပြီး. . . .

“ ဟုတ်လိုက်တာ ကိုသိန်းကြည်ရယ်။ ကျွန်တော် ဘာလို့ မစဉ်းစားမိတာလဲ မပြောတတ်ဘူး။ အခု ကိုသိန်းကြည် ပြောသလို ဆိုတော့လည်း ကျွန်တော့်ကို ဒုက္ခပေးနေတယ် လို့ ဆိုတဲ့ ကြွက်တွေ ၊ ခွေးတွေက ကျွန်တော့်ကို တစ်ဖက်တစ်လမ်းက ကူညီနေတာပါပဲလား။ ကျေးဇူးတင်လိုက်တာဗျာ။ ကျွန်တော် ကိုသိန်းကြည် ပြောတဲ့ အတိုင်း လုပ်ပါ့မယ်။ ”

“ - - - - - - - ” 



နှစ်လခန့် အကြာ. . .

တစ်နေ့မှာတော့ အန်ကယ်ညွှန့်ရဲ့ ခြံရှေ့တံခါးလေးမှာ တပ်ထားသော လူခေါ် ခေါင်းလောင်းလေးမှ ကျယ်လောင်စွာ အသံထွက်လာသည်။ ခေါင်းလောင်းလေးမှ အသံထွက်လာတော့ ခြံထဲမှာ လှဲနေသော ခွေးနှစ်ကောင်ကလည်း ပြေးထွက်သွားကာ ခြံစည်းရိုးမှာ ပတတ်ရပ်ပြီး ခြံအပြင်မှ လူကို ထိုးဟောင် လေတော့သည်။

ခွေးဟောင်သံ ကြားလို့ အန်ကယ်ညွှန့် အိမ်ထဲမှ ခြံအပြင်ကို ကြည့်လိုက်တော့ ခြံဝမှာ ရပ်နေသူကို တွေ့ရသည်။ သူက ဦးသိန်းကြည်။

“ လာဗျို့ ကိုသိန်းကြည့်၊ ဟဲ့ ခွေးတွေ သွားကြစမ်း ”

အန်ကယ်ညွှန့်ရဲ့ဟန့်သံအပြီးမှာ ခွေးနှစ်ကောင် အနောက်ဘက်သို့ လှည့်ဝင်သွားကြသည်။ ခြံတံခါးကို ဖွင့်ပေးပြီး ဦးသိန်းကြည် ခြံထဲ ဝင်ရန် တံခါးကို လှပ်ပေး လိုက်လေသည်။ ဦးသိန်းကြည် ခြံထဲဝင် အပြီးမှာတော့ သူက ခြံတံခါးကို ပြန်ပိတ်လိုက်၏။ ဒီအချိန်မှာ ဦးသိန်းကြည်က အန်ကယ်ညွှန့်ရဲ့ ခြံတစ်ခြံလုံးကို ဝေ့ဝဲ အကဲခတ်ပြီး ကြည့်နေ၏။

“ အခုလို ကျတော့လည်း ကိုကျော်ညွှန့်ရဲ့ ခြံတစ်ခြံလုံး ကွန်ကရစ်ခင်းလေး ဖြစ်သွားပါရောလားဗျာ ”

“ ဟုတ်တယ် ကိုသိန်းကြည်ရေ။ ကျွန်တော်ကလည်း ဒီ့အတွက် ခင်ဗျားကို ကျေးဇူးတင်နေတာ။ ခင်ဗျား ပေးသွားတဲ့ နည်းအတိုင်း လုပ်လိုက်တာ ကျွန်တော့်မှာ မြေကြီးတူးပြီး အုတ်ခဲကျိုးထည့်ခ လုံးဝ မကုန်တော့ဘဲ။ နေ့တိုင်း နေ့တိုင်း ကြွက်ကဖောက်လိုက် ၊ ခွေးက တွင်း တူးလိုက် ၊ ကျွန်တော်က တွင်ထဲ အုတ်ခဲကျိုး ထည့်လိုက်နဲ့ နေ့တိုင်း တပိုင်တနိုင်လေး လုပ်နေရသလို ဖြစ်နေတာဗျ။

ခွေးတွေကလည်း ကြွက်တွေ အနံ့တိုင်း တူးချင်းတဲ့ နေရာမှာ အချိန်မရွေး တူးတော့တာပဲ။ ကျွန်တော်ကလည်း အရင်လို မဟန့်တော့တဲ့ အတွက် သူတို့ကလည်း ခပ်ရဲရဲ တူးတယ်။ သူတို့ တူးပြီးရင် ကျွန်တော်ကလည်း အသင့်လုပ်ထားတဲ့ အုတ်ခဲကျိုးလေးတွေ ထည့်ပြီး မြေဖို့လိုက်တာပါပဲ။ တစ်လခွဲလောက်လည်း ကြာရော အခုလိုပဲဗျာ။ တခြံလုံး မြေအောက်ထဲကို အုတ်ခဲကျိုး ထည့်ပေးလိုက်သလို ဖြစ်သွားတော့တာပါပဲ။ ”

“ ကောင်းတာပေါ့ဗျာ။ ဒါဆို မြေတူးပြီး အုတ်ခဲကျိုး ထည့်ခ လုံးဝ မကုန်လိုက်ဘူးပေါ့ ”

“ အစစ်ပေါ့ဗျာ။ လုံးဝကို မကုန်တာ။ ကျွန်တော် အပေါ်က ကွန်ကရစ် ခင်းဖို့ မဆလာဆရာကို ခေါ်တော့ သူကတောင်မှ အံ့သြနေတာဗျို့။ ဘယ်လိုလုပ်ပြီး မြေကြီးထဲကို အုတ်ခဲကျိုးတွေကို ထည့်လိုက်တာလဲ လို့တောင်မှ မေးနေသေးတာ။ ကျွန်တော်လည်း ဖြစ်ပျက်ပုံ အားလုံးကို ပြောပြလိုက်တော့ သူကလည်း သဘောကျသွားတယ်။

ဘာလို့လဲ ဆိုတော့ ဒီရပ်ကွက်မှာက ခြံတိုင်းကို ကြွက်တွေက ဖောက်ပြီး အတော် ဒုက္ခပေးတယ်လေဗျာ။ မြေကြီးကို အနက်တူးပြီး အုတ်ခဲကျိုးထည့်ခ ပိုကြီးနေလို့သာ လူတွေ အပေါ်က ကွန်ကရစ် မလောင်းနိုင်ကြတာ။ တကယ်လို့ အပေါ်ယံ ကွန်ကရစ်ပဲ လောင်းရမယ် ဆိုရင် အားလုံးက လောင်းနိုင်တယ်လေဗျာ။ ဒါကြောင့် ကိုသိန်းကြည် ပေးတဲ့ နည်းကို ကျွန်တော်က ပြောပြတော့ သူကလည်း တခြားလူတွေကို ပြန်ပြီး ပြောပြ မျှဝေ နေလေရဲ့ဗျာ။ ”

အန်ကယ်ညွှန့် ပြောသမျှကို ဦးသိန်းကြည်က ပြုံးပြီးတော့ နားထောင်နေ၏။ ပြီးမှ. . . . . .

“ ကောင်းတာပေါ့ ကိုကျော်ညွှန့်။ တကယ်တော့ဗျာ လောကမှာ ဘယ်အရာက ကောင်းပါတယ် ၊ အကျိုးပြုပါတယ် ၊ ဘယ်အရာကတော့ မကောင်းဘူး ၊ အကျိုးမပြုပါဘူး ဆိုပြီး မရှိပါဘူးဗျာ။ ကိုယ့်အတွက် အကျိုးမပြုဘူးလို့ မြင်နေတဲ့ အချိန်ဆိုရင် မကောင်းဘူးပေါ့။ ဒါကို ကိုယ့်အတွက် အကျိုးပြုအောင် မြင်တတ်သွားမယ် ဆိုရင် ကောင်းသွားပြန်ရောဗျ။ ”

“ ဟုတ်တယ်ဗျို့ အမှန်ပဲ ”

“ ဘယ်အရာ ၊ ဘယ်ပစ္စည်း ၊ ဘယ်ဥစ္စာ ၊ ဘယ်သူ ဘယ်ဝါ ၊ ဘယ်လူ ၊ ဘယ်တိရစ္ဆာန် ၊ ဘယ်သတ္တဝါမှ လုံးဝမကောင်းဘူး ဆိုတာ မရှိပါဘူးဗျာ။ အဲဒီလို မကောင်းဘူး ဆိုတာကိုတောင်မှ ကိုယ်က မြင်တတ်ရင် မြင်တတ်သလို ကိုယ့်အတွက် ကောင်းကွက်လေးတွေ ဖြစ်လာတော့တာပါပဲ။ ”

“ ဟုတ်ပါတယ်ဗျာ ကိုသိန်းကြည် ပြောတာ အမှန်ပါပဲ ”

“ သိုးဆောင်း စကားပုံလေး တစ်ခု ရှိတယ်ဗျ။ ကြားဖူးလား ”

“ ဟုတ်ကဲ့ ပြောပါဦး။ ”

“ တကယ်လို့ မြင်တတ်မယ် ဆိုရင် မာရ်နတ်တောင်မှ ထင်သလောက် ရုပ်မဆိုးပါဘူး ”  တဲ့။



*** အရာရာကို ချစ်ခင်သော မျက်စိဖြင့် ကြည့်မြင်တတ်ကြပါစေ။ ***


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

20 ယောက် ရဲ့ ထင်မြင်ချက်:

အဖြူရောင်နတ်သမီး said...

သူများအိပ်ခါနီးကျမှ မာရ်နတ်ပုံ..သရဲပုံကြီး ကြည့်မိသွားတယ်..။
အိပ်မက်ထဲမှာ အဲဒါကြီး မက်လို့ကတော့ ကိုဇော် နောက်နေ့ အိပ်ရဖို့ မစဉ်းစားနဲ့..း(

Anonymous said...

မာရ်နတ်တောင်မှ ထင်သလောက် ရုပ်မဆိုးပါဘူး ဆိုပေသိ
ပုံထဲက မာရ်နတ်ကတော့....အရမ်းကောင်းတဲ့ ပို့စ်လေးပါပဲရှင်။
may

blackcoffee said...

အိုင်ဒီယာလေးကောင်းတယ်။အုတ်ခဲကျိုးတွေစုထားရမယ်။ကျေးဇူးကိုဇော်.........

sosegado said...

ဒါဆိုမြင်တတ်ရင် ဒီနေ့ အလံသစ်လည်းမဆိုးဘူးပေါ့၊းD

ရွှေရတုမှတ်တမ်း said...

မြေတူးဖို့ ခွေးနဲ့ ကြွက်ကို မွေးထားဦးမှပဲ..

မောင်မိုး said...

မြင်တတ်ရင် အလံသစ်ဟာ အာဖရိကတိုက်က အလံတွေရဲ့ ဒီဇိုင်းကို မွမ်းမံထားတာဗျ...။ ပို့စ်နဲ့ဆိုင်မဆိုင်တော့ မသိတော့ဘူး...။

ahphyulay said...

အင်း ...
ဖတ်လို့ ကောင်းတယ်ကိုဇော်ရေ့ ...
ဘ်ာအရာမဆို အကောင်းဘက်က လှည့် မြင်ဘို့ 
အကောင်းမြင်ဓါဒ လေးကို ပြဆိုသွားပေမဲ့  အန်ကယ်ညွန့် 
ခြံကလေးပြီးသွားတာတော့  ဖတ်ပြီးပြုံးမိစွားတယ်။
အမြဲတန်းတော့  တစ်ခုခု ပေးထားခဲ့ တာပဲ။
ကျွန်တော်လည်း တစ်ခုပေးနိုင်အောင်ရေးထားသေးတယ်ဗျ။

ငွေလမင်း said...

ဟန်ကျလိုက်တာ
မြေတူးချင်ရင် အဲလို ခွေးတွေနဲ့ကြွက်တွေ ရှိရင်ကောင်းမယ်
မာန်နတ်ပုံက အပြင်မှာ ဒီလိုဘဲလား
ကိုဇော်က မြင်ဖူးတယ်လားးး

SHWE ZIN U said...

ကိုဇော် ရေ

မိုက်တယ်ဗျာ ဒီပိုစ့် လေးကိုကြိုက်တယ် တွေးတတ်တယ်

ခင်တဲ့
ရွှေစင်ဦး

သဒ္ဓါလှိုင်း said...

ဘယ်အရာကိုမဆိုအကောင်းမြင်တတ်တဲ့စိတ်ထား
တတ်ဖို့အတွက်အတွေးလေးကထိရောက်တယ်...။
မာန်နတ်ကိုတော့သေချာကြည့်သွားတယ်...း)
ဒါနဲ့..မုန့်တီချက်စားတာအဆင်ပြေလားကိုဇော်..

အိမ်လွမ်းသူ said...

ကိုဇော်
မာရ်နတ်နဲ့ ရာမ ဘယ်သူပို ရုပ်ဆိုးလဲ။
အကောင်းမြင်တတ်တဲ့ စိတ်ထားရှိဘို့
အရင်းခံမြစ်က ဘယ်ကလာတာလဲ။
မှတ်သွားတယ်နော်။
ပျော်ရွှင်ပါစေ

လသာည said...

ကိုဇော်..

ဟုတ်သားပဲနော၊ တွေးတတ်ရင် မာန်နတ်လည်း ရုပ်မဆိုးပါဘူး။ (မာန်နတ်တော့ မြင်ဖူးဘူး။ ဒါပေမယ့် ရုပ်မဆိုးဘူးဆိုတော့ တော်သေးတယ်။း)
ဒီပိုစ်လေး သိပ်ဖတ်ကောင်းတယ်။ ကြိုက်တယ်။ ဒါမျိုးများများရေးပါဦး..။

ငြိမ်းစိုးဦး said...

မာရ်နတ် ကို ခွင့် ပြုနိုင်ပေမယ့် ဟိုလူကြီး ရုပ်ကတော့
မုဆိုးလူပျက် ဖုတ်သဘက် ပါပဲ ကိုဇော်ရေ ...
ငြိမ်းစိုးဦး

နွေဆူးလင်္ကာ said...

ဟုတ်ပ မာရ်နတ်လည်း ချောရင်ချောမှာပေါ့ဗျာ .

အုပ်ကြီး said...

မြင်တတ်ဖို့ အတွက်
ကြည့်တတ်အောင် ကြိုးစားရဦးမှာပါလားဗျာ

Anonymous said...

အရေးသားကတော့ ကိုဇော်တစ်ပဲ
အဲ မြင်တတ်ဖို့တော့ အနော်ကငယ်တေးတယ်ဗျာ့း)
မနေ့ကစပြီး စိတ်ဆင်းရဲနေတယ်ဗျာာာာာာ
သမိုင်းစာအုပ်တွေဝယ်စုရတော့မယ်

မောင်ဘကြိုင်

မိုးယံ said...

အစထုတ်ရေးတယ်ဆိုလို့ ဘာများလဲမှတ်တယ် သူအစထုတ်ထားလို့ မာရ်နတ်ခေါင်းမှာ အစလေးနှစ်စ လိမ်နေတာကိုး ။
မာရ်နတ်ဆိုတာ ကောင်းပါတယ်။ ပျော့လဲပျော့ နပ်လဲ မနပ်တာထက်စာရင်ပေါ့လေ။
ဒါကြောင့် မာရ်နတ်လေးက ဦးဇော်လို ချစ်ချာလေး။

ဇွန်မ said...

ဟုတ်တယ်နော် ကိုယ့်စိတ်ကသာ အဓိကပါ အရာရာကို အကောင်းမြင်တတ်ဘို့လိုတယ်။ မာရ်နတ်ပုံကိုသေသေချာချာလေ့လာ ကြည့်ရှုသွားပါတယ် ပုံအောက်မှာ 'ကိုဇော်' လို့ရေးထားတာလည်း ဖတ်သွားတယ်း)

Anonymous said...

ဆိုလိုတာက ဘာဘဲဖြစ်ဖြစ် ချစ်ရမှာလား

witch83 said...

“တကယ်လို့ မြင်တတ်မယ်ဆိုရင် မာရ်နတ်တောင်မှ ထင်သလောက် ရုပ်မဆိုးပါဘူး“တဲ့လား။ အရမ်းကောင်းတဲ့ ပို့(စ်)လေးပါပဲ။ အရာရာကို အကောင်းမြင်နိုင်မှနော်... :)