မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


22 August 2010

29 “ တောင်းမှာ အကွပ် ၊ လူမှာ အချွတ် ” တဲ့လား


အမှာ . . . 

အကယ်၍ ဤပို့စ်နှင့် ပတ်သတ်သော ကျွန်တော် သုံးနှုန်းထားသည့် စကားလုံး အသုံးအနှုန်းများသည် ရင့်သီး ရိုင်းစိုင်းမှုများ ရှိနေပါက ချစ်ခင်လှစွာသော မောင်တစ်ယောက်က အစ်မတစ်ယောက်ကို ဂရုဏာဒေါသောနဲ့ အပြစ်တင် သကဲ့သို့ လည်းကောင်း ၊ ချစ်လှစွာသော အစ်ကို တစ်ယောက်က နှမတစ်ယောက်ကို ဂရုဏာစိတ်ဖြင့် သင်ကြားသည်ဟု လည်းကောင်း ၊ ချစ်ခင်လှစွာသော သူငယ်ချင်း တစ်ယောက်က ဂရုဏာဒေါသောဖြင့် ပြောသည်ဟု လည်းကောင်း ထင်မြင်ယူဆ ပေးစေလိုပါသည်။

လေးစားစွာဖြင့်
ကိုဇော်



ကျွန်တော် ဘာမှ မရေးခင် “ ကောင်းကင်ရဲ့ အတောင်ပံ ” ကဗျာလေး တစ်ပုဒ် ရွတ်ပြချင်ပါသည်။ ကျွန်တော့် ကဗျာတော့ မဟုတ်ပါ။ ဆရာ မောင်လှမျိုး ( ချင်းချောင်းခြံ ) ရေးထားသော ကဗျာလေးသာ ဖြစ်ပါသည်။ ဒီကဗျာလေးကို ပြန်ကိုးကားဖို့ သူငယ်ချင်း အာရုဏ်ကို အထူးကို ကျေးဇူးတင်မိပါသည်။ ကဗျာဟောင်း တစ်ပုဒ်ကို စာအုပ် အဟောင်းတွေထဲက မွှေနှောက်ရှာဖွေဖို့ ဆိုတာ တကယ်တော့ မလွယ်လှပါ။ ဒါပေမဲ့ သူငယ်ချင်း အာရုဏ်က အာရုံ အနောက်ခံကာ ရှာပေးပါသည်။ ထိုကဗျာလေးက ဒီလို ဆိုပါသည်။

“ ကောင်းကင်ရဲ့ အတောင်ပံ ” 

ရပ်ကွက်ထဲက ပါးကွက်ကြားနဲ့
ဆင်းရဲသားကောင်မလေးတွေ
အပါအ၀င်
Honey တို့လို
ခေတ်ကိုခုံမင် ဂုဏ်အင်မြင့်မား
ခေတ်ရှေ့ကို တွားသွားကြမယ့်
ကောင်မလေးတွေ အဆုံး
အားလုံးကို ခလုပ်တိုက်ဖို့
ဘီယာဆိုင်တွေက
မှောင်မိုက်နေတယ် Honey..!

မက်ဒေါနားကို ကြိုက်တယ်
ဖိုဖီကိတ်ကို ကြိုက်တယ်
ဘရွတ်ရှီးကို ကြိုက်တယ် (ဒါပေမယ့်)
မြန်မာပြည်က မြန်မာမလေး Honey ကိုပဲ
ကိုယ်ချစ်တယ်။

လက်ဖက်ရည်ဆိုင်မှာ
ကောင်မလေးတွေ ထိုင်လို့
ယဉ်ကျေးမှုကြီး မယိမ်းယိုင်သေးပါဘူး။
ဂျင်းဘောင်းဘီရှည်ဝတ်ပြီး
ခေတ်ကို ကြိုဆိုကြရုံနဲ့
ကောင်မလေးတွေ မရိုင်းပြသေးပါဘူး။

တိုနှံ့နှံ့အ၀တ်အစားတွေနဲ့
မှိန်ဖျော့ဖျော့ အလင်းရောက်အောက်က
ခေတ်သစ် ထန်းတောကြီးထဲမှာ
မြန်မာမလေးတွေ မရောက်မချင်း
ကိုယ်...မင်းကို
မစိုးရိမ်လိုပါဘူး ဟန်နီ..။

ကြံရည်နဲ့ဘီယာ
မှားမသောက်မိပါစေနဲ့ ဟန်နီ။
အန်ကယ်နဲ့ အန္တရာယ်
မျက်စိမလည်မိပါစေနဲ့ ဟန်နီ။
ကိုယ်တို့ရပ်ကွက်ထဲမှာ
ဆံပင်နီကြောင်ကြောင်နဲ့
ကောင်မလေးတွေရှိတယ်
သူတို့ကို မုန်းတယ်..။

ကိုယ်တို့ရပ်ကွက်အနီးက
ပန်းရံလုပ်ငန်းထဲက
မဆလာသယ်တဲ့ ကောင်မလေးတွေရဲ့ ဆံပင်
နီကြင်ကြင်ပါပဲ။
သူတို့ကို  . . ကိုယ် . . လေးစားတယ်။
ဆံပင် ဆေးဆိုးတယ် ဆိုတာ
ဘိလပ်မြေသယ်တဲ့ ကောင်မလေးတွေရဲ့
ဖက်ရှင်ပါကွယ်။
Honey...! ဆံပင်ဆေးမဆိုးနဲ့။

မျက်လုံးပေါင်း များစွာ
ပျားအစွဲကို စောင့်ဆိုင်းနေတဲ့
မုတ်ဆိတ်ပေါင်း များစွာ
ဟင်္သာကို အိုးမဲသုတ်ပြီး
ရေဘဲလုပ်ရောင်းတဲ့
စားတော်ကဲကြီးပေါင်း များစွာ
သနပ်ခါးကို အရည်ဖျော်နေတဲ့
မိတ်ကပ် ချစ်သူကြီးများစွာ
များစွာ . . . များစွာ တို့ရဲ့
စောင့်ရှောက်မှု ဘေးမှ
ချစ်သူလေး ကင်းဝေးပါစေ။

အားလုံးနဲ့ဝေးရာ
ဟိုး . . ကောင်းကင်ပြာပြာပေါ်ကို
ချစ်သူလေးကို ခေါ်ယူပျံသန်းဖို့
ကျွန်ုပ်အား
အတောင်ပံတစ်စုံပေးပါ
ဘုရားသခင်.....။

                     မောင်လှမျိုး ( ချင်းချောင်းခြံ)

အထက်ပါ ကဗျာလေး အတိုင်းပါပဲ။ ခေတ်မှီတာကို ကျွန်တော် လက်ခံနိုင်ပါသည်။ သို့သော် ခေတ်ရှေ့ ပြေးမှုကိုတော့ ကျွန်တော် အားမပေးချင်ပါ။ အရင်က နာမည်ကြီး မဂ္ဂဇင်း တစ်စောင်ရဲ့ အမေးအဖြေ တစ်ခုမှာ ကြုံဖူးပါသည်။ မေးသူက သူ့ချစ်သူ မိန်းကလေး ဘောင်းဘီဝတ်တာကို အိမ်က သူ့မိဘတွေက သဘောမကျ။ ထိုသဘော မကျမှုကနေ အစပြုပြီး သူတို့ နှစ်ယောက်ကိုလည်း သဘောမတူ ဟု ဆိုထားပါသည်။ ဒါကို အကြံတောင်းသူက အကြံတောင်းတော့ အကြံပေးသူက . . . .

“ ဟုတ်ပါတယ်။ ဘောင်းဘီဝတ်တယ် ဆိုတာက အမျိုးသမီးတွေ အတွက် ကျန်းမာရေးနဲ့လည်း မညီညွတ်ဘူး။ x x x x x x x x x x x x x x x ”

ဟု အစချီကာ ဆိုထားပါသည်။ ဒါကို ကျွန်တော် ဖတ်မိတော့ မဟုတ်သေးဘူး ဟု ခံစားမိသည်။ ထိုပြန်ဖြေသူကလည်း အမျိုးသမီး စာရေးဆရာမ တစ်ယောက် ဖြစ်ပါသည်။ သို့သော် သူက အဟောင်းအဆွေးများကို တယုတယ ကြင်နာနေတတ်သူ တစ်ယောက်ပဲ ဖြစ်ပါလိမ့်မည်။ ဒါကြောင့် ကျွန်တော်က . . . . . . .

“ မိန်းမတွေ ဘောင်းဘီဝတ်လို့ ကျန်းမာရေး နဲ့ မညီညွတ် ဖြစ်ပြီး နေမကောင်း ဖြစ်ကြကြေး ဆိုရင် အနောက်နိုင်ငံက မိန်းမတွေ ဆေးရုံကကို ဆင်းရမှာ မဟုတ်ဘူး။ x x x x x x x x x x x x ”

ဟု အစချီကာ ကျွန်တော်နဲ့ ဘာမှလည်း မဆိုင်သော ဘောင်းဘီဝတ် အမျိုးသမီးတွေဘက်က ချေပမိပါသည်။ အုတ်အော် သောင်းနင်း ဖြစ်ခဲ့ရပါသည်။ သို့သော် နောက်ထပ် ဘာသံမှ မကြားရတော့ပါ။ ကျွန်တော်ဟာ ထိုကဲ့သို့ မြန်မာ အမျိုးသမီးများကိုလည်း ခေတ်မှီစေချင်သူ တစ်ယောက် ဖြစ်ပါသည်။ ထို့အတူ ကျွန်တော်လည်း ခေတ်မှီချင်ပါသည်။ ထိုနဲ့ ထပ်တူ ကျွန်တော်ရဲ့ နောင် ဖြစ်လာလတ္တံသော ချစ်သူကိုလည်း ခေတ်မှီစေချင်ပါသည်။ ထုံထုံထိုင်းထိုင်း မှိုင်းခပ်ဝဝ မြေမကြွ ဆိုသော ခပ်လေးလေးကြီး မဖြစ်စေချင်ပါ။



ပြီးခဲ့တဲ့ နှစ် ၂၀၀၉ ဒီဇင်ဘာလက စင်ကာပူ နဲ့ မလေးရှားကို IC တေးဂီတအဖွဲ့ လာရောက် ဖျော်ဖြေတာကို မှတ်မိကြပါဦးမည်။ ကျွန်တော်ဟာ အရင်က ရန်ကုန်မှာ ကျင်းပသော ကိုလေးဖြူ ပွဲတိုင်း ၊ IC ပွဲတိုင်း မလွတ်တမ်း ကြည့်ခဲ့သူ တစ်ယောက် ဖြစ်ပါသည်။ သို့သော် ဒီရောက်တော့ လူက ဘယ်လို ဖြစ်တယ် မသိ ကျွန်တော် တကူးတက လာရောက် ဖျော်ဖြေသူများကို အားနာမိသော်လည်း ကျွန်တော် ဘယ်ဖျော်ဖြေရေးပွဲ ကိုမှ မသွားဖြစ်ခဲ့ပါ။

သူငယ်ချင်းတွေက ပိုက်ဆံကုန်မှာ စိုးလို့လား ၊ ငါတို့ ပေးမယ် မင်းလာသာ လာခဲ့ ဟု ဆိုကာ စကားနာထိုးပြီး ကျွန်တော့်ကို ခေါ်ကြသည်။ သို့သော် ကျွန်တော် ပေကပ်ကပ်နိုင်စွာ မသွားခဲ့ပါ။ ပထမအချက်က ရှိုးမှာ မူးရစ် ရမ်းကားနေတာကို ကျွန်တော် မခံစားနိုင်တော့၍ ဖြစ်ပြီး ဒုတိယ အချက်မှာ အမြင်မတော်၍ ဖြစ်ပါသည်။ ဒါကြောင့် စာပေ ဟောပြောပွဲတွေတော့ ကျွန်တော် သွားဖြစ်ခဲ့ပါသည်။ တခြားသော အလှူပွဲ အစရှိသဖြင့်တော့ သွားဖြစ်ခဲ့ပါသည်။

ထို ၂၀၀၉ ခုနှစ် IC Show မှာ ကျွန်တော် မသွားဖြစ်သော်လည်း ကျွန်တော့် အခန်းမှ သူငယ်ချင်း တစ်စုက သွားမယ် လို့ သတင်းကြားရပါသည်။ ထိုအချိန်မှာ ကျွန်တော်ကလည်း ဘလော့လေး ရေးလို့ အရှိန်ရနေပြီ ဖြစ်တဲ့ အတွက် မလေးရှားသို့ လာရောက် ဖျော်ဖြေသော IC မှ လေးဖြူ ၊ မျိုးကြီး ၊ ဝိုင်ဝိုင်း ၊ R ဇာနည် ၊ နောနော် တို့ရဲ့ စင်ပေါ်မှာ ဖျော်ဖြေနေတဲ့ ဓါတ်ပုံလေးတွေတော့ လိုချင်မိပါသည်။ ဒါကြောင့် IC Show ကို သွားကြည့်မဲ့ ကျွန်တော့် သူငယ်ချင်းကို လေးဖြူ တို့ ဓါတ်ပုံလေးတွေ ရိုက်လာပေးရန် အကူအညီ တောင်းမိပါသည်။ သူကလည်း ကင်မရာကြီး တလွယ်လွယ် ဖြစ်နေပြီး IC Show သွားမှာ ဆိုတော့ ထိုဓါတ်ပုံများကို တောင်းရတာ ဒီလောက် ခက်လိမ့်မယ်လည်း မထင်မိပါဘူး။

ဒါနဲ့။ ညမိုးချုပ်မှ ပြန်လာတဲ့ သူနဲ့ ညဘက် အလုပ်သွားတဲ့ ကျွန်တော် မတွေ့လိုက်ပါဘူး။ နောက်နေ့ မနက်ကျတော့လည်း သူက အလုပ်ကို ဝင်တော့ ကျွန်တော်က အလုပ်က ထွက်တော့မှာ ဆိုတော့ ဓါတ်ပုံ မတောင်းဖြစ်သေးပါ။ IC Show အခြေအနေမေးတော့ အားရစရာကောင်းစွာ သူ ဖြေပါသည်။ လူတွေ လာရောက် အားပေးတာ များလွန်းလို့ နောက်ဆုံး ရုံတောင်မှ ဖွင့်ပေးလိုက်ရသည် ဟု ဆိုသည်။ ပြီးတော့ ဆက်ပြောပါသေးသည်။ ဆလွန်းကားကို ဖင်ထိုးပြီး ရေခဲပုံးကြီးတွေနှင့် ဘီယာတွေ လာရောင်းသည် ဟု ဆိုသည်။ ဘီယာ တစ်ဘူး အပြင်မှာ သာမာန်ဆို ၆ ကျပ် ကနေ အဲဒီအချိန်မှာ တစ်ဘူးကို ၁၀ တောင်မှ ရောင်း မလောက်ဟု ဆိုသည်။ ဒါ အားကျစရာလားလို့ ကျွန်တော် တွေးမိသည်။

သို့သော် ကျွန်တော့် သူုငယ်ချင်းကတော့ အားကျစွာ ပြောနေတာ ဖြစ်ပါသည်။ ပြီးတော့ သူက ဘယ်နှစ်ဘူး ဝယ်သောက်လိုက်တယ် ဟုလည်း ပြောပါသေးသည်။ သို့သော် ဒါတွေကို ကျွန်တော် သိချင်တာ မဟုတ်ပါ။ ကျွန်တော် သိချင်တာက IC Show မှာ ဖျော်ဖြေနေသော အဆိုတော်များရဲ့ ဓါတ်ပုံ သူရိုက်လာလား ဆိုတာကိုပါ။ ဒါပေမဲ့ သေချာ မပြောဖြစ်လိုက်ပါ။ သူလည်း အလုပ်ဝင်သွားသလို ကျွန်တော်လည်း အလုပ်က ထွက်လာခဲ့သည်။ နောက်ထပ် တစ်ပတ်လောက် ဘာလိုလိုနဲ့ ကုန်သွားပါသည်။ တစ်နေ့တော့ သူလည်း ကွန်ပျူတာ သုံးနေတုန်း တေ့တေ့ဆိုင်ဆိုင် IC Show က ဓါတ်ပုံတွေကို သူရိုက်လာလား ဆိုပြီးတော့ တောင်းလိုက်မိပါသည်။

ဒီတော့ သူက ဓါတ်ပုံတွေ မစစ်ရသေးလို့ လိုလို ၊ မန်မိုရီကဒ်ပဲ သူများကို ကူးဖို့ ခဏငှားလိုက်သလိုလို ပြောပါသည်။ ဒါကြောင့် ကျွန်တော်လည်း ဘာမှ မထင်မိတော့ ဘာမှကို ဆက်မမေးဖြစ်ပါ။ နောက်ထပ် ၁၀ ရက်လောက်ကြာ အပြီး တနင်္ဂနွေနေ့ မှာ အိပ်နေရာကနေ စကားပြောသံတွေကြောင့် ကျွန်တော် နိုးသွားပါတော့သည်။ အိပ်မှုန်စုတ်ဖွားနဲ့ ထပြီး စကားပြောနေတဲ့ ဆီကို လျှောက်သွားတော့ ကျွန်တော့်သူငယ်ချင်း ကွန်ပျူတာနားမှာ လူတွေ ဝိုင်းအုံနေတာ တွေ့ရပါသည်။ ဘာလဲဟ ဆိုပြီး သူတို့ အာရုံ စိုက်နေတဲ့ မော်နီတာကို ကြည့်လိုက်ပါသည်။ ကြည့်တော့ မြင်သည် ၊ မြင်တော့မှ ကျွန်တော် နားလည်ရပါတော့သည်။

“ တွေ့လား ၊ ဒီတစ်ယောက်က အဲဒီလိုတွေ ခုန်နေတာ ၊ အားလုံးကို တုန်နေတာပဲ ”

“ အဲဒီတစ်ယောက်က မူးပြီး ပြဲနေတာ ၊ ပြီးတော့ သူဘဲနဲ့ ထောင့်မှာ သွားပြီး Kiss ဆွဲနေတော့တာပဲ ”

“ ဒီနှစ်ယောက်ကတော့ တော်တော်ကဲတယ်ကွ ၊ ပွဲစကတည်းက နမ်းလိုက် ဖက်လိုက် လျှက်လိုက်ပဲ ”

သြော်. . ဒီတော့မှ ကျွန်တော် သဘောပေါက်မိပါတော့သည်။ တကယ်တော့ ကျွန်တော့် သူငယ်ချင်းက ဓါတ်ပုံတွေ မရိုက်လာတာ မဟုတ်ပါ။ သူ ရိုက်လာပါသည်။ သို့သော် သူရိုက်လာတဲ့ ပုံတွေမှာ IC Show မှ ပုံတွေက အနည်းငယ်သာ ဖြစ်ပြီး ကျန်တဲ့ တခြားပုံတွေက များစွာ. . . များစွာ ဖြစ်နေတာပါပဲ။ အဲဒီပုံတွေထဲမှာ ဝတ်စားထားသော မြန်မာဟု နာမည်တပ်ခံထားရတဲ့ ကျွန်တော်တို့ မြန်မာ အမျိုးသမီးတွေ တစ်ယောက်မှ ဂျင်းဘောင်းဘီ ဝတ်ထားတာ မပါပါ။ ကျွန်တော် မခေါ်တတ်သော အသားကပ် ဘောင်းဘီအနက်ရောင်ကို အောက်ခံဝတ်ထားပြီး သူ့အပေါ်က အင်္ကျီခပ်ရှည်ရှည်လေးကို တင်ပါးဖုံး ဝတ်ထားယုံမျှသာ ဖြစ်ပါသည်။ ပြီးတော့ အားလုံးလိုလိုက မူးရစ်နေကြသည် ဟု ကျွန်တော် ထင်မိပါသည်။

ကျွန်တော် မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်ပေမဲ့  မြန်မာစားသောက်ဆိုင်တွေမှာ မထိုင်ဖြစ်ပါ။ ပထမဦးဆုံး အချက်က သူုတို့ရဲ့ ဘီယာ ဝန်ဆောင်မှုကို ကျွန်တော် ကျွန်တော် မနှစ်သက်ပါ။ ဘီယာသောက်သော ယောက်ျားများနဲ့ မည်သို့ ပတ်သတ်သည် မသိဘဲ ပါလာသော မိန်းကလေး တချို့ကလည်း သူတို့ ကြည့်ထားသော အနောက်တိုင်းမှ အတုခိုးထားသော ပုံစံတွေနဲ့ ဘီယာယူသောက် ၊ စီးကရက်လေး ဖွာနေတာကို ကျွန်တော် မမြင်ချင်ပါ။ တရုတ်မတွေ စီးကရက် ဖွာ ၊ ဘီယာသောက် နေကြပါသည်။ ဒါ သူတို့ဖာသာ ဖြစ်ပါသည်။ မြန်မာမတွေ ဒီလို ပြဲကြောင်ကြောင်နဲ့ မျက်လုံးများကို ကျွန်တော် မမြင်ချင်ပါ။

အခုလည်း ကျွန်တော့် သူငယ်ချင်း ရိုက်လာသော ဓါတ်ပုံများမှာ ဘီယာ သောက်ရင်း မူးလဲ ပြူးပြဲနေသော ပုံများ ၊ ရစ်မူးနေသောကြောင့် ကိုယ့်ကို ဖက်မှန်း မသိ ၊ လျှက်မှန်း မသိ ဖြစ်နေသော ပုံများ ၊ နှစ်ဦး သဘောတူ နမ်းကြ ၊ ရှုံကြ ဖြစ်နေသော ပုံများ ၊ ဦးပုညရေးထားသလို ပွတ်သဘင်ပွဲ ဆင်နွဲနေသော ပုံများ . . . . နောက်တော့ များစွာ များစွာ ကျွန်တော် မပြောပြချင်သော ပုံများ။ လေးဖြူ ၊ အငဲ ၊ မျိုးကြီး ၊ ဝိုင်ဝိုင်း အစရှိသူတို့ရဲ့ ပုံတွေထက် ထိုကဲသို့ ပုံတွေက ပိုပြီး များနေခဲ့ပါသည်။ ဒါကြောင့် ကျွန်တော့် သူငယ်ချင်းကလည်း ကျွန်တော့်ကို ဓါတ်ပုံတွေ ပေးဖို့ တွန့်ဆုတ်နေခဲ့တာပါလား လို့လည်း တွေးမိပါတော့သည်။



အဲဒီအချိန်ကတည်းက ကျွန်တော် ပို့စ်တစ်ပုဒ်ရေးဖို့ ကြိုးစားပါသေးသည်။ ဒါပေမဲ့ ဘယ်လို စကားလုံးမျိုးကို ကျွန်တော်သုံးစွဲ ရမယ် ဆိုတာ ကျွန်တော့်ဖာသာလည်း ကျွန်တော် မသိခဲ့။ ဒါကြောင့် ကျွန်တော် မရေးဖြစ်ခဲ့ပါ။ နောက်တော့ တချို့က ကျွန်တော့်ကို စီဘောက်မှာ ၊ မေးလ်နဲ့ လာပြီးတော့ ထိုကဲ့သို့သော အကြောင်း ပို့စ်တစ်ပုဒ်လောက် ရေးဖို့ ပြောလာပြန်သောကြောင့် ကျွန်တော်ရေးဖို့ ပြန်ပြီး စိတ်ပါလာပြန်ပါသည်။ နောက်တော့ စကားလုံး ရှာမရတာနဲ့ ကျွန်တော် မရေးဖြစ်ခဲ့ပြန်ပါဘူး။

ပြေပြေပြစ်ပြစ် ကျွန်တော်က သိပ်ပြီးတော့ ပြောတတ်တယ်တော့ မဟုတ်ပါ။ တရုတ်မတွေ ဘောင်းဘီအတို ဝတ်တာ အခုမှ မဟုတ်ပါ။ တရုတ်မ ဘောင်းဘီတို ဆိုပြီး နာမည်ရအောင်ကို ကမ္ဘာပေါ်မှာ တရုတ်တွေက ဘယ်နေရာကိုပဲ ရောက်ရောက် ဘောင်းဘီတို ဝတ်ကြတာပါ။ ဒါကို အခုမှ သူတို့ နေထိုင်ရာကို ရောက်သွားတဲ့ မြန်မာမတွေက ဘောင်းဘီတိုတွေကို လိုက်ဝတ်ကြပါတော့သည်။ ဒီတော့ ဘာများ ဖြစ်ပါသလဲ။ တရုတ်မတွေက ငယ်ငယ်ကတည်းက ဝတ်လာတာ အလေ့အကျင့်ရှိတယ် ဒါကြောင့် ဘယ်နေရာမှာ ဘယ်လို ထိုင်ရမယ် ဆိုတာ သိတယ် ၊ သူတို့ကျတော့ မနေတတ် မထိုင်တတ်နဲ့ ဟိုက လွတ် ဒီကပေါ် ၊ မနေတတ် မထိုင်တတ် မျက်စိ ရှက်စရာ ကောင်းပါသည်။

နောက်တစ်ခုက တရုတ်မတွေက သူတို့ ရှော့ပင် လာတယ် ဆိုရင်လည်း တိုတိုပြတ်ပြတ် ဟိုက်ဟိုက်ပေါ်ပေါ်တွေ ဝတ်လာတယ် ထားပါဦး ၊ သူတို့ ဈေးဝယ်ပြီးရင် သူတို့က ကိုယ်ပိုင် ကားပေါ်မှာ ကျော့ကျော့လေး ထိုင်စီးသွားတာပါ။ ကိုယ်တွေက ကိုယ်ပိုင်ကားကလည်း မရှိဘဲ ဒီလိုတွေ လိုက်ဝတ်ပြီး ပြန်တော့ ဘတ်စ် ၊ တက္ကစီ ၊ ရထား စီးပြန်ရတာပါ။ အခြေအနေ မတူတာကို သူမဟုတ်ဘဲ သူတို့လို လိုက်ဝတ်တော့ သူတို့က ကိုယ်ပိုင်ကားလေးတွေပေါ်မှာ ကျော့ကျော့လေး ထိုင်ပြန်သွားတဲ့ အချိန် ကိုယ်က ဘတ်စ်နဲ့ ပြန်နေရမှာ ၊ ဘယ်လိုမှ မသင့်တော်ပါ။ တကယ်လို့ ကိုယ်လည်း ကိုယ်ပိုင်ကား စီးနိုင်တယ် ဆိုတဲ့ အချိန်မှာ ဝတ်ချင်တယ် ဆိုရင် ဝတ်ပါ။ ဒီအချိန်ဆိုရင် သင့်တော်ပါသေးတယ်။

သို့သော်. . . . .



ဟိုတလောက ရှာကီယာရဲ့ waka waka သီချင်းကို နောက်ခံဖွင့်ပြီး တစ်ကိုယ်လုံး တုန်ခါပြနေတဲ့  မော်ဒယ်လား ဘာလား တစ်ယောက်ကို ကျွန်တော်  ဒီနေရာမှာ   တင်ဖူးပါသည်။ ရှာကီယာ ကတယ် ဆိုတာကို သေချာ ကြည့်ပါ ၊ ကလေးက ကတာပါ။ ကလေးလေးတွေလည်း လိုက်ကလို့ ရပါသည်။ ဒီလို အကမျိုး ကျွန်တော်တို့ ငယ်ငယ်ကလည်း ခုန်ပေါက်ကာ ကဖူးပါသည်။ ဒါကြောင့် ရှာကီယာ နဲ့ အတူတူ ကလေးလေးတွေပါ လိုက်က ကြတာ ဖြစ်သည်။

သို့သော် ကျွန်တော် နာမည်တောင်မှ မခေါ်ချင်သော ထိုမော်ဒယ်ကတော့ သူ့မှာ ရှိသော ပစ္စည်းတွေ အားလုံးကို ထုတ်ကာ ၊ လှုပ်ကာ ကသွားတာ ဖြစ်ပါသည်။ သူ က သွားသလိုမျိုး က သလိုတွေ ဘယ်လိုလုပ်ပြီး လိုက်လှုပ်ကကာ ကနိုင်ပါမည်နည်း။ ပစ္စည်းရှိ လူတန်းစားနဲ့ ပစ္စည်းမဲ့ လူတန်းစား ဒီနေရာမှာ ခွဲခြားလိုက်သလို ကျွန်တော် ခံစားရသည်။ ဒါပေမဲ့ သူ့ကို အားကျကာ ပစ္စည်း မရှိသေးသော ကလေးတွေကပါ ထိုကဲ့သို့ လိုက်လံ လှုပ်ခါကာ ကနေမည် ဆိုရင် ပိုပြီးတော့ ရင်လေးဖို့ ကောင်းပါသည်။ သူတို့သာ ပစ္စည်းရှင်တွေ ဖြစ်လာခဲ့ရင် တရုတ်ကားတွေထဲကလို “ သူ့ထက်သူ လူစွမ်းကောင်းတွေ ဖြစ်နေပါရောလား ” ဆိုသလို ဖြစ်နေတော့မှာပေါ့ဗျာ။ မတွေးဝံ့စရာပါပဲ။

မိန်းကလေးတွေကို တန်ဖိုး ဖြတ်သောနည်း နှစ်နည်း ရှိတယ် လို့ ကျွန်တော် ကြားဖူးခဲ့ပါသည်။
၁။ အသက်အရွယ်ဖြင့် တန်ဖိုးဖြတ်ခြင်း
၂။ ကိုယ်ကျင့်တရားဖြင့် တန်ဖိုးဖြတ်ခြင်း လို့ အကြမ်းဖျဉ်းပဲ မှတ်ထားပေးပါ။

၁။ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးကို အသက်အရွယ်ဖြင့် တွက်ချက်တယ် ဆိုတာ ဆေးပညာ သဘောတရားအရ မိန်းမတစ်ယောက် ကိုယ်ဝန်ဆောင်သင့်တဲ့ အရွယ်ဟာ အသက် ၁၈ နှစ်ကနေ ၂၄ နှစ် အတောအတွင်းမှာ ခန္ဓာကိုယ်အရ အကောင်းဆုံးမို့လို့ ဒီလိုပဲ သတ်မှတ်တာပါ။ ဒါပေမဲ့ ကိုယ်ကျင့်သိက္ခာ ပြည့်စုံသော မိန်းမတစ်ယောက် အတွက် အခုခေတ်မှာ ဆေးပညာတွေလည်း ဖွံ့ဖြိုးလာတော့ အသက်ကြီးလာသော်လည်း ကိုယ်ဝန်ဆောင်ရတာ အန္တရာယ် မရှိနိုင်တော့ပါဘူး။

၂။ ကိုယ်ကျင့်တရားနဲ့ ပတ်သတ်သော မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာမှာ ကျွန်တော့် အဖေ ပြောဖူးတဲ့ စကားလေး တစ်ခွန်းကို အမှတ်ရမိပါသည်။ ပြည့်တန်ဆာ တစ်ယောက်ရဲ့တန်ဖိုးကို ဖေဖေက ဒီလို ပြောပြဖူးပါသည်။ ပထမဦးဆုံးကတော့ လာခေါ်တာ မာစီဒီးကားပေါ့။ နောက်တော့ စလွန်းကား ဖြစ်လာတယ်။ နောက်တော့ တက္ကစီ ၊ နောက်တော့ ဆိုက်ကား ၊ နောက်တော့ လိုင်းကား ၊ နောက်တော့ ကုန်းကြောင်း ၊ နောက်တော့ အတန်း ၊ နောက်တော့ ထမင်းဖိုး ၊  နောက်တော့ ဆေးလိပ် တစ်လိပ် ၊ နောက်တော့ . . . . . . . . . . . . . . . . . . ဆိုပြီး ဖြစ်လာပါသည် ဟု ပြောခဲ့ဖူးပါသည်။

ဒီလိုပါပဲ။ သာမာန် မိန်းမတစ်ယောက်မှာလည်း တန်ဖိုးတွေ ရှိပါသည်။ ကိုယ့်တန်ဖိုးကို ကိုယ် မချမိဖို့ဘဲ လိုပါသည်။ Tiger Woods ရဲ့ မိန်းမ ဖြစ်လာမဲ့ Elin Nordegren ဟာ တိုက်ဂါးဝုဒ် နဲ့ လက်ထပ်မယ် ဆိုတော့ တိုက်ဂါးဝုဒ် အမေက သူ့ကို သဘောမတူမှာ အရမ်းကို စိုးရိမ်မိတယ် ဆိုပဲ။ ဘာလို့လဲ ဆိုတော့ သူက အရင် မော်ဒယ် ဘဝတုံးက ဖော်ချွတ်ဓါတ်ပုံတွေကို ရိုက်ထားမိတော့ ဗုဒ္ဓဘာသာ ၊ ထိုင်းလူမျိုး ဖြစ်သော တိုက်ဂါးဝုဒ် အမေက သူ့ကို သဘောမတူမှာကို သူ အရမ်းကို စိုးရိမ်မိတယ် လို့ ဆိုသည်။ သူတို့လို နာမည်ကျော်တွေတောင်မှ ဘဝအတွက် အဆုံး အဖြတ် အချိန်မှာ ဒီလို ဖြစ်လာတယ် ဆိုရင် ကျွန်တော်တို့ လို သာမာန်လူတွေဆိုရင် ဘယ်လိုများ ၊ ဘယ်လောက်များ ထိန်းသိမ်းနေသင့်ပါသလဲ။

ဥပမာဗျာ ကျွန်တော် ဆိုပါစို့။ ကျွန်တော့်ရဲ့ မိန်းမဟာ အရင်က အဲဒီလို ဖော်ချွတ်ဝတ်စားပြီး ဓါတ်ပုံတွေ ရိုက်ကာ ပျံ့နှံ့နေတယ် ဆိုပါစို့။ ဒါကို ကျွန်တော်က မသိလို့ဘဲ ဖြစ်ဖြစ် ၊ သိသိကြီးနဲ့ လက်ထပ် လိုက်တယ် ဆိုပါစို့။ အရင်က ဖြစ်ခဲ့တာ ဘာမှ မဖြစ်ဘူးလို့ ဆိုချင် ဆိုကြပါလိမ့်မည်။ ဒါပေမဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုဇော့်မိန်းမက အရင်ကလေ ဒီလိုက ဒီလို အကြောင်းပဲဆိုပြီး လူတွေ အပြောကို ရေရှည် ခံနိုင်ပါ့မလား။ ကျွန်တော်ကတော့ မထင်ပါ။ တကယ်တော့ လူတစ်ယောက်ရဲ့ လျှို့ဝှက်အပ်သော ပစ္စည်းဆိုတာ ထိုသူ ၊ ထိုသူနဲ့ ပတ်သတ်သော သူသာ တွေ့မြင်သင့်တယ် လို့ ထင်ပါသည်။

အဖိုးတန် ပစ္စည်းဆိုတာကို လူတွေ ဘယ်လို အဓိပ္ပါယ် သတ်မှတ်ကြလဲ ကျွန်တော် မသိပါ။ ကျွန်တော် ကတော့ စိန် နဲ့ လမ်းခင်းကျောက်ဖြင့် ဥပမာပေးချင်ပါသည်။ စိန် ဆိုတာ အဖိုးတန်လား ဆိုရင် ဘယ်သူမဆို ခေါင်းငြိမ့်ကြပါလိမ့်မည်။ လမ်းခင်းကျောက်ရော အဖိုးတန်လား ဆိုရင်လည်း သူ့ဟာနဲ့ သူတော့ အဖိုးတန်ပါတယ် လို့ ဆိုကြမည်။ ဒါဆို စိန်နဲ့ လမ်းခင်းကျောက်မှာ ဘယ်ဟာက ပိုပြီး အဖိုးတန်ပါသလဲ လို့ ဆိုရင် “ စိန် ” လို့ စိတ်မှန်နေသော လူတိုင်းက ဖြေကြလိမ့်မည်ဟု ထင်ပါသည်။ ဘာလို့ စိန် ကို ရွေးကြတာပါလဲ။ အဖြေက ရိုးရှင်းလွန်းပါသည်။ စိန်ဆိုတာ ရှားပါးလို့ပါ။

တကယ်လို့ စိန်ကို လမ်းခင်းကျောက်လိုမျိုး နေရာတကာမှာ တွေ့နေရတယ် ဆိုပါစို့။ လမ်းခင်းကျောက်ကလည်း အရမ်းကို ရှားပါးသွားပြီး စိန်ကဲသို့ ရှာရဖွေက ခက်သွားသည် ဆိုပါစို့။ ထိုအခါမှာ လမ်းဘေး ခလုပ်တိုက်ရင်တောင်မှ စိန်တွေ ထွက်လာနေတယ် ဆိုရင် စိန်ဆိုတဲ့ ကျောက်ဟာ ဘာများ အဖိုးတန်ပါတော့မလဲ။ အဲဒီအချိန်မှာ ရှားပါးနေတဲ့ လမ်းခင်းကျောက်က တန်ဖိုးရှိပြီး အဖိုးတန်နေမှာ မလွဲပေါ့ဗျာ။ ဒီလိုပါပဲ ဖော်ချွတ်လှုပ်ရမ်းနေမယ် ဆိုရင်ဖြင့် ဟိုလူကလည်း ဒီပစ္စည်းကို မြင် ၊ ဒီလူကလည်း ဒီပစ္စည်းကို မြင်နေမှတော့ ဘယ်လိုလုပ် တန်ဖိုး ရှိပါတော့မလဲ။

ကျွန်တော်တို့ ယောက်ျားလေးတွေ ဆိုတာကတော့ မျက်စိ အောက်မှာ လာမြင်နေရင်တော့ ကြည့်လိုက်မှာပါပဲ။ မျက်စိအောက်မှာ မမြင်ရဘူး ဆိုရင် ပိုပြီးတော့ ကြည့်ချင်မိပါသည်။ ဒါကြောင့် မမြင်ကွယ်ရာ ရောက်နေ ကြည့်ချင်လေ ဖြစ်တတ်ကြတာပါပဲ။ ဗုံးပေါလအော မြင်နေတွေ့နေရတဲ့ ပစ္စည်းတစ်ခုကို ရုံသွင်းပြတယ် ဆိုပါစို့ ဘယ်သူကများ ထပ်ပြီး ကြည့်ချင်တော့မလဲ။ ဒါကြီးများကွာ လို့ အပြောမခံရရင် ကံကောင်းပါ။ လူဆိုတာ တွေ့နေ မြင်နေကြ ဆိုရင် တန်ဖိုး မထားတတ်ချင်ဘူး မဟုတ်လား။



တချို့ကတော့ ဆင်ခြေတက်ချင်စရာ ရှိပါသည်။ ဒါဆိုရင် အနောက်တိုင်း ရုပ်ရှင်တွေမှာ ဘာလို့ ဒီလောက်တောင်မှ ဖော်ချွတ်နေတာလဲ ဆိုပြီး။

တကယ်တော့ . . . . . သူတို့ နိုင်ငံရဲ့ ယဉ်ကျေးမှုက သူတို့နိုင်ငံ အတွက် အဆင်ပြေပါလိမ့်မယ်။ ဒီနေရာမှာလည်း ပြောစရာ ရှိလာပြန်ပါသေးသည်။ အနောက်နိုင်ငံက လူတွေတိုင်း ဒီလို ဝတ်စားဆင်ယင် နေတယ် လို့ ထင်ပါသလား။ မဟုတ်ပါ။ တကယ်ကို အနောက်နိုင်ငံမှ ရုပ်ရှင်များကို သတိထားကြည့်ပါ။ ရုပ်ရှင်ထဲမှာ ပါဝင် သရုပ်ဆောင်နေသော မင်းသား မင်းသမီးထက် သူတို့ လမ်းမှာ သွားနေတဲ့ လူတွေကို ကြည့်ပါ။ သူတို့ ဘယ်လို ဝတ်စားဆင်ယင် ထားပါသလဲ။ ထိုကဲ့သို့ လူများကို ကျွန်တော် ရုပ်ရှင်လေး တစ်ခု ကြည့်စေချင်ပါသည်။ Freaky Friday လို့ ဆိုသော ဇာတ်ကားလေးကို ကြည့်စေချင်သည်။


ဇာတ်လမ်းလေးကတော့ တရုတ်စားသောက်ဆိုင်မှ အဘွားကြီးရဲ့ ကျိန်စာ ဆန်ဆန် စာကြောင့် အမေနဲ့ သမီး ခန္ဓာကိုယ် မပြောင်းဘဲ စိတ်ချင်း ပြောင်းသွားတဲ့ ဇာတ်လမ်းလေးကို မေတ္တာဘွဲ့နဲ့ ရိုက်ထားတာပါ။ အဖေ မရှိတော့တဲ့ သူတို့ အတွက် အမေက နောက်ထပ် အိမ်ထောင် ထူထောင်ဖို့ ပြင်ဆင်နေပါသည်။ သူတို့ မကန့်ကွက်ပေမဲ့ သဘောမကျ။ သို့သော် တားလည်း မတားမြစ်ပါ။ အမေနဲ့ ထိုပထွေးဖြစ်လာမည့်သူတို့ နမ်းသော အခန်းတောင်မှ သားလုပ်သူက “ အခန်းထဲသွားပါလား ” ဆိုသော အခန်း ၊ အမေ့ခန္ဓာကိုယ်ထဲ သမီးစိတ်က ရောက်နေပြီး အိပ်ယာထတော့ ဘောင်းဘီကျွတ်တာကို ဆွဲတင်တဲ့ အခန်းမှာ သားလုပ်သူက ရှုံ့မဲ့ပြသော အခန်း ၊ သမီးစိတ်ဆိုတော့ နားကွင်းတွေဖောက် ၊ အင်္ကျီလည်ဟိုက်တွေ ဝတ်တာကို သူနဲ့ လက်ထပ်ဖို့ စီစဉ်ထားသူက အမေပဲ မှတ်ပြီး “ So Sexy !!!  ”  ဆိုပြီး ပြောတဲ့ အခန်းတွေဟာ သူတို့ အနောက်နိုင်ငံတွေမှာလည်း လူ့ပတ်ဝန်းကျင် ယဉ်ကျေးမှု ဆိုတာကို ထင်ဟပ်စေပါသည်။

အခုတော့ ကိုယ့် ရွှေမြန်မာတွေများ။ ဗီဒီယိုတွေ ကြည့်လိုက် လက်ကိုင်ဖုန်းထဲမှာ သူတို့။ ရထားဘူတာတွေမှာ ဖက်နမ်းနေတာလည်း ကြည့်လိုက် ရွှေမြန်မာတဲ့ ၊ တိုတတ်ပြတ်ကပ်နေတယ် ဆိုလည်း ကြည့်လိုက် ရွှေမြန်မာ ၊ ဖော်ဟိုက်ကွဲပြဲနေတယ် ဆိုလည်း ရွှေမြန်မာ။ မြန်မာနိုင်ငံမှာ ဘယ်လို နေလာလဲတော့ မသိပါ။ တရုတ်မတွေ ဒီလို နေလို့ ကိုယ်က ဒီလို လိုက်နေတယ် ဆိုတာ ခေတ်မှီတယ် ဆိုတာနဲ့ မဆိုင်ပါဘူး။ အတုဆိုတာ အစစ်မှ မဟုတ်တာ။

ဒီလို ပြောနေလို့လဲ ဆိုကရေးတီး ပြိုင်ပွဲဝင်မှာလို ဝတ်စားစရာ မလိုပါဘူး။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းမယ် ဆိုပြီး လှည်းကြီးလည်း စီးစရာ မလိုပါဘူး။ ကာလံဒေသံ အလိုက် ဝတ်တယ် ဆိုပေမဲ့ တရုတ်မလေးတွေက ပေါင်သားဖြူဖြူလေးတွေနဲ့ အခုတော့ သူတို့က တရုတ်မတွေလိုသာ လိုက်ဝတ်တာ ပေါင်မှာက အမာရွတ်တွေ ၊ တံခေါက်ခွက်မှာက ချေးကြောင်းတွေ ၊ ခြေသလုံးမှာက ဝဲတွေ အနာတွေ အမာရွတ်တွေနဲ့။ ဒီလို လိုက်မဝတ်လို့လဲ ဘယ်သူကမှ ဘာမှ မပြောပါဘူး။ မဖော် မချွတ်လို့ ခေတ်မမှီဘူးလို့ ဘယ်သူမှ မပြောကြပါဘူး။ ဝတ်ပြရင်တော့ ပြတဲ့ လူက ပြမှတော့ ကြည့်တဲ့ လူက ကြည့်တော့မှာပေါ့လေ။ ဒီတော့ ကိုယ့်မှာ လျှို့ဝှက် အပ်စရာ ဆိုသော အရာ မရှိသလောက်ကို ဖြစ်လာတော့မှာ မဟုတ်ပါလား။

ဟိုတလောက ကိုတိုးရဲ့ ဘလော့မှာ သူက ဝမ်းနည်းသံကြီးနဲ့ ရေးထားပါသည်။ မြန်မာမော်ဒယ် ရုပ်ရှင်မင်းသမီး တစ်ယောက်ရဲ့  အရင်က သူ့ပုံလေးတွေကို သူက  နိုင်ငံခြားသားတွေကို ပြပြီး ကြွားထား ဖူးပါသည်။ ထိုစဉ် အခါက ထိုမော်ဒယ်မှာ မြန်မာဆန်ဆန် အဝတ်အစားနဲ့ ဆိုတော့ သူလည်း ပြလို့ မျက်နှာပန်း လှနေပါသည်။ တစ်နေ့ကျတော့ ထိုနိုင်ငံခြားသားကပဲ သူ့ကို မင်းတို့ မြန်မာမော်ဒယ် တစ်ယောက် အရမ်းကို sexy ဖြစ်ပါလား ဆိုပြီး ထိုမော်ဒယ် အုန်းမှုတ်ခွက်လေး ကိုင်ပြီး ထိုင်ကာ ဘာဆေးနေလဲ မသိတဲ့ ပုံကို ပြလာပါတော့သည်။ ထိုမော်ဒယ်ပုံကိုပဲ မြန်မာဝတ်စုံဖြင့် ပြကာ ငါတို့ မြန်မာက ဒါမျိုးကွ ဆိုပြီး ကြွားထားမိသော ကိုတိုး ဘယ်လို ခံစားရမလဲ ဆိုတာ တွေးကြည့်ပါတော့. . . . ဒါလေဗျာ ကိုယ့်မျက်နှာကိုယ် အိုးမည်းသုတ်သော ရွှေမြန်မာ။



တစ်ခါကတော့ ကျွန်တော့် အဖေက ကျွန်တော့်ကို နောက်ပြီး ပြောဖူးပါသည်။ ကျွန်တော်နဲ့ ဖေဖေက သူငယ်ချင်း ပေါင်းလည်း ပေါင်းပါသည်။ ဖေဖေက ပြောပါသည်။

“ တကယ်တော့ကွာ။ မိန်းမတစ်ယောက်ရဲ့ အလှက သူ့နဲ့ သက်ဆိုင်သူ အတွက်ပဲ မဟုတ်လား။ အပြင်သွားတဲ့ အခါ မဖီးမလိမ်း မပြင်မဆင်ဘူးပဲ ထား။ ဘာဖြစ်လဲ။ သူ တကယ်လှဖို့က အိပ်ခါနီး လှရင် တော်ပြီကွာ။ နို့မို့ရင် သူက အပြင်သွားတော့ လှပအောင် ပြင်ဆင်သွားမယ် ဆိုရင် ကိုယ့်မိန်းမကို သူများက ကြည့်ပြီး ပြစ်မှားဖို့ အခွင့်အရေးတွေ ပေးနေသလို ဖြစ်နေတော့မှာပဲ။ သူ့ဖာသာ Sexy အဝတ်အစားတွေ ဝတ်ချင်တယ် ဆိုလည်း အပြင်မှာ ဝတ်ရအောင် သူက ဘယ်သူ့ကို ထပ်ပြချင် နေသေးလို့လဲ။ အိပ်ခါနီး ဝတ်ရင် တော်ပြီပေါ့။ တခြား ဘာများ လိုသေးလို့လဲ။ ”

လို့ ဖေဖေက နောက်ကာ ပြောင်ကာ ပြောဖူးပါသည်။ တကယ်တော့လည်း ဒါ အမှန်ပဲ ဖြစ်ပါသည်။ ဒါပေမဲ့ ဒီလောက်ကြီးတော့ ချုပ်ခြယ် တားဆီးစရာ မလိုပါ။ ဖော်ချွတ် ဟိုက်လန် ပြတ်ထွက် နေတာ မဟုတ်ဘဲ သင့်တင့်သော ဝတ်စားဆင်ယင်မှု တစ်ခုနဲ့ ခေတ်မှီစွာ ရပ်တည်နေသော မြန်မာမိန်းကလေး တစ်ယောက်ကို ချစ်သူ ဖြစ်ခွင့်ရရင် လောကဟာ ကျေနပ်စရာပဲ။ ကိုယ်ဘေးမှာ ရှိနေရဲ့သားနဲ့ တခြားတစ်ယောက်ကို ဖော်ချွတ်ပြနေမဲ့ မိန်းမ တစ်ယောက်ကို ရထားတဲ့ သူတစ်ယောက် ထက်တော့ ညဘက် ကောင်းကောင်း အိပ်ပျော်မှာ သေချာပါသည်။

တကယ်လို့ ယခု စာဖတ်သူသာ ဆိုရင် ဘယ်လိုမျိုးကို နှစ်သက် လက်ခံနိုင်မှာလဲ။ ဆရာ မောင်လှမျိုး ( ချင်းချောင်းခြံ ) ရဲ့ “ ကောင်းကင်ရဲ့ အတောင်ပံ ”  ဆိုသော ကဗျာလေးက ဒီလို ဆိုသည်။


“ ကောင်းကင်ရဲ့ အတောင်ပံ ” 

ရပ်ကွက်ထဲက ပါးကွက်ကြားနဲ့
ဆင်းရဲသားကောင်မလေးတွေ
အပါအ၀င်
Honey တို့လို
ခေတ်ကိုခုံမင် ဂုဏ်အင်မြင့်မား
ခေတ်ရှေ့ကို တွားသွားကြမယ့်
ကောင်မလေးတွေ အဆုံး
အားလုံးကို ခလုပ်တိုက်ဖို့
ဘီယာဆိုင်တွေက
မှောင်မိုက်နေတယ် Honey..!

မက်ဒေါနားကို ကြိုက်တယ်
ဖိုဖီကိတ်ကို ကြိုက်တယ်
ဘရွတ်ရှီးကို ကြိုက်တယ် (ဒါပေမယ့်)
မြန်မာပြည်က မြန်မာမလေး Honey ကိုပဲ
ကိုယ်ချစ်တယ်။

လက်ဖက်ရည်ဆိုင်မှာ
ကောင်မလေးတွေ ထိုင်လို့
ယဉ်ကျေးမှုကြီး မယိမ်းယိုင်သေးပါဘူး။
ဂျင်းဘောင်းဘီရှည်ဝတ်ပြီး
ခေတ်ကို ကြိုဆိုကြရုံနဲ့
ကောင်မလေးတွေ မရိုင်းပြသေးပါဘူး။

တိုနှံ့နှံ့အ၀တ်အစားတွေနဲ့
မှိန်ဖျော့ဖျော့ အလင်းရောက်အောက်က
ခေတ်သစ် ထန်းတောကြီးထဲမှာ
မြန်မာမလေးတွေ မရောက်မချင်း
ကိုယ်...မင်းကို
မစိုးရိမ်လိုပါဘူး ဟန်နီ..။

ကြံရည်နဲ့ဘီယာ
မှားမသောက်မိပါစေနဲ့ ဟန်နီ။
အန်ကယ်နဲ့ အန္တရာယ်
မျက်စိမလည်မိပါစေနဲ့ ဟန်နီ။
ကိုယ်တို့ရပ်ကွက်ထဲမှာ
ဆံပင်နီကြောင်ကြောင်နဲ့
ကောင်မလေးတွေရှိတယ်
သူတို့ကို မုန်းတယ်..။

ကိုယ်တို့ရပ်ကွက်အနီးက
ပန်းရံလုပ်ငန်းထဲက
မဆလာသယ်တဲ့ ကောင်မလေးတွေရဲ့ ဆံပင်
နီကြင်ကြင်ပါပဲ။
သူတို့ကို  . . ကိုယ် . . လေးစားတယ်။
ဆံပင် ဆေးဆိုးတယ် ဆိုတာ
ဘိလပ်မြေသယ်တဲ့ ကောင်မလေးတွေရဲ့
ဖက်ရှင်ပါကွယ်။
Honey...! ဆံပင်ဆေးမဆိုးနဲ့။

မျက်လုံးပေါင်း များစွာ
ပျားအစွဲကို စောင့်ဆိုင်းနေတဲ့
မုတ်ဆိတ်ပေါင်း များစွာ
ဟင်္သာကို အိုးမဲသုတ်ပြီး
ရေဘဲလုပ်ရောင်းတဲ့
စားတော်ကဲကြီးပေါင်း များစွာ
သနပ်ခါးကို အရည်ဖျော်နေတဲ့
မိတ်ကပ် ချစ်သူကြီးများစွာ
များစွာ . . . များစွာ တို့ရဲ့
စောင့်ရှောက်မှု ဘေးမှ
ချစ်သူလေး ကင်းဝေးပါစေ။

အားလုံးနဲ့ဝေးရာ
ဟိုး . . ကောင်းကင်ပြာပြာပေါ်ကို
ချစ်သူလေးကို ခေါ်ယူပျံသန်းဖို့
ကျွန်ုပ်အား
အတောင်ပံတစ်စုံပေးပါ
ဘုရားသခင်.....။

                     မောင်လှမျိုး ( ချင်းချောင်းခြံ)


ယခုပို့စ်ကို pdf ဖြင့် လိုချင်ပါက


လေးစားစွာဖြင့်
ကိုဇော်



Share/Bookmark

29 ယောက် ရဲ့ ထင်မြင်ချက်:

sv said...

ှုဂွတ်ထ...ဖတ်လို.ကောင်းပါအိ........
ဆက်ရေးနိုင်ပါစေ...

ညီမိုး said...

မိန်းကလေးတွေဖတ်သင့်တယ်ထင်၏ ဦးဇော် ..
ကျွန်တော်လည်း ဒီလိုပဲ ... အရမ်းကြီး hot တာလည်းမကြိုက် ပုံတုံးကြီးလည်းမကြိုက် ..
ဦးဇော်လည်းဒီလိုဒီလိုရွေးရင်းနဲ့ ....

Anonymous said...

အရမ်းကောင်းတဲ့ post ပါ။တကယ့်ကိုကျနော်တို့မြန်မာမိန်းကလေးတွေဖြစ်နေတာ ကိုဇော်ရေးမှ ပိုထိရောက်တယ်ဗျာ။မိန်းကလေးအားလုံးကိုတော့မဆိုလိုပါဘူး။ဒါပေမဲ့ တော်တော်များများကတော့ကျနော်တို့ကိုယ်တိုင်လဲမြင်နေရတာဘဲလေ ......ဟူး.....မလွယ်ပါဘူးဗျာ...

တောသားလေး (and) ထွန်းမြတ်တေဇ (မြန်အောင်) said...

ကိုဇော်ပိုစ်ကောင်းလေးတစ်ပုဒ်ပါဘဲခင်ဗျာ။
နောင်လည်းဒီထက်မကပညာပေးလေးများကို
ရေးသားနိုင်ပါစေ။
ခင်မင်လျှက်
တောသားလေး

ကိုရီး{ကိုကြီး} said...

ဒါမျိုးလေးတွေ နာနာရေးစမ်းပါ ဦးဇော်ရေ
ကိုဇော် ပြောသလိုဆို မလေး IC ရှိုးထက် စ လုံး IC ရှိုးက ပိုသာသွားပြီ
ဟေးးးးးး ဒါမှ ငါတို့ စ လုံးကွ :)
ကိုဇော်က အဲလောက်ပဲရေးတာ..... လာမယ် ကျနော် အားရင်
စနေ တနင်္ဂလို ပိတ်ရက်တွေမျိုး ယောကျာ်းလေးတွေပဲ နေတဲ့အိမ်မှာ
အချစ်လျှော်ကြေး ပရိုမိုးရှင်း လာပေးနေကြတာလေးတွေပေါ့။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

မောင်မျိုး said...

တကယ့်ကို ပို့စ်ကောင်းတစ်ပုဒ်ပဲ သေသေချာချာကိုဖတ်သွားပါတယ် ဆရာမောင်လှမျိုး ရဲ့ကဗျာလေးလည်း ယူသွားတယ် ကျေးဇူး ။

Anonymous said...

ကိုဇော်

ကိုယ့်သမိုင်း ကိုယ် ရေးကြမှာပါ ပူမနေနဲ့ သူတို့ဖော်တော့လည်း ကိုယ်ကြည့်ရတာပေါ့ အမာရွတ်တွေ ဂျီးကြောင်း တွေ

ခင်တဲ့
ရွှေစင်ဦး

Unknown said...

အရမ်းကောင်းပါတယ်ခင်ဗျ...
ကျနော်လဲ ကျနော့် သူငယ်ချင်းတွေကို အဲလိုပဲ ပြောပြောနေပါတယ်.. သို့သော် ဒီလို အစီအစဉ် တကျတော့ မပြောတတ်ပါဘူး... နောက်ထပ် ဆောင်းပါး တစ်ပုဒ်ရှိသေးတယ်ဗျ.. ဆရာမ ဂျူးရေးတာပါ.. “မတော်တရော်” ဆိုတာ... အဲဒါလေးကို ပါ reference လုပ်ကြည့်ပါလား အကို.. အကြံ ပြုတာပါ... အခုလဲ ဒေါင်းလုပ် လုပ်သွားပါတယ်... ကျနော့် သူငယ်ချင်းတွေကိုလဲ မေးလ်နဲ့ ဖြန့်ဝေပေးလိုက်ပါ့မယ်...
ကျေးဇူးတင်ပါတယ်ဗျာ... ကျနော်တို့ စဉ်းစားနေတာကို အကိုက ဒီလို ချရေးပေးတာ...

ကိုအောင် said...

ကိုဇော်ရေ ဖတ်လို့ ကောင်းလိုက်တာဗျာ။

ညလင်းအိမ် said...

ဟုတ် ရေးထားတာ ကောင်းပါတယ် ...

ကျွန်တော်ကတော့
စည်းဝိုင်းအပြင်ထွက်နေလိုက်တယ် ... အဟီး

ခင်မင်စွာဖြင့်
ညလင်းအိမ်

Anonymous said...

Bravo !!!

မိန်းကလေးတွေဖတ်သင့် တဲ့ စာကောင်းတစ်ပုဒ်ပါပဲ...

ရွေနတ်သား said...

ကိုဇော် ရေ သိပ်ကောင်းတဲ့ပိုစ့်လေးပါ ...
ခေတ်မှီတာကိုလက်ခံပါတယ်..ခေတ်လည်းနည်းနည်းလွန် ဦးဗျာ ..ရပါတယ် သိပ်ပုံပျက်ပန်းပျက်ဝတ်စားဆင်ယင်တာမျိုးကတော့ မြင်ရင်တော့ ယောက်ျားလေးပါ ကြည့်မှာခင်မျ၊၊
ဟိုနေ့ က ဗျာ မြန်မာမှာလုပ်သွားတဲ့  ရှိုးပွဲတစ်ပွဲ အင်တာနက်က နေကြည့်လိုက်ရတယ်.. ဈေးပေါပေါနဲ့ မြန်မာမှ sexy dance တွေ ကြည့်လို့ ၇နေပြီဘဲဗျ၊၊ ဒီမှာတောင် သွားကြည့်ရင်ဈေးကြီးသေးတယ်၊၊၊ အော် ကောင်းလေစွ ကောင်းလေစွ ဗျို့ ..စိတ်ကုန်တာပြောပါတယ်ဗျာ

မန်းကိုကို said...

လာဖတ်တယ်ခင်ဗျ၊ ပို့စ်ကတော့ တော်တော်ရှည်တာပဲ။

သတိထားမိတာက မှတ်ချက်ပေးတာ ခုထိမိန်းကလေးတစ်ယောက်ပဲ ရှိသေးတာကိုပါ။
သဘောကတော့ အားလုံးတူလို့မရပေမယ့် အချို့အချက်တွေကတော့ မှန်ပါတယ်။ ဥပမာ မီနီစကတ်ဝတ်ပြီးအထိုင်မတတ်တာတို့၊ အမာရွတ်တွေဘာတွေနဲ့ ဖြစ်နေတာကို ပြချင်သေးတာတို့မျိုးပေါ့။ နောက်ပြီးမူးယစ်နေတတ်ကြတဲ့ကိစ္စပါ၊ မြန်မာပြည်ကသူတွေ ပျော်ချင်တာမှန်ပေမယ့် ဘယ်လိုပျော်ပြီး အတိုင်းအတာဘယ်လောက်ထားသင့်တယ်၊ ထားရမယ်ဆိုတဲ့အပိုင်းတွေက အားနည်းနေသေးတယ်ထင်ပါတယ်။

ဒီကနေ့ခေတ်ပြဿနာတစ်ခုက globalisation အရ ယဉ်ကျေးမှုနဲ့ အတုခိုးစရာတွေက အချိန်တိုအတွင်း ခုန်ပျံရောက်သွားတတ်ကြတဲ့သဘာဝပါ။ တေးဂီတဗီဒီယိုတွေကို ကြည့်လိုက်ရင် အပြာကားအပျော့စားတွေလို ဖြစ်နေကြတာက ၉၀ ရာခိုင်နှုန်းဖြစ်နေပြီလို့ ပညာရှင်တွေက ပြောနေကြပါပြီ။ ကလေးငယ်တွေမှာ ဒါကိုမြင်ဖန်များတော့ ရိုးသွားပြီး ဒါဟာသာမန်အနေအထားလို့ ထင်သွားတဲ့အတွက် ကြီးလာတဲ့အခါ အခုကျနော်တို့မသင့်တော်ဖူးလို့ ထင်နေကြတာတွေဟာ သူတို့အတွက်ထမင်းစားရေသောက်လို့ စွဲထင်လုပ်ကိုင်ကြတတ်ပါတယ်။

အချို့ကျတော့လည်း ဖက်ရှင်ဆိုပြီးအကြောင်းပြ၊ ဟုတ်၏ဟုတ်ရဲ့နဲ့ထင်ပြီး အူကြောင်ကျားနဲ့လိုက်လုပ်တဲ့ လူငယ်တွေကလည်းများပေတာကိုး။ လှတာနဲ့ ပြတာကို ကွဲအောင်သိဖို့ လူကြီးတွေမှာတော့ တာဝန်ရှိတာပေါ့ဗျာ။ တစ်ဖက်မှာလည်း ယဉ်ကျေးမှုဆိုတာ ရေစီးကြောင်းလို ပြောင်းလဲနေတတ်တာကြောင့် တုံးတိကြီးလည်း ပိတ်ထားလို့မရပါကြောင်း။

နေ၀သန် said...

း).. ဂွတ်...

ခင်မင်တဲ့
နေ၀သန်

ရွှေရတုမှတ်တမ်း said...

ကောင်းပါ့...ကောင်းပါ့.. ကြည့်လို့ကောင်းတာပြောတာ

may htaik said...

"သူတကယ်လှဖို့က အိပ်ခါနီးလှရင်တော်ပြီကွာ"

Boo to the above quote. one word that i can think of after reading the whole post is "SEXIST!"

Anonymous said...

Great !
Speechless!

အဖြူရောင်နတ်သမီး said...

မှတ်သားစရာကောင်းသော post လေးတခုပါပဲ..
ကိုဇော်ရေ...
မြန်မာမိန်းခလေးတွေ ခေတ်ရဲ့ရေစီးကြောင်းနဲ့အညီ လိုက်နေတာ တွေ့ရပေမယ့်..
အတိုင်းအတာတခုတော့ရှိတာပေါ့နော်...

အရမ်းကို ခေတ်လွန်သွားတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့..

သိပ်ပြီးခေတ်နောက်ကျနေတာမျိုးကျပြန်တော့လည်း
အဆင်မပြေပြန်ဘူး..

ဘယ်အရာမဆို မျှတနေစေချင်တာပါပဲ...

အစဉ်လေးစားလျှက်...

Anonymous said...

ကောင်းပါတယ် ဆိုတာထက် ပိုတဲ့ စကားရှိရင် ပြောချင်ပါတယ်

မာရ်နတ် said...

အဟဲ ကိုဇော်ရ
အဲလိုဝတ်တဲ့ကောင်မလေးတွေများ မြန်မာလို့ပြောရမှာ
ရှက်တတ်ကြတယ်ဗျ သုတို့ဇာတိတွေကို သိမှာစိုးလို့ ဖေ့ဘွတ်ခ်လိုနေရာမျိုးမှာတောင် အင်္ဂလိပ်နာမည်ပဲ တင်ထားတယ်ခင်ဗျ။ ခရစ်ယာန်မို့လို့ အင်္ဂလိပ်နာမည်ရှိတာ လက်ခံနိုင်ပေမဲ့ တစ်ချို့တွေများကျတော့ ....... ဗမာရုပ်မှန်းသိသိကြီးနဲ့ အင်္ဂလိပ်လိုနာမည်ကြီးတပ်ထားတာမျိုးတွေအပုံကြီး... ရှေ့က ခေတ်ရဲ့ဦးဆောင်သူ မင်းသားမင်းသမီးများက ကိုယ့်ဒီဇိုင်းကိုယ်မထွင်ခဲ့နိုင်လေတော့ (အမှန်မှာက မရှက်တတ်တာများလား)သူများ ဒီဇိုင်းကို ခိုးဝတ်တော့ သူများ ယဉ်ကျေးမှုနဲ့ သူများလိုတိုနန့်နန့်ပဲ ၀တ်ပြလေတော့လဲ ကျန်တဲ့သူတွေတိုကြတာမဆန်းပါဘူးလို့ လက်ပေါက်အောင်ပြောလဲ ဒေ၀ဒတ်ကို တရားပြရတာထက်ဆိုးတယ်ခင်ဗျာ။ အရေးအသားကိုတော့ ကြိုက်မိတယ်။

ခိုင်နုငယ် said...

ကိုဇော်ရေ ....အနှစ်ရှိတဲ့ပိုစ့်ကောင်းလေးတစ်ပုဒ်ပါ။
ခုလိုချပြပေးတာကျေးဇူး အထူးလည်းတင်ရပါ၏။
ခိုင်နုငယ်တောင် “အမျိုးဂုဏ် တင့်စေချင်”ဆိုတဲ့
ပို့စ်တစ်ခုရေးနေပါတယ်။
ရေးဖို့မရေးဖို့ တွန့်ဆုတ်နေရင်းက ရေးမှဖြစ်တော့မှာမို့
ရေးနေတုန်းပါပဲ။
ခုတလော အလုပ်ကလည်းများ ညဘက်ရေးဖို့ကျတော့လည်း အလုပ်အရှိန်ကြောင့်
မရေးနိုင်ဖြစ်ရတယ်။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

getsuyoobi said...

မြန်မာမိန်းကလေးများ..............
ဖတ်ရှုပြီး..ဆင်ချင်နိုင်ကြပါစေ......
ကိုဇော်အရေးအသားများကောင်းပါဘိ...။

မြစ်ကျိုးအင်း said...

နှစ်ပေါင်း ထောင်ချီပြီး ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ်နေလာကြတာဆိုတော့ ခေတ်ပျက်သွားမှာ ကိုတကယ် နှမျောမိတယ်။
ဆရာမ ခင်ခင်ထူး ဝတ္ထုလေးတွေ ဖတ်တိုင်း ပီတိဖြစ်ရတာ မြန်မာ့ယဉ်ကျေးမှုကို နှမျောတဲ့ စိတ်ကြောင့်နဲ့တူတယ်။
ကိုဇော်ဒါမျိုးရေးတာ ကောင်းတယ်။

ဆောင်းနှင်းရွက် said...

အရမ်းကောင်းတဲ့ ပို့စ် တစ်ပုဒ်ပါပဲ ... :)

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ဝက်ဝံလေး said...

ခေတ်မီတာတော့ ကောင်းပါတယ် ခေတ်ရှေ့ပြေးလွန်းရင်တော့ မကောင်းဘူးပေါ့ ကိုဇော်ရယ် မြန်မာတွေက ရှေ့ပြေးလွန်းတယ် ဟုတ်တယ် ကိုဇော် ပြောတာတွေ အမှန်တွေချည်းပဲ

အနောက်နိုင်ငံက ဖော်တယ်ဆိုတာ ဘယ်လိုပြောမလဲနော် သူ့ဟာနဲ့သူ ကြည့်ကောင်းတယ်လေ သူတို့က ငယ်ငယ်ကတည်းက ဒီလိုပဲ ဝတ်စားလာတော့လေ
ခု မြန်မာတွေ ဖော်တာကျတော့ ကန်တော့ပါရဲ့ ကိုယ်လဲ မိန်းကလေးပါပဲ ဒါပေမယ့် ရွံဖို့တောင်ကောင်းတယ် တကယ်ပါ

တော်ပါပြီ ပြောလဲ မပြောချင်တော့ဘူး အရေးကြီးတာ အဲဒီအထဲမှာ ကိုယ်မပါဖို့ပဲ
ကိုယ်ကတော့ ဘယ်နေရာရောက်ရောက် မြန်မာဟာ မြန်မာပါပဲ ကိုယ့်ယဉ်ကျေးမှုကို ထိန်းမယ်လို့ အတတ်နိုင်ဆုံး ကိုယ့်တန်ဖိုးကိုယ်သိတယ် အဲဒါပဲပေါ့

ဟိ ဆော်ရီးနော် ကိုဇော် ဝက် လေကြီးလေကျယ်တွေ မန့်သွားတယ် သူများတွေမြင်ရင် ရယ်ဦးမယ် ခစ်ခစ်

နှင်းနဲ့မာယာ said...

ကိုဇော်
ကဗျာလေးလဲကောင်းတယ်
ကိုဇော်ပြောထားတာလေးလဲ ကောင်းတယ်...
မိန်းကလေးတွေ တန်ဘိုးတွေ ယဉ်ကျေးမှုတွေကို တစ်ယောက်တည်းထိန်းနေတာထက်စာရင်
ဘေးကပတ်ဝန်းကျင်ကပါ ကူပြီးထိန်းပေးနိုင်ရင်ကောင်းမယ်နော်...
မြန်မာ့ယဉ်ကျေးမှုကိုတော့ နှမြောတယ်...
တော်တော်ပျက်စီးနေပြီ ပြည်တွင်းမှာရော ပြည်ပမှာရော....

နှင်း

Nay Mya Mya Swe said...

ဒီ post လေးဖတ်ရတာ တန်ဖိုးရှိလိုက်တာ
မြန်မာမလေးတွေများများဖတ်မိပါစေလို့ဆုတောင်းမိပါတယ်

လေမိုး said...

ကိုကြီးဇော် ရေ များများရေးပေးပါ။ အဲဒါမျိုးတွေကို နိုင်ငံခြားနေရာက်နေတဲ့ ရွှေ မြန်မာ မလေးတွေကို ဖတ်စေချင်လိုက်တာ။ (ဒါလဲ နားလည်ချင်မှ နားလည်မှာပါ)ကျွန်တော်လဲ အဲဒါမျိုးတွေ မြင်ရင် ရင်ထဲမှာ ခံစားရလွန်းလို့ ရေးချင်နေတာ မရေးတတ်လို့ အစ်ကိုရ ။ ဘာတဲ့ ပေါင်မှာ အစက်အပြောက်၊ဒူးခေါက်ခွက်မှာ ဂျွတ်၊ ခြေသလုံးမှာ ၀ဲတွေနဲ့ များ လည်ဟိုက်ကြီးဝတ်ပြီး မြို့ထဲ ထွက်လာတဲ့ မြန်မာမတွေကို မြင်ရင်။ Bangunan Cahaya Suria ရဲ့ 16 ထပ်ပေါ်ကနေ ခုန်ချပြီးသေပစ်လိုက်ချင်တာ။ ဒီကြားထဲ ပိန်ညှောင် ဖောင်းအစ် (ဘယ်လိုမှ အဆင်မပြေသော) ခြေနှစ်ချောင်းကို အမဲရောင်အသားကပ် (ကိုရီးယားဘောင်းဘီလို့ပြောတာပဲ)ကိုဝတ်ပြီး စိတ်ပျက်စရာကောင်းအောင် နှဲ့လျှောက်နေတာ တွေဗျာ။ ကျွန်တော်တို့ လေသံလေးနဲ့ ပြောရရင် (ညစ်စ် -- သွား-မယ်ယ်ယ်)

Unknown said...

မှတ်သားစရာပါ။ လှလှလေးတော့ နေချင်ပါသဖြင့် ကိုယ်နှင့်လိုက်မည်ထင်သော ပြင်ဆင်မှုမျိုးကိုတော့ လုပ်ပါရစေ။ စာထဲတွင်ဖော်ပြထားသလိုမျိုးတော့ မဆိုးရွားချင်ပါ။ post အား copy ကူးပြီး
facebook note တွင် shareပြီး သူငယ်ချင်းများအားဖတ်စေချင်ပါသည်။ တစ်ချို့သူငယ်ချင်းတွေ အရမ်းဆိုးလွန်းလို့ပါ။ ကူညီပါ။ pdfဖိုင်ဆိုလျှင် သူတို့ ဖွင့်ရမှာပျင်းပြီး မဖတ်ကြလို့ပါ။