မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


25 August 2010

15 ရယ်စရာ မကောင်းသော လူများအကြောင်း



်
အဋ္ဌာရသ ( ၁၈ ) ရပ်မှာ လူတွေကို ရယ်ရွင်စေသော ဘာသာရပ် ဖြစ်တဲ့ “ ဟာသပညာ ” ဆိုတာက အခက်ဆုံးလို့ ဆိုကြသည်။ ဒီနေရာမှာ ကျွန်တော် ဖတ်ဖူးတာလေးတွေ နည်းနည်းတော့ ပြောပြပါဦးမယ်။ အဋ္ဌာရသ ( ၁၈ ) ရပ်ကို တချို့နေရာတွေမှာ ( ခေတ်နဲ့ နီးလာလေလေ ) အဋ္ဌာရသ ( ၁၆ ) ရပ်တို့ ၊ အဋ္ဌာရသ ( ၁၀ ) မျိုးတို့ ဆိုပြီး ဖတ်လာရသည်။ ဒါက ဘယ်လို ဘာဖြစ်တယ် ကျွန်တော် မသိပါ။ ကျွန်တော် တွေးမိသလောက်ကတော့ မလိုအပ်ဘူး ၊ ခက်ခဲသော ဘာသာရပ်တွေကို ချန်လှပ်ကာ ရေးသားရင်း ပညာများ တိမ်ကောလာခြင်းလားဟု ထင်မိပါသည်။ ထားပါတော့. . .

အဋ္ဌာရသ ( ၁၈ ) ရပ်မှာ “ ဟာသပညာ ” ကို ဘာလို့ အခက်ဆုံးလို့ ဆိုကြသလို ဆိုတော့ လူတစ်ယောက်က လူတစ်ယောက်ကို ရယ်မောပျော်ရွှင်အောင် လုပ်ဖို့ မလွယ်လို့ပါပဲ။ ဟာသပညာမှာမှ လူတွေကို တွေးတွေးပြီး ရယ်မောစေနိုင်သော ဟာသပညာဆိုတာ တကယ်ကို ခက်ခဲ နက်နဲ လှပါသည်။ လူတွေ မရယ်ရယ်အောင် ခါးအောက်ပိုင်း စကားလုံးများ ၊ အမူအရာများဖြင့် ဖော်ပြ ပြောဆိုကာ ဟာသ လုပ်ပစ်တတ်ပါသည်။

လူတစ်ယောက်ကို ရယ်မောအောင် လုပ်ဖို့ ခက်ကြောင်း ပြသော သာဓက များစွာ ရှိပါသည်။ ထိုအထဲမှ တည်တည်တံ့တံ့ နေထိုင်ပြောဆိုသူများကလည်း တစ်ခါတလေ သူတို့ဖာသာ စိတ်ကူးပေါက်ကာ သူများတွေ ဟာသလုပ်ပြောတာကို အားကျ၍ ဟာသလုပ်ကာ ပြောမိတတ်ပါသည်။ သို့သော် သူတို့ရဲ့ ဟိုးအရင်ကတည်းက တည်တည်တံ့တံ့ ပြောဆိုလာသော စရိုက်လက္ခဏာကြောင့် သူတို့ ဟာသလုပ်ပြောမယ် လို့ လုံးဝကို မထင်မှတ်ကြသောကြောင့် သူတို့စကားကို နားထောင်နေမိ သူတို့က ဟာသဖြစ်တယ် ဆိုပြီးတော့တောင်မှ သတိမထားမိဘဲ မရယ်မိတတ်ကြပါဘူး။

ထိုသူများဟာ သူတို့ဘဝမှာလည်း ပျော်ရွှင်စရာ ၊ ရယ်မောစရာများနှင့် တွေ့ကြုံဖူးကြလို့ သူများကိုလည်း ရယ်မောစရာ ဟာသလေးတွေ မျှဝေ ၊ လုပ်ဆောင်ပေမဲ့ သူတို့ကို ဟာသ လုပ်ပြောလိမ့်မယ် လို့ ဘယ်သူကမှ မထင်မိကြသောကြောင့် သူတို့ ပြောတဲ့ စကားတွေကို ဟာသ ဆိုကာ ရယ်စရာ မဖြစ် မမြင်မိကြဘဲ အတည်အတံ့ အခိုင်အခံ့ စကားအဖြစ်နဲ့သာ ပရိသတ်က ထင်မှတ်တတ်ကြပါသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များထဲမှာ ကမ္ဘာ့ကျော် ပုဂ္ဂိုလ်များလည်း ပါဝင်ကြပါသည်။

၁။ ဟစ်တလာ

သူရဲ့ တပ်များ အင်အား ဆုတ်ယုတ်ကာ ကျရှုံးခါနီးနေသော ဟစ်တလာရဲ့ ပြင်သစ်ပြည် မိန့်ခွန်း တစ်ခုမှာ သူက ပြောခဲ့ဖူးသည်။ ဟစ်တလာက မိန့်ခွန်းပြောရာမှာ အလွန် ဟိတ်ဟန်ကောင်းကာ မာန်ပါသည်ဟု ဆိုကြသည်။ မျက်စိကို စူးစိုက်ကာ ကြည့်နေမည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မည်။ ထိုလက်သီးဖြင့် စားပွဲခုံကို ထုကာ မာန်ပါပါ ဟောပြောမည်။ ဒီထက် ဒေါထွက်လာကာ မာန်ပါလာရင် စားပွဲပေါ် တင်ထားသော ရေခွက်များကိုပါ နံရံသို့ ကောက်ပေါက်ကာ ဟောပြောမည်။ ထိုကဲ့သို့ မာန်ပါလှသော အသုံးအနှုန်း ၊ ဟန်အမူအရာ ရှိသော သူ ပြောသမျှ ဘယ်သူကများ သူ ဟာသလုပ်ပြောမည်ဟု ထင်ပါမည်နည်း။ သို့သော် ဟစ်တလာလည်း တစ်ခါကတော့ ဟာသ အဖြစ် ပြောခဲ့ဖူးပါသေးသည်။

၂။ ရှေ့တန်းမှ ဗိုလ်ကြီး

ညင်ညင်သာသာ စကားလုံးလေးတွေနဲ့ သူက ပြောဆိုတတ်သူတော့ မဟုတ်ပါ။ စစ်သား ဆိုတော့လည်း စစ်မိန့် ဆန်ဆန်ပဲ အားလုံးကို ညွန်ကြားတတ်သည်။ ဒါပေမဲ့ တစ်နေ့တော့ ကမ်းခြေကို သူ လမ်းလျှောက်လာတုန်း ကမ်းခြေက စစ်စခန်းမှာ တပ်သားလေး တစ်ယောက်က သေနတ်ကို ပိုက်ကာ ငိုင်နေသည်။ မနက်ဖြန် မနက်မှာ သူတို့ တိုက်ခိုက်ရမည့် ဟိုဘက်ကမ်းက စစ်ပွဲ အတွက် အားငယ်နေတာလည်း ဖြစ်နိုင်သည်။ သူတို့ထက် လူအင်အားများနေသော ရန်သူကြောင့် အားလျော့နေတာလည်း ဖြစ်နိုင်သည်။ သူက အားငယ်နေသော တပ်သားလေးကို ရယ်ရွှင်သွားအောင် အားပေးချင်သည်။ ဒါကြောင့် အနားနား ကပ်ကာ  . . .

“ ဘာဖြစ်နေတာလဲ ရဲဘော် ”

“ ကျွန်တော် နည်းနည်းကြောက်နေတာပါ ဗိုလ်ကြီး ”

ဟု ဒီလို တပ်သားလေးက အမှန်အတိုင်း ပြန်ဖြေတော့ သူ့ကို ရယ်စေချင်လို့ ဗိုလ်ကြီးက ပြောလိုက်သည်။

“ မင်းပဲ ကြောက်နေတာ မဟုတ်ဘူး။ ငါလည်း ကြောက်နေတာပဲ ”

ဗိုလ်ကြီးက ရယ်စရာ ပြောလိုက်သော်လည်း ရဲဘော်တပ်သားလေးက တည်ငြိမ်သွားပြီး. . . .

“ ဟုတ်ကဲ့ပါ ဗိုလ်ကြီး ၊ အခုလို ကြောက်နေတာတောင်မှ တည်ငြိမ်အောင် ဗိုလ်ကြီး ဂရုစိုက်ထားနိုင်တာ လေးစားပါတယ်။ ကျွန်တော်လည်း ကြိုးစား ပြင်ဆင်ပါ့မယ်။ ”

ပြောတာ တခြား ၊ ရည်ရွယ်ချက် ထိမှန်တာ တခြား ဖြစ်သွားပြီး ရဲဘော်လေး ရုတ်တရက် ရဲရင့်လာခဲ့သည်။ ထိုဗိုလ်ကြီးသည် လူတစ်ယောက်ကို ဘယ်အချိန်မှာ ဘယ်လို ရယ်မောအောင် ဆိုကာ ပြောတတ်သော ဟာသပညာရပ်ကို ကျွမ်းကျင်သူ တစ်ယောက် မဟုတ်ခဲ့ပါ။

၃။ ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မိန့်ခွန်းတွေကိုတော့ နားထောင်ဖူးကြလိမ့်မည် ဟု ထင်ပါသည်။ ဌာန်တွေ မာန်တွေနဲ့ စိတ်ပါ လက်ပါ ပြောလေ့ရှိသူ တစ်ယောက် ဖြစ်သည်။ ဒီလို ဗိုလ်ချုပ်အောင်ဆန်းလည်း လူတွေ ရယ်မောအောင်လို့ ပျော်စရာ တစ်ခု အဖြစ် ဟာသတစ်ခုတော့ ပြောခဲ့ဖူးပါသည်။

“ မန္တလေးနားက ခပ်ခေါင်ခေါင် အရပ်တစ်ခုကို သွားပြီး ကျွန်တော်တို့ တရားဟောကြ ပြန်တယ်။ ကျွန်တော့် အလှည့်ကျတော့ ပရိတ်သတ်ဟာ ငြိမ်ချက်သားကောင်းလို့ ပျင်းနေကြပြီ ထင်ပြီး ကျွန်တော်က ပျက်လုံး ထုတ်လိုက်တယ်။ ဘယ်နှယ်လဲ ဆိုတော့ . . . ကျွန်တော်ဟာ ဒီအရပ်ကို မရောက်တာ အတော်ကြာ သွားပါပြီ။ ဘယ်လောက်ကြာသလဲ ဆိုရင် မွေးကတည်းပါပဲ လို့ ပြောပြီး ပွဲကျမလားလို့ ပရိတ်သတ်ကို ကြည့်ပါတယ်။ ဘယ်သူမှ မရယ်ကြဘူး။ ”

( ၂၀ ဇူလိုင် ၁၉၄၇ ရက်နေ့က ရေးသားထားခဲ့သော ဆရာ မင်းသုဝဏ်၏ ဒိုင်ယာရီ မှ ပြန်လည် ကောက်နုတ် ဖော်ပြပါသည် ဟု ပိတောက်သစ်  မဂ္ဂဇင်းမှ ဆိုသည်။ )

ထိုကဲ့သို့သော ပုဂ္ဂိုလ်များ ကမ္ဘာပေါ်တွင် များစွာ ရှိနေကြပါသည်။ သူတို့သည် ပြုံးတတ်  ၊ ရယ်တတ် ၊ ဟာသများကိုလည်း ခံစားတတ်ကြပါသည်။ သို့သော် သူတို့ရဲ့ နေမှုထိုင်မှု စရိုက်လက္ခဏာကြောင့် သူတို့ လူတွေကို ရယ်မောအောင် ဟာသလုပ်ကာ ပြောသော်လည်း သူတို့ကို ဟာသလုပ်တယ် လို့ ဘယ်သူမှ မထင်ကြပါဘူး။ သူတို့ ရယ်စရာပြောတာတောင်မှ ဘယ်သူမှ မရယ်ဖြစ်ကြပါဘူး။

ကျွန်တော် ဒီအကြောင်းလေးကို ဖတ်ထားမိပြီး အခု ဘာလို့ ပြန်ရေးမိတာလဲ ဆိုတော့  တချို့သော နေရာလေးတွေမှာ သူများတွေ ဟာသရေးတာကို သဘောကျလို့ လိုက်ရေးတယ်လို့ ထင်မိပါသည်။ သူတို့လည်း ဟာသလေးတွေ ရေးကြသည်။ သို့သော် သူတို့ အရင်က ရေးထားသော စာပေ ခန့်ထည်မှုကြောင့် ဟာသကို သူ့ရဲ့ စာဖတ် ပရိသတ်တွေက ဟာသလို့ မမြင်မိ ၊ မဖတ်မိကြတော့ဘဲ အခန့် အထည်ကြီး အဖြစ်သာ ခံစားမိတတ် ကြပါတော့သည်။

ဒါကို ကျွန်တော် ကြည့်မြင်မိပြီးတော့မှ ကျွန်တော့် ဘလော့က စာတွေကိုလည်း ကျွန်တော် ပြန်လည် သုံးသပ်မိတာပါ။ တစ်ခါတလေ ကျွန်တော်က ဟာသ တစ်ခု အနေနဲ့ တင်ပြ ရေးသားလိုက်ပေမဲ့ စာဖတ်သူတွေက အရင်က စာတွေကြောင့် ဟာသအရာ မမြောက်တော့ဘဲ ရသ တစ်ခု အနေနဲ့ ခံစားသွားတာကို ကျွန်တော် လှပ်ခနဲ မြင်မိလို့ပါ။ တကယ်တော့ မဟုတ်ပါ။ ဟာသ အနေနဲ့ ရေးရင် ဟာသလိုပဲ ခံစားပေးစေလိုပါသည်။ နို့မို့ဆိုရင် ရယ်စရာ မကောင်းတဲ့ လူများ ကြားထဲမှာ ကျွန်တော်လည်း တစ်နေ့တခြား ပါလာပြီလားလို့ ကိုယ့်ဖာသာ ခံစားမိလို့ အခုစာလေးကို ချရေးပါသည်။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

15 ယောက် ရဲ့ ထင်မြင်ချက်:

ကိုရီး{ကိုကြီး} said...

အင်းဗျာ
ရေးနိုင် ဖတ်နိုင်စွမ်းတွေကို လေးစား အားကျလျှက်ပါ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ကိုအောင် said...

ဟုတ်တယ် ဟာသ လုပ်ဖို့ မလွယ်ဘူး။

မိုးယံ said...

ဟာသရေးနည်း လမ်းညွှန်လေး ရှိရင် မစပါ ခင်ညာ

နောက်တစ်ခါ စာရေးရင် အောက်မှာ (ဟာသ ရေးသည်) လို့ မှတ်ချက်ထည့်ပေး ။ ရယ်မယ်ဂျာ။

စုံထောက်ကြီး ဦးရှာစားကို တော့ ရယ်မိသေးတယ် ။

ငြိမ်းချမ်းပါစေ
မိုးယံ

ဝက်ဝံလေး said...

ကိုင်းကိုင်း ရယ် ပြီဗျိုးးးးးးးး
ဟားးဟားးးးးးးးးး
ဟာသ မရေးခင် ကြိုရယ်ထားတယ် ဟက်ဟက်

Anonymous said...

တိုချော် အဟင့် တာတား ဟာသရော ရယ်ရရဲ့လားဂျာ ဟီးဟီး တကယ်ပါ ကိုယ်ရေးသားရေးလိုက်တာ ဖတ်တဲ့သူတွေ မရီရပဲ သူတို့ကို စိတ်ပျက်စေမှာကိုတော့ တကယ် စိုးရိမ်ပါတယ် . . . . ကိုယ် အားသွန်ခွန် စိုက် ရေးထားပေးပေမဲ့ စာဖတ်ပရိတ်သတ်အတွက် အမောလေး တခါလောက်မပြေဘူးဆိုရင်တော့ ကျွန်တော် တော်တော် ၀မ်းနည်းမိမှာ အမှန်ပဲး(

ခင်မင်စွာဖြင့်
ဗညား

Maung Myo said...

ရယ်တာတော့ ရေးလိုက်တာပဲ ရယ်ရ မရယ်ရတော့ ဖတ်တဲ့သူင.ယ်ချင်းတွေက ပြောသွားတာပါပဲ ကိုယ့်ပါသာတော့ ရယ်စရာမကောင်းဘူးထင်တာပဲ ။ ရယ်တာက ကောင်းပါတယ် ရယ်ရတာကို သဘောကျတယ် ။

သူကြီးမင်း (တုံးဖလား) said...

အင်းဗျာ... လူဆိုတာမျိုးကလဲ ဟာသပြောတတ်တဲ့သူပြောမှ ရယ်စရာဖြစ်သွားတတ်ကြတာကိုး။ ဘာဖြစ်လို့လဲဆိုတော့ ရယ်ချင်စိတ်ကို ဆွပေးတဲ့ စိတ်ပေါ့ဗျာ။ လူရွှင်တော်တွေကိုမြင်လိုက်ရင် အလိုလို ရယ်ချင်စိတ်ဖြစ်လာတတ်ကြတယ်လေ။ ဒါကြောင့် သူတို့ပြောတဲ့ စကားလုံးတွေဟာ ရယ်စရာသိပ်မဟုတ်ပေမဲ့လဲ စိတ်က ရွှင်နေပြီးသားမို့ ရယ်စရာဖြစ်သွားကြတာပေါ့။

ဟာသဆိုရင်တော့ ကျနော်လဲ ရယ်တတ်ပါတယ်။း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဧပရယ်လ်ပူး@ပူးတေ said...

:)

ကိုဇော်ရေ ညီမ အမြဲရောက်ဖြစ်ပါတယ်... အလှူပို့စ်တွေလဲ ဖတ်ရပါတယ်... နေမကောင်းလို့ နှုတ်မဆက်သွားဖြစ်တာ ခွင့်လွှတ်ပါ...:)

ဒီပုံအတိုင်းဆို ကိုဇော် ရီစရာတခုခုရေးတော့မယ်ထင်တယ်... ရီဖို့စောင့်နေပါတယ်နော်...:)

နေ၀သန် said...

ဟုတ်ကဲ့ခင်ဗျ.. နောက်ဆို ရယ်ဆိုရယ် ငိုဆိုငိုပါ့မယ်ခင်ဗျ...း)))


ခင်မင်တဲ့
နေ၀သန်

Anonymous said...

;)း) နေဝသန်ပြောသလိုပဲဗျာ
ရယ်ဆိုရယ် ငိုဆိုငိုပါ့မယ် ကိုဇော်စာတွေက အတည်တွေ ကိုးဗျ ဖတ်ကောင်းကောင်းနဲ့ဖတ် ရယ်ဖို့မေ့နေကြတာနေမှာဗျ

မောင်ဘကြိုင်

Anonymous said...

ဟုတ် ဟုတ်ကဲ့ပါ ရှင့် နေဝသန်နောက်ကသံရောင်လိုက်ပါသည်။

သာယာချမ်းမြေ့ပါစေရှင်းးးးးးး
မိုး

ညီမိုး said...

ဟာသဆိုတာကလည်း ပညာတစ်ခုပါပဲ မှန်၏ ဦးဇော်

နွေဆူးလင်္ကာ said...

ဟုတ်ပ .. အတည်အတန့်လူက ဟာသပြောရင် မရီးကြဘူး .. ဟာသချည်း ပြောနေတဲ့လူ အတည်ပြောရင်ကျ ဟာသပဲ ထင်နေကြတာ ခက်တယ်ဗျာ ......

ကောင်းမွန်ဝင်း said...

ကျွန်မကတော့ အရီလည်းသန်တယ်။

ဒီပို့စ်လေးကပြောတဲ့ မရီရတဲ့ ဟာသကိုပြောမိဘူးတာ လုပ်မိဘူးတာတွေလဲ ရှိခဲ့ပါတယ်။ ဘယ်သူမှ မရီတဲ့ အခါ ကိုယ့်ကိုကိုယ် ပိုရီချင်ပြီး ရီရတာလည်း ဖြစ်ဘူးတယ်။း)

Anonymous said...

ပျော့ပျောင်းသော်လည်း တည်ငြိမ်မှု ကြီးစိုးနေသူတို့ အတွက် ဟာသက လျှော့ သွားလေသလားလို့ တွေးမိပါတယ် ... ဒါပေမယ့် အမြင် ခေါက်ရိုးမကျိုးကြရင် ရသစုံ ရမယ်ထင်ပါတယ်
ကိုဇော်ရေ ...
ငြိမ်းစိုးဦး