မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


16 August 2010

3 အောင်မြင်ရေးအတွက် အခြေခံကောင်း




တစ်ခါက . . . .

အရမ်းကျော်ကြားလှတဲ့ ပန်းချီဆရာကြီး တစ်ယောက်ရှိတယ်။ ကျော်ကြားလှသလို သူဆွဲတဲ့ ပန်းချီကားတွေကလည်း အလွန်ကောင်းမွန် လက်ရာမြောက်တယ်။ သို့သော် ပန်းချီဆရာကြီးက ထူးခြားသူ တစ်ယောက်ဖြစ်တယ်။ သူရဲ့ နေပုံထိုင်ပုံတွေကလည်း တမူထူးခြားနေတယ်။ ပိုပြီးထူးခြားတာက ပန်းချီဆရာကြီးမှာ တပည့်ဆိုလို့ တစ်ယောက်မှ မရှိတာပဲ။

ဘာလို့ တပည့်မရှိတာလဲ ဆိုတော့ သူက တပည့်လက်မခံလို့လား။ မဟုတ်ဘူး။ သူက တပည့်အဖြစ် လက်ခံတယ်။ သို့သော် သူ့ဆီမှာ တပည့်လာခံခဲ့တဲ့ သူတွေက ဘယ်သူမှ ကြာကြာမခံ အားလုံးထွက်ပြေးသွားကြတယ်။ ဒီလို ထွက်ပြေးသွားတဲ့ သူတွေကိုလည်း ဘာကြောင့် ထွက်ပြေးတာလဲ ဆိုတာကို ဘယ်သူမှ မေးလို့မရဘူး။ သူတို့ပြောတာ တစ်ခုပဲ ရှိတယ်။ ဒါကတော့ သူတို့ကို ပန်းချီဆရာကြီးက သင်တန်း စတတ်ကတည်းက တောင်းထားတဲ့ ကတိကြောင့် သူတို့ ပြောလို့ မဖြစ်တာပါ ။ ဒါကို သိချင်ရင်တော့ ကိုယ့်ဖာသာပဲ သွားတတ်ပါ တဲ့။

ဘယ်သူမှလည်း နားမလည်ကြဘူး။ ဒါနဲ့ပဲ ထူးဆန်းပါတယ် ဆိုတဲ့ ပန်းချီဆရာကြီးက ပိုပြီး ထူးခြားသထက် ထူးခြားလာတယ်။ ဒါပေမဲ့ ဆရာကြီးဆီမှာ လာပြီး တပည့်ခံတဲ့သူ မရှိဘူး မဟုတ်ဘူး။ ဆရာကြီးရဲ့ ပန်းချီလက်ရာတွေကို ကြည့်ပြီး ဘယ်သူမဆိုကတော့ ဆရာကြီးဆီမှာ တပည့်ခံချင်ကြတာပါပဲ။ သူများတွေနဲ့ အဆင်မပြေပေမဲ့ ငါနဲ့ဆိုရင် အဆင်ပြေမှာပဲဆိုတဲ့ စိတ်နဲ့ ဆရာကြီးဆီမှာ တပည့်ခံပြီး သင်တန်းလာတတ်တဲ့ သူတွေလည်း ရှိနေသေးတယ်။ သင်တန်းလာတတ်ရင်လည်း ဆရာကြီးက လက်ခံလိုက်တာပါပဲ။ ဒါပေမဲ့ ဒီသင်တန်းသားကလည်း ထုံးစံအတိုင်း ဘယ်လောက်မှ ကြာကြာမခံပါဘူး။ ထွက်ပြေးလာတာပါပဲ။ ထွက်ပြေးလာရင်လည်း သူ့ကို ဘယ်လိုမှ ဘာကြောင့် ပြေးလာတာလဲ ဆိုတာကို မေးလို့မရဘူး။ ထုံးစံလိုပဲ ဖြစ်နေတယ်။

ဒါနဲ့ တစ်နေ့ ပန်းချီဆရာကြီးဆီကို ဟိုးအဝေး တောနယ်လေးတစ်ခု လူငယ်လေး နှစ်ယောက် ရောက်လာတယ်။ သူတို့က ဆရာကြီးကို ပြောတယ်။

“ ဆရာကြီး ခင်ဗျား ။ ကျွန်တော်တို့ ဆရာကြီးဆီမှာ တပည့်ခံပြီး ပန်းချီပညာ သင်ချင်လို့ပါ။ ကျွန်တော်တို့ကို လက်ခံပါ ခင်ဗျာ။ ”

လို့ ရိုရိုသေသေပြောတယ်။ ဒီတော့ ဆရာကြီးက သူတို့ကို ခြေအဆုံး ၊ ခေါင်းအဆုံးကြည့်ပြီး . .


“ အင်း။ ငါ့တပည့်အနေနဲ့ လက်ခံလို့ရပါတယ်။ ဒါပေမဲ့ ငါ့မှာ စည်းကမ်းတော့ ရှိတယ်။ ဒါကိုတော့ မင်းတို့ လိုက်နာနိုင်မှ မင်းတို့ကို ငါ ပန်းချီပညာသင်ပေးမယ်။ ”

ဆရာကြီးက ဒီလိုပြောတော့ ပန်းချီပညာသင်ချင်နေတဲ့ လူငယ်နှစ်ယောက်ကလည်း . .

“ ကောင်းပါပြီ ဆရာကြီး ခင်ဗျား။ ကျွန်တော်တို့ လိုက်နာပါ့မယ်။ ”

ဒီတော့မှ ဆရာကြီးက ခေါင်းငြိမ့်လိုက်ပြီး ဆက်ပြောတယ်။

“ ဟုတ်ပြီ။ ပထမဦးဆုံးကတော့ ငါမင်းတို့ကို ဘယ်လို သင်တယ် ၊ ဘာတွေလေ့ကျင့်ပေးတယ် ဆိုတာကို မင်းတို့ သင်တန်းပြီးသွားလို့ ဖြစ်စေ ၊ သင်တန်း မပြီးသေးပဲ ထွက်သွားလို့ ဖြစ်စေ အပြင်က ဘယ်သူ့ကိုမှ ပြန်မပြောရဘူး။ ကိုယ်နဲ့ အတူတူ နေတဲ့ သူတွေကိုလည်း ပြန်မပြောရဘူး။

နောက်တစ်ချက်ကတော့ ငါ မင်းတို့ ပန်းချီသင်ပေးနေတယ် ဆိုတာကို မင်းတို့ အကြွင်းမဲ့ ယုံကြည်ရမယ်။ ဒါကြောင့် ဆရာကြီး ဟိုဟာသင်ပေးပါ ၊ ဒီဟာသင်ပေးပါလို့ ဘယ်တော့မှ မတောင်းဆိုရဘူး။

နောက်တစ်ချက်က ငါသင်နေတဲ့ ပန်းချီသင်ခန်းစာတွေကို ဘယ်တော့မှ ဘယ်လိုတွေ သင်နေတာလဲလို့ ဝေဖန် မေးပိုင်ခွင့်မရှိဘူး။

ဒီသုံးချက်ကို လိုက်နာနိုင်ရင်တော့ မင်းတို့ အခုက စပြီး ပန်းချီသင်လို့ရပြီ။ ”


ဒီလိုပြောသတဲ့။ ဒီတော့ ပန်းချီသင်ချင်တဲ့ လူငယ်လေး နှစ်ယောက်ကလည်း သူတို့ကို ဆရာကြီးက ပန်းချီသင်ပေးမယ် ဆိုတာနဲ့တင် ပျော်နေပြီလေ။ ဆရာကြီး ပြောတဲ့ အချက်တွေကလည်း ဘာမှ မလိုက်နာနိုင်စရာ မရှိဘူးလို့ သူတို့ ထင်မိတယ်။ ဒါကြောင့်. .

“ ဟုတ်ကဲ့။ ကျွန်တော်တို့ သဘောတူပါတယ် ဆရာကြီး။ ကျွန်တော်တို့ ဆရာကြီး သင်ပေးတဲ့ အတိုင်းပဲ လိုက်နာပါ့မယ်။ ပြီးတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်ရောသွားလို့ အပြင်ရောက်ရင်လည်း ဆရာကြီး ဘယ်လို သင်တယ် ဆိုတာ မပြောပါဘူး လို့ ကတိပေးပါတယ်။ ”

ဒါနဲ့ပဲ ဆရာကြီးက လူငယ်လေးနှစ်ယောက်ကို ပန်းချီသင်ပေးဖို့ သဘောတူလိုက်တယ်။ ဒါနဲ့ နောက်နေ့က စပြီး ဆရာကြီးက လူငယ်လေးနှစ်ယောက်ကို ပန်းချီ စသင်ပေးတယ်။ ဒီတော့မှ သူတို့ဟာ ဆရာကြီးကို ဘာလို့ ထူးခြားတယ်လို့ ပြောကြတာလဲ ဆိုတာကို သိလိုက်ရတယ်။ ဆရာကြီး စသင်ပေးတာက ပန်းချီနဲ့ ဘာမှ မဆိုင်ဘူးလို့ ထင်ရတဲ့ စုတ်တံကို လက်ချောင်းကြားမှာ ညှပ်ပြီး လှည့်စေတယ်။

သူတို့လည်း ပန်းချီဆိုတော့ ဆေးတွေ စုတ်တံတွေနဲ့ စရမှာ ထင်တာ အခုတော့ ဘာမှမဆွဲရပဲ။ စုတ်တံကိုလက်ကြားမှာ ညှပ်ပြီး လှည့်နေရတော့ စိတ်တောင်မှ ပျက်လာကြတယ်။ ဒါပေမဲ့လည်း သူတို့က တတ်ချင်သူတွေဆိုတော့ သည်းခံပြီး ဆက်ကြိုးစားကြတယ်။ ဒါနဲ့ စုတ်တံလှည့်သင်တန်းက တစ်လလောက်ကြာတော့ ဆရာကြီးက နောက်တစ်မျိုးပြောင်းသင်တယ်။ ဒါကတော့ သူတို့ကို ပန်းချီ ကင်းပတ်စကို ရှေ့မှာ ထားပြီး ဘာမှ မရှိတဲ့ ဗြောင်ကြီးကို ရှု့ထောင့်အမျိုးမျိုးကနေ သူတို့ကို ချောင်းခိုင်းတာပါပဲ။

ဘာကြီးမှန်း မသိပေမဲ့ သူတို့ ဆက်ကြိုးစား ကြပါတယ်။ ဒါပေမဲ့ တစ်လကြာတာတောင်မှ တစ်နေ့တစ်နေ့ ကင်ပတ်စပေါ်မှာ ဘာမှ မဆွဲရပဲ စုတ်တံကြီးကိုင်ပြီး ကင်းပတ်စ ကို ရှု့ထောင့် အမျိုးမျိုးက ချောင်းနေရတယ်။ ဘာမှကို မဆွဲရ။ ကြာတော့ သူတို့လည်း ဆရာကြီးကို နားမလည်နိုင်ကြတော့ ဆရာကြီးက သူပြောတဲ့ အတိုင်းပဲ လေ့ကျင့်ရမယ် ပြန်မမေးရဘူး ဆိုလို့သာ နေရတယ် သူတို့ စိတ်ပျက်လာကြတယ်။ ဒါနဲ့ သုံးလကျော်လောက်ကြာတော့ ဆရာကြီး သင်ပေးနေတဲ့ ကင်းပတ်စချောင်း တဲ့ သင်တန်းကြီး ပြီးဆုံးသွားတော့တယ်။

ဒါနဲ့ ဆရာကြီးက ပြောတယ်။

“ ကဲ မင်းတို့ကို ဒီနေ့ ပန်းချီဆွဲတာ စသင်မယ်။ ”

ဒီတော့ သူတို့ ဝမ်းသာသွားကြတယ်။ အခု သူတို့ ကင်းပတ်စ ပေါ်မှာ ဘာမှ မဆွဲရသေးဘူးလေ။ ဆရာကြီးက ဆက်ပြောတယ်။

“ ကဲ. . မင်းတို့ ပန်းချီဆွဲတဲ့ စုတ်တံကို ယူပြီး ဆေးအနက်တစ်မျိုးတည်းနဲ့ တစ်လက်မ ပတ်လည်လောက်ရှိတဲ့ စက်ဝိုင်းတွေကို ကင်းပတ်စ ပေါ်မှာ ရသလောက်ဆွဲကွာ။ တစ်ခု ဆွဲလို့ နေရာမဆန့်ရင် ကင်းပတ်စ အသစ်ပြောင်းပြီး ဆက်ဆွဲ။ ဒါလေ့ကျင့်ခန်းပဲ။ ”

ဆရာကြီး ဒီလိုပြောလိုက်တော့ သူတို့ အရမ်းကို အံ့သြသွားကြတယ်။ တကယ်တော့ သူတို့က ပန်းချီသင်တန်း လာတတ်တယ် ဆိုပေမဲ့ သူတို့မှာ ပန်းချီ ဗီဇက ပါပြီးသားလေ။ တော်ရုံတန်ရုံ ပုံလေးတွေကတော့ သူတို့ဖာသာ ဆွဲတတ်တာပေါ့။ ပန်းချီရဲ့ သဘောတရာလေးတွေ ဆရာကြီးဆီကများ တတ်မလားလို့ လာသင်ပါတယ်။ အခုတော့ ဘာမှ မဟုတ်တဲ့ တစ်လက်မပတ်လည် စက်ဝိုင်းဆွဲရမယ် ဆိုတော့ သူတို့ နားမလည်နိုင်ဘူးကြဘူး။ ဒါပေမဲ့လည်း သူတို့ ပြန်မေးခွင့်လည်း မရှိတော့ ဆွဲနေရပြန်တာပါပဲ။

တစ်လက်မပတ်လည် စက်ဝိုင်းလေးကို သူတို့ တစ်လလောက်ဆွဲအပြီးမှာ ဆရာကြီးက နှစ်လက်မ ပတ်လည် ဆွဲခိုင်းပြန်တယ်။ သူတို့ စိတ်ပျက်မိပေမဲ့ ကြိုးစား ဆက်ဆွဲခဲ့ကြတယ်။ နောက်တော့ နောက်တစ်ထပ် စက်ဝိုင်းတွေ အမျိုးမျိုး ဆရာကြီးက ဆွဲခိုင်းတယ်။ သူတို့လည်း ကြိုးစားဆွဲခဲ့တာ သုံးလလောက်လည်း ကြာရော။ သူတို့ကို ဆရာကြီးက . .

“ စက်ဝိုင်း သင်ခန်းစာတော့ ပြီးပြီဟေ့။ နောက်နေ့က စပြီး မင်းတို့ တြိဂံတွေ ဆွဲကြရမယ်။ ”

ဒီလိုနဲ့ သူတို့ အတွက် ဘာမှ ထူးမခြားနားလှတဲ့ စက်ဝိုင်းတွေ ၊ တြိဂံတွေ ၊ လေးထောင့်တွေ ၊ မျဉ်းပြတ်တွေ ၊ မျဉ်းခုံးတွေ ဒါတွေပဲ ဆွဲခိုင်းနေတယ်။ ပန်းချီဆိုင်ရာ သဘောတရားတွေ ဘာမှ မသင်ပေးသေး။ ဒါနဲ့ တစ်နေ့တော့ သူတို့ နှစ်ယောက်ထဲက တစ်ယောက်က . . .

“ သူငယ်ချင်း. . ငါတော့ ဆရာကြီးကို သံသယ ရှိလာပြီကွာ။ ” 

 
“ ဘာလို့လဲကွ. ။ ဘာဖြစ်လို့ သံသယရှိရတာလဲ.။ ” 
 
“ မင်း စဉ်းစားကြည့်လေ ၊ အခု ငါတို့ကို ဆရာကြီး သင်ပေးနေတယ် ဆိုတာက ဘာမှ အဆင့်မြင့်တဲ့ ပန်းချီပညာတွေမှ မဟုတ်တာ။ ငါတို့ မပြောနဲ့ သာမာန် ကလေးလေး တစ်ယောက်တောင်မှ ဆွဲတတ် နေတာပဲလေ။ သူ ငါတို့ကို ပန်းချီ မသင်ပေးချင်လို့ အချိန်ဆွဲပြီး ဒါတွေ ခိုင်းနေတယ် လို့ ထင်တယ်ကွာ။ ”

ဒီလို သူငယ်ချင်းတစ်ယောက်က ပြောတော့ ကျန်တဲ့ တစ်ယောက်ကလည်း မငြင်းနိုင်ဘူး။ ဒါပေမဲ့. . သူက

“ အင်းလေ ဟုတ်ပါတယ်။ ဒီတော့ မင်းက ဘာလုပ်ချင်လဲ။ ”

“ ငါ မနက်ဖြန် ဆရာကြီးကို ပြောပြီးတော့ သင်တန်းက နှုတ်ထွက်တော့မယ်။ ပြီးတော့ တခြား ပန်းချီဆရာ ဆီမှာပဲ သွားသင်တော့မယ်ကွာ။ ”

“ အေးလေ. . ၊ မင်းအတွက် အဆင်မပြေဘူး ဆိုတော့လည်း ထွက်ပေါ့ကွာ။ ”

“ ဒါနဲ့ မင်းကရော ဆက်နေခဲ့မှာလား။ ”

“ ငါကတော့ ဆရာကြီး ပန်းချီပညာကို လေးစားနှစ်သက်သူ ဆိုတော့ ဆရာကြီးဆီမှာပဲ ဆက်စောင့်ပြီး သင်လိုက်ဦးမယ်ကွာ။ တခြား ပန်းချီဆရာတွေကို ငါမှာ ဆရာကြီးလောက် မလေးစားမိတာကိုး။ ပြီးတော့ ဆရာကြီး ငါတို့ကို အခုလို သင်နေတာကလည်း အကြောင်းရှိမယ်လို့ ထင်မိတယ်။ ”

“ အေးလေ ၊ ဒါကတော့ မင်းသဘောပေါ့ကွာ။ ငါကတော့ သွားတော့မယ်။ ”

“ အေးပါ သူငယ်ချင်း။ ဒါပေမဲ့ ဆရာကြီး ပြောထားတဲ့ ကတိစကားကိုတော့ မမေ့နဲ့ကွာ။ ဒါလေးတော့ ထိန်းပေါ့။ ” 

 
“ အေးပါ။ ဒါကိုတော့ ငါသိပါတယ်။ ဘာပဲပြောပြော သူကလည်း ငါ့ဆရာဖြစ်ခဲ့တာပဲလေ။ ငါ့ကတိကိုတော့ ငါ ထိန်းမှာပါ။ ”

ဒါနဲပဲ နောက်နေ့ ကျတော့ လူငယ်လေး တစ်ယောက်က ဆရာကြီးကို နှုတ်ဆက်ပြီး ဆရာကြီး နေအိမ် ပန်းချီကျောင်းကနေ အပြီးအပိုင် ထွက်ခွာသွားတယ်။ ထွက်ခွာခါနီးမှာ ဆရာကြီးက လူငယ်ကို ကတိကို မမေ့ဖို့ ဘာလို့ ထွက်လာရတယ် ဆိုတာ ၊ ဘယ်လို သင်ပေးတယ် ဆိုတာ ဘယ်သူ့ကိုမှ မပြောမိစေဖို့ ထပ်ပြီး ကတိတောင်းလိုက်တယ်။

ဒါနဲ့ပဲ အဝေးကို ထွက်သွားတဲ့ လူငယ်လေးတစ်ယောက်ကို ကျန်နေခဲ့တဲ့ လူငယ်လေး တစ်ယောက်က ဆရာကြီးရဲ့ နေအိမ် ကုန်မြင့်ကြီးပေါ်ကနေ လှမ်းကြည့်နေတယ်။ ဒါနဲ့ပဲ ကျန်နေခဲ့တဲ့ လူငယ်လေးဟာ နေ့စဉ် ဆရာကြီး ပြောတဲ့ အတိုင်း စက်ဝိုင်း ၊ ကြိဂံ ၊ လေးထောင့် ၊ စက်လုံး ၊ ဗဟုဂံ ၊ မျဉ်းပြတ် ၊ မျဉ်းကွေး ၊ မျဉ်းကောက် ဒါတွေကို ဆရာကြီး ပြောသမျှ နေ့စဉ် ဆွဲလာလိုက်တာ သုံးနှစ် သုံးမိုး ကြာလာခဲ့တယ်။

ဒါနဲ့ တစ်နေ့ နံနက်ခင်းမှာ ဆရာကြီးက သူ့ကို ပြောတယ်။

“ ကဲ ၊ ဇွဲ အရမ်းကောင်းတဲ့ တပည့်ကြီးရေ ။ ဒီနေ့တော့ မင်းကို သင်ခန်းစာ တစ်ခု သင်ပေးမယ်ကွာ။ ”

ဆရာကြီး ဒီလို ပြောလိုက်ပေမဲ့ လူငယ်လေးက ထူးထူးခြားခြား ပျော်ရွှင် မသွားတော့ပါဘူး။ ဒီစကားလုံးက ဆရာကြီးဆီက သင်ခန်းစာ တစ်ခု အသစ်သင်တိုင်း ကြားနေရတဲ့ စကားလုံးပဲလေ။ သူ “ ဟုတ်ကဲ့ ” လို့ပဲ ပြန်ဖြေလိုက်တယ်။ ဒီတော့ ဆရာကြီးက သူ့ကို နေအိမ်ထဲက အခန်းတစ်ခုထဲကို ခေါ်သွားတယ်။ ပြီးတော့ အခန်းထဲမှာ ကင်းပတ်စ ကို အဝတ်နဲ့ အုပ်ထားတဲ့ ဒေါက်တိုင်တစ်ခုကို တွေ့နေရတယ်။ သူ့အရှေ့မှာတော့ နံရံကို အဝတ်နဲ့ ထပ်အုပ်ထားတယ်။

ဆရာကြီးက အုပ်ထားတဲ့ ဒေါက်တိုင်က ကင်းပတ်စ က အဝတ်ကို ဖယ်လိုက်တော့ ဘာမှ မရှိတဲ့ ဗလာ ကင်းပတ်စ ပါပဲ။ လူငယ်လေးကလည်း ဆရာကြီး သူ့ကို ထပ်ဆွဲခိုင်းမှာ စက်ဝိုင်း ၊ ကြိဂံ တွေထဲက ဘာများဖြစ်မလဲပဲ ထင်နေတယ်။ ဒီအချိန်မှာ ဆရာကြီးက နံရံမှာ အုပ်ထားတဲ့ အဝတ်ကို ရုတ်တရက် ဖယ်လိုက်တော့ အလွန်ကို လက်ရာကောင်းတဲ့ ပန်းချီကားတစ်ချပ်ကို တွေ့ရတယ်။ ကောင်းမလေးတစ်ယောက်က ပန်းခြံထဲမှာ ပန်းခူးပြီး ပန်းလေးကို မွှေးယူနမ်းနေတဲ့ ပုံလေး။ လူငယ် ကြက်သေ သေသွားတယ်။ ပန်းချီက အရမ်း အသက်ဝင်လွန်းတော့ ပန်းခြံထဲက မွှေးရနံတွေပါ သူရနေတယ်လို့ ထင်လိုက်ရတယ်။





လူငယ်လေး အံ့သြနေတာကို ဆရာကြီးက ပုခုံးကို ပုတ်ပြီး. . .

“ ကဲ ငါ့တပည့်ရေ။ မင်း အခု ဆွဲရမှာကတော့ ဒီမှာ လွတ်နေတဲ့ ကင်းပတ်စ ပေါ်မှာ ဒီပုံကို ကူးပြီး ဆွဲရမှာလေ။ ”

ဒီတော့ လူငယ် အလွန် ထိတ်လန့်သွားတယ်။

“ ဟာ ဆရာကြီး။ ကျွန်တော်က ပန်းချီနဲ့ ပတ်သတ်ပြီး ဘာမှ မတတ်သေးဘူးလေ။ အခုမှ ဆရာကြီးဆီက လာသင်နေတာလေ။ ဒီလို အရမ်းကောင်းတဲ့ ပန်းချီတစ်ချပ်ကို ဘယ်လိုလုပ် ဆွဲနိုင်မှာလဲ ဆရာကြီး။ ”

ဒီတော့ ဆရာကြီးက ဟက်ဟက်ပက်ပက်ရယ်ရင်း. .

“ မင်း မှားနေပြီ တပည့်ကြီး။ တကယ်တော့ မင်းက ပန်းချီပညာတွေ စုံနေပြီလေ။ မင်းမှာ အမြင်ပဲ လိုတော့တာ။ ဒီမှာ ကြည့် ဒီပန်းချီထဲက ကောင်မလေးရဲ့ မျက်လုံးက မင်းဆွဲခဲ့တဲ့ စက်ဝိုင်းတွေ မဟုတ်ဘူးလား။ ကောင်မလေးရဲ့ ဆံပင်တွေကရော မင်းဆွဲခဲ့တဲ့ မျဉ်းကွေးတွေ မဟုတ်ဘူးလား။

ပန်းခင်းကရော မင်းဆွဲခဲ့တဲ့ လေးထောင့်တွေ ၊ ကြိဂံတွေ ၊ မျဉ်းကောက်တွေ မဟုတ်ဘူးလား။ ဒါတွေကရော ........၊ ဒါတွေကရော......၊ ဒါတွေကရော......၊ ဒါတွေ အားလုံးကလည်း မင်းလေ့ကျင့်ဆွဲထားတာတွေ မဟုတ်ဘူးလား။ တကယ်တော့ ပန်းချီပညာဆိုတာ မျဉ်းကွေး ၊ မျဉ်းကောက် ၊ စက်ဝိုင်းတွေ ကို သူ့နေရာနဲ့ သူ ပေါင်းစပ်ထားတာပါ။ ဒါကို ကိုယ်က လိုသလို ပုံဖော်နိုင်ဖို့ပါပဲ။ အခုလည်း မင်းမှာ ဒါတွေ ပြည့်စုံနေပြီလေ။ ဒါတွေ အားလုံးကို အခု မင်းပေါင်းစပ်ပြီး ချဆွဲလိုက်ရုံပါပဲ။ ကဲ ဆွဲစမ်းကွာ။ ”

ဒီတော့မှ လူငယ်လေးဟာ သူဆရာရဲ့ ဆိုလိုရင်း ၊ ဘာလို့ စက်ဝိုင်းတွေ ၊ မျဉ်းကွေးတွေ ဆွဲခိုင်းတာလည်း ဆိုတာကို သိလာရတော့တယ်။ ဒါနဲ့ပဲ သူဆရာကြီး ပြောတဲ့ အတိုင်း ကြိုးစားဆွဲလိုက်တာ ဆရာကြီး နမူနာပြထားတဲ့ ပန်းချီနဲ့ ထပ်တူညီသော ပန်းချီကားတစ်ချပ်ကို သူ့ဘဝရဲ့ ပထမဦးဆုံးဆွဲသော ပန်းချီကား အဖြစ်နဲ့ ရလာခဲ့ပါတယ်။

ဒီတော့ ဆရာကြီးက ပြောတယ်။

“ ဘဝမှာ အခြေခံမရှိပဲ လိုချင်တာကို တန်းယူဖို့ဆို မဖြစ်နိုင်ဘူး။ ပြီးတော့ ဒီထက် အရေးကြီးတာက အခြေခံရှိနေတာတောင်မှ ဘယ်လို အသုံးချရမှန်း မသိတာပဲ။ ဒါကြောင့် အောင်မြင်မှု အတွက် အခြေခံကောင်းတွေကို စုစည်းပါ။ ပြီးတော့ ဒါတွေကို ပြီးပြည့်စုံအောင် ဆက်စပ် အသုံးပြုပါ။ ဒါဆိုရင် နေရာတကာမှာ အောင်မြင်နိုင်ပြီ။ ”

နောင်တော့ . . နောင်အခါမှာ ဒီလူငယ်လေးဟာ ဆရာကြီး သင်ပေးခဲ့တဲ့ စက်ဝိုင်း ၊ တြိဂံ ၊ လေးထောင့် ၊ မျဉ်းကွေး ၊ မျဉ်းကောက် တွေနဲ့ လိုရာကို ပုံဖော်ရင်း ကမ္ဘာကျော်ပန်းချီဆရာကြီး Painter
Aleksandr Sokolov ဆိုပြီး ဖြစ်လာခဲ့ပါတယ်။




Source ; Juan Goytisolo Basic For Artist
ကိုဇော် ခံစားပုံဖော်သည်။



Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

SHWE ZIN U said...

ကိုဇော်ရေ

ဖတ်ပြီးသွားပြီ ဇွဲ ရှိမှ ဆရာ့စကား နားထောင်မှ လိုချင်တာတွေ ရမယ်နော်

ခင်တဲ့
ရွှေစင်ဦး

ညလင်းအိမ် said...

ဘာပဲ ဖြစ်ဖြစ် အခြေခံက အရေးကြီးတာပဲ ...
ဟုတ်တယ်ဗျ .. အခြေခံ ကောင်းကောင်းရသွားရင် နောက်ပိုင်း မြင့်တင်နိုင်သလို မြင့်တင်နိုင်မယ် ...
ကျေးဇူး ...

နေ၀သန် said...

မိုက်တယ်နော်... ကျွန်တော်ဆိုရင်ကော အဲလောက်ဇွဲရှိနိုင်ပါ့မလား....


ခင်မင်တဲ့
နေ၀သန်

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.