မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 August 2010

6 ဒီလိုလူတွေ ရှိနေလို့ ကျွန်တော် အသက်ရှင်နေတာ ( ၄ )


ဒီနေ့ “ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး ” စာအုပ်လေးကို ဖတ်တာ ပြီးသွားပါတယ်။ ဒီစာအုပ်ကို မှီငြမ်းပြီး ကျွန်တော့် အမြင်လေးတွေ တင်ပြရရင်တောင်မှ ပို့စ် ၂၀ လောက် ထွက်လာနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် မရေးတော့ပါ။ မူလအတိုင်းပဲ ဖတ်ကြည့်စေချင်ပါတယ်။ သို့သော် ဒီစာအုပ်အပေါ်မှာ ကျွန်တော့် အမြင်လေးကိုတော့ အခွင့်သင့်ရင် ရေးပါ့မယ်။

“ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး ”  စာအုပ်လေးကို ဖတ်ပြီးတော့ ကျွန်တော် အရင် ရေးနေကြ ခေါင်းစဉ်လေးကို ပြန်သတိရမိတယ်။ ဒါကြောင့် အရင်လို စာများများ မရေးနိုင်သေးခင်မှာ အရင်က အကြောင်းအရာတွေကို ခေါင်းစဉ်တစ်ခု အောက်မှာ ရေးခဲ့တာလေးကို ပြန်ပြီးတော့ အမှတ်တရ တင်ပေးလိုက်ပါတယ်။ ခေါင်းစဉ်နာမည်က “ ဒီလိုလူတွေ ရှိနေလို့ ကျွန်တော် အသက်ရှင်နေတာ ” လို့ ယူထားပါတယ်။

ဒီခေါင်းစဉ်လေးနဲ့ ကျွန်တော် ရေးထားတာ ဒါက လေးပုဒ်မြောက်ပါ။ ဒါကို တိုက်ရိုက်တန်းဖတ်မယ် ဆိုရင် ဖတ်ရတာ နည်းနည်းထောက် နေမယ်လို့ ထင်မိပါတယ်။ ဘာလို့လဲ ဆိုတော့ လူတစ်ယောက်ရဲ့ နှစ် ၃၀ ကျော် သက်တမ်း တစ်ခုကို ကျွန်တော်က အတိုချုံးပြီး ပို့စ်လေး တစ်ခု အနေနဲ့ ရေးရတာပါ။ တကယ်တော့ သူ့အကြောင်းကို ဒီထက် ပြည့်ပြည့်စုံစုံ ရေးမယ် ဆိုရင် စာအုပ် တစ်အုပ်စာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်  အခုတော့ တိုတိုနဲ့ လိုရင်းကိုသာ တင်ပြထားတာ ဖြစ်ပါတယ်။

အချိန်ရရင်တော့ အရင်က ဒီခေါင်းစဉ်နဲ့ ရေးထားတဲ့ ( ၁ ) ၊ ( ၂ ) ၊ ( ၃ ) ကို အရင် ဖတ်ကြည့်သင့်ပါတယ်။








“ ကျွန်တော် အထွေထွေ အထူးကု ဆရာဝန်ပဲ လုပ်ချင်တယ် ဖေဖေ။ ”

သူ့ရဲ့ စကားကို ကြားတော့ သူ့အဖေက “ ဟေ ” ဆိုသော စကားလုံးကို ပါးစပ်ထဲက စကားလုံး ဗလုံးဗထွေးကို အန်ထုတ်သည်။ ဒါပေမဲ့ မိဘတွေရဲ့ ထုံးစံအတိုင်း မေးတာကတော့ ဆက်မေးရမယ် မဟုတ်လား။

“ ဘာလို့လဲ ငါ့သား။ သူများတွေများ နှလုံးအထူးကု ဆရာဝန် ဖြစ်ချင်လွန်းလို့ ကြိုးစား လိုက်ကြရတာ။ မဖြစ်တော့ စိတ်ဓါတ်တွေ ဘာတွေ တောင်မှ ပျက်သွားသူတွေ အများကြီး။ အခု မင်းက နှလုံး အထူးကု လုပ်ဖို့ အမှတ်မှီရဲ့ သားနဲ့ အထွေထွေ အထူးကုပဲ လုပ်မယ်ဆိုတော့ အဖေတို့တော့ နားမလည်ဘူး။ ”

သူကလည်း လိုလေးသေး မရှိအောင် ထောက်ပံ့ထားတဲ့ အဖေ မျက်နှာကို ရဲရဲ မကြည့်ရဲပဲ မျက်နှာ အောက်ချပြီး မရဲ တရဲ ပြောလိုက်မိသည်။

“ နှလုံး အထူးကု ဆိုတာ ပိုက်ဆံ အတော်တတ်နိုင်တဲ့ သူတွေပဲ လာကြတယ် အဖေ။ ( ထိုကာလ တုန်းကပါ။ လွန်ခဲ့သော အနှစ် ၃၀ ) ကျွန်တော် တကယ်ကို နေမကောင်း ဖြစ်နေသူတွေကို ကုသချင်တယ်။ နှလုံး အထူးကု ဆိုတော့ ဈေးကြီးမှာပဲ ၊ နှလုံးရောဂါ ဆိုတာ ခွဲကုရဖို့ များတယ် ဆိုပြီး ကျွန်တော်ဆီ လူနာ အလာနည်းပြီး ကျွန်တော် လူနာတွေကို အယောက်ရေ နည်းနည်းပဲ ကုသကယ်တင်နိုင်မှာ စိုးတယ်။ ”

“ သား မင်းပြောတာ နည်းနည်းတော့ လွဲနေတယ်။ ဒါပေမဲ့ အဖေတို့က သားသမီး စိတ်မပါတာကို အတင်းတော့ လုပ်မယူ ခိုင်းချင်ဘူး။ ဒီတော့ ငါ့သား စိတ်ထဲမှာ ထဲထဲဝင်ဝင် ဖြစ်ချင်တာကိုပဲ လုပ်။ ဒါမှလည်း အောင်မြင်မှာ။ ”

“ ဟုတ်ကဲ့ ဖေဖေ။ ဝမ်းသာ လိုက်တာ။ ကျွန်တော် လူနာတွေ များများကိုပဲ ကုပြီး ကယ်ချင်လို့ပါ။ ”

“ အေးလေ။ ဒါကတော့ သားရဲ့ ဆန္ဒပေါ့ကွာ။ ဖေဖေတို့ကလည်း သားသမီးကို လိုချင်တဲ့ ပုံစံကို အတင်းမသွင်းပါဘူး။ မိဘ ဆိုတာ သားသမီးကို လမ်းပြဖို့ပဲ မဟုတ်လား။ ”

သူ့သမိုင်းကြောင်းက ဒီလိုနဲ့ပဲ စတင်ခဲ့ပါတယ်။ သားသမီးရဲ့ လိုအင်ဆန္ဒကို စီစစ်လိုက်လျောတတ်သော မိဘများဆီမှာ လူဖြစ်ခွင့်ရသော ကြောင့်လည်း သူ့ကို ကံကောင်းတယ် လို့ ဆိုရမည်။

ဒါနဲ့ပဲ သူ အထွေထွေ အထူးကု ဆရာဝန်ဘွဲ့ကို အင်္ဂလန်မှာ ဘွဲ့လွန် သွားဆက်တတ်သည်။ ပြန်လာတော့ ဆေးခန်းဖွင့်သည်။ ဆေးခန်းဖွင့်ဖို့ သူနေရာကိုပါ ပြောင်းပြီး မြိ့သစ်လေး တစ်ခုမှာ အိမ်တစ်လုံးပါ ဝယ်လိုက်သည်။ သူငယ်ချင်းတွေကတော့ နားမလည်ကြ။ “ မြို့ထဲကနေ မြို့ပြင်ကို ပြောင်းတယ်။ ” ဆိုပြီး မေးကြသည်။

မိဘကို ချစ်သော သားသမီးတွေက မိဘ စကားကို တသွေမတိမ်းလိုက်နာတာ တစ်ခုတည်းနဲ့ ကျေးဇူးဆပ်ကြတယ်တဲ့။ သားသမီးကို ချစ်သော မိဘတွေကျတော့ရော ............?

မိဘ မျက်ရည်တစ်စက် သားသမီး ဆင်းရဲ တစ်သက်တဲ့ ပြောကြတယ်။ သားသမီး မျက်ရည်များစွာ ကျတော့ရော.....?

ဒီလို မိဘတွေထဲမှာ သူ့မိဘ မပါ။ သားသမီးရဲ့ လိုအပ်ချက်တွေကို လမ်းမလွဲရအောင် ထိန်းကျောင်းပေးရင်း ဖြည့်ဆည်းပေးသည်။ ဒါနဲ့ သူရဲ့ ဆေးခန်းလေးက စေတနာကို ရှေ့တန်းတင်လွန်းစွာ အောင်မြင်ခဲ့ပါသည်။ မိဘကျေးဇူးကို အထွေအထူး သူ မဆပ်နိုင်ပေသေးပေမဲ့ မိဘ စိတ်ချမ်းသာစေသော ၊ မိဘများ သဘောတူသော မိန်းကလေး တစ်ယောက်ကို သူ လက်ထပ်ခဲ့သည်။

ဒီမိန်းကလေးက သူ့ထက် ၁၀ နှစ်ကျော် ငယ်နေခဲ့သည်။ လူတစ်ယောက်ရဲ့ တန်ဖိုးကို အသက်အရွယ်ထက် ဦးနှောက်ဖွံ့ဖြိုးမှု နဲ့ တိုင်းတာပြီး ဆုံးဖြတ်မယ် ဆိုရင် သူ့ဇနီးက အလွန်မှ သူ့အတွက် အဖိုးတန် ဖြစ်ခဲ့သည်။ သူများတွေလို အထူးကုဆရာဝန် တစ်ယောက်ရဲ့ ကတော် ဆိုသော မာန် ၊ မောက်မာမှု လုံးဝ မရှိ။ သူ့ဆေးခန်း လာသော သူများကို ဆရာဝန်ကတော်လို့ မထင်ရအောင် ဖော်ဖော်ရွေရွေ ဆက်ဆံသည်။

ဆင်းရဲပြီး မတတ်နိုင်သူများက ခင်ပွန်း ဆရာဝန်ကြီးက ဆေးဖိုး အခမဲ့နှင့် ဆေးဝါးထောက်ပံ့ လိုက်သလို ၊ ဆရာဝန်ကြီးကတော် သူမကလည်း ဆေးခန်းက အထွက် ၊ အိမ်မှာ သောက်ဖို့ ကွေကာအုတ် ၊ မိုင်လိုတွေ လှူတယ်။ စားဖို့ မုန့်တွေ ပေးသည်။ ဒီလို ဇနီးမယားနဲ့ စိတ်တူကိုယ်တူ နေထိုင်ခွင့်ရတာ ဆရာဝန်ကြီး အတွက် ဘယ်လောက်များ သာယာတင့်တယ်သော လောက ကမ္ဘာလေး မဟုတ်ပါလား။ ဒီလို ပေးဝေ ကုသပေးနိုင်ဖို့ သူ့အိမ်မှာ ဆေးခန်းဖွင့်ရုံတင် မကဘူး နာမည်ကြီး အထူးကု ဆေးခန်းတွေမှာ သူ အချိန်ပိုင်း အထွေထွေ အထူးကု ဆရာဝန်ကြီး အနေနဲ့ ဆေးခန်းထိုင်ရသည်။

ဒါပေမဲ့ ကံကြမ္မာဆိုတာ တစ်ခါတစ်လေ မျက်လှည့်ပြတတ်ပါသည်။ သူ့မှာ သားလေး တစ်ယောက် မွေးပြီးတော့ သူ့ သွားလာလှုပ်ရှားရင် အလိုလို မောလာတတ်သည်။ ဆရာဝန် ဆိုတော့လည်း ကိုယ့်ဖာသာ ကျန်းမာရေး ဂရုစိုက်တော့ မထင်ထားမိဘူး။ ပြီးတော့ သူ့မှာ တစ်နေ့ တစ်နေ့ ကြည့်ရှုရတဲ့ လူနာတွေကလည်း အလွန် များပြားလွန်း လှသည်။ ဒါကြောင့် ကိုယ့်ကိုယ်တောင်မှ ဂရုမစိုက်နိုင်။

တစ်နေ့တော့ သူ ဆေးခန်းမှာ ညနေပိုင်း လူနာတွေက ကုနေရင်း သူ့ဖာသာ သတိမထားမိပဲ မူးလဲသည်။ သူ သတိရတော့ သူဆေးရုံ ရောက်နေပြီ။ မျက်လုံးဖွင့်ကြည့်တော့ လူက ဘာကိုမှ မမြင်ရ။ ရင်ထဲမှာလည်း အဆိုင်အခဲ တစ်ခုက သူ့ကို မွန်းကြပ်စေသည်။ သူ အသက်ရှူမဝ။ ဒါနဲ့ သူ ဒုတိယအကြိမ် ပြန်လည် သတိမေ့သွားသည်။

သူ နောက်တစ်ခါ သတိရတော့ လူက နုံးနေသည်။ မျက်စိဖွင့်ကြည့်လိုက်တော့ သူ့လက်မှာ တပ်ထားတဲ့ အပ်တွေ ၊ ဆေးပုလင်းတွေကို တွေ့သည်။ ဘေးမှာ စိုးရိမ်သော မျက်လုံးတွေ တပ်ထားတဲ့ သူ့သားလေးကို ချီထားတဲ့ ဇနီးကို တွေ့သည်။ စိတ်ပူနေသော မျက်နှာကို ဟန်ဆောင် ဖုံးထားတဲ့ မျက်နှာနဲ့ အဖေနဲ့ အမေကို တွေ့သည်။

“ ကျွန်တော် ဘာဖြစ်သွားတာလဲ အဖေ။ ”

“ အားနည်းလို့ ဖြစ်တာပါ တဲ့ ဆရာဝန်ကြီးတွေ ပြောတယ် သား။ ”

ဆရာဝန်ကို ဒီလိုတော့ နှစ်သိမ့်လို့ မရ။

“ သားကို ကုတင် အောက်ခြေမှာ ချိတ်ထားတဲ့ လူနာ မှတ်တမ်း ပေးပါ အဖေ။ ”

တွန့်ဆုတ်သွားတဲ့ အဖေ့မျက်ဝန်းနဲ့ အဖေ့လက်ကို ကိုင်လိုက်သော အမေ့လက်ကို တွေ့လိုက်ရသည်။ “ ကျွန်တော် ဆရာဝန်ပါ အဖေ ၊ ကျွန်တော့်ကို ဒီလို ပြောရုံနဲ့တော့ ဘယ်ရမလဲ။ ” သူ့ရင်ထဲမှာ ပြောလိုက်တဲ့ စကားကို မျက်ဝန်းက တဆင့် အဖေက ကြားလိုက်ရပုံရသည်။

ရုတ်တရက် လေးလံသွားတဲ့ လက်တစ်ဖက်နဲ့ ကုတင်အောက်ခြေမှာ ချိတ်ထားတဲ့ ဆေးမှတ်တမ်းကို သူ့အဖေက ယူပြီး သူ့ကို လှမ်းပေးသည်။ သူ ဆေးမှတ်တမ်းကို လှမ်းကြည့်တော့. . .

“ နှလုံးသွေးကြောကျယ်သော အဆင့် ၃ ” တဲ့။

ဒီအချိန်မှာ သူ မြင်လိုက်တာက ဒီညနေ ချိန်းထားတဲ့ လေဖြတ်နေသော အဖွားအို တစ်ယောက် အိမ်ကို သွားကြည့်ဖို့ ။ နောက် ဒီနေ့ သူ့ဆီ လာမဲ့ လူနာများ။

“ ကျွန်တော် မသေချင်သေးဘူး ၊ ကျွန်တော် မသေချင်သေးဘူး။ ကျွန်တော် ဒီလူနာတွေကို ကုချင်သေးတယ်။ ကျွန်တော့်အတွက်က ဒီလောက် မဟုတ်တောင် ဒီလူနာတွေတော့ ကျွန်တော် ကုသပါရစေ။ ”

ဒီလို သူ့ရင်ဘတ်ထဲမှာ သူ့ဖာသာ အော်ဟစ်ပြီး သူ့ကမ္ဘာက ပြန်ပြီး ရုတ်တရက် မှောင်မိုက်သွားခဲ့သည်။

အခန်းထဲမှာ ဖြစ်နေတာတွေ သူ ဘာမှ သတိမရတော့။ အရေးပေါ် ဆရာဝန်ကြီးတွေ ပြေးခေါ်တာလဲ။ သူမသိ။ သူဖြစ်နေတာကို ကြည့်ပြီး မငိုတတ်သေးတဲ့ သားလေးကို ချီပြီး အသံထွက်ပဲ မျက်ရည်တွေ ကျနေတဲ့ သူ့ဇနီးကိုလည်း သူမမြင်။ လက်ကိုင်ပုဝါကို ပါးစပ်မှာ ကိုက်ပြီး အဖေ့လက်မောင်းမှာ မျက်နှာအပ်ပြီး ငိုနေတဲ့ အမေ့ကိုလည်း သူ မသိ။ မျက်ရည်တွေကို ခေါင်းမော့ပြီး မျက်လုံး ပုတ်ခတ်သိမ်းနေတဲ့ အဖေ့ အဖြစ်အပျက်ကိုလည်း သူ မတွေ့။ သူကတော့ တစ်ယောက်တည်း အမှောင်ထဲမှာ မျောလို့။

“ ၇ ရက်အတွင်း နှလုံးခွဲစိတ်ပြီး အစားထိုးမှ ရမယ်။ ” တဲ့။ အခုတော့ ဆေးသွင်းပြီး ထိန်းထားရသည်။ သူဖြစ်နေခဲ့တာ ကြာပြီ။ ဒါကို သူ့ဖာသာ မသိလိုက် မသိဖာသာ နေလို့ ဒီလောက်ဆိုးသွားတာ လို့ ဆရာဝန်ကြီးတွေက မှတ်ချက်ချခဲ့သည်။

“ နှလုံးအထူးကု ဆရာဝန် မဖြစ်ချင်သူမှ အခုတော့ နှလုံးရောဂါ လာဖြစ်ရတယ်လို့ သားရယ် ”

လို့ မပြောစဖူး ထွက်လာတဲ့ သူ့အဖေ အသံကို ကြားတော့ သူ့တပည့် ယောက်ျားလေးတွေ တောင်မှ မျက်ရည်တွေ မဆယ်နိုင်ကြ။ ဆေးခန်း မဖွင့်လို့ သူ ဘာဖြစ်နေလဲလို့ ရပ်ကွက်က စုံစမ်းသူတွေကလည်း တဆင့်စကား တဆင့်နားနဲ့ ဖျားနေလို့ အိပ်ယာထဲ လဲနေပါတယ် ဆိုသူတွေလည်း  သူ့အတွက် ငုတ်တုပ် ထထိုင်ကြသည်။ တုပ်ကွေးဆိုပြီး စောင်ခြုံကွေး သူတို့လည်း သူ့ သတင်းကြားတော့ စောင်ကို ခွာပြီး သူ့အတွက် သူ့အိမ်ရှေ့မှာ ငုတ်တုပ် လာထိုင်ကြသည်။

သူတို့ ဖြစ်နေတုန်းက ကိုယ်ဖြစ်သလို ဂရုစိုက်ခဲ့တဲ့ ဆရာဝန်ကြီးကို ၊ အခု ဆရာဝန်ကြီး ဖြစ်တော့ ဘယ်သူမှ ဘာမှ မတတ်နိုင်။ သူတို့ တတ်နိုင်တာက သူ မြန်မြန် နေကောင်းအောင် ဆုတောင်းပေးဖို့ နဲ့ သူ့အတွက် အငှား မျက်ရည် ကျပေးဖို့ပဲ တတ်နိုင်သည်။ မျက်ရည်တွေနဲ့ အတူ နေ့ရက်တွေက တစ်ရက်ပြီး တစ်ရက် ကုန်လာခဲ့သည်။ အဖက်ဖက်က အားလုံးပြင်ဆင်ထားကြသည်။ အဂ်လန်သွားပြီး နှလုံးအစားထိုးကုသမည်။ သို့သော်....

သို့သော်...........

သို့သော် . . . . . . သူ့ကို အစားထိုးကုသဖို့ နှလုံး အလှူရှင် မပေါ်သေး။ နောက်ဆုံး အခြေအနေအထိ အဆင်မပြေရင် လူ့နှလုံး အစား ၊ စက်နှလုံးနဲ့ အစားထိုး ကုသမယ်လို့ပဲ ဆုံးဖြတ်ကြသည်။ စက်နှလုံးကတော့ မကြာခဏ သွားရောက် စစ်ဆေးရမည်။ ဒီလိုနဲ့ပဲ တစ်ရက်တွေ တစ်ရက်ပြီး တစ်ရက် ကုန်လာခဲ့သည်။ မနက်ဖြန် အင်္ဂလန် သွားပြီး သူ့အတွက် နှလုံးအစားထိုးကုဖို့ အားလုံး ရွေးခြယ် အပြီးမှာ သူ့ကို ကြပ်မတ် ကုသနေသော နှလုံးအထူးကု ဆရာဝန်ကြီးက သူ့အဖေဆီ ဖုန်းဆက်သည်။

ကပြာကယာနဲ့ နှလုံးအထူးကု ဆရာဝန်ကြီး ခေါ်တဲ့ ဆေးရုံက ရုံးခန်းထဲ သူ့ အဖေ နဲ့ အမေ ပူပန်မှု မျက်နှာတွေနဲ့ ရောက်လာတော့ နှလုံးအထူးကု ဆရာဝန်ကြီးက ပြောသည်။

“ တကယ်ကို အံ့သြစရာပဲဗျာ။ မနက်ဖြန် နှလုံး အစားထိုး ကုသပါမယ် ဆိုတော့မှ ဒီနေ့ သတင်းတစ်ခုရတယ်။ ကိုယ်ခန္ဓာကိုယ်လှူထားတဲ့ သူတစ်ယောက် ရုတ်တရက် ကားတိုက်သေသွားလို့ သူ့ရဲ့ ခန္ဓာကိုယ်က ပစ္စည်းတွေ အလှူခံရလိုက်တယ်။ ဒီအထဲမှာ နှလုံးလည်း ပါတယ်။ ဒီထက် အံ့သြစရာက သူ့ရဲ့ အသားတစ်ရှူးက ဦးတို့သားရဲ့ အသားတစ်ရှူးနဲ့ တူနေတာပါပဲ။ ဒီတော့ ကျွန်တော်တို့ နှလုံးကို စက်နှလုံး အစားထိုးကု စရာ မလိုတော့ဘူး။ အလှူခံရထားတဲ့ လူနှလုံးကိုပဲ အစားထိုးကုရမယ်။ ပြီးတော့ အခု အလှူရှင်က ၂၁ နှစ်ပဲ ရှိသေးတယ်။ ပျိုရွယ်တဲ့ နှလုံးသားပေါ့ဗျာ။ ဦးတို့လည်း ဝမ်းသာအောင် ခေါ်ပြောတာပါ။ ”
 

ဒီစကားလည်း ကြားပြီးရော သူ့အဖေ နဲ့ အမေ မျက်ဝန်းမှာ မျက်ရည်တွေ ကျသည်။ ဒီမျက်ရည်ကတော့ ဝမ်းနည်း မျက်ရည် မဟုတ်။ ဝမ်းသာလွန်းသော မိဘရဲ့ မေတ္တာ တရားက ဖြစ်တည်လာသော မျက်ရည်။

ဒီလိုနဲ့ ၂ လလောက်ကြာတော့ လေယာဉ်ကွင်းမှာ အသွားတုံးကလို ကြပ်မတ် ကုသ ကုတင်နဲ့ မဟုတ်ပဲ။ ကိုယ့်ပိုင်ခြေထောက်ပေါ် ရပ်တည်ရင်း သူ မြန်မာနိုင်ငံကို ခြေလာနိုင်ခဲ့တယ်။ ဒီမှာ သူ့ကို လာကြိုနေသော သူ့ရဲ့ သူငယ်ချင်းတွေ ၊ တပည့်တွေကို သူ ကထမဦးဆုံး စကားတစ်ခွန်း စမေးသည်။

“ ငါ တာဝန်ယူ ကုနေတဲ့ လေဖြတ်နေတဲ့ အဖွား သက်သာသွားပြီလား။ ”

တဲ့။ ရုတ်တရက် သူ့ဆီက စကားကို ကြားတော့ ဆွံအ သွားတဲ့ လာကြိုသူတွေထဲက သူ့သူငယ်ချင်း တစ်ယောက်က အဖြေပေးသည်။

“ စိတ်ချ။ ငါကိုယ်တိုင် ကုနေတယ်။ အခု လမ်းတော့ သူ့ဖာသာ မလျှောက်နိုင်သေးဘူး။ ဒါပေမဲ့ လူတွဲပြီးတော့ လမ်းပြန် လျှောက်နိုင်နေပြီ။ ”

“ တကယ်လား။ တော်သေးတာပေါ့ကွာ။ ”

တဲ့။ အားလုံးရဲ့ သူ့အပေါ် စိတ်ပူမှုကို သူက တခြားသူ အပေါ် စိတ်ထပ်ပူနေသည်။

“ ဒါထက် နေဦး။ မင်းကို ငါတို့ လာကြိုတာ မင်း သက်သာလားလို့လေ။ မင်းက မင်းအကြောင်းလည်း မပြောပဲ မင်းလူနာတွေကို ပြန်မေးနေတယ်။ ”

“ ငါက သက်သာပါတယ်ကွ။ ငါ ငါ့လူနာတွေကို ကုရဦးမှာ။ အခု ငါ့ဆေးခန်းလေးက လူနာတွေရော။ ဆေးခန်းလေး ပိတ်ထားလား။ ”

ငိုအားထက် ရယ်အားသန် ဆိုပေမဲ့ ဘယ်သူမှ မရယ်မိဘူး။ သူ့ကိုပဲ ဂရုဏာ သက်ကြသည်။

“ မပူနဲ့ ဟေ့ကောင်။ မင်း ဆေးခန်းကို ငါတို့ အလှည့်ကျ လာထိုင်ပေးနေတယ်။ မင်း ဘာမှ မေးမနေနဲ့။ လာ အခု ကားပေါ်တတ်။ မင်းအိမ်ရောက်တော့ မင်းဆေးခန်းနဲ့ မင်းလူနာတွေကို မင်းတွေ့ရလိမ့်မယ်။ ”

ဒီတော့မှ သူ့လက်ကို တဂျစ်ဂျစ်နဲ့ ဆွဲနေတဲ့ သူ့သားလေး ဘက်ကို လှည့်ကြည့်ပြီး
 

“ သားရော နေကောင်းရဲ့လား မိန်းမရယ်။ ”

တဲ့။ “ အမရာ ၊ ဒေဝီ ၊ မဒီ ၊ သမ္ဘူလ ” ဆိုတဲ့ တော်လေးဝ လိုမျိုး ဇနီးကလည်း ကျွန်မကို တောင်မှ သတိရသေးရဲ့လားလို့ တစ်စက်မပြော။

“ ကောင်းပါတယ် အစ်ကိုရယ်။ အခု အစ်ကိုတွေ့နေတာပဲ။ ”

တဲ့။ ဒါပဲ ပြောပြီး သူကို လာကြိုသူတွေ ကားနှစ်စီးတိုက်နဲ့ လေယာဉ်ကွင်းက ထွက်ခဲ့သည်။

“ မင်းခုန ပြောတော့ ငါ့လူနာတွေ နဲ့ ဆေးခန်းက ဘာတွေ ဖြစ်နေလို့လဲ ၊ မင်း ခုန ပြောလိုက်တာ ငါ သဘော မပေါက်ဘူး။ ”

“ ဟေ့ကောင် ၊ မင်းကွာ ခဏ တိတ်တိတ်နေပါလား။ မင်း နှလုံးကြီး တစ်လုံးလုံး လဲလာရတာနော်။ ငြိမ်ငြိမ်နေပါလား။ မင်း အိမ်ရောက်ရင် တွေ့မှာပေါ့။ ”

သူ ဆန့်ငင်ငင် ဖြစ်ပြီး ငြိမ်သွားသည်။ ကျေနပ်ပုံတော့ မပေါ်။ သူ့အိမ်ကို ဝင်တဲ့ လမ်းကို ကားက ခေါင်းတည်ပြီး ချိုးဝင်လိုက်တော့ လမ်းတစ်ခုလုံးက လှဲကျင်းထားသလို သန့်ရှင်းနေသည်။ ပြီးတော့ သူ့အိမ်ရှေ့မှာ လူတွေ အများကြီး ၊ ကလေးတွေ ၊ လူကြီးတွေ ၊ လူလတ်တွေ ၊ လူငယ်တွေ ၊ အဖိုး အဖွားတွေ နဲ့ သူ့အိမ် အဝင်ဝကို သူ မမြင်ရ။

“ ဘာတွေလဲ ၊ ဘာဖြစ်နေကြတာလဲ။ ငါ့ဆေးခန်း လာကြတာလား။ ”

“ မင်းကလည်းကွာ။ တော်တော် ခက်နေပါရောလား။ မင်းအိမ်လာတိုင်း မင်းဆီ ဆေးလာကုနေတာ မှတ်နေလား။ လူတိုင်းကို လူနာလို့ပဲ ကြည့်နေတော့တာပဲ။ ဒါ မင်းကို လာကြိုနေတာကွ။ ”

“ ဘယ်လို ငါ့ကို လာကြိုနေတာ။ ”

“ ဟုတ်တယ်။ ”

သူ ဘာမှ မပြောနိုင်အောင် အံ့သြသွားမိသည်။ ဒီလူအုပ်ကြီးက သူ့ကို လာကြိုနေတာတဲ့။ သူ့ဆေးသွားကုပြီး ပြန်လာတာကို လာကြိုနေတာတဲ့။ ထပ်ပြီး တိတိကျကျ ပြောရရင် ဆရာဝန်က ဆေးသွား ကုခံပြီး ပြန်လာတာကို လာကြိုနေတာတဲ့။ အိမ်ရှေ့ရောက်ပြီး သူ ကားပေါ်က ဆင်းလိုက်တော့..

“ ဆရာဝန်ကြီး ကျန်းမာ ချမ်းသာပါစေ ။ ”


“ ဆရာဝန်ကြီး ကျန်းမာ ချမ်းသာပါစေ ။ ” 

“ ဆရာဝန်ကြီး ကျန်းမာ ချမ်းသာပါစေ ။ ”

လို့ သူ့ကို လာကြိုဆို နေသူတွေက သံပြိုင် အော်ပြီး ဆုမွန်ချွေကြသည်။ ဒီလို အခြေအနေမှာမှ သူ မျက်ရည် မကျရင် ဘယ်အချိန်မှာ မျက်ရည်ကျရမလဲ။ သူ့မျက်ဝန်းမှာလည်း မျက်ရည်တွေနဲ့။ ဒါ ဝမ်းသာ ပီတိ မျက်ရည်။

ဒီလို အော်မိနေတဲ့ အထဲမှာ အခု စာရေးနေတဲ့ ကျွန်တော်လည်း ပါတယ်။ ဆရာဝန်ကြီးနဲ့ ကျွန်တော် တော်တော်ခင်ပါသည်။ ဒီလိုပဲ သူ့ဇနီးနဲ့လည်း ခင်သည်။ ဆရာဝန်ကြီး သားလေးကိုလည်း ကျွန်တော် ချီပိုးထိန်းကျောင်း ဖူးသည်။

တကယ်တော့ လောကမှာ မေတ္တာကို မေတ္တာနဲ့ တုံပြန်ရယူခြင်းသည်သာ အကောင်းဆုံး လုပ်ရပ် မဟုတ်ပါလား။ ဆရာဝန်ကြီးနဲ့ ကျွန်တော် စကားမမြည် ပြောခဲ့ဖူးပါသည်။ ဒီအထဲကမှ ကျွန်တော်စိတ်ထဲမှာ စွဲနေတဲ့ ဆရာဝန်ကြီး ပြောသော စကားလေး ကျွန်တော် တင်ပြချင်သည်။ ( ကျွန်တော် အခု စာရေးတော့ ဆရာဝန်တွေ ထပ်နေမှာ စိုး၍ အင်္ဂလိပ်လို “ He ” ဟူသော နာမ်စားကို အစားထိုးကာ “ သူ ” “ သူ ” လို့ ရေးခဲ့မိပါသည်။ ကျွန်တော် ရေးမှုများ ရိုင်းစိုင်းနေရင် ကျွန်တော့်မှာသာ တာဝန်ရှိပါသည်။ ဆရာဝန်ကြီးကတော့ သူ့ကိုယ်သူ “ ကျွန်တော် ” ဟုပဲ ပြော၍ အခု “ ကျွန်တော် ” ဟုပဲ ကျွန်တော် ရေးပါ့မယ်။ )

“ ကျွန်တော့်မှာ အိမ်က ဆေးခန်းအပြင် အားချိန်တွေမှာ ဆေးရုံကိုလည်း သွားရပါတယ်။ တစ်ခါတော့လည်း အငြင်းသာသော သူငယ်ချင်း အသိများ ခေါ်တော့ အထူးကု ဆေးခန်းတွေမှာလည်း အချိန်ပိုင်း ဆေးခန်း ထိုင်ရတယ်။ အဲ. . . အခု လောလောဆယ်လည်း အထူးကု ဆေးခန်း သုံးခုမှာ ဆေးခန်းထိုင်နေရတာပါပဲ။

တစ်နေ့တော့ ကျွန်တော် အထူးကု ဆေးခန်းတစ်ခုမှာ ကျွန်တော် အလှည့်ကျ ဆေးခန်းထိုင်နေတုန်း အရေးပေါ် လူနာ ဆိုပြီး ဆရာဝန် လာပင့်တယ်။ ဒီအချိန်မှာ အလှည့်ကျသူက ကျွန်တော်ဗျ။ ပြီးတော့ လာပင့်တဲ့ လူက ပြောတော့ နာမကျန်း ဖြစ်နေတာက ( နာမည်ကြီး ဆရာတော် ) ဆရာတော် တစ်ပါး ။ ဒီတော့ လူနာ လာပင့်တော့လည်း ကျွန်တော်လည်း လိုက်သွားတာပေါ့ဗျာ။

ဟိုကြောင့်ရောက် ဆရာတော်ကြီးက တော်တော် နာမကျန်း ဖြစ်နေတယ်။ အဓိကက နိုင်ငံအနှံ ဓမ္မတရားတော်တွေ လှည့်လည် ဟောကြားနေတော့ ပင်ပန်းသွားတာ။ ဒီတော့ ဆရာတော်ကြီးကို အနားရမဲ့ ဆေးတွေ ထိုး ၊ အားဆေးတွေ ပေးပြီး ဂရုတစိုက် ကုသပြီး ပြန်မယ်ဆိုတော့ ဆရာတော်ကြီးက . . . 

“ ဒကာကြီး ၊ ဆေးဖိုး ယူပါဦး။ ဘယ်လို ကုသခ ပေးရမလဲ။ ”

လို့မေးတယ်။ ဒါနဲ့ ကျွန်တော်လည်း. . .

“ မယူပါဘူး ဘုရား။ တပည့်တော် ဒါန ပြုပါတယ်။ နောက်နေ့တွေလည်း တပည့်တော် လာကြည့်ပေးပါ့မယ် ဘုရား။ ”


လို့ လျှောက်ထားပြီး ပြန်လာခဲ့တယ်။ ဒီတော့ ဆရာတော်ကြီးက “ သာဓု ” သုံးကြိမ်ကို ဝမ်းမြောက်ဝမ်းသာ ပေးတယ်။ ဒီ သာဓု ပီတိ လေးနဲ့ ကျွန်တော် အလုပ်ချိန် မပြီးသေးတဲ့ အထူးကု ဆေးခန်းကို ပြန်လာခဲ့တယ်။ ကုသ ကြည့်ရှု စရာ လူနာတွေကို ကြည့်ပြီး ကျွန်တော် အလုပ်ချိန်ပြီးတော့ ကျွန်တော် ဒီအထူးကု ဆေးခန်းကနေ ပြန်လာခဲ့တယ်။

ဒါပေမဲ့ဗျာ။ နောက်နေ့လည်း ဆေးခန်းသွားထိုင်ရော။ ဆေးခန်း မန်နေဂျာ ဆရာဝန်ကြီးက ကျွန်တော့်ကို ခေါ်တွေ့တယ်။

“ ဆရာ။ မနေ့က ဆရာတော်ကြီးကို သွားရောက်ကုသတာ ဘယ်လောက် ခြေကြွခ နဲ့ ဆေးဖိုး သတ်မှတ်ခဲ့လဲ။ ”

တဲ့။ ကျွန်တော်လည်း ဆေးဖိုး မတောင်းယူခဲ့ပဲ ဆရာတော်ကြီးရဲ့ “ သာဓု ” ကို ရရှိခဲ့တယ်လို့ သူ့ကို ပြောပြချင်လို့.. .

“ ကျွန်တော် ဆေးဖိုး မယူခဲ့ဘူး ဆရာ။ ကျွန်တော် ဆေးဖိုး လှူခဲ့ပါတယ်။ ဒါပေမဲ့. .. ”


ကျွန်တော် စကားဆက်ပြောခွင့်မပေးဘူးဗျာ။ ဒီဆရာဝန်ကြီးက ဆက်ပြောတယ်။

“ ဒီလိုတော့ ဆေးခန်းကို နာမည် မဖျက်ပါနဲ့ ဆရာ။ ဒီမှာက အားလုံး အထူးကုတွေချည်းပါပဲ။ အထူးကု တစ်ယောက်ဆိုတာ အိမ်ကို လိုက်ပါဖို့ ခြေကြွခတင် ဆေးခန်းက နှစ်သောင်းယူပါတယ် ဆရာ။ ဆေးဖိုးက မပါသေးပါဘူး။ ဒီတော့ ဆရာအခု အိမ်ကို လိုက်ပါ ကုသခ အနေနဲ့ ဆေးခန်းရဲ့ ဝန်ဆောင်ခ အနေနဲ့ နှစ်သောင်းတော့ ယူခဲ့သင့်ပါတယ်။ ဒါက ဆေးခန်းရဲ့ ဂုဏ်သိက္ခာ အရပါ။ ဆေးဖိုးနဲ့ ဆရာ့ကုသခကတော့ သတ်သတ်ပေါ့ ဆရာ။ ”

ကျွန်တော် အလွန်ကို အံ့သြမိပါတယ်။ တစ်ခါမှလည်း အပြင်ကို လိုက်ပြီး မကုဖူးတော့ ဒီလို အတွေ့အကြုံက မရှိခဲ့ဖူးလေ။ ကျွန်တော် ဘာမှ မပြောနိုင်ခင်မှာပဲ ဒီဆရာဝန်ကြီးက ဆက်ပြောတယ်။

“ ဒီတော့ အခု ဆရာ့ရဲ့ အပြင်ထွက် ကုသခ အနေနဲ့ ဆေးခန်းရဲ့ ဝန်ဆောင်မှု နှစ်သောင်းကို ဘယ်လို လုပ်ရမလဲ ဆရာ။ ”


ကျွန်တော်လည်း ဘာမှ မပြောတတ်တော့ဘူးဗျ။ ကျွန်တော် ပြောတတ်တာ တစ်ခုပဲ ရှိတော့တယ်။

“ ဟုတ်ကဲ့။ ကျွန်တော့် အပြင်ထွက် ခြေကြွခ အနေနဲ့ ဆေးခန်းရဲ့ ဝန်ဆောင်မှု အတွက် နှစ်သောင်းကို ကျွန်တော် လုပ်အားခထဲက ပဲ ဖြတ်လိုက်ပါ ဆရာ။ ကျေးဇူးပါပဲ။ ”


ဒီလိုပြောပြီး ကျွန်တော် ထွက်လာခဲ့တယ်။ အင်မတန်ကို တန်ဖိုးရှိလှတဲ့ ဆရာတော်ကြီး ပေးလိုက်တဲ့ “ သာဓု ” တွေ သုံးကြိမ်ကို သူ ဒီ ငွေ နှစ်သောင်းနဲ့ လဲသွားတယ်။ ဒါနဲ့ပဲ ကျွန်တော် လကုန်တော့ ဒီ အထူးကု ဆေးခန်းက နှုတ်ထွက်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ဗျာ။ ကျွန်တော် မျိုမကျဘူး။ ”

ဆရာဝန်ကြီး ပြောတဲ့ ဒီ “မျိုမကျဘူး။ ” ဆိုတဲ့ စကားကို အခုထိ ကျွန်တော် ကြားနေတုန်း။ တစ်ခါကလည်း ဆရာ့ကတော်က ကျွန်တော့်ကို သူ့ခင်ပွန်း ဆရာဝန်ကြီး “ အတင်း ” လို့ ပြောလို့ရတဲ့ စကား တစ်ခွန်းပြောသည်။

အဲဒီနေ့က ကျွန်တော် ဆရာဝန်ကြီးရဲ့ အိမ်ရှေ့ စက်ဘီးနဲ့ ဖြတ်သွားတုန်း ဆရာဝန်ကြီး အိမ်ရှေ့မှာ ဆရာ့ကတော်က သူ့ကလေးလေးကို ထိန်းနေတာ တွေ့လို့ ဝင်ပြီး စကားပြောတော့...

“ ကလေးထိန်းနေတာလား အစ်မ။ ကောင်လေးတောင်မှ တော်တော် ဝလာတယ်နော်။ ”

“ အင်း။ ဘယ်သွားမလို့လဲ။ ”

သူပြောတဲ့ လေသံနဲ့ မျက်နှာ အမူအရာက မကောင်း။ တစ်ခုခု ဖြစ်နေတယ် ထင်သည်။ ဘာဖြစ်တာလဲတော့ မသိ။ ကျွန်တော်နဲ့ သူတို့ တော်တော် ခင်တော့ မေးတော့ ကြည့်သင့်တယ်လို့ ယူဆမိသည်။

“ အစ်မ ဘာဖြစ်နေတာလဲ။ ဆရာ နဲ့ တစ်ခုခု ဖြစ်နေလား။ ”

ဆရာ ကတော်က သူ့တို့ အိမ်ဘေးမှာကပ်ဖွင့်ထားတဲ့ ဆေးခန်းလေးထဲကို တစ်ချက်ကြည့်လိုက်ရင်း. . .

“ ဟိုနေ့က မင်းဆရာက ဖုန်းဆက်တယ်။ သူ ဆေးရုံမှာ အရေးပေါ် လူနာတွေ ရှိနေလို့ နောက်ကျမယ် တဲ့။ အရမ်း အရေးကြီးနေရင်တော့ ဆေးခန်း ဒီနေ့ ဖွင့်ဖြစ်မှာ မဟုတ်ဘူး။ လူနာတွေကို ပြောထားပြီး စောင့်ချင်တဲ့ သူ စောင့်နေပစေ။ အရေးကြီးတဲ့ သူ တခြားဆေးခန်း သွားလို့ရအောင် ပြောထားတာတဲ့။

ဒီတော့ အစ်မလည်း သူက ဒီလို ပြောတော့ လူနာတွေကလည်း ဒီလိုပဲ ပြောတာပေါ့လေ။ ဒါပေမဲ့ သူက နောက်ကျလွန်းရင် ဆေးခန်း မဖွင့်ဖြစ်ဘူး ဆိုတော့ ဆေးခန်း တံခါးတော့ မဖွင့်ဘူးပေါ့။ သူ့လူနာတွေကလည်း အပြင်မှာ ဒီလိုပဲ ထိုင်စောင့်နေတာပဲ။ အရမ်းဖြစ်နေတဲ့ သူတွေကတော့ တခြားဆေးခန်း သွားကြတယ်။ သူနဲ့မှ ဆိုတဲ့ လူနာတွေက ထိုင်စောင့်နေကြတယ်။ ဒါပေမဲ့ သုံးယောက်တည်းပါ။

ဒါကို သူက ည မိုးချုပ်ခါနီး ၇ နာရီကျော်မှ ကားကို အတင်းမောင်းပြီး ရောက်လာတယ်။ အိမ်ခြံဝန်းဝလည်း ရောက်ရော အစ်မကို မျက်ထောင့်နီနဲ့ ကြည့်တယ်။ “ ဘာလို့ သူ့လူနာတွေကို အထဲမှာ ဝင်ထိုင်နေရအောင် ဆေးခန်း ဖွင့်ပေးမထားတာလဲ။ ” တဲ့ ။ ဒါပဲ ပြောပြီး သူ့ဖာသာ ဆေးခန်းကို ဖွင့်တယ်။ ဆေးခန်းက သူ့အကူ ကောင်လေးက ဖွင့်တာတောင်မှ မရဘူး။ သူ့ဖာသာ ဖွင့်တယ်။ အဲဒီအထဲက အစ်မ သူက စကားမပြောဘူး။ အခုဆို တစ်ပတ် ရှိပြီ။ ”

ဟိုက်။ ပြောရင်း ဆရာကတော် အသံက တိမ်ဝင်သွားသည်။ ကျွန်တော် မော့ ကြည့်လိုက်တော့ မျက်ရည်စတွေနဲ့။ နှစ်ဖက်လုံး မှန်နေပေမဲ့ ဆရာဝန်ကြီး ဒီတစ်ခါတော့ လွဲနေပြီ။

“ အာ အစ်မရယ်။ ဘာမှ ပူမနေနဲ့။ ကျွန်တော် အပြန် ဝင်လာခဲ့မယ်နော်။ ဆရာနဲ့ ကျွန်တော် စကားနည်းနည်း ပြောဦးမယ်။ ဘာမှ စိတ်မကောင်းလည်း ဖြစ်နေနဲ့။ ကျွန်တော် ဆရာနဲ့ စကားနည်းနည်း ပြောကြည့်ပါ့မယ်။ ”

ကျွန်တော် သွားစရာ ကိစ္စပြီးလို့ ပြန်လာတော့ ဆရာတို့ ဆေးခန်းလေး ပိတ်ခါစ။ ကျွန်တော်လည်း ပိတ်ချိန်ကို သိလို့ ခပ်မြန်မြန် ပြန်လာခဲ့တာ။ ဆေးခန်းဝမှာ ဆရာက ရပ်ပြီး ခြေလက်ဆန့်နေတယ်။ သူတို့အတွက် သီးသန့် ကိုယ်လက်လှုပ်ရှား ကစားချိန် မရှိ။ ကျွန်တော့် ဆေးခန်းဝကို စက်ဘီး ထိုးလိုက်တော့. .

“ ဟေး . . မောင်ဇော် ။ ဘယ်က ပြန်လာတာလဲ။ ”

ကျွန်တော်တို့ အပေါ်တော့ ဆရာ့ဆက်ဆံရေးက အရင်လို နွေးထွေးနေဆဲ။

“ သူငယ်ချင်း တစ်ယောက်ဆီ သွားတာ ဆရာ။ ဟိုနေ့ကတောင်မှ ဒီရှေ့က ဖြတ်သေးတယ်။ ဆရာ့ဆေးခန်း မဖွင့်သေးဘူး။ ပိတ်ထားတာ တွေ့တယ်။ ”

ဘာရယ် မဟုတ်ပေမဲ့ ဆရာ့မျက်နှာ ဖျတ်ခနဲ ပျက်သွားသည်။

“ သြော် . . ဟုတ်တယ်။ အဲဒီနေ့က ဆေးရုံမှာ အရေးပေါ် လူနာတွေ ရှိနေလို့ နောက်ကျနေတာ။ ”

ကျွန်တော်ကလည်း လိုချင်တဲ့ အကွက်ထဲ ဝင်လာပြီ ဆိုတော့ ဆက်တိုက်ပဲ ဖိပြောလိုက်သည်။

“ ဟုတ်တယ် ဆရာ။ ဆရာ အရေးပေါ်ရှိနေလို့ ပိတ်ထားတာ ကောင်းတာပေါ့။ ဆရာ မရှိပဲ ဆေးခန်းကြီး ဖွင့်ထားရင် ဆရာ့လူနာတွေက ဆရာလာနိုး ၊ လာနိုး နဲ့ စောင့်နေရင် သူတို့ ရောဂါ ကို မွေးထားသလို ဖြစ်နေမယ်။ တော်တော် ဖြစ်နေတဲ့ သူတွေ ဆရာဆေးခန်း ပိတ်ထားတာ တွေ့တော့ တခြားဆေးခန်း မြန်မြန်ပြတော့ သူတို့ မြန်မြန် သက်သာတာပေါ့ ဆရာရယ်။ ဆရာ ဆေးခန်း ပိတ်ထားတာ မှန်တယ်။ ဆေးခန်းကြီး ဆရာ မရှိပဲ ဖွင့်ထားရင် သူတို့ ရောဂါ ကို ကြာကြာ မွေးထားသလို ခံစားနေရမှာ။ ”

ကျွန်တော်ဒီလို ဆက်တိုက် ပြောလိုက်တော့မှ ဆရာ တစ်ခုခုကို စဉ်းစားမိသွားသလို ငြိမ်ပြီး စကားလိုလို ၊ လေသံလိုလို အသံတစ်ခု ပြုတယ်။

“ အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ”

နောက်တော့ ကျွန်တော် ဟိုပြော ၊ ဒီပြော ပြောရင်း ဆရာ့ကို နှုတ်ဆက်ပြီး ထွက်လာခဲ့ပါသည်။ နောက်နေ့တော့ ဆရာကတော် မျက်နှာကို ရွှင်ရွှင်လန်းလန်း ပြန်တွေ့ရသည်။

“ ဟဲ့ . . ဟဲ့. . မောင်ဇော်။ ဟို့နေက မင်းဆရာနဲ့ မင်း စကားပြောနေတာ တွေ့လိုက်တယ်။ မင်းနဲ့လည်း စကားပြောပြီး မင်း ထွက်သွားတော့မှ သူက အိမ်ထဲ ဝင်လာပြီး အစ်မကို စကားစပြောတယ် “ မိန်းမရေ ထမင်း စားမယ်ကွာ။ ” တဲ့။ အစ်မလည်း ပျော်လိုက်တာ။ ဒါနဲ့ မင်း ဘာတွေ ပြောလိုက်တာလဲ။ ”

ကျွန်တော်က ဘာမှ မဟုတ်သလို ရယ်နေရင်း. . .

“ ဒီလိုပါပဲ အစ်မရယ်။ ပြောရိုးပြောစဉ် စကားတွေပါပဲ။ ဆရာ့ဖာသာ အစ်မ စိတ်ပြေသွားလို့ ဖြစ်ပါလိမ့်မယ်။ ”

“ အေးပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ခုခု ပြောလိုက်လို့ ဆိုတာတော့ အစ်မ သိတယ်။ နောက်မှ အစ်မ တစ်ခုခု လုပ်စားရင် မောင်ဇော့်ကို ခေါ်ကျွေးဦးမယ်။ ”

“ အာ . . အစ်မရယ်။ ဒီတော့လည်း ကျွန်တော်က အငြင်းတမ်း အားရပါးရ စားရမှာပေါ့ဗျာ။ ”

ထိုကဲ့သို့သော လူစိတ်အပြည့် ရှိပြီး ငွေကို မကြည့်ပဲ လူနာကိုသာ ကြည့်ပြီး စာနာမှု အပြည့်ဖြင့် ကုသနေသော ဆရာဝန် တစ်ယောက် ဤကမ္ဘာမြေ ၊ ဤ မြန်မာနိုင်ငံမှာ ရှိပါနေပါသည်။

အင်း.....

တချို့လူတွေက သူများတွေကို ပေးဆပ်ဖို့ အတွက်သာ မွေးဖွားလာတာ ၊ သူများဆီက ယူရမယ် ဆိုတာ သူတို့ နားမလည် ၊ သူတို့ အဘိဓါန်ထဲမှာ မရှိခဲ့ကြဘူး။ သူတို့ သိတာ သူတို့ ပေးဆပ်ချင်တာ တစ်ခုတည်းပဲ။


သေချာတယ် . . ဒီလိုလူတွေ ရှိနေလို့ ကျွန်တော် အသက်ရှင်နေတာ။


မှတ်ချက်။ ။ ခွင့်ပြုချက် မတောင်းခံမိသေးသောကြောင့် ထိုဆရာဝန်ကြီး နာမည်ကို မဖော်ပြဖြစ်ခြင်းကို နားလည်ခွင့်လွှတ်နိုင်မည်ဟု ယူဆပါသည်။


လေးစားစွာဖြင့်

ကိုဇော် ခံစားပုံဖော်သည်။

.

Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

ချစ်သမီး said...

ဒီလို ဆရာဝန်မျိုးရှိတယ်ဆိုတာ သိရတဲ့အတွက် တကယ်ကို ဝမ်းသာပါတယ်ဗျာ။
လှိုက်လှိုက်လှဲလှဲ ဝမ်းသာတာပါ။
အစစ အရာရာ အဆင်ပြေပါစေ။ ။

Anonymous said...

ဒါမျိုးတစ်ခါရေးဖူးလားလို့နော်။ဆရာဝန်ကြီးအကြောင်းလေရေးဖူးတယ်ထင်တယ်နော်။
တကယ်ကို ဒီလိုလူတွေရှိလို့အသက်ရှင်နေတာပါ။

ပျော်ရွှင်ကျန်းမာပါစေနော်။

ကိုဇော် said...

ဟုတ်ပါတယ်။ ဒီပို့စ်ပါပဲ။ ဒါကြောင့် ကျနော် ရေးထားပါတယ် အစမှာ။ “ အမှတ်တရ ပြန်တင် လိုက်ပါတယ် ” လို့။

အားပေးတဲ့ အတွက် ကျေးဇူး...........

မောင်မောင် said...

အင်းဗျာ အဲလိုဆရာဝန်မျိုးတွေ များများရှိသင့်ပါတယ်။

ခိုင်နုငယ် said...

မနက်ကတည်းက လာဖတ်တာ
မမန့်ခန့်ရဘူး။
ပြန်ဝင်လာတော့ နောက်တစ်ခုတက်နေပြီ။
ထိုသို့သော ဆရာဝန်တွေများများရှိရင်
မည်မျှ ကောင်းလိုက်မလဲနှော်။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

ချစ်ကိုကိုမောင် said...

တော်တော်နည်းသွားပါတယ်. . .
ရှိတော့ရှိတယ် ရှားပါတယ် . . .

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.