မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 August 2010

9 ဦးဇင်း ၂ ပါး



တစ်ခါက. . .

အရမ်းစည်းကမ်းကြီးတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းရှိသတဲ့။ ဒီဘုန်းကြီးကျောင်းကိုလည်း စည်းစနစ်နဲ့ ပြည့်စုံကျနပြီး စည်းကမ်း အလွန်ကောင်းသော ကျောင်းထိုင်ဆရာတော်ကြီးက အုပ်ချုပ် ကျောင်းထိုင်သတဲ့။ ထိုကျောင်းမှ ဦးဇင်းတွေကိုလည်း စည်းစနစ်ကျနဖို့ သီလ ၊ သမာဓိနဲ့ ပြည့်ဝဖို့ အမြဲ သွန်သင် ညွှန်ကြား ဆုံးမသတဲ့။ ဆရာတော်ကြီးရဲ့ အဓိက အချက်တွေကတော့ ဘုန်းကြီးများ ဖြစ်တဲ့ အတွက် သီလနဲ့ ပြည့်စုံအောင် နေထိုင်ကြဖို့ ဆိုဆုံးမတာ ဖြစ်တယ်။ ဆရာတော်ကြီး နောက်တစ်ခု ပြင်းပြင်းထန်ထန် သတိပေးတာကတော့.  . . . .

“ အရက်သေစာလုံးဝ ရှောင်ကြဉ်ဖို့ နဲ့ အမျိုးသမီး မာတုဂါမ တွေနဲ့ လုံးဝကင်းရှင်းဖို့ ” ။

ဒီအထဲမှာမှ ဆရာတော်ကြီး အထူးထပ်၍ ကြပ်မတ်တာကတော့ . . . . . .

“ မိန်းမတွေကို ဆိုရင် ဆွမ်းခံရင်လည်း မျက်လွှာချထားဖို့ ၊ ဘယ်နေရာ ဘယ်အချိန်ကို သွားသွား ၊ မိန်းမတွေကို လုံးဝ မကြည့်မိဖို့ ”


ပဲ ဖြစ်သတဲ့။ ဆရာကြီး ဆိုဆုံးမတာကိုလည်း အလွန်လို့ ပြောလို့မရပါဘူး။ အမြင် အကြည့်ကြောင့် တပ်မက် စွဲလမ်းမှုတွေကလည်း ကျမ်းဂန်တွေမှာ အထင်အရှားရှိနေတယ်လေ။ ဒီလိုနဲ့ ဆရာကြီးက သူရဲ့ တပည့်များကို ဆုံးမပဲ့ပြင် ထားတယ်။

ဆရာကြီးရဲ့ ကျောင်းမှာ တစ်လတစ်ခါတော့ ဆရာတော်ကြီး ယုံကြည်စိတ်ချ ရတဲ့ တပည့် ၅ ယောက်တည်းက ၂ ယောက်ကို မြို့ လွှတ်ပြီး ဘုန်းကြီးကျောင်းအတွက် လိုတာများကို ဝယ်ယူစေခဲ့တယ်။ တစ်လတခါ လဆန်းပြီဆိုတာနဲ့ ဆန် ၊ ဆီ ၊ ဆား စတာတွေ ဝယ်ဖို့ လူယုံတပည့်လေး နှစ်ယောက်ကို လိုအပ်တဲ့ ပိုက်ဆံနဲ့ ဝယ်ဖို့စာရင်းတွေနဲ့ နေ့ချင်းပြန် လွှတ်လေ့ရှိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နေ့ချင်းပြန်ခဲ့ရမယ်။ ဘာအကြောင်းကြောင်းကြောင့်မှ ညအိပ်ခြင်းမရှိစေရ။

ဒီလိုနဲ့.. . . အခု လကုန်လည်း ရောက်ရော ၊ ဆရာတော်ကြီးက သူ့ရဲ့ လူယုံတပည့်တွေထဲက နှစ်ယောက်ကို ခေါ်ပြီး လိုအပ်လို့ ဝယ်ရမဲ့ စာရင်းနဲ့ ပိုက်ဆံကို ပေးရင်း ထုံးစံအတိုင်း သူ့ရဲ့ စည်းကမ်းတွေကိုလည်း မမေ့မလျော့ ရလေအောင် ပြန်ပြီး သတိပေးတယ်။ ဒါနဲ့ပဲ သူတပည့် နှစ်ယောက်ဟာ နံနက်စောစော မြို့ကို ထွက်လာခဲ့တယ်။

ဦးဇင်းနှစ်ပါး လာတဲ့ နေရာကနေ မြို့ကို ရောက်ဖို့ လှည်းနဲ့ တစ်တန် ၊ မြစ်ကို လှေနဲ့ တစ်ခါ ဖြတ်ပြီးသွားရတယ် ။ လှေနဲ့ နောက်ဆုံး ကမ်းကပ်ပြီးရင်တော့ ဦးဇင်းနှစ်ပါး မြို့ကို ရောက်ပြီ။ မြို့ကို ရောက်လို့ လှေလေးကို သူတို့ ကမ်းမှာ ကပ်ပြီး မြစ်ကမ်းနဖူးပေါ်ကို တတ်လို့ မြို့ထဲက သူတို့ဝယ်နေကြ ကုန်စုံဆိုင်ကို သွားမယ် အလုပ်မှာ မိန်းကလေး တစ်ယောက်ရဲ့ အကူအညီတောင်းမှုကို ကြားခဲ့ရတယ်။

“ ကယ်ကြပါဦးရှင်။ ဒီမှာ မြစ်ရေကျသွားလို့ ကျမ မြစ်ဆိပ်ခံတံတားကို ဘယ်လိုမှ တတ်လို့မရလို့ပါ။ ”

ဦးဇင်းနှစ်ပါးလည်း ကြားလိုက်လို့ လှည့်ကြည့်လိုက်တော့ သုတို့ပတ်ဝန်းကျင်မှာ မြစ်ရေကျချိန် ဆိုတော့ အားလုံးလည်း အနားယူနေကြတယ်။ ဒါကြောင့် မိန်းကလေးကို ကူညီဖို့ လူတွေက အဝေးမှာ ရောက်နေကြတယ်။ မိန်းကလေးရဲ့ အော်ခေါ်ကလည်း ကျယ်ကျယ် မအော်နိုင်ရှာတော့ ဟိုးအဝေးမှာ ရောက်နေတဲ့ လူတွေမှာ ကြားနိုင်စွမ်း မရှိခဲ့။

ဦးဇင်း နှစ်ပါးသာလျှင် မိန်းကလေးနဲ့ အနီးဆုံး မြစ်ဆိပ်ခံ တံတားပေါ်မှာမို့လို့ ကြားလိုက်ရတာ ဖြစ်တယ်။ ဦးဇင်းနှစ်ပါးလည်း မိန်းကလေးကို ကြည့်လိုက်တော့ အလွန်လှပသော မိန်းကလေး ဖြစ်နေတယ်။ ကူညီချင်ပေမဲ့လည်း သူတို့ဆရာတော်ကြီးရဲ့ သွန်သင်မှုကြောင့် သူတို့ ဘယ်လို ကူညီရမှန်းလည်း မသိဖြစ်နေကြတယ်။ ဒီအချိန်မှာ ရေကျချိန်ဆိုတော့ ရေကလည်း ပိုပို ကျလာခဲ့တယ်။ သာမာန်ယောက်ျားလေး တစ်ယောက်ဆိုရင် ဆိပ်ခံတံတားဘောင်ပေါ်ကို လက်ထောက်ပြီး ခုန်တတ်လာနိုင်ပေမဲ့ ထမီဝတ်ထားသော မိန်းကလေး တစ်ယောက် အနေနဲ့ ဘယ်လိုမှ တတ်နိုင်လိမ့်မယ် မဟုတ်။

ဒီလို သူတို့ ဦးဇင်း နှစ်ပါး တွေဝေနေတုန်း . . .မိန်းကလေးကလည်း အသံလေး တစာစာ နဲ့ အော်ပြီး အကူအညီတောင်းတယ်. . . မြစ်ရေကလည်း တဖြည်းဖြည်းနဲ့ ကျသထက် ကျလာပြီ။ ဒီအချိန်မှာပဲ ဘယ်လိုမှ မထင်မှတ်စရာ ဦးဇင်း နှစ်ပါးထဲက တစ်ပါးက သူ့မှာ ပါလာတဲ့ အထုပ်လေး မြေပြင်ပေါ်ပစ်ချပြီး သင်္ကန်းကို ခါးတောင်းကျိုက်လိုက်ပြီး ဆိပ်ခံတံတားအောက်က လှေပေါ်မှာ ရှိနေတဲ့ မိန်းကလေးဆီကို စွေ့ခနဲ့ ခုန်ဆင်း သွားခဲ့တယ်။ သူ ဒီလို လုပ်လိုက်တာ အလွန်လျင်မြန် လွန်းတာကြောင့် သူနဲ့ အဖော်ပါလာတဲ့ ဦးဇင်းကလည်း တားချိန်မရလိုက်တော့ဘူး။

သူကတော့ လှေပေါ်က မိန်းကလေးဆီလည်း ရောက်ရော မိန်းကလေးကို ဘာမှ ပြောမနေပဲ စွေ့ကနဲ့ ပွေ့ပြီး ဆိပ်ခံတံတားပေါ်ကို ပွေ့တင်လိုက်လေတော့သည်။ မိန်းကလေး ဆိပ်ခံတံတား ပေါ်ရောက်ပြီ ဆိုတာနဲ့ သူလည်း ဘာမှ မပြောတော့ပဲ။ ဆိပ်ခံတံတားပေါ်ကို လက်ထောက် ခုန်တတ်လိုက်ပြီး မိန်းကလေးကို လှည့်ပင် မကြည့်တော့ပဲ သူ့ကို အံ့သြလို့ ကြည့်နေတဲ့ အဖော်ဦးဇင်းဆီကို တိုက်ရိုက်သွားပြီး သူ့အထုပ်လေးကို ကောက်ကိုင်ပြီးသူတို့ ဝယ်စရာ ပစ္စည်းများကို သွားဝယ်လေသည်။

သူကသာ ဘာမှ မပြောတာ သူနဲ့ အတူတူ ဦးဇင်းကတော့ ဘယ်လိုမှ မကျေနပ်နိုင်။ ဒါ ဆရာတော်ကြီး မရှိဘူး ၊ မတွေ့နိုင်ဘူးဆိုပြီး ဆရာတော်ကြီး နောက်ကွယ်မှာ ဘာကြောင့် ကျင့်ဝတ်သိက္ခာကို ချိုးဖောက် ရတာလဲ ဟု စဉ်းစားပြီး ထိုဦးဇင်း မိန်းကလေးကို ဒီဦးဇင်း ပွေ့ပြီး ဆိပ်ခံတံတား ပေါ်တင်လိုက်တာကို မျက်လုံးထဲက ဘယ်လိုမှ မထွက်ဘူး။ သူလည်း ဘာမှ မပြောပဲ။ ဝယ်စရာရှိတာများကို စာရင်းအတိုင်းဝယ်ပြီး သူတို့ သီတင်းသုံးတဲ့ ကျောင်းကို လှေတတန် ၊ လှည်းတတန်နဲ့ ပြန်လာခဲ့တယ်။

ကျောင်းကို ရောက်တော့လည်း မိန်းကလေးကို ပွေ့ပြီး ကူညီခဲ့တဲ့ ဦးဇင်းဟာ ထိုအကြောင်းကို ဘယ်ဦးဇင်း ကိုမှ ထပ်ပြီး ပြောပြတယ် မရှိဘူး။ ဒီတော့ အဖော်ပါလာတဲ့ ဦးဇင်းက ဒီဦးဇင်းတော့ မရိုးဘူး။ သူလုပ်တဲ့ အပြစ်ကို သူများသိမှာ စိုးလို့ ဒီလို လုပ်တာပဲ လို့ စဉ်းစားပြီး ဆရာတော်ကြီးနဲ့ တိုင်ပြောဖို့ ဆုံးဖြတ်လိုက်သတဲ့။ ဒါနဲ့ပဲ ဆရာတော်ကြီးကို သူတို့ ဖြစ်ပျက်တာတွေ ပြောပြတော့ ဆရာတော်ကြီးလည်း အံ့သြဒေါသထွက်တာပေါ့။ သူ့စကားကိုလည်း နားမထောင်ဘူး။ သီလ သမာဓိကိုလည်း ပျက်စေတယ်လို့ ယူဆပြီး မိန်းကလေးကို ပွေ့ပြီး ကူညီတဲ့ ဦးဇင်းကို ခေါ်ပြီး စစ်ဆေးမေးမြန်းသတဲ့။

ဒီတော့ ဆရာတော်ကြီး ပြောသမျှ နဲ့ အဖော်ဦးဇင်းရဲ့ ပြောသမျှကို ကူညီတဲ့ ဦးဇင်းက ဘာမှ ပြန်မပြောပဲ တိတ်ဆိတ်စွာနဲ့ပဲ နားထောင်နေတယ်။ ဆရာတော်ကြီးတို့ စကားပြီးသွားတော့မှ ကူညီတဲ့ ဦးဇင်းက . . .

“ မှန်ပါတယ် ဆရာတော်ဘုရား။ တပည့်တော်ရဲ့ သူငယ်ချင်း ဦးဇင်း ပြောသလိုပါပဲ။ ဒီအတိုင်းတကယ်ကို ဖြစ်ခဲ့ပါတယ်။ သို့သော် တပည့်တော်မှာ ဒုက္ခရောက်နေသော လူတစ်ယောက်ကို ကူညီရုံမျှသာ ဖြစ်ပါတယ်။ ထိုသူကိုလည်းတပည့်တော် စေ့စေ့တောင်မှ မကြည့်ခဲ့ပါ။ ဒီထက် အရေးကြီးတာကတော့ တပည့်တော် ကူညီခဲ့တယ် ဆိုသော မိန်းကလေးသည် ထို ဆိပ်ခံတံတားပေါ်တွင်သာ ကျန်ခဲ့ပါပြီ ဘုရား။ ဒီအထိ ပါမလာတော့ပါ ဘုရား။

ထိုဦးဇင်း၏ လျှောက်တင်ချက်မှာ လွန်စွာမှ ထူးဆန်းနေသောကြောင့် ဆရာတော်ကြီး အပါအဝင် အားလုံးလည်း တိတ်ဆိတ်ငြိမ်သက် သွားတယ်။ ဆရာတော်ကြီးလည်း နဖူးကြောကြီး ရှုံပြီး စဉ်းစားနေမိတယ်။ တော်တော်လေးကြာတော့ ဆရာတော်ကြီး မျက်နှာဟာ တိမ်ကင်းစင်သော လပြည့်နေ့ညက ဖိုးလမင်းကြီးပမာ ကြည်စင်လာပြီး . . .

“ ကောင်းမွန်သင့်မြတ်လှတဲ့ စိတ်ထားပါပဲ တပည့် ဦးဇင်း။ တပည့်ရဲ့ စိတ်ထားဟာ အရမ်းကို ကောင်းမွန် လှပါတယ်။ ”

လို့ ပြောပြီး တခြားနားထောင်နေသော သူ၏ တပည့်များဘက်သို့လှည့်၍ . . .

“ ဒီဦးဇင်း ဘာကို ဆိုလို သွားတာလဲ သဘောပေါက်လိုက်ကြလား တပည့် ဦးဇင်းများ။ ”

လို့ မေးသော အခါ တပည့် ဦးဇင်းများကလည်း သဘောမပေါက်ကြကြောင်း ဖြေလေသည်.။ ထိုအခါ ဆရာတော်ကြီးက ပြုံးပြီး..

“ ဒီဦးဇင်း ဆိုလိုသွားတာကတော့ သူဟာ ကူညီထိုက်သူတစ်ယောက် ၊ ကူညီထိုက်တဲ့ အချိန်မို့လို့ ယောက်ျား မိန်းမ မခွဲပဲ သူကူညီခဲ့တယ်။ ဒီကူညီမှုမှာ သူဟာ သူ့စိတ်ထဲမှာ ဘာမှ ရှိမနေဘူး။ ကူညီချင်တာ တစ်ခုနဲ့ပဲ ကူညီခဲ့တယ်။ အခြေအနေ အချိန်အခါအရ သင့်တင့်လျှောက်ပတ်စွာ ကူညီခဲ့ခြင်းသာ ဖြစ်လေသည်။ သူ့ကူညီမှု အပြီး ထို မိန်းကလေး အဆင်ပြေသော အခါ သူ ထိုမိန်းကလေးကိုလည်း မကြည့်တော့ပါ။ သူဝယ်စရာရှိတာကို ပဲ ဆက်ပြီး ဝယ်ခဲ့တယ်။ သူလုပ်စရာရှိတာကိုပဲ ဆက်ပြီး လုပ်ခဲ့တယ်။ ထိုမိန်းကလေးနဲ့ ပတ်သတ်တာ တွေ အားလုံးကိုလည်း ကူညီမှု ပြီးဆုံးခဲ့တဲ့ ဆိပ်ခံတံတားပေါ်မှာတင် အပြီးသတ်ထားခဲ့တယ်။

အတိတ်ကိုလည်း ပြန်မတွေးတော့ဘူး။ သူ့စိတ်ထဲမှာ ဘာမှ မရှိတော့တဲ့ အတွက် မိန်းကလေး ပုံရိပ် ၊ ပုံရောင်တွေကိုလည်းပြန်လည် မှတ်မိ တွေးနေမိစရာ မလိုတော့ပါဘူး။
ဒီဦးဇင်းနဲ့ အတူတူ အဖော်သွားသော ဦးဇင်းမှာတော့ သူကိုယ်တိုင် မိန်းကလေးကို ပွေ့ပြီး မကူညီလိုက်ရတာပဲ ရှိတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ကူညီမှု ပြီးဆုံးလို့ ကျန်နေခဲ့တဲ့ မိန်းကလေးက ဆိပ်ခံတံတားပေါ်မှာတင် ကျန်မနေခဲ့ပဲ နဲ့ ဒီကျောင်းအထိရောက်အောင် သူခေါ်လာခဲ့တာပါပဲ။ ဒါကြောင့် တကယ်တမ်းဆိုရင် အကူအညီပေးသော ဦးဇင်းမှာ အပြစ်မရှိပေဘူး။ ကူညီမှုကို ဘေးကနေ ကြည့်ပြီး မိန်းကလေး ပုံရိပ်ကို စိတ်ထဲမှာ မှတ်မြင်စွဲနေတဲ့ ဦးဇင်းမှာသာ အပြစ်ရှိတယ် တပည့် ဦးဇင်းတို့။

ဒါကြောင့် ဒီဦးဇင်းက သူကတော့ သူကူညီခဲ့တဲ့ မိန်းကလေးက ကူညီခဲ့တဲ့ ဆိပ်ခံတံတားပေါ်မှာ ကျန်နေခဲ့ပြီ ၊ ဒီအထိပါမလာတော့ပါ လို့ ပြောခြင်းဖြစ်ပေတယ်။ ဒါကြောင့် ယခု အဖြစ်အပျက်မှာ ကူညီသူ ဦးဇင်းမှာ အပြစ်မရှိပဲ အဖော်လိုက်ပြီး တိုင်ကြားသူ ဦးဇင်းမှာသာ အပြစ်ရှိတယ် ဦးဇင်းတို့။ ဒါကြောင့် အပြစ်ရှိသော ဦးဇင်း ကုဋီ ဆေးစေ။ ”

လို့ အားလုံးကြားအောင် ဖြေရှင်းပြရင်း ဆုံးဖြတ်ပေးလေတော့သည်။

ထိုဦးဇင်းသည် နောင်အခါ သာမဏေကျော် တစ်ပါး ဖြစ်လာခဲ့ပါသည်။ သို့သော် ကျွန်တော် ငယ်စဉ်က ဖတ်ခဲ့ရသော စာဖြစ်သောကြောင့် ဦးဇင်းရဲ့ ဘွဲ့အမည်ကို မှားယွင်းဖော်ပြမိမှာ စိုးသောကြောင့် မဖော်ပြနိုင်တော့ပါ။
  •  လူဆိုတာ ခံစားမှုတွေကို ဖြစ်တဲ့နေရာမှာပဲ ထားသလား။ 

  • တနုံ့နုံ့နဲ့ အမြဲခံစား နေတတ်သလား။
ဆိုတာ အကောင်းဆုံး သာဓက ပေးနိုင်သော အဖြစ်အပျက်လေးလို့ မှတ်ယူမိပါတယ်။ 

*** ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ပုံပြင်လေးပါပဲ။ ဒါပေမဲ့ အဆင်ပြေအောင် ဖြည့်စွက် ရေးသားပါတယ်။ ***
 
ကိုဇော် ခံစားပုံဖော်သည်။

http://zaw357.multiply.com/journal/item/807 မှာ 2.12.2009 က ရေးထားတာပါ။
.

Share/Bookmark

9 ယောက် ရဲ့ ထင်မြင်ချက်:

ကိုကိုမောင်(ပန်းရနံ့) said...

ကိုဇော်ဆီကို မကြာမကြာ လာရောက်ဖတ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကွန်မင့်တွေ မချန်ဖြစ်ခဲ့မိဘူးထင်တယ်။ နောက်ပိုင်းတင်တဲ့ပို့စ်တွေဆို အားလုံးဖတ်ဖြစ်ပါတယ်။

အရေးအသားအနေနဲ့ရော ချပြချင်တဲ့အရာရော အားလုံးကွက်တိဖြစ်အောင် ရေးသားနိုင်ပါပေတယ်။

အခု ဒီပို့စ်လေးထဲက အကြောင်းအရာကို နေ့လည်ကတောင် စဉ်းစားမိခဲ့သေးတယ်။ ဒါပေမဲ့ ဘယ်စာအုပ်ထဲကမှန်းမသိဖြစ်နေတော့ ဇဝေဇ၀ါရယ်။ ကိုဇော် ဖတ်မှတ်ခဲ့ဖူးတယ်ဆိုတော့ အဲဒီပုံပြင်က ဘယ်ခေတ်ကလဲ မသိဘူး။ မြန်မာပြည်ဖြစ် ပုံပြင်ဘဲလား။ အိန္ဒိယ၊ သီရိင်္လာက ပုံပြင်လား ဒါမှမဟုတ် ဘုရားလက်ထက်က ပေါ်ပေါက်ခဲ့တာများလား။းဝ) အတိအကျသိရင်တော့ သိချင်ပါသေးတယ်။

တစ်ခါထဲ လင့်ခ်ယူသွားလိုက်တယ်ဗျာ။

ခင်မင်စွာဖြင့်
ကိုကိုမောင်(ပန်းရနံ့)

ကိုဇော် said...

ကျနော် ငယ်ငယ်က ဦးလေးက စာဖတ်တာ အရမ်းဝါသနာပါတယ်ဗျ။ သူ့ကလည်း ကျနော့်ကို စာဖတ်တတ်လာအောင် စာအုပ်တွေ ယူယူလာပေးတာပါ။ အဲဒီပုံပြင်လေးကတော့ “ ဇင်ဘာသာ ” ပုံပြင်များထဲကပါ။ အကြောင်းအရာလေးပဲ မှတ်မိပြီး အဲဒီဦးဇင်း ဘွဲ့ကိုတော့ မမှတ်မိတော့ဘူးဗျာ။ ဒါကြောင့် မတင်ပြနိုင်တာပါ။ အဲဒီတုန်းက ကျနော် ၁၂ နှစ်သားလောက်ပဲ ရှိဦးမယ်။ ဇင်ဘာသာ ပုံပြင်တွေကို ပြန်ဖတ်ရင်တော့ တွေ့မှာပါ။ ကျနော် ရှာဖတ်လိုက်ပါဦးမယ်။

ကျနော်လည်း လင့်ချိတ် ထားလိုက်ပါတယ်။ ကျေးဇူး........

SHWE ZIN U said...

ကိုဇော် ပြောတဲ့ ဇင် ပုံပြင်တွေထဲ က ဟုတ်တယ်
ကျနော် လည်း ဖတ်တာ သိပ်ကြာသွားတော့ မမှတ်မိတော့ ဘူး

ဒါပေမဲ့ အကြောင်းအရာတော့ သိနေတယ် အဲလိုမျိုး ဒွိဟ ဖြစ်စေ တဲ့ ဇင် ပုံပြင်လေး တွေ အများကြီး တော်တော် ကောင်းတယ် ကိုကိုမောင်ရေ ကိုဇော်ကို တင်ခိုင်း

ခင်တဲ့
ရွှေစင်ဦး

ညလင်းအိမ် said...

ကိုဇော်ရေးတဲ့ စာတွေက တကယ့်ကို အသိ အမြင်တွေ ပေးစွမ်းနိုင်တာပဲ ...

လေးစားပါဧ။်

ရွေနတ်သား said...

ကျွန်တော်တို့ တွေ အတိတ်ကပြီးဆုံးသွားတာတွေ ကို
လက်ရှိဘ၀ထဲယူယူလာမိတတ်တယ်နော်....ကယ်တင်လိုက်တဲ့ ဦးဇင်းလေးရဲ့ စိတ်သဘောထား လေးကို
သဘောကျလိုက်တာဗျာ......မလိုအပ်တာတွေကို
အဲဒီနေ ရာမှ တစ်ထိုင်တည်း ဖြတ်ခဲ့ လိုက်တာ
ဘ၀မှာအကောင်ဆုံးပါဘဲဗျာ

Anonymous said...

ခံစားမူတွေကို ဖြစ်တဲ့နေရာမှာထားခဲ့တာအကောင်းဆုံးဖြစ်မယ်...

Nge Naing said...

ကိုဇော်ရေ သိပ်ကိုမှတ်သားစရာ ကောင်းတဲ့ပို့စ်လေးပါ။ မြောက်ပြောတာမဟုတ် တကယ်ပြောတာနော့်။

နေ၀သန် said...

ဖတ်ခဲ့ဖူးပါတယ်.. သဘောလည်းကျပါတယ်....

ခင်မင်တဲ့
နေ၀သန်

ခိုင်နုငယ် said...

အတိတ်ကအရာတွေ..အတိတ်မှာပဲထားမလား။
ပစ္စုပ္ပုာန်ကိုသယ်လာမလားဆိုတာ..
မည်သို့သော..အကြောင်းအရာမျိုးကိုပဲဖြစ်ဖြစ်
သင့်တင့်လျှောက်ပါတ်စွာ နှလုံးသွင်းဆင်ယှဉ်တတ်ရင်တော့..
ဥပါဒ်မဖြစ်တော့ဘူးပေါ့။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.