မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


17 August 2010

19 ဗျည်းသံ ၊ သရသံ မပါသော ဒဿနများ ( ၁ )



အကြောင်းအရာ ခြေခြေမြစ်မြစ် မရှိဘဲ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောလိုက်ရသည်။ ငယ်သူငယ်ချင်း တစ်ယောက် ဖြစ်ပြီး ထူးထူးဆန်းဆန်းနဲ့ ကျွန်တော် နားမလည်သော စကားများကို အလွန်ပြောတတ်သူ တစ်ယောက် ဖြစ်သည်။ ကမ္ဘာကို အလုပ်မရှိတိုင်း လတ်လျားလတ်လျား ပတ်နေသူ တစ်ယောက် ဖြစ်တဲ့ အတွက် သူ့ကို ကြိုးတုပ်ထားရင်တောင်မှ ဖမ်းမမိပါဘူး။ အခုလည်း ဘယ်ကနေ ဘယ်လို ဖြစ်တယ် မသိ ကျွန်တော့်ဖုန်းကို လှမ်းဆက်ပါသည်။

သူနဲ့ ပြောဖြစ်တဲ့ အကြောင်းတွေကို နားထောင်မယ် ဆိုရင် သူ့ရဲ့ ပြောတတ်တဲ့ စကားတွေနဲ့ နည်းနည်းတော့ အသားကျဖို့ လိုအပ်ပါသည်။ နို့မို့ဆိုရင် ကိုယ်ပိုင် ဗျည်းသံ ၊ သရသံတွေ ထည့်ပြီး ကြားယောင် မိနေရင် ဘယ်လိုမှ အဆင်ပြေမယ် မဟုတ်ပါ။ သူက စကားပြောရင် ဗျည်းသံ ၊ သရသံ မဲ့စွာ ကျွန်တော် နားမလည်သော အကြောင်းအရာများ ၊ မတွေးမိသော အကြောင်းအရာများ ပြောပြတတ် ပါသည်။ ကျောင်းတုန်းက ဆိုရင် သူစကားပြောရင် အားလုံးလိုလိုက ကျောင်းစာ ပုစ္ဆာကိုသာ အဖြေရအောင် တွက်ပါရစေ လို့ တောင်းပန် ယူကြရသည် အထိ ဖြစ်သည်။ ဥပမာ -

“ မင်းကြားဖူးလား ကိုဇော် ”

သေချာပါသည်။ သူပြောသမျှ အတော်များများကို ကျွန်တော် မကြားဖူးတာ များပါသည်။ ဒါကြောင့် သေချာအောင်ပဲ ပြောလိုက်ပါတော့သည်။

“ အေး . . မကြားဖူးဘူး ”

“ မင်းကလည်း ဘာပြောမယ် မှန်းတောင်မှ မသိသေးဘူး။ မကြားဖူးဘူးက စပြောတာပဲ ”

အယ် . . . ဒါလည်း ဟုတ်တာပဲ။ 

“ ဒါတော့ ဒါပေါ့။ မင်းကလည်း ငါ့ကို ပြောရင် ငါ မကြားဖူးဘူး ဆိုတာကိုပဲ ရွေးပြောတာပဲ မဟုတ်လား ”

ဒီတော့ သူက မခိုတရို့ ပြုံးပြန်ပါသည်။ လက်နှစ်ဘက်ကို ပွတ်ပြီး ရှက်ပြုံးပြုံးခြင်းတော့ မဟုတ်ပါ။ မင်းတုန်းမင်းကြီး ကျေနပ်စရာတစ်ခုခုကို တွေ့လို့ ပြုံးလိုက်သလို ပြုံးခြင်းမျိုးပါပဲ။

“ ဒီလိုကွ။ ယောက်ျားတစ်ယောက်ဟာ မိန်းမ တစ်ယောက်ကို လက်ထပ် ယူပြီးရင် ၁ ၊ ၂ ၊ ၃ ဖြစ်တယ်တဲ့။ မင်း ကြားဖူးလား ”

မေးပြန်ပြီ လူကို နှိမ်သလိုပဲ။ မကြားဖူးပါဘူး ဆိုနေမှပဲ။ ဒါကြောင့် ကျွန်တော် ခေါင်းပဲ ခါပြလိုက်သည်။ ဒီတော့ သူ့ဖာသာ ဆက်ပြောပါတော့သည်။

တစ် = သူနဲ့ ကိုယ်နဲ့ တစ် နေတတ်တယ် တဲ့ ”

“ ဘယ်လို ”

“ ဥပမာ - ကိုယ်က အခန်းထဲ ဝင်မယ် ဆိုရင် သူက အခန်းအပြင် ထွက်မယ် ၊ ကိုယ်က အခန်းအပြင် ထွက်မယ် ဆိုရင် သူက အခန်းထဲ ဝင်မယ် လုပ်ရင်း အခန်းတံခါး အဝမှာ တစ်နေတတ်တယ်တဲ့။ ဆန့်ကျင်တဲ့ သဘောပေါ့ကွာ။ ”

“ သြော်. . . ”

နှစ် = ကိုယ်က အနှစ် ခံရတတ်တယ် တဲ့ ”

“ ဘုရား . . ဘုရား . .ဘယ်လိုများပါလိမ့် ”

“ ဥပမာကွာ - ခေါင်းစားရင် ဘုရင် ဖြစ်တယ် ဆိုပြီး ကိုယ့်ကို ကြက်ခေါင်းကျွေးပြီး သူကတော့ ကြက်ပေါင်ကိုပဲ စားပါ့မယ် ဆိုပြီး စကားလုံး လှလှလေးတွေနဲ့ အနှစ်ခံရမယ် တဲ့ ”

“ ဂလိုကိုး . . . ”

သုံး = ကိုယ်က အသုံးချခံရမယ် တဲ့ ”

“ ဟင်. . . အတစ်ခံ ၊ အနှစ်ခံရတာထက် အသုံးချတောင်မှ ခံရဦးမတဲ့လား ”

“ ဟုတ်တယ် ဒီအတိုင်းပဲ။ ဥပမာ - ကိုယ်က စင်ကာပူကို ဈေးဝယ်ထွက်မလား ၊ ကားဝယ်မလား ဆိုရင် သူက စင်ကာပူသွားပြီး ကားဝယ်မယ် ဆိုပြီး ပြောလိမ့်မယ်တဲ့ ”

သြော်. . . သြော်. . . အင်း . . အင်း. . နဲ့ ကျွန်တော် အတော် ခေါင်းစားအောင် နားထောင်ခဲ့ရသော ၊ ထူးထူးဆန်းဆန်း ကျွန်တော် နားမလည်သော စကားများကို အလွန် ပြောတတ်သူ တစ်ယောက်ပဲ ဖြစ်ပါသည်။ ( နောက် ကျွန်တော် စာတွေ များများ ဖတ်လာတော့ သူ့စကားလေးတွေကို  ဟာသပဒေသာ နဲ့ ဆရာ တာရာမင်းဝေ စာအုပ်များထဲမှာ ထပ်ဖတ်မိပါသည်။ )

အခုလည်း ဘယ်ကနေ ဘယ်လို ကျွန်တော် ဖုန်းနံပါတ်ကို သိသွားလည်း မသိပါဘူး။ လှမ်းဖုန်းဆက်ပါသည်။ သူ့အသံကြားလိုက်ကတည်းက ကျွန်တော်ကလည်း သိနေပါသည် ဂြိုဟ်ဆိုးအသံ ဆိုပြီးတော့ပါ။ သူကတော့ တဟဲဟဲ ရယ်ရင်း ဒီလိုပဲ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြောပါတော့သည်။ ပြောရင်းနဲ့ အွန်လိုင်း အကြောင်း ပါလာပြန်ပါသည်။

“ မင်းတို့ အွန်လိုင်းကလည်း တော်တော် ရှုပ်တာပါပဲလား”

“ အောင်မာ ဘာရှုပ်လို့လဲ ”

“ ရှုပ်တာတွေ ပြောရရင်တော့ အများကြီးပဲကွ။ ဒါပေမဲ့ ငါ တစ်ခုတော့ ပြောပါဦးမယ်။ မင်းရေးတာတွေ ကျောင်းမှာတုန်းက ရေးသလို မပြင်းတော့ဘူး။ ”

“ ဘယ်လို မပြင်းတာလဲ ”

“ မကောင်းတော့ဘူး။ ပြင်းပြင်ပြပြ ထိထိရှရှ မရှိတော့တာ ၊ ကျောင်းတုန်းက ဆိုရင် ရေးလိုက်ရင် ပိဿလေး ဘေးပစ်ပဲ။ ဖတ်လိုက်ရတဲ့ လူလည်း နင့်ခနဲ ၊ ခံလိုက်ရတဲ့ လူဆိုလည်း နင့်ခနဲပဲ ”

“ ဒါကတော့ကွာ ၊ အခြေအနေပေါ် မူတည်ရေးရတာလေ။ ဟိုဟာက သူငယ်ချင်းတွေပဲ ဖတ်တာ ၊ ဒီမှာက လူပေါင်းစုံ ဖတ်တာလေ။ ငါရေးတာနဲ့ ကီး မကိုက်ရင် သူတို့ကို စော်ကားသလို ဖြစ်နေမှာလည်း စိုးတယ်။ ”

“ ဒါကတော့ မင်းမှားတယ် လို့ ထင်တာပဲ ၊ လူဆိုတာ ကိုယ့်ပုံစံ ကိုယ်ရှိတယ်လေ။ အရင်ကလိုပဲ ခပ်မာမာ ရေးစမ်းပါကွာ ၊ အခု မင်း ရေးထားတာတွေ ကြည့်ရတာ မိန်းမလျာလိုပဲ ”

“ ဟာ . . . ”

“ ဟာ မနေနဲ့။ တကယ်ပြောတာ ပျော့စိ ပျော့ဖတ်နဲ့။ ဖတ်ရတာလဲ ရေလျော့နေတဲ့ ရေပူဖောင်းကို ကိုင်ရသလိုပဲ ”

ကျွန်တော်လည်း ဘာပြောရမှန်း မသိသလိုကို ဖြစ်သွားသည်။ သူကပဲ ဆက်ပြောပြန်ပါသည်။

“ အရင်ကဆို တစ်ခုခု တိုတိုပဲ ဖြစ်ဖြစ် ၊ ရှည်ရှည်ပဲ ဖြစ်ဖြစ် ဖတ်ပြီးရင် အတွေးလေးတွေက ဆက်တွေးလို့ ကောင်းတယ်။ အခု ရေးတာတွေက ရေပေါ်ဆီတွေပဲ ”

 “ အမ် ”

နင် သထက် နင် မိသွားသည်။

“ ဟ  ဒါကတော့ အခြေအနေပေါ် မူတည်ပြီး သင့်တင့်သလို ရေးရတာကွ။ အရင်ကလိုသာ ပိဿလေးနဲ့ ဘေးပစ် ရေးနေရင် နေ့တိုင်း ကိုယ့်ဖာသာ ရေးပြီး သူများ လာဆဲတာ ခံရလို့တောင်မှ ဆုံးတော့မှာ မဟုတ်ဘူး။ ”

“ အေး လူတွေ ဒါတွေ ခက်နေတာပဲ။ ကိုယ်ပေးချင် ၊ ကိုယ်ဖြစ်ချင်တဲ့ အနုပညာအပေါ်မှာ တန်ဖိုးထားမှာလား။ လူကြိုက်များအောင် ရေလိုက် ငါးလိုက် ရေးမှာလား။ အရင်က မင်းပဲ ပြောဖူးတယ်လေ။ ဆန်းသစ်မှု တစ်ခုကို မရောက်ခင်မှာ ရှေးဟောင်းသမားတွေရဲ့ တုပ်ဆီးတိုးမှုကို ခံရမှာပဲ ဆိုတာ မင်းမေ့သွားပြီလား ”

“ မမေ့ပါဘူးကွ။ ဒါပေမဲ့ လုပ်ရတဲ့ နည်းလမ်းတွေကတော့ ကွာတယ်ကွာ။ အခုက အွန်လိုင်းပေါ်မှာကွ။ “ ရေကူးညှာတင်နည်း ” ကိုလည်း သုံးမရဘူး။ “ ကောက်ပင်ရိတ်လှီးနည်း ” ကိုလည်း လုပ်သုံးမရဘူး။ ဒါကြောင့် “ ခက်တင်မောင်းနင်းနည်း ” ကိုတောင်မှ ပါးပါးလေးပဲ သုံးရတာ ”

“ ဒါဆို မင်း ပိဿလေးနဲ့ ဘေးမပစ်နိုင်ဘူးပေါ့။ အရင်ကတော့ မင်းက ဘေးကိုတောင်မှ မပစ်ဘူးဆို တည့်တည့်ပဲ ထုမယ် ဆို ”

“ Flexible ဖြစ်ဖို့လည်း လိုတယ် ဆိုတာ သိလာတယ် သူငယ်ချင်း ”

“ ဒါဆိုရင်တော့ မင်း စစ်မှန်မှု မဖြစ်တော့တာ သေချာတယ်။ ဒါ မင်းကာကွယ်တာပဲ။ ”

“ ဒါကတော့ ကိုယ်တိုင် ဝင်ရေးကြည့်မှပဲ သိမယ် သူငယ်ချင်း ”

“ အေးလေ။ ငါလည်း ဘာမှသာ မရေးတာ နေရာတကာတော့ ရောက်ပြီး လိုက်ဖတ်ဖြစ်ပါတယ်။ မင်းလိုပဲ သူတို့လည်း ဒီလို ကာကွယ် ပြောတတ်တာပါပဲ။ ပြီးတော့ ပြောတတ်ကြတယ်လေ....”

“ ဘာလဲ ”

“ ကိုယ်တိုင် ရေးကြည့်ပါလား  ဆိုပြီးတော့. . . ”

“ ဒါလည်း အမှန်ပဲလေ။ ဘယ်အရာ မဆို ကိုယ်တိုင် ဖန်တီးကြည့်မှ သိတာကွ။ ကျားပွဲ တစ်ပွဲလို ဘေးက ထိုင်ကြည့်ပြီး အကွက်တွေ မြင်နေယုံနဲ့တော့ အလကားပဲ ကိုယ်တိုင် ဝင်ထိုးကြည့်ရမယ်လေ။ ”

“ အိုကေလေ ထားပါဦး။ မင်းတို့ အွန်လိုင်းက ချက်တင် အကြောင်းလည်း နည်းနည်းပြောချင်သေးတယ်။ ”

“ အင်း ”

“ ပထမကတော့ကွာ။ ငါတို့ ငယ်ငယ်က ကောင်မလေးနဲ့ ကောင်လေး ရစ်နေကြပြီ ဆိုရင် “ အီစကလီ ” လုပ်တယ် ဆိုပြီးတောပဲ ပြောတယ် ၊ ဒါကြောင့် ဒီလို  “ အီစီကလီ ” ဆိုတာပဲ သိတယ်။ အခုတော့ကွာ “ ကျူ ” ( Q ) နေကြတယ် လို့ ပြောင်းသုံးနေကြပါလား။ ငါတောင်မှ ပထမ ဒီစကားကို နားမလည်ဘူးကွ။ ”

“ အေးလေ အခု နောက်ပိုင်း ချက်တင် လောကမှာတော့ ဒီလိုပဲ “ Q ” နေတယ် လို့ပဲ ပြောကြတာပဲလေ။ ”

“ အေး . .  တကယ်တော့ ဒီစကားလေးက စဉ်းစားစရာလေးပဲကွ။ ”

“ ဘယ်လိုလဲ ”

“ မင်းတို့က အဆင့်လိုက် မစဉ်းစားလို့ ”

“ ဘယ်လို စဉ်းစားရမှာလဲ ”

“ A B C D ကိုပဲ အဆင့်လိုက် စဉ်းစားလိုက်လေ။ ”

ဒီလိုပဲ သူက စကားပြောရင် ဝေ့လည်ကြောင်ပတ် ၊ ဝေလည်ကျားပတ်တွေ အရမ်းများသည်။  တစ်ခါတလေ ဒါကိုပဲ စိတ်မရှည်စရာ ဖြစ်တတ်ပါသည်။

“ ဘယ်လို စဉ်းစားရမှာလဲ ၊ ငါ မသိဘူးကွာ။ မင်းပဲ ပြောပြတော့ . . . . ”

“ ဟဲဟဲဟဲ. . . . A B C D ရဲ့ အက္ခရာ အစဉ်အလိုက် ဆိုရင် Q ဆိုတာ မဖြစ်လာခင်  P ဆိုတာ အရင်လာတယ် မဟုတ်လား။ ”

“ အေး အဲဒါ ဘာဖြစ်လဲ ”

“ ဒါပဲပေါ့ကွ။ Q ချင်နေတဲ့ လူတစ်ယောက်ဟာ အရင်ဆုံး P ပြင်အောင် လုပ်ထားရမှာပေါ့။ ဒါမှ သူ Q လို့ ရမယ်လေ။ သူ့ကိုယ်သူ P ပြင်အောင် မလုပ်ထားရင် သူများကို သူ ဘယ်လိုလုပ်ပြီး သွား Q မလဲ ”

အောင်မာ ဟုတ်သားပဲဟ။ တစ်ခါမှကို မစဉ်းစားမိဘူး။

“ သြ . . ဒီတော့. . . ”

“ ဒီတော့ A B C D အက္ခရာ အစဉ်အလိုက် အတိုင်းပဲ P P ပြင်ပြင် Q နေတဲ့ လူတစ်ယောက်ဟာ Q နေတာ လွန်သွားရင်တော့ သူပြောသမျှတွေ အားလုံးဟာ R နေတာတွေ ဖြစ်သွားတော့တာပဲ

“ ဟာ . . . . ”

ကျွန်တော် တစ်ခါမှကို မစဉ်းစားမိခဲ့ဘူး။ သူပြောလိုက်တော့လည်း အင်္ဂလိပ် အက္ခရာ အစီအစဉ်လေးက သူ့ဖာသာ အဆင်ကို ပြေနေပါရောလား။

“ ဟာ မနေနဲ့။ အင်္ဂလိပ် အက္ခရာကိုက လိုအပ်လို့ ဒီလို စီစဉ်ပေးထားတာ။ PP ပြင်ပြင် ပြင်ဆင် ထားတဲ့ လူမှ Q လို့ ရတာ။ အေး . . . Q တာ များသွားတဲ့ လူတွေကလည်း Q တာ လွန်သွားရင် သူပြောနေတာတွေက R နေတာ ဖြစ်သွားတာပါပဲ။ ဒါကတော့ ငါ အခု မြင်နေတဲ့ မင်းတို့ အွန်လိုင်းက ချက်တင်သမားတွေ အားလုံး ကျင့်သုံးနေတဲ့ Q တာကို မြင်မိတဲ့ သဘောတရားလေးပါပဲကွာ။ ဘာမှတော့ မဟုတ်ပါဘူး။ ”

“ ဘာမှ မဟုတ်ဘူး ဆိုပေမဲ့ အရမ်းကောင်းတယ် သူငယ်ချင်း။ P ပြင်အောင် ပြောမှ Q လို့ ရသလို ၊ Q တာ များသွားရင်လည်း R သွားတာပဲ။ အရမ်းကောင်းတယ် သူငယ်ချင်း ကျေးဇူးပဲ။ ဒီတော့. . . ”

“ ဒီတော့ ဘာဖြစ်လဲ ”

“ ဒီတော့ကွာ။ ငါ့နာမည် “ ကိုဇော် ” လေ။ ဒီတော့ ဘလော့ပေါ် တင်ရမှာပေါ့ကွာ ”

“ ဟာ . . . ”

ဟဲဟဲ. . . ဒီတစ်ကွက်နဲ့တော့ ကျွန်တော် သူ့ကို နောက်ကောက်ချပြီး အလဲထိုး လိုက်ပါတော့သည်။ အွန်လိုင်း ချက်တာသမားတွေ အတွက်ပေါ့ဗျာ ဆောင်ရန် ၊ ရှောင်ရန် စကားလေး ရတာပေါ့ ဟုတ်တယ်ဟုတ်။

“ P > Q > R ”


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

19 ယောက် ရဲ့ ထင်မြင်ချက်:

မောင်မျိုး said...

P Q R သဘောကို သဘောကျတယ်း) ဟုတ်ပါ့ Qတာတွေများသွားရင်လည်း R တယ်လို့ ထင်နိုင်စရာရှိတာပဲ ။

Anonymous said...

အာR ပြီးသွားရင်တော့ အက်စ် sorry ဘဲဗျာ

ခင်မင်တဲ့
ရွှေစင်ဦး

Unknown said...

p q r....s...???.. t....????...


ခင်မင်တဲ့
ရွှေဂဲ

မောင်သီဟ said...

ဟိဟိး) ကြုတာများတော့ အာသွားရောတဲ့ ပြောတတ် တယ် ဟုတ်သားပဲ အကြူမများအောင်ဂရုစိုက်မှး)

မောင်ဘကြိုင်

နေ၀သန် said...

ဖတ်ရင်းပြုံးသွားတယ် ကိုဇော်...


ခင်မင်တဲ့
နေ၀သန်

Anonymous said...

ပီပြင်အောင် ကျူတတ်သူများ အာတွေ့ ပြီး အထပ်ထပ် ပြန်ကျူနေတာ တွေ့ဖူးပါတယ် ကိုဇော်ရယ
ငြိမ်းစိုးဦ်း

အဖြူရောင်နတ်သမီး said...

သဘောကျတယ်..
သူပြောတာလည်း ဟုတ်နေသားပဲ...
ကိုဇော့်သူငယ်ချင်းက P,Q,R..အကြောင်း
တော်တော်လေ့လာထားပုံရတယ်...
အဟတ်..

ahphyulay said...

အင်း ...
တတ်လဲ တတ်နိုင်လွန်း ..
ရေး လဲ ရေး နိုင်လွန်း...။

နွေဆူးလင်္ကာ said...

Q လို့ ရေးထားတာက နိုင်ငံတကာမှာတော့ တန်းစီတာကို ပြောတာပဲ။ Please 'Q' ဆိုတာ ကျေးဇူးပြုပြီး တန်းစီပါလို့ ရေးတာ။ အဲဒီတော့ ချက်တင်လောကက Q ဆိုတာလည်း တန်းစီခိုင်းတာများ ဖြစ်နေမလား :-)

Unknown said...

ရှင့်အကြူမတွေကို ဆက်မရေးပါစေနဲံ့။ကိုယ်နဲ့မဆိုင်ပဲ ၀င်မပါစေနဲ့။ဘမ်းထားလို့ဘာမှရေးလို့မရတာကိုအခွင့်ကောင်းမယူနဲ့လုပ်နည်းတွေအများကြီးရှိတာ
သဘောပေါက်ပါ။

Nwe Ko

ဝက်ဝံလေး said...

လန်းတယ်ဗျိုးးးးး
ဟဟဟဟ ရယ်သွားတယ် နော် ခွီးးးး

ရွေနတ်သား said...

ပညာ ရသွားပြီ....ဘာတဲ့ 
P Q R ...ဟီးးးး
အခုတော့ မ P သေးလို့ 

မောင်စေတနာ said...

ဒါက တကယ်ပဲနော် အစ်ကို ... ညီတို့မစဉ်းစားမိခဲ့ဘူးဗျ .. အခုလို အသိပေးလို့ ကျေးဇူးနော် အစ်ကို

ခင်မင်လျှက်

နေဇော်လင်း

Anonymous said...

အန် (N) ချင်စရာကောင်းလောက်အောင်
အို (O) နေသူတွေ အချင်းချင်း
ပီ (P) ပီ ပြင်ပြင်
ကြူ (ှQ) ကြပြီး
အာ (R) နေတာ သိလဲသွားရော
အက် (S) ရာတွေ တစတစ ဖြစ်ကာ
တီ (T) ကို ဆားနဲ့တို့သလို ထွန့်ထွန့်လူး ခံစားရပြီး
ယူ (U) လို့လဲ မဖြစ်တဲ့ အဆုံး
ဗီ (V) ဒီယိုထဲကလို
ဒဗယ်လျူ (W) ဆေးလုံးလေးတွေ သောက်ကာ
အိတ် (X) လိုက်ရင် ကောင်းလိမ့်နိုး စဉ်းစားရင်းနောက်ဆုံးတော့
ဝိုင် (Y) တွေ အမူးသောက်လိုက်လို့
ဇက် (Z) ကျိုးကျသွားသတဲ့။

ဟတ် ဟတ် ဟတ်

PQR ၃ လုံးလောက်နဲ့တော့ ပျင်းစရာကောင်းတယ်။

သဒ္ဓါလှိုင်း said...

ခုမှသိတော့တယ်..
မှတ်သားသွားရတယ်..
ခင်မင်စွာ
သဒ္ဓါ

ခိုင်နုငယ် said...

P Q R ရဲ့ သဘောတရားတွေ
ခုမှသိတော့တယ်။
သြော်..ဒါနဲ့ မေးအုံးမယ်။
မင်းတုန်းမင်းတရားကြီး လက်ပွတ်ပြီး ရယ်(ရီ)တာ
ကိုဇော် မြင်ဖူးတယ်ပေါ့။:) :P

ခင်မင်စွာဖြင့်
ခိုင်နုငယ်

Unknown said...

ဖတ်သွားပါသည်.. မှတ်သွားပါသည်...

မောင်မောင် said...

ဟောဗျာ ကိုဇော် က လဲ ဗျာ တည့်တည့်ကြီး ပြောနေသလို ပဲ။ P>Q>R တဲ့ လားဗျာ။

အတွေးလေးတွေကောင်းတယ်။

သူကြီးမင်း (တုံးဖလား) said...

သရသံတော့မသိဘူး။ ဗျည်းသံတော့ ပါနေသလိုလိုဘဲဗျ။းဝ)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)