မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 August 2010

6 ရေကန်သာ ကြာတိုင်းအေး ...မှ ( ၁ )


***  ဒီရက်ပိုင်း အတွင်းမှာ မတ်အားရယ် ၊ မတ်လတ်ရယ် နဲ့ ကျွန်တော် အတော် အလုပ်ရှုပ်နေခဲ့ပါသည်။ အဲ . . .ဒီလို ပြောလိုက်လို့ ညီအစ်မ နှစ်ယောက်နဲ့ အလုပ်ရှုပ်နေတယ် ထင်ဦးမယ်။ “ မအားမလပ် ” ဖြစ်ပြီး အလုပ်ရှုပ်နေတယ် လို့ ပြောတာပါ။ ဒါကြောင့် ဒီအပတ်တင်သမျှတွေက ဟိုးအရင်က ရေးထားတာတွေကို ပြန်တင်လိုက်တာတွေ ချည်းပါပဲ။ ဒါကြောင့် အခုတော့ အခန်းက သူငယ်ချင်းတစ်ယောက်ကို စက်တွေ ပုံအပ်ကာ အခုလောလောဆယ် ကျွန်တော် ဖတ်နေတဲ့ “  ဆရာနေဝင်းမြင့် ရဲ့ ရေကန်သာ ကြာတိုင်းအေး ” စာအုပ်ထဲကနေ ကူးပေးဖို့ အကူအညီတောင်းပြီး တင်ပေးလိုက်တာပါ။ ဖတ်သင့်တယ် လို့ ထင်တဲ့ အတွေးလေးမို့ပါပဲ။ 

နောက်ထပ် “ ခုနှစ်စင်ကြယ် ” နေရာမှာရော “ ဒီနေရာမှာပါ  ” တစ်ပြိုင်နက် စာတွေကို အတူတူ တင်ပေးဖို့ မေးလ်ကနေ တောင်းဆိုထားတဲ့ စာဖတ်သူတွေ အတွက်လည်း ကျွန်တော် စဉ်းစားနေပါတယ်။ အချိန် မရလို့ ဘာမှသေချာ မရေးဖြစ်သေးပါဘူး။ ကျွန်တော် ကြိုက်နှစ်သက်တဲ့ စာတွေကို သူငယ်ချင်းတစ်ယောက်ကို စက်တွေ ပုံအပ်ပြီး အကူအညီတောင်းကာ ကူးခိုင်းထားတာပါ။ အားတာနဲ့ စာပြန်ရေးပါ့မယ်။ အခုတော့ ဒါလေး ဖတ်ကြည့်ပါဦး။ ***




xxxxxxxxxx

“ ဆရာလား ”

“ စင်ကာပူဆေးရုံမှာ ဆေးရုံအကူ လုပ်သားဘဝနဲ့ ငါ အလုပ်လုပ်ခဲ့ဖူးတယ်။ လူနာတွေက အခုလို ကုလားစစ်သားတွေ များတယ်။ အင်္ဂလိပ်သခင်တွေအတွက် တိုက်ခိုက်ပေးရတဲ့ စစ်မြေပြင်က ရောက်လာကြတဲ့ ကောင်တွေပေါ့။ ခုတင်တွေပေါ်မှာ တောင့်တောင့်ကြီး ထိုင်ကြရင်း တစ်ညလုံး ကျုံးကျုံးအော်နေကြတဲ့ အသက်နှစ်ဆယ်ဝန်းကျင် စစ်သားကလေးတွေများဆိုရင် ခြေတွေ လက်တွေ ဖြတ်တောက် ကုသတာ ခံရလို့ ထွက်လာတဲ့ သွေးပုပ်နံ့ ။ ပြည်ပုပ်နံ့ ။. ပတ်ပီးပုပ်နံ့တွေကို ငါ သတိရနေတုန်းပဲ။ သည်ကောင်တွေက ရွာသိမ်ရွာမွှားတွေက လယ်သမားတွေ များတယ်။ သည်ကောင်တွေ ပေါင်းတဲ့ ပေါင်းထုပ်တွေ ဆိုရင် ထင်းမီးခိုးနံ့ ၊ ခွေးချေးခြောက်မီးတိုက်နံ့တွေ နံစော်နေတုန်းပဲ။ ငါ မေးဖူးတယ်။ နေစမ်းပါဦး ခင်ဗျားတို့က ဘာအတွက် စစ်တိုက်ကြတာလဲ။ ကိုယ့်မြေ ကိုယ့်ယာမှာ ထွန်ယက် စိုက်ပျိုးနေရမယ့်အချိန်မှာ ဘယ်လို ပယောဂတွေကများ ခင်ဗျားတို့ကို တိုက်ခိုင်း ခိုက်ခိုင်းနေတာလဲပေါ့ကွာ။

သည်တော့ ဘယ်လို ဖြေတယ် မှတ်တုံး။ ပိုက်ဆံကြောင့်ပေါ့ကွတဲ့။ လယ်ထဲကိုင်းထဲ တစ်နေကုန် ကျုံးလုပ်တာတောင် ဝင်ငွေက နှစ်ပြားသုံးပြား ရတာ ဆိုတော့ သင်္ဘောကျင်းကူလီကမှ သည်ကောင်တွေထက် ပိုရသေးကိုး။ သည်တော့ မဝရေစာ စားရတာချင်း အတူတူ ကျွန်တော်မျိုးတို့ကို အလိုရှိရာ ခိုင်းတော်မူပါ သခင် ဆိုတာမျိုးနဲ့ အင်္ဂလိပ်သခင်တွေဆီ ဝကွက်အပ်ကြရတာပေါ့။ အင်္ဂလိပ်အရှင်သခင်တွေရဲ့ အခွင့်အာဏာကို ထိပါးလာမယ့် ရန်မာန်ဟူသမျှ ချိုးဖဲ့ဖျက်ဆီးရန် အလို့ငှာ ပိုက်ဆံလေး တစ်ပဲခြောက်ပြားနဲ့ ကျေးဇူးခံနေတာမျိုးပဲ။ အဲဒါတော့ ငါ အံ့သြတယ်ကွ။ တရုတ် လယ်သမားတွေကတော့ ဒါမျိုး ဘယ်တော့မှ လုပ်ကြမယ် မဟုတ်ဘူး။ သူတို့အတွက် အကျိုးမဖြစ်စလောက်ရဖို့ သူများတိုက်ခိုက်နေတဲ့အထိ ပါဖို့များတော့ စိတ်ကို မကူးကြတာ။ သည်ကုလားစစ်သားတွေရဲ့ မျက်နှာတွေကို ကြည့်ပြီး ငါ့ကိုငါ မေးကြည့်မိတယ်။ တစ်ခုခုအတွက် ငါ ခုခံရတော့မယ် ဆိုပါတော့။ ဘာအတွက် တိုက်ရခိုက်ရမှာလဲ။ အိမ်တစ်အိမ်အတွက်လား ၊ တိုင်းပြည်တစ်ပြည်အတွက်လား ၊ မိသားစုတစ်စုအတွက်လား။

သည်တစ္ဆေကောင်တွေ ၊ သည်သစ္စာခံကောင်တွေက တိုက်လာတာကိုကော မင်း တွက်ကြည့်လေ။ အမုန်း အာဃာတလည်း မရှိ ၊ အမျက်ဒေါသလည်း မပါဘဲနဲ့ တိုက်နေသူကို ရန်သူအဖြစ် မင်း ဘယ်လိုလုပ် တိုက်ခိုင်မှာတုံး။ ကောင်းကျိုး ဆိုးပြစ်လည်း မရှိ ၊ ဖီဆန် အာခံတာလည်း မရှိပါဘဲနဲ့ အင်္ဂလိပ်သခင်တွေက ပေးလာတဲ့ အမိန့်ကို အောက်ကျို့နာခံပြီး တိုက်ရတယ် ဆိုတာကတော့ အဓိပ္ပါယ်ရှိလို့လား။

အင်္ဂလိပ်တွေက ကျမ်းစာကလာတဲ့ စကားလုံးတစ်လုံးကို သုံးလေ့ရှိတယ်။ အီးဗီးလ်တဲ့။ မကောင်းမှု အကုသိုလ်ပေါ့ကွာ။ ငါဖြင့် သည်ကုလားစစ်သားတွေကိုတွေ့တိုင်း သည်စကားလုံးကို စိတ်ရောက်မိတာချည်းပဲ။ သည်ကောင်တွေက သူတို့ အင်္ဂလိပ်သခင်တွေရဲ့ အမိန့်အတိုင်း သတ်မယ် ဖြတ်မယ် ဆိုတဲ့ စိတ်ပဲ ရှိကြတယ်ဆိုရင် ဒင်းတို့စိတ်ကို ဖော်ပြနိုင်တဲ့ စကားလုံးဟ အကုသိုလ်ဆိုတဲ့ စကားလုံးကလွဲရင် တခြား ဘာမှမရှိဘူး။ စင်ကာပူတုန်းက သည်ကုလားစစ်သားတွေက ငါ့ကို ကျေးဇူးတင်လို့တဲ့ ၊ ထွင်းပုလွေလေးအစ လိမ္မော်သီးကလေးအစ လက်ဆောင်သဘော ပေးတတ်ကြတယ်။ အဲသည် အခါမျိုးမှာ သူတို့ မျက်လုံးတွေကို ကြည့်ရင် အပြစ်ကင်းစင်မှု ရိုးသားမှု အရိပ်အယောင်တွေ တွေ့ရတတ်တယ်။ ခက်တာက အဲဒီလို အရိုးခံစိတ် ရှိပါလျက်နဲ့ အင်္ဂလိပ် သခင်တွေက ရွာတွေကို မီးတိုက်ကွာ ဆိုတာနဲ့ ဘာမှထည့်မစဉ်းစားတော့ဘူး။ ပြာကျပြီသာ မှတ်တော့။ ဒါဟာ မလည်မဝယ်နဲ့ ကျူးလွန်တဲ့ အကုသိုလ်ပဲ။ သည့်ထက်သာတဲ့ အန္တရာယ်တော့ ငါဖြင့် စဉ်းစားလို့တောင် မရဘူး။ ”

“ ဆရာရယ် သူတို့ရဲ့ ကိုယ်ပိုင်တွေးခေါ်မှု မပါဘဲ သူတစ်ပါးလက်ခုပ်ထဲက ရေလို နေရတဲ့ကောင်တွေကိုးဗျ။ ဘာများ ထည့်တွက်ကြလိမ့်မလဲ။ ”

ကူမားရ်က ပေါ့ပေါ့ပါးပါးဟန်ဖြင့် ပခုံးတွန့်ရင်း ပြောလိုက်ခြင်း ဖြစ်၏။

x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x


ဆရာနေဝင်းမြင့် ရဲ့ ရေကန်သာ ကြာတိုင်းအေး စာအုပ်ထဲက စာမျက်နှာ ၄၀ - ၄၁ ကပါ။ အတွေးအခေါ် အတော်ကို ပါတဲ့ နေရာလေးနဲ့ ရှင်းရှင်းလင်းလင်း ဖွင့်ဆိုထားတာလေးကို ကြိုက်လွန်းလို့ ကူးယူဖော်ပြပါတယ်။ ပြည်ပမှ လူများ အနေနဲ့ မှာယူဖတ်လို့ ခက်ခဲတယ် ဆိုရင်တော့ အစ်မ “ ရွှေစင်ဦး ” နေရာမှာ တင်ပေးဖို့ ငိုယိုကာ သွားရောက် တောင်းဆိုနိုင်ကြောင်း ကြပ်ပေးခဲ့ပါတယ် :P


လေးစားစွာဖြင့်
ကိုဇော်


Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ကိုဇော်

အဲဒါ ရွှေအမြူတေ မဂ္ဂဇင်း ထဲမှာ အခန်းဆက် ပါတယ်ဗျ လိုချင်တဲ့ အပိုင်း သွား ကော်ပီကူးလို့ ရပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဝက်ဝံလေး said...

စာလာဖတ်တယ် ဗျိုးးးးးးးးးးးးးးးးး
ဒါဗြဲ

ahphyulay said...

အင်း.. ရ ခဲ့  တဲ့  လူ့  ဘဝ တစ်ခု ကတော့ 
အလကား ဖြစ်သွားရတာပေါ့  ဗျာ။
ခက် တာက လဲ လူ ဆိုတာက ကိုယ်အသက်ရှင် နေထိုင်
သွားနိုင်ရေး အတွက် အမြဲ ပဲ လှုပ်ရှား တိုက်ပွဲ ဝင် နေရ
တော့  ကမ္ဘာ မီးလောင် သား တောင် ချ နင်း ဆိုတဲ့ 
စကားပုံ တစ်ခု လို ပေါ့ ဗျာ..။

Unknown said...

ကိုဇော်ရေ...
မတ်အား မတ်လတ်နဲ့ အလုပ်ရှုပ်နေတဲ့ ကြားက တင်ပေးတာ အရမ်း
ကျေးဇူးတင်ပါတယ် ဆက်လဲဖတ်ချင်ပါသေးတယ်...
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
ရွှေဂဲ

Anonymous said...

တစ်ခုခုအတွက် ခုခံရမယ်ဆိုရင် ... အမိန့် အရ ခုခံခြင်း မဖြစ်အောင် ကိုယ်တိုင်စဉ်းစား ခုခံဖို့ တွေးမိပါတယ် ...လက်တို့တာ ကျေးဇူးပါ ...
ငြိမ်းစိုးဦး

ဖိုးသား said...

ကောင်းပါတယ် ဗဟုသုတရပါတယ် ကြိုက်နှစ်သက်ပါတယ် တွေးပြီးဖတ်သွားပါတယ်အစ်ကို ပျော်ရွှင်ပါစေ