မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


07 August 2010

14 ထော့ကျိုးများ အကြောင်း




တစ်ခါက........

ဟော်ကီ ကစားသမားကြီး တစ်ယောက် ရှိသတဲ့။ သူက နောက်တန်းကို လုံခြုံစွာ စောင့်နိုင်တာ တစ်ခုတည်းနဲ့ အရမ်းကို နာမည်ကြီးတယ်။ သူ စောင့်နေတဲ့ နောက်တန်းကို ကျော်ဖြတ်ပြီး ဂိုးကို သွင်းသွားနိုင်သူ ဆိုတာ မရှိသလောက်ပဲတဲ့။ ဒါပေမဲ့ သူတို့ အသင်းဟာ ဂိုးမပေးရဘူးတော့ မဟုတ်ဘူးတဲ့။ သူက တစ်ယောက်ကို လူကပ်ထားတဲ့ အချိန်မှာ တခြားက လွတ်နေတဲ့ တစ်ယောက်ကို ပေးလိုက်ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်း အတွေ့တွေမှာ ဂိုးသွင်းသွားတာတွေတော့ ရှိတယ်တဲ့။

ဒါပေမဲ့လည်း သူ့ကို ဖြတ်ကျော်ပြီး ဂိုးသွင်းသွားတာတော့ မဟုတ်ဘူးတဲ့။ ဒါကြောင့် သူက အကောင်းဆုံး နောက်တန်းသမားဆုကို နှစ်ပေါင်းများစွာ ရလာခဲ့တယ်။ ပွဲပေါင်းများစွာမှာလည်း အကောင်းဆုံး နောက်တန်း ဆုတွေ ရထားတယ်။ ဒါပေမဲ့ နှစ်ကာလက ကြာရှည်လာတော့ သူလည်း အသက်က ကြီးလာတယ်။ ဒါပေမဲ့လည်း သူ့အသက်ကြီးရင့်မှု နဲ့ အတူ အတွေ့အကြုံက ပိုလာတော့ ပိုလို့တောင်မှ ကစားကွက်တွေက ကောင်းလာသေးတယ်တဲ့။ ဒါပေမဲ့ သူ့မှာတော့ လျင်မြန်မှုတွေက ကျလာခဲ့တယ်။

ဒီလိုနဲ့.....................

တစ်နေ့တော့ သူတို့ အသင်းနဲ့ ယှဉ်ပြိုင်ကစားရတဲ့ အသင်းမှာ အရမ်းကို လျင်မြန် ဖျတ်လတ်တဲ့ လူငယ် ရှေ့တန်း ကစားသမားလေး တစ်ယောက် ပါလာခဲ့တယ်။ ပွဲစလို့ စပြီး ကစားတော့ လူငယ်ကစားသမားလေးက လျင်လျင်မြန်မြန်နဲ့ သွက်သွက်လက်လက် ကစားသတဲ့။ လူငယ်လေးရဲ့ ကစားကွက်တွေက မြန်လွန်းတော့ သူ့လူတွေလည်း မထိန်းလိုက်နိုင်ဘူး အဲဒီအချိန်မှာပဲ နောက်တန်းက သူနဲ့ လူငယ်လေး တစ်ယောက်ချင်းစီ တွေ့ကြပါလေရော။

ဟိုးအရင်ကတော့ ဒီလို တွေ့ခဲ့ရင် ကစားသမားဆွဲလာတဲ့ ဟော်ကီဘောလေးကို မိအောင် သူထိန်းလိုက်နိုင်တာပါပဲ။ အခုလည်း သူက ဒီလို ထင်နေတဲ့ အချိန်မှာပဲ လူငယ်လေးက သူ့နား အရောက်မှာ အထင်မှတ်သော ကစားကွက်နဲ့ ကိုယ်ကို တစ်ပတ်လှည့်ကာ ဟော်ကီဘောလေးနဲ့ လူငယ်လေးဟာ သူရဲ့ ဘေးကနေ ဖြတ်ထွက်သွားတယ်။ ဒီတော့ သူ့ကို အားကိုးပြီး ကြည့်နေတဲ့ လူတွေ အားလုံးကလည်း အံ့သြသွားပြီး ဟာ ခနဲ ဖြစ်သွားတာပေါ့။

ဒီအချိန်မှာ လူငယ်လေးက သူ့ဘေးက ဖြတ်ထွက်သွားခါစ ဆိုတော့ သူက ကိုယ်ကို လှည့်ပြီး မှီအောင် လိုက်ဖို့ ဆုံးဖြတ်လိုက်ပေမဲ့ လူငယ်လေးက မြန်လွန်းလို့ သူ လိုက်လို့ မမှီနိုင်တော့ဘူး ဆိုတာ သူ့ဖာသာသူလည်း သိလိုက်တယ်။ ဒါဟာ သူ့ဘဝမှာ ပထမဦးဆုံး သူ့ကို ဖြတ်ကျော်သွားနိုင်သူပဲ။ ဒီတော့ သူ့ကို အားကိုးနေတဲ့ ကစားဖော်တွေ ၊ သူ့ကို အားပေးနေတဲ့ ပရိတ်သတ်ကြီးရယ် ရှေ့မှာ ဒီလူငယ်လေးကို သူ လိုက်လို့ မမှီနိုင်ဘူး ဆိုရင် သူ့ကို ယုံကြည့်အားကိုးတာတွေ လျှော့သွားတော့မှာပဲလို့ သူ စဉ်းစားလိုက်မိတယ်။

ဒါကြောင့် သူ လူငယ်လေးဆီကို လိုက်ဖို့ ကိုယ်ကို လှည့်နေရင်း ချက်ချင်း ခြေထောက်ကို ထော့ကျိုး ထော့ကျိုး ဖြစ်ပြီး ခြေထောက်တစ်ဖက်ကို ဆာတာတာ ဖြစ်သွားသလို လုပ်ပြီး လှဲချလိုက်တယ်။ ဒီတော့ သူ့ကို အားကိုးတကြီး ကြည့်နေကြတဲ့ ကစားဖော်တွေကလည်း သူ့ကို စိုးရိမ်သွားတယ်။ သူ့ကို အားပေးနေတဲ့ ပရိတ်သတ်ကြီးကလည်း သူ့ကို စိုးရိမ်သွားတယ်။ ဒီအချိန်မှာပဲ သူ့ကို ဖြတ်ကျော်သွားတဲ့ ကောင်လေးက လျင်မြန်စွာပဲ ဂိုးသွင်းသွားတော့တယ်။ လူငယ်လေး ဂိုးသွင်းသွားပေမဲ့ သူ့ကို ဘယ်သူကမှ အပြစ်မတင်ကြဘူး။ 

ဘာလို့ သူ့ကို အပြစ်မတင်ကြလဲ ဆိုတော့ အားလုံးရဲ့ စိတ်ထဲမှာတော့ သူဟာ ခြေထောက် နာသွားလို့ လူငယ်လေးကို မှီအောင် မလိုက်နိုင်တာလို့ ထင်သွားခဲ့တယ်။ တကယ်တမ်းသာ သူခြေထောက် ကောင်းနေခဲ့ရင် ဒီကောင်လေးကို မှီအောင် လိုက်ပြီး ဟော်ကီဘောကို ဖျက်နိုင်မှာပဲလို့ အားလုံးက ထင်နေမိတယ်။ ဒါပေမဲ့လည်း ဘယ်သူတွေ ဘယ်လိုပဲ ထင်နေပါစေ။ သူ ဘာကြောင့် ထော့ကျိုး ထော့ကျိုး လုပ်လိုက်ရတာလဲ ဆိုတာကိုတော့ သူပဲ သိတယ်။ သူ ဘာလို့ ထော့ကျိုး လုပ်လိုက်ရတာလဲ ဆိုတော့ သူ လိုက်လို့မမှီလို့ပေါ့။

အဲဒီအချိန်က စပြီးတော့ ကစားပွဲတွေမှာ ကိုယ်ကလိုက်လို့ မမှီတော့ ဘူးဆိုရင် နောက်ကနေ ထော့ကျိုး ထော့ကျိုး ဖြစ်ပြီး လုပ်ပြတတ်ကြတယ်။ သူတို့ ခြေထောက်နာသွားလို့ လိုက်လို့ မမှီတာပါ ဆိုပြီး ကစားပွဲ ၊ ကစားဖော် နဲ့ ပရိတ်သတ်တွေကို လှည့်ဖျားတတ်ကြတယ်။ ဒီလို ကစားပွဲတင် မကဘူး။ လောကကြီးမှာလည်း နေရာတကာ မှာ ထော့ကျိုး လုပ်ပြတဲ့ သူတွေ အများကြီးပါပဲ။ သူတို့ ဘာလို့ ထော့ကျိုး လုပ်ကြလဲ ဆိုတော့. . . သူတို့ သူများကို လိုက်လို့ မမှီတော့လို့ပေါ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။


*** အရင်က ဒီစာနဲ့ တူသော စာလေး တစ်ခုကိုလည်း “ မမှီဘူး ဆိုတာ မလိုက်လို့ပါ။ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးဖူးပါသေးသည်။ ဖတ်ချင်သူများ ပြန်သွားဖတ်နိုင်ပါသည်။ ဒီပို့စ်ကတော့ “ ကြုံရင် ပုံပြင် ပြောပါ ( ၃ ) ” မှာ ထည့်ဖို့ပါ။ သို့သော် အရမ်းရှည်နေလို့ ပို့စ်တစ်ခု အနေနဲ့ တင်လိုက်ပါသည်။ ***


လေးစားစွာဖြင့်
ကိုဇော်
.

Share/Bookmark

14 ယောက် ရဲ့ ထင်မြင်ချက်:

sv said...

ကျမတို.အရပ်ထဲမှာလဲ ဒိလိုပဲ ..တခုခု မယှဉ်နိုင်တော့ဘူးဆိုရင် ကလိမ်ကကျစ် ဥာဏ်နီဥာဏ်နက်တွေ သုံးပြီးလုပ်တော့တာပါပဲ...
အဲ့ဒါဟာ အရည်အတွက်သည် အရည်အသွေးမမည်ပါဆိုတာကို ပြတာလေ..ခစ်ခစ်.
ခုလဲ ၉၀ မှာ တကြိမ် ၂၀၀၉ မှာ တကြိမ် မရိုးရအောင် ပုံစံအမျိုးမျိုးနဲ.ထော့ကျိုးနေတော့တာပါပဲ......ခု ၂၀၁၀ မှာလဲ ဘယ်လို ထောကျိုမော်ဒယ်အသစ် ထွက်လာဦးမယ်မသိ.........

စောင့်ကြည့် စောင့်ကြည့်
simple views

Anonymous said...

အင်း မယှဉ်နိုင်တော့ ဘူးဆိုရင် အဲဒီလို တခုခု လုပ်ပြလိုက်ကြတော့ လူတွေက အပြစ်မတင်တော့ဘူးပေါ့

ဒါပေမဲ့ အခု ဒီအားကစားသမား ကိုတော့ သနားမိတယ် သူတတ်နိုင်သလောက် တချိန်လုံး လုပ်ပေးခဲ့ပြီဘဲ မနိုင် မနိုင်ဘူးပေါ့ ဘာလို့များ အဲလို လုပ်ပြစ်လိုက်တာလည်း ကျိုးစားခဲ့ သမျှ မရိုးမသား လုပ်တာနဲ့ ကုန်ရော

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

မနိုင်တော့မှန်းသိလို့ ခြေကျိုးယောင်ဆောင်
လိုက်ရတဲ့သူနဲ့ ...ကိုယ်မနိုင်ဘူးဆိုတာနဲ့ သူတပါးကိုခြေထိုးခံလိုက်တဲ့သူတွေ...
ဗြောင်ဝင်ရိုက်တဲ့သူတွေ
ကြွက်မနိုင် ကျီမီးနဲ့ ရှို့ ...
မင်းသားကြီးမဖြစ်လို့ ပတ်မကြီးကိုဖေါက် ဆိုတဲ့
လူတွေနဲ့ စာရင် အဲဒီခုနကပြောတဲ့
ခြေကျိုးယောင်ဆောင်သူကပိုတော်ပါတယ်...
သူတပါးကိုမထိခိုက်ပဲ..သူ့ ကိုယ်သူပဲအရှုံးပေးလိုက်
တာမဟုတ်လား...နိုင်သွားတဲ့သူကိုလည်း
လူတွေကချီးမွမ်းကြ...သူ့ ကိုလည်းဘယ်သူမှ
အပြစ်မမြင်ဆိုတော့..ကောင်းတာပေါ့နော်...
ဒီတော့သူယုတ်မာစာရင်းထဲတော့
သူမ၀င်ပါဘူး...တခါတခါဒီလိုပါပဲ လိုအပ်ရင်
လူ့ ဘ၀မှာ ကိုယ်မလုပ်ချင်ပေမယ့်လည်းလုပ်ရတာတွေ
ရှိတတ်ပါတယ်...မမြင်ချင်ယောင်...
မသိချင်ယောင်...မကြားချင်ယောင်..
မတတ်ချင်ယောင်..နားမလည်ချင်ယောင်
ဆောင်နေရတာပါ....။ တခါတလေများ
မချစ်တတ်ယောင်ဆောင်ရတဲ့အခါရှိသေးတယ်...
လိုအပ်လို့ လေ....။
( ရူ့ ထောင့်တမျိုးနဲ့ မြင်ကြည့်တာပါ...အမှားပါရင်
တော့ခွှင့်လွှတ်ပါကိုဇော်ရေ...)

ကိုဇော် said...

အိုကေပါဗျာ. . .ဂွတ်. . .
ကြိုက်တယ်. . ဆက်ချ. .
ဆက်သာ တွေးကြည့် မြင်ကြည့် မှန် မမှန်ဆိုတာကတော့ နောင်သိလာမှာပဲလေ။
အားပေးတယ် တွေးတာကိုတော့. . .

ခိုင်နုငယ် said...

အမှီမလိုက်နိုင်တော့လို့ ထော့ကျိုး လုပ်ကာ
သူ့အတွက်သိက္ခာဆယ်..ပရိတ်သတ်ကိုလှည့်
ကွက်ဆင်တာတော့..မကောင်းပါဘူး။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

Anonymous said...

ကျွန်တော်လည်းလာဖတ်သွားတယ် ကိုဇော်ရေ
ဆက်ချလို့တော့ပြောနဲ့ဗျး) တကယ်မပြီးနိုင်ဖူးဖြစ်နေကြမှာ ကျွန်တော်တော့ ပို့စ်နောက် ဆုံးတင်ပြီး ကြားထဲကထွက်လိုက်ပြီ... အဲ ထော့ကျိုးလုပ်နေတော့မယ်း)
အပြင်မှာတကယ်တွေ့ချင်ပါတယ် ကိုဇော် ကိုဇော့်စာတွေ ဖတ်ရတာ တကယ်အားကျပါတယ်

မောင်ဘကြိုင်

မောင်မိုး said...

ထော့ကျိုးကတော့ နေရာတကာမှာ ရှိနေတတ်စမြဲပါ။ သူထော့ကျိုးလုပ်လိုက်လို့ သူများကို မထိခိုက်ရင်တော့ ဘာမှပြဿနာတော့ မဟုတ်လောက်ပေဘူး။ သူ့ရဲ့အရည်အသွေးညံ့ဖျင်းမှုကို မလုံမလဲကာကွယ်တယ်လို့ပဲ ခွင့်လွှတ်လိုက်ကြတာပေါ့ဗျာ။ ဒါမှမဟုတ်ဘဲ ထော့ကျိုးကြီးက သူများခြေထောက်တွေကို လိုက်ထိုးခံနေမယ်ဆိုရင်တော့ မကောင်းပေဘူး။ ဒါဆိုရင်တော့ ထော့ကျိုးကို ပညာပေးရမယ်။

ကလူသစ် said...

ပို့စ်ထဲက အကြောင်းအရာအနေနဲ့ဆိုရင်တော့..... ကစားသမားက သူ့လူတွေ၊ အားကိုးတဲ့ပရိတ်သတ်တွေကို လျော့တွက်တာလဲဖြစ်ချင်ဖြစ်မှာပေါ့။ ကျချိန်ရောက်လို့ မကစားနိုင်တာ နားလည်ပေးကြမှာပါ။ ကလူသစ်သာဆို ကစားတုန်းက အကောင်းဆုံးကစားပေးခဲ့ပြီးပြီပဲ။ ကျချိန်ရောက်တော့လဲ အနားယူလိုက်မှာပါပဲ။

ပို့စ်အဆုံးက အတွေးနဲ့ပက်သက်တာဆိုရင်တော့.....
(အခုနက ရေးထားခဲ့သလိုပါပဲ) :P

Unknown said...

ကိုဇော်ရေ...
ဟန်ကိုယ့်ဖို့လုပ်သွားတဲ့ ထော့ကျိုးကိုလာဖတ်သွားတယ်
ပျော်ရွှင်ပါစေ
ခင်မင်တဲ့
ရွှေဂဲ

ဖိုးသား said...

ဗဟုသုတရပါသည်။

ချိုကျ said...

ကိုဇော်ရေ....ကောင်းလိုက်တဲ့အတွေးအရေး လေးပဲဗျို့ အားပေးနေပါတယ်။

ခင်တဲ့(ချိုကျ)

Unknown said...

အင်း... တက်ချိန်တန်တက် ကျချိန်တန်ရင်တော့ကျ မှာပေါ့လေ။ ဒါကို လက်ခံနိုင်ရင် မူယာမာယာတွေ လုပ်နေဖို့  မလိုဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်က တက်နိုင်သလောက်အကောင်းဆုံး ကြိုးစားဖြတ်သန်းလာခဲ့ပြီပဲ။ ဒါအရေးကြီးဆုံးပဲလေ။ အဆုံးသတ်မှတော့ ရိုးသား လိုက်ရင်ပိုကောင်းသွားမယ် ထင်တာပဲ။
ဒီကစားသမားရဲ့  ဖြတ်သန်းလာမှုက ပိုလှသွားမှာပေါ့။ (တိုက်ဆိုင်မှုလေးရှိလို့  တွေးကြည့်လိုက်တာပါ။) ကိုဇော့် အရေးအသား အတွေးလေးကောင်းပါတယ်။

ညလင်းအိမ် said...

လောကကြီးမှာလည်း ထော့ကျိုးလုပ်ပြတဲ့ သူတွေ အများကြီးပါပဲ ...

မှန်လိုက်လေ ကိုဇော်ရာ

ရွေနတ်သား said...

ထော့ကျိုးတွေ အများကြီးတွေ့ ဘူးတယ်....
တခါတလေ ကိုယ်ကိုတိုင်ကော ထော့ကျိုးများဖြစ်မှန်းမသိဖြစ်နေလား တွေးမိတယ်ကိုဇော်ရေ....ဟီးး