မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


01 August 2010

18 ညစာ တစ်နပ် လျှော့စားသူများ




နိဒါန်း

    ကမ္ဘာပေါ်မှာ လူတစ်ယောက်ဟာ များသော အားဖြင့် တစ်နေ့ကို ထမင်းနှစ်နပ်ပဲ စားလေ့ရှိလို့ တစ်နေ့ကို နှစ်နပ်စားတယ် လို့ပဲ ပြောလေ့ရှိပါသည်။ ဒါပေမဲ့ တကယ်တော့ လူတစ်ယောက်ဟာ နံနက် ၊ နေ့လည် ၊ ည ဆိုသော အစာစားချိန် သုံးကြိမ်ကို ကြုံတွေ့ကြရပါသည်။ ထိုအထဲမှာ နံနက်စောစောတွင် လူအများက ကော်ဖီ ၊ လက်ဖက်ရည် ၊ မုန့်ဟင်းခါး ၊ အသုတ် နှင့် တခြားသော မုန့်ပဲ သွားရေစာများကို စားသုံးခြင်းဖြင့် နှစ်သိမ့်ကြပါသည်။ သို့သော် တချို့သော မပြည့်စုံသူတို့မှာ နံနက် ၊ နေ့လည် ၊ ည ဆိုသော အချိန် သုံးကြိမ် စလုံးတွင် ထမင်းတစ်မျိုးတည်းကိုသာ အစားအစာအဖြစ် သူတို့ ဝမ်းကို ဖြည့်တင်းကြရပါသည်။

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ 

ဖြစ်စဉ် ( ၁ )

“ စုဝေ  ”

“ ဟေ ပြောလေ။ ”

“ နင်က အရင်ကလို မဟုတ်တော့ဘူးနော်။ အခုက အောင်မြင်မှု ဆိုတဲ့ အနေအထားကို ခြေချမိနေပြီ။ ဒီအချိန်မှာ ဆက်ပြီး အောင်မြင်ဖို့ ဆိုတာ ကိုယ့်ဝိတ်ကိုလည်း ကိုယ်ထိန်းနိုင်ရမယ်။ ”

“ အေးပါဟ ”

“ အေးပါဟ မလုပ်နဲ့။ နင် မော်ဒယ်ဘဝကလည်း ဒီလို ခန္ဓာကိုယ်ပဲ ၊ အခု သရုပ်ဆောင်လိုင်းကို ဝင်လာတော့လည်း ဒီလို ခန္ဓာကိုယ်လေးပဲ။ အခုလို နာမည်ရခါစမှာ နင်အရမ်းဝသွားရင် နင့်ရဲ့ တတ်လမ်းကို နင် ပိတ်လိုက်သလို ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် နင့်ဖာသာ ဝိတ်ထိန်းစမ်းပါ။ ”

“ အေးပါ ဥမ္မာရယ်။ ငါလည်း ထိန်းနေပါတယ်။ ဒါပေမဲ့ သူ့ဖာသာ ဝလာရင်ကတော့ ဘယ်လို လုပ်မလဲ။ ငါလည်း အရင်ကလို စားတာပဲလေ။ အခုက ပိုပင်ပန်းလာလို့ ထင်တယ် နည်းနည်းဝလာချင်တာပါ။ ”

“ အေး ဟုတ်တယ်။ အဲဒီအတွက်ကြောင့် နင့် ညစာ မစားနဲ့တော့။ ”

“ ဟာ ညစာ မစားတော့ ဘယ်လိုလုပ် နေမလဲဟ ”

“ မဟုတ်ဘူးလေ။ နင် ဒီလို ညစာစားလို့ ဝိတ်တွေက ပိုပြီးတော့ တတ်လာတာ။ ဒါကြောင့် ညစာကို မစားနဲ့။ ညစာမစားလို့ ဆာလာမဲ့ ဗိုက်နဲ့ အစာအိမ်မဖြစ်အောင် ငါ ဖြည့်စွက် အစာ နဲ့ ဆေးတွေပေးမယ်။ ”

“ ဒီလို ဆေးတွေ သောက် ၊ ဖြည့်စွက် အစာနဲ့တင် နေနိုင်ပါ့မလား။ ”

“ နေနိုင်တာပေါ့ဟ ၊ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးတွေရဲ့ နည်းအတိုင်း နင့်ကို စားခိုင်းမှာပဲဟာ။ နောက်ပြီး သောက်ရမဲ့ ဆေး ဆိုတာကလည်း သူတို့ဆီက ဆေးကို လှမ်းမှာပြီး နင့်ကို တိုက်မှာပဲလေ။ အဆင်ပြေမှာပါ။ ”

“ အေးလေ ၊ ဒါဆိုလည်း နင့်သဘောအတိုင်းပါပဲ။ ဒါဆို ငါက ဘယ်လို လုပ်ရမှာလဲ နင်ပဲ သေချာ ပြောပြ ”

“ အေးပါ။ ထွေထွေထူးထူးတော့ လုပ်စရာ မလိုပါဘူး။ နင် ဒီညကစပြီး ညစာ မစားဘဲနဲ့ တစ်နပ်လျှော့စားရမယ်။ ဒါပဲ။ ”

“ သြော်. . . ငါက တစ်နပ် လျှော့စားရမှာပေါ့။ ”

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

ဖြစ်စဉ် ( ၂ )

“ ပွင့်ပွင့်လင်းလင်း ပြောမှပဲ ဖြစ်မယ် ဦးညိုမောင် ”

စမ်းသပ်ရာ ကုတင်ပေါ်မှ ထိုင်နေသော သူ့ကို ဆရာ မင်းလွင်က ဓါတ်မှန်တွေ ကို တလှည့် ၊ တခြား ဆေးစစ်ချက်တွေကို တလှည့်ကြည့်ရင်း ပြောသည်။ 

“ ဟုတ်ကဲ့ ဆရာ ၊ ပြောပါ။ ”

“ ခင်ဗျားမှာ သွေးချိုရော ၊ ဆီးချိုပါ ရာခိုင်နှုန်း မြင့်မြင့်မားမားကို ဖြစ်နေပြီ။ ဒီတော့ . . . . ”

“ ဟုတ်ကဲ့ ဆရာ ၊ ပြောပါ။ ”

“ ဒီတော့ဗျာ. . . .၊ ခင်ဗျား ချမ်းသာလို့ ဘယ်လောက်ပဲ ဆေးတွေ အကောင်းစား ဝယ်သောက်သောက်ပေါ့။ အစားကိုလည်း ဆင်ခြင်ရလိမ့်မယ်။ ”

“ ဟုတ်ကဲ့ ဆရာ ”

“ ဒီတော့ ခင်ဗျား အဆီပါတဲ့ အရာတွေ ၊ အငန်တွေ  ၊ အချိုတွေကို လျော့စားရမယ်။ နောက်ဆုံးဗျာ စားတဲ့ ထမင်းတောင်မှ အဆီဓါတ်များများ ပါတဲ့ ဆန်ကောင်းတွေ မစားနဲ့တော့ ၊ ဒီအစား ဆန်ကြမ်းတွေကို စားမှ ဖြစ်မယ်။ နောက်ဆုံးဗျာ . . . . ”

“ ဟုတ်ကဲ့ ပွင့်ပွင့်လင်းလင်းသာ ညွှန်ကြားပါ ဆရာ ”

“ နောက်ဆုံးဗျာ ဖြစ်နိုင်ရင် ညစာ တစ်နပ်လောက်ကို မစားဘဲ နေပါလား။ အဲဒီအတွက်တော့ ပူစရာ မလိုပါဘူး။ ကျွန်တော် ဆေးကောင်းတွေနဲ့ တခြား အထောက်အကူပြု အစားအသောက်တွေ အစားထိုးပေးပါ့မယ်။ ဒါလေးတွေကို မှန်မှန်စားရင် ညစာ တစ်နပ် မစားတာနဲ့ ခင်ဗျား ဘာမှ မဖြစ်နိုင်သလို ခင်ဗျားရဲ့ သွေးချို ၊ ဆီးချိုတွေကိုလည်း အထိရောက်ဆုံး ကာကွယ်နိုင်ပါလိမ့်မယ်။ ”

“ ဟုတ်ကဲ့ ဆရာ ဒီတော့ ကျွန်တော်က ညစာ တစ်နပ် မစားဘဲ နေရမှာပေါ့နော်။ ”

“ ဟုတ်တယ် ဦးညိုမောင် ၊ ညစာလေး တစ်နပ်တော့ လျှော့စားလိုက်ပါဗျာ။ ”

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~


ဖြစ်စဉ် ( ၃ ) 

“ ယောက်ျားရေ ”

“ ဟေ ၊ ဘာလဲကွာ ”

“ ကျွန်မရဲ့ အင်္ကျီတွေ အရမ်းကို ကြပ်ကုန်ပြီ။ လူကလည်း တစ်နေ့တခြား အရမ်းကို ဝလာတယ်။ ဒါကြောင့် သွားရလာရတာလည်း အရင်လို မသွက်လက်တော့ သလိုပဲ ၊ ဘယ်လိုလုပ်ရမှန်းတောင်မှ မသိတော့ဘူး။ ”

“ အေးလေ ၊ မင်းကို ငါ ပြောသားပဲ မင်းတစ်နေ့ထက် တစ်နေ့ ဝလာပါတယ်လို့ ”

“ အေးလေတော် ၊  တစ်နေ့တခြား ဝလာရင်တော့ နောက်ဆိုရင် မလွယ်တော့ဘူး။ ကျုပ်လည်း အခုမှ ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး။ ”

“ ဘယ်လိုလုပ်ရမလဲကွ။ လူတစ်ယောက်ကို အရမ်းဝစေတာက ညစာပဲကွ။ ဒါကြောင့် မင်း ညစာ တစ်နပ်တော့ လျှော့စားပေါ့။ ”

“ အလိုတော် ၊ တစ်နေ့မှ နှစ်နပ်ပဲ စားတာကို ညစာတစ်နပ်ကို မစားရဘူး ဆိုရင် သေတာ့မှာပေါ့။ ”

“ မဟုတ်ဘူးလေကွာ။ ညစာ  ထမင်းစားမဲ့အစား ထမင်း အစားထိုး တစ်ခုခု စားပေါ့ကွ။ ဒါမှမဟုတ် အစာပြေ အသီးအရွက်လေး ကြော်စားပေါ့။ ပုံမှန်အတိုင်း ထမင်းစားသွားလို့ကတော့ မင်း တစ်နေ့ထက် တစ်နေ့ ဝလာတော့မှာပေါ့။ အခုက စပြီး ဝဖို့ အရှိန်ရနေလေပြီကွာ။ ”

“ အင်း . . ဟုတ်တာပါပဲ။ ဒီတော့ ကျွန်မ ညစာ တစ်နပ်ကို မစားဘဲနဲ့ လျှော့စားရမှာပေါ့နော်။ ”

“ အေးပေါ့ကွ ၊ ညစာတစ်နပ်တော့ လျှော့စားပေါ့ကွာ။ ထမင်းအစား တခြား တစ်ခုခုစားပြီး ဒီအတွက် ဆေးလည်း ဖြည့်သောက်ပေါ့။ ”

“ အင်းလေ . .ကိုယ်ကလည်း ပိန်ချင်တော့ ညစာ တစ်နပ် လျှော့စားရမှာပေါ့လေ။ ”

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

ဖြစ်စဉ် ( ၄ ) 

“ အဖေ ”

မဝံ့မရဲ နဲ့ အသံလေးက ခပ်တိုးတိုးလေး ထွက်လာသည်။ ထမင်းစားပြီးခါစ ဆေးပေါ့လိပ်ဖွာနေသော အဖေက ဖြေးညှင်းစွာ လှည့်ကြည့်သည်။ ပြီးတော့ “ ပြော ” ဆိုတဲ့ စကားကို ခေါင်းဆက်ကာ အသံပြုသည်။ ဒီတော့မှ သူမ ဆက်ပြီး ပြောဖို့ နှုတ်ခမ်းကို လျှာနဲ့ တစ်ချက်သတ်ပြီး ပါးစပ်ပြင်သည်။ စားပြီးခါစ ထမင်းစားပွဲကို သိမ်းနေသော အမေက သူတို့ သားအဖကို တစ်ချက်လှမ်းကြည့်သည်။

“ ဟို . . . ဟိုလေ ၊ ကျောင်းက ဝါဆိုသင်္ကန်း ကပ်ဖို့လေ ၊ ဆရာမက အလှူငွေ သတ်မှတ်နှုန်းနဲ့ ကောက်နေတာ ကြာပြီ အဖေ။ အဲဒါလေ တနင်္လာနေ့ နောက်ဆုံး။ အဲဒါ သမီး မပေးရသေးဘူး အဖေ ၊ အဲဒီအလှူငွေ ပေးဖို့လေ. . .  ”

သူမရဲ့ စကားများ ရုတ်တရက် တိုးရှ ပျောက်ကွယ်သွားသည်။ သူမ အဖေကလည်း သူမကို ကြည့်နေရာက အဝေးကို လှမ်းငေးသည်။ သို့သော် သူမ အဖေ မျက်ဝန်းထဲမှာ ဘာမှ မြင်ပုံမပေါ်။ ရုတ်တရက်. . . .

“ ထွေးရီ ”

သူမ အမေကို အဖေက လှမ်းခေါ်လိုက်သည်။

“ ရှင် ၊ ပြော ကိုထွန်းအောင် ”

“ သမီးကျောင်းက ဝါဆိုသင်္ကန်း ကပ်ဖို့ အလှူငွေ လှူဖို့ နင့်မှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ။ ”

“ လက ကုန်တော့မှာ ဆိုတော့ လက်ကျန်ပိုက်ဆံက ဘာမှ မရှိတော့ဘူးလေ ကိုထွန်းအောင်ရယ်။ ”

“ ဒါဆို တနင်္လာနေ့အတွက် သမီးကို အလှူငွေပေးဖို့ ပိုက်ဆံ ဘယ်လိုလုပ်မလဲ။ ”

“ ကျွန်မတို့ တစ်ပတ်စာ စားဖို့ပဲ ရှိတယ်လေ။ ဒါတောင်မှ မနက် ၊ နေ့လည် ၊ ည အားလုံး ထမင်းပဲ စားရမှာနော်။ အပြင် သွားရည်စာတွေ စားဖို့ တစ်ပြားမှ မတတ်နိုင်ဘူး။ ”

“ အေးလေ ဒါတော့ ငါသိပါတယ်ဟာ ၊ အခု သမီးအတွက် အလှူငွေရအောင် ဘယ်လို လုပ်ကြမလဲ။ ”

“ တခြားကလည်း ဝင်စရာမှ မရှိတာ ကိုထွန်းအောင်ရယ် ၊ ကျွန်မ လုပ်ဖို့သိတာ ဆိုလို့ တစ်ခုပဲ ရှိတယ်။ ”

“ ပြော ”

ပြော ဆိုမှ အမေ့ဆီက ရုတ်တရက် အသံက မထွက်တော့။ အဖေက အမေ့ဆီကို လှည့်လိုက်တော့မှ အမေ ဆက်ပြောသည်။

“ ကျွန်မတို့မှာ လုပ်စရာ တစ်ခုပဲ ရှိတော့တယ်လေ။ ”

“ အေး ဘာလဲ ဆို ”

“ မနက် ၊ နေ့လည် ၊ ည သုံးနပ် စားရာကနေ ညစာ တစ်နပ်ကို မစားဘဲ လျှော့စားလိုက်ပြီး မနက်စာနဲ့မှ ပေါင်းပြီး စားမယ် ဆိုရင်တော့ ၊ သုံးရက် ညစာ တစ်နပ်စီ လျှော့စားရာက ရလာတဲ့ ပိုက်ဆံနဲ့ သမီးအတွက် အလှူငွေကို ရမှာပဲလေ။ ”

သူမ ရုတ်တရက် ဝမ်းနည်းသွားသလို အဖေ့မျက်နှာကို ကြည့်လိုက်တော့. . . .၊ အဖေက သူမကို ပြုံးပြီး ကြည့်နေတာ တွေ့လိုက်ရသည်။ နောက်မှ. . . သူမ ခေါင်းလေးကို အသာလေး ပွတ်လိုက်ကာ . . .

“ အဆင်ပြေသွားပြီ သမီး။ အဖေတို့ သုံးရက် ညစာ တစ်နပ် လျှော့စားကြတာပေါ့။ ဒါဆိုရင် သမီးအတွက် ဝါဆိုသင်္ကန်း ကပ်ဖို့ အလှူငွေ ရပြီပေါ့ သမီး။ ”

“ ဒါပေမဲ့. . .အဖေ. . . . . . ”

“ ဒါပေမဲ့ . . မနေနဲ့ သမီး။ အဖေတို့ ဘဝက မရှိလို့ မလှူ ၊ မလှူလို့ မရှိ ဆိုတာမျိုး ဖြစ်နေကြတာ။ ဒါကြောင့် လှူဖို့ ပေါ်လာတာကို ရအောင် လှူရမှာပေါ့ သမီး။ လှူပျော်ပါတယ် မဟုတ်ဘူးလား။ ”

“ ဟုတ်ပါတယ် အဖေ  . . .ဒါဆို . . ”

“ ဒါပေါ့ . . အဖေတို့ ညစာ တစ်နပ် လျှော့စားကြမယ်လေ။ ”

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~

နိဂုံး

    ကမ္ဘာပေါ်မှာ လူတစ်ယောက်ဟာ များသော အားဖြင့် တစ်နေ့ကို ထမင်းနှစ်နပ်ပဲ စားလေ့ရှိလို့ တစ်နေ့ကို နှစ်နပ်စားတယ် လို့ပဲ ပြောလေ့ရှိပါသည်။ ဒါပေမဲ့ တကယ်တော့ လူတစ်ယောက်ဟာ နံနက် ၊ နေ့လည် ၊ ည ဆိုသော အစာစားချိန် သုံးကြိမ်ကို ကြုံတွေ့ကြရပါသည်။ ဒါပေမဲ့ တချို့သော လူများသည် ညစာ တစ်နပ်ကို မစားဘဲနဲ့ လျှော့ကာ စားသောက်ကြပါသည်။ သူတို့ စားသောက်ကြသော နည်းလမ်းမျိုးစုံ ရှိပါသည်။

    သို့သော်. . . . .

    မည်သို့ပင် ဖြစ်စေကာမူ ကျွန်တော်သည် ရဟန်း ၊ သံဃာ ၊ ဥပုဒ်စောင့်သူမှ လွဲ၍ မည်သူကိုမှ ညစာ တစ်နပ် လျှော့စားသူများ အဖြစ် မဖြစ်စေချင်ပါ။ အဘယ်ကြောင့် ဆိုသော် . . . . . . .


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

18 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ဘာကြောင့်လဲ ဘာကြောင့်လဲ ရှင်းရှင်းပြောနော် ကိုဇော်

ဟွင်းဟွင်းသိတယ် သိတယ်

ငစိန်ဆန်တွေဈေးကြီးလာလို့ မဟုတ်လား ဟားဟားဟားး)))))

ခင်မင်တဲ့
ဗညား

Anonymous said...

အင်း စေတနာတွေ တော့ သိပါတယ် ဒါပေမဲ့ ညစာတနပ် တော့ လျှော့စားရမဲ့ အခြေအနေရောက်နေတယ် အခုတော့ မလျှော့နိုင်သေးဘူး ဒါပေမဲ့ သိတယ်နော် လျှော့တော့ လျှော့ရမှာ

ရွှေစင်ဦး

khin oo may said...

အိပ်ရေးဝဘို့စဉ်းစာေးနတယ်။

မောင်မိုး said...

ကျနော်တို့ရခိုင်ဒေသဆိုတာက ဆန်ရေစပါးပေါကြွယ်ဝပြီး ပင်လယ်ထွက်သားငါးတွေကလည်း အင်မတန်ပေါကြွယ်ဝတာမျိုး...။ ဒါပေမယ့်ဗျာ..လယ်သမားတွေ၊ ပင်လယ်ကိုမှီခိုပြီးအသက်မွေးရသူတွေမှာ ထမင်းနှစ်နပ်တော့စားရပါရဲ့...ဟင်းဆိုလို့ ငရုတ်သီးနဲ့ဆားပဲရှိတယ်ဗျာ။ ပြီးတော့ မိသားစုကို ထမင်းဝအောင်မကျွေးနိုင်လို့ ဗျိုင်းသတ်ဆေးစားပြီး မိသားစုလိုက်အဆုံးစီရင်သွားတာကိုလည်း ကြုံဖူးပါတယ်။ ဒါက ကြုံလို့ပြောမိတာပါ။

အင်း....ကျနော်လည်း တနပ်စားငမိုးပဲလုပ်ရတော့မယ်ထင်ပါရဲ့။

Anonymous said...

ရေးထားတာ ကောင်းတယ် .. >>

ဟုတ်ပါတယ် ..။
တစ်ခါတစ်လေ
လူတစ်ယောက်နဲ့ တစ်ယောက်
အပေါ်ယံအမြင်မှာ
လုပ်နေတာချင်း တူပေမယ့်
အနောက်မှာ ကွာခြားချက်တွေ
အများကြီးပါပဲ ... ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

chindwinthu said...

ကိုဇော်ရဲ့ အတွေးအခေါ်လေး ကောင်းတယ်။

~ဏီလင်းညို~ said...

ကိုဇော်ရေ့.....

တတ်နိုင်တဲ့သူတွေအနေနဲ့တော့...လျှော့တာပေါ့......။ ညစာစားတာကို......။
မတတ်နိုင်တဲ့သူတွေကျတော့ အငတ်ခံတာပေါ့နော့်...........း))))))

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

ကိုရီး{ကိုကြီး} said...

ဒီလိုဘဝတွေကတော့ ရှိနေဦးမှာပါပဲ....
တကယ်ဆိုရင်....


ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

Anonymous said...

ဘာအရေးကြောင့်ဖြစ်ဖြစ် မှန်မှန်လေး စားသောက်နေထိုင်မှု ရစေချင်တဲ့ ကိုဇော့် စိတ်ကို လေးစားလျက် ...
ငြိမ်းစိုးဦး

CalmHill said...

သူများလိုတော့ အဲလိုညစားမစားတာ မလုပ်ပါဘူး ညစာကိုစောစောစားပြီး ညလည်စာပါထပ်စားတယ် :P

sosegado said...

ခုတလောညလည်စာမစားတော့ဘူး၊ ကိုဇော်ရဲ့ မစားကြပုံကွာခြားချက် ကောင်းစွာတင်ပြပုံ အတွေးလေးကို သတိထားမိပါတယ်၊

နေ၀သန် said...

ဘာလဲ အဖြေက..??

ခင်မင်တဲ့
နေ၀သန်

mama said...

ဒီစာဖတ်ပြီးမပြုံးနိုင်ပါဘူးကိုဇော်...........
ဒါအမှန်တွေပါ.............
ညစာတစ်နပ်မပြောနဲ့နေ့လည်စာတောင
်စားစရာမရှိတဲ့လူတွေများနေတယ်.
ကိုဇော်.........ဒါကကယ်ဖြစ်ရပ်မှန်တွေပေါ့
ထမင်းချက်ချိန်တောင်ဆန်မရှိတဲ့လူတွေရှိပါတယ်....
ခုလိုမျိုးလေးရေးပြထားတာသိတ်ကောင်းပါတယ်..

လေးစားတယ်ကိုဇော်.......

ကိုဇော် said...

နေဝသန် သို့. . .

အဖြေက >>> ဖြစ်စဉ် ၁ ၊ ၂ ၊ ၃ ၊ ၄ ပဲလေ။
အားလုံးထဲမှာ အဖြေရှိပါတယ်။ ကျနော်က ဒီလိုဦးတည်ပါ ဆိုပြီး ဘောင်ပိတ်ပြီး ချမပြတတ်လို့ပါ။ ကိုယ့်စိတ်နဲ့ သင့်တော်သလို ခံစားပုံဖော်ပါ။ ပေးချင်တာကတော့ ၂ ခုပါပဲ။

လေးစားစွာဖြင့်
ကိုဇော်

နေ၀သန် said...

ဟုတ်ကဲ့..း)).. အခုလိုရှင်းပြတာ ကျေးဇူးပါပဲကိုဇော်....

ခင်မင်တဲ့
နေ၀သန်

ဧပရယ်လ်ပူး@ပူးတေ said...

ဟုတ်တယ်ကိုဇော်ရေ...

ကိုဇော်တင်ပြသွားပုံလေး ကောင်းလိုက်တာ...အိမ်မှာ ပူးတေက အမျိုးသားကို ညစာထမင်းမကျွေးပဲ ဟင်းသီးဟင်းသီးဟင်းရွက်များများနဲ့ အသားဟင်း ၁ ခွက်ပဲ ကျွေးမယ်ဆို တအိမ်သားလုံးက လက်မခံကြဘူးလေ...လူငယ် လှုပ်ရှားမှု လုပ်နေရတဲ့လူက ကာဗိုဟိုက်ဒြိတ်ဓါတ်လိုတယ်တဲ့ ၂ နပ်စားမှ ပြည့်စုံမယ်တဲ့လေ...လိုအပ်တဲ့ ကာဗိုဟိုက်ဒြိတ်မရရင် ကာယစွမ်းအားရော ဥာဏစွမ်းအားရော ပြည့်ပြည့်ဝဝ ပြန်မရနိုင်ဘူးတဲ့လေ...
ဖြစ်စဉ် ၄ က မိသားစုလို မရှိလို့ လျော့စားတာမျိုး မဖြစ်စေချင်ဘူးလေ... သူတို့တွေမှာ တနေကို ကာယစွမ်းအားကို အသုံးပြုထားပြီး တခြား ဘာဖြည့်စွက် ဗီတာမင်မှ မမှီဝဲနိုင်တဲ့အပြင် လိုအပ်တဲ့ ညစာလေး ကိုပါ အငတ်ခံကြရမှာ... ကျန်တဲ့ ဖြစ်စဉ်က လူတွေကျတော့ ညစာလျော့လိုက်ပေမယ့် သူတို့အတွက် တခြားခေတ်မှီ (တချို့လဲ side effect ရှိချင်ရှိမယ်ထင်တယ်) ဖြည့်စွက် အာဟာရဓါတ်တွေ မှီဝဲနေနိုင်ကြသေးတယ်လေ...

P.S>> ကိုဇော်ရေ မလင့်ရသေးလို့ တခါထဲ လင့်ထားလိုက်ပါရစေနော်...

ခင်တဲ့
ပူးတေ

Anonymous said...

ညစာ မစားချင်ရင် ကော်မန့်စားလေကွာ။
မင်း အကောင့်ဖွင့်ထားပေးတဲ့ ကောင်မလေးတွေကို ကော်မန့် အတင်းပေးခိုင်းပြီး စားပေါ့ကွာ :)

သဒ္ဓါလှိုင်း said...

ညစာမစားတာချင်းတူပေမဲ့..မစားတဲ့အကြောင်း
အရာကမတူညီကြဘူးနော်..။

ခင်မင်စွာ
သဒ္ဓါ