မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


04 October 2010

12 တံမြက်စည်း


အသစ်မဟုတ်ပါ။ စာဖတ်တာများနေပြီး စာရေးဖို့ နည်းနည်း ပျင်းနေလို့ ပြန်ပြီး Renew လုပ်လိုက်တဲ့ အဟောင်းတစ်ပုဒ်ပါပဲ။

လူတစ်ယောက်မှာ အဖွားဆိုတာ နှစ်ယောက်တော့ စစ်စစ်ရှိမှာပါ။ ဘာလို့စစ်စစ်လို့ သုံးရလည်း ဆိုတော့ အဖိုးစန်းပွင့်သောကြောင့် အဖွားပေါင်းများစွာ ရနိုင်ပါတယ်။ သို့သော် ကိုယ်နဲ သက်ဆိုင်သော အဖွား နှစ်ယောက်သာ စစ်စစ်ရှိပါလိမ့်မယ်။

ဒီလိုပါပဲ၊ ကျွန်တော့်မှာ အဖွားနှစ်ယောက်ရှိတယ်။ ကျွန်တော့်အဖွားနှစ်ယောက် စလုံးက တစ်ယောက်နဲ့ တစ်ယောက် ရုပ်လက္ခဏာမှ အစ အလေ့အကျင့် အဆုံး မတူကြပါ။ ဒါပေမဲ့ ကျွန်တော့်အဖွားနှစ်ယောက်မှာ တူနေသော အကျင့်လေး တစ်ခုတော့ ရှိနေတယ်။ ဒါကတော့ သူတို့သုံးနေတဲ့ “ တံမြက်စည်း ”

တံမြက်စည်း ဆိုတာကတော့ မထူးခြားလှပါ။ ဒါပေမဲ့ ကျွန်တော့်အဖွား နှစ်ယောက်သုံးသော တံမြက်စည်းကတော့ တိုက်ဆိုင်စွာ သူတို့ ဆိုင်တစ်ဆိုင်ထဲကပဲ ဝယ်သုံးကြတယ်။ တကယ်တမ်း ထပ်ပြောရရင် သူတို့ ဝယ်တယ် ဆိုသော တံမြက်စည်း ရောင်းသော နေရာက ဆိုင်တစ်ဆိုင် ဆိုတာထက် “ အိမ် ” တစ်အိမ်။

ဒီအိမ်ကို ကြည့်ရင် ဘယ်လိုမှ တံမြက်စည်း ရောင်းသော အိမ်ဟု ထင်စရာ မရှိ။ တံမြက်စည်းတွေလည်း ဒီအိမ်မှာ တစ်ချောင်းမှ ချိတ်မထား။ ချိတ်ထားတာတွေ့ဖို့ နေနေသာသာ အိမ်ထဲကိုတောင်မှ မမြင်ရ။ တံမြက်စည်း ဝယ်ရင် အိမ်ထဲကို ဝင်ရသော ခြံဝင်းထိပ် တံခါးပေါ်မှာ လူခေါ် ခေါင်းလောင်းလေးကို နှိပ်လိုက်မှ အိမ်ထဲက လူတစ်ယောက် ခြံဝကို ထွက်ပြီး ဘာလိုချင်သလဲ မေးမယ်။ တံမြက်စည်း ဝယ်ချင်တယ် ပြောမှ သူက ပိုက်ဆံယူသွားပြီး တံမြက်စည်း တစ်ချောင်းကို ယူလာပေးမယ်။

ဒီအိမ်ဟာ တကယ့် သူ့စီးပွားရေးက အထည် နဲ့ ကုန်ပစ္စည်း လုပ်ငန်းကို ကြီးထွားစွာ လုပ်ကိုင်နေတဲ့ အိမ်တစ်အိမ်ပါ။ ဒီလို အိမ်တစ်အိမ်က ဘာလို့ တံမြက်စည်းကို ရောင်းနေတာလဲလို့ တံမြက်စည်း သွားဝယ်တိုင်း ကျွန်တော် စဉ်းစားမိသည်။ ကျွန်တော် တံမြက်စည်း သွားဝယ်တိုင်း အမြဲနှစ်ချောင်း ဝယ်ရလေ့ရှိတယ်။ ထိုတံမြက်စည်းရဲ့ ဈေးနှုန်းကလည်း တခြား တံမြက်စည်းတွေထက် ထူးထူးခြားခြားကို ဈေးကြီးတယ်။ သူများ တံမြက်စည်းတွေ ၇၀ ကျပ် အချိန်မှာ သူက ၁၅၀ ကျပ်။

ဒီတံမြက်စည်းလေးတွေမှာ ထူးခြားတာကတော့ သူများ တံမြက်စည်းတွေလို အရိုးက တံမြက်စည်းအရိုး အသေးလေးတွေနဲ့ စုစည်းထားတာမျိုး မဟုတ်။ သူက ကြိမ်လုံး အကြီးကို အရိုး အနေနဲ့ လုပ်ထားတယ်။ သူ့ရဲ့ တံမြက်စည်း အမွှေးတွေကလည်း သူများတွေလို ထိပ်တွေကို ညှိပြီး ညီအောင် ညှပ်ထားခြင်း မရှိ။ သဘာဝအတိုင်း အတိုအရှည် မညီစွာ။ ဒါပေမဲ့လည်း ဒီတံမြက်စည်းကိုမှ ကျွန်တော့်အဖွား နှစ်ယောက်ကလည်း အသည်းစွဲ။

သိပ်ပြီး ရင်ထဲမှာ မကြေလည်တဲ့ တစ်နေ့မှာ ကျွန်တော် ဖေဖေ့ကို မေးမိတယ်။

“ ဖေဖေ ဒီအိမ်က ကုန်ပစ္စည်းတွေ ၊ အထည်တွေ ရောင်းနေတာနော်။ ဘာလို့ တံမြက်စည်းကို အဓိက ထားရောင်းတာလည်း မဟုတ်ပဲနဲ့။ တံမြက်စည်းကို ဘာလို့ အိမ်ထဲထည့်ပြီး ရောင်းနေတာလဲ။ ”

ဒီတော့ ဖေဖေက ပြုံးပြီး ပြောတယ်။

“ သူတို့က ဟိုးအရင်က တံမြက်စည်း ရောင်းရာကနေ စပြီး စီးပွားဖြစ်လာတာလေ။ တံမြက်စည်းကို တစ်ချောင်းဆိုရင် ဆိုသလောက် တကယ် ကောင်းအောင် သေချာလုပ်တယ်လေ။ ဒါကြောင့် သူ့တံမြက်စည်းတွေက ဘယ်သူမှ ယှဉ်လို့မရတာ။

ဒါနဲ့ စပြီး စီးပွားဖြစ်လာတော့ သူတို့က မူလစပြီး ကြီးပွားစေတဲ့ အလုပ်ဆိုတော့ ပိုပြီး စီးပွားဖြစ်တဲ့ အလုပ်ကိုသာ ထပ်လုပ်တာ။ ဒီအလုပ်ကိုတော့ အရည်အသွေး ပိုကောင်းအောင် ဂရုစိုက်ပြီး သူရဲ့ မူလ ဖောက်သည်တွေကို ဆက်ရောင်းနေတာလေ။ ဒါနဲ့တော့ အဓိက စီးပွားရေး ဆိုပြီး ဆက်မလုပ်တော့ဘူး။ ”

သူ့ရဲ့ တံမြက်စည်းက ဈေးကြီးတယ် ဆိုပေမဲ့ တကယ်လည်း ကောင်းလှပါတယ်။ အမွှေးတွေ ကျွတ်ထွက်တယ် ဆိုတာ မရှိ။ အရင်းမှ ပြုတ်ထွက်တယ် ဆိုတာ မရှိ။ လှဲပါများလို့သာ အမွှေးတုံးပြီး အသစ်ဝယ်ရင်သာ ဝယ်ရမယ်။ သူ့အရည်အသွေးက ဒီလို ကောင်းတယ်။

ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာ မပြီးသေးဘူးဗျ။ ဇာတ်လမ်းက အခုမှ စတာပါ။

ကျွန်တော်တို့ အမြဲတမ်း ဝယ်သုံးနေတော့ ကျွန်တော်တို့ ဝယ်ဝယ်လာရင် အိမ်နားက အဒေါ်ကြီးတစ်ယောက်က သူလည်း ဒီတံမြက်စည်းကို ကြိုက်တယ်တဲ့။ နောက်တစ်ခါ သွားဝယ်ရင် သူ့ဖို့လည်း တစ်ချောင်းလောက် ဝယ်လာပေးပါလို့ ပြောလာတယ်။

တံမြက်စည်းကလည်း ဒီလောက် အရည်အသွေး ကောင်းတာတောင်မှ ကျွန်တော့်အဖွားတွေ အိမ်မှာ ၄ လလောက်ပဲ ခံတယ်။ ဒါနဲ့ တံမြက်စည်းလေး အမွှေးတုံးလို့ နောက်အသစ်ဝယ်တော့ အရင်လို နှစ်ချောင်း မဟုတ်တော့ပဲ အိမ်နားက အဒေါ်ကြီး အတွက်ပါ သုံးချောင်းဝယ်ရတယ်။ ဝယ်ပြီးတော့ အဖွားနှစ်ယောက်နဲ့ ဒီအဒေါ်ကြီး တစ်ယောက် တစ်ချောင်းစီ သုံးကြတာပေါ့လေ။

ထုံးစံ အတိုင်း လေးလကျော်လ ကြာတော့ ကျွန်တော့်အဖွားနှစ်ယောက်ရဲ့ တံမြက်စည်းတွေက အမွှေးတုံး လာတယ်။ ဒီတော့ နောက်ထပ် အသစ်ဝယ်မယ် ဆိုပြီး ကျွန်တော့် အဖွား စဉ်းစားတော့ ဘေးအိမ်က အဒေါ်ကြီးကိုလည်း သတိရတယ်။ သူလည်း ဝယ်မလားလို့ ။ ဒါကြောင့် သူ့ကို မေးကြည့်တော့ သူက အိမ်ထဲက တံမြက်စည်းကို ထုတ်ပြရင်း... .

“ တံမြက်စည်းက တကယ်ကောင်းတာရှင်။ ဒီမှာ ကြည့်ပါလား ဘာမှကို မဖြစ်သေးဘူး။ နောက်တစ်ခါ ဝယ်မှပဲ ဝယ်တော့မယ်။ ”

လို့ ပြောတယ်။ ဒါနဲ့ ကျွန်တော့်အဖွားတွေလည်း သူတို့ဖာသာ ဝယ်လိုက်ကြတယ်။ ဒီလိုနဲ့ နောက်ထပ် လေးလကျော်လောက်ကျတော့ နောက်ထပ် တံမြက်စည်း အသစ်ဝယ်တော့လည်း ဒီအဒေါ်ကြီးက မဝယ်သေးဘူးဆိုပြီး သူရဲ့ တံမြက်စည်းကို ထုတ်ပြတယ်။ သူ့ တံမြက်စည်းက အကောင်းအတိုင်း။ သူ ဝယ်စရာ မလိုသေး။

ဒီတော့ တံမြက်စည်း အသစ်ဝယ်ရင်း ကျွန်တော့်အဖွားက ကျွန်တော့်အဖေကို ပြောတယ်. .

“ သားရေ..၊ အမေတို့ ဝယ်တဲ့ တံမြက်စည်း ဟိုဘက်အိမ်ကိုလည်း ဝယ်တာနော်။ အတူတူပဲ။ အခု အမေတို့ နှစ်ချောင်းလဲရပြီ။ သူ့မှာ ဘာမှ မဖြစ်သေးဘူး။ သူ့ဆီမှာ တံမြက်စည်းက တော်တော် ခံတယ်နော်။ ”

ကျွန်တော့်အဖွား ဒီလို ပြောတော့ ကျွန်တော့် အဖေပြောတဲ့ စကားကို ကျွန်တော် နားထဲက မထွက်ပါ။ အမြဲတမ်းလည်း ပြန်ပြန် ကြားမိနေတယ်။ ဒီလိုပဲ အခု စာဖတ်သူတွေကိုလည်း ကြားစေချင်တယ်။

“ မဟုတ်တာ မေမေရယ်။ သူ့တံမြက်စည်းက အမေတို့ထက် ပိုခံတယ် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဘာလို့ ခံတယ် လို့ ထင်လဲ။ ”

“ သူက ရိုသေလို့လေ ၊ ဟုတ်လား။ ”

အဖွားက ယောင်ဝါးဝါးပြောတော့ ဖေဖေက ရယ်ရင်း . . .

“ ဟုတ်တော့ ဟုတ်တယ် မေမေရယ်။ သူက ရိုသေတာ ။ ဒါပေမဲ့ မှားနေတယ်။ တကယ်တော့ တံမြက်စည်း ဆိုတာ သန့်ရှင်းရေး လုပ်ဖို့လေ။ သန့်ရှင်းရေးလုပ်လို့ တံမြက်စည်း ကုန်သွားပါစေ ၊ စုတ်ပြတ်သွားပါစေ ။ တစ်နေ့ တစ်ချောင်းပဲ ဝယ်ရင် ဝယ်ရပါစေ။ ဝယ်သင့်ပါတယ်။

တကယ်တော့ သူ့အိမ်က တံမြက်စည်းက ကြာရှည်ခံမှာပေါ့ မေမေရာ။ သူက အိမ်မှာ တံမြက်စည်း ရှိတယ် ဆိုပြီးပဲ ထားတာ။ လှဲမှ မလှဲတာလေ။ အခုလည်း ဈေးကြီးတဲ့ တံမြက်စည်းကို ဝယ်ထားပါတယ် ဆိုပြီး ထောင်ပြထားတာလေ။ တကယ်တော့ တံမြက်စည်း ဆိုတာ လှဲနေ ၊ ကျင်းနေမှ ၊ ထောင်ထားတဲ့ တံမြက်စည်းက ဘာများ အသုံးတဲ့မှာလဲ။

သားတို့ အိမ်မှာ တံမြက်စည်း ခဏခဏ စုတ်သွား ၊ အမွှေးတုံးသွားတယ် ဆိုတာ တကယ်လှဲ လို့လေ။ တံမြက်စည်းဆိုတာ လှဲမှပဲ အမွှေးက တုံးတော့မှာပေါ့။ တုံးစမ်းပါစေ မေမေရယ် သန့်ရှင်းရေး လုပ်လို့ တံမြက်စည်းတွေ ခဏခဏ ကုန်သွားပါစေ။ သားဝယ်ပါ့မယ်။

သန့်ရှင်းရေး မလုပ်လို့ နှစ်ပေါင်းများစွာ ခံနေတယ် ဆိုတဲ့ တံမြက်စည်း တစ်ချောင်းအတွက် ဂုဏ်ယူစရာ မကောင်းပါဘူး မေမေရာ။ ”

ဖေဖေက အဲဒီတုန်းက အဖွားကို အဲဒီလို ပြောခဲ့ပါတယ်။

ကျွန်တော်တို့ ဘဝမှာလည်း တချို့တွေက ပြောတတ်ကြပါတယ်။

“ နင့်ဘောပင်က ခဏခဏ ကုန်တယ်နော်။ ”

တဲ့ ။ ဟုတ်ပါတယ်။ ကျွန်တော် “ တစ်နေ့ကို ဘယ်လောက် ဒီဘောပင်ကို အသုံးပြုလဲ ဆိုတာက ဒီဘောပင် ဘာလို့ မြန်မြန်ကုန်တာလဲ ” ဆိုတဲ့ အဖြေပါပဲ။

ဒီလိုပဲ။ လူတစ်ယောက် ဘာလို့ ထက်မြက်လဲ ဆိုတာလည်း သူ့ရဲ့ ဦးနှောက်ကို ဘယ်လောက် အသုံးချတယ် ဆိုတဲ့ အပေါ်မှာ အများကြီး သက်ဆိုင်ပါလိမ့်မယ်။ ကြားဖူးကြမှာပါ။ ကမ္ဘာ့ဦးနှောက်ပြပွဲမှာ မြန်မာနိုင်ငံရဲ့ ဦးနှောက်က ဈေးအကြီးဆုံးဆိုတာကို “ ဘာလို့လဲ ဆိုတော့ ဒီလူတွေက သေသာ သေသွားတယ်။ ဘာမှ အသုံးမချလိုက်တော့ ဦးနှောက်က ဘာမှ မပျက်ဆီးပဲ အကောင်းအတိုင်း ရှိနေလို့တဲ့ဗျာ။ ”

ကြာရှည်ခံတယ် ဆိုတာကို ဂုဏ်ယူယူပြီး ပြောတတ်ကြသူ တချို့ အတွက်ပါ။ ဒီပို့စ်လေးကို ဒီနေ့ အခန်းရှင်းရင်း သတိရလာလို့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အခု ချရေးလိုက်တာပါ။

လေးစားစွာဖြင့်

ကိုဇော် ခံစားပုံဖော်သည်။

.

Share/Bookmark

12 ယောက် ရဲ့ ထင်မြင်ချက်:

အဖြူရောင်နတ်သမီး said...

“ တစ်နေ့ကို ဘယ်လောက် ဒီဘောပင်ကို အသုံးပြုလဲ ဆိုတာက ဒီဘောပင် ဘာလို့ မြန်မြန်ကုန်တာလဲ ” ဆိုတဲ့ အဖြေပါပဲ။

ဒီလိုပဲ။ လူတစ်ယောက် ဘာလို့ ထက်မြက်လဲ ဆိုတာလည်း သူ့ရဲ့ ဦးနှောက်ကို ဘယ်လောက် အသုံးချတယ် ဆိုတဲ့ အပေါ်မှာ အများကြီး သက်ဆိုင်ပါလိမ့်မယ်။ ကြားဖူးကြမှာပါ။ ကမ္ဘာဦးနှောက်ပြပွဲမှာ မြန်မာနိုင်ငံရဲ့ ဦးနှောက်က ဈေးအကြီးဆုံးဆိုတာကို “ ဘာလို့လဲ ဆိုတော့ ဒီလူတွေက သေသာ သေသွားတယ်။ ဘာမှ အသုံးမချလိုကတော့ ဦးနှောက်က ဘာမှ မပျက်ဆီးပဲ အကောင်းအတိုင်း ရှိနေလို့တဲ့ဗျာ။ ”
--------------------------------------------
မှတ်သားသင့်တဲ့စကားတစ်ခွန်းပါပဲ..ကိုဇော်ရေ...
ကျေးဇူးပါနော်...

Flower said...

ဘောပင်ကို မရေးဘဲ ထိပ်ဖျားကနေ မှင်တွေ သွန်ပစ်လိုက်လို့ ခနခနကုန်တာကျတော့ ဘယ်စာရင်းထဲ သွင်းမတုန်း..
တံမြက်စည်းလဲ အားအားရှိ ပျင်းပျင်းနဲ့ ချိုးမိလို့ ကုန်သွားရင်ရော
မြန်မာဦးနှောက်ဈေးအကြီးဆုံး ဆိုတော့လဲ ကြံဖန်ဂုဏ်ယူစရာရှိတာ ၀မ်းသာစရာပေါ့.. ဟုတ်ဖူးလား..

အဆိပ်သင့်သူ said...

အရမ်းဖတ်လို့ကောင်းပါတယ်။

ကိုဇော် said...

ချော (အစိမ်းရောင်လွင်ပြင်) said...
“ ဘောပင်ကို မရေးဘဲ ထိပ်ဖျားကနေ မှင်တွေ သွန်ပစ်လိုက်လို့ ခနခနကုန်တာကျတော့ ဘယ်စာရင်းထဲ သွင်းမတုန်း..
တံမြက်စည်းလဲ အားအားရှိ ပျင်းပျင်းနဲ့ ချိုးမိလို့ ကုန်သွားရင်ရော
မြန်မာဦးနှောက်ဈေးအကြီးဆုံး ဆိုတော့လဲ ကြံဖန်ဂုဏ်ယူစရာရှိတာ ၀မ်းသာစရာပေါ့.. ဟုတ်ဖူးလား.. ”

မိမိရဲ့ ကိုယ့်ကျင့်တရားက စရိုက်မှာ ပုံပေါ်မှာပါ မချော။ အရာရာဟာ ရောင်ပြန်ဟပ်တယ် လို့ ဆိုမှာပေါ့ဗျာ။ ဆွေးနွေးပေးလို့ ကျေးဇူးတင်ပါတယ်။
( အခုမှ ဖတ်မိလို့ အခုမှပဲ ပြန်ပြီး ဆွေးနွေးပေးလိုက်ရတာ ဆောရီးပါ )

ကိုအောင် said...

တရုတ်တွေကတော့ သူတို့နှစ်ကူးချိန်မှာ တံမြက်စည်း မလှဲကြဘူးဗျ ...း)

Anonymous said...

ကိုဇော်အဖေ ပြောတာမှန်တယ်ရှင့်..
may

သူကြီးမင်း (တုံးဖလား) said...

ဟုတ်တယ်။ တံမြက်စည်းဆိုတာ ကိုးထားထား အလှကြည့်ထားဖို့မဟုတ်ဘူး။ သန့်ရှင်းရေးလုပ်ဖို့၊ အသုံးချဖို့အတွက်ဘဲ မဟုတ်လား။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

ဟားဟား ဒို့ဦးနှောက် က ဈေးအကြီးဆုံး တပြားမှ မလျှော့နိုင်ဘူး

ရွှေစင်ဦး

sosegado said...

ထောင်ထားတဲ့ တံမြက်စည်း ဘာအသုံးကျမှာလည်း၊ ကျနော်အဖွားတွေ့သွားရင်တော့ ပြေးပေတော့၊ သားတွေရော် မြေးတွေရော်၊ အမြင်မတော်လို့ကတော့ တံမြက်စည်းစာပဲ။

ချိုကျ said...

တံမြက်စည်းလာလှဲ အဲအဲ တံမြက်စည်းလေး လာဖတ်သွားပါတယ် ။

ခင်တဲ့ ( ချိုကျ )

နေ၀သန် said...

Good Point ပါကိုဇော်...

ခင်မင်တဲ့
နေ၀သန်

sv said...

ကျမတောင် သေရင် ကျမ ဦးနှောက်ဈေးကောင်းရမှာ သေချာတယ်.... ခုထဲက ဈေးကွက်တင်ထားဦးမှ.
:P:P:P:P:P