မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 August 2010

17 ဗိုလ်တဲ





ကျွန်တော် “ ဗိုလ်တဲ ” လို့ ပြောလိုက်တာနဲ့ မေမြို့ ၊ ပြင်ဦးလွင် ၊ ပဲခုးရိုးမ ၊ ရခိုင်ရိုးမ တွေမှာ ရှိသော ဗိုလ်တဲ များကို မျက်လုံးထဲ ပြေးမြင်ရင်း သတိရသွားပါလိမ့်မယ်။

ဟုတ်ပါတယ်။ ဒီဗိုလ်တဲ လေးတွေပါပဲ။ ဘာလို့ ဗိုလ်တဲ ဖြစ်လာရပါသလဲ။ သူတို့ ဘာလုပ်ဖို့ ဒီဗိုလ်တဲကို ဆောက်တာပါလဲ။ အမှန်ကတော့ ထွေထွေထူးထူး မဟုတ်ပါ။ အင်္ဂလိပ်ခေတ်ဆိုတော့လည်း အင်္ဂလိပ်တွေ ကြီးစိုးနေတာပေါ့ဗျာ။ ဒီအချိန်မှာ ဒီအင်္ဂလိပ် ဆိုတဲ့ လူတန်းစားတွေက အားလပ်ရက် ၊ အားလပ် အချိန်တွေမှာ သူတို့ အားအားယားယား အမဲလိုက်ကြတယ်လေ။

ယခု ဗိုလ်တဲ ဆိုတာကလည်း သူတို့ အမဲလိုက်ရင်း ခဏတဖြုတ် နားကြဖို့ ဆောက်ထားတဲ့ အဆောက်အဦး တစ်ခုပါ။ များသော အားဖြင့်တော့ သစ်သားနဲ့ ပဲ ဆောက်ကြတယ်။ သစ်သားမလွယ်တဲ့ နေရာမှာ ဆိုရင်တော့ သူတို့ ဝါးတွေနဲ့ ဆောက်ကြတယ်။ ဒါဟာ ဒါတို့ အမြဲနေစရာ နေရာ မဟုတ်ပါ။ ခဏတဖြုတ် အမဲလိုက်ရင်း အနားယူ အပန်းဖြေဖို့ နေရာလေးပါ။

ဘယ်လိုပဲ ပြောပြော ဒီဗိုလ်တဲ တွေကို ကျွန်တော် ကြိုက်တယ် ဗိုလ်တဲတွေကို ကြိုက်တာထက် ဒီိဗိုလ်တဲတွေကို သူတို့ ဆောက်တဲ့ စိတ်ဓါတ်တွေကို ကျွန်တော် ကြိုက်တယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသား အမဲလိုက်သူတွေလည်း ခဏတဖြုတ်နားရအောင်ဆိုပြီး ဒီလို တဲလေးတွေ ဆောက်ကြတာပါပဲ။ မြန်မာနိုင်ငံကတော့ အမဲလိုက်ရင် “ မုဆိုး ” လို့ ခေါ်တယ်လေ။ ဒါကြောင့် မြန်မာနိုင်ငံက အမဲလိုက်သူတွေ ဆောက်တဲ့ ( မုဆိုး တွေ ဆောက်တဲ့ ) တဲ မို့လို့ “ မုဆိုးတဲ ” လို့ပဲ ခေါ်ကြတယ်။

ကျွန်တော် ငယ်ငယ်တုန်းကတည်းက ဒီနှစ်ခုကို နှိုင်းယှဉ် စဉ်းစားမိတယ်။ ဘာလို့ “ ဗိုလ်တဲ နဲ့ မုဆိုးတဲ ” လို့ ထူးထူးခြားခြား ကွဲပြားပြီး ရှိနေရတာလဲ ဆိုတာ။ အမှန်တကယ် ကိုယ်တွေ့ သွားကြည့်ကြည့်ပါ။ “ ဗိုလ်တဲ နဲ့ မုဆိုးတဲ ” သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။ ဗိုလ်တဲ ပဲ ဖြစ်ဖြစ် ၊ မုဆိုးတဲပဲ ဖြစ်ဖြစ် သူတို့ အမဲလိုက်ရာက အပန်းပြေ နားကြရအောင် ဆောက်ထားတာပါ။ ရည်ရွယ်ချက် တူပေမဲ့ ဆောက်ထားပုံကတော့ တော်တော် ကွာပါတယ်။

မုဆိုးတဲ ကိုကြည့်လိုက်တော့ ဝါးတိုင် လေးတိုင်စိုက် ၊ အောက်ခြေက မြေသား ၊ အပေါ်မှာ အင်ဖက် ၊ ဓနိ ရရာမိုး ၊ ဘေးက အုန်းလက်တွေကာ ၊ ထိုင်ဖို့ တစ်ခုခု တင်စားဖို့ စားပွဲလေးကို ဝါးနဲ့ပဲ ထောက်ပြီး ဝါးပဲ ခင်ထားတယ်.။ ထိုင်စရာ ကြမ်းခင်းဆိုတာကတော့ ဝါးလေးကို နှစ်ခြမ်းခွဲ ခင်ထားတယ်။ ထိုင်တဲ့သူက ဖင်မကျွံကျရင် ကံကောင်းပဲ။ ကြမ်းခင်းမှာ အိပ်နေတဲ့ သူတွေကလည်း ဘယ်လိုမှ သက်တောင့် သက်သာ မရှိ။ ဒါကို မြန်မာအမဲလိုက်သူတွေ ဆောက်တဲ့ တဲ “ မုဆိုးတဲ ” လို့ ခေါ်ကြတယ်။

မုဆိုးတဲ ဆောက်တဲ့ သူတွေရဲ့ စိတ်ထဲမှာ လည်း ဒီတဲလေးကို ကြာကြာခံဖို့ ၊ လှပဖို့ ၊ သက်တောင့်သက်သာ ရှိဖို့ ဆိုတဲ့ အရာတွေ တွေးမနေပါဘူး။ သူတို့ လတ်တလော အဆင်ပြေမယ်။ နေရ ၊ ထိုင်ရ ဖို့ အလွယ်တကူ နားဖို့ မြန်မြန် ဆန်ဆန် ပြီးအောင် ဆောက်လိုက်တာပါပဲ။ ဒါနဲ့ပဲ “ မုဆိုးတဲ ” လို့ ဖြစ်လာရပါတော့တယ်.။
  
“ ဗိုလ်တဲ ” ကို ကြည့်ပါ.။

သူတို့ ဝါးတိုင်တွေနဲ့ ဖြစ်သလို မဆောက်ပါဘူး။ တောနက်နက်ထဲ အထိ တိုးဝင်ပြီး သစ်မဒမတိုင်တွေ လိုက်ရှာပြီး တိုင်ထူမယ်။ အမိုးအတွက် အနည်းဆုံး သက်ကယ်တွေလောက်တော့ သူတို့ ရအောင် ရှာပြီး မိုးတယ်။ ဒီထက် အဆင်ပြေရင်တော့ အုတ်ကျွတ်တွေ ရအောင် လုပ်တယ် ပြီတော့ မီးဖုတ်ပြီး မိုးတယ်။ တဲအတွက် အကာကို ဝါး ဆိုလည်း ဝါးဘိုးဝါးတွေကို ခွဲပြီးမှ ရေစိမ် အချဉ်ဖောက်ပြီး ပိုးမကိုက်နိုင်အောင် ဆေးသုတ်ပြီးမှာ ကာတယ်။ ဒီထက် အဆင်ပြေရင်တော့ သစ်သားပေါ့လေ။

ဗိုလ်တဲ အထဲကို ကြည့ှ်ုဦး။ သူတို့ ဘယ်နေရာကြည့်ကြည့် အခင်းဆိုတာ ရှိနေရမယ်။ အပေါက်က ဝင်လိုက်တာနဲ့ ဖိနပ်ချွတ်ဖို့ နေရာ။ နောက်. သစ်သားမရရင်တောင်မှ ခုနကလို ဝါးဘိုးဝါးတွေနဲ့ အညီ စေ့နေအောင် ခင်းထားတယ်။ ဘယ်နေရာမှာ အိပ်အိပ် ၊ လှဲလှဲ ကျောနာဖို့ နေနေသာသာ မီးခြစ်တောင်မှ အောက်ပြုတ်မကျဘူး။ ဒါပေမဲ့ .ဒါက အိပ်ယာ မဟုတ်သေးဘူး။

ဒါက ကြမ်းပြင်သက်သက်ပဲ ရှိသေးတယ်။ သူတို့ အိပ်ဖို့ ကုတင်ဆိုတာ သီးသန့် လုပ်ထားသေးတယ်။ နောက် ဒီလောက် အဆင်ပြေနေမှတော့ ဒီကြမ်းပြင်မှာ ဒီအတိုင်း ထိုင်စားလိုက်ကြပါလား။ မဟုတ်သေး။ သူတို့ ထမင်းစားပွဲနဲ့ ထိုင်ခုံကို သီးသန့် လုပ်ထားကြသေးတယ်။ နောက်ပြီး နောက်ဖေး အိမ်သာက အစ သေသေချာချာ သပ်သပ်ရပ်ရပ် လုပ်ကြတယ်။ ဒါကြောင့် အင်္ဂလိပ် ခေတ်ကနေ အခု အထိ “ ဗိုလ်တဲ ” ဆိုပြီး နာမည်တင်ကျန်နေခဲ့တာပါ။

“ မုဆိုးတဲ ” မှာတော့ အိမ်သာဆိုတာ မရှိ။ တောထဲ ရောက်နေမှတော့ အိမ်သာ လိုဦးမလား။ ကိစ္စ ဖြစ်လာရင် တောထဲသွားထိုင်လိုက်ရုံပေါ့။ သူတို့ ဒီလို စဉ်းစားနေပေမဲ့ “ ဗိုလ်တဲ ” က လူတွေကတော့ ဒီလို မစဉ်းစား သူတို့ အရာရာ စနစ်တကျသာ လုပ်ကြတယ်။

စာဖတ်နေသော စာဖတ်သူ။

ကျွန်တော် အပိုတွေ ပြောနေတယ် လို့ ထင်ပါသလား။ လူတွေကတော့ လူတွေပဲ ဖြစ်သည်. ဒါပေမဲ့ သူဘယ်လို နေထိုင်လဲ ဆိုတာက လူတွေကို အဆုံးအဖြတ်ပေးသွားတာပါပဲ။


  • တချို့က ဘယ်နေရာမှာ ရောက်နေနေ ဖြစ်သလို နေကြတယ်။
  • တချို့ကတော့ ဘယ်နေရာမှာ ရောက်နေနေ သေသေချာချာ သပ်သပ်ရပ်ရပ် နေတတ်ကြတယ်။
  • တချို့ကျတော့ ကိုယ့်အိမ်မှာတော့ သပ်ရပ်ကြတယ်။ သူများအိမ်ရောက်ရင် ဒါ ငါ့ အိမ် မဟုတ်ဘူး ဆိုတဲ့ အတွေးနဲ့ သူများနေရာမှာဆို ဖြစ်သလို လုပ်တတ်ကြတယ်။
  • တချို့တွေကတော့ ဘာလုပ်နေပါစေ ၊ သူတို့ ဘဝအတွက် လုပ်သမျှလေးတွေကို ဗိုလ်တဲ ဆောက်သလိုပဲ တိတိကျကျ လှလှပပ တည်ဆောက် လုပ်ကိုင်သွားကြတယ်။

အခု စာဖတ်သူကရော . . . . စာဖတ်သူ ဘဝကို . . . .

“ ဗိုလ်တဲ ” လို အရာရာ သပ်သပ်ရပ်ရပ် တည်ဆောက်ချင်ပါသလား။

“ မုဆိုးတဲ ”
လို ပြီးပြီးရော ဖြစ်သလို တည်ဆောက်ချင်ပါသလား။



တကယ်လို့ပေါ့။ သူငယ်ချင်း ဘဝကို “ ဗိုလ်တဲ ” လို သပ်သပ်ရပ်ရပ် တည်ဆောက်ချင်တယ် ဆိုရင်တော့ အခု အချိန်က စပြီး ဘာပဲ လုပ်လုပ် အရာရာကို ဂရုစိုက်ပြီး သပ်သပ်ရပ်ရပ် စဉ်းစား လုပ်ကြည့်ပါ။ လုပ်သမျှ အလုပ်တွေ အားလုံးဟာ နောင်လာနောင်သားတွေ ပြောစမှတ်ဖြစ်လောက်အောင်ကို “ ဗိုလ်တဲ ” တစ်ခုလို နာမည် တင်ကျန်နေပါလိမ့်မယ်။


လေးစားစွာဖြင့်
ကိုဇော်


http://zaw357.multiply.com/journal/item/673 မှာ 7.10.2009 ကရေးထားတာပါ။

.
Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

khin oo may said...

ကိုဇော်ကကော ဘယ်လို လူမျိုးလဲ။

လသာည said...

ဟုတ်ကဲ့ စာဖတ်သူ လသာည လာဖတ်သွားပါတယ်..း))

ဗိုလ်တဲနဲ့ မုဆိုးတဲ အခေါ်အဝေါ်နှိုင်းယှဉ်ထားတာ သဘောကျစွာ အသစ်အဆန်းအဖြစ် လေ့လာသွားပါတယ်..။

ဘယ်နေရာရောက်ရောက် ဖြစ်သလိုနေသူနဲ့ သပ်သပ်ရပ်ရပ်နေသူ လူအမျိုးမျိုးအကြောင်းလည်း ဆက်စပ် တွေးဖြစ်သွားပါတယ်.။

ဒါပေမယ့် မြန်မာလူမျိုးမုဆိုးနဲ့ အင်္ဂလိပ်လူမျိုးမုဆိုး မုဆိုးချင်းယှဉ် နှိုင်းယှဉ်မိတဲ့အထိတော့ မတွေးဖြစ်ပါဘူး..။ သူတို့ ကြီးပြင်းရာ ဒေသနဲ့ ရိုးရာထုံးတမ်းအစဉ်အလာက ရှိသေးတယ်လို့ ထင်ပါတယ်။ ပြီးတော့ ၂ မျိုးလုံးမှာ အားနည်းချက် အားသာချက်တွေ ရှိနေတယ်ဆိုတာ မုဆိုးတွေမှ သိတာလေ..။

ဘယ်လိုပဲဖြစ်ဖြစ် ဒီပိုစ်ကနေ စဉ်းစားစရာတွေရစေတဲ့အတွက် ကိုဇော်ကို ကျေးဇူးတင်ပါတယ်။

SHWE ZIN U said...

ကိုဇော် ရေ

ဖတ်စရာ ရှိတာဖတ်ပြီး တွေးစရာရှိတာ တွေးသွားပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

နေ၀သန် said...

မခင်ဦးမေလို မေးခွန်းပဲ မေးခဲ့ပါတယ်....

ခင်မင်တဲ့
နေ၀သန်

ကိုဇော် said...

အင်းးးး မေးတော့လည်း ဖြေရတာပေါ့လေ။ ဒါပေမဲ့ ကျနော်က စာထဲမှာ အကုန် သေချာ ရေးထား ပြီးသားဗျ။
အရင်ကပေါ့ဗျာ ကိုဇော် ဆိုတဲ့ ကျနော်က လှပခမ်းနားနေတဲ့ နေပြည်တော်သစ်ကြီး လိုပေါ့ဗျာ။ အရမ်းကို အသန့်ကြိုက်တာဗျို့။ အဲဒီတုန်းက ရေချိုး ၊ သနပ်ခါးလိမ်း အဲဒါတွေကို ကြာလို့ နာရီဝက်မင်းသား လို့တောင်မှ အိပ်က ရွဲ့ခေါ်သဗျ။
အခု နောက်ပိုင်းတော့ အခြေအနေ အကြောင်းကြောင်းကြောင့် အချိန်မအားလပ်တော့ ပြုပြင်မဲ့သူ မရှိဘဲ မျက်နှာလွဲ ခဲပစ် လုပ်ထားတဲ့ ရန်ကုန်မြို့တော်ကြီး လိုပါပဲဗျာ။
အဟဲ. .မေးလို့သာ ဖြေရတာနော်..ဘာပဲ ဖြစ်ဖြစ် မခင်ဦးမေ နဲ့ နေဝသန် တို့ရဲ့ တာဝန်သာ ဖြစ်ပါသည် :P

ကျနော်ရေးထားတာကို သဘောပေါက်အောင် ဖတ်ရှုမြင်အောင် ကြည့်သွားတဲ့ အစ်မ လသာည နဲ့ အစ်မ ရွှေစင်ဦး တို့ကို လေးစားစွာဖြင့် ကျေးဇူးတင်ပါတယ် ခင်ဗျာ။

*** ဒါနဲ့ ပတ်သတ်ပြီး ဒီလို လာမေးမယ် ဆိုတာ သိလို့ နောက်ဆက်တွဲပို့စ် ရှိပါသေးတယ်ဗျာ။ ***

Anonymous said...

ဆရာကြီး မောင်ထင်က ဗိုလ်ရုံ ဆိုပြီး အမည်သစ်ပေးခဲ့ပါတယ် ...အဲဒီတော့ မေးဖို့ မလို ..
ဖြေစရာ မလို ...။ကျွန်တော်လည်းေိုလ်ရုံကို ကြိုက်တယ် ...
ငြိမ်းစိုးဦး

သဒ္ဓါလှိုင်း said...

ဗိုလ်တဲနဲ့မုဆိုးတဲ့ကိုခုမှပဲခွဲခြားသိတော့တယ်..
အဲဒီထဲကမှတွေးစရာတွေ.လည်းရသွားတယ်.

ခင်မင်စွာ
သဒ္ဓါ

ခိုင်နုငယ် said...

အော်..ဗိုလ်တဲဆိုတာ..*နေပြည်တော်သစ်ကြီး *
မုဆိုးတဲဆိုတာ ....*ရန်ကုန်မြို့တော်ကြီး*ကိုး
ရှင်းပြမှပဲ..မျက်လုံးထဲကွက်ကွက်ကွင်းကွင်းပါပဲ။:P:P

ခင်မင်စွာဖြင့်
ခိုင်နုငယ်

chindwinthu said...

ကိုဇော်ရဲ့ ပို့စ် ကို ဖတ်ပြီး အခု လက်ရှိ ကိုယ်က ဗိုလ်တဲလား၊ မုဆိုးတဲလား ဆိုပြီး တွေးနေမိပါကြောင်း....:)

ချိုကျ said...

သတိပြုစရာ ပို့စ် လေးတစ်ခုပါအစ်ကိုရေ....

ခင်တဲ့(ချိုကျ)

Unknown said...

ကိုဇော်ရေ...
တွေးရင်းနဲ့ တွေးရင်းနဲ့..ကိုယ့်မှာပြင်စရာတွေအများကြီးဆိုတာ သိလာရတယ်
ပျော်ရွှင်ပါစေ
ခင်မင်တဲ့
ရွှေဂဲ

ဆောင်းနှင်းရွက် said...

ဖတ်ပြီး အတွေးလေးတွေ
ခေါင်းထဲ ၀င်သွားတယ် ... >>

ဖိုးသား said...

PYIN OO LWIN တော့ရောက်ဘူးတယ်အစ်ကိုဗိုလ်တဲကိုတော့မရောက်ဖူးဖူး ဗဟုသုတရပါတယ်

Anonymous said...

ရပြီရပြီ မန့်လို့း)
ဗိုလ်တဲနဲ့ မုဆိုးတဲ သိပြီ
ဗိုလ်ရုံက တော့မသိဖူးဗျာ့
ဗိုလ်တဲလိုတည်ဆောက်ချင်ပါတယ် အစ်ကိုရ

မောင်ဘကြိုင်

တာရာမင်းဝေ အမှတ်တရကဗျာလေးက သူ့စာအုပ်တွေ ပြန်ရှာဖတ်ဖို့တွန်းအားပေးလိုက်ပြန်ပြီး) ပေါင်းမန့်ခဲ့တာ အောက်မှာကလစ်ရင် တက်ချင်မတက်လာမှာမို့း)

မောင်ဘကြိုင်

ညလင်းအိမ် said...

သဘောပေါက်ပါတယ် ... သဘောပေါက်သွားတယ် ... သဘောပေါက်ခဲ့တယ်း)

ရွေနတ်သား said...

ကျွန်တော့်ဇာတိမြို့ လေးက အိမ်နောက်က တောင်ထိပ်မှာ ဗိုလ်တဲ လို့ ခေါ်တဲ့  အိမ်တစ်လုံးရှိတယ်ဗျ....ဗိုလ်တဲဆိုပေမဲ့  တကယ်ကို
အုတ်တွေနဲ့ နှစ်ထပ် ဆောက်ထားတာ...ငယ်ငယ်တုန်းကတော့ ကျွန်တော်တို့ အတွက် ဆော့ကစားကြတဲ့ နေရာပေါ့
လူသူစွန့် ပစ်ထားတာကြာတော့ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ ....အခုတော့ ဟိုတယ်ဖွင့်ထားတယ်တဲ့ ဗျ....
ဗိုလ်တဲနဲ့ မုဆိုးတဲ ကိုအကြောင်းပြုပြီးလူ့ သဘာဝ လေးတွေကို ချပြသွားတာ ဖတ်လို့ ကောင်းတယ်ကိုဇော်ရေ....ဂွတ်

မောင်မျိုး said...

ဗိုလ်တဲမှာတော့နေချင်ပါတယ် ကိုဇော်ရေ...ဒါပေမယ့် ကြောက်တယ်ဗျ၊ မုဆိုးတဲမှာဘဲနေတောမယ်ဗျာ။ နောက်တစ်ခါ နာဂစ်မလာဘူးဆိုရင်ပေါ့လေ။ ဗိုလ်တဲက ဘယ်အချိန် ဗုံးမှန်မလဲ မသိဘူးနော်....ဟီး.....