မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


19 August 2010

17 တော်တယ်ဆိုတဲ့ သူများအကြောင်း



တစ်ခါက . . . .


လူတစ်ယောက်ဟာ ချောက်ထဲ ကျတော့မဲ့ မြည်းတစ်ကောင်ရဲ့အမြီးကို ဆွဲပြီး ချောက်နှုတ်ခမ်းပေါ်ကို ဆွဲတင်ဖို့ ကြိုးစားနေသတဲ့။ ဒါပေမဲ့ မြည်းကလည်း ကြောက်လန့်တကြား ရုန်းကန်နေတော့ သူပါ ချောက်ထဲကျမလို ဖြစ်နေတာကြောင့် ဆွဲမတင်ဖြစ်တော့ပဲ နောက်ဆုံးမှာ လွှတ်ချလိုက်ရသတဲ့။ ဒီ့အတွက် စာသားလေး တစ်ခု ရလာပါသည်။

“ တကယ်တော့ တစ်စိတ်တစ်ပိုင်းကို ရတယ်ဆိုတာ တစ်ခုလုံးကို ရတာ မဟုတ်ဘူး။ ”




Online မှာ တွေ့ရသော ကျွန်တော့်သူငယ်ချင်းတွေဟာ တော်ကြပါတယ်။

  • တချို့တွေက အလွန်ကို တော်ကြပါတယ်။
  • တချို့တွေကျတော့ တော်နေတဲ့ သူတွေကို ကြည့်ပြီး အတုယူကြတယ်။
  • တချို့တွေကျတော့ တော်နေတဲ့ သူတွေကို ကြည့်ပြီး အားကျကြတယ်။
  • တချို့တွေကျတော့ တော်နေတဲ့ သူတွေကို ကြည့်ပြီး အားငယ်ကြတယ် တဲ့။

ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော် အကြောင်းအရာလေး တစ်ခု ပြောပြပါ့မယ်။

(၁၀) တန်းတုန်းက ကျွန်တော်မှာ သူငယ်ချင်းတစ်ယောက် ရှိတယ်။ ကျွန်တော်နဲ့ စာပြိုင်ဘက်။ သူက ပိုတော်ပါတယ်။ (၁၀) တန်းရောက်လို့ ကျောင်းကထွက်ပြီး အပြင်ဖြေဖို့ ကျူရှင်တတ်တော့လည်း အတူတူပဲ။ သူနဲ့ ကျွန်တော်က ရေစက်ပါတယ် ပြောရမယ်။ ဘာလုပ်လုပ် အမြဲတွေ့နေတတ်တယ်။ သူ့ နာမည် “ စိုင်း ----- ” လို့ခေါ်တယ်။

ဘာသာစုံမှာ ထူးချွန်တယ်။ တတ်တဲ့ကျူရှင်က ဘာသာရပ်တိုင်းရဲ့ လစဉ်စာမေးပွဲမှာ နံပါတ် (၁) ချည်းပဲ။ ကျွန်တော်ကတော့ ဒီလိုပါပဲ။ ဆရာတွေ အားလုံးကလည်း သူကို တော်တော် မျှော်မှန်းထားတာပါ။ ဘာသာစုံ ပါလာနိုင်တယ် ပေါ့လေ။ တကယ်လည်း သူကြိုးစားပါတယ်။ ဒါပေမဲ့ ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ ပုံပြင်လေးလို “ တစိတ်တပိုင်းကိုရတာ တစ်ခုလုံးကို ရတာ မဟုတ်ဘူး ”ဆိုတာ သူ သဘော မပေါက်ခဲ့ဘူး။

အောင်စာရင်းတွေထွက် အမှတ်စာရင်းထုတ်ရလို့ သွားထုတ်ပြီးတော့ သူ မျက်ရည်တွေ ဒုတိယ အကြိမ် မျက်ရည်တွေ ကျတယ်။ အောင်စာရင်းထွက်တော့ နောက်မှ ဘာမှ မပါလို့ ပထမ အကြိမ် မျက်ရည်တွေ ကျရတယ်။ သူ့အမှတ်တွေ ဆိုးဆိုးဝါးဝါး နည်းနေတယ်။ သူ့ကိုယ်သူလည်း မယုံနိုင်ဘူး။ ကျွန်တော်တို့ လည်း မယုံနိုင်ဖြစ်ခဲ့ရတယ်။

ဒါနဲ့ ကျွန်တော်တို့တုန်းက တက္ကသိုလ်တွေက ပိတ်ထားလို့ ဒဂုံတက္ကသိုလ်ပဲ တတ်တော့ သူနဲ့ကျွန်တော် မေဂျာ စကွဲတယ်။ နောက် ကျွန်တော် အိမ်က ကားပစ္စည်းအလုပ်ကိုပဲ ဝိုင်းလုပ်ပြီး (တကယ်တော့ လုပ်တယ်ဆိုပြီး မုန့်ဖိုး ရအောင် ယောင်တာပါ။) သူကတော့ အိမ်မှာ ယောင်ဝါးဝါးပါပဲ။

ဒါလိုနဲ့ အရင်လို တတွဲတွဲ မနေဖြစ်ကြပေမဲ့ ၃ ရပ်ကွက်လောက်ပဲခြား ၊ အချစ်ဆုံး သူငယ်ချင်းတွေ ဆိုတော့ တွေ့ဖြစ်ပါတယ်။ ဒီလိုနဲ့ မတွေ့ဖြစ်တာ ၂ လလောက်ကြာပြီးမှ သူနဲ့တွေ့တော့ ....

“ မင်း ဘာတွေလုပ်နေလဲ။”

လို့မေးမိတယ်။

“ အေးကွာ ငါ့ကို ငါ့အကိုက စင်ကာပူ ကနေလှမ်းခေါ်နေတယ်။ မသွားချင်သေးဘူး။ ငါ့ဘက်က အဆင်သင့် မဖြစ်သေးဘူး။”

“ အမ် မင်းက ဘာအဆင်သင့် မဖြစ်သေးတာလဲ။”

“ ဒီလိုလေကွာ စင်ကာပူ ကကောင်တွေက အရမ်း Bright ဖြစ်တယ်လေကွာ။ သူတို့နဲ့ယှဉ်နိုင်ဖို့ ငါ Eng; တွေ ၊ Computer တွေလေ့လာရဦးမယ်လေ ။ ဒါတွေလိုသေးတယ်လေကွ။ ”

“ အင်းလေ လေ့လာပေါ့ကွ။ ”

ကျွန်တော် ဒါပဲ ပြောခဲ့ပါသေးတယ်။ နောင် ၆ လကြာတော့ သူနဲ့ ကျွန်တော် တွေ့တော့ သူမှာ မပြည့်သေးဘူး။ တောင် ၁ နှစ်ကျော်လို့ တွေ့တော့လည်း သူ့ကိုယ်သူ အားမရသေးဘူး။ ဒီမှာ ကျွန်တော်က အိမ်မှာလည်း ယောင်တောင်တောင် ၊ အတူတူ သူငယ်ချင်းတစ်ယောက်နဲ့ မလေးရှား သွားတာမှာ ရောယောင်ပြီး ကျွန်တော်ပါ မလေးရှား ရောက်လာခဲ့တယ်။ ကျွန်တော် ဘာအလုပ်မှ မလုပ်ဖူးပါ အိမ်မှာတောင်မှ ယောင်စိန်လေ။ ဒါပေမဲ့  ကျွန်တော်မှာ တစ်ခုတော့ ရှိတယ်။

“ အခု လုပ်နေတဲ့ အလုပ်ကို ကျွန်တော် ကြိုးကြိုးစားစား လုပ်တတ်တာပါ။”

ကျွန်တော့် အဖေကလည်း ကျွန်တော့်ကို ဒီလိုပဲ လေ့ကျင့်ပေးထားတယ်။ ဒါနဲ့ မလေးရှားမှာ ၄ နှစ်ကြာပြီး ကျွန်တော် မြန်မာနိုင်ငံကို ခဏပြန်ရောက်တော့ ၊ ရောက်ပြီး တစ်ပတ်လောက်နေတော့ သူနဲ့ တွေ့တယ်။ မတွေ့တာကြာတော့ ဝမ်းသာအားရနဲ့...

“ ဟေ့ကောင် မင်း ဘာတွေလုပ်နေလဲ။”

သူပြန်ဖြေပါတယ်။

သူ အခု အထိ စင်ကာပူ က လူတွေရဲ့ Bright ကို ယှဉ်နိုင်ဖို့ လေ့လာလို့ မကုန်သေးဘူး တဲ့လေ။

“ ထားပါတော့ မင်းအခု ဘာတွေလုပ်နေလဲ ။ ”

ဆိုတော့ သူ ကျွန်တော့်ကို သူ့အိမ်ခေါ်သွားတယ်။ အိမ်က သူ့ကို အမွေအဖြစ် ဝယ်ပေးထားတဲ့ အိမ်တစ်လုံးမှာ သူတစ်ယောက်တည်း ငါးတွေမွေး ၊ ပန်းပင်တွေစိုက်နေတယ်။ သူ စိတ်ကူးပေါက်ရာ လုပ်နေတာပါ။ သူအခု လုပ်ချင်နေတာက Kiss Me Quick အပင် မျိုးကောင်းကောင်း စိုက်ချင်နေတယ် တဲ့လေ။ ဘာရည်ရွယ်ချက်လည်း ကျွန်တော် မမေးမိတော့ပါ။ ကျွန်တော် ဒီလိုပဲ ပြန်လာခဲ့တယ်။

ဒါကြောင့် ကျွန်တော် လိုရင်းပဲ ပြောပါတော့မယ်။

လူဆိုတာ သူများနဲ့ မပြိုင်ပါနဲ့ ၊ ကိုယ့်ကိုယ်ကိုယ်ပဲ ပြိုင်ပေးပါ။ ကျွန်တော်တို့ရဲက စိန်ဗေဒါကြီးက ဒီလိုပြောခဲ့ပါတယ်။

“ မနေ့က စိတ်ဗေဒါ ထက် ဒီနေ့ စိန်ဗေဒါ သာအောင် ကြိုးစားနေတာ။”

တဲ့လေ။

ဘယ်မှာမှန်း မသိတဲ့ စင်ကာပူ က လူတွေကို မယှဉ်နိုင်မှာ စိုးလို့ အခြေအနေ ရှိရဲ့သားနဲ့ စင်ကာပူ သွားဖို့ နေ့ရွေ့ ညရွေ့ ရွေ့နေတဲ့ ကျွန်တော့်သူငယ်ချင်းကို ကျွန်တော် စိတ်မကောင်းပါ။ သူဟာ ယှဉ်ပြိုင်မှုကို ကြောက်ရွံတတ်သူလား လို့လည်း ကျွန်တော် စဉ်းစားမိပါတယ်။

“ အသံကောင်းတဲ့ ငှက်တွေသာ တေးသီရမယ် ဆိုရင် တတောလုံး တိတ်ဆိတ်နေမှာပေါ့။”

ဆိုတဲ့ စကားပုံလေး ရှိပါတယ်။ အရာရာ အဆင်သင့် ဖြစ်မှ စင်ကာပူ သွားမယ်ဆိုတဲ့ ကျွန်တော့် သူငယ်ချင်း ဘယ်တော့မှ စင်ကာပူ ကို သွားဖြစ်တော့ မှာ မဟုတ်ဘူးလို့လဲ ခံယူမိပါတယ်။ စင်ကာပူသားတွေကလည်း သူ့တို့ ကိုယ်သူတို့ တိုးတတ်နေအောင် ကြိုးစားနေကြမှာလေ။ သူ ဘယ်တော့မှ လိုက်မှီတော့မယ် မထင်တော့ပါ။

ဒါကြောင့် Online က ကျွန်တော့် သူငယ်ချင်းတွေ အားလုံးကို ပြောချင်လို့ ရေးလိုက်တာပါ။ ဘယ်သူတွေ ဘယ်လောက် တော်နေတယ် ဆိုပြီး အားငယ်နေစရာ မလို ၊ စိတ်ပျက်နေစရာ မလိုပါ။ ကိုယ့်ကိုယ်ကိုယ်ပဲ တစ်နေ့ထက် တစ်နေ့ တိုးတတ်အောင် ကြိုးစား ယှဉ်ပြိုင်လိုက်ပါ သူငယ်ချင်း။ တစ်နေ့ထက် တစ်နေ့သာ ပိုသိ ၊ ပိုတတ်အောင် ကြိုးစားပါ။

အရင်က တော်ပါတယ်ဆိုတဲ့ လူတွေဟာ တစ်နေ့ ကိုယ့်နောက်တော်တော်များများမှာ ကျန်နေခဲ့တာ တွေ့ရပါလိမ့်မယ်။



လေးစားစွာဖြင့်
ကိုဇော် ခံစားတင်ပြသည်။

http://zaw357.multiply.com/journal/item/355/355 မှာ 24.5.2009 ကရေးထားတာပါ။

.

Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

Flower said...

တော်တဲ့လူတွေကိုကြည့်ပြီး အားကျတဲ့အထဲမှာ ကျွန်မလဲ ပါတယ်.. သူတို့လို တော်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ကိုမွေးမြူရင်းပေါ့.... အားကျရမဲ့ လူတော်တွေရှိနေတာကိုကလည်း ကြိုးစားချင်စိတ် တွေကို ဖြစ်စေတဲ့ အကြောင်းတစ်ရပ် ထဲမှာ ပါ ပါတယ်.. လူတော်တွေများလေ ကောင်းလေပေါ့နော်...

ကိုရီး{ကိုကြီး} said...

အသံကောင်းတဲ့ ငှက်တွေသာ တေးသီရမယ်ဆိုရင် တတောလုံး တိတ်ဆိတ်နေမှာပေါ့.....
ဒီပိုစ့်ကို ဖတ်ပြီး ဒီလို မန့်ရတာ ဒီနေ့ အရသာရှိတယ်ဗျာ......

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ညီမိုး said...

ကောင်းလိုက်တာ ဦးဇော် ..
လူ ဆိုတာ ကို့ပါသာ ပြိုင်တာ အကောင်းဆုံးပါပဲ ..
မနက်ဖြန်မှာ အသက်ဆက်ရှင်မယ့် ကျွန်တော်ဟာ ဒီနေ့ ကျွန်တော် ထက်တော့ ကောင်းတဲ့ဘက်တစ်ခုခုမှာ ပိုတော်လာရမှာပါပဲ ....

မိုးယံ said...

ဦးလေးဇော်-- တားက ကိုယ့်ကိုယ်ကို ပြိုင်(မကျေမချမ်းဖြစ်)နေတာလေ။ ဦးဇော် စာလေးဖတ်မိတော့ ပိုပြီး အားတက်မိတယ်။အဲဒီကောင်မိုးယံကို မနက်ဖြန် ကျွန်တော် နိုင်အောင်ပြိုင်မယ်ဂျာ ။ ကျေးကျေး

ငြိမ်းချမ်းပါစေ
မိုးယံ

sv said...

အဟောင်းပြန်တင်တာ ဆိုပေမယ့်လည်း ပို.စ်ကောင်းတခုပါ........

ပျော်ရွှင်ပါစေ....
sv

မောင်မျိုး said...

လိုက်နာကျင့်သုံးရမယ့် အချက်ကို မြင်သွားတယ် ကျေးဇူးပါ ကိုဇော် ။

ဖိုးသား said...

လူဆိုတာကတော့ ဘက်စုံကတော့ မတော်နိုင်ပါဘူး တစ်ထောင့်တစ်နေရာတော့ အားနည်းချက်ဆိုတာရှိဆဲ ပါ ပြည့်စုံအောင်တော့ တက်နိုင်သလောက် ဖြည့်ရတာပဲလေ မှတ်သားသွားပါတယ်

bolion said...

ဘယ်သူမှ သေသည်အထိ ပညာရည်ပြည့်စုံသွားတဲ့ လူမျိုးမရှိပါဘူး
လူတိုင်းဟာ ကိုယ်တက်သလောက်နဲ့ ကိုယ်လုပ်နေကြတာပါပဲ။
အလုပ်အတွက် ပညာရည်ပြည့်ဝ ဖို့ လိုတယ်ဆိုတဲ့ အယူအဆထက်
လုပ်ရင်းသင်သွားပါ ဆိုတာကို ကျွန်တော်ပိုကြိုက်ပါတယ်။
ကျွန်တော်ကတော့ အားလုံးကို အလုပ်လုပ်စေချင်ပါတယ်။

koyinkomin said...

ဘယ်သူမှ သေသည်အထိ ပညာရည်ပြည့်စုံသွားတဲ့ လူမျိုးမရှိပါဘူး
လူတိုင်းဟာ ကိုယ်တက်သလောက်နဲ့ ကိုယ်လုပ်နေကြတာပါပဲ။
အလုပ်အတွက် ပညာရည်ပြည့်ဝ ဖို့ လိုတယ်ဆိုတဲ့ အယူအဆထက်
လုပ်ရင်းသင်သွားပါ ဆိုတာကို ကျွန်တော်ပိုကြိုက်ပါတယ်။
ကျွန်တော်ကတော့ အားလုံးကို အလုပ်လုပ်စေချင်ပါတယ်။

ခိုင်နုငယ် said...

အသံကောင်းတဲ့ ငှက်တွေသာ တေးသီရမယ်ဆိုရင် တတောလုံး တိတ်ဆိတ်နေမှာပေါ့...
ဒီစာသားလေးကြိုက်တယ်ဗျာ။
မှတ်သားသွားပါတယ်။
ကျေးဇူး

ခင်မင်စွာဖြင့်
ခိုင်နုငယ်

နေ၀သန် said...

သူများနဲ့ပြိုင်တိုင်းမကောင်းတာမဟုတ်ပါဘူး.. အဓိကကတော့ စိတ်ထဲမှာ ထားတတ်ဖို့ပဲ.. ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အတ္တတွေ၊ ပြိုင်ဆိုင်မှုတွေ လွန်လာရင်တော့ ကိုယ့်ဘာသာကိုယ်ပြိုင်နေလည်း မကောင်းဘူး...


ခင်မင်တဲ့
နေ၀သန်

Anonymous said...

ဖတ်သင့် မှတ်သင့်တဲ့ စာကောင်းတစ်ဗုဒ် ပါ အစ်ကို
ဘဝရဲ့ အားဆေးကို တိုက်ကျွေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ....

ခင်မင်လျှက်
ညီငယ်
နေဇော်လင်း

နွေဆူးလင်္ကာ said...

စကားပုံလေးတွေဖတ်ပြီး ကြိုက်တယ် .. ကျနော်လည်း စကားပုံ ရေးလိုက်တယ် ... တော်တဲ့သူတွေသာ ဘလော့ဂ်ရေးရမယ်ဆို အွန်လိုင်းကြီး တိတ်ဆိတ်နေမှာပေါ့ .. တကယ်တော့ ကျနော်လည်း မတော်ပါဘူး .. လူတိုင်း အပြည့်စုံဆုံးဆိုတာ မဖြစ်နိုင်ပါဘူး ။

Anonymous said...

း) ကိုဇော်သူငယ်ချင်းလို သူငယ်ချင်းတစ်ယောက်တကယ်ရှိတယ် အခုထိသင်တန်း တွေတက်လို့မပြီးသေးဖူး စင်္ကာပူသွား မလို့လုပ်နေတာ ကျွန်တော်တို့သူငယ်ချင်းအဖွဲ့ထဲက သုံးယောက်မလေးမှာ ၇နှစ်ကျော်ကျော်နေပြီးပြန်လာတဲ့ အထိသူပြင်ဆင်မပြီးသေးဖူး သောင်းရွှေတဲ့ သူငယ်ချင်းက သူ့တွေ့ရင် မင်းဘာလုပ်နေလဲလို့မမေးကြ ဖူး မင်းဘာသင်တန်းဘာကျောင်းတက်နေတုန်းဆိုတဲ့ မေးခွန်းကိုပဲမေးဖြစ်ကြတယ်

မောင်ဘကြိုင်

Anonymous said...

ကိုယ့်ကို ကိုယ်ပြန်သုံးသပ်သွားပါတယ်။ ညီမလည်း အဲလို မဖြစ်ရအောင်. ကိုဇော့် ကို ကျေးဇူးတင်ပါတယ်။ ဒီလို အကျိုးပြု စာတွေ များများရေးနိုင်ပါစေ

ဂျက်လီ said...

ဒီလိုအကျိုးပြုစာတွေဖတ်ရတာအရမ်းကောင်းပါတယ်

ရောင်နီလင်း said...

ဒီပို့ စ်လေးဖတ့် ပြီးဘာမှန်းမသိအားတက့် မိပါတယ်..
ကျေးဇူးပါကိုဇော်