မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 August 2010

11 စရိုက်လက္ခဏာ


တစ်ခါက

ဆိုကရေးတီးကို ဂရိပြည်မှာ နာမည်အကျော်ကြားဆုံး လက္ခဏာဖတ်ပုဂ္ဂိုလ်ကြီးက ဆိုကရေးတီးရဲ့ ရုပ်လက္ခဏာကို ဖတ်ပါရစေလို့ ခွင့်တောင်းတယ်။ ဆိုကရေးတီးကလည်း ချောချောချူချူပါပဲ ခွင့်ပြုခဲ့တယ်။ ဒီတော့ လက္ခဏာဖတ်ပုဂ္ဂိုလ်ကြီးက ဆိုကရေတီးရဲ့ မျက်နှာသွင်ပြင် ၊ ခန္ဒာကိုယ် အချိုးအဆစ် ၊ လက်ဖဝါးပေါ်မှာ အရေးအကြောင်းများ ၊ ခြေဖဝါးမှ အရေးအကြောင်းများကို သေချာ စစ်ဆေးပြီး စာရွက်လေးတစ်ရွက်မှာ ချရေးထားတယ်။

တကယ်တော့ ဆိုကရေးတီးဆိုတာ အတွေးအခေါ်အရ အလွန်ကို ထင်ရှားအောင်မြင်ပြီး စိတ်ဓါတ်ရေးရာလည်း အလွန် လေးစားလောက်သော ပုဂ္ဂိုလ်ဆိုတော့ သူ့ကို လေးစားဆည်းကပ်သူ တပည့်တပန်းတွေကလည်း အလွန်များပြားလှတယ်။ သူတို့ကလည်း လက္ခဏာဖတ် ပုဂ္ဂိုလ်ကြီးက သူတို့ရဲ့ ဆရာကို ဘယ်လိုများ ကောက်ချက်ချမလဲလို့ အလွန် စိတ်ဝင်စားနေကြတယ်။ ဒါကြောင့် အခု လက္ခဏာဖတ်နေတဲ့ အချိန်မှာ လာရောက်ကြည့်ရှုသူ အလွန်များပြားနေတယ်။

ဒီအချိန်မှာ လက္ခဏာဖတ်ပုဂ္ဂိုလ်ကြီးက ဆိုကရေးတီးဆီကနေ သူလက္ခဏာဖတ်လို့ ရလာတဲ့ အချက်အလက်များ စာရွက်ပေါ်မှာ ချရေးထားတာတွေကို စုစည်းပြီး စာရွက်ကို တစ်ချက် ဆိုကရေးတီး မျက်နှာကို တစ်ချက်ကြည့်ပြီး....

“ ကျွန်တော် ရရှိလာတဲ့ အချက်အလက်တွေကို အမှန်အတိုင်းပြောပါရစေ။ ”

ဒီတော့ ဆိုကရေးတီးကြီးက ပြုံးရယ်ရင်း. . .

“ ပြောပေါ့ဗျာ။ ဒီလောက် အချိန်မကုန်ခံပြီး ဆရာကြီး လေ့လာမှတ်သားထားတာ။ နောက် အခု အချိန်အကုန်ခံပြီး ကျွန်တော့်ဆီက လက္ခဏာလာ ဖတ်ထားရတာလေ။ ကျွန်တော်ကလည်း အမှန်အတိုင်းပဲ သိချင်ပါတယ်။ ”

ဒီတော့ လက္ခဏာဖတ် ပုဂ္ဂိုလ်ကြီးက သူရရှိလာတဲ့ စာရွက်လေးကို သေချာကြည့်ရင်း. . .

“ လက္ခဏာဖတ် ပညာကနေ ရရှိလာတဲ့ အချက်အလက် အရတော့ ဒီလိုမျက်နှာ သွင်ပြင်ပိုင်ဆိုင်သူ ၊ ဒီလို ရုပ်ရည်လက္ခဏာ ရှိသူ ၊ ဒီလို ခန္ဓာကိုယ်အချိုးအဆစ်ရှိသူ ၊ ဒီလို ခြေလက် အင်္ဂါရှိသူတွေဟာ အလွန် အတ္တကြီးတယ်။ အလွန် မာနထောင်လွှားတယ်။ အလွန် ကောက်ကျစ်စဉ်းလဲကြတယ်။ အလွန်ယုတ်မာကြတယ်။ အလွန် ရက်စက် ကြမ်းကြုတ်ကြတယ်။ အလွန် တဏှာရာဂ ကြီးမားကြတယ်။ အလွန် ကာမဂုဏ်ကို နှစ်သက်ကြတယ်။ အလွန် အတွေးအခေါ် အမှားတွေ လုပ်တတ်ကြတယ်။

ပြီးတော့ ဒီလို ခြေတံလက်တံတွေက သူများကို ရက်စက်ရိုက်နှက်ရမှ ကျေနပ်သူ ၊ သူများကို ချောက်တွန်းရမှ ပျော်ရွှင်သူ ၊ သူများကို ပုတ်ခတ်ပြောဆိုရမှ နေရတာ အဆင်ပြေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ”


လက္ခဏာဖတ်ပုဂ္ဂိုလ်ကြီးက ဒီလို ဆိုကရေးတီးရဲ့ ရုပ်သွင်ပြင်ကို လက္ခဏာဖတ်ပြီးတော့ ဆိုကရေးတီးရဲ့ တပည့်တစ်ဝက်က လက္ခဏာဖတ်ပုဂ္ဂိုလ်ကြီးကို လှောင်ပြောင်ရယ်မောကြတယ်။ ကျန်တဲ့ တစ်ဝက်ကတော့ လက္ခဏာဖတ် ပုဂ္ဂိုလ်ကြီးကို ဒေါသထွက်လို့ ရန်ပြုဖို့ လှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်။

ဒါပေမဲ့ ဒီအချိန်အထိ လက္ခဏာဖတ်ပုဂ္ဂိုလ်ကြီး ပြောသမျှကို ဂရုတစိုက်နဲ့ ငြိမ်သက်စွာ နားထောင်နေတာကတော့ “ ဆိုကရေးတီး ” ပါပဲ။ လက္ခဏာဖတ် ပုဂ္ဂိုလ်ကြီး သူ့ကို လက္ခဏာဖတ်တာလည်း အလုံးစုံပြီးရော သူက လှုပ်လှုပ်ရှားရှား အော်ဟစ်လှောင်ပြောင်နေတဲ့ သူ့တပည့်တွေကိုရော ၊ ဒေါသထွက်ပြီး ရန်လိုတဲ့ သူ့တပည့်တွေကိုရော ခဏငြိမ်ခိုင်းလိုက်ပြီး. . .

“ မှန်တယ် တပည့်တို့ ။ ဒီလက္ခဏာ ဆရာကြီး ဟောသွားတာတွေဟာ တစ်ခုမှ မလွဲပါဘူး။ ”

ဆိုကရေးတီးကလည်း ဒီလို ပြောလိုက်ရော သူတပည့်တွေ နဲ့ လာရောက်ကြည့်ရှုနေသူ အားလုံး “ ဟာ ” ခနဲ့ ၊“ ဟင် ” ခနဲ့ ဖြစ်သွားကြတယ်။ သူ့တပည့်တော့လည်း သူတို့ဆရာ ဘာလို့ ဒီလို ပြောတယ် ဆိုတာ နားမလည်ကြဘူးပေါ့။ သူတို့ အမြင်မှာ သူတို့ဆရာက အခု လက္ခဏာဆရာကြီး ပြောသွားတာနဲ့ တစ်ခုမှ မမှန်ပဲ အားလုံး စိတ်ဓါတ် ၊ စရိုက် ၊ အကျင့်သီလတွေက အားလုံးကောင်းနေတာကိုး။

ဒီအချိန်မှာ ဆိုကရေးတီးက ဆက်ပြောတယ်။

“ အခု ဒီ လက္ခဏာဆရာကြီး ဟောပြောသွားတာတွေဟာ တကယ်ကို ကျွန်ုပ် ခန္ဒာကိုယ်ထဲမှာ ရှိနေတဲ့ စရိုက်လက္ခဏာတွေပါပဲ။ တကယ်လည်း ကျွန်ုပ်စိတ်ထဲမှာ တကယ်ကို ရှိနေခဲ့ပါတယ်။ သို့သော် စရိုက်လက္ခဏာဆိုတာကို အကျင့် ၊ သီလ ၊ သမာဓိ ကို သတိလေးနဲ့ ထိန်းကျောင်းပြုပြင်ပြီး မကောင်းတဲ့ စရိုက်လက္ခဏာတွေကို အသုံးမချမိပဲ ၊ ကောင်းတဲ့ စရိုက်လက္ခဏာတွေသာ ကျွန်ုပ် ခန္ဓာကိုယ်ပေါ်မှာ အစဉ်ကပ်နေအောင် သတိထားပြီး ထိန်းကျောင်းနိုင်ခဲ့လို့သာ ကျွန်ုပ်ရဲ့ ကိုယ်တွင်းက မကောင်းသော စရိုက်လက္ခဏာများ ပေါ်လာခွင့်မရတော့တာပါ။

တကယ်လို့ သတိလေးနဲ့သာ ထိန်းကျောင်းပြုပြင်ခြင်း မရှိဘူးဆိုရင် ကျွန်ုပ်ရင်တွင်းမှ မကောင်းသော စရိုက်လက္ခဏာများက အစဉ်အမြဲ ကပ်ငြိနေမှာပါပဲ။ ဒါကြောင့် အခု ဒီလက္ခဏာဖတ် ပုဂ္ဂိုလ်ကြီး ဟောကြားချက်တွေက တကယ်ကို ရာနှုန်းပြည့်မှန်ပါတယ်။ ”

ဒါနဲ့ပဲ ဆိုကရေးတီး တပည့်များဟာ သူတို့ခုနက သတိနဲ့ မထိန်းမိပဲ သူတို့ စရိုက်လက္ခဏာပေါ်လာပြီး လက္ခဏာဖတ် ပုဂ္ဂိုလ်ကြီးကို လှောင်ပြောင်ရယ်မော မိသူများ ၊ ဒေါသနဲ့ ရန်ပြုချင်များကလည်း ပြန်လည်တောင်းပန်ခဲ့ကြပါတယ်။




Thomas HobbesCharacter ကို ကိုဇော် ခံစားပုံဖော်သည်။

နောက်ဆက်တွဲ

တကယ်တော့ ဆိုကရေးတီးဆိုတာ ရုပ်ချောသူမဟုတ်ပါဘူး။ လွန်စွာမှ ရုပ်ရည်ကြမ်းတမ်းပြီး သူ့ကို မြင်သမျှလူတွေကို ကြောက်လန့်လှောင်ပြောင်ခြင်း ခံရသူပါ။ ဒါကို မခံချင်စိတ်နဲ့ ကြိုးစားရာမှ သူတစ်ပါးလို ရုပ်မလှနိုင်သော်လည်း စိတ်ဓါတ်ရေးရာ မြင့်မားပြီး အတွေးအခေါ်ကောင်းတွေ ဖြန့်ဝေလာနိုင်တာပါ။

စာဖတ်သူများ ဆိုကရေးတီးကို မမြင်ဖူးမှာစိုးလို့ သူ့ပုံတွေပါ တင်ပြလိုက်ပါတယ်။









 

လေးစားစွာဖြင့်
ကိုဇော်



Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

သူကြီးမင်း (တုံးဖလား) said...

အံမယ်.. ထူးထူးဆန်းဆန်း တစ် နေရာတွေ ရနေပါလား။ အလာထူးပါ့။

ဟုတ်တယ်ဗျ။ အတ္တဆိုတာကတော့ လူတိုင်းမှာ ရှိကြတာချည်းပါဘဲ။ ဒါပေမဲ အဲဒီအတ္တကို ဘယ်လို အသုံးချမယ်၊ ဘယ်လိုင်ကွယ်တွယ်ဖြေရှင်းမယ်၊ ဘယ်လို ထိန်းချုပ်မယ်ဆိုတာကတော့ ကွာကြတာပေါ့ဗျာ။

အခုမှဘဲ ဒီပုံပြင်ကို ဖတ်ဖူးတာပါ။ တကယ်ကို တော်တဲ့ ပုဂ္ဂိုလ်ထူးကြီးပါဘဲ။ ဒါကြောင့်လဲ ဒီလောက် နာမည်ကြီးခဲ့တာကိုး။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

ကိုဇော်

ကျနော် လည်း အခုမှ ဖတ်ဘူးတယ် ကောင်းလိုက်တာ သိရတာ ကျေးဇူးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

noblemoe said...

ခုမှဒီကြောင်းကိုသိရတာ စာဖတ်လို့ ကောင်းလိုက်တာ
ပိုစ့်ကောင်းလေးပါ။
သာယာချမ်းမြေ့ပါစေနော်
မိုး

noblemoe said...

ခုမှဒီကြောင်းကိုသိရတာ စာဖတ်လို့ ကောင်းလိုက်တာ
ပိုစ့်ကောင်းလေးပါ။
သာယာချမ်းမြေ့ပါစေနော်
မိုး

Unknown said...

ကိုဇော်ရေ..
ရောက်တယ်..
ဘယ်လိုမျိုး စရိုက်လက္ခဏာရှိရှိ သတိနဲ့ဆင်ခြင်နိုင်ဖို့အရေးကြီးတယ်ပေါ့နော်..
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
ရွှေဂဲ

ကိုအောင် said...

စာလာဖတ်တယ် ကိုဇော်ရေ အားပေးလျက်။

ချိုကျ said...

ကိုဇော်ရေ.....ခုအကြောင်းအရာလေးကို ကြားဖူးတယ်။ ဒါပေမယ့် ခုမှပြည့်စုံသွားတော့တယ်။ ကျေးဇူးပါပဲဗျာ။

ခင်တဲ့(ချိုကျ)

ဝက်ဝံလေး said...

ကိုဇော် စာလာဖတ်တယ်ဝေ့ ဝက် က မအားလို့ ကိုဇော်က ဝက်အသစ်တင်တော့လာဖတ်တယ်တော့ ကျေးဇူး အခါတသိန်း
အားတုံးလေး စာကြွေးလာရှင်းတယ်ဗျ
ပန်းနဲ့ရေးတဲ့ပုံပြင် ဒေါင်းသွားကြောင်းနဲ့ မိန်းကလေးများ ရှောင်သင့်တဲ့စကားဆိုတာကိုမှတ်သွားပါတယ်
ဟို ဘုန်းကြီး ၂ ပါးကိုလဲ ဖတ်သွားတယ် မှတ်သွားတယ်

ဘိုင် တာ့တာ

မိုးယံ said...

အံမယ် အံမယ် ရုပ်ကြီး က လက္ခဏာ ဆရာပြောကြီး ပြောတဲ့ အတိုင်းပဲ ။ ဘာပဲဖြစ်ဖြစ်သူတော်တယ်။
ပညာချွန်းလေးနဲ့ အုပ်ထားတော့ မကောင်းတဲ့ ဆင်ရိုင်းတွေ ကို သနားတာပေါ့

Nge Naing said...

ကိုဇော်ရေ စာတော့ ဖတ်ဖူးတယ်။ ဒါပေမဲ့ ဆော့ရရေတီးပုံကို အခုမှတွေ့ဖူးတယ်။ ပုထုစဉ်တွေရဲ့ စိတ်က မကောင်းမှုမှာ မွေ့လျော်တယ်လို့ ဘုရားဟောထားတာလည်း ရှိပါတယ်။ ကောင်းမှုတခုကို လုပ်ဖို့ စိတ်ကို တကူးတက စေ့ဆော်ရတယ်။ မကောင်းမှုလုပ်ဖို့ကျတော့ ဘာမှအားထုတ်စရာ စေ့ဆော်စရာမလိုဘဲ အလိုလို လုပ်မိပြီးသား ဖြစ်သွားတာ များပါတယ်။ လူတွေမှာ ဆင်ခြင်တုံတရားသာ မရှိရင် မကောင်းတာပဲ လုပ်မိမှာ သေချာပါတယ်။ ဒါကြောင့် လူရဲ့ တန်ဖိုးသတ်မှတ်ရာမှာလည်း လူတယောက်နဲ့တယောက် ဆင်ခြင်တုံတရား အနည်းအများအပေါ် မူတည်ပြီး တန်ဖိုးချင်း ကွာသွားကြတာ ဖြစ်တယ်။ မှတ်သားစရာ ပို့စ်လေးအတွက် ကျေးဇူးပါ။

Anonymous said...

ငြိမ်းချမ်းမှုများ စိုမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ပါစေ
ဒီ ဆုတောင်းလေးက ဆိုကရေးတီးကို ညွှန်းနိုင်မယ်လို့ ထင်ပါတယ် ...
ငြိမ်းစိုးဦး