မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 August 2010

12 “ လုံးဝ ” အကြောင်းများ




လုံးဝ . . လုံးဝ.. . .လုံးဝ . .
ဆိုသော စကားလုံးကို ကိုင်ဆွဲ၍ စကားပြောတတ်သော ၊ စာရေးတတ်သော လူပေါင်းများစွာ ရှိကြပါတယ်။ ဒီလူတွေ သူတို့ ရေးနေ ၊ ပြောနေသော ဒီ “ လုံးဝ ” စကားလုံးကို နားလည်ပါရဲ့လားလို့ ကျွန်တော် တွေးမိတယ်။

“ လုံးဝ ” ဆိုတာ ဘာကို ပြောတာလဲဗျာ။ “ လုံးဝ ” ကို အင်္ဂလိပ်လို အဓိပ္ပါယ် ပြည့်စုံအောင် ပြန်ရင်တော့ “ altogether ” လို့ ပြန်မှ ဖြစ်မယ်။ သို့သော် တခြား စာလုံးလေးတွေလည်း ရှိပါတယ်။ ဥပမာ - absolutely ၊ definitely ၊ completely အစရှိသဖြင့်ပေါ့။ ထားပါတော့လေ. . ဒါတွေက နေရာဒေသ အလိုက်သုံးရတာတွေ .. ။ အခု ပြောချင်တာက အင်္ဂလိပ်လို မဟုတ်ဘူးဗျ။ မြန်မာလိုပါ။

မြန်မာလို ရေးထားတဲ့ မြန်မာစာ “ လုံးဝ “ ကို သုံးနေကြတာ နေရာတွေက မှားနေတော့ ရယ်ချင် စရာကြီး။ ကျွန်တော် လုံးဝ အကြောင်းမပြောခင် တစ်ခု ဥပမာ အရင်ပေးမယ်။

“ ဘောလုံး သွားကန်ပါသဖြင့် ခြေထောက်နာနေသော အဘိုးသည်. . . . . . . .”

ဆိုပြီး ကျွန်တော် ဆက်မရေးရင် ဒီစာရဲ့ အဓိပ္ပါယ်က အဘိုးက ဘောလုံးကန် နေသလို ဖြစ်မနေဘူးလား။ တကယ်တော့ ဒီစာရဲ့ အပြည့်အစုံက ဒီလိုပါ။

“ ဘောလုံး သွားကန်ပါသဖြင့် ခြေထောက်နာနေသော အဘိုးသည် မြေးငယ်အား ဆေးလိမ်း ပေးသည်။ ”

“ ဟူး” တော်ပါသေးရဲ့။ ဘောလုံးကန်တာ မြေးငယ်ဆိုတာ သိလိုက်ရလို့ ၊ နို့မို့ဆို အဘိုးက အိုကြီး ၊ အိုမ မှ ဘောကန်နေရသေးတယ်လို့ ဟိဟိ။ ဒါပေမဲ့လည်း အရပ်သုံး စကားအရသာ ဒီစာကြောင်းလေးကို နားလည်လိုက်ရတာ. . မြန်မာ စကားပြေ ( သဒ္ဒါ ) နဲ့ဆိုရင် နားလည်ရခက်နေတယ်ဗျ။ ဘာလိုလည်းဆိုတော့ မှားနေတယ်။ တကယ်တော့ . . စာရဲ့ တကယ့်အမှန်က

“ အဘိုးသည် ဘောလုံးသွားကန်ပါသဖြင့် ခြေထောက်နာသော မြေးငယ်အား ဆေးလိမ်းပေးသည်။ ”

ဒီလို ဖြစ်ရမှာ ။ မဟုတ်လို့ မတော်တဆ တစ်ဝက်တစ်ပျက်မှာ ရပ်သွားခဲ့ရင် အဓိပ္ပါယ်က တစ်မျိုးဖြစ်သွား နိုင်တယ်လေ။ ဒီလို စကားပြေနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပိုပြီး ရိုသေ ၊ ခန့်ငြား ၊ ကြောက်ရွံ ၊ တုန်လှုပ် ၊ နောက်ဆုတ်. . .အဲ..အဲ...( ဘာရေးရဦးမလဲ..။) ဒီလိုဖြစ်အောင်လို့ သတိပေးစာတွေမှာ “ လုံးဝ ” ဆိုတာကြီးကို ထည့်ရေးတတ်တယ်။ ဥပမာဗျာ. .

“ အိမ်ရှေ့ ကားမရပ်ရ။ ”

ဒါဆို ပြီးပြီပေါ့။ ဒါပေမဲ့ သူတို့ မပြီးသေးဘူးဗျ။ ဒီ “ လုံးဝ ” လေးထည့်လိုက်ရင် ပိုပြီး လေးစားမယ် ထင်လို့ ထည့်လိုက်တယ်။ ဒီမှာတင် သူတို့ ထင်တာ မှားသွားတော့တာပါပဲဗျာ။ မထည့်ခင်ကမှ စာလေးက ခန့်သေးတယ်။ သူတို့ ထည့်လိုက်တော့မှ ( ကျွန်တော့်လို ပြောင်တောင်တောင် လူနဲ့ ဆိုရင် ) အဓိပ္ပါယ်က တစ်မျိုး ဖြစ်သွားတော့တယ်။ သူတို့ လုံးဝ ထည့်ပြီးသွားတဲ့ စာလေးကို ဖတ်ကြည့်ဗျ။

“ အိမ်ရှေ့ လုံးဝ ကားမရပ်ရ။ ” တဲ့။

ဒါကို ဟုတ်နေတာပဲလေ. . ဘာမှားနေလို့လဲ လို့ ပြောမလို့လား။ ကျွန်တော်ကကျတော့ ဒီလို သွားတွေးမိပြန်ရော။

“ အိမ်ရှေ့မှာ ကားကို လုံးဝ မရပ်ရဘူး ဆိုတော့ တစ်ခုလုံးကြီး မရပ်ဘူး ၊ ဖင်လေးနဲ့ပဲ ပိတ်ထားမယ်။ ဒါမှ မဟုတ် . . ခေါင်းလေးနဲ့ပဲ ထိုးထားမယ်။ ကျွန်တော် လုံးဝ အပြည့်အစုံ မရပ်ဘူးနော်။ ”

ဒီလို သွားပြောရမလို့ ဖြစ်နေတယ်  ၊ ဟုတ်တယ်ဟုတ်။

ငယ်ငယ်ကလည်း ဒီလို ညစ်ကျယ်ကျယ်တွေ တွေးတတ်လို့ ပြည်သူ့ဥယျာဉ်က ပန်းခြံအလှပြင် သမားနဲ့ စကားများ ရသေးတယ်။ သူတို့က ရေးထားတယ်လေ။

“ မြက်ခင်းပေါ် လုံးဝ ( လုံးဝ ) မနင်းရ။ ” တဲ့။

တကယ်ဆို “ လုံးဝ ” တစ်ခါဆိုရင်တောင်မှ နင်းဖြစ်ချင်မှ နင်းဖြစ်မယ်။ အခုတော့ သူက နှစ်ခါတောင်မှ ကွင်းစ ၊ ကွင်းပိတ်နဲ့ ထပ်ထားသေးတယ်။ ကဲ.. . ဒီတော့ ငါ့ကွ ဆိုပြီး ဘောင်းဘီလေး အသာမပြီး မြက်ခင်းပြင်ပေါ်က “ ငတတ်ပြား ” ခြေလှမ်းလေးတွေနဲ့ လှမ်းလျှောက်တော့ အနောက်ကနေ အော်ပါလေရော..

“ ဟေ့ကောင် မင်း မျက်စိ ကန်းနေလား။ ဒီမှာ မြက်ခင်းပေါ် လုံးဝ ( လုံးဝ ) မနင်းရ လို့ ရေးထားတယ်လေ။ ”

ကျွန်တော် ဒီလို လုပ်မယ် ဆိုကတည်းက စိတ်ညစ်နေတဲ့ သူငယ်ချင်းတွေ ကလည်း ခေါင်းက ဘောက်တွေကို ကုတ်ပြကြတယ်။ ကျွန်တော်ကလည်း ကျွန်တော်ပဲလေ။

“ အင်. . မြင်တယ်လေဗျာ။ ဒါကြောင့် ဒီလိုလေး လျှောက်တာပေါ့ အစ်ကိုကြီးကလဲ။ ”

“ ဘာကွ။ မင်းက မြင်တယ်လည်း ဆိုသေး။ တမင်လုပ်တာပေါ့ ဟုတ်လား။ ”

“ မဟုတ်ဘူးလေ အစ်ကိုကြီးကလဲ။ အစ်ကိုကြီးတို့ပဲ ရေးထားတယ်လေ။ မြက်ခင်းပေါ် လုံးဝ ( လုံးဝ ) မနင်းရ ဆိုတော့ ကျွန်တော်က လုံးဝ မနင်းဘူးလေဗျာ။ အခု ခြေဖျားထောက် သွားတာလေ။ ဒီမှာ ကြည့်ပါလား။ ကျွန်တော် သူခိုးငတတ်ပြားလို လျှောက်နေတာလေ ဘောင်းဘီလေးတောင်မှ မ ထားသေးတယ်လေ။ ”

“ ဘာ. . မင်း လာနောက်နေတာလား။ ”

“ မနောက်ဘူးလေ. . အစ်ကိုကြီးကလည်း အကိုတို့ ပြောတဲ့ အတိုင်းလျှောက်တာလေ။ လုံးဝ မနင်းရဆိုလို့ အခု ခြေဖျားလေးပဲ ထောက်ပြီး သွားတာလေ။ ဒါတောင်မှ နော်....”

“ ဒါတောင်မှ ဘာဖြစ်လဲ။ ”

“ ဒါတောင်မှ အစ်ကိုတို့ မှားနေတာကို ကျွန်တော် မပြောဘူးနော်။ ”

“ ဟော . . ဘာအမှားလဲ။ ”

ကျွန်တော်လည်း ပြောရမှာ အားနာတယ် ဆိုတဲ့ သဘောနဲ့ လည်ပင်းကို ကုတ်နေလိုက်တယ်။

“ ပြောလေကွာ. . ငါတို့ ဘယ်နေရာမှာ မှားနေတာလဲ။ ”

မပြောမဖြစ် ပြောရတော့မယ် ဆိုတဲ့ ပုံစံနဲ့ သက်ပြင်းလေး ချပြီး. .

“ ဒဿန ဘာသာဗေဒ အရ. . .”

“ အင်. .”

သူ “ နင် ” သလို ဖြစ်သွားတယ်။

“ ဟုတ်တယ်ဗျ . . ဒဿန ဘာသာဗေဒအရ “ နှစ်ခါငြင်းရင် အင်း ” ဆိုပြီး ရှိတယ် အစ်ကိုရ။ ဥပမာဗျာ ကောင်လေး တစ်ယောက်က ကောင်မလေး တစ်ယောက်ကို ချစ်ရေး ဆိုပြီး ချစ်အဖြေ တောင်းနေပြီ ဆိုပါတော့ ဒီမှာ ကောင်မလေးက မူနေတယ်။ မပေးဘူး။ ကောင်လေးကလည်း အတင်းမေးနေတယ်။ ဒီတော့ ကောင်မလေးက ဘာပြောလဲဆိုတော့ . .

“ ဟင့်အင်း. . .ဟင့်အင်း ” တဲ့.။ ဒီမှာတော့ “ ဟင့်အင်း ” ဆိုတာ ငြင်းတယ် ဆိုပါစို့။ အခု ကောင်မလေးက နှစ်ခါဆက်တိုက် ငြင်းတယ်လေ။ ဒါဆို သေချာပြီ ကောင်လေးကို ချစ်နေတယ်လို့။ တချို့ကျတော့လည်း ဒီလို ငြင်းတယ်ဗျ.။ “ မချစ်ဘူး. . မချစ်ဘူး.။ ” တဲ့။ ဒီမှာလည်း “ မချစ်ဘူး ” ဆိုတာ ငြင်းတာပဲလေ။ နှစ်ခါ ဆက်ငြင်းလိုက်တော့ “ မချစ်ဘူး. . မချစ်ဘူး = ချစ်တယ် ” ဆိုပြီး ဒဿနဗေဒ အရ ယူရတော့တာပဲ။ ဒါကြောင့် သေချာတယ် ကောင်မလေး မူနေတာ။ ကောင်လေးကို ချစ်နေတယ်။

အခုလည်း အစ်ကိုကြီး ပန်းခြံမှာ ရေးထားတာက “ လုံးဝ ( လုံးဝ ) ” နှစ်ခါလေ ဒီလို့ ဒဿနဗေဒ အရ “ လုပ်ပါ ” လို့ ပြောနေသလို ဖြစ်နေတယ်။ ဟုတ်တယ် မဟုတ်လား ကျွန်တော် ပြောတာ ။ ”

ဒါနဲ့ပဲ ဒီအစ်ကိုကြီးတွေလည်း ခေါင်းတွေ အပြိုင်ကုတ်ကြတာပါပဲ။ နောက်တော့ ဘာမှ မပြောပဲ ကျွန်တော့်ကို အအေး တစ်ပုလင်းတောင်မှ တိုက်ပြီး ပန်းခြံထဲ သွားပါတော့ လို့ လွှတ်လိုက်တယ်။ အဟဲ ပြောရဦးမယ်။ ကျွန်တော်တို့ လျှောက်သွား ကစားပြီးလို့ ပြန်မယ် ဆိုပြီး ဒီအဝင်ပေါက်ကနေ ပြန်ထွက်တော့ ခုနက မြက်ခင်းပြင်ပေါ်မှာ ရေးထားတဲ့ သတိပေးစာမှာ . . . .

“ မြက်ခင်းပေါ် လုံးဝ ( လုံးဝ ) မနင်းရ ။ ”

ဆိုပြီး လုံးဝ နေရာတွေမှာ အဖျက်ခံထားရတယ်။ ဂလိုကြီးနော်။ ဒါနဲ့ပဲ ကျွန်တော့်နေ့ရက်တွေကို ကျွန်တော် ဖြတ်သန်းရင်း “ လုံးဝ ” အကြောင်း ၊ “ လုံးဝ ” နဲ့ ပတ်သတ်နေတဲ့ စာလေးတွေ အကြောင်း ကို ကျွန်တော် စဉ်းစားမိတယ်။

တချို့နေရာတွေမှာ ရေးကြတယ်။

“ ဤနေရာတွင် လုံးဝ သေးမပေါက်ရ။ ”

တဲ့။ ဒါဆို တစ်ဝက်ပဲ ပေါက်ရမှာလား။ ဒါဆို ကျန်တဲ့ တစ်ဝက်ကို ဘယ်လိုလုပ်ရမလဲ။

“ အိမ်သာတွင် ချေးကို လုံးဝ တင်အောင် မပါ ပါနှင့်။ ”

တဲ့။ ဒါဆိုရင် မတင် ၊ တတင်လေးလား။ အထဲပဲ ကျမလိုလို ၊ အပေါ်မှာပဲ တင်နေမလိုလို ၊ ဟီး. . တော်တော်တော့ ပါရခက်မှာဗျ။ ကျင့်သားလည်း တော်တော် လိုမယ်။ စမ်းကြည့်ကြပါလား။

“ သတိ ။ လုံးဝ မဆူညံရ။ “

တဲ့။ ဒါဆိုရင် ၃ မိနစ်တစ်ခါ ဆူရမှာထင်တယ်။ လုံးဝ တောက်လျှောက်ကြီး ဆူနေလို့ မရဘူးလို့ ပြောချင်တာလား။ ခက်ပါဘိကွယ်။

“ ဟွန်း
လုံးဝ မတီးရ။ ”

တဲ့။ ဒါဆိုရင် ဘယ်လို တီးရမှာလဲ။ လမ်းသရဲတွေလို ဆန့်ငင် ၊ ဆန့်ငင် ဖြစ်အောင် တီးရမှာလား။ အကြောဆွဲနေသလိုလေ။

“ လုံးဝ.......”

“ လုံးဝ...... ”

နောက်တော့ ဒီလို “ လုံးဝ ” ပါတဲ့ စာလေးတွေကို လိုက်ဖတ်ပြီး တစ်ယောက်တည်း ပြုံးပြီး တွေးနေမိပါတယ်။ အခုတော့ဗျာ ကျွန်တော် တစ်ယောက်တည်း မပြုံးတော့ဘူး။ ဒီ “ လုံးဝ ” အတွေးလေးကို စာဖတ်သူတွေဆီကိုပါ “ လုံးဝ ” လွဲပေးလိုက်ပြီ ။ ဒီတော့ လမ်းမှာ တွေ့တဲ့ “ လုံးဝ ” စာလေးတွေကို ကြည့်ပြီး ကပ်သီးကပ်သပ် “ လုံးဝ ” တွေးပြီး
“ လုံးဝ ” ပြုံးနိုင်ကြပါစေ။


နောက်ဆက်တွဲ။ ။ ဒါနဲ့ တစ်ခု ဆက်ပြောလိုက်ဦးမယ်။ “ ဟင့်အင်း . . ဟင့်အင်း . . နှစ်ခါ ငြင်းလို့ အင်း ” ဖြစ်တယ် ဆိုပြီး “ ဟင့်အင်း ” တစ်လုံးတည်းလည်း မငြင်းနဲ့ဗျ။ “ ဟင့် ” ဆိုတာ မူတာ “ အင်း ” ဆိုတာ “ Yes ” လေ။ ဟဲဟဲ မြန်မာ စကားကလည်း ခက်တယ်နော်။



ပျော်ရွှင်ပါစေ။
ကိုဇော် ခံစားပုံဖော်သည်။



Share/Bookmark

12 ယောက် ရဲ့ ထင်မြင်ချက်:

ညလင်းအိမ် said...

ဟာ့ဟ အတော်ပဲဗျာ ...
လျှောက်တွေးကြည့်အုန်းမယ် ...
ပျော်စရာကြီးနော် ... :)))))

ahphyulay said...

ရိုးရိုး လေးနဲ့ ဆန်း နေ တဲ့ လောဂျစ် ကလေး ပါ။
လုံးဝ ဆို တာ အတိအကျ တားမြစ်တာ မဟုတ်လား၊
အရိပ် တောင် မတင် ရတဲ့ သဘော လေ၊
Must not be မဟုတ်ဘူး လား လို့ ၊
“ ဟင့် အင်း ” မှာ ဆက်တင်း ပြီး ရှင်းနေရင်
ပါး တော့ ရောင် တော့ မှာ ပဲ မဟုတ်လား
ကျွန်တော်လည်း နဲနဲ တော့ လျှာ ရှည် ကြည့်
တာပါဗျာ..။

Nge Naing said...

ကိုဇော်က အစ်မ အခုတင်ထားတဲ့ ပို့စ်ကို စောင်းပြောတာတော့ မဟုတ်ဘူးထင်တယ်နော့်။ တိုက်ဆိုင်လိုက်တာ လုံဝ ပြန်ဖြုတ်ရမလို ဖြစ်သွားပြီ။

ArrrLuu said...

ငါကို ကြိုက်လား ?? ... ဟင့်အင်း လုံးဝ ကြိုက်ဘူး = နည်းနည်း ကြိုက်တာ ပေါ့နော် ... စဉ်းစားတာ မှန်လား မသိ ...

MDW said...

ဘောလုံးကန်သဖြင့် ခြေထောက်နာသွားသော မြေးငယ်အား အဘိုးသည် ဆေးလိမ်းပေးသည်။

ဆိုရင် ပိုပြီးပြေပြစ်မယ် ထင်တယ်။

ကိုဇော် said...

ကံ + Be + v3 + By + ကတ္တား = Passive မြို့ကိုစား။

လို့ ငယ်ငယ်ကတော့ သင်ခဲ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။

MDW said...

သဒ္ဒါအရ မှန်ပေမဲ့ ပိုပြီး ပြေပြစ်တာကို ပြောတာပါ။

အဘိုးသည် ဘောလုံးသွားကန်ပါသဖြင့်/ ခြေထောက်နာသော မြေးငယ်အား ဆေးလိမ်းပေးသည်။
ဆိုတဲ့ ၀ါကျကို (/)ဒီနေရာမှာ ဖြတ်ဖတ်လိုက်ရင် အဘိုးက ဘောလုံးကန်သလို ဖြစ်နေလို့ပါ။

Anonymous said...

လုံးဝ ရယ်လိုက်ရတာ
လုံးဝ ဗိုက်တောင်နာတယ်:))
လူ့ ဂွစာ လောကကိုဇောက်ထိုးကြည့်တဲ့
ကိုဇော်ဆိုတဲ့လူပဲ လုံးဝ အဲလိုစာမျိုးတွေ
ရေးတတ်တယ်နဲ့ တူတယ်နော်..။
ကျောင်းမှာတုန်းကကိုယ့်သူငယ်ချင်းတွေကအဲလို
လူတွေကိုဒီလိုခေါ်တတ်တယ်
Cat Mountain Mountain တဲ့
ကိုယ့်ဟာကိုယ်ဘာသာပြန်လိုက်ပေါ့...။
အခုလိုပြောလို့ ဒေါပွပြီး လေးခွနဲ့ 
လိုက်မပြစ်နဲ့ နော်...
လုံးဝ လုံးဝ လုံးဝ မကြောက်ဘူး..
ဒါပေမယ့် လုံးဝ ပြေးပြီ...။ :))

MDW said...

သေချာအောင် စာအုပ်ပြန်ရှာကြည့်တော့ အခုလို တွေ့ပါတယ်။ ဥပမာပေးထားတဲ့ ၀ါကျချင်းက တော်တော်လေး နီးစပ်တာကြောင့် အစအဆုံးရိုက်ပေးလိုက်ပါတယ်။

(က) ဘကြီးက ဘောလုံးကန်၍ ခြေထောက်နာသဖြင့် ကျောင်းမသွားနိုင်သော မြေးငယ်ကို ဆေးလိမ်းပေးသည်။
(ခ) ဘောလုံးကန်၍ ခြေထောက်နာနေသဖြင့် ကျောင်းမသွားနိုင်သော မြေးငယ်ကို ဘကြီးက ဆေးလိမ်းပေးသည်။

"ဘောလုံးကန်၍ ခြေထောက်နာနေသော မြေးငယ်ကို ဘကြီးက ဆေးလိမ်းပေးသည်" ဟူသော အဓိပ္ပါယ်ဖြင့် ၀ါကျဖွဲ့ရာ၌ သာဓက၀ါကျ (က) တွင် ဖော်ပြထားသကဲ့သို့ ဘကြီးက ဟူသော ကတ္တားကို ၄င်းနှင့် တိုက်ရိုက်ဆက်စပ်ရမည့် ဆေးလိမ်းပေးသည်ဟူသော ကြိယာအနီး၌ မထားခြင်းကြောင့် ကတ္တားသည် ၄င်းနှင့် နီးကပ်သည့် ဘောလုံးကန် ဟူသော ကြိယာနှင့် ဆက်စပ်မိသည်။ ထို့ကြောင့် ဘောလုံးကန်၍ ခြေထောက်နာသူမှာ မြေးငယ်ဖြစ်ကြောင်း အဓိပ္ပါယ် သက်ရောက်ရမည့်အစား ဘကြီးဖြစ်သည်ဟု လွဲမှားစွာ အဓိပ္ပါယ် သက်ရောက်သွားသည်။ သို့ဖြစ်၍ ဆိုလိုသည့် အဓိပ္ပါယ် သက်ရောက်စေရန် သာဓက ၀ါကျ (ခ) တွင် ဖော်ပြထားသကဲ့သို့ ကတ္တားကို ၄င်းနှင့် တိုက်ရိုက် ဆက်စပ်ရမည့် ကြိယာနှင့် နီးစပ်စွာ ထားရသည်။

(ညွှန်း - မြန်မာသဒ္ဒါ အတွဲ ၂ အခန်း ၆)

ကိုဇော် said...

ကျေးဇူးပဲ...
သို့သော်. . . ဒီပုံစံက . . .
:) :) :)

ခိုင်နုငယ် said...

လုံးဝအလုပ်တွေများလို့..လုံးဝစာတွေ
မဖတ်နိုင်ဘူး။
ဒါကြောင့်..တစ်ဝက်တစ်ပျက်ဖတ်သွားလိုက်...ပြန်သွားလိုက်ပြန်ရောက်လာလိုက်။
လုံးဝချိတ်ညစ်တယ်ဗျာ။
:)):))


ခင်မင်စွာဖြင့်
ခိုင်နုငယ်

ကူးလွေ့ said...

လာဖတ်ပါတယ်ခင်ဗျား။မောင်သာချို ရဲ့ "လုံးဝ" လုံးဝ မပါကြေး ကို တောင် သတိရမိသေးတော့။း))