မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


19 October 2010

14 ခရီးသွား ရသ



အသစ်မဟုတ်ပါ။ ဒီအဖြစ်အပျက်နဲ့ တိုက်ဆိုင်သော နောက်ဆက်တွဲလေး ရေးနေလို့ ဒါလေးကို ဖတ်ဖြစ်ဖို့ လိုတယ် လို့ ယူဆမိလို့ ပြန်တင်လိုက်တာပါ။ 9/12/2009 က ရေးထားတာကို ပြန်တင်လိုက်တာပါ။





“ ခရီးတစ်ခု သွားတော့မယ် ဆိုရင် ခရီးဆောင်အိတ်ထဲမှာ မပါမဖြစ် ပါရမဲ့ အရာက “ စူးစမ်းမှု ”  ” တဲ့။

ဒီလို မှတ်သားစရာ စကားလေးကို ရှိတ်စပီးယားက သူ့ပြဇာတ် ဇာတ်လမ်းမှာတောင်မှ ထည့်အရေးခံရအောင် ပြောခဲ့သူက ဆိုကရေးတီး။ ဒါပေမဲ့ ကျွန်တော့် အတွက် ဝေးပါတယ်။ ကျွန်တော့်အတွက်တော့ ကျွန်တော့်အဖေက ငယ်ငယ်ကတည်းက ပြောပြထားတာ တစ်ခုကတော့ ပိုပြီးတော့ တိကျတယ် လို့ ခံစားမိတယ်။

ဖေဖေက ဒီလို ပြောတယ်။

“ ခရီးတစ်ခု သွားမယ်ဆိုရင် လေ့လာစူးစမ်းမှုကို အခြေခံထားပြီး ဒီခရီးကနေ ကိုယ်က အရာ (၃) မျိုးကို ရအောင်ယူတတ်ရမယ်။ ဒီအရာ (၃) မျိုးကတော့. . .

၁။ ဥစ္စာ ရမလား။


၂။ ပညာ ရမလား။


၃။ ကုသိုလ် ရမလား။

ဆိုတာတွေပဲ။ ဒီ(၃)မျိုးထဲက တစ်ခုခုတော့ ရအောင် လုပ်ရမယ်။ ခရီးတစ်ခုသာ သွားလိုက်တယ်။ ကိုယ့်အတွက် ဒီ(၃)မျိုးထဲက တစ်ခုမှ မရလိုက်ဘူးဆိုရင် အရမ်းကို ညံ့သွားပြီ။

၁။ ဥစ္စာ ရမလား

ခရီးတစ်ခု ထွက်တယ် ဆိုကတည်းက ပိုက်ဆံကုန်ဖို့ သေချာနေပြီ။ ဒီခရီးထွက်မယ် ဆိုပြီး ပြင်ဆင်ရတဲ့ အချိန်တွေ ကုန်နေပြီ။ ဒီတော့ ဒီခရီးက ကိုယ့်ကို ပိုက်ဆံဥစ္စာ ပေးမှာ မို့လို့လား။ ကိုယ်က ဒီခရီးကနေ ဥစ္စာပိုက်ဆံ ရမှာလား။ ကိုယ့်ဖာသာကိုယ် မေးကြည့်.......။

၂။ ပညာ ရမှာလား

ပထမအချက် ဥစ္စာမရဘူးဆိုရင် ကိုယ့်ခရီးကို အလကားတော့ မဖြစ်မခံနဲ့ ဒီခရီးလမ်းတလျှောက်မှာ ဘယ်သူတွေ ဘာလုပ်နေလဲ လေ့လာ စူးစမ်း ၊ ပြီးတော့ ပညာယူ ။ ကိုယ် အခု သွားနေတဲ့ ခရီးဟာ ဘာပညာသင်ဖို့သွားနေတာလဲလို့ စဉ်းစား ၊ ပညာကို တစ်ကူးတက သွားပြီးသင်ဖို့ မဟုတ်ဘူးဆိုရင် သွားရင်းလာရင်းနဲ့ သူများတွေ ဘာလုပ်နေတာလဲဆိုပြီး ပညာယူတတ်အောင် ကြိုးစား ၊ ဒါမှ ကိုယ့်ခရီးမှာ ပညာရမယ်။

၃။ ကုသိုလ် ရမှာလား

နောက်ဆုံး ကိုယ်သွားနေတဲ့ ခရီးဟာ ဥစ္စာလည်း မရဘူး။ ပညာလည်းမရဘူးဆိုပါတော့. .။ ဒါဆိုရင် ကိုယ့်မှာ ဒီသွားတဲ့ ခရီးမှာ တန်ဖိုးရှိအောင် မဖြစ်မနေလုပ်ရမဲ့ ကိစ္စ တစ်ခု ရှိနေတယ်။ ဒါကတော့ “ ကုသိုလ် ” ရအောင် ယူလိုက်တာပဲ။ ကုသိုလ်ယူတယ် ဆိုလို့ အများကြီး၊ အရှည်ကြီးလည်း မစဉ်းစားနဲ့ဦး။ ကုသိုလ်ယူတယ် ဆိုတာ သွားရင်းလာရင်း ပျက်နေတာလေးတွေ ပြင်လိုက်တာ ၊ သူများ ထိခိုက်နိုင်တာလေးတွေ ရှင်းပေးလိုက်တာ ၊ ငွေလှူလိုက်တာ ၊ ကိုယ်စားမဲ့အရာ သူများကို ပေးလိုက်တာ ဒီလိုတွေလည်း ကုသိုလ်ယူလို့ရတာပဲလေ။

အင်း နောက်ဆုံး ဘယ်လိုမှ ဒီပုံစံနဲ့ ကုသိုလ်ယူလို့မရတော့ဘူးဆိုရင် နောက်ဆုံးနည်းကတော့ “ ရှာလို့ တွေ့တဲ့ ဘုရားမှာ ထိုင်ရှိခိုးလိုက်တာပဲ။ ” ဒါဆိုလည်း ကုသိုလ်ရတာပါပဲ။ ဒါမှ ခရီးတစ်ခု သွားတယ်ဆိုတာ တန်ဖိုးရှိတာ။

ခရီးသွားမယ်ဟေ့ ဆိုရင် ဒီသုံးမျိုးထဲက တစ်မျိုးမျိုးတော့ ရအောင် ယူလာခဲ့။ နှစ်မျိုး ၊ သုံးမျိုး စလုံးရတယ် ဆိုရင်တော့ ဒီခရီးဟာ အတိုင်းထက် အလွန်တန်ဖိုးရှိတာပေါ့ကွာ။ ဘာမှ မရလာဘူးဆိုရင်တော့ ကိုယ့်ရဲ့ ခရီးစဉ်က မဟုတ်သေးဘူး။ တစ်ခုခုတော့ မှားနေပြီ။ တန်ဖိုး မရှိဘူး။ ဒါလေးကို ခရီးသွားမယ် ဆိုတိုင်း ခေါင်းထဲမှာ ထည့်ထား။ ”


ဒီလိုမျိုး ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်အဖေ ဆုံးမဖူးပါတယ်။



လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

14 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

မှန်ပါတယ်ရှင့်။ တန်ဖိုးရှိတဲ့ ပို့စ်လေးပါပဲ။
may

မိုးယံ said...

တစ်မျိုးပဲနော်။ ကုသိုလ်က နောက်ဆုံးရောက် နေတယ်လား။ အနော်ကုသိုလ်ကို ဦးစားပေးဖြစ်မယ် ထင်တယ် (ထင်တာပြောတာပါ) ဟဲဟဲ

ကိုဇော် said...

ခရီးသွားတိုင်း ကုသိုလ်ရအောင် ဆိုပြီး ဘယ်သူကမှ သွားတာမှ မဟုတ်တာ ညီရဲ့။ လူတွေရဲ့ ထုံးစံ အရ ဥစ္စာကိုပဲ အဓိက ထားသွားတာပဲလေ။ အခု စာ အရ နောက်ဆုံး ဘာမှ မရတော့ဘူး ဆိုရင် “ ကုသိုလ် ” တော့ ရအောင် ယူလာသင့်တယ် လို့ ပြောတာ။ ဒါပေမဲ့ ပန်းခြံကို ပျော်ပွဲစား ထွက်တယ် ဆိုတဲ့ ခရီးတွေ ပြန်စဉ်းစားကြည့်ပါဦး။ ဘယ်ဟာတွေများ ပြန်လာရင် ပါခဲ့လဲလို့။ ဟုတ်တယ်ဟုတ်။

blackcoffee said...

အခုကတော့ ခရီးတစ်ခု သွားတော့မယ် ဆိုရင် ခရီးဆောင်အိတ်ထဲမှာ မပါမဖြစ်ပါရမဲ့ အရာက " ပိုက်ဆံ" ဖြစ်နေပြီထင်တယ် ကိုဇော်...

ဧပရယ်လ်ပူး@ပူးတေ said...

ကိုဇော်အဖေရဲ့ တန်ဖိုးရှိတဲ့ ဆုံးမစကားလေးကို တကယ်ပဲ နှစ်သက်မိတယ်... တကယ်ပဲ မှတ်သားလိုက်နာသင့်တဲ့ အဆုံးမလေးပါပဲ... နောက်ထပ် ခရီးသွားနဲ့ ပက်သက်တာ ဘာများ မှတ်သားစရာပါမလဲလို့ စောင့်မျှော်နေပါတယ်....း)

ခင်မင်စွာဖြင့်

ပူးတေ

ခိုင်နုငယ် said...

ရောက်လာခဲ့ပါတယ်။ ကိုဇော်
မဖတ်ရသေးသူတွေအတွက်တော့
အသစ်မဟုတ်ပေမယ့် အနှစ်ပါပဲ။
မဖတ်ရသေးသည်များကိုလည်း ဖြေးဖြေးချင်း
ရှာဖွေဖတ်ရူ့သွားပါသည်။
နေ့လည်မှ တစ်ခေါက်ပြန်လာအုံးမည်။
ကျေးဇူးပါ။

မြတ်မွန် said...

ဟင်..
ခရီးထွက်တာ ကြိုက်တဲ့ လူက ဒီပိုစ့်ဖတ်လိုက်တော့ မှန်တော့မှန်ပါတယ် ဦးဇော်ရဲ့ ဒီ၃ခုလုံး မရဘူးဆိုရင်ရော..
ပျော်ရွှင်ရတယ် အပန်းပြေတယ် စိတ်သက်သာယာရတယ် ဒါဆိုဦးဇော် ပြောသလို ၃ခု မပါတော့ဘူး...။
ဒါဆို အပန်းပြေ ခရီးထွက်တာ အလကားကြီးပေါ့ ဟင့်..။

ငွေလမင်း said...

ခရီးသွားရတာ ၀ါသနာပါတယ်
ကိုဇော်ပြောသလို နောက်ဆိုရင် တခုခုတော့ရအောင်ယူရမယ်
ဗဟုသုတ အဖြစ်မှတ်သွားပါတယ်

ငြိမ်းစိုးဦး said...

ရနိုင်အောင် ကြိုးစားပါ့မယ် ကိုဇော်ရေ ...
တန်ဖိုးကြီးမားပါတယ် ...
ငြိမ်းစိုးဦး

သဒ္ဓါလှိုင်း said...

မှတ်သားသွားပါတယ်...
ခရီးတခုရဲ့ အနှစ်သာရလေးပေါ့...

Anonymous said...

အဖိုးတန်ပိုစ့်လေးပါ
မှတ်သားသွားပါ၏။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

သူကြီးမင်း (တုံးဖလား) said...

ငါးမရလဲ ရေချိုးပြန်ရုံပေါ့လေ။ ဒီသုံးမျိုးလုံးမရခဲ့ရင်တောင် ကြည်နူးမှုတွေနဲ့ ပြည့်နှက်နေတဲ့ အကုသိုလ်ပါးပါးလေးရခဲ့မယ်ဆိုရင်လဲ ခရီးသွားရကျိုးနပ်မယ်လို့ ထင်ပါတယ်။း))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဖိုးသား said...

ကျွှန်တော်ကတော့ ပညာနဲ့ကုသိုလ်ပဲရချင်ပါတယ် တကယ်ဆိုရင် ဥစ္စာဆိုတာ သေရင်မပါဘူးလေ ပညာလည်းမပါပါဘူး ဒါပေမယ့် ပညာတက်ထား ရင် အရာရာ အဆင်ပြတယ်လေ

Unknown said...

ဟုတ်တာတော့ဟုတ်ပါတယ်
ဘုရားရှိခိုးတိုင်းတော့ ကုသိုလ်မရနိုင်ပါဘူး