မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 March 2011

16 ဗျူး ( Tag )


         ဗျူး ဆိုတာ အင်တာဗျူး ကို အတိုကောက် ချစ်စနိုးနဲ့ ခေါ်တာပါ။ ဒါဆို အင်တာဗျူး ဆိုတာကရော ဘာလဲ။ အင်တာဗျူး ဆိုတာ Interview ကို မြန်မာမှု မပြုဘဲ မိမွေးတိုင်း ၊ ဖမွေးတိုင်း ယူသုံးစွဲတာပေါ့။ တကယ်လို့ Interview ကို မြန်မာမှု ပြုဖြစ်ခဲ့မယ် ဆိုရင် ဘယ်လို အဓိပ္ပါယ် ဖြစ်လာလိမ့်လေမလဲ။

        တွဲလျက် ဖွင့်ဆိုရင်တော့ “ Interview  - n - တွေ့ဆုံမေးမြန်းခြင်း။ - vt - တွေ့ဆုံမေးမြန်းသည်။ ” လို့ အင်္ဂလိပ် - မြန်မာ အဘိဓါတ်က ဖွင့်ဆိုပါတယ်။ Interview = Inter + View လို့ နည်းနည်း ခွဲပြီး ဖွင့်ဆိုကြည့်လိုက်မယ် ဆိုရင် - အတွင်းစိတ်ကို ရှု့မြင်ခြင်း လို့ ဖွင့်ဆိုရင် သဘောတူပါ့မလား ကျွန်တော် သေချာ မပြောနိုင်ပါဘူး။

       ဒါဆို လူတစ်ယောက်ကို အင်တာဗျူး လုပ်တယ် ဆိုရင် လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို ရှု့မြင်အောင် တွေ့ဆုံ အကဲဖြတ်တာလို့ အနီးစပ်ဆုံး ပြောပါရစေ။ လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို မြင်အောင် ရှု့မြင်ဖို့ ဆိုတာ သူ့ရဲ့ ပြင်ပ မျက်မြင် အနေအခြေကို အကဲ အရင် ဖြတ်တတ်ဖို့ လိုမယ် လို့ ထင်မိတယ်။ မဟုတ်ရင်တော့ “ ဖြန်း . . .ဖြန်း . . ” ဆိုတာ ကြားလိုက်ရပြီး “ နင် သွားလိုက်တော့ . . နင် သွားလိုက်တော့ ” ဆိုတဲ့ အသံတွေ ကြားလာရတာ တကယ်တော့ မထူးဆန်းလှပါဘူး။

       ဒီတော့ ကျွန်တော့်ရဲ့ အင်တာဗျူးကို မရေးခင် ကျွန်တော့်ရဲ့ မျက်မြင် ရုပ်ပိုင်းဆိုင်ရာ နဲ့ အပေါ်ယံ စိတ်အခြေခံကို နည်းနည်းတော့ ပြောပြထားချင်ပါတယ်။ 



        လွန်ခဲ့တဲ့ ၇ လလောက်က ကျွန်တော့်ဆီကို မေးလ်ပို့ပြီး ဒီလို ဆက်သွယ်လာဖူးပါတယ်။

မြန်မာချစ်သူ mmlover-5 အစီစဉ်ကနေ ကိုဇော့် အကြောင်း ကိုယ်ရေး အနည်းငယ်နှင့် အချစ် အကြောင်းလေး အင်တာဗျူးလုပ်ချင်လို့ ၊ ကိုဇော် လက်ခံနိုင်မယ်ဆိုရင်ပေါ့။
            
                                         ခင်မင်လေးစားစွာဖြင့်
                                         mmlover-admin

           ကျွန်တော်လည်း မေးလ်ပြန်ကာ အချိန်အားတဲ့ တစ်နေ့ ဟု ဆိုကာ ကျွန်တော် အကြောင်းပြန် လိုက်ပါတယ်။ ဒါပေမဲ့  ညီငယ် တစ်ယောက် ပြောလာတော့မှ ထိုဆိုက်က သူတို့ရဲ့ မျက်နှာစာမှာကို ဘယ်နေ့မှာ ဘလော့ဂါ ကိုဇော်နဲ့ အင်တာဗျူးပါမယ် ဆိုပြီး တင်ထားတယ် လို့ ပြန်ကြားရပါတော့တယ်။ ကျွန်တော့် သိလိုက်ရတဲ့ အချိန်မှာ အားနာစရာတွေတော့ ဖြစ်ကုန်ပါပြီ။

              တကယ်တော့ ကျွန်တော်က သူငယ်ချင်းတွေနဲ့ ဝေးလေလေ ပျော်ပျော်ရွှင်ရွှင် နေတတ်ပေမဲ့ ဟိုနေရာပါ ၊ ဒီနေရာပါ မနေတတ်ပြန်ဘူး။ ကျောင်းမှာ ဆိုရင် ကြက်ခြေနီ အသင်း ၊ ကရာတေး အသင်း ၊ ဂျူဒို အသင်း ၊ ရေကူးအသင်း အစ ရှိသဖြင့် ဘယ်အသင်းကိုမှ မဝင်ခဲ့ပါ။ နောက်ဆုံး တစ်ကျောင်းလုံး မဝင် မနေရ ဆိုသော “ ဟိုအသင်း ” ကိုတောင်မှ မျိုးစုံ ရှောင်ရင်း ၈ တန်းကျောင်းသား ဘဝမှ ၁၀ တန်းကျောင်းသား ဘဝအထိ မဝင်ခဲ့ပါဘူး။ တစ်ကျောင်းလုံးမှာ တစ်ယောက်တည်း ကျန်တဲ့ အထိပေါ့။

            နောက်ဆုံးမှာ ဒီအသင်းကို မဝင်ရင် ကျောင်းထွက်ရမယ် ဆိုပြီး အသစ် ရောက်လာတဲ့ ကျောင်းအုပ်ဆရာကြီးက ပြောတဲ့ အချိန်မှာ ကျွန်တော်က ကျောင်းထွက်ပြီး ၁၀ တန်း အပြင်ဖြေခဲ့သူပါ။ ဘာရယ်ကြောင့်မှ မဟုတ်ပါဘူး။ အဓိက ကတော့ ကျွန်တော်က ဟိုနေရာ ၊ ဒီနေရာ အဲဒီလိုတွေမှာ မပါဝင်တတ်တာလေးပါပဲ။ ဒါကြောင့် အခု ဆိုရင် ထိုအသင်းကို မဝင်ထားမိလေတော့ အခု ကျွန်တော် ပါတီ နိုင်ငံရေး ” လုံးဝ ကင်းရှင်းတယ် လို့ ဆိုနိုင်တာပေါ့ဗျာ။ အခုတော့ ထိုအသင်းက နိုင်ငံရေးထဲမှာ ပါဝင်နေပြီလေ။ ထားပါတော့ . . . ။

            ဒါကြောင့် ဘလော့ ရပ်ဝန်းမှာလည်း ဘလော့ အကယ်ဒမီ ရွေးခြယ်ပွဲ တို့ ၊ ဘလော့ ဘာညာတွေ ဆိုရင် ကျွန်တော့် နာမည် မပါအောင် ရှောင်ရှားခဲ့တာပါ။ ဘာမှ မဖြစ်ဘူး ဆိုပေမဲ့ အဲဒီလိုကြီး ကျွန်တော်ကိုယ်တိုင်က မနေတတ်တာပါ။ ကျွန်တော်က ဘဝကို အေးဆေး ရိုးရှင်းစွာပဲ ဖြတ်သန်းချင်သူ တစ်ယောက်ပါ။ သူများတွေ အောင်မြင်မှု အတွက် ပြုံးပြီး လက်ခုပ် တီးပေးနိုင်သလို ၊ ကြိုးစားချင်သူတွေကိုလည်း ဖေးမ လက်တွဲ ခေါ်ပေးချင်ယုံမျှပဲ ရှိပါတယ်။ ငါက ဘယ်လို ဆိုပြီး မဖြစ်ချင်တာတော့ အမှန်ပါ။ ဒါက ကျွန်တော့်ရဲ့ စိတ်ဓါတ် အရင်းကို ပြောတာပါ။

           ဒီတော့ အထက်က  mmlover-admin ဆိုတာကိုလည်း ထိုအချိန်ကတည်းက တောင်းပန် စကား ဆိုချင်နေတာပါ။ အခုမှ ဒီပို့စ်နဲ့ ရောပြီး တောင်းပန် လိုက်ပါရစေ။ ကျွန်တော်က ကိန်းကြီး ခမ်းကြီးပြီး ဟိုဟာကြယ်ကာ အင်တာဗျူး မခံခဲ့တာ မဟုတ်ရရိုး အမှန်ပါ။ ကျွန်တော့်ရဲ့ စိတ်ရင်းကိုက အဲဒီလိုတွေ လူသိတွေများ ၊ ဟိုးလေး တကျော်ကျော် မလုပ်ချင်ခဲ့တာပါ။ ဘဝကို ရိုးရိုးရှင်းရှင်း နဲ့ တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သန်းချင်သူပါ။ ကိုယ် မြင်တာ ၊ တွေ့တာ ၊ စဉ်းစားမိတာလေးကိုသာ ဘဝရဲ့ တကွေ့ ခဏတာ တွေ့ရတဲ့ အချိန်လေးမှာ ကိုယ့်ရဲ့ နေရာက အမြင်လေးကို ချပြချင်ခဲ့ယုံပါပဲ။

            အင်တာဗျူး ဆိုသော အရာ နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရရင်လည်း ကျွန်တော့်က ကိုယ့်ရဲ့ ရင်ထဲက ခံစားချက် အတိုင်း ဖွင့်ဆိုမှာ ဆိုတော့ သူများ ရင်ဘတ်ကို ထိမိမှာ မဟုတ်ပါ။ ဒါမှမဟုတ် သူများ ရင်ကို ဆောင့်ကန် သလိုလည်း ဖြစ်သွားနိုင်ပါသေးတယ်။ ဒါပေမဲ့ လူကြိုက်များအောင် ဆိုပြီး ကိုယ့်ရင်ထဲမှာ ရှိနေတာကို လိမ်လည်ပြီးလည်း မပြောချင်ပါဘူး။ ဒါကြောင့် မပြောတာက ပိုကောင်းမယ် လို့ ထင်မိတာပါပဲ။

            တကယ်လို့  . . . .မလွဲသာ မရှောင်သာ အင်တာဗျူး ဆိုသော အတွင်းစိတ်ကို ရှု့မြင် ခံရကာ မေးမြန်းခံရမယ် ဆိုပါစို့။ ကျွန်တော့် စိတ်ထဲမှာ ရှိတဲ့ အတိုင်း ကျွန်တော် ဘယ်လိုများ ဖြေမိမလဲ မသိပါ။ သေချာတာကတော့ အောက်ပါ အတိုင်း ကျွန်တော် မလိမ် မညာ ဖြေမိမှာပါပဲ။  

မေး = Blog ဆိုတာကို ဘယ်အချိန်လောက်က သိပြီး ၊ ဘယ်လို စဖြစ်ခဲ့တာလဲဆိုတာ သိပါရစေ။

          Blog ဆိုတာကို ၂၀၀၇ စက်တင်ဘာ လက စပြီး သိခဲ့တာပါ။ ဘယ်လို စဖြစ်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းကိုတော့ မရှင်းပါဘူး။ ကိုယ်က စပြီး ဘလော့စရေးဖို့ ဖြစ်လာတာကို မေးတာ ဆိုရင်တော့ ကျွန်တော်က ဘာစာပဲ ဖတ်ဖတ် စာဖတ်ရင် စာရေးသူ နေရာက ဝင်ပြီး ခံစားမိပါတယ်။ ပြီးတော့ ငါသာ သူ့နေရာမှာ ဆိုရင် ဘယ်လို ရေးမိမလဲ လို့ ကိုယ့်ဖာသာ မေးမိပါတယ်။ ဒါနဲ့ပဲ ထိုစာရေးသူနဲ့ မတူတဲ့ ရှု့ထောင်ကနေ ကျွန်တော် စာတွေကို ချရေးမိချင်လာတာပါ။ ဒီစာတွေကို အရင်က စာရွက်ပေါ်မှာ ရေးတယ်။ နောက်တော့ ဘလော့ပေါ်မှာ ရေးတယ်။ ဒါကို ကျွန်တော် Blog စရေးဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။ ဘလော့ပေါ်မှာမှ စာစရေးတာတော့ မဟုတ်ပါဘူး။ ဘလော့ဆိုတာ မသိခင်ကတည်းက စာကတော့ ရေးနေခဲ့တာပါ။

မေး = အရင်တုန်းက ဘလော့ ရေးတာနဲ့ အခု နဲ့ ဘာတွေ ကွာခြားတယ် လို့ထင်ပါသလဲ ၊ ဘာတွေ တိုးတက် ပြောင်းလဲလာပြီး ဘာတွေ မပြောင်းလဲသေးဘူုး လို့ထင်ပါသလဲ။

         စာရေးဆရာကြီး ရန်အောင်က ပြောဖူးပါတယ်။ ( ဘလော့ဂ်ဂါ ရန်အောင် မဟုတ်ပါ။ ) ဆရာကြီးက အသက် အတော်ကြီးလာပေမဲ့ သူက မဂ္ဂဇင်း တစ်ခုမှာ ပြောတယ်။ “ ကျွန်တော် မသေချင်သေးဘူး။ အသက်ရှည်ချင်သေးတယ်။ ဘာလို့လဲ ဆိုတော့ အသက်ကြီးလာလေလေ စာရေးလို့ ပိုကောင်းလာလေလေ ၊ အချက်အလက်တွေ ပိုပြည့်စုံ လာလေလေ ။ ” လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်း ဖြစ်စရာက ဆရာကြီး ဒီလို ပြောပြီး နောက်ထပ် ၅ လလောက်ကြာတော့ ကွယ်လွန် သွားခဲ့ပါတယ်။ ဒီတော့ ဆရာကြီးလို ဆရာကတောင်မှ ပိုအသက်ကြီးလေ စာရေးရတာ ပိုကောင်းလာလေ ၊ စာရေးသက် ပိုများလာလေ ပိုကောင်း လာလေ လို့ ညွှန်းထားတဲ့ အတွက် ဒါဟာ အမှန်ပဲလို့ ကျွန်တော် ထောက်ခံ ပြောချင်ပါတယ်။ အရင် နဲ့ အခု ဆိုရင် အခုက စာရေးလို့ ပိုကောင်းလာပါတယ်။

          ဒီ့ထက် သေချာတာ ကျွန်တော် တစ်ခုတော့ ပြောချင်ပါသေးတယ်။ အခု ရေးတဲ့ စာထက် နောက်ထပ် ရေးမဲ့ စာက ပိုကောင်းမှာ သေချာပါတယ်။ ဒါက လောကရဲ့ အမှန်တရားလည်း ဖြစ်ပါတယ်။ တိုးတတ်မှု လို့လည်း ခေါ်ချင် ခေါ်နိုင်ပါတယ်။  

မေး = ဘာကြောင့် Blog ပြန်ရေးဖြစ်တာပါလဲ တော်တော်ကြာ ပျောက်သွားသေးတယ်လေ။ ( ဒီမေးခွန်းကတော့ ဒီကောင် ဆိုတဲ့ ကောင်က မောင်မျိုးကိုပဲ မေးချင်ပုံ ရပါတယ်။ ဒါပေမဲ့ မေးထားတော့လည်း ဖြေလိုက်ပါတယ်။ )

           စစ်တမ်း ကောက်လိုက်မယ် ဆိုရင် ဘလော့ရေးတယ် ဆိုတာ ဝါသနာ တစ်ခုကိုပဲ အခြေခံကာ အင်တာနက်ပေါ်မှာ ရေးနေတာ လို့ အဖြေထွက်မှာပါ။ စိတ် ၊ အချိန် ၊ ကျန်းမာရေး ၊ စားဝတ်နေရေး ၊ လှုမှုရေး ၊ အင်တာနက် ၊ ကွန်ပျူတာ အစရှိတာတွေကို မပြည့်စုံဘူး ဆိုရင်တောင်မှ သင့်တင့်နေမှ ဘလော့ ဆိုတာ ရေးဖြစ်မှာပါ။ ကျွန်တော် မရေးဖြစ်ဘူး ဆိုရင် တော်တော်ကြာ ပျောက်သွားတာတော့ မဟုတ်ပါဘူး။ အထက်က အချက်အလက်တွေထဲက တစ်ခုခု မပြည့်ဝလို့ ၊ တစ်ခုခု လိုအပ် ချို့ယွင်းနေလို့ မရေးဖြစ်ဘဲ ပျောက်နေတာ ဖြစ်မှာပါ။ စိတ်ထဲမှာတော့ ရေးနေမိပါတယ်။ ဘလော့ပေါ် တင်ဖို့ အခြေအနေ မပေးတာပါ။

မေး = အရင် ဘယ်သူ့ စာတွေဖတ်ရတာ အားကျမိသလဲ အခုကော ဘယ်လိုစာမျိုးတွေ အဖတ်များပါသလဲ။

             ဘယ်သူ့စာကို အားကျတယ် လို့ ကျွန်တော် ဖြေလိုက်ရင် ဘယ်သူ့စာတွေကတော့ အသုံးမကျဘူး ဆိုသလိုများ ဖြစ်နေမလား။ တကယ်တမ်း အမှန် အတိုင်း ဖြေရရင် ကျွန်တော် အားကျမိတဲ့ စာမျိုး ဘလော့ပေါ်မှာ မတွေ့မိသေးပါဘူး။ ဒါကြောင့် ဘလော့ရေးသူတိုင်းရဲ့ စာတွေ အားလုံးကို လေးစားစွာ နဲ့ ဖတ်ဖြစ်ပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင် အတွေ့အကြုံတွေ ရှိနေတယ်လေ။ ဒါတွေကို ကိုယ်က မတွေ့မကြုံရဘဲ သူ့ရဲ့ ရင်ထဲက စကားလုံးကို ဖတ်လိုက်တာနဲ့ ကိုယ်တိုင် ဖြစ်နေသလို ခံစားနိုင်ရင် ကိုယ့်အတွက် အမြတ်ပါပဲ။ Absorbing ကောင်းဖို့တော့ လိုပါတယ်။

            ဘယ်လို စာမျိုးကို အဖတ်များလည်း ဆိုတော့ ကျွန်တော် နားလည်တဲ့ ဘာသာနဲ့ ရေးထားပြီး ကျွန်တော် ဖတ်တတ်တဲ့ စာတိုင်းကို ဖတ်ဖြစ်ပါတယ်။ မဖတ်တတ်တဲ့ စာကိုတော့ နှာဖူးကြော ရှုံ့ ၊ မျက်မှောင်ကုတ်ပြီး ဖတ်တတ်သလိုနဲ့ အချိန်ကုန်ခံ ဟန်လုပ် မနေဘူး။ ဒါကြောင့် ကျွန်တော် ဖတ်တတ်အောင် ရေးထားတဲ့ စာရေးသူတိုင်းကို လေးစားမိပါတယ်။

မေး = ဘလော့ကို လာဖတ်တဲ့သူတွေ နဲ့ မှတ်ချက် အကြောင်းလေးတွေကော ပြောပြပေးပါအုံး။

          မှတ်ချက် ဆိုတာ Comment ကို ဆိုလိုဟန် တူပါတယ်။ ဘလော့ဂ်ဂါ မောင်မိုး နဲ့ ကျွန်တော် ဒီအကြောင်း အတော် ပြောဖြစ်သေးတယ်ဗျ။ သူနဲ့ ကျွန်တော် ဆွေးနွေး ဖြစ်တဲ့ အထဲက တချို့ကို ပြန်ပြောရရင် . . . Comment နဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ ဘာခံစားချက်မှ မရှိပါဘူး။ ကျွန်တော့်ရဲ့ ရနိုင်တဲ့ အချိန် အားလပ်မှုမှာ ကျွန်တော် ရ သလို စာတွေ ရေးသွားမှာပါ။ ဒါကို Comment ဘယ်လောက် ရမှ နောက်ထပ် အသစ်တင်မှာတို့ ၊ ဘယ်သူ Comment လာမပေးရင် နောက်ထပ် အသစ် မတင်ဘူး တို့ မရှိပါဘူး။ ကိုယ် စာရေးတာကို သူများရဲ့ Comment နဲ့ ထိန်းကျောင်းခံရတာမျိုးတော့ ကျွန်တော် အဖြစ် မခံနိုင်ပါဘူး။ ကျွန်တော် ရေးခြင်း ၊ မရေးခြင်း ဆိုတာ ကျွန်တော့်ရဲ့ အားခြင်း ၊ မအားခြင်း နဲ့ပဲ သက်ဆိုင်ပါ လိမ့်မယ်။

           ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ကျွန်တော်က အစိုးရိမ် ကြီးတဲ့ လူဆိုတော့ တစ်ခါတလေ ကိုယ်ချပြချင်တာနဲ့ သူတို့ နားလည်တာ တခြား ဖြစ်နေရင် ပိုပြီး နားလည်စေချင်စိတ်နဲ့ Comment ကို Reply လုပ်ပြီး ရှင်းပြမိတယ်။ အဲဒီမှာ စေတနာတွေက ဝေဒနာ ဖြစ်ကုန်တာပါပဲ။ တချို့က ရှင်းပြမှ ပိုရှုပ်အောင် လုပ်ချင်ကြတယ်လေ။ ဒီတော့ ကိုယ့်ရဲ့ ဘလော့ အတော်ကို ညစ်ပတ်ပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းတော့ ရေးထားတဲ့ စာထဲမှာပဲ အာရုံစိုက်ပြီး အရိုးရှင်းဆုံးကို အပြေပြစ်ဆုံး ဖြစ်အောင် ကျွန်တော် တင်ပြပါတယ်။ ဒါကိုတော့ ကြိုက်သလို ခံစားသွားနိုင်ပါတယ်။ ဇော်ဝင်းထွဋ် သီချင်းထဲကလို “ ရှင်းရင်း ရှင်းရင်း ရှုပ်လာ အမှိုက်များ ” ဆိုတာမျိုး မဖြစ်စေချင်တော့လို့ပါ။

မေး = ဘယ်လိုစာတွေ ရေးဖြစ်သလဲ ဘာအကြောင်းတွေ ရေးဖြစ်လဲ။

          တစ်ခွန်းတည်း တိုတို ဖြေရရင် ကျွန်တော် “ အတွေး ” တွေပဲ ရေးပါတယ်။ သူငယ်ချင်းတွေကတော့ ကျွန်တော် ရေးတာတွေက ဒဿန ဆန်တယ် လို့ ဆိုကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒဿန ဆန်ပါစေ ဆိုပြီး တစ်ခါမှ မရေးဖူးပါဘူး။ ကိုယ်က ဖလော်သမားလည်း မဟုတ်ပါဘူး။ ဘာတွေပဲ ရေးရေး အတွေးပါပြီး “ ရသ ” တစ်ခုဆီကိုပဲ ရောက်အာင် ရည်ညွှန်းပါတယ်။

မေး = အချစ် အကြောင်းတွေ ရေးဖြစ်တာက . . . .

           လောကမှာ မေတ္တာတရား ဆိုတာ မခန်းခြောက်သွားသ၍ အချစ် ဆိုတဲ့ အကြောင်းအရာကို ကျွန်တော် တိုက်ဆိုင်မှု ရှိတိုင်း ခံစားပြိး ရေးဖြစ်နေဦးမှာပါ။ သေချာတာက ကျွန်တော့်ရင်ထဲမှာ မေတ္တာတရား ကိန်းအောင်းနေပါသေးတယ်။ ဒီတော့ အချစ်ဆိုတာကလည်း ရှိနေဦှးမှာပါ။

မေး = ဘာအကြောင်း အရေးချင်ဆုံးလဲ။

           ထပ်ပြောရရင် “ အတွေး စာစု ” တွေပဲ ရေးချင်ပါတယ်။ ဒီအတွက်ပဲ အားထုတ် ရေးပါတယ်။ 

မေး= ဘလော့ရဲ့ ကောင်းကွက် ဆိုးကွက်တွေကော ဘာများရှိတယ်လို့ထင်ပါသလဲ။

          “ နေရာတိုင်းမှာ ဂီတ ရှိတယ်။ ခံစားတတ်သူ အတွက်ပေါ့ . . . ” ဆိုတဲ့ စကားလေးကို ကျွန်တော် နှစ်သက်မိပါတယ်။ ဒါကြောင့် နေရာတိုင်းမှာ ကောင်းခြင်း ၊ ဆိုးခြင်း ဆိုတာ ရှိပါတယ်။ ခံယူတတ်သူ နဲ့ပဲ သက်ဆိုင်မယ် လို့ ထင်တယ်။ စိန်အဆိပ်မှာတောင်မှ အသုံးဝင်တဲ့ ကောင်းကွက်တွေ ရှိနေသေးတာပဲလေ။

မေး= သူငယ်ချင်းတွေကို ဘာများပြောချင်ပါသေးလဲ။ 

          သူငယ်ချင်း ဆိုတာ ဘလော့ဂါ သူငယ်ချင်းတွေကို ပြောတာလား ၊ စာဖတ်သူ သူငယ်ချင်းတွေကို ပြောတာလား ကျွန်တော် မရှင်းဘူး။ ဒါကြောင့် ဘလော့ဂါ သူငယ်ချင်းတွေကိုရော ၊ စာဖတ်သူ သူငယ်ချင်းတွေကိုပါ အားလုံးကို ခြုံပြောရမယ် ဆိုရင် . . . .“ ပြောမှ သိ ၊ ထိမှ နာ ၊ သာမှ နေ ၊ စေမှ သွား ၊ ခိုင်းမှ လုပ် . . . . ” ဆိုတာ အောက်ခြေက လူတန်းစားတွေ အတွက် လို့ ဖတ်ခဲ့ရဖူးတဲ့ အတွက် ဘယ်သူ့ကိုမှ ဘာမှ မပြောချင်ပါဘူး။ မပြောဘဲနဲ့ သိစေချင်တာပါပဲ။ 

*** မောင်မျိုးရဲ့ တဂ် ပို့စ်ပါ။ ***

လေးစားစွာဖြင့်
ကိုဇော်
30.3.2011


Share/Bookmark

16 ယောက် ရဲ့ ထင်မြင်ချက်:

အဖြူရောင်နတ်သမီး said...

အင်တာဗျူးကို ရှေ့ဆုံးက ထိုင်ပြီး နားထောင်သွားပါတယ်...(ပါးစပ်အဟောင်းသားနဲ့)..
:P

Anonymous said...

ဘလော့တွေ ပိတ်ပိတ်ထားလို့ မဗျူးတော့ဘဲ ပြန်ခဲ့တယ်
ပျော်ရွှင်ပါစေ။ ပြောမှာသိ ထိမှနာ ဆိုတာ ညီမကိုများ ပြောတာလားနော်။ဟိဟိ။ ညီမဆိုလည်း ကောင်းတာဘဲ။ များများသိအောင် ခဏခဏ ပြောပေါ့

ဒီကောင်မောင်မျိုး said...

အင်တာဗျူး ကို မေးကလေးထောက် ခေါင်းကလေးညိတ် မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ နားထောင်သွားပါကြောင်းး)


တကယ်ကိုအသေချာကြီးရေးထားပေးတာပဲ ကျေးဇူး ကိုဇော် အချက်လက်တိုင်းကိုလေးနက်စွာ ရေးသွားပေးတဲ့အတွက် ။

အင်း...အောက်ခြေလူတန်းစား ဆိုတာ ဘာနဲ့တိုင်တာ တာပါလိမ့် ၁၂ လက်မပေတံနဲ့လား ပေကြိုးရှည်ရှည်နဲ့လား ကျနော်ကတော့ ပြောမှပဲ သိတယ်ထင်တာပဲး:P

ကိုဇော် said...

ဒါ အစ်ကို ပြောတာ မဟုတ်ဘူး မောင်မျိုးရေ။
ပညာရှိတို့ ဆိုအပ်သော စကား ဆိုတဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတာပါ။ သူ ဆိုလိုချင်တာက ကိုယ်ပိုင် အသိ မရှိဘဲ ၊ သူများ ခိုင်းမှ ၊ ပြောမှ သိတတ် ၊ လုပ်တတ်တဲ့ လူကို ဆိုချင်ပုံ ရပါတယ်။

အင်္ဂါဟူး said...

ကွန်မန့်အကြောင်းဆွေးနွေးတဲ့ ဘလော့ဂ် မောင်မိုး ကိုတွေ့မိသေးလား။ ဟီးဟီး

သူ့ဘူးလေးကလဲ ကောင်းတယ်.. တစ်ချို့တွေ မှတ်သွားတယ်...ဆရာကြီး ရန်အောင်ပြောတာတွေ

ပြောမှသိ၊ ထိမှနာ၊ သာမှနေ၊ စေမှသွား၊ ခိုင်းမှ လုပ်

Angelhlaing(May everybody be happy and healthy! said...

ဟုတ်ကဲ့ပါအကို..
မှတ်သားစရာလေးတွေနဲ့ ဗျူးကို သေစွာဖတ်သွားပါတယ်။
ကောင်းသောနေ့လေးဖြစ်ပါစေ။

နေ၀သန် said...

အင်တာဗျူးလေးလာဖတ်ပါတယ် ကိုဇော်ရေ...

ခင်မင်လျက်
နေ၀ဿန်

Unknown said...

အင်တာဗျူးလေး လာဖတ်သွားတယ်.. :)

ခနွဲ said...

အင်တာဗျူးကို နားထောင်သွားပါတယ် ကိုဇော်။

Anonymous said...

သေချာကိုဖတ်မှတ်သွားပါတယ်။ ပို့စ်အားလုံးကိုကြိုက်ပါတယ်။ ဒီလိုမျိုးစာတွေဖတ်ရတာ အရသာ တယ်ရှိလှပါတယ်။ဖြေးဖြေးချင်း ဖတ်ရဦးမယ်။ ကျေးဇူးတင် လေးစားပါတယ် ကိုဇော်။ အဲ..လင့်လည်း ယူသွားပါတယ်။ကျန်းမာပါစေဗျာ..

ahphyulay said...

အင်း..
ကျွန်တော်ကြိုက်တယ်။
ဒီလိုရပ်တည်နေတာလေ။
ကျွန်တော်က ကျွဲခြေရာခွက်ထဲက ဖားလိုတောင်
ဖြစ်နေပြီဗျ။
အမှန်ကတော့  ကိုယ့် လမ်းနဲ့ ကိုယ်လျှောက်နေတာ
အကောင်းဆုံးပါပဲ။ သူများရိမ်းတိုင်းလဲ လိုက်ရိမ်းစရာ
မလိုဘူးထင်တာပဲလေ။
ကဲ .. ကျွန်တော်က ဒီတဂ်ပို့ (စ)လေးဖတ်ပြီး
ဒီလိုပဲ တွေးတယ်ဗျိုး......။

တောက်ပကြယ်စင် said...

သေချာစွာ ဖတ်၊ မှတ်၊ နာယူသွားပါတယ်။ အသိတွေလည်း အများကြီး တိုးပွားသွားပါတယ်။ ကျေးဇူးပါ ကိုဇော်...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

akhayar said...

နားထောင်ရုံတင်အားမရလို့ နောက်တကြိမ်ထပ်ဖတ်တယ်
မှတ်သားစရာတွေဖြစ်နေလို့ပါ....ကျေးဇူးနော်...အသိပညာရပါတယ်...

သူကြီးမင်း (တုံးဖလား) said...

Inter+View လေးကို
Outer+View သွားပါတယ်။း)))
ကောင်းပါလေ့ ကောင်းပါလေ့။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

IDIOT-Ki said...

ဘလော့ဂါကြီး ကိုဇော် ကို ဗျူးချင်ပါသေးတယ် .. ဘလော့လင့်ထဲက 357 ဆိုတာ ဘာကို ရည်ညွန်းတာပါလဲ ။ ..လူတွေက 786 ကိုတော့ သိပါတယ် ။း))
လူပြိုဂျီး ဖြစ်နေရခြင်း အကြောင်းရင်းကို လည်း အဖျားလောက်လေး ပြောပြပေးစေချင်ပါတယ် .. ခင်ဗျားထွက်သွားးး သွားတော့ ..ဖြန်း ဖြန်းး လို့တော့ လုပ်မယ် မထင်ပါဘူး နော် .. .... ခု လို နာမည်ကြီး ဘလော့ဂါ ကြီး တယောက်နဲ့ ဗျူး ရတာ အများကြီး ကျေးဇူးတင် ဂုဏ်ယူမိပါတယ် ချင်.....း))

ကျောက်ကျောက်မိုးဦး said...

ဟင်း...ဒို့ကို ဗျူးရင်တော့ အချစ်အကြောင်းတွေပဲဗျူး..
ဒါမျိုးတွေလာဗျူးရင် ဆံပင်ဆွဲ ပါးရိုက်ပလိုက်မှာ..